← Chapters

တောင်ကြားသို့အဝင်

Vol. 86 Ch. 859

တောင်ကြားသို့အဝင်

Vol. 86 Ch. 859

ခရီးသည်တင်ရထားပျံတစင်း ကောင်းကင်ပြာထဲ ထိုးဖောက်ပျံသန်းနေ၏။ ရထားလုံးမောင်းသူမှာ လှပနုပျိုသော လူပျံတော်မိန်းမငယ်လေးတဦး ဖြစ်သည်။ သူမသည် အလွန်ပျော်နေဟန်ရှိသည်။ ခေါင်းလောင်းသံကဲ့သို့ သာယာချိုလွင်သော အသံလေးဖြင့် မကြာခနဆိုသလို တခစ်ခစ် ရယ်မောနေ၏။

"သခင် ကျွန်မတို့ နောက် ဘယ်ကို သွားကြမလဲ"

လူပျံတော်မိန်းမငယ်လေးက ရထားလုံးအတွင်း ခေါင်းထ်ိုးပြီး မေးလိုက်သည်။

"တည့်တည့်ပဲ ဆက်သွားပါလို့ ကျုပ်ပြောထားတယ်လေ မေးခွန်းတွေ အများကြီး မမေးနဲ့ ဟုတ်ပြီလား"

စုချန်း မော့မကြည့်ပဲ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါရှင့်"

လူပျံတော်မိန်းမငယ်လေး မျက်မှောင်ကုတ်လိုက်၏။ သို့သော် သူမ၏ မျက်ဝန်းထဲတွင်ကား အကြီးအကျယ် ပျော်ရွှင်နေဟန်ရှိသည်။ သူမ ရထားကို မောင်းရင်း ညည်းချင်းလေးပင် ဆိုနေသေး၏။

သူမ မသိလိုက်သည်မှာကား နောက်ကွယ်မှ ပုန်းလျှိုးကွယ်လျှိုးလိုက်လာပြီး စုချန်းနှင့် တိတ်တဆိတ်စကားပြောနေသည့် အာကင်နာပညာရှင်တဦး ရှိနေသည်ဆိုခြင်းကိုပင်။

"ကျုပ်တို့ အဆိပ်တထောင်တောင်ကို ရောက်ဖို့ တရက်လောက်ပဲ လိုတော့တယ် ကံကြမ္မာလက်ချောင်းများဌာနချုပ်နဲ့ ဝိညာဥ်အလင်းကျောင်းတော် နှစ်မျိုးလုံးက အဲဒီမှာပဲ ရှိတာ"

"ကံကြမ္မာလက်ချောင်းများ အင်အားကြီးအဖွဲ့အစည်းတခုအနေနဲ့ ပေါပေါလောလောနေရာမှာ နေလိမ့်မယ်လို့ ကျုပ်ကလဲ လုံးဝ မထင်ထားဘူး ခင်ဗျားတို့တွေ တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတတ်ကြတာပဲ"

ပြောရင်းနှင့် စုချန်း တဟားဟား ရယ်မောလိုက်၏။

အဆိပ်တထောင်တောင်ဟူသည် အဆိပ်များဖြင့် အတိပြီးနေသော နေရာအဖြစ် နာမည်ကြီး၏။ အဆိပ်များ တမျိုးတည်း ရှိရုံဆိုလျင် ပြဿနာသိပ်မရှိ။ သို့သော် တတောင်လုံးတွင် အဆိပ်အမျိုးမျိုး ရောနှောနေလေရာ ၎င်းမှာထိုနေရာတွင် နေထိုင်သူများအတွက် ကြီးမားသော စမ်းသပ်မှုသဖွယ် ဖြစ်တည်နေခဲ့ပေသည်။

ထို့ပြင် အဆိပ်တမျိုးတည်းကို ကုသရန်မှာ မခက်ခဲသော်ငြား အဆိပ်ဆယ်မျိုး သို့မဟုတ် ဆယ်မျိုးကျော်ကို တစ်ပြိုင်နက်တည်း ကုသရန်မှာ မည်သို့မှမလွယ်ချေ။

နေရာတိုင်းတွင် ကုသရခက်ခဲသည့် အဆိပ်တမျိုးမျိုးဟူ၍ အမြဲ ရှိနေတတ်သည် မဟုတ်ပါလား။ ထို့ကြောင့် လူပျံတော်များသည် အဆိပ်တထောင်တောင်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခဲ့၏။

