လှည့်ဖျားခြင်း
Vol. 86 Ch. 860
အဆိုပါနည်းစနစ်သည် အဆင့်နိမ့်အာကင်နာနည်းစနစ်ကိုသာ အခြေခံထားသော်ငြား အဓိကအနှစ်သာရမှာ လျှပ်စီးစွမ်းအင်ကို အသုံးပြုထားခြင်းပင်။ ထိုအခါ အစွမ်းထက်သော လျှပ်စီးလှိုင်းများက ရန်သူ၏ လှုပ်ရှားမှုကို ကန့်သတ်နိုင်ရုံသာမကပဲ ရန်သူအသီးသီး၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းများ စီးဝင်စေပြီး ၎င်းတို့၏ ခွန်အားများကို အပြည့်အဝ စုစည်း၍မရအောင် စွမ်းဆောင်စေနိုင်၏။
စုချန်းသည် ကျောင်းတော်၏ စာကြည့်တိုက်ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်သွားခဲ့၏။ ဝိညာဥ်အလင်းကျောင်းတော်၏ တန်ဖိုးရှိရတနာများ ဘယ်နေရာတွင် ရှိနေကြောင်း အီနီဂိုထံမှ သူ သိထားပြီးသားပင် မဟုတ်ပါလား။
အီနီဂိုကိုယ်တိုင်က စုချန်းကဲ့သို့ပင် အသိပညာကို အလေးအနက်ထားသူ ဖြစ်၍ ဝိညာဥ်အလင်းကျောင်းတော်၏ ရတနာများ သိမ်းဆည်းထားသည့် နေရာမှာလည်း စာကြည့်တိုက်မှတပါး အခြားမရှိချေ။ တန်ဖိုးရှိ ပစ္စည်းများအားလုံးကို ထိုနေရာတွင် ရှာတွေ့နိုင်၏။
စုချန်း စာကြည့်တိုက်ဘက်သို့ ပျံသန်းသွားသည်ကို မြင်တော့မှ ဝိညာဥ်အလင်းကျောင်းတော်၏ နည်းပြများ သက်ပြင်းချလိုက်နိုင်ကြသည်။
"တော်သေးတယ် သူ့ပစ်မှတ်က စာကြည့်တိုက်ဖြစ်နေလို့ပေါ့"
တော်သေးတယ်....ဟုတ်လား...
ထိုစကားကြောင့် စုချန်း နည်းနည်းတော့ အံ့ဩသွား၏။ သို့သော် ဝိညာဥ်အလင်းကျောင်းတော်၏ ကံကြမ္မာလက်ချောင်းများအဖွဲ့ဝင်များသည် ရာဇဝတ်သားများဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူတို့အတွက် တံခါးဝမှ ရန်သူတယောက် ဝင်လာခြင်းမှာ သေနိုင်လောက်သည့် အခြေအနေပင် မဟုတ်ပါလား။ ထို့ကြောင့် ရန်သူသည် ရတနာများလုယက်ရန်သက်သက် ဤနေရာကိုရောက်လာသည်ဆိုလျင် သူတို့အတွက် ကျေးဇူးတင်စရာပင်။
စုချန်း ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်၏။
"မင်းတို့ ကံကောင်းသွားတာပေါ့ ငါ့ရည်ရွယ်ချက်က စာကြည့်တိုက်ထဲက ရတနာတွေပဲလေ မင်းတို့ ငါ့ကို မနှောင့်ယှက်ရင် ငါကလဲ မင်းတို့ကို အသက်ချမ်းသာပေးလိုက်မယ်”
သို့သော် တကယ်တမ်းတွင်တော့ ထိုစကားများက အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။ အကြောင်းမှာ သူ ဖမ်းထားသည့် အာကင်နာပညာရှင်များအနေနှင့် ဘယ်ကိုမှ ရွေ့၍မရနိုင်သလို မဖမ်းမိသေးသောသူများအဖို့လည်း သူ့ကို တားဆီးရန် အစွမ်းကုန် ကြိုးစားနေကြသောကြောင့်ပင်။ သို့မဟုတ်လျင် ကျောင်းတော်ခေါင်းဆောင် ပြန်လာသည့်အချိန်တွင် သူတို့ ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။
