အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း ၂၃၂- 'ကိုယ်ပိုင် တာအိုကိုယ်ပွား' ...
~အဝေးမှ အကဲခတ်နေကြသော တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများသည် အကြီးအကျယ် အံ့သြသွားကြသည်။
ထိုကဲ့သို့သော ကောင်းကင်မိုးကြိုးကို ခန္ဓာကိုယ်ဖြင့် ခုခံပြီး ဒဏ်ရာ ဒဏ်ချက် ကင်းမဲ့စွာ တည်ရှိနေရန်မှာ ယုံကြည်နိုင်ဖွယ် မရှိပေ။ အထူးသဖြင့်
လုရီသည် အခြေတည် ဝိညာဉ်ဘုံသို့ ဖြတ်ကျော်ကာစ အဆင့်သာ ရှိသေးသည်လေ။
"ကလေးလုရဲ့ ခန္ဓာကိုယ် သန့်စင်မှု အောင်မြင်မှုဟာ သူ့ဓားတာအိုရဲ့ အောင်မြင်မှုထက် မနိမ့်ဘူး။ ဒါဟာ တကယ့်ကို မထင်မှတ်စရာပါပဲ... " အကြီးအကဲမင် က လေးလေးနက်နက် သက်ပြင်းချလိုက်၏။
"ဒီလို ကိုယ်လုံးကိုယ်ပေါက်နဲ့ တိုက်ခိုက်ရေး ရတနာတွေတောင် သူ့လက်ထဲမှာ ကွဲပြိုသွားမှာကို ကြောက်မိတယ်။ ဘယ်လို လူထူးဆန်းလဲ..."
ထိုသို့ ချီလင်က မျက်လုံးပြူးနေပြီး မုတ်ဆိတ်သည်လည်း တဆတ်ဆတ်တုန်နေကာ တိုးသက်စွာ ရေရွတ်သည်။
နတ်ဘုရား အသွင် ပြောင်း ကျင့်ကြံသူများသည်ပင် ဦးရေပြားများ ကျိန်းစပ်လာပြီး
အခြားသူများမှာ ပို၍ပင် ကြောက်ရွံ့နေကြသည်မှာ ဆိုဖွယ်ရာ မရှိပေ။
ကောင်းကင်မိုးကြိုး၏ ပထမလှိုင်းပြီးနောက်၊ မိုးကြိုးတိမ်တိုက်များအတွင်း အဖျက်စွမ်းအားသည် တစ်ဖန် ပြန်လည် စုစည်းလာပြီး ပို၍ကြောက်မက်ဖွယ် ကောင်းပြီး အားပြင်းသော ကောင်းကင်မိုးကြိုးကို ပုံဆောင်သည်။
ဂျုန်း...
စူးစူးရှရှ တောက်ပသော ခရမ်းရောင် ကောင်းကင် မိုးကြိုးသည် နေကဲ့သို့ တောက်ပနေပြီး ဖော်မပြနိုင်သော ဖိအားကို သယ်ဆောင်ကာ ကောင်းကင်တိုင်တစ်ခုကဲ့သို့ လုရီကို ဦးတည်၍ ပစ်ချလာသည်။
လုရီအား မိုးကြိုးတိုင်က အုပ်မိုးသွားပြီး မြေပြင်ကို တိုက်မိသောအခါတွင် နဂါး ကြီး တစ်ကောင် လှည့်လည်သွားသကဲ့သို့ မြေကြီး တစ်ခုလုံး တုန်ခါကာ တောင်တန်း တစ်ခုလုံး ပြောင်းပြန် ဖြစ်သွားပုံ ရသည်။
အဆိုပါ ကောင်းကင်ဘုံ ကပ်ဘေးလှိုင်းသည် အချိန်အတော်ကြာ ဆက်လက် ဖြစ်ပွားခဲ့သည်။ မိုးကြိုးတိုင်များ ကွယ်ပျောက်သွားသောအခါ
မီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည့် လုံးဝန်းသော ချောက်နက်ကြီးတစ်ခုသည် လုရီ၏ အောက်ရှိ မြေပြင်တွင် မည်းမှောင်၍ အဆုံးအစ မဲ့စွာ..ပေါ်ထွက်လာသည်။
ကောင်းကင်မိုးကြိုး၏ တတိယမြောက်ထိုးနှက်ချက်.. ဆင်းသက်လာလေသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်မိုးကြိုးသည်
ဓားရှည်များ အသွင် ပုံသဏ္ဍာန် ပြောင်းလဲကာ၊ တညီတညွတ်တည်း ထိုးစိုက်နေသော ထောင်နှင့် ချီသော ဓားအစင်းများကဲ့သို့
လုရီဆီသို့ ဦးတည်လာသည်။ ယင်းဓားရှည်များတွင်ကောင်းကင်မိုးကြိုးစွမ်းအားနှင့် မထင်မှတ်လောက်အောင် ပြင်းထန်သောဓားစိတ်ဆန္ဒတစ်ခု ပါရှိသည်။
ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူများ အားလုံး မျက်လုံးများ ပြုတ်ကျမတတ် ပြူးကျယ်လာခဲ့သည်။
"ကောင်းကင်မိုးကြိုး အသွင်ပြောင်းခြင်းလား?! အထူးခြားဆုံး နတ်ဆိုးတွေအတွက်တောင်မှ ကောင်းကင်မိုးကြိုးက ဟင်းလင်းပြင် ဥမင်ဘုံကို ဖြတ်ကျော်သွားတဲ့အခါမှသာ ဒီလို အသွင်ပြောင်းတာ မဟုတ်ဘူးလား"
"အခြေတည် ဝိညာဉ် ဘုံရဲ့ ကောင်းကင်
ကပ်ဘေးမှာတောင် ကောင်းကင်မိုးကြိုး အသွင်ပြောင်းခဲ့တာလား...တကယ့်ကို မယုံနိုင်စရာပဲ။ ဂျူနီယာ ညီလေးလုရဲ့ အရည်အချင်းက ကြောက်စရာ ကောင်းလွန်းတယ်!"