"ကျုပ်တို့လဲ ဘာမှ မတတ်နိုင်ဘူးလေ ဒီနေရာမှာ အခြေမတည်ခဲ့ရင် လူပျံတော်တွေ ကျုပ်တို့ကို လိုက်ရှာနေလောက်ရောပေါ့"

"ဒါဆို တောင်ပေါ်က အဆိပ်ပြသနာကို ခင်ဗျားတို့ ဘယ်လိုများ ဖြေရှင်းနေကြတာလဲ"

စုချန်းက မေးလိုက်ပြန်သည်။

အီနီဂိုက ပြန်ဖြေလိုက်၏။

"တခါတုန်းက အဆိပ်ပါရဂူတယောက်ရှိခဲ့ဖူးတယ် တရက်မှာတော့ သူဟာ အဆိပ်အားလုံးကို ကုသနိုင်တဲ့ ဆေးတမျိုး ဖန်တီးဖို့ စိတ်ကူးရလာတယ် သူ့ဆန္ဒကတော့ အဆိပ်တထောင်တောင်ပတ်ဝန်းကျင်တခုလုံးကို နေလို့ထိုင်လို့ကောင်းတဲ့ မြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲပစ်ဖို့ပဲ ဆိုပါတော့ နောက်ဆုံးမှာတော့ သူ အောင်မြင်သွားခဲ့တယ် ပြသနာက သူ လောဘကြီးလာပြီး ဒီဆေးကို စျေးကြီးကြီးနဲ့ရောင်းဖို့ ကြိုးစားလာတာပဲ ဒီမှာတင် ပြသနာတက်လာပြီး အခြေအနေတခုလုံးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့တယ် လူပျံတော်တွေတွေးတာကတော့ သူတို့ ဒီနည်းပညာကို မလိုဘူး မရလဲဘာမှမဖြစ်ဘူးပေါ့ ဆေးဖန်တီးတဲ့လူပျံတော်ကျတော့လဲ သူတစ်ယောက်တည်းသာ လူပျံတော်တွေကို ဒီနည်းပညာ ပေးနိုင်တယ်ပေါ့လေ ဒီလိုနဲ့ နှစ်ဖက်လုံးက သူတို့ယုံကြည်ချက်ကို ကိုင်စွဲထားပြီး တဖက်နဲ့တဖက် အလျှော့မပေးကြဘူးလေ ကံကြမ္မာလက်ချောင်းများအနေနဲ့ ဒီအကြောင်းကို သိလိုက်တဲ့အခါ သူတို့မှာ အခွင့်အရေးတခု ရှိနေတယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်လေ ဒီလိုနဲ့ ထုံးစံအတိုင်း ကံကြမ္မာလက်ချောင်းများဟာ အဆိပ်ပါရဂူအာကင်နာကျင့်ကြံသူကို လိုက်ရှာခဲ့ကြတယ် အဲဒီမှာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပြီး နှစ်ဖက်လုံး အထိနာခဲ့ကြတယ်ဆိုပါတော့ သိပ်မကြာခင်မှာပဲ ဆေးဖန်တီးသူလူပျံတော် ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ် သူ တီထွင်ခဲ့တဲ့ အဆိပ်ဖြေဆေးလည်း သူ့နဲ့အတူ ပျောက်ကွယ်သွားခဲ့တော့တယ် ဒါပေမယ့် ကံကောင်းချင်တော့ ကံကြမ္မာလက်ချောင်းများအဖွဲ့ဟာ ဓာတ်ခွဲခန်းထဲမှာ ဆေးဖော်စပ်နည်းတခုကို ရှာဖွေတွေ့ရှိခဲ့တယ် အဲဒီဆေးဖော်နည်းက အာကင်နာကျင့်ကြံသူရဲ့ အစောပိုင်းဖန်တီးမှုတခုလို့ ဆိုရမယ် အဆိပ်အားလုံးကို ပျက်ပြယ်အောင် မလုပ်နိုင်ပေမယ့် နေရာအများစုကိုတော့ စိတ်ကြိုက်ခရီးသွားနိုင်အောင် ကူညီပေးနိုင်တယ်"

"လက်စသတ်တော့ ဒီလိုကိုး ဒါဆို အဲဒီအဆိပ်ဖြေဆေးက လုံးဝ ပျောက်ဆုံးသွားပြီပေါ့ ဟုတ်လား"