မှန်ပါသည်။ အီနီဂို ပြန်ရောက်ကာ ပုန်းပင်ပုန်းနေပြီဖြစ်ကြောင်း သူတို့ မသိကြချေ။ ထို့ကြောင့် သူတို့ အစွမ်းကုန် ခုခံတိုက်ခိုက်နေကြရှာ၏။
စုချန်းကတော့ လားလားမျှ ဂရုမစိုက်ချေ။ လျှပ်စီးသံကြိုးများကို အစွမ်းကုန် အသက်သွင်းရင်း အာကင်နာပညာရှင် အမြောက်အများကို ဖမ်းဆီးချုပ်နှောင်ထားခဲ့၏။ ရန်သူများအဖို့လည်း လူမိုက်မဟုတ်ချေ။ သူတို့၏ ရန်သူက သူတို့ကို မသတ်ကြောင်းမြင်သည်နှင့် အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးကြောင်း သူတို့အားလုံး သဘောပေါက်သွား၏။ ထို့ကြောင့် မည်သူမှ ရုန်းကန်ခြင်းမပြုတော့ပဲ စုချန်း ဆွဲခေါ်ရာနောက်သို့ အလွယ်တကူ လိုက်ပါကြတော့သည်။ တဖက်တွင်လည်း သူတို့ မျက်နှာပျက်ခဲ့ကုန်ကြ၏။ အကြောင်းမှာ ကျောင်းတော်သားများ အဖြစ်အပျက်ကို ဝိုင်းဝန်းကြည့်ရှုနေကြသောကြောင့်ပင်။ ၎င်းမှာ သူတို့အတွက် မျက်နှာပျက်စရာဖြစ်နေသည် မဟုတ်ပါလား။
“ဒီကလေးတွေ ဘာအတွေ့အကြုံမှလဲ မရှိကြပါလား"
စုချန်း အားရပါးရ ရယ်မောလိုက်၏။
သိပ်မကြာမီ သူ စာကြည့်တိုက်သို့ ရောက်ရှိလာ၏။ စုချန်း စာကြည့်တိုက်ထဲရောက်ပြီး တချိန်တည်းမှာပင် လေလှိုင်းရေဘဝလက်တံအမြောက်အများ လေထုထဲသို့ စတင်တိုးထွက်လာတော့၏။
အဆင့်နိမ့်လေလှိုင်းရေဘဝဲလက်တံများသည် စုချန်း၏ ထိန်းချုပ်မှုအောက်တွင် အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးနေပုံရ၏။ ကြည့်နေရင်းနှင့်ပင် လေလှိုင်းရေဘဝဲလက်တံများသည် ထောင်နှင့်ချီသော အရေအတွက်အထိ တိုးလာကာ စာကြည့်တိုက်အကာအကွယ်များကို ဖျက်ဆီးပြီး အတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက် ၎င်းလက်တံများသည် စာကြည့်တိုက်၏ ထောင့်တိုင်းကို လှည့်ပတ်သွားလာပြီး မြင်သမျှ ပစ္စည်းတိုင်းကို သိမ်းဆည်းယူငင်နေတော့သည်။
လျှို့ဝှက်စာအုပ်များ၊ ရတနာများ စသဖြင့် တန်ဖိုးရှိ ဘယ်အရာမဆို သူ သိမ်းပိုက်ယူငင်နေ၏။ အဝေးမှကြည့်လျင် အနှီလက်တံများသည် မြွေကြီးများနှင့်ပင် တူနေပြီး လက်တံအဆုံးရှိ ပါးစပ်ကြီးသည် တွေ့သမျှတိုင်းကို ဝါးမျိုပစ်နေ၏။ ထို့နောက် အဆိုပါ စာအုပ်များ၊ ရတနာများသည် လက်တံတလျှောက် ရွေ့လျားလာပြီး စုချန်း၏ မူလလက်စွပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထူးဆန်းလှသည့် ဓားပြတိုက်နည်းကြောင့် လူတိုင်း အံ့အားသင့်နေကြ၏။