စူးရှသော ဓားစိတ်ဆန္ဒကို ခံစားလိုက်ရတော့
လုရီလည်း ထိတ်လန့်သွားပြီး သူ့အရေပြားမှာ တဆတ်ဆတ် နာကျင်နေသည်ကို ခံစားလိုက်ရ၏။
ဤကောင်းကင်မိုးကြိုးက သူ့ခန္ဓာကိုယ်ကို ခြိမ်းခြောက်မှု တစ်ခု ဖြစ်စေသည်။
ဤကပ်ဘေးသည် ပြင်းထန်ခဲ့၏။
လုရီ အသက်ဝဝ ရှူလိုက်ရင်း၊ သူ့အမူအရာက ငြိမ်သက်နေဆဲပင်။ သူ့ပတ်ဝန်းကျင်က ဓားပိုင်နက်ကို အသက်ဝင်စေပြီး ကောင်းကင်မိုးကြိုးမှ သူ့ကိုယ်သူ ကာကွယ်ထားရင်း သူ့မျက်လုံးများမှာ အရောင်တောက်နေသည်။
ကောင်းကင်မိုးကြိုးသည် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပစ်ခွင်းလာသည်နှင့်အမျှ
လုရီက ၎င်းကို သူ၏ ဓားပိုင်နက်ဖြင့် ရင်ဆိုင်ခဲ့သည်။
မိုးကြိုးဓားများ ကျဆင်းလာ၍ ဓားပိုင်နက်နှင့် တိုက်ရိုက် ထိတိုက်ပြီး၊ ၎င်းတို့၏ ထက်မြက်သော ဓားစိတ်ဆန္ဒက တွန်းလှန်ခံလိုက်သည်။ သို့သော်ငြားလည်း ပြင်းထန်သော
အဖျက် စွမ်းအားများ တဟုန်ထိုး တိုးဝင်လာဆဲ ဖြစ်ပြီး လုရီ၏ ခန္ဓာကိုယ်အား မိုးကြိုးများ ထိမှန်လာသည်။
လုရီသည်ပင်လျှင် သူ့အရေပြားပေါ်တွင် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရပြီး သူ့အရေပြား၌
ဖျော့တော့သော မီးကျွမ်းထားသည့် အမှတ်အသားများ ပေါ်လာသည်။
လုရီသည် မျက်လုံးများကို မှိတ်ထားရင်း၊ ကောင်းကင်တာအို၏ ဓားစိတ်ဆန္ဒကို ကာကွယ်ရန် သူ၏ ဓားပိုင်နက်ကို အသုံးပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ရုပ်ခန္ဓာသည် ကောင်းကင်မိုးကြိုး၏ အဖျက် စွမ်းအားကို ခုခံနေလေ၏။
ဤ ကောင်းကင်မိုးကြိုးလှိုင်းလုံးသည် လုရီအား အမှန်တကယ် ဖိအားဖြစ်စေသည်။
သူ၏ ဒန်တျန် အတွင်း၌ သူနှင့် တူသော အခြေတည် ဝိညာဉ်သည် တည်ငြိမ် အေးချမ်းစွာ ထိုင်နေပြီး တာအို တေးသံများကို ထုတ်လွှတ်နေသည်။ အခြေတည် ဝိညာဉ်၏ ပတ်ပတ်လည်၌ ရောင်စုံ တိမ်တိုက်များဖြင့် ဝန်းရံနေကာ သက်တန့်အလင်းများ တောက်ပနေလေသည်။
ရုတ်တရက် ဆိုသလိုပင် လုရီ တစ်ယောက် သူ၏ ကြီးမြတ်သော တာအိုအား နားလည်သဘောပေါက်မှုသည် ပို၍ အသေးစိတ်လာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်တာအို ဓားစိတ်ဆန္ဒ၏ ဉာဏ်အလင်းနှင့် ကောင်းကင် မိုးကြိုး၏ စွမ်းအားနှင့် ဖျက်ဆီးမှု အကြောင်း ဉာဏ်အလင်း အပါအဝင် ဉာဏ်အလင်း ပွင့်မှု အားလုံး သူ၏ အသိိစ်ိတ် ပင်လယ်ထဲသို့ တိုးဝှေ့
ဝင်ရောက်လာလေသည်။
အခြေတည် ဝိဉာဉ်သည် 'တာအို သဘာဝ' ၏ အသွင်အပြင်တစ်ခု ဖြစ်၍ ၎င်းက တာအိုတွင် မိမိကိုယ်ကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်ဟု ပြောလေ့ ရှိကြသည်။
အင်မော်တယ်အဖြစ်သို့ ကျင့်ကြံခြင်းသည်လည်း ကြီးမြတ်သော တာအိုအား ကျင့်ကြံခြင်း၊ ကောင်းကင်နှင့် မြေကြီးကို နားလည်ခြင်းနှင့် အခြေတည် ဝိဉာဉ်ဖွဲ့တည်ခြင်း..(ဆိုလိုသည်က 'ကိုယ်ပိုင်တာအိုကိုယ်ပွား'ကို သိသာ ထင်ရှားစေခြင်း)ပင် ဖြစ်ချေသည်။
ယေဘူယျအားဖြင့် အနက် ကောက်ရလျှင်
အခြေတည် ဝိဉာဉ်ဘုံသို့ ခြေလှမ်းပြီးနောက်
'ကိုယ်ပိုင်တာအို ကိုယ်ပွား'အား ဖွဲ့စည်းပြီးနောက် ၎င်း'ကိုယ်ပိုင်တာအိုကိုယ်ပွား'သည် တာအို ။တေးသံများကို ဖမ်းယူခြင်းဖြင့် ကျင့်ကြံသူများအတွက် ကောင်းကင်နှင့်မြေကြီးအား နားလည် သဘောပေါက်မှုမှာ လွယ်ကူ ချောမွေ့စေပါသည်။ ဤအကြောင်းကြောင့် အခြေတည်
ဝိဉာဉ် ကျင့်ကြံသူများသည် ရွှေအူတိုင် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုသန်မာခြင်း ဖြစ်လေ၏။
ဤနယ်ပယ် မတိုင်မီ၊ ချီ သန့်စင်ခြင်း၊အခြေခံအုတ်မြစ် တည်ထောင်ခြင်းနှင့် ရွှေအူတိုင်တို့သည် တာအို၏ တံခါးအပြင်ဘက်တွင်သာ လှည့်လှည် ကျက်စားနေခြင်းမျှသာ ဖြစ်သည်။ အခြေတည် ဝိဉာဉ် ကျင့်ကြံသူ ဖြစ်လာမှသာလျှင် ပထမဆုံး ခြေလှမ်းကို အမှန်တကယ် လှမ်းနိုင်မည် ဖြစ်သည်။
