အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
အခန်း၂၄၁- တစ်ချက် ဝဲကြည့်ရုံဖြင့် ခြင်္သေ့လိုဟိန်း..ခွေးတူဝက်တူများ ပြေး...
~ထွက်ခွာမသွားမီ လုရီသည် မျက်နှာဖြူဖျော့လျက်ရှိသော စားသောက်ဆိုင် ပိုင်ရှင်အား လျှပ်တစ်ပြက်မျှ ဝဲကြည့်လိုက်၏။ ထို့နောက် ဉာဏ်အာရုံ၌ ခေတ္တမျှ စဉ်းစားငြိမ်သက်ပြီးမှ ဝိညာဉ်ကျောက်တုံး အများအပြားကို စေတနာလက်ဖြင့် ချန်ထားခဲ့လေသည်။
သူ့အတွက်မူ ဤသည်ကား မဆိုစလောက် ကိစ္စမျှသာဖြစ်သော်ငြား၊ စားသောက်ဆိုင် ပိုင်ရှင်၏ မှောင်မိုက်သောဘဝ၌ မျှော်လင့်ချက်ရောင်ခြည်တစ်ခုသဖွယ် ထိန်လင်းတောက်ပသွားခဲ့ပေသည်။
လုရီသည် အတွင်းစိတ်မှ နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိ၏။
အားနည်းသူတို့သည် မည်မျှလွယ်ကူစွာ မတရားသော ဘေးဒုက္ခတို့ကို ရင်ဆိုင်ရပါကလားဟု သဘောပေါက်ရင်း သူ၏ကျင့်ကြံမှုခရီးကို မဆုတ်မနစ် ကြိုးစားအားထုတ်ရန် သံမဏိသဖွယ် စိတ်ပိုင်းဖြတ်လိုက်လေသည်။
လုရီနှင့် ကျန်းရူယွီတို့ ခြေလှမ်းများ စွန့်ခွာသွားသည်နှင့် တပြိုင်နက် မလှုပ်မယှက် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ပတ်ဝန်းကျင်မှ ကျင့်ကြံသူအပေါင်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးဆွေးနွေးပြောဆိုရန် ရဲဝံ့လာကြတော့သည်။
လေပြေနှုတ်သံသဖွယ် သတင်းစကားတို့ကား လျင်မြန်စွာ ပြန့်နှံ့သွားလေ၏။
မွေးရာပါ ဓားနတ်ဘုရားတစ်ပါး ပေါ်ထွန်းလာပုံ၊ ဓားစိတ်ဆန္ဒ တစ်စွန်းတစ်စမျှဖြင့်ပင် ကောင်းကင် နဂါး မြင့်မြတ်နယ်မြေမှ
အခြေ တည် ဝိညာဉ် တပည့်တစ်ဦးကို ပြင်းထန်စွာ ဖိအားပေးကာ နောက်ကြောင်းလှည့်၍ ထွက်ပြေးစေခဲ့ပုံ စသည်တို့ကို စိတ်ဝင်စားစွာ ပြောဆိုနေကြတော့သည်။
ရုတ်တရက်ဆိုသလိုပင် ကျင့်ကြံသူပေါင်းများစွာတို့၏ မျက်လုံးတို့သည် လုရီအပေါ်၌ စုစည်းကျရောက်လာကြလေပြီ။
ဓားတာအို အစည်းအဝေးသို့ တက်ရောက်ခဲ့ဖူးသော ဓားကျင့်ကြံသူအပေါင်းတို့သည် လုရီ၏ ကျင့်ကြံခြင်းနည်းလမ်းသည် အင်မော်တယ်
ဓားကျမ်း ဖြစ်ပြီး အင်မော်တယ် သိုင်းကျမ်း၏ အပိုင်းအစတစ်ခုသာ ဖြစ်သည်ကို သိရှိထားကြသည်။
ယခုအခါတွင် ပေါ်ထွက်လာသော အင်မော်တယ်ဂိုဏ်းအပျက်အစီးသည် ဒဏ္ဍာရီလာ
အင်မော်တယ်ဓားဂိုဏ်း၏ အမွေအနှစ်နေရာ ဖြစ်နိုင်ဖွယ်ရှိပြီး ထိုနေရာ၌ ပြည့်စုံသောအင်မော်တယ် ဓားကျမ်းပင် ပါဝင်နိုင်ဖွယ်ရှိနေပေသည်။
လုရီသည် အင်မော်တယ်ဓားကျမ်းကို ပြိုင်ဆိုင်ရန် သေချာပေါက် ရောက်ရှိလာမည်ဟု မျှော်မှန်းရ၏။ လုရီအပြင် အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေများမှ လူငယ် မျိုးဆက်သစ်များစွာနှင့် အကြီးအကဲမျိုးဆက်မှ ပိုမိုထူးချွန်သော ပါရမီရှင်များပင် ပါဝင်လာရန် မျှော်လင့်ရသဖြင့် ဤသည်မှာ တက်ကြွလှုပ်ရှားဖွယ်၊ အပြိုင်အဆိုင် အားပြိုင်ကြမည့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးတစ်ခု ဖြစ်လာပေတော့မည်။
နှစ်ရက်မျှ ကြာညောင်းပြီးနောက် သတင်းတစ်စ ထပ်မံ ထွက်ပေါ်လာပြန်၏။
ကောင်းကင် နဂါး သူတော်စင် သားတော်သည် လုရီ၏ အစွမ်းအစများကို ကြားသိရသောအခါ သူ၏ နဂါးချီများသည် စစ်မှန်သော နဂါးကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ သူ၏ ကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်ကာ တဟုန်ထိုး မြင့်တက်လာပြီး လုရီနှင့် ထပ်မံအပြိုင်အဆိုင် တိုက်ခိုက်ရန် စစ်မြေပြင်သို့ ဦးတည်နေပုံ ရသည်။
မြင့်မြတ်နယ်မြေ တစ်ခုမှ ပျိုးထောင် မွေးမြူထားသော အင်မော်တယ် ပျိုးပင်တစ်ဦး အနေဖြင့် တစ်ကြိမ် ရှုံးနိမ့်ခြင်းက သူ့ကို စိတ်ဓာတ်ကျဆင်းစေခဲ့ခြင်း မရှိဘဲ ယင်းအစား သူ၏ တိုက်ခိုက်လိုစိတ်ကို ပို၍ပင် ပြင်းပြစေခဲ့လေသည်။
ထို့အပြင် ကောင်းကင် နဂါး သူတော်စင် သားတော်သည် ယခုအခါ အခြေတည်ဝိညာဉ် နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ခဲ့ပြီဖြစ်ရာ သူ၏ ယခင်ခွန်အားကို များစွာ ကျော်လွန်၍ သူ၏ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်း အစွမ်းဖြင့် ထင်ရှားနေလေပြီ။
လူအပေါင်းတို့သည် သူတို့နှစ်ဦး၏ ပြန်လည်ရင်ဆိုင်တိုက်ခိုက်မှုကို စောင့်မျှော်နေကြပြီး မည်သူသည် အနိုင်ရရှိသူအဖြစ် ပေါ်ထွက်လာမည်ကို သိရှိရန် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။