စုချန်းက ထပ်မေးလိုက်ပြန်သည်။

အီနီဂို ပြန်ဖြေလိုက်၏။

"မှန်ပါတယ်သခင် ကျုပ်တို့ သိရသလောက်တော့ အဲဒီဆေးဟာ အနီးအနားက အဆိပ်အမျိုးမျိုးကို စားသုံးတဲ့ ပစ္စည်းတမျိုး ဖြစ်နေပုံပဲ ကံမကောင်းတာက သူ ယူသွားပြီးနောက်ပိုင်း ဘယ်သူမှ အဲဒီဆေးကို ပြန်ရှာမတွေ့တော့ဘူးလေ"

ဟင်...ဤစကားက စုချန်းအတွက် အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရလေသနည်း....

အဆိပ်အမျိုးမျိုးကို စားသုံးသောပစ္စည်း...၎င်းမှာ ရှည်လျားရစ်ခွေမြို့တော် လေလံပွဲတွင် သူရရှိခဲ့သည့် သိုးရေလိပ်နှင့် အတူတူပင်တည်း။

ပို၍တိတိကျကျ ပြောရလျင် ထိုသိုးရေလိပ်တွင် အဆိပ်များကို စားသုံးရင်း အသက်ရှင်နေသည့် ပရမတ်ပိုးမွှားလေးများ အများကြီး ပါဝင်နေ၏။ အဆိပ်မရှိသည့်အခါ အဆိုပါ ပိုးမွှားလေးများအားလုံး ဆောင်းခိုနေကြတတ်လေသည်။

လွန်ခဲ့သည့်နှစ်များအတွင်း စုချန်းတယောက် အဆိပ်ကျင့်ကြံသူများနှင့် များများစားစား မကြုံခဲ့၍ အဆိုပါသားရေလိပ်ကို အသုံးပြုရန် အခွင့်အရေး မရခဲ့ချေ။ ယခုတော့ အီနီဂို၏ စကားကြောင့် သူပိုင်ဆိုင်ထားသည့် သားရေလိပ်ကို စုချန်း ပြန်လည်သတိရလာ၏။

သူပြောတဲ့အဆိပ်ဖြေဆေးဟာ ဒီသိုးရေလိပ် မဖြစ်နိုင်ဘူးလား...

စဉ်းစားလေလေ ဖြစ်နိုင်ခြေပိုများလေလေဟု စုချန်း ပိုမိုယုံကြည်လာ၏။

ဤအတိုင်းသာဆိုလျင် အခြေအနေများက ရုတ်တရက်ဆိုသလို စိတ်ဝင်စားဖွယ်ရာ ကောင်းလာခဲ့ချေပြီတကား။

ရထားလုံးပျံသည် အဆိပ်တထောင်တောင်ကို မြန်မြန်ဆန်ဆန်ပင် ချည်းကပ်လာ၏။ အပေါ်မှလှမ်းကြည့်လျင် နှစ်တထောင်ပန်းဟုခေါ်သည့် အနီရောင်အဆိပ်ပန်းပင်များ တောင်လုံးညွတ်မျှ ဖုံးလွှမ်းနေသည်ကို အတိုင်းသား မြင်နေရသည်။ အပင်တပင်လုံးသည် အဆိပ်များဖြင့် ဖုံးလွှမ်းနေပြီး ထိုပန်းနှင့် ထိတွေ့မိသူတိုင်း အသားများ ပုပ်သိုးပျက်စီးပြီး နေရာတွင် သေဆုံးသွားပေလိမ့်မည်။

ထိုအပင်များကို မြင်လိုက်သည်နှင့် သူမ ဘယ်နေရာကို ရောက်နေမှန်း နူပျိုပြည့်လျံ ချက်ချင်း သိလိုက်သည်။

"သခင် ကျွန်မတို့ အဆိပ်တထောင်တောင်ကို ရောက်နေပြီ တတောင်လုံး အဆိပ်အရမ်းပြင်းပြီး တောင်ပေါ်က လေထုတောင် အဆိပ်တွေ ပြည့်နှက်နေတယ် ကျွန်မတို့ ဒီထက် ပိုနီးအောင် သွားလို့ မရတော့ဘူးသခင်"