ထို့နောက်မှာတော့ 'ကိုယ်ပိုင်တာအိုကိုယ်ပွား' ၏ ခွန်အားကို ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနှင့် ရွှေအူတိုင် နယ်ပယ် အတွင်းမှာ ဖွဲ့စည်းထားသော အခြေခံအုတ်မြစ် အပေါ်မှာ ဆုံးဖြတ်သွားပါသည်။ ချီ သန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနှင့် ရွှေအူတိုင် နယ်ပယ်များတွင် အခြေခံ အုတ်မြစ်သည် ပိုမို ခိုင်မာလေလေ... ဖွဲ့တည်ထားသည့် 'ကိုယ်ပိုင် တာအိုဘက်ခြမ်း' သည် တာအို နှင့် လိုက်လျောညီထွေ ရှိလေ ဖြစ်ပြီး 'တာအို သဘာဝ' တွင် ပိုကြွယ်ဝလာလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံသူ ကိုယ်တိုင်က 'တာအို သဘာဝ' ၏ အသွင်အပြင်ကို ထင်ဟပ်စေခြင်းကလည်း 'ကိုယ်ပိုင်တာအိုကိုယ်ပွား' ၏ ခွန်အားကို သက်ရောက်စေပါသည်။
ယေဘူယျအားဖြင့်၊ အခြေတည် ဝိညာဉ်ဖွဲ့တည်သောအခါ 'ကိုယ်ပိုင်တာအိုကိုယ်ပွား' ၏ ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်နှင့် အနာဂတ် လမ်းကြောင်းကို ချမှတ်ထားပြီး ဖြစ်ပါ၏။
အနာဂတ်တွင် သင်သည် သင်၏ 'တာအို သဘာဝ'ကို မြှင့်တင်လိုလျှင် အခက်အခဲသည်
အလွန်အမင်း မြင်မားလိမ့်မည်။ ချီ သန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နှင့် ရွှေအူတိုင် နယ်ပယ် သုံးရပ်တွင် ဖွဲ့စည်းသော အခြေခံများ၏ အခက်အခဲထက် အဆပေါင်းများစွာ ကျော်လွန်ပါသည်။
သို့သော်ငြားလည်း လုရီ၏ 'တာအို သဘာဝ' ကတော့ သူမတူ ဖြစ်လေ၏။ သူ၏ ချီသန့်စင်နယ်ပယ်အတွက်၊ သူသည် တာအိုစွမ်းအင်ဖြင့် အုတ်မြစ်ချခဲ့ပြီး အခြေခံအုတ်မြစ် တည်ထောင်ရန်အတွက် တာအို ဝိဉာဉ်ပုလဲကို အသုံးပြုကာ အခြေတည် ဝိဉာဉ်သို့ အူတိုင် ချိုးဖျက်မှု အတွင်းတွင် သူသည် သူ၏ 'ကိုယ်ပိုင်တာအိုကိုယ်ပွား' ကို ဖြည့်တင်းရန်အတွက် တာအိုကျောက်စိမ်းကို အသုံးပြုခဲ့သည်။
သူ၏ တာအို အခြေခံ အုတ်မြစ်၏ ခိုင်မာမှုသည် ကျင့်ကြံခြင်း လောက၏ သမိုင်းတစ်လျှောက်တွင်ပင် ယှဉ်ရန် ခဲယဉ်းပေမည်။
သူ့ 'ကိုယ်ပိုင်တာအိုကိုယ်ပွား' သည် တာအို ကိုယ်တိုင်မှ ပေါ်ပေါက်လာသောကြောင့် တာအိုကို လုံးလုံးလျားလျား ပေါင်းစပ်ထားခြင်းကြောင့် တာအို၏ အဆီအနှစ် ဖြစ်လေသည်။ ဤအရာက လုရီ၏ တာအိုနှင့် ပတ်သက်၍ နားလည်မှုအား အခြားသော ကျင့်ကြံသူများထက် များစွာ သာလွန်စေခဲ့သည်။
'ကိုယ်ပိုင်တာအိုကိုယ်ပွား' မှ ထုတ်လွှတ်သော တာအိုတေးသံများသည် လုရီက တာအိုကို မျက်နှာချင်းဆိုင်၍ ၎င်း၏အသံများကို နားထောင်ခြင်းနှင့် တူညီလုနီးပါး ဖြစ်ပြီး သူ၏ ၏ ကိုယ်ပိုင် ဉာဏ်အလင်း ပွင့်မှုအား မမျှော်မှန်းနိုင်သော အကျိုးကျေးဇူးများစွာဖြင့် ကြီးမားစွာအကူအညီ ပေးနေပါသည်။
ထို့အပြင် လုရီသည် ဉာဏ်အလင်းလက်ဖက်ခြောက်ကို ပမာဏ များစွာ သောက်သုံးခဲ့သည်။ လောလောဆယ်တွင် သူ၏ နားလည်နိုင်စွမ်းမှာ ပြောင်မြောက်လှပြီး တာအို တေးသံများ၏ အနှစ်သာရကို ဆုပ်ကိုင်ကာ တာအို၏ အူတိုင်ကို နားလည်နိုင်စေသည်။ သူသည်
မကျေနပ်သေးသဖြင့် ရုတ်ချည်း ဉာဏ်အလင်း ရရှိရန်အတွက် သူ၏ ချန်လှပ်ထားသော အခွင့်အရေး တစ်ခုကို အသုံးပြုခဲ့သည်။
တာအို တေးသံများကြားတွင် ရုတ်ချည်း ဉာဏ်အလင်း ရရှိခြင်းကို တွေ့ကြုံ ခံစားရန် ထိုအခွင့်ထူးသည် အပြောကျယ်လှသော နေရာလပ်နှင့် အချိန်အကြားတွင် တုနှိုင်း မယှဉ်နိုင်ဖွယ် ရှိ လေသည်။
လုရီသည် ကောင်းကင်တာအို ဓားစိတ်ဆန္ဒ၊ ဖျက်ဆီးခြင်း စွမ်းအားနှင့် မိုးကြိုး စွမ်းအားကို တွေးတောကာ တစ်ချိန်တည်းတွင် သူရခဲ့သော အသိပညာကို စုစည်းခဲ့သည်။
၎င်းတို့မှာ..တိမ်ဖြူ ဓားသိုင်း၊ တိမ်ဖြူ ခြေလှမ်း၊ တိမ်ဖြူ ချီ သန့်စင် ပညာ၊ အရိပ်ကိုးခုဓား..
စသည့် ချီသန့်စင် နယ်ပယ်တွင် သင်ယူခဲ့သော သိုင်းပညာများ ဖြစ်လေ၏ ။
အခန်း ၂၃၃- 'ကိုယ်ပိုင် တာအိုဘက်ခြမ်း'...
~ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းတွင် သင်ယူခဲ့သော ပညာများသည် အတိတ်မေ့ စွမ်းရည်၊ ဖုံးကွယ် အသက်ရှူစွမ်းရည်၊ မိုးကြိုးအရိပ်ခြေလှမ်းသိုင်း စသည်တို့ ဖြစ်သည်။
ရွှေအူတိုင် နယ်ပယ်တွင် သင်ယူခဲ့သော ပညာရပ်များတွင် ဆန်းကြယ်ဓား ခုနစ်လက် စွမ်းရည်၊ အသွင်ပြောင်း ပညာ စသည်တို့ ပါဝင်သည်။သူ၏ ကိုယ်ပိုင် ဖန်တီးမှုများကတော့ ကောင်းကင်မိုးကြိုးအစစ်အမှန် နဂါး နည်းစနစ်၊ ဒုက္ခ ဓားပုံစံတို့ ဖြစ်ပြီး အင်မော်တယ် ဓားကျမ်းလည်း ဆင်ခြင်သုံးသပ်ရာ၌ ပါဝင်လေသည်။
...