သုံးရက်မျှ ကြာညောင်းပြီးနောက် လုရီနှင့်
ကျန်းရူယွီတို့သည် နောက်ဆုံးတွင် ယွမ်ကျိုးနယ်မြေ၏ တံခါးဝသို့ ရောက်ရှိလာကြတော့သည်။
အပျက်အစီးများကား ယွမ်ကျိုး၏ အနောက်ဘက်ခြမ်း..ဟန်ချန်မြို့ဟု ခေါ်တွင်သော ရှေးဟောင်းမြို့နှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။
ဟန်ချန်မြို့သည် အင်မော်တယ်တစ်ပါး တက်လှမ်းရာ နေရာဟု ကောလာဟလများ လှိုင်လှိုင် ထွက်ပေါ်နေသည်။ မြို့၏ မူရင်းအမည်ကို မေ့လျော့နေပြီဖြစ်သော်လည်း
အင်မော်တယ်၏အမည်ဖြစ်သော ဟန်ချန် ဟူ၍သာ ကျန်ရှိနေခဲ့ရာ ထိုမှစ၍ မြို့ကို ဟန်ချန်မြို့ဟု လူသိများလာကြလေသည်။
ကောလာဟလများအရ ဟန်ချန် အင်မော်တယ်သည် သူ အထက်ဘုံသို့ တက်လှမ်းခြင်း မပြုမီ ရရှိခဲ့သော အင်မော်တယ် လမ်းစဉ်ဆိုင်ရာ အသိအမြင်များ အားလုံးကို ချန်ထားခဲ့သည်ဟု ဆိုကြသည်။ အကယ်၍ ၎င်းတို့ကို ရရှိနိုင်ပါက အထက်ဘုံဘေးဒဏ် နယ်ပယ် အထိ ကျင့်ကြံရန် လုံလောက်မည်ဟုပင် ဆိုလေသည်။
ကျင့်ကြံသူများစွာသည် သာမန်ရက်များတွင်ပင် မြို့၌ ကံစမ်းလေ့ရှိကြသည်။ သို့သော် မည်သူမျှ အင်မော်တယ် လမ်းစဉ်ဆိုင်ရာ အသိအမြင်များကို မတွေ့ရှိသေးသော်လည်း မကြာသေးမီက အနီးအနားတွင် အမွေအနှစ် နေရာတစ်ခုကို တွေ့ရှိခဲ့ရာ မျက်လုံးများစွာကို စူးစူးစိုက်စိုက် ဆွဲဆောင်နိုင်ခဲ့သည်။
မကြာမီပင် လုရီနှင့် ကျန်းရူယွီတို့သည်
ဟန်ချန်မြို့အပေါ်သို့ ကိုယ့်ဖော့သိုင်းဖြင့်ပျံလွှား ရောက်ရှိလာကြပြီး မြို့အတွင်း၌ ကျင့်ကြံသူ အများအပြားကို တွေ့ရှိခဲ့ကြသည်။ ရံဖန်ရံခါ ပေါက်ထွက်လာသော အစွမ်းထက်သည့် အရှိန်အဝါများသည် လုရီကိုပင် အံ့အားသင့်စေခဲ့သည်။
ဤအငွေ့အသက်များသည် ဟင်းလင်းပြင်ဥမင် ကို ကျော်လွန်သော ကျင့်ကြံသူတို့၏ အရှိန်အဝါများ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ အင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်မြေ ဖြစ်နိုင်ဖွယ်ရှိပြီး အတွင်းမှ အမွေအနှစ်များနှင့် ပစ္စည်းများသည် အလွန်တန်ဖိုးရှိလှသဖြင့် ထိုသို့သော အင်အားကြီး ပုဂ္ဂိုလ်များပင် လျစ်လျူရှု၍ မရနိုင်တော့ပေ။
ကျန်းရူယွီက နတ်ဓားဂိုဏ်းသည်လည်း အစွမ်းထက်သည့် အဖွဲ့ဝင်များကို ဤနေရာသို့ စေလွှတ်ထားကြောင်း၊ မဟာယာန အကြီးအကဲတစ်ဦး ဦးဆောင်ပြီး၊ အထက်ဘုံဘေးဒဏ် နယ်ပယ်ရှိ ဖုံးကွယ်ထားသော အကြီးအကဲများပင် ပါဝင်လာနိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများထဲမှ တစ်ခုဖြစ်သည့် နတ်ဓားဂိုဏ်းသည် ထိုသို့သော ခိုင်မာသည့် အင်အားစုကို စေလွှတ်ထားသည်ဆိုလျှင် အခြားဂိုဏ်းများလည်း နိမ့်ကျနေမည် မဟုတ်ကြောင်း သေချာသည်။ ယခုအခါ ပြိုင်ဆိုင်မှုသည် ပြင်းထန်လှစွာသော သွေးပွဲကြီးတစ်ခုအဖြစ် ရောက်ရှိလာတော့မည်မှာ သေချာလှ၏။
လုရီနှင့် ကျန်းရူယွီတို့ မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး နတ်ဓားဂိုဏ်း၏ စခန်းသို့ ဦးတည်သွားရောက်ခဲ့ကြသည်။
လုရီအတွက်မူ သူ၏ ကိုယ်ပိုင်ခွန်အားသည် လုံလောက်စွာ မထက်မြက်သေးပေ။ မဟာယာန ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် အင်အားမဲ့သည်ဟု ခံစားရပြီး အထက်ဘုံဘေးဒဏ် နယ်ပယ် ကျင့်ကြံသူများကို ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။
နတ်ဓားဂိုဏ်း၏ ကျင့်ကြံသူများနှင့် အတူတကွ ရှိနေခြင်းသည် သူ့နောက်ကွယ်တွင် ခိုင်မာသော အထောက်အပံ့ ရရှိခြင်းကို ဆိုလိုသည်။
---
လုရီသည် ဓားတာအို အစည်းအဝေးမှ စ၍ နတ်ဓားဂိုဏ်းအပေါ် အထင်ကြီး လေးစားသော စိတ်ခံစားမှု ရှိခဲ့သည်။ ဓားတာအို စင်မြင့် ဟူသော အဖိုးတန်ရတနာကို အရှေ့ပိုင်းဒေသရှိ ဓားကျင့်ကြံသူအားလုံး ဓားတာအိုကို နားလည်သဘောပေါက်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သူ ဖြစ်ရာ ထိုဂိုဏ်းသည် အလွန်ဆိုးရွားမည် မဟုတ်ဟု သူ ယုံကြည်ထားသည်။
ထို့အပြင် သူ၏ ဆရာသည်လည်း နတ်ဓားဂိုဏ်းနှင့် သင့်မြတ်သော ဆက်ဆံရေးရှိပုံ ရသည်။ ယခင်က ကောင်းကင် နဂါး သူတော်စင် သားတော်နှင့် ပတ်သက်သည့် ကိစ္စမှစ၍ သူ၏ ဆရာသည် မည်မျှ ထူးခြားအံ့မခန်းကြောင်း လုရီ သဘောပေါက်ခဲ့သည်။ သူ၏ ဆရာနှင့် နတ်ဓားဂိုဏ်း၏ ဆက်ဆံရေးအရ သူတို့သည် သူ့ကို ခက်ခဲအောင် ဖန်တီးမည် မဟုတ်ပေ။
.....