“လေလှိုင်းရေဘဝဲလက်တံတွေ အဲဒါတွေက လေလှိုင်းရေဘဝဲလက်တံတွေမလား"
အဆင့်နိမ့်လှသည့် ဤနည်းစနစ်လေးက စုချန်း၏ ထိန်းချုပ်မှုအောက်တွင် အံ့မခန်း ပုံသဏ္ဌာန်ပြောင်းလဲသွားခဲ့လေပြီ။ ၎င်းမှာ လက်ပေါင်းထောင်ချီနှင့် တွေ့သမျှ ရမ်းသမ်းယူငင်နေသည့် ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင် ရှိနေသည်နှင့်ပင် တူလှ၏။
“ဝိညာဥ်အလင်းကျောင်းတော်ကို ဒီလိုပုံစံနဲ့ လာလုတယ်ဆိုတော့ တယ်လဲသတ္တိကောင်းလှချည်လား”
ဒေါသတကြီး ကြုံးဝါးသံတခု လေထဲတွင် ပဲ့တင်ထပ်လာပြီး အနက်ရောင် အလင်းတန်းတခု စုချန်းဆီသို့ တိုးဝင်လာ၏။ အဆိုပါ အလင်းတန်းသည် ဒြပ်ထုမရှိသော်ငြား မြွေတစ်ကောင်ကဲ့သို့ ကောက်ကွေးတွန့်လိန်ရင်း ပျံသန်းလာလေသည်။ အလင်းတန်းထဲမှ ထွက်ပေါ်နေသည့် ထူးထူးဆန်းဆန်းအလင်းရောင်သည် မြင်သူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်စရာ အာရုံများကို ပေါ်ပေါက်လာစေ၏။
အကယ်၍ ဤစွမ်းရည်က ဘာမှန်း စုချန်းသာ ကျကျနန မသိခဲ့လျင် သူ ရှောင်ရှားကောင်းရှောင်ရှားမိပေလိမ့်မည်။ ကံကောင်းသည်မှာ သူ ဘာနှင့် ရင်ဆိုင်နေရမှန်း စုချန်း ကျကျနနကြီး သိထားနေ၏။
ဝိညာဥ်အလင်းကျောင်းတော်၏ အခြေအနေ အကြောင်းချင်းရာများကို အီနီဂိုထံမှ အချိန်အတော်ကြာကတည်းက စုချန်း သိထားပြီးဖြစ်လေရာ သူ့ရန်သူသည် ကျောင်းတော်၏ ဒုတိယအကြီးအကဲဖြစ်နေမည်မှာ သေချာသလောက်ပင်။ လှည့်ဖျားအရိပ်ဟု လူသိများသော အနှီအာကင်နာပညာရှင် အသုံးပြုသောနည်းစနစ်မှာလည်း ပုပ်ဆွေးအသားတစ်ဟု အမည်ရသော နည်းစနစ်ဖြစ်နေမှန်း စုချန်း ကောင်းကောင်းကြီး သိနေ၏။
ပုပ်ဆွေးအသားဟူသည် အကာအကွယ်များကို ဖြတ်ကျော်ပြီး ရန်သူကို တိုက်ခိုက်နိုင်သည့် အစွမ်းထက်နည်းစနစ်တခုပင်။ ၎င်းသည် ပစ်မှတ်ကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ကို စားသုံးပစ်နိုင်၏။ ထိုမျှသာမကသေး ဤနည်းစနစ်သည် ရှောင်ရှားရန် အလွန်ပင် ခက်ခဲလှပေသည်။
ထို့ကြောင့် ဤနည်းစနစ်နှင့် ရင်ဆိုင်ရလျင် တုံ့ပြန်ရန် အကောင်းဆုံးနည်းလမ်းမှာ ရှောင်တိမ်းရန်မဟုတ်။ ၎င်းကို ရင်ဆိုင်ထိန်းချုပ် ဖျက်ဆီးပစ်ရန်ပင်တည်း။
မှန်ပါသည်။ အနှီ အနက်ရောင်အလင်းတန်းကို ဖျက်ဆီးပစ်နိုင်၏။ အကြောင်းမှာ ပုပ်ဆွေးအသားတစ်၏ မူရင်းအနှစ်သာရမှာ အလင်းမဟုတ်ဘဲ ထူးခြားသော စွမ်းအင်တစ်မျိုး ဖြစ်နေသောကြောင့်ပင်။