လုရီ၏ စိတ်ထဲမှာ သိုင်းပညာမျိုးစုံ ဆက်တိုက်ပေါ်လာတော့သည်။ သူသည် နယ်ပယ်အဆင့်မြင့်မှုကြောင့် ကန့်သတ်နယ်မြေသို့ မရောက်ရှိသေးသည့် 'ကောင်းကင်ဓားကိုးချက်'နှင့် 'နွေဦးဝါနှင့် ကောင်းကင်ပြာ' မှ လွဲ၍ သိုင်းပညာတိုင်းနီးပါးအား ကန့်သတ်နယ်မြေအထိ ပြုစု ပျိုးထောင်ခဲ့သည်။
လုရီသည် ယခု ဤသိုင်းပညာများကို ပြန်လည်အမှတ်ရရင်း တာအို နှင့် လိုက်ဖက်ညီသော ရှုထောင့်များကို ထုတ်နုတ်ပြီး သူ့ကိုယ်ပိုင်အတွေ့အကြုံများအဖြစ် ပေါင်းစပ်နေလေသည်။သူ့တွင် ဓား၊ ဝိညာဉ်စွမ်းအင်၊ ရုပ်ခန္ဓာနှင့် အတ္တအကြောင်း အမျိုးမျိုးသော သဘောပေါက်မှုများ ရှိခဲ့သည်။
ရုတ်တရက်၊ လုရီ ပတ်ပတ်လည်က အရှိန်အဝါက ပြောင်းလဲသွား၏။ ၎င်းသည် ဖော်မပြနိုင်သော လျှို့ဝှက်ဆန်းကြယ်သော သန္ဓေတည်မှုတစ်ခု၊ ငြိမ်သက်နေသော ရေကန်မျက်နှာပြင်ကဲ့သို့ ဖြစ်၏။ တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်၏။ ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တစ်နည်းနည်းနှင့် ရှင်းမပြနိုင်အောင် လိုက်လျောညီထွေ ဖြစ်ခဲ့သည်။
ဆန်းကြယ်မှုများ ကောင်းကင်ယံ၌ ပေါ်လာသည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်သည့် မှုန်ဝါးဝါး အလင်းရောင်များ ဖြစ်၏။ အရောင်က မသဲကွဲပါ။ အချို့က အလင်းတန်းအား အဖြူရောင်ဟု မြင်ကြ၍ အချို့က အနက်ရောင် သို့မဟုတ် အဝါရောင်ကို မြင်ကြသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများအတွင်းတွင် ရှင်းမပြနိုင်အောင် ဆန်းကြယ်သောနိုင်သော တာအိုယွင် တစ်ခု ပါ၀င်နေပြီး ကြည့်ရှုနေသော ကျင့်ကြံသူများ၏ အတွေးများ ပွင့်စေဖို့ လှုံ့ဆော်ပေး၍ အတွေးအမြင် အသစ်များရရှိလာကာ သူတို့၏နှလုံးသားအတွင်း တုန်လှုပ်ချောက်ချားမှုများပင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
အနည်းငယ် အိပ်ချင်နေသော လင်းလောင်တောင်ထိပ် သခင်မသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ တောင့်တင်းသွား၍ မျက်လုံးများ ပြူးကျယ်ကာ အိပ်ချင်စိတ် ပျောက်ကွယ်သွားသည်။ သူမက လုရီကို
အံ့ဩတကြီး ကြည့်ကာ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားလေသည်။
သူမဆရာ၏ အမူအရာကို မြင်တော့
လျိုနင်ရွှမ်းက နားလည်ရ ခက်သွားပြီး
"ဆရာ.. ဘာဖြစ်လို့ပါလဲ"
လျိုနင်ရွှမ်းသည် သူမ၏ ဆရာကို ဤမျှအံ့ဩနေသော အခြေအနေမျိုး မမြင်ဖူးပေ။
ထိုအခါ လင်းလောင်တောင်ထိပ် သခင်မသည် သူမ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ လုရီ ကို ဆက်လက် စောင့်ကြည့်လျက် ပြောလိုက်၏။
"မင်း နားမလည်ဘူး။ ဒီကောင်လေးဟာ အလွန်ရှားပါးတဲ့ အခြေအနေမှာ ရှိနေတာပဲ..."
လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကြားတွင် သူမ၏ မိုးကြိုး စိတ်ဆန္ဒသည် တိုးတက်ကောင်းမွန်လာသည်ကို
သုန်းကုန်းမင်ယွဲ့ တွေ့ရှိခဲ့သည်။ သူမ၏ ကိုယ်ကို မိုးကြိုးအလင်းဖြင့် ဝန်းရံထားသည်။
လင်းလောင် တောင်ထိပ်သခင်မ၏ စကားကိုကြားတော့ သုန်းကုန်းမင်ယွဲ့က မေးလာသည်။
"ဒါက ဘာအခြေအနေလဲ ဆရာ"
ထိုအခါ လင်းလောင် တောင်ထိပ်သခင်မက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး
"ဒါဟာ ခေတ်အဆက်ဆက် ကြုံခဲတဲ့ အခြေအနေတစ်ခုပေါ့.. ယေဘူယျအားဖြင့်တော့ ဒါကို ကြုံဖူးတဲ့ ကျင့်ကြံသူတွေ မြင့်မားတဲ့ အရပ်တွေ .. ရောက်သွားကြတယ်..."
"သူတို့တွေ အင်မော်တယ်တွေ ဖြစ်လာကြမှာလား"
သုန်းကုန်းမင်ယွဲ့က သံယောင်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပြုံးကာ မျက်လုံးများကို ပုတ်ခတ်လိုက်ရင်း ပြောသည်။
"စီနီယာ အစ်ကိုက တကယ့်ကို အံ့သြစရာပဲ"
ထိုအခါ...
"အင်မော်တယ် တစ်ပါး ဖြစ်ဖို့လား.."
လင်းလောင် တောင်ထိပ်သခင်မက သူမ စကားကို ..ခေတ္တရပ်လိုက်ပြီး ထူးထူးခြားခြား ခေါင်းခါလိုက်သည်။
"မင်း နားမလည်ပါဘူး"
လင်းလောင် တောင်ထိပ်သခင်မသည် လုရီကိုကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ပျင်းရိပြီး အုံ့ဆိုင်းနေသော မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပနေကာ ပြုံးရင်း...
"ငါတို့ ထျန်းမင်က မယုံနိုင်လောက်အောင် ထူးခြားတဲ့ ဒီလိုလူကို မွေးထုတ်ပေးခဲ့တယ်... ငါ့ရဲ့ ကံကြမ္မာနည်းစနစ်က တုံ့ပြန်လာတာက
အံ့သြစရာ မရှိဘူးပဲ"
ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရပြီး ရွှင်မြူးစွာ ရယ်မောတော့သည်။
"အဟင်းဟင်း.. ဟုတ်သားပဲ၊ အခု ဒီလူငယ်က ငါ့ရဲ့ တိုက်ရိုက် တပည့်ပဲ..."
လျိုနင်ရွှမ်း နှင့် သုန်းကုန်းမင်ယွဲ့ အကြည့်ချင်းဖလှယ်ကာ သူမတို့၏ ဆရာက စကားများတွင် အဓိပ္ပါယ်တစ်စုံတရာ ရှိသည်ဟုခံစားမိသော်လည်း ထိုစကားများ၏ အဓိပ္ပါယ်ကို သူမတို့ နားမလည်ကြပေ။
လျိုနင်ရွှမ်း နှင့် သုန်းကုန်းမင်ယွဲ့ တို့သည် လိမ္မာ ပါးနပ်ကြသူလေးများပီပီ.. ကောင်းကင် နဂါး သူတော်စင် သားတော်နှင့် ယခင် ဖြစ်ရပ် အပြီးတွင် သူမတို့၏ ဆရာသည် မရိုးရှင်းကြောင်း အချက် ကျကျ နားလည်ခဲ့ကြသည်။
ယခုအခါမှာမူ..အလွန်ပင် မရိုးရှင်းခြင်း ဖြစ်နိုင်ပါသည်။
တတိယမြောက် ကောင်းကင် မိုးကြိုး ပစ်ခွင်းချက် ပြီးဆုံးသွားပြီးနောက် မိုးကြိုးတိမ်တိုက်များသည် တဖြည်းဖြည်း လွင့်ပါး..
ပျောက်ကွယ်ကာ ကောင်းကင်
ကပ်ဘေးသည် လုံးဝ အဆုံးသတ်သွားတော့သည်။
လုရီ သည် လေထုထဲတွင် လွင့်မျောရင်း သူ့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ကြည်လင်ပြီး ညစ်ညမ်းမှုမရှိဘဲ သူသည် အပြစ် အနာအဆာ ကင်းစင်သည်။
သူ၏ ဝင်သက်ထွက်သက်သည် အလွန် တည်ငြိမ်နေပြီး သမားရိုးကျ ကောင်ငယ်လေးတစ်ယောက်ဟု ထင်ရစေသည်။
သို့သော် ထိုကဲ့သို့ ကြောက်စရာကောင်းသော ဒုက္ခဆင်းရဲကို လွတ်မြောက်ပြီးနောက် သူ၏
ဝတ်ရုံပင် ပျက်စီးခြင်း မရှိခဲ့ပေ။
မည်သူကမျှ သူ့ကို သာမာန် ကောင်ငယ်လေးဟု
မမှတ်ယူရဲကြပေ။
လုရီ ပတ်ဝန်းကျင် ရှိ ဆန်းကြယ်မှုများ ပျောက်ကွယ်သွားတော့သည်။
များပြားလှသော ကျင့်ကြံသူများသည်လည်း
သူတို့၏ ဈာန်ဝင်စားမှုများမှ ရုန်းထွက်ကာ
သူတို့၏ မျက်လုံးများ တောက်ပကာ ပျော်ရွှင်မှုနှင့် အံ့သြမှုများ.. ပြည့်နှက်နေသည်။
"ညီလေးလုက ဘယ်လိုမျိုး ဆန်းကြယ်မှုမျိုး ကြုံဖူးလဲ။ အဲဒီ ဆန်းကြယ်မှုကနေ ငါ တစ်ခုခုကို သိမြင်လာရတယ်၊ တစ်ချိန်က ငါ နားလည်ဖို့ခက်ခဲခဲ့တဲ့ မှော်သိုင်းကို အခု နားလည်သွားပြီ.."