ဟန်ချန် ရှေးဟောင်းမြို့ရှိ နတ်ဓားဂိုဏ်း၏
စံအိမ်သည် နန်းတော် အစုအဝေး တစ်ခု ဖြစ်ပြီး လှပစွာ ထွင်းထုထားသော လက်ရန်းများနှင့် အမိုးစွန်းများ၊ သေသပ်လှပသော ဖောင်းကြွပန်းပုများဖြင့် အလှဆင်ထားကာ အလွန် သန့်စင်လှပနေသည်။
လုရီ အံ့အားသင့်သွားသည်မှာ နတ်ဓားဂိုဏ်း၏ စံအိမ်သို့ ရောက်သည်နှင့် တပြိုင်နက် စိတ်အားထက်သန်သော ကြိုဆိုမှုများနှင့် ကြုံခဲ့ရခြင်းပင်။
နတ်ဓားဂိုဏ်း၏ တပည့်များသည် သူ့ကို ပြုံးလျက် နှုတ်ဆက်ကြသည်။
"ညီလေးလုလား။ ဟားဟားဟား! မင်းပါ ရောက်လာမယ်လို့ ငါ မမျှော်လင့်မိဘူး" ဟု
တစ်ဦးက ရွှင်ပျစွာ ပြောဆိုသည်။
"ညီလေးလု၊ ကြာပြီနော်၊ နေကောင်းရဲ့လား။ ငါ အင်မော်တယ် မဏ္ဍပ်မှာ ညစာစားပွဲ ကျင်းပနေတာ၊ လာပါဦး၊ ကောင်းကောင်းလေး စုရုံးကြတာပေါ့"
နောက်တစ်ဦးကလည်း ဖော်ရွေစွာ ဖိတ်ခေါ်လာသည်။
"..."
လုရီသည် ကျင့်ကြံသူများကို ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်ပါတော့သည်။
ဤလူငယ် ကျင့်ကြံသူများစွာကို သူ မတွေ့ဖူးသော်လည်း သူတို့အားလုံး ဓားတာအို အစည်းအဝေးတွင် သူ့ကို မြင်ဖူးကြသည်ဟု သူ ယူဆလိုက်သည်။
လုရီသည် ဝမ်ချီဖုန်းကိုလည်း တွေ့လိုက်ရ၏။
ဝမ်ချီဖုန်း၏ သာမန်မျက်နှာတွင် အပြုံးတစ်ခု ပေါ်နေပြီး
"ညီလေးလု၊ မင်း ရောက်လာတာ ငါ မျှော်လင့်ထားတာထက်တောင် ပိုစောတယ်နော်" ဟု အံ့သြစွာ ပြောလာသည်။
လုရီကလည်း သူ့အား ပြန်ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ၏။
ရှင်းလင်းသည်မှာ ဝမ်ချီဖုန်းသည် ကျန်းရူယွီက လုရီအား ဤနေရာရှိ အမွေအနှစ်နေရာအကြောင်း အသိပေးလိမ့်မည်ဟု သိထားသော်လည်း သူတို့နှစ်ဦး အလျင်အမြန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုစဉ် ဆံပင်ဖြူသော သက်ကြီးပိုင်း အဘိုးအိုတစ်ဦး ထွက်လာပြီး လုရီကို မြင်သောအခါ ညင်သာစွာ ပြုံးလျက် နူးညံ့စွာ နှုတ်ဆက်လာလေသည်။
"ရူယွီဆိုတဲ့ ကောင်မလေး မင်းကို အသိပေးဖို့ အလျင်စလို သွားခဲ့တာ ငါ သိတယ်။ ဒီနေရာက နတ်ဓားဂိုဏ်းရဲ့ အမွေအနှစ်မြေ ဖြစ်နိုင်တဲ့အတွက် ကောင်လေး.. မင်း သေချာပေါက် ဒီကို လာမှာပဲ"
ဤအကြီးအကဲကို ယခင်က လုရီမြင်ဖူးသည်။
ထိုသူသည် ဂိုဏ်းချုပ် ရှင်းကျိုးကျောင်းနှင့်အတူ ပါလာခဲ့သော မဟာယာန အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပါသည်။
ထိုစဉ် ကျန်းရူယွီက ဦးညွှတ်ကာ နှုတ်ဆက်လာသည်။
"အကြီးအကဲ
တင်းချင်းကို ဂါရဝပြုပါတယ်"
လုရီသည်လည်း ဦးညွှတ်ကာ ပြုံးလျက် "အကြီးအကဲ တင်းကို ဂါရဝပြုပါတယ်" ဟု ရိုသေစွာ နှုတ်ဆက်လိုက်သည်။
အကြီးအကဲ တင်းချင်းက မျက်နှာတွင် အပြုံးနှင့်အတူ အနည်းငယ် ခေါင်းညိတ်ပြသည်။
သူသည် လုရီ၏ ဓားစွမ်းရည်ကို အတော်လေး နှစ်သက်လေသည်။
လုရီကို စိတ်ဝင်တစား ကြည့်လျက် စိုးရိမ်ပူပန်သော လေသံဖြင့် မေးလာသည်က…
"ကလေး..ဓားတာအို အစည်းအဝေးပြီးကတည်းက မင်းရဲ့ ဓားတာအို ပိုင်နက်မှာ တိုးတက်မှုတစ်စုံတစ်ရာ ရှိခဲ့သေးလား။"
အခန်း၂၄၂- တစ်ချက် ဝဲကြည့်ရုံဖြင့် ခြင်္သေ့လိုဟိန်း..ခွေးတူဝက်တူများ ပြေး...
~လုရီက ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့၊ တိုးတက်မှုတော့ နည်းနည်းရှိပါတယ်။"
"အလို.."
တင်းချင်းက လုရီကို အံ့သြစွာ ကြည့်လိုက်လေ၏။
မဟာယာန ကျင့်ကြံသူဖြစ်သည့် တင်းချင်းသည်လည်း ဓားတာအို ပိုင်နက်ကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။
ထိုသို့သော ပိုင်နက်အား နားလည်သဘောပေါက်ရန် မည်မျှခက်ခဲသည်ကို သူ ကောင်းစွာသိသည်။ ဆယ်နှစ်အတွင်း တိုးတက်မှုရှိသည် ဆိုခြင်းမှာ အလွန်လျင်မြန်နေသည်ဟု ထင်ရသည်။
သို့သော် လုရီ၏ အရည်အချင်းကို စဉ်းစားမိတော့ သူ အနည်းငယ် ယုံကြည်သွားရသည်။
သူက ပြုံးပြီး .
"ဒါဆို တကယ် မဆိုးဘူး။ အားတဲ့အချိန်ရှိရင် နတ်ဓားဂိုဏ်းကို လာလည်နိုင်တယ်။ အဲဒီ နတ်ဓားကျောက်တိုင်က အဘိုးကြီးတွေနဲ့ အဘွားကြီးတွေက မင်းကို သတိရနေကြတယ်။ သူတို့ မင်းအကြောင်း ခဏခဏ ပြောနေကြတာ။"
လုရီသည် တင်းချင်း၏ မျက်နှာအမူအရာကို ကြည့်ပြီး ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နှက်သွားသည်။ ဘယ်လိုကြည့်ကြည့် သံသယဖြစ်ဖွယ် ကောင်းနေသည်။
..ဒုက္ခပါပဲ၊ ဒီအကြီးအကဲတွေက အလျှော့မပေးကြသေးဘူး.. သူ့ကို နတ်ဓားဂိုဏ်းထဲ ဝင်စေချင်နေတာပဲလား။..
