အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း၂၄၄-ကောင်းကင်နဂါး သူတော်စင်
သားတော်က်ု ထပ်မံ နှိမ်နင်းခြင်း...
~ထိုစဉ်… ပွဲကြည့်ပရိသတ် ကျင့်ကြံသူအပေါင်းတို့မှာ အံ့သြတုန်လှုပ်ခြင်းများ လွှမ်းခြုံလျက်ရှိ၏။
လုရီပင် ဖြစ်စေ၊ ကောင်းကင်နဂါး သူတော်စင်
သားတော်ပင် ဖြစ်စေ၊ ဤနှစ်ဦး၏ စွမ်းဆောင်မှုများကား ရင်သပ်ရှုမောဖွယ်၊ တိုင်းတာ၍မရနိုင်လောက်အောင် ထူးကဲလှသဖြင့် လူငယ်မျိုးဆက်၏ ပါရမီရှင်တို့အပေါ်၌ ကြီးမားလှစွာသော ဖိအားကို ဖန်တီးပေးနေတော့သည်။
ကောင်းကင်နဂါး သူတော်စင်
သားတော်သည် သူ၏ ဒုတိယအဆင့် အသွင်ပြောင်းခြင်းကို အောင်မြင်စွာ ထုတ်ဖော်လိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် တဟုန်ထိုး မြင့်မားလာ၏။
စစ်မှန်သော နဂါးကြီးတစ်ကောင်၏ ဘုန်းတန်ခိုး အငွေ့အသက်လေးများပင် သူ့ထံ၌ ကိန်းဝပ်လာသည်ကို အထင်အရှား မြင်တွေ့ရပေသည်။
ကောင်းကင်နဂါး သူတော်စင်
သားတော်က သူ့လက်များကို ရှေ့သို့တွန်းထုတ်လိုက်သည်တွင် သူ့လက်ဖဝါးများသည် သံရည်သွန်းလောင်းထားသည့်နှယ် မာကျောခိုင်ခံ့လှပြီး မည်သူမျှ ဖျက်ဆီး၍မရနိုင်သော သံမဏိသဖွယ် ဖြစ်နေတော့သည်။
ထိုစဉ်... ရွှေရောင်ဓားအလင်းတန်းများ အားလုံး ကွဲကြေသွားပြီး ပြန့်ကျဲသော အလင်းစများအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် လွင့်ပြယ်ပျောက်ကွယ်သွားလေသည်။
ကောင်းကင်နဂါး သူတော်စင်
သားတော်သည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း လုရီ ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်သွား၏။ သူ တစ်လှမ်းလှမ်းလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်သည်ပင် တုန်ခါ၊ လှုပ်ရှားသွားတော့သည်။
"လုရီ.. မင်းရဲ့ အဲဒီတစ်ချက် ထိုးနှက်မှုသာ ငါ့ကို ရှုံးနိမ့်ခြင်းရဲ့ ခါးသီးမှုကို မမြည်းစမ်းရဘူးဆိုရင် ကောင်းကင်နဂါး ဒုတိယအဆင့် အသွင်ပြောင်းခြင်းသိုင်းကို ငါ ဒီလောက်စောစော နားလည်ခဲ့မှာ မဟုတ်ဘူး! အခုတော့ အဲဒီအရသာကို မင်းမြည်းစမ်းဖို့ ငါ့အလှည့် ရောက်ပြီ။ ကောင်းကင် နဂါး လက်သီး.."
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ညာဘက်လက်သီးကို ခပ်တင်းတင်း ဆုပ်နယ်လိုက်သည်။ ရွှေရောင်သဖွယ် နဂါးချီများက သူ၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင် စီးဆင်းဝန်းရံနေကာ ထူထဲသိပ်သည်းလှပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်ချုပ်ကိုင်နိုင်သည့် စွမ်းအားမျိုး ရှိနေသည်ဟု ထင်မှတ်ရသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်က လက်သီးကို ဝှေ့ယမ်း ထုတ်လိုက်သည်တွင် နဂါးချီသည် ရွှေဖြင့်ထုလုပ်ထားသည့် ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပုံသဏ္ဌာန် ပြောင်းလဲလာ၏။ ကြမ်းကြုတ်သော နဂါးခေါင်းဖြင့် လုရီကို ဝါးမျိုတော့မည့်အလား ဦးတည်ကာ ဟိန်းဟောက်ရင်း တိုးဝင်လာတော့သည်။
ဧရာမနဂါးကြီး လှုပ်ရှားလာသည်နှင့်အမျှ ၎င်း၏ ကြောက်မက်ဖွယ် ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မတတ် ဖြစ်နေ၏။
အောက်ဘက်ရှိ ရှေးဟောင်းမြို့ပင် ကြီးမားလှစွာသော ဖိအားဒဏ်ကို ခံစားနေရသည်။ အကယ်၍ သက်ကြီးပိုင်းကျင့်ကြံသူ အချို့က ကြားဝင်၍ စွမ်းအင်များကို ထိန်းချုပ်မထားခဲ့ပါက မြို့တွင်းရှိ အဆောက်အအုံများစွာ ပျက်စီးကြေမွသွားလိမ့်မည်။