"ငါရောပဲကွ..ငါ့ဦးနှောက်က ရုတ်တရက် ကောင်းလာသလိုပဲ။ နားလည်ရခက်တဲ့ ကျင့်ကြံနည်းစနစ်တွေရဲ့ နက်နဲလှတဲ့ အဓိပ္ပာယ်တွေကို ငါ အခုနားလည်သွားပြီ!"
ဝူချင်းဖုန်းကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် ကြီးမားသော ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
သူတို့ ယခင်က မဆုပ်ကိုင်နိုင်သော သိုင်းပညာကို ယခု ချက်ချင်း နားလည်သွားကြလေသည်။
သူတို့အထဲမှ..လွန်စွာ အသက်ကြီးသော အကြီးအကဲတစ်ဦး၏ မျက်လုံးများသည် စူးရှသော အလင်းရောင်ဖြင့် တလက်လက် တောက်ပလျက်၊ သူ့အရှိန်အဝါသည် နားမလည်နိုင်စွာ ပြောင်းလဲနေပြီး သူ၏ အမူအရာမှာ ထိန်းမနိုင်သိမ်းမရ ရွှင်လန်းနေပါသည်။
"ကျုပ်..သဘောပေါက်သွားပြီ..."
သူသည် ထိုသို့တချက် ရေရွတ်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဝူချင်းဖုန်း နှင့် အခြားသူများ လန့်ဖျပ်သွားပြီးနောက် ချီလင် ၏ မျက်လုံးများ လင်ပန်းလောက် ပြူးကျယ်သွားသည်။
"ဒါက အဘိုးကြီးလျို ရဲ့ အရှိန်အဝါ... သူ ဟင်းလင်းပြင် ဥမင်ဘုံကို ဖြတ် ကျော်သွားပုံပဲ"
"ဟာဟား။ ငါတို့ရဲ့ တိမ်ဖြူ ဂိုဏ်းက မကြာခင်မှာ နောက်ထပ် ဟင်းလင်းပြင် ဥမင်ဘုံ ကျွမ်းကျင်သူ တစ်ယောက် ရှိလာတော့မယ် ထင်တယ်"
"တိမ်ဖြူဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲခံခြင်းက သ်ိသာထင်ရှားနေပြီ.."
သက်ကြီးပိုင်း ကျင့်ကြံသူ အများအပြားသည် အထူးပင် ဝမ်းမြောက်ခဲ့ကြသည်။ သူတို့သည်လည်း ထိုးထွင်းသိမြင်မှု ရရှိပြီး ဟင်းလင်းပြင် ဥမင်ဘုံဆီသို့ ခြေတစ်လှမ်း နီးကပ်လာခဲ့သည်။
ဟင်းးလင်းပြင် ဥမင်ဘုံတွင် ရှိနေသည့် အကြီးအကဲ မင်သည်ပင်လျှင် ဓားစိတ်ဆန္ဒအား ပိုမို မြင့်မားသော အဆင့်သို့ မြှင့်တင်နိုင်ကာ ထိုးထွင်း အမြင်သစ်များ ရရှိခဲ့ပါ၏။
"ဟားဟား။ ငါ..တကယ်တော့ အယူအဆတစ်ခုကို ရိပ်မိသွားပြီ။ အံ့သြစရာ... အံ့ဩစရာ..
တကယ့်ကို အံ့ဩစရာပဲ"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝူချင်းဖုန်း နှင့် သူ့အကြီးအကဲများ အပါအဝင် အားလုံးသော မျက်လုံးများသည် ထိုအသံလားရာ ဘက်သို့ ချက်ချင်း လှည့်သွားကြသည်။
ပြောဆိုသူက ရုပ်ရည် ချောမောသော လူငယ်
တစ်ယောက် ဖြစ်သည်။ ဤလူငယ်ကို မြင်လိုက်ရတော့ လူတော်တော်များများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြ၏။
ဤပုဂ္ဂိုလ်မှာ နန်းကုန်းမိုယွီ ဖြစ်သည်။ မူလက ရွှေအူတိုင် နယ်ပယ်တွင်သာ ရှိခဲ့သော သူသည် ယခင်နှစ်များက အခွင့်အရေးအချို့ကို ကြုံတွေ့ခဲ့ရပြီး ယခု အခြေတည် ဝိဉာဉ် နယ်ပယ်သို့ အဆင့် ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ယခု အခိုက်အတန့်တွင် နန်းကုန်းမိုယွီ၏ ခန္ဓာကိုယ်သည် သာမန်ထက် ထူးထူးခြားခြား ဆင်းသက်လာသော မီးနတ်ဘုရားကဲ့သို့ ဖြစ်စေသော မီးတောက်များဖြင့် ဝန်းရံထားသည်။
မီးနယ်မြေ.. ။
အခြေတည် ဝိဉာဉ် နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သော ရှဲ့ထျန်းမင်နှင့် သူတော်စင် ဟောင်ကဲ့သို့သော သူ၏ပြိုင်ဘက်များသည် တိမ်ဖြူဂိုဏ်းအတွင်းရှိ ဤကွဲလွဲချက်ကို မြင်သောအခါတွင် တင်းမာသော အမူအရာများ ဖြစ်သွားကြသည်။
"ဒါက တကယ်ကံဆိုးတာပဲ..ငါ့မှာတော့
ဒီလူတွေကို နှိမ်နှင်းနိုင်စေမယ့် ထိပ်တန်း သိုင်းပညာကို ငါ ကောင်းကောင်းနားလည်ခဲ့တယ်ထင်ခဲ့တာ.."