ဖျက်ဆီးမည့် နည်းလမ်းကလည်း အတော်လေးကို ရိုးရှင်းလှ၏။
စုချန်း လက်ကောက်ဝတ်ကို ဖျတ်ခနဲလှုပ်လိုက်ရာ သွေးတစ်စက် လေထဲသို့ လွင့်စင်လာ၏။ ထို့နောက် တခနအကြာမှာပင် အနက်ရောင်အလင်းတန်း ပျောက်ကွယ်သွားခဲ့လေသည်။
သွေးတစ်စက်တည်းနှင့် အနက်ရောင်အလင်းတန်းကား ပျက်ပြယ်သွားခဲ့လေပြီ။
ပုပ်ဆွေးအသားတစ်ဟူသည် သွေးနှင့် အသားကို ပစ်မှတ်ထားတတ်သည့် နည်းစနစ်မျိုး ဖြစ်၏။ ထို့ကြောင့် ပစ်မှတ်ထားခံရသူအနေနှင့် သွေး သို့မဟုတ် အသား အနည်းငယ်၊ ယုတ်စွအဆုံး သွေးတစ်စက်တည်းပင်ဖြစ်စေ အလင်းတန်းရှေ့တွင်ပြလိုက်သည်နှင့် ဤနည်းစနစ်၏ စွမ်းရည်ကို ဖျက်ဆီးပစ်နိုင်လေသည်။
အထက်တွင် ဖော်ပြခဲ့သည့် အချက်အလက်သည် ပုပ်ဆွေးအသားတစ်၏အကြီးမားဆုံးအားနည်းချက်ဖြစ်သော်ငြား အနှီနည်းစနစ်နှင့် မရင်းနှီးသူများအဖို့တော့ မည်သို့ရင်ဆိုင်ရမည်ကို သိနိုင်မည်မဟုတ်ချေ။
စုချန်း ဤနည်းစနစ်၏ အဓိကအားနည်းချက်ကို သိနေ၍ ကျောင်းတော်ဒုတိယအကြီးအကဲ မျက်လုံးပြူးသွား၏။
“မင်း ဘယ်သူလဲ ဘယ်လိုလုပ် ဒီအကြောင်းကို သိနေတာလဲ……”
“ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး မင်းအနေနဲ့ ကျုပ်ရဲ့ကိစ္စထဲမှာ ဝင်မပါတာ ပိုကောင်းလိမ့်မယ်”
အထက်ပါအတိုင်း ပြတ်ပြတ်သားသား တုံ့ပြန်ရင်း လျှပ်စီးတန်းတခုကို ဒုတိယခေါင်းဆောင်ထံသို့ စုချန်း ပစ်လွှတ်လိုက်၏။
၎င်းသည် စုချန်းထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော်ငြား ၎င်း ရွေးချယ်ထားသော ကျင့်စဉ်လမ်းကြောင်းမှာ ထူးဆန်း၍ တချို့နည်းစနစ်များက စုချန်းကို ဒုက္ခပေးသွားနိုင်၏။ တချိန်တည်းမှာပင် စုချန်းအနေနှင့် စာကြည့်တိုက်ကို လုယက်နေရသည်ဖြစ်၍ တဖက်လူကို ပြတ်ပြတ်သားသား ဦးနှိမ်ထားလိုက်သည့် သဘောပင်။ ရုတ်ချည်းဆိုသလိုပင် လျှပ်စီးတန်းများ ကျောင်းတော်ဒုတိယအကြီးအကဲပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာ၏။
မထင်မှတ်သောအခြေအနေကြောင့် ဒုတိယအကြီးအကဲခမျာ ကသောင်းကနင်း ဖြစ်သွားရှာသည်။
လှည့်ဖျားအရိပ်၏ တိုက်ခိုက်မှုများ မည်မျှထူးဆန်းစေကာမူ နဝမလက်စွပ်အဆင့်ဖြစ်သော စုချန်း၏ လျှပ်စစ်သံလိုက်မုန်တိုင်းနှင့်မိုးကြိုးစီရင်ချက်တို့က ၎င်းကို အကြီးအကျယ် ဒုက္ခပေးနိုင်စွမ်းရှိနေ၏။