ထိုအခါ စုချန်းက ကျောက်စိမ်းဆွဲသီးတတွဲကို သူမဆီ ပစ်ပေးလိုက်၏။

"အချိန်မဖြုန်းနဲ့ ဆက်သွား"

ထိုကျောက်စိမ်းဆွဲသီးမှာ အီနီဂို ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် အဆိပ်ပါရဂူ ချန်ရစ်ခဲ့သည့် ဆေးနည်းအပေါ် အခြေခံဖန်တီးထားသည် အထူးဆေးတစ်မျိုး ပါဝင်၏။ ဤဆေးကြောင့် အသုံးပြုသူသည် အဆိပ်များကို အနည်းဆုံး ပေ ၃၀ အကွာအဝေးတွင် ကန့်သတ်ထားနိုင်ပေလိမ့်မည်။

သို့သော် ဤဆေးမှာ အငွေ့ပျံလွယ်၍ မကြာခဏ ဆေးပြန်ချိန်းပေးရန်တော့ လိုအပ်၏။

ကံကြမ္မာလက်ချောင်းများသည် ဤနည်းလမ်းမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြခြင်းပင်။ ထို့ကြောင့် သူတို့ အဖွဲ့ဝင်တစ်ယောက်ယောက်က သစ္စာဖောက်ခဲ့လျင်ပင် များများစားစား ထိခိုက်ဖွယ်ရာ မရှိချေ။

ကျောက်စိမ်းဆွဲသီး လက်ထဲသို့ ရောက်လာသည့်တိုင် နုပျိုပြည့်လျံကား ကြောက်ရွံ့နေဆဲပင်။ သူမ စုချန်းကို အသနားခံသော မျက်လုံးမျက်လုံးများဖြင့် ကြည့်နေရှာ၏။ သို့သော် စုချန်း အမိန့်ကို နာခံရုံမှအပ သူမတွင် တခြားရွေးချယ်စရာ မရှိ။ သိပ်မကြာမီ ရထားလုံးသည် အောက်သ်ို့ နိမ့်ဆင်းလာပြီး တောင်ကြားထဲသို့ ပျံသန်းဝင်ရောက်သွားတော့၏။

အောက်သို့ရောက်လာသည့်တိုင် သူမ ဘာမှမဖြစ်မှန်း သိလိုက်ရ၍ နုပျိုပြည့်လျံ အံ့ဩဝမ်းသာသွား၏။

"ဟောတော့ တကယ်ကြီး ဘာမှ မဖြစ်ဘူးပဲ"

"မင်းက ကျုပ်ပြောတာကိုမှ မယုံပဲကိုး"

နုပျိုပြည့်လျံ လျှာထုတ်လိုက်၏။

"ကျွန်မ နားလည်ပါပြီသခင် နောက်တစ်ခါ သခင်က ကျွန်မကို မီးပင်လယ်ထဲ ခုန်ချခိုင်းရင်တောင် ခုန်ချပါ့မယ်"

"ကောင်းပြီ ဒါဆို မင်းရှေ့က ကျောက်တုံးကြီးကို မြင်လား မင်းခေါင်းနဲ့ ရိုက်ခွဲလိုက်"

"ဟင်... ဘာလို့လဲ"

"ကျုပ် ခိုင်းရင် မီးပင်လယ်ထဲ ခုန်ချမယ်လို့ မင်း ပြောလိုက်တယ်မလား ခုကျတော့ ကျောက်တုံးကို ခေါင်းနဲ့တိုက်ဖို့တောင် သတ္တိမရှိတော့ဘူးလား"

နုပျိုပြည့်လျံ တခစ်ခစ် ရယ်မောလိုက်၏။

"ကျွန်မက စကားအဖြစ်ပြောနေတာကို ဘာလို့ ဒီလောက် အလေးအနက် ထားနေရတာလဲလို့"

စုချန်း သက်ပြင်းချလိုက်၏။

"ကံမကောင်းတာက ကျုပ် မင်းကို အတည်ပြောနေတာကွ"

ထို့နောက် စုချန်းကိုယ်တိုင်ပင် ကျောက်တုံးကို ခေါက်လိုက်ရာ ကျောက်တုံးနောက်မှ ကြီးမားသော လှိုဏ်ဂူတံခါးကြီး ဘွားခနဲ ပေါ်လာတော့သည်။

"ဒါ..."