ရှဲ့ထျန်းမင် မျက်မှောင်ကြုတ်ကာ အလွန်စိတ်ပျက်သွားသည်။
ဝမ်ထျန်းကျွင်းလည်း မျက်မှောင်ကြုတ်ကာ
နန်းကုန်းမိုယွီကိုယ် တစ်ဝိုက်ရှိ မီးတောက်များကို အောင့်သက်သက် ခံစားချက်ဖြင့် ကြည့်နေသည်။
နန်းကုန်းမိုယွီ အတော်ကြီး ပျော်သွားသည် ။ အခြေတည် ဝိဉာဉ် နယ်ပယ်တွင် အယူအဆတစ်ရပ်ကို နားလည်နိုင်ခြင်းသည် အရှေ့ဒေသ တစ်ခုလုံးရှိ ကောင်းကင်က ဂုဏ်ယူသည့် အဆင့်ရှိသူအဖြစ် အရည်အချင်း ပြည့်မီရန် လုံလောက်သည်။ ဖြစ်နိုင်တာက လူငယ် ပါရမီရှင် စာရင်းသို့ ဝင်ရောက်ရန်ပင် မျှော်လင့်နိုင်သေးသည်။
ချင်းကျိုးတွင် မွေးရာပါ ဝိဉာဉ် ခန္ဓာ ပိုင်ရှင် အနည်းငယ်အပြင်..သူသည် လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်သည်။
သူ့အပေါ် လူအုပ်ကြီး၏ အာရုံစိုက်လာမှုရုံကို ခံစားရသဖြင့် နန်းကုန်းမိုယွီ၏ ပါးစပ်သည် ကွေးသွားကာ အပြုံးတစ်ခု ဖြစ်တည်လာသည်။
တစ်စုံတစ်ခုကို သတိရသွားသောအခါတွင် သူသည် အဝေးမှ လုရီကို မျက်နှာမူကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးပြီး
အော်ပြောသည်။
"ကျေးဇူးတင်ပါတယ် ဂျူနီယာ ညီလေးလု၊ မင်းရဲ့ စီနီယာ အစ်ကိုကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးပါကွာ.. နောက်မှ ယွီလန်း စားသောက်ဆိုင်မှာ ဒီအစ်ကိုက ဧည့်ခံပွဲ လုပ်မယ်။ မင်း ပွဲကို လာအားပေးရမယ် နော်"
ထိုအချိန်တွင် လုရီက သူ၏ကိုယ်ပိုင်ဉာဏ်အလင်းကို ခွဲထုတ်နေသည်။ ၎င်းကိုကြားတော့ နန်းမိုယု အနီးတဝိုက်မှာ စီးဆင်းနေသော မီးတောက်များကို မျှော်ကြည့်ရင်း ပြုံးပြပြီး အော်
ပြောလိုက်သည်က...
“ကိစ္စမရှိပါဘူး” ဟူ၍..
အရင်တုန်းကတော့ လုရီက နန်းကုန်းမိုယွီနှင့် ရံဖန်ရံခါ သိုငိးပညာ ဖလှယ် လေ့ကျင့်လေ့ရှိပြီး အနှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီလည်း ပါဝင်တာကြောင့် သူတို့၏ ဆက်ဆံရေးက သဘာဝအတိုင်း ကောင်းမွန်ပါသည်။
ယခု နန်းကုန်းမိုယွီက မီးနယ်မြေကို နားလည်သည် ဖြစ်ရာ လုရီ၏ အနာဂတ် သိုင်းပညာ ဖလှယ်မှုများတွင် မီးနယ်မြေ နှင့် ဆက်စပ်သော ဆုလာဘ်များ ပါဝင်ပြီး သဘာဝအတိုင်း သူ့ကို အလွန် ပျော်ရွှင်စေပါသည်။
သူ၏ အဆင့်ချိုးဖျက်ဝင်ရောက်မှုအတွင်း
တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူ အများအပြားသည် ထိုးထွင်း သိမြင်မှုများ ရရှိခဲ့သည်။ အားလုံးက လုရီ ၏ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုကြပြီး ဆိတ်ကွယ်ရာသို့ တဖြည်းဖြည်း လူစုခွဲသွားကြတော့သည်။ ထို့နောက်မှာတော့ လုရီလည်း သူ့ဂူစံအိမ်သို့ ပြန်လာခဲ့လေသည်။
ထိုအချိန်တွင် တိမ်ဖြူဂိုဏ်း၏ အင်မော်တယ် မျိုးစေ့ လုရီ၏ အခြေတည် ဝိညာဉ်ဘုံဆီသို့ ကျော်ဖြတ်သွားသော သတင်းသည် တစ်ရက်အတွင်း ချင်းကျိုးတစ်ခွင် တောမီးကဲ့သို့ ပျံ့နှံ့သွားပါတော့၏။
တိမ်ဖြူဂိုဏ်း၏ အင်မော်တယ် မျိုးစေ့သည် ဆယ်နှစ်နီးပါး တိတ်ဆိတ် ငြိမ်သက်နေပြီးနောက် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့ပြီး
ချင်းကျိုး တစ်ခုလုံးကို တုန်လှုပ်စေတော့သည်။
ဤအခိုက်အတန့်တွင် မြို့ကြီးများနှင့် ဂိုဏ်းများအားလုံးတွင် ဤကိစ္စက မြောက်မြားစွာသော ကျင့်ကြံသူများ၏ ပါးစပ်ဖျားတွင် စိတ်အားထက်သန်စွာ ဆွေးနွေးကြသော ရေပန်းစားသည့် သတင်း ..ဖြစ်လာလေသည်။
အခန်း၂၃၄- ငါက ပထမပေါ့...
~ လုရီ အဆင့်တက်ပြီးနောက်ပိုင်း နေ့ရက်များတွင် သူသည် အလွန်အလုပ်များနေပါသည်။ ဂိုဏ်းမှ ရင်းနှီးသော ညီအစ်ကိုမောင်နှမ အများအပြားက သူ့ကို ပွဲခံရန် ဖိတ်ခေါ်လာကြသည်။
တစ်ဖက်တွင် သူတို့သည် လုရီ အား အခြေတည်ဝိညာဉ်နယ်ပယ်သို့ အဆင့် ချိုးဖြတ် ဝင်ရောက်မှုအတွက် ချီးကျူး ဂုဏ်ပြုကြပြီး တစ်ဖက်တွင်လည်း သူတို့သည် မိမိတို့အား ဉာဏ်အလင်းပေးဆောင်ပေးခဲ့သော လုရီ၏ ကောင်းကင်
ကပ်ဘေး ဖြတ်ကျော်စဉ်အတွင်း ဖြာထွက်ခဲ့သော ဆန်းကြယ်မှုများအတွက်လည်း ကျေးဇူးတင်ကြပါသည်။
တိမ်ဖြူဂိုဏ်းမှ အရည်အချင်း ရှိသော ညီအစ်ကို မောင်နှမအချို့သည် အားနည်းသည့်အရည်အချင်းများ မရှိကြဘဲ မှော်ဆန်သော ဉာဏ်အလင်း အလင်းတန်းကြားတွင် သိသိသာသာ တိုးတက်အောင်မြင်ခဲ့ကြ၏။
အချို့သော အစွမ်းထက် သိုင်းများ ၊ အချို့က ကျင့်ကြံနည်းများကို နက်နဲစွာ နားလည်လာကြသည်။ အချို့သည် ဉာဏ်အလင်းကို ရရှိကြပြီး ကျင့်ကြံမှုလမ်းကြောင်းကို သိသိသာသာ ချောမွေ့စေသည်။ ဟုတ်ပါသည်။ သူတို့အားလုံးထဲမှာ ကံအကောင်းဆုံးကတော့ မီးနယ်မြေကို ကျွမ်းကျင်သော နန်းကုန်းမိုယွီ ဖြစ်ပါသည်။
အခြေတည် ဝိဉာဉ်နယ်ပယ် တွင် အယူအဆကို ကျွမ်းကျင်ရန်မှာ အရှေ့ဒေသ တစ်ခုလုံးတွင်ပင် ရှားပါးသော တည်ရှိမှု ဖြစ်လေသည်။
...