နောက်ဆုံးတွင်တော့ လှည့်ဖျားအရိပ်ခမျာ စုချန်းကို ပြန်လည်တုံ့ပြန်ဖို့နေနေသာသာ စုချန်းလုပ်သမျှ ထိုင်ကြည့်နေရသော အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။
“ဟာ ဟာ...ငါ့ရဲ့ သိမ်းငှက်ပုံစံမျက်လုံး ငါ့ရဲ့ အတိုင်းအဆမဲ့မိုးကြိုးပုလဲ ပြီးတော့ အကြီးအကဲရဲ့ အဆိပ်တစ်ထောင် ပင့်ကူအိမ်နဲ့ အရိုးပျော်ရည်...ကုန်ပါပြီ ကုန်ပါပြီကွာ...ခွေးမသား...ဒီကောင် ခွေးမသား”
မိုးသီးမိုးပေါက်များပမာ ကျဆင်းလာသည့် မိုးကြိုးများကို ရှောင်တိမ်းရင်း ကျောင်းတော်ဒုတိယအကြီးအကဲခမျာ အကြီးအကျယ် ဒေါပွနေရှာသည်။ တန်ဖိုးရှိပစ္စည်းများ ကုန်သလောက်ရှိမှ စုချန်း အားရပါးရ ရယ်မောရင်း ပြောလိုက်၏။
“မင်းတို့ရဲ့ ရက်ရောမှုကို ကျေးဇူးတင်တယ် ကဲ ကျုပ် သွားတော့မယ်”
ထို့နောက် သူ အဝေးဆီသို့ တဟုန်ထိုးပျံသန်းသွားလေ၏။
ကျောင်းတော်ဒုတိယအကြီးအကဲက စုချန်းနောက်သို့ ပြေးလိုက်ရန် ကြိုးပမ်းလိုက်သေးသည်။ သို့သော် ရုတ်တရက် တိုက်ခတ်လာသော လေဆင်နှာမောင်းတခုက သူ့ကို အဝေးဆီသို့ လွင့်ထွက်သွားစေ၏။ အကယ်၍ သူသာ လိုက်မှီခဲ့လျင်လည်း အသက်ရှင်လျက် ပြန်လာနိုင်မည် မဟုတ်ချေ။
“လေနဲ့လျှပ်စီးနှစ်မျိုးလုံး ကျွမ်းကျင်တဲ့ နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်လားဟ”
ကျောင်းတော်ဒုတိယအကြီးအကဲ တအံ့တသြနှင့် ရေရွတ်လိုက်သည်။
"အရိပ်တေးသံ အေးခဲဆူးချွန်များ ဖြစ်နေမလား"
ကောင်းကင်နိုင်ငံတော်တွင် လေနှင့် လျှပ်စီးနှစ်မျိုးလုံး ကျွမ်းကျင်သော အာကင်နာပညာရှင်မှာ အရိပ်တေးသံမျိုးနွယ်စုမှ အရိပ်တေးသံအေးခဲဆူးချွန်ပင် ဖြစ်သည်။ သို့သော် အလွန်မာနကြီးသော အရိပ်တေးသံအေးခဲဆူးချွန်၏ ဗီဇအရ ဝိညာဥ်အလင်းကျောင်းတော်ကို ဓားပြလာတိုက်မည့်အစား ဒုစရိုက်အဖွဲ့သားများဖြစ်သည့် သူတို့အား သတ်ပစ်လိမ့်မည်သာ။
ထို့ကြောင့် ဒုတိယအကြီးအကဲက ထိုစိတ်ကူးကို ခပ်မြန်မြန်ပင် ပယ်ဖျက်လိုက်၏။
ဒါမှမဟုတ် ကောင်းကင်ခွင်းသမားလား... မဖြစ်နိုင်ဘူး..ဒါလဲ မဖြစ်နိုင်ဘူး...ကောင်းကင်ခွင်းသမားဟာ အသက်ကိုပဲ လေးရာကျော်နေပြီ သူက ဒီလောက်ထိ အသက်ကြီးတဲ့ပုံမဖော်ဘူး...
အထက်ပါအတိုင်း ဒုတိယအကြီးအကဲသည် ဖြစ်နိုင်ဖွယ်ရာ လူစာရင်းကို တမျှော်တခေါ်ကြီး တွေးနေမိ၏။ သို့သော် တရားခံကို သူ မည်သို့မှ မတွေးတတ်အောင် ရှိလေသည်။
ရတနာများအား ဓားပြတိုက်သွားသူ မည်သူနည်း... ဤအခြေအနေကို အကြီးအကဲထံ သူ မည်သို့ တင်ပြရမည်နည်း...