သူက သွားများပေါ်အောင် ပြုံးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲတင်းခင်ဗျာ။ ကျွန်တော် သေချာပေါက် လာလည်ပါ့မယ်။"
ထိုအကြီးအကဲများသည် ခေါင်းမာသည်ဟု သူ သိသော်လည်း နတ်ဓားကျောက်တိုင်သည် အမှန်ပင် ဆွဲဆောင်မှု ရှိပါသည်။
၎င်းတွင် ဓားတာအို၏ အင်မော်တယ်အဆင့် နက်နဲမှုများ ပါဝင်သည်။ လူယီသာ ထိုနေရာ၌ နေ့စဉ် တရားထိုင်နိုင်ပါက သူ၏ ဓားတာအို ပိုင်နက်သည် သေချာပေါက် လျင်မြန်စွာ တိုးတက်လာမည်။ သူ၏ ဓားတာအို နယ်ပယ်ကို အပြည့်အဝ နားလည်နိုင်ရန် မကြာမီဖြစ်နိုင်ပြီး နတ်ဓားကျောက်တိုင်မှ ဓားတာအို နိယာမများကို နားလည်ရန် ကြိုးစားနိုင်၏။
ဤစကားကို ကြားသောအခါ တင်းချင်းသည် ပြုံးရွှင်သွားသည်။
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်!"
---
ထိုစဉ် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် ဖိအားတစ်ခု ပေါ်ထွက်လာသည်။
အစစ်အမှန်နဂါး တစ်ကောင် ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းနေသကဲ့သို့ပင်။
ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"လုရီ.. မင်း ဒီမှာရှိနေတာ ငါသိတယ်။ ထွက်လာပြီး တိုက်ခိုက်စမ်း! ဒီတစ်ခါ မင်းကို ရှုံးနိမ့်မှုကို မြည်းစမ်းစေရမယ်!"
ကောင်းကင်ယံတွင် ရွှေရောင်အလင်းများ လွင့်ပျံနေပြီး၊ အစစ်အမှန်နဂါး ပုံရိပ်ယောင်တစ်ခု အဖြစ် အသွင် ဖြစ်တည်နေသည်။
ထိုပုံရိပ်ယောင်နဂါးသည် ခေါင်းကိုမော့ကာ ပြင်းထန်စွာ ဟိန်းဟောက်နေသည်။ ၎င်း၏ ပြင်းထန်သော နဂါးချီသည် ဟန်ချန်မြို့ တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ဟန်ချန်မြို့အတွင်းရှိ သာမန်လူများနှင့် အားနည်းသော ကျင့်ကြံသူများသည် တုန်ရီနေကြပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေကြသည်။ ကောင်းကင်ယံရှိ အစစ်အမှန်နဂါးပုံရိပ်ယောင်ကို တုန်လှုပ်သောမျက်နှာများဖြင့် ကြည့်နေကြသည်။
အခြားကျင့်ကြံသူများလည်း မော့ကြည့်နေကြပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာအမူအရာ မတူကြပေ။
နတ်ဓားဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြသည်။ ဝမ်ချီဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး မေးရိုးများ တင်းမာသွားကာ
" ကောင်းကင်နဂါး သူတော်စင် သားတော်ပဲ" ဟု သွားကြားထဲမှ ထွက်သော လေသံဖြင့် ပြောလိုက်သည်။
သူသည် ပြီးခဲ့သည့်တစ်ခေါက်က နဂါးနတ်ဘုရားသားတော်၏ တိုက်ကွက် ဆယ်ကွက် ထိုးနှက်မှုအတွင်း ရှုံးနိမ့်ခဲ့ရသည်ကို လက်ခံနိုင်စွမ်း မရှိသေးပေ။
တင်းချင်းက ကောင်းကင်ယံကို တစ်ချက်ကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။
"ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက တကယ်ကို ဒီတစ်ခါ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ထားတာပဲ။ အင်မော်တယ် တစ်ပါးကို မွေးထုတ်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ ဒီကောင်းကင်နဂါး သူတော်စင် သားတော်ရဲ့ သဘာဝပါရမီကလည်း အရမ်းကို အားကောင်းတာဆိုတော့ သူ့ရဲ့ အခုလက်ရှိ ခွန်အားက အံ့သြစရာ မဟုတ်တော့ဘူး။"
သူက လုရီကို လှည့်ကြည့်ပြီး ညင်သာစွာ ပြုံးကာ…
"ဒါပေမယ့် ဒီအဘိုးကြီးကို တကယ် အံ့အားသင့်စေတာက မင်းပဲ ကောင်လေး။ မင်းက သူ စတင်ပေါ်ထွက်လာတဲ့ ပထမဆုံးတိုက်ပွဲမှာပဲ သူ့ကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့တာ။ သူ့ရဲ့ တရားဝင် ပေါ်ထွက်လာမှုကို ငါးနှစ်အထိ နှောင့်နှေးစေခဲ့တာ။ တကယ်ကို အံ့မခန်းပဲ။"
လုရီ မတတ်သာစွာ ပြုံးလိုက်သည်။
"သူက ပြဿနာရှာဖို့ လာတာပါ။ ကျွန်တော် အဲဒီတုန်းက တကယ်တမ်း ဘာမှ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။"
ကျန်းရူယွီက ကောင်းကင်ယံတစ်ခွင် ပြန့်ကားနေသော နဂါးပုံရိပ်ယောင်ကို အတော်လေး
စိတ်မကြည်လင်စွာ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကောင်းကင်နဂါး သူတော်စင် သားတော်က အရမ်းမာနကြီးလွန်းတယ်။ ဂျူနီယာ မောင်လေး၊ သူ့ကို ထပ်ပြီး ရိုက်နှက်လိုက်စမ်းပါ..မှတ်လောက်အောင် သင်ခန်းစာ ပေးလိုက်!"