တစ်နေ့တွင် လုရီသည် ယွီလန်း စားသောက်ဆိုင်မှ ပြန်လာစဉ် အစိမ်းရောင် ၀တ်စုံဖြင့် ချစ်စဖွယ်ကောင်းသော အသွင်အပင် ရှိသည့် မိန်းကလေးတစ်ယောက် သူ၏ ဂူအိမ်ကြီး၏ တံခါးအပြင်ဘက်တွင် ရပ် စောင့်နေသည်ကို တွေ့လိုက်ရသည်။
လုရီ ခဏမျှ ကြောင်သွားပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။
"ယွင်ရှီး.. မင်း ဘာအကြောင်းများ ရှိလို့ ဒီနေရာကိုရောက်လာခဲ့တာလဲ.."
ယွင်ရှီးက လှည့်ကြည့်လိုက်တော့ လုရီ ပြနမလာသည်ကိုမြင်လိုက်ရသောအခါ.. ရွှင်လန်းသောအပြုံး တစ်ပွင့် သူမ မျက်နှာမှာ ပေါ်လာသည်။
"လုရီ..နင် အခြေတည်ဝိညာဉ်နယ်ပယ်ကို ကျော်ဖြတ်သွားတယ်လို့ ငါ ကြားတယ်။ ငါ့ရဲ့လအဘွားဟွားက နင့်ကို ဂုဏ်ပြုဖို့နဲ့ ဂုဏ်ပြုလက်ဆောင်တစ်ခု ယူလာပေးဖို့ ငါ့ကို လွှတ်ခဲ့တာပေါ့ဟယ်" ဟု သူမက ဆိုသည်။
လုရီက အပြုံး တစ်ခုနှင့် ပြန်၍ တုံ့ပြန်သည်။
"မင်း ဒီမှာ ဂုဏ်ပြုဖို့ လာတာက လုံလောက် နေပါပြီ၊ ဘာလို့ လက်ဆောင် ယူလာတာလဲ"
ချင်းကျိုးတွင် အစောပိုင်း မငြိမ်မသက်ဖြစ်မှုများအတွင်း ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲဆောင်းရာသီ တောင်ကြားတို့သည် တိမ်ဖြူဂိုဏ်းနှင့်အတူ ချီတက်ကာ ဆုတ်ခွာသွားခဲ့ကြပြီး
ဝမ်ကျန်း စံအိမ်၏ အချိန်နှင့်တစ်ပြေးညီ ပေါင်းစည်းမှုနှင့်အတူ ဂိုဏ်းလေးဂိုဏ်း တို့သည် ခိုင်မာသော ဆက်ဆံရေး ရှိခဲ့ကြသည်။
ရံဖန်ရံခါတွင် ဂိုဏ်းများက စီစဉ်သော တပည့်များ၏ နှီးနှောဖလှယ်ပွဲနှင့် အချို့သော တပည့်များက သီးသန့်စီစဉ်ထားသော တပည့်များကြား သီးသန့် တွေ့ဆုံပွဲကလေးများလည်း ရှိတတ်သည်။
ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲဆောင်းရာသီ တောင်ကြားနှင့် ဝမ်ကျန်း စံအိမ်မှ တပည့်ငယ်များသည် တိမ်ဖြူဂိုဏ်းသို့ မကြာခဏ လာလည်လေ့ရှိကြပြီး သဘာဝအတိုင်း ယွင်ရှီး နှင့်ဟန်ယွီ သည်လည်း လုရီနှင့် တွေ့ဆုံရန် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တိမ်ဖြူဂိုဏ်းသို့ ရောက်လာတတ်ကြပါသည်။
သူတို့သုံးယောက်ဟာ သဘာဝအတိုင်း ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။ တွေ့ဆုံခြင်းနှင့် သိုင်းပညာ ဖလှယ်ခြင်းတစ်ခုစီတွင်
လုရီသည် နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီ၏ အနည်းငယ်ကို ရရှိခဲ့ပြီး သူ၏ သဘာဝနယ်မြေအပေါ် နားလည်မှုမှာလည်း ခုနစ်ဆယ် ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သည်။
ရေခဲ နှလုံးသားနှင့်တော့ မယှဉ်နိုင်ပေ။ ရေခဲနှလုံးသားကမူ လုရီသည် သူ့ဂိုဏ်းဝင်အစ်မနှင့် မကြာခဏ လေ့ကျင့်တတ်ပြီး ဟန်ယွီ၏ လည်ပတ်မှုမှလည်း အကျိုးအမြတ် ရရှိခဲ့သောကြောင့် တိုင်းတာ၍ မရသည်မှာ သဘာဝကျပါသည်။
ယွင်ရှီး ရောက်လာသည်ကိုမြင်တော့ လုရီ
တော်တော်ပျော်သွားသည်။ သူက ယွင်ရှီးအား
သူ၏ ဂူအိမ်ကြီးထဲကို နွေးထွေးစွာ ဖိတ်ခေါ်ပြီး ဝိုင်ကောင်းကောင်းနှင့် ဝိညာဉ်အစာတွေ တည်ခင်းပြီး ယွင်ရှီးနှင့် အတူတူ ဝိုင်အရက် သောက်ခဲ့တော့သည်။
" လုရီ..နင့်ရဲ့ တိုးတက်မှုနှုန်းက တကယ်ကို လွန်ကဲလွန်းတယ်၊ အခြေတည် စိတ်ဝိညာဉ်ဘုံကို မြန်မြန် ရောက်ခဲ့တာပဲ။ ငါ တကယ်လေးစားတယ်"
ယွင်ရှီး က ဖန်ခွက်ကို မြှောက်ကာ ပြုံးပြရင်း ပြောလိုက်သည်။
လုရီလည်း ဝိုင်သောက်ရင်း ပြုံးလိုက်သည်။
ယွင်ရှီး၏ ခွန်အားသည် ကောင်းကင်တာအို ကန့်သတ်ချက် ပထမအလွှာကို ကျော်ဖြတ်ပြီး ရွှေအူတိုင် ဆယ့်တစ်အလွှာသို့ ရောက်ရှိနေလေပြီ။ အလွန်အထင်ကြီးစရာ ကောင်းပါသည်။
သို့သော် သူ နှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ သိသာ ထင်ရှားနေသေးသည်။
ထို့အပြင် လုရီ၏ ကျင့်ကြံမှုမှာ အရင်းအမြစ်တွေ ပိုလိုအပ်တာကြောင့်သာ ..မဟုတ်လျှင် သူ့း၏ ကျင့်ကြံမှု အရှိန်က ပိုမြန်ဆန်လာမှာ ဖြစ်ပါသည်။
"ဒီပန်းတစ်သောင်းနှင်းရည်ကို အဘွားဟွားက နှစ်ပေါင်း နှစ်ထောင်ကျော် ဖော်စပ်ထားခဲ့တာလေ၊ စုစုပေါင်း ပုလင်းက သုံးလုံးပဲ ရှိတယ်။ ဒါက နင့်အတွက် လက်ဆောင်ပဲ" ဟု
ယွင်ရှီးက ဝိုင် အနည်းငယ် သောက်ပြီးနောက် အဖြူရောင် ကြွေပုလင်းကလေးကို ထုတ်ကာ လုရီအား ကမ်းပေးလိုက်သည်။
ထိုစကားကြောင့် လုရီ အံ့အားသင့်သွားကာ အဖြူရောင် ကြွေပုလင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
"ဒါက ပန်းတစ်သောင်းဂိုဏ်းရဲ့ အမွေအနှစ်ထဲက ပန်းတစ်သောင်း နှင်းရည်လား။ သေလွန်သူတွေကို ပြန်လည်ရှင်သန်စေပြီး အရိုးဖြူတွေကို ကုသပေးတယ်လို့ မယုံနိုင်စရာကောင်းလောက်အောင် ကုသပေးတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပန်းတစ်ထောင်ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာတစ်ခု...