နုပျိုပြည့်လျံ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"ဝိညာဥ်အလင်းကျောင်းတော်လေကွာ"

"ဟင် ကံကြမ္မာလက်ချောင်းများလား"

နုပျိုပြည့်လျံ လွှတ်ခနဲ ပြောလိုက်၏။

"မှန်တာပေါ့ကွာ"

အီနီဂို ရုတ်တရက်ဆိုသလို ဘွားခနဲပေါ်လာပြီး နုပျိုပြည့်လျံကို ပြုံးဖြီးဖြီးနှင့် ပြောလိုက်လေသည်။

"အံမလေး"

နုပျိုပြည့်လျံ ကြောက်လန့်တကြား ထအော်လိုက်၏။ လျှို့ဝှက်နယ်မြေတွင် ပွဲကြမ်းခဲ့သော နဝမလက်စွပ်အဆင့် အာကင်နာပညာရှင် သူမဘေးနားတွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။

သို့သော် သူမ ပထမဆုံး လုပ်လိုက်သောအရာမှာ အီနီဂိုနှင့် စုချန်းကြားတွင် နေရာယူလိုက်ခြင်းပင်။

"သခင် ဒီကနေ ထွက်သွား ကျွန်မ သူ့ကို တားထားလိုက်မယ်"

သူမ၏ ရဲရင့်သောလုပ်ရပ်ကြောင့် စုချန်းပင် ဆွံ့အသွား၏။

ထို့နောက် စုချန်းက အီနီဂိုကို တချက်ကြည့်ပြီး အောက်ပါအတိုင်း ပြောလိုက်၏။

"ဒီနေ့ကစပြီး သူက မင်းရဲ့တပည့်ဖြစ်သွားပြီ"

"နားလည်ပါပြီ သခင်"

အီနီဂို လေးလေးစားစားပင် ပြန်ဖြေလိုက်၏။

"သ...သခင်"

နုပျိုပြည့်လျံ မျက်လုံးပြူးသွားရပြန်သည်။ တချိန်တည်းမှာပင် မိုးပြာရောင်မျက်နှာဖုံးဟု အမည်ရသည့် ဤလူကို သူမ တစ်ခါမှ နားမလည်ခဲ့ဖူးဘူးမှန်း သဘောပေါက်သွားတော့သည်။

သူမ စုချန်းကို မျက်လုံးပြူးပြီး စိုက်ကြည့်နေ၏။ စုချန်းကလည်း သူမကို မသိမသာ ပြန်ပြုံးပြလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ဆရာအီနီဂိုနဲ့ ပညာကို ကြိုးစားသင်ယူပါ အဲဒီလမ်းကမှ မင်းရဲ့ အနာဂတ်အတွက် ပိုကောင်းလိမ့်မယ်"

အီနီဂိုနဲ့လား...

ရုတ်တရက်ဆိုသလို တစုံတရာကို နုပျိုပြည့်လျံ သဘောပေါက်သွား၏။

"သခင် ကျွန်မကို စွန့်မပစ်ပါနဲ့ ကျွန်မကို စွန့်မပစ်ပါနဲ့"

သို့သော် စုချန်းက အချက်ပြလိုက်ရာ အီနီဂိုက သူမကို ဆွဲခေါ်ပြီး လှိုဏ်ဂူထဲသို့ ဝင်သွားလေ၏။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း စုချန်း သက်ပြင်းချလိုက်၏။

"တောင်းပန်ပါတယ်ကွာ ဒါပေမယ့် ဒီနည်းလမ်းက အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေလို့ပါ"

နုပျိုပြည့်လျံ ထွက်ခွာသွားသည်နှင့် စုချန်းလည်း လှိုဏ်ဂူထဲသို့ ခပ်တည်တည်ပင် ဝင်လာခဲ့လေသည်။ ဝိညာဥ်အလင်းကျောင်းတော်တွင် အမြင့်ဆုံးသူဟူ၍ အဌမလက်စွပ်အဆင့် အာကင်နာပညာရှင်သာလျင် ရှိလေရာ စုချန်းအနေနှင့် ဘာကိုဂရုစိုက်နေစရာ လိုအုံးမည်နည်း။ သူ လိုချင်ရာကို အေးအေးဆေးဆေး ဝင်ယူရန်သာ ရှိတော့သည် မဟုတ်ပါလား။