ထိုအခါ ဝမ်ချီဖုန်းက လုရီကို ကြည့်လိုက်သည်။
လုရီသည် ကောင်းကင်နဂါး သူတော်စင် သားတော်ကို ယခင်က အနိုင်ယူခဲ့ဖူးကြောင်း
ဝမ်ချီဖုန်းကကောင်းစွာ သိထားပြီး သတိပေးလာသည်။
"ကောင်းကင်နဂါး သူတော်စင် သားတော်က အခြေတည် ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီ။ သူ့ခွန်အားတွေ အများကြီး တိုးလာပြီ။ ညီလေးလု၊ သူ့ကို အထင်မသေးနဲ့ဦး နော်။"
တင်းချင်းက လုရီကို ကြည့်လိုက်၏။
"တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလား။ မင်းသာ အသင့်ဖြစ်ရင် ငါ ဒီမှာ ရှိတယ်။ ဒါကြောင့် မင်း စိုးရိမ်စရာ မလိုဘူး။ သူ့ကို မသတ်လိုက်ရုံပဲ။"
လုရီသည် တိုက်ခိုက်ချင်စိတ် ပြင်းပြနေခဲ့သည်။
တင်းချင်း၏ စကားကို ကြားသောအခါ သူ စိတ်ချလက်ချဖြစ်သွားပြီး နာခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။
"ဟုတ်ကဲ့၊ ကောင်းကင်နဂါး သူတော်စင်သားတော်က တိုက်ခိုက်ချင်တယ် ဆိုတော့ ကျွန်တော်လည်း ရှောင်လွှဲလို့ မရဘူးပေါ့။"
သူသည် ထိုစကားအဆုံး၌ ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွား တော့သည်။
---
ကောင်းကင်နဂါး သူတော်စင်သားတော်သည် ကောင်းကင်၌ လက်နောက်ပစ်လျက် မာနကြီးစွာ ရပ်နေသည်။
သူ့ပတ်ပတ်လည်ရှိ စီးဆင်းနေသော နဂါးချီသည် ယခင် တွေ့ဆုံစဉ်ကထက် များစွာ ပိုမိုသိပ်သည်းနေပြီး၊ သူ၏ သာမန်အားဖြင့် နက်မှောင်သော မျက်လုံးများပင် ရွှေဝါရောင်အဖြစ် ပြောင်းလဲနေသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ကိုယ်ခန္ဓာအတွင်း၌ ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို လုရီ ခံစားလိုက်ရသည်။ လှုပ်ရှားမှုတိုင်း၌ ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲနိုင်စွမ်းရှိပြီး၊ စစ်မှန်သော နဂါး၏ နတ်ဘုရား
အနှစ်သာရ အချို့ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
လုရီသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
"သူ့ရဲ့ စွမ်းအားရင်းမြစ်တွေအပြင် ကောင်းကင်နဂါး သူတော်စင်သားတော်ရဲ့ ကိုယ်ပိုင်ပါရမီက တကယ်တော့ မညံ့ဘူး။ မဟုတ်ရင် ဒီလောက်အထိ ရောက်လာမှာ မဟုတ်ဘူး။"
သူ ရယ်မောလိုက်၏။
"ကောင်းကင်နဂါး သူတော်စင်သားတော်၊ ကြာပြီနော်။ မင်း စိတ်မပျက်သေးဘူး ထင်တယ်။"
လုရီကို မြင်သောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်ဆံများမှ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး၊ သူ့ပတ်ပတ်လည်ရှိ နဂါးချီသည် နဂါးခေါင်းအဖြစ် ပုံသဏ္ဌာန်ပြောင်းလဲကာ လူယီအား အသံမဲ့စွာ ဟိန်းဟောက်နေသည်။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ လှုပ်ခတ်နေသည်။
ရှင်းလင်းသည်မှာ ကောင်းကင်နဂါး သူတော်စင်သားတော်သည် ငြိမ်သက်ခြင်း မရှိပေ။
လုရီကို ကြည့်နေစဉ်.. သူ၏ နဖူးပေါ်ရှိ ရွှေရောင်နဂါးပုံစံ အမှတ်အသားက မှိန်ပျပျ လင်းလက်နေသည်။
သူက ထက်ရှ၍ လေးနက်သော အသံဖြင့် ပြောလာသည်။
"ဒီနေ့ ငါ့ရဲ့ အရှက်ကို ဆေးကြောမယ်။ မင်းကို အဲဒီနေ့က ငါခံစားခဲ့ရတာတွေကို သေချာပေါက် ခံစားရစေမယ်!"
လုရီက တစ်ချက် ပြုံးလိုက်သည်။
"ဒါဆို မင်း ကြိုးစားရလိမ့်မယ်။"
ထိုအတောအတွင်း သူက စိတ်ထဲမှ တီးတိုးကြုံးဝါးလိုက်သည်။
...ငါ ...ကောင်းကင်နဂါး သူတော်စင်သားတော်ကို သေချာပေါက် အနိုင်ယူရမယ်...
[အလုပ်]
ကောင်းကင်နဂါး သူတော်စင်သားတော်ကို အနိုင်ယူပါ။
ဆုလာဘ်- အစစ်အမှန်နဂါး သွေးအဆီအနှစ်
ငါး စက်။
အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
...
ဟင်...
လုရီသည် အံ့အားသင့်သွားပြီးနောက် စိတ်ထဲမှ ပျော်ရွှင်သွားသည်။
အလုပ် ဆုလာဘ်က
မမျှော်လင့်ဘဲ တိုးလာတာလား။
မူလက အစစ်အမှန်နဂါး သွေးအဆီအနှစ် တစ်စက်တည်းသာ ဖြစ်ပြီး အခုတော့ ငါးစက် အပြည့် ဖြစ်သွားပြီ။
သို့သော် ပြီးခဲ့သည့် တစ်ခေါက်က ကောင်းကင်နဂါး သူတော်စင်သားတော်သည် ရွှေအူတိုင် နယ်ပယ်တွင်သာ ရှိခဲ့သည်ကို ထည့်သွင်းစဉ်းစားပါက နားလည်နိုင်ပါသည်။ ယခု သူသည် အခြေတည် ဝိဉာဉ် နယ်ပယ်တွင် ရှိနေလေပြီ မဟုတ်ပါလော။
ပြီးခဲ့သည့်တစ်ခေါက်က သူ့ကို မသတ်မိသည်မှာ ကံကောင်းသည်ဟု အနည်းငယ် ခံစားလိုက်ရ၏။
သို့မဟုတ်လျှင် အလွန်အမင်း ဖြုန်းတီးရာ ရောက်ချေရော့မည်။
---
လုရီနှင့် ကောင်းကင်နဂါး သူတော်စင်သားတော် စကားပြောနေစဉ် အဆောက်အအုံများ၏ ခေါင်မိုးပေါ်တွင် ကျင့်ကြံသူများစွာ စုဝေးနေကြပြီး ကောင်းကင်ယံရှိ ပုဂ္ဂိုလ်နှစ်ဦးကို မော့ကြည့်နေကြသည်။
"ဒါက မကြာသေးခင်နှစ်တွေအတွင်း လူငယ်မျိုးဆက်ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်နဂါး သူတော်စင်သားတော်လား။ တကယ်ကို ထူးခြားတာပဲ။ သူ့ရဲ့ ချီနဲ့ သွေးတွေက နဂါးအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံကို လွှမ်းမိုးထားတာ။ အထွတ်အထိပ် နဂါးရဲ့ နတ်ဘုရား ပုံသဏ္ဌာန်အချို့ကိုတောင် ပိုင်ဆိုင်နေပြီ။"
"သူ့ရှေ့ကတစ်ယောက်က မွေးရာပါ ဓားအင်မော်တယ် မလား။ သူက ချင်းကျိုးက ဂိုဏ်းငယ်လေးက တပည့်လို့ ကြားတယ်။ ဟူး..ချင်းကျိုးမှာ ဒီလို ထူးဆန်းတဲ့ ပါရမီရှင်မျိုး ပေါ်လာတာ စိတ်ကူးဖို့တောင် ခက်လှတယ်။ သူက ကောင်းကင်နဂါး သူတော်စင်သားတော်ကို ရွှေအူတိုင်အဆင့်မှာတုန်းက အနိုင်ယူခဲ့တာလေ.."