ဒုတိယအကြီးအကဲကား ဤသို့ဤနှယ် ခေါင်းပူလျက်ရှိ၏။ ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်လှသော အသံတသံကို သူ ကြားလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ”
“ဟင် ကျောင်းတော်အကြီးအကဲ ပြန်ရောက်လာပြီ"
နုပျိုပြည့်လျံ၏ လက်ကိုဆွဲလျက် အီနီဂိုတယောက် လှမ်းဝင်လာ၏။ သူ့ပုံစံမှာ ဘာတွေဖြစ်ပျက်နေမှန်း လားလားမျှမသိပဲ ယခုမှ ပြန်လာသူနှင့် တူလှသည်။ တနည်းအားဖြင့် မျက်နှာသေကြီးနှင့်ဟု ဆိုနိုင်သည်။
“အကြီးအကဲခင်ဗျာ ကျောင်းထဲဝင်ပြီး လုယက်သွားတဲ့ဓားပြဟာ ခုနလေးတင်ကမှ ထွက်သွားတာပါ ကျုပ်တို့ ခုနေ နောက်ကလိုက်သွားရင် မှီနိုင်ပါသေးတယ်"
နည်းပြတယောက်က အထက်ပါအတိုင်း ပြောလိုက်၏။
“သူ့နောက်ကို လိုက်မယ် ဟုတ်လား ဘာလို့ လိုက်ရမှာလဲ”
အီနီဂို ထိုသို့ တုံ့ပြန်လိမ့်မည်ဟု မည်သူမှ ထင်မထားချေ။
“ဟင်”
လူတိုင်း အံ့ဩကုန်ကြ၏။
အီနီဂိုက ရှင်းပြလိုက်သည်။
“ခုနကပဲ မင်းတို့ ပြောပြီးပြီလေ ဓားပြဟာ လေနဲ့လျှပ်စီးနှစ်မျိုးလုံးကို ကျွမ်းကျင်တဲ့ နဝမအဆင့်အာကင်နာပညာရှင်ဆို မင်းတို့ အားလုံးပေါင်းပြီးတောင် သူ့ကို မယှဉ်နိုင်တာ ကျုပ်လဲ သူ့ကို ဘယ်ယှဥ်နိုင်ပါ့မလဲ မဟုတ်ဘူးလား"
“……”
လူတိုင်း ဘာပြောရမှန်းမသိပဲ ဖြစ်ကုန်ကြ၏။
အီနီဂိုက ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဌာနချုပ်ကိုရော အခြေအနေတွေ အစီရင်ခံပြီးသွားပြီလား"
“ဟုတ်ကဲ့ခင်ဗျ”
စုချန်း ထိုးဖောက်ဝင်ရောက်လာသည်နှင့် နည်းပြတဦးက ဌာနချုပ်အား သတင်းပို့ခဲ့ပြီးလေပြီ။
ကံကြမ္မာလက်ချောင်းများ ဌာနချုပ်နှင့် ဝိညာဥ်အလင်းကျောင်းတော်တို့သည် အဆိပ်တထောင်တော်ကြားတွင် တည်ရှိသော်ငြား ရှိပေမယ့် နေရာမှာကားမတူညီကြချေ။
ထိုအခါ အီနီဂိုက ခေါင်းညိတ်လိုက်၏။
"ကျုပ်တို့ရန်သူက အစွမ်းထက်တဲ့အတွက် ကျုပ်တို့အနေနဲ့ အကူအညီလိုလိမ့်မယ်ကွ ဖြစ်နိုင်ရင် ခေါင်းဆောင်ကြီးကိုယ်တိုင် လာရောက်ကူညီစေချင်တယ်"
လူတိုင်း အံ့သြသွား၏။
"ခေါင်းဆောင်လား"
အီနီဂို ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အကြီးအကဲ...ဓားပြက ထွက်သွားပြီလေ”
တယောက်က အထွန့်တက်လိုက်၏။
“သူ ပြန်လာမလာ မင်း ဘယ်လိုသိနိုင်တာလဲ"
“ဟုတ်ကဲ့ပါ အကြီးအကဲခင်ဗျ”
ထို့နောက် နည်းပြတဦးက အီနီဂို၏ စကားအတိုင်း ဌာနချုပ်ကို သတင်းပို့လိုက်၏။