အဘွားဟွားက ဒါကို တကယ်ပဲ ငါ့ဆီ ပို့ပေးခဲ့တာလား"
ဤပန်းတစ်သောင်း နှင်းရည်သည် ချင်းကျိုး တစ်ခွင်လုံးတွင် ကျော်ကြားသည်။ ဟင်းလင်းပြင် ဥမင် နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ပြင်းထန်သော ဒဏ်ရာများမှ ပျောက်ကင်းနိုင်သည်ဟု ကောလဟာလများ ထွက်ပေါ်နေပြီး ၎င်းသည် အလွန် ရှားပါးသည့် မြင့်မြတ်သော ဆေးတစ်မျိုး ဖြစ်လေသည်။
ထိုအခါ ယွင်ရှီးက အနည်းငယ် ပြုံးကာ..
"သာမန်လူတွေဟာ အဘွားဟွားဆီက အဖိုးတန်လက်ဆောင်ကို မရတတ်ပါဘူး၊ ဒါပေမယ့် နင့်ရဲ့ အံ့ဩစရာ ကောင်းတဲ့ အရည်အချင်းတွေနဲ့
လုရီ..နင်ကတော့ အနာဂတ်မှာ အင်မော်တယ် တစ်ယောက် ဖြစ်လာနိုင်တယ်။ အဘွားဟွားက နင့်ကို သေချာပေါက် မတူကွဲပြားစွာ ဆက်ဆံတာပေါ ..."
ထိုအခါမှာ လုရီက ခြောက်ကပ်စွာ ပြုံးပြလိုက်သည်။
...ယွင်ရှီးကတော့ အဘွားဟွားရဲ့ လျှို့ဝှက်ချက်အားလုံးကို ထုတ် ပြောနေတာပါပဲ။...
သို့သော်သူ သည် အဘွားဟွား၏ အတွေးအမြင်အချို့ကို သဘာဝအတိုင်း နားလည်သဘောပေါက်ပါသည်။
လုရီ ပြုံးပြီး ကြွေပုလင်းကို ယူလိုက်ကာ
"ဒီလိုဆိုရင် ငါ မငြင်းတော့ပါဘူး..ယွင်ရှီး..မင်းပြန်သွားတဲ့အခါ အဘွားဟွားကိုငါ့အတွက် ကျေးဇူးတင်စကား ပြောပေးပါနော်..."
"ဟုတ်တယ်"
ယွင်ရှီးက ခေါင်းညိတ်လိုက်သည်။
နောက်ထပ် ဝိုင်အရက်အနည်းငယ်သောက်ပြီးနောက် လုရီက ဆွဲဆောင်လိုက်သည်။
"ယွင်ရှီး..ငါ့ဆီ ရှားရှားပါးပါး လာလည်တာ ဖြစ်တဲ့အတွက် ငါတို့ သိုင်းပညာ ဖလှယ်ကြရင်
မကောင်းလား..."
သဘာဝ နယ်မြေကို ထိုးထွင်း သိမြင်ရန် အခွင့်အရေးကို လက်လွတ် မခံလိုပါ။
ယွင်ရှီး ထိတ်လန့်သွားပြီး လုရီကို ကြည့်ကာ ရယ်မောလိုက်သည်။
" လုရီ..၊ နင့်ရဲ့ ကျင့်စဉ်က အခြေတည်ဝိညာဉ် နယ်ပယ်ကို ရောက်သွားပြီ၊ နင့်ရဲ့ ခွန်အားက ငါ့ထက်သာလွန်တယ် လေ။ ငါနဲ့ လေ့ကျင့်တာက နင့်အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူး၊ အချိန် ဖြုန်းတီးတာ မဟုတ်ဘူးလား"ဟု သူမက ဆိုသည်။
"ဘယ်သူပြောလဲ၊ အဲ့လိုလို့.."
လုရီ တစ်ချက် ရယ်မောလိုက်သည်။
"မင်းရဲ့သိုင်းပညာတွေက ငါ့အတွက် အလင်းပေးသလိုပဲကွ"
သို့သော် ယွင်ရှီး၏ ကျင့်ကြံမှုအဆင့်သည် သူ့နောက်သို့ ကျဆင်းသွားသည်ဟု သူ ယူဆမိတော့ သူအရင်က ရရှိခဲ့သော သစ်သားဝိဥာဉ် ပုလဲအား အမှတ်ရမိသည်။
သူက သစ်သားဝိညာဉ်ပုလဲကို ထုတ်ယူပြီး
ယွင်ရှီးအား ပေးလိုက်သည်။
"ယွင်ရှီး..ဒီသစ်သားဝိဥာဉ်ပုလဲက ကံကြမ္မာအလှည့်အပြောင်းတစ်ခုနဲ့ ငါ့ဆီရောက်လာတာ..။ ဒါကို လက်ဆောင် ယူလိုက်ပါ.. မင်းအတွက် အထောက်အကူ ဖြစ်တယ် လေ"
သစ်သားဝိဥာဉ် ပုလဲမှ ကြွယ်ဝသော အသက်ဓာတ် ဖြာထွက်လာသည်ကို မြင်လိုက်ရတော့
ယွင်ရှီး တစ်ယောက် အကြာကြီး တိတ်ဆိတ်သွားသည်။
လုရီ နောက်တစ်ကြိမ် စကားပြန်ပြောခါနီးတွင် သူမက လုရီကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
" လုရီ၊ ဒါက နင့်ရဲ့ တာအို လက်တွဲဖော် ဖြစ်ဖို့ တောင်းဆိုတဲ့နည်းလမ်းလား။"
သူမ၏မေးခွန်းက လုရီအား ကြောင်အမ်းသွား စေသည်။
သူက ချက်ချင်း မတုံ့ပြန်ဘဲ ယွင်ရှီးကို ပဟေဠိမျက်နှာဖြင့် ကြည့်ကာ
"ဘာလဲ"
ထိုအခါ ယွင်ရှီးက သစ်သားဝိဥာဉ် ပုလဲကို ညွှန်ပြပြီး
"ငါတို့သူငယ်ချင်းတွေ ဖြစ်ပေမယ့်သစ်သား
ဝိဥာဉ် ပုလဲ က အရမ်းတန်ဖိုးကြီးတယ်။ ငါဒါကို လက်ခံလိုက်ရင် တန်းတူရည်တူ တန်ဖိုးရှိတဲ့ တစ်ခုခုနဲ့ ပြန်ပေးရမှာ ပေါ့..." ဟု ရှင်းပြလာသည်။
သူမ စကားကို ခေတ္တရပ်လိုက်ပြီး လုရီကို မျက်လုံးချင်း ဆုံ၍ ကြည့်ကာ တည့်တိုးဆန်စွာ ပြောလိုက်သည်။
"ဒါပေါ့.. ငါ နင့်ရဲ့ တာအို လက်တွဲဖော်ဖြစ်ဖို့ သဘောကျပါတယ်။ အနာဂတ်မှာ နင့်ရဲ့ အရှိန်အဟုန်ကို လိုက်မမီနိုင်တော့မှာကို စိုးရိမ်မိတာပါ.."
လုရီ : "???"
လုရီသည် သူ၏ တာအို လက်တွဲဖော် ဖြစ်လိုကြောင်း ရုတ်တရက်ကြီး ပြောလာသည့် ယွင်ရှီး ကို ကြည့်ပြီး အတော်ပင် အံ့အားသင့်သွားကာ သူ့စိတ်သည် အနည်းငယ် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။