"နှစ်ယောက်စလုံးက လူငယ်မျိုးဆက်ရဲ့ ဘုရင်အဆင့် ပုဂ္ဂိုလ်တွေပဲ။ ဒီနှစ်ယောက်ရဲ့ တိုက်ပွဲက အရေးပါလိမ့်မယ်။"
"ဟုတ်တယ်၊ နတ်ဓားဂိုဏ်းက လူတွေလည်း ရှိတယ်။ ထိုက်ရီ မြင့်မြတ်နယ်မြေ..ထိုက်ရွှမ် အင်မော်တယ်ဂိုဏ်း..လေ့ယင်
အင်မော်တယ်ဂိုဏ်း
မြင့်မြတ်နယ်မြေ အများကြီးရဲ့ ဆက်ခံသူတွေနဲ့ အမွေခံသမီးတော်(သူတော်စင် သမီးတော်)တွေ ရောက်လာကြပြီ။ တကယ်ပဲ လူငယ်မျိုးဆက်တွေ အားလုံးက ဒီခေတ်ကို ပြောင်းလဲစေမယ့် ဒီနှစ်ယောက်ရဲ့ တိုက်ပွဲ ရလဒ်ကို မြင်ချင်နေကြတာ”
"လူငယ်မျိုးဆက်တင် မကဘူး၊ စီနီယာ ကျင့်ကြံသူတွေတောင် ရှိနေတယ်။ ဒီတိုက်ပွဲက မသေးဘူး။"
ထိုသို့..ကျင့်ကြံသူများစွာက အားတက်သရော ဆွေးနွေးနေကြပြီး လုရီနှင့် ကောင်းကင်နဂါး သူတော်စင်သားတော်တို့ထဲက ဘယ်သူ
အနိုင်ရမလဲဆိုတာကို ခန့်မှန်းနေကြသည်။
လုရီသည် ယခင်က အနိုင်ရခဲ့သော်လည်း သူကရွှေအူတိုင်နယ်ပယ်မှာ သူ၏ ဓားတာအို ပိုင်နက်ကို ဖွဲ့စည်းခဲ့ပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။ ယခု နှစ်ယောက်စလုံး အခြေတည် ဝိဉာဉ်နယ်ပယ် မှာ ရှိနေပြီ ဖြစ်ရာ ကောင်းကင်နဂါး သူတော်စင်သားတော်မှာ နည်းသစ်တွေ ရှိနေနိုင်ပြီး ဓားတာအို ပိုင်နက်အား ရှုံးနိမ့်မည် မဟုတ်ချေ။
လူတိုင်းက မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေကြ၏။
ကောင်းကင်ယံမှာ လုရီနှင့်ကောင်းကင်နဂါး သူတော်စင်သားတော်တို့ မျက်နှာချင်းဆိုင်၍ ရပ်နေကြသည်။
ထို့နောက် ကောင်းကင်နဂါး သူတော်စင်သားတော်၏ နဂါးချီစွမ်းအားတို့ ရုန်းကြွလာပြီး
လုရီဆီသို့ လက်လှမ်းလိုက် လေသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်က
ပထမဆုံး စတင်လှုပ်ရှားလိုက်ခြင်းပင်။
အခန်း၂၄၃-ကောင်းကင်နဂါး သူတော်စင်
သားတော်က်ု ထပ်မံ နှိမ်နင်းခြင်း...
~ထူထဲလှသော နဂါးချီတို့သည် မီတာ တစ်ရာမျှရှည်လျားသည့် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားသည်။ လုရီရှိရာသို့ ဝါးမြိုတော့မတတ် ဖြဲခြစ်လျက် ဦးတည်လာ၏။
လက်သည်းပေါ်ရှိ နဂါးအကြေးခွံတို့မှာ အနုစိတ်ထင်ရှားသည်။ မှိန်ပျပျ နဂါးပုံစံများ စီးဆင်းလှုပ်ရှားနေကာ ပုံဆောင်ခဲပမာ ကြည်လင်၏။
ကြောက်မက်ဖွယ် စွမ်းအားက ပတ်ဝန်းကျင် လေဟာနယ်ကိုပင် ကောက်ကွေးစေသည်။
နဂါးလက်သည်းသည် ကောင်းကင်ကို ရေကိုဖြတ်သကဲ့သို့ ဆုတ်ဖြဲသွား၏။ လှိုင်းလုံးများ အဆုံးမရှိ တုန်ခါနေတော့သည်။
ဤတစ်ချက်တည်းကပင် ကောင်းကင်နဂါး သူတော်စင်သားတော် ရွှေအူတိုင် နယ်ပယ်၌ရှိစဉ်က ထိုးနှက်ခဲ့သော ကောင်းကင် နဂါးလက်သည်းရိုက်ချက်ထက် အဆများစွာ သာလွန်ထက်မြက်သည်။
ထန်...
ဓားသံကြည်လင်ပြတ်သားစွာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားသည်။
ရွှေရောင်ဓားအလင်းတန်းသည် လုရီ၏ဘေးတွင် မီတာ တစ်ရာခန့် ရှည်လျားစွာ စုစည်းပေါ်ထွက်လာသည်။ နဂါးလက်သည်းကို ဖြတ်တောက်ရန် ရုတ်ချည်း ထိုးထွက်သွားတော့သည်။
သတ္တုချင်း ရိုက်ခတ်သံ မြည်ဟည်းသည်။
နဂါးလက်သည်းပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏။ ရွှေရောင်ဓားအလင်းတန်းလည်း အနည်းငယ် မှိန်ပျပျ ဖြစ်သွားသည်။
ထို့နောက် ဓားသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ရွှေရောင်ဓားအလင်းတန်းများ..အတန်းလိုက် ..အတန်းလိုက် လုရီ၏ အရှေ့တွင် ပေါ်ထွက်လာ၏။ သိပ်သည်းသော ရာပေါင်းများစွာသော ဓားအလင်းတန်းများသည် သူ့ကိုယ်ခန္ဓာကို ဝန်းရံလျက် နဂါးလက်သည်းဆီသို့ ဦးတည်ကာ ထိုးစိုက်ဝင်ရောက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်းသည် နဂါးလက်သည်းကို ဖုန်မှုန့်များအဖြစ် လှီးဖြတ်လိုက်သည်။
လုရီသည် ကောင်းကင်နဂါး သူတော်စင်
သားတော်ကို ပြုံးလျက် "ဒီလို စမ်းသပ်မှုမျိုးက တကယ်ပဲ လိုအပ်လို့လား" ဟု မေးလိုက်၏။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ အကြည့်တို့သည် ရေခဲပမာ အေးစက်နေသည်။ သူ၏ သွေးအနှစ်သာရများ ပို၍ပင် ပြင်းထန်စွာ လည်ပတ်နေ၏။
သူက "ကောင်းကင် နဂါး အသွင်ပြောင်းလဲခြင်း အသက်ဝင်စေ" ဟု ကျယ်လောင်စွာ မာန်သွင်းလိုက်တော့သည်။
ကောင်းကင်နဂါး သူတော်စင်
သားတော်၏ ပတ်ပတ်လည်တွင် နက်နဲဆန်းကြယ်သော အစစ်အမှန် နဂါးပုံစံများ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် သူ၏ ကိုယ်ခန္ဓာ မျက်နှာပြင်ပေါ်တွင် ရွှေရောင်နဂါးအကြေးခွံများအဖြစ် ခိုင်မာစွာ ပေါင်းစည်းသွား၏။
ရွှေရောင် ချပ်ဝတ်တန်ဆာသဖွယ် နဂါးအကြေးခွံများ ဖုံးအုပ်ထားသော ကောင်းကင်နဂါး သူတော်စင် သားတော်၏ အရှိန်အဝါသည် သိသိသာသာ မြင့်တက်လာသည်။
သူသည် ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်ရာ ခြေတစ်လှမ်းလှမ်းတိုင်း လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ သူ၏ ကိုယ်ခန္ဓာသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်နဂါး သူတော်စင်သားတော်သည် လုရီ၏ နောက်တွင် ရုတ်တရက် ပေါ်လာ၏။ သူ၏ ညာဘက်ခြေထောက်ကို ကြာပွတ်ရှည်တစ်ချောင်းကဲ့သို့ လုရီ၏ ဦးခေါင်းရှိရာသို့ ပစ်ဝှေ့လိုက်တော့၏။
သူ၏ ညာဘက်ခြေထောက်သည် လုရီ၏ ဦးခေါင်းကို ထိခတ်တော့မည့် ဆဲဆဲတွင် ရွှေရောင်ဓား အလင်းလွှာတစ်ခု ရုတ်တရက်
ဖွဲ့တည်လာ၏။ ကောင်းကင်နဂါး သူတော်စင်သားတော်၏ ခြေထောက်ကို ပိတ်ဆို့ထားလိုက်သည်။
ဘုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ပေါက်ကွဲထွက်လာ၏။ ရွှေရောင်ဓားအလင်းတန်း နောက်တစ်ခု စုစည်းပေါ်ထွက်လာသည်။ မီတာတစ်ရာရှည်လျားသော ဓားအလင်းတန်းသည် အလွန်ထက်ရှသော အရှိန်အဝါကို ဆောင်လျက် ကောင်းကင်နဂါး သူတော်စင်သားတော်ရှိရာသို့ ထိုးထွက်သွား လေသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်သည် နဂါး၏ ဟိန်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ သူ၏ညာဘက်လက်သီးကို ဆုပ်နယ်လိုက်၏။ ရွှေရောင်
ဝါဝင်းသော နဂါးချီများသည် သူ၏လက်သီးပတ်ပတ်လည်တွင် ရစ်ပတ်နေပြီး ရွှေရောင်ဓားအလင်းတန်းကို တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ဘုန်း...