သိပ်မကြာမီ အင်အားကြီးအာကင်နာပညာရှင်တချို့နှင့်အတူ ကံကြမ္မာလက်ချောင်းများအဖွဲ့ဝင်အများအပြား ဝိညာဥ်အလင်းကျောင်းတော်သို့ ရောက်ရှိလာ၏။ ယုတ်စွအဆုံး ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ခေါင်းဆောင်ပင် လိုက်ပါလာလေသည်။
ခေါင်းဆောင်ကြီး၏ ပုံသဏ္ဌာန်မှ အမှောင်တိဖုံးနေ၍ သူ့မျက်နှာကိုပင် ကောင်းကောင်း မမြင်ရချေ။ အလင်းနှင့်ထိုးကြည့်လျင်ပင် ခေါင်းဆောင်၏ ခန္ဓာကိုယ်ဆိုင်ရာ အသွင်အပြင်များကို မြင်နိုင်ဖွယ်ရာ မရှိချေ။ အကြောင်းမှာ အလင်းက သူ့ကို အလိုအလျောက် ရှောင်ရှားသွား၍ပင်တည်း။
တနည်းအားဖြင့် သူသည် လေဟာနယ်တွင်းနက်ကြီးတခုနှင့် တူ၏။ သူ့ခန္ဓာကိုယ်မှ အလင်းများ ရောင်ပြန်ဟပ်ခြင်းမရှိသလို အလွန်အစွမ်းထက်သည့် စွမ်းအင်များ တရှိန်းရှိန်း ထွက်ပေါ်နေ၏။
အတိအကျပြောရလျင် ၎င်းမှာ ဒဏ္ဍာရီလာ အာကင်နာပညာရှင်တဦး၏ စွမ်းအားပေတည်း။
နောက်ဆုံးတော့ ကံကြမ္မာလက်ချောင်းများအဖွဲ့၏ ခေါင်းဆောင်ကြီးမှာ ဒဏ္ဍာရီလာ အာကင်နာပညာရှင်တဦးဖြစ်နေခဲ့ချေသည်တကား။
“ဘာကိစ္စကြောင့် မင်း ငါ့ကို ဒီအထိ လှမ်းခေါ်ရတာလဲ အီနီဂို တိမ်တိုက်မြို့တော်က မင်းရဲ့တာဝန်ကရော ဘယ်လို အခြေအနေရှိသလဲ”
“သိပ်မကောင်းဘူး ခေါင်းဆောင်ကြီး"
ထို့နောက် အီနီဂိုက လျှို့ဝှက်နယ်မြေအရောက်တွင် လူတစုက ရတနာများကို ကြားဖြတ်ခုတ်သွားကြောင်း၊ ထိုလူများအားလုံးကို သူ သတ်ပစ်ရန် ကြိုးစားခဲ့သော်ငြား တချို့က လွတ်မြောက်သွားခဲ့ကြောင်း၊ ဝိညာဥ်အလင်းကျောင်းတော်သို့ ပြန်အရောက်ဝယ် ဓားပြထပ်အတိုက်ခံရမည်ဟု သူ လုံးဝထင်မထားခဲ့ကြောင်း စသဖြင့် စီကာပတ်ကုံး ပြောပြလိုက်၏။
ခေါင်းဆောင်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း စာကြည့်တိုက်ကို လှမ်းကြည့်လိုက်၏။ စာကြည့်တိုက်ထဲတွင် တစုံတဦးက နဝမအဆင့် အာကင်နာနည်းစနစ်ကို အသုံးပြုခဲ့ကြောင်း သူ ခံစားမိလိုက်လေသည်။
ဘယ်သူ လုပ်တာလဲ...
ဝိညာဥ်အလင်းကျောင်းတော်ကို ဘယ်သူက လာပြီး ဓားပြတိုက်တာလဲ...
ထိုအချိန်မှာပင် အချက်ပေးသံတသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ခေါင်းဆောင်ကြီး အံ့ဩတုန်လှုပ်သွား၏။
“မကောင်းတော့ဘူးဟေ့ ဌာနချုပ်ကို တိုက်ခိုက်နေပြီ ဝိညာဥ်အလင်းကျောင်းတော်ကို ဝင်လုတာက ကျုပ်တို့ကို အာရုံပြောင်းလိုက်တာပဲကွ"
***