စုချန်း လှိုဏ်ဂူထဲထဲရောက်သည်နှင့် အချက်ပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် ဝိညာဥ်အလင်းကျောင်းတော်၏ နည်းပြအများအပြား ပျံသန်းလာကြလေသည်။ စုချန်းကို မြင်သည်နှင့် အာကင်နာနည်းစနစ်အသီးသီးနှင့် အဝေးမှပင် တိုက်ခိုက်ကြတော့သည်။ ဤနေရာသို့ ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်လာသူတိုင်း သုတ်သင်ရှင်းလင်းခံရပေလိမ့်မည်။

စုချန်း မသိမသာ ပြုံးလိုက်၏။ ထို့နောက် သူက နောက်ကျောမှ အတောင်ပံများကို ဖြန့်ကားလိုက်ရာ လေနှင့်မိုးကြိုး၏ စွမ်းအားများသည် ကြီးမားသော စက်လုံးအဖြစ် စုစည်းလာ၏။ စက္ကန့်ပိုင်းအကြာတွင်ကား အဆိုပါ မိုးကြိုးစက်လုံးများက ရန်သူများထံ ဦးတည်သွားခဲ့လေပြီ။

စုချန်း၏ တိုက်ကွက်မှာ ကြောက်စရာကောင်းလှပေရာ ဝိညာဥ်အလင်းကျောင်းတော်နည်းပြများ နောက်သို့ ဒရောသောပါ ဆုတ်ကုန်ကြ၏။ သို့သော် အားလုံး နောက်ကျသွားခဲ့လေပြီ။ မိုးကြိုးစက်လုံးများသည် ပစ်မှတ်အသီးသီးကို ကျကျနနပင် ထိမှန်သွား၏။

မိုးကြိုးအမျှင်တန်းများသည်ကား လူပျံတော်များကို လိုက်လံဖမ်းချုပ်နေသည့် လက်များနှင့်ပင် တူနေသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နည်းပြ ဆယ်ယောက်ခန့် မိုးကြိုးမျှင်လေးများ၏ ချည်နှောင်ခြင်းကို ခံလိုက်ရ၏။

ထူးဆန်းလှသော နည်းစနစ်ကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

အံ့သြမည်ဆိုလျင်လည်း အံ့သြသင့်လောက်ပေသည်။ အကြောင်းမှာ ဤနည်းစနစ်သည် စုချန်းနှင့် မိုးကြိုးစွမ်းအင်များ တသားတည်းကျသွားခြင်းဟူသော အခြေခံအကြောင်းတရားမှ ပေါက်ဖွားလာခြင်းကြောင့်ပင်။

ယခုဆိုလျင် စုချန်းသည် မီး၊ မိုးကြိုးနှင့် လေတည်းဟူသော ဓာတ်ကြီးသုံးပါးနှင့် တသားတည်းကျသွားပြီ ဖြစ်လေရာ သူ့အသိပညာမှာ ပို၍နက်ရှိုင်းလာ၏။ သူ၏ သဘာဝတရားအပေါ် မြင်နိုင်စွမ်းမှာ ပို၍ကျယ်ပြန့်လာ၏။ အထူးသဖြင့် လေနှင့်မိုးကြိုး၏ စွမ်းအားကို ပိုင်ဆိုင်သွားပြီးနောက်တွင် လေနှင့်မိုးကြိုးဝိညာဥ်ဆေးမင်တို့ ဘာကြောင့် နိုးထလာမှန်း ကျကျနနကြီး နားလည်သွားခဲ့ပေပြီ။

သူ ကနဦး ထုတ်ဖော်ပြသလိုက်သည့် စွမ်းရည်မှာ ကာလတိုအတွင်း စုချန်း၏ ဆန်းသစ်မှုဟု ဆိုနိုင်၏။ တနည်းအားဖြင့် မိုးကြိုးအမျှင်လေးများသည် တကယ်တမ်းတွင် စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများနှင့် မိုးကြိုးစွမ်းအင်တို့ ပေါင်းစပ်ထားခြင်းပေတည်း။ အဆိုပါ ပေါင်းစပ်မှုကြောင့် အာကင်နာနာနည်းစနစ်သစ်တရပ် ပေါ်ပေါက်လာခဲ့၏။

တချိန်တည်းမှာပင် စုချန်းအဖို့ တံခါးသစ်တချပ်ကို ဖွင့်လှစ်နိုင်လိုက်ခြင်းပေတည်း။

***

All Chapters