နောက်ထပ် ပေါက်ကွဲသံတစ်ခုနှင့်အတူ ရွှေရောင်ဓားအလင်းတန်းသည် တောက်ပသော အပိုင်းအစများအဖြစ် ကြေမွသွား၏။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ငယ်ရွယ်သော နဂါးကဲ့သို့ ခိုင်မာလှသည့် ခန္ဓာကိုယ်သည် နဂါးချီများ ဝဲခနဲလှည့်ပတ်လျက် လုရီ ရှိရာသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
"လုရီ.. ဒီနေ့ မင်း ရှုံးနိမ့်စေရမယ်"
ကောင်းကင်နဂါး သူတော်စင်သားတော်သည် ကြမ်းကြုတ်သော အရှိန်အဟုန်နှင့် မဆုတ်မနစ်သော ယုံကြည်ချက်ဖြင့် အော်ဟစ်လိုက်၏။
လုရီ၏ ယုံကြည်ချက်ကို လှုပ်ခတ်စေရန် ကြိုးစားနေပုံ ရသည်။
ထိုအခိုက်အတန့်တွင် လုရီက ညင်သာစွာ ပြုံးလိုက်ရုံသာ ရှိသည်။
ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်သည်တွင် ဓားအလင်းတန်းများသည် သူ့ပတ်ပတ်လည်တွင် ဆက်တိုက် ဖွဲ့တည်လာကာ မိုးသက်မုန်တိုင်းတစ်ခု သိပ်သည်းစွာ ရွာချလိုက်သကဲ့သို့ နဂါးနတ်ဘုရားသားတော်ရှိရာသို့ ဦးတည်ကာ ပစ်ခွင်းသွားတော့သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်သည် အကြိမ်ကြိမ် ဟိန်းဟောက်လိုက်၏။
သူ၏ လက်သီးချက်တိုင်း၊ ခြေကန်ချက်တိုင်းတွင် တောင်တန်းများကို ဖြိုဖျက်နိုင်သော စွမ်းအားများ ပါရှိနေကာ ဓားအလင်းတန်းများကို ဆက်တိုက် ချေမှုန်းဖျက်ဆီးပစ်နေသည်။
သို့သော် ဓားအလင်းတန်းများသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေ၏။
သူ တစ်ချက် ချေမှုန်းဖျက်ဆီးလိုက်သည်နှင့် ဒုတိယ၊ တတိယမြောက် ဓားအလင်းတန်းများ ပေါ်ထွက်လာပြန်သည်။
ကောင်းကင်ယံတွင် လှိုင်းလုံးပမာ ရွှေရောင်ဓားချီများကို ရင်ဆိုင်ရသောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်သည် လုရီအနားသို့ ခြေတစ်လှမ်းမျှပင် ချဉ်းကပ်ရန် ခက်ခဲစွာ ရုန်းကန်နေရ၏။
ထို့အစား ဆက်တိုက် ထိခိုက်မိမှုများကြောင့် ကောင်းကင်နဂါး သူတော်စင်သားတော်သည် တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ ဆုတ်ခွာလာတော့သည်။
လုရီက အဝေးတွင် အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရပ်တည်နေသည်။
အခြေတည် ဝိညာဉ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် လုရီသည် တာအိုကျောက်စိမ်းပြား ရှစ်ခုကို အသုံးပြုခဲ့လေ၏။
သူက ကောင်းကင်နဂါး သူတော်စင်သားတော်
မယှဉ်ပြိုင်နိုင်သော အခြေခံအုတ်မြစ် တစ်ခုကို ချမှတ်ခဲ့ပြီးပြီ ဖြစ်လေသည်။
အဆင့်တစ်ဆင့်ချင်းစီ တက်လှမ်းသည်နှင့်အမျှ သူတို့အကြားက ကွာဟချက်သည် ပို၍သာ ကျယ်ပြန့်လာတော့သည်။
သည်တစ်ခါ ကောင်းကင်နဂါး သူတော်စင်သားတော်ကို ရင်ဆိုင်ရာတွင် လုရီသည် ယခင်ကထက်ပင် ပို၍ စိတ်အေးလက်အေး ရှိနေသည်။
သို့သော် အစ်မ ရူယွီ၏ ယခင်စကားက သူ့ခေါင်းထဲသို့ ဗုံတစ်လုံးလို ရိုက်ခတ်လာလေ၏။
ကောင်းကင်နဂါး သူတော်စင်သားတော်ကို ကောင်းကင် နဂါးမြင့်မြတ်နယ်မြေ မှ
အင်မော်တယ် အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦးက အစွမ်းကုန် မွေးမြူ ပျိုးထောင်နေခြင်း ဖြစ်သည်။
အကယ်၍ သူသည် အစွမ်းအလွန်အကျွံ ထုတ်ဖော်ကာ ကောင်းကင်နဂါး သူတော်စင်သားတော်ကို လုံးဝ ချေမှုန်းပစ်လိုက်ပါက
အင်မော်တယ်ကြီး၏ ယုံကြည်ချက် ပြိုလဲသွားစေနိုင်ချေရှိသည်။ ကောင်းကင်နဂါး သူတော်စင်သားတော်သည် အင်မော်တယ်အဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မမြင်တော့ပါက ထိုအင်မော်တယ်ကြီးက မိမိကို အပြစ်တင်ပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ပြဿနာတက်လိမ့်မည်။
ထို့အပြင် လက်ရှိတွင် အခြေတည် ဝိဉာဉ် ကျင့်စဉ်အဆင့်ရှိ ကောင်းကင်နဂါး သူတော်စင်သားတော်ကို အနိုင်ယူခြင်းအတွက် ဆုလာဘ်သည် အစစ်အမှန် နဂါးအနှစ် သွေးအဆီအနှစ် ငါးစက်ပင်ဖြစ်ရာ ကောင်းကင်နဂါး သူတော်စင်သားတော်သည် သူ့အတွက် ကောင်းမွန်သော လေ့ကျင့်ဖော်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ယုံကြည်ချက်ကို မတော်တဆ ဖယ်ရှားပစ်မိမည်ကို လုရီ အမှန်တကယ် စိုးရိမ်မိလေသည်။
ထို့ကြောင့် သူ၏ခွန်အားကို ကောင်းစွာ ထိန်းချုပ်ထားသည်။ မည်သည့် ထူးခြားသော ကျင့်ကြံခြင်း နည်းစနစ်များကိုမျှ အသုံးမပြုဘဲ ရန်သူကို အခြေခံ ဓားပိုင်နက်ဖြင့်သာ တိုက်ခိုက်နေသည်။
သို့တိုင်အောင် ဓားတာအို ပိုင်နက်ကို အသုံးပြုရုံသက်သက်ဖြင့်ပင် လုရီ ပြသခဲ့သော ခွန်အားသည် ကောင်းကင်နဂါး သူတော်စင်သားတော်ကို လုံးဝ လွှမ်းမိုးထားဆဲဖြစ်၏။
အောက်ဘက်ရှိ ကျင့်ကြံသူများသည် သူ့ကိုယ်၌ နဂါးချီများ တဟုန်ထိုးလူးလွန့်နေသော ကောင်းကင်နဂါး သူတော်စင်သားတော်အား ရွှေရောင်ဓားရိပ်များက လွှမ်းမိုးထားသည်ကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး အချင်းချင်း တီးတိုး ရေရွတ်နေကြသည်။
"ကောင်းကင်နဂါး သူတော်စင်သားတော်က တကယ်တမ်း ဖိနှိပ်ခံနေရတာပဲ။ လုရီရဲ့ ဓားတာအို ပိုင်နက်က အရမ်းအားကောင်းလွန်းတယ်။ သူက ဒီတိုင်း မတ်တပ်ရပ်နေရုံပဲ ရှိတာကို ကောင်းကင်နဂါး သူတော်စင်သားတော်က သူ့အနားကိုတောင် မချဉ်းကပ်နိုင်ဘူး။"
"ကောင်းကင်နဂါး သူတော်စင်သားတော်ရဲ့ ခွန်အားက ထူးခြားတယ်။ လူငယ်မျိုးဆက်ကြားမှာ ပြိုင်ဘက်ကင်းနီးပါးပဲ။ အခုတော့ သူ ဖိနှိပ်ခံနေရပြီ။ လုရီကတော့ မွေးရာပါ ဓားအင်မော်တယ်လို့
တကယ်ကို ခေါ်ထိုက်တာပဲ။ သူ့ရဲ့ နယ်ပယ်က တကယ်ကို အားကောင်းပါပေ့။"
မြင့်မြတ်နယ်မြေ အင်မော်တယ် ဂိုဏ်းအသီးသီးမှ ဆက်ခံသူများနှင့် အမွေခံသမီးတော်တို့၏ မျက်လုံးများတွင် အလင်းရောင်များ လင်းလက်သွားကြ၏။ သူတို့၏ မျက်နှာအမူအရာများမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူတို့၏ စိတ်နှလုံးများ မှာမူ ငြိမ်သက်ခြင်း မရှိတော့ပေ။
လုရီက ကောင်းကင်နဂါး သူတော်စင်သားတော်ကို အလွယ်တကူ ဖိနှိပ်နိုင်ခြင်းမှာ အရှေ့ပိုင်းဒေသတစ်ခုလုံးရှိ လူငယ်မျိုးဆက်အတွက် အမှန်တကယ်ပင် အားကြီးသော ရန်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ဤအဆင့်တွင် မည်သည့် ဆက်ခံသူ သို့မဟုတ် အမွေခံ သမီးတော်ကမျှ သူ့ကို တိုက်ရိုက် စိန်ခေါ်ရန် ရဲဝံ့မည် မဟုတ်ပေ။
လုရီကို ချဉ်းကပ်၍မရသော ကောင်းကင်နဂါး သူတော်စင်သားတော်သည် မျက်နှာထား တင်းမာနေပြီး တစ်ဖန် ပြန်လည်အေ မာန်သွင်ူကာ တိုက်ကွက် ထုတ်ဖော်လိုက်လိုက်၏။
" ကောင်းကင်နဂါး အသွင်ပြောင်းခြင်း သိုင်း..ဒုတိယအဆင့်"
တဆက်တည်း၌..ကောင်းကင်နှင့် မြေကြီးကို ဖြတ်၍ ထည်ဝါသော နဂါးဟိန်းသံကြီး ပဲ့တင်ထပ်သွားသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ကိုယ်ခန္ဓာသည် အနည်းငယ် ဖောင်းကြွလာပြီး သုံးမီတာ အမြင့်သို့ ကြီးထွား ရောက်ရှိလာသည်။
သူ၏အရေပြားပေါ်တွင် ရွှေရောင်အကြေးခွံများ ပိုမိုများပြားစွာ ပေါ်လာပြီး သူ၏နဖူးပေါ်တွင် စစ်မှန်သော နဂါးချိုတစ်စုံပင် ပေါက်လာကာ လူသားနဂါးတစ်ကောင်နှင့် တူနေတော့သည်။ သူ၏ အရှ်ိန်အဝါသည်လည်း ထိုနည်းတူ
တဟုန်ထိုး မြင့်တက်လာသည်။
ကြည့်ရှုနေသော ကျင့်ကြံသူများစွာတို့သည် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေကြသည်။
"ဒါ..ဒါက ကောင်းကင် နဂါး အသွင်ပြောင်းခြင်းသိုင်းရဲ့ ဒုတိယအဆင့် ပြောင်းလဲခြင်းလား။ အလိုလေး..ကောင်းကင်နဂါး သူတော်စင်သားတော်က တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ။ အခြေတည် ဝိညာဉ်နယ်ပယ်မှာ ဒုတိယအဆင့် ပြောင်းလဲခြင်းကိုတောင် ကျင့်ကြံနိုင်နေတယ်။"
"ဟုတ်ပါရဲ့။ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှာ ကောင်းကင် နဂါး အသွင် ပြောင်းလဲခြင်းသိုင်းကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်တဲ့သူတွေက ပုံမှန်အားဖြင့် ပေါင်းစည်းခြင်း နယ်ပယ် မှာပဲ ရှိတတ်ကြတာ။ ဒီကောင်းကင်နဂါး သူတော်စင်သားတော်က ဒီနယ်ပယ်မှာတင် ဒုတိယအဆင့်ကို အောင်မြင်တာဆိုတော့ တိုင်းတာလို့ မရအောင် အနာဂတ် မျှော်လင့်ချက်ရှိတာပဲ။"