သို့တိုင်အောင် အောက်မှ ကျန်ရှိနေသေးသော ကျင့်ကြံသူများမှာမူ သူတို့၏ ကိုယ်ခန္ဓာများ ကောက်ရိုးပမာ အားနည်းသွားသည်ဟု ခံစားရပြီး အချို့မှာမူ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လဲပြိုကျကုန်ကြသည်။
ဖိအားမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်တကား။
လုရီသည် ဤလက်သီးထိုးချက်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားရသည်။ ကောင်းကင်နဂါး သူတော်စင်
သားတော်၌ ထိုသို့သော နက်နဲသည့် သိုင်းကွက်မျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။
သူ့ မျက်လုံးများအတွင်းတွင် နက်နဲလှစွာသော ဓားပုံစံများ စုစည်းရာမှ ဖြစ်ပေါ်လာသော ဓားတာအိုမြေပုံတစ်ခု ထင်ရှားလာ၏။ လေဟာနယ်တွင် ထိုဓားတာအိုမြေပုံ ပေါ်ထွက်လာသည်နှင့် ၎င်း၏ ထက်မြက်မှုက ထိုးထွက်လာကာ အမြင့်ဆုံးသော ဓားစိတ်ဆန္ဒကို အတွင်း၌ ဝှက်ထားသကဲ့သို့ ထင်မှတ်ရသည်။
နောက်တစ်စက္ကန့်တွင် ဓားတာအိုမြေပုံရှိ ဓားပုံစံများ လည်ပတ်ကာ မီတာ တစ်ရာခန့် ရှည်လျားသော ဧရာမ ရွှေဓားကြီးအဖြစ် ပေါင်းစည်းသွားလေတော့သည်။
ရွှေရောင် ဧရာမဓားကြီး လေဟာနယ်တွင် ပေါ်လာသည်နှင့် တပြိုင်နက် လေဟာနယ်တွင် အက်ကြောင်းနက်များ စတင်ဖြစ်ပေါ်လာတော့သည်။
အောက်မှ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ခန္ဓာများကို ထက်ရှသော ဓားသွားများဖြင့် ဖိထားသကဲ့သို့ ခံစားရပြီး သူတို့၏ ဆံပင်များပင် ထောင်မတ်ကုန်ကြသည်။
နတ်ဘုရား အသွင်ပြောင်းနယ်ပယ်၌ ရှိသော သက်ကြီးပိုင်း ကျင့်ကြံသူများပင် သူတို့၏
မျက်ဆံများ ကျုံ့ဝင်သွားပြီး ဓားပုံစံများစွာဖြင့် ထွင်းထုထားသော ရွှေရောင်ဓားရှည်ကြီးကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
တားဆီး၍ မရနိုင်ပြီ...။
တားဆီး၍ မရနိုင်ပြီ...။
နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူများအားလုံးနီးပါး၏ စိတ်ထဲတွင် ဤအတွေးစများ ထွက်ပေါ်လာသည်။
ဤရွှေရောင်ဓားရှည်ကြီးသည် တိုင်းတာ၍မရနိုင်အောင် ထက်ရှလှသည်။ သူတို့ပင် ၎င်းနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်ရလိမ့်မည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ အချို့ပင် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲကုန်ကြသည်။
ထိုသို့သော ဓားတာအိုအဆင့်မှာ နတ်စွမ်းရည်များကဲ့သို့ပင် ဖြစ်ပြီး သူတို့ကိုပင် ခြိမ်းခြောက်နေသည်ဟု ခံစားရသည်။
"ဒါ... ဒါ တကယ်ပဲ အခြေတည် ဝိဉာဉ် အဆင့်ရဲ့ စွမ်းအားလို့ ပြောနိုင်ပါ့မလား?"
လူအများအပြားမှာ မယုံနိုင်လောက်အောင် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
ရွှေရောင်ဓားရှည်ကြီး လေဟာနယ်တွင် ပေါ်လာသည်နှင့် တပြိုင်နက် သက်ကြီးပိုင်း ပုံရိပ်အချို့ ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် အရိပ်များထဲတွင် ပုန်းကွယ်နေသော အမြင့်ဆုံးသော စွမ်းအားရှင်များ ဖြစ်ကြပြီး သူတို့၏ အငွေ့အသက်များမှာ ..နက်နဲသော ချောက်ကြီးပမာ နက်ရှိုင်းလှသည်။
ဤကျင့်ကြံသူများပင် လုရီ ဖန်တီးထားသော ရွှေရောင်ဓားရှည်ကြီးကြောင့် အံ့အားသင့်နေကြသည်။
အခြေတည် ဝိဉာဉ် ကျင့်ကြံသူ တစ်ဦးက ထိုသို့သော ဓားတာအို အဆင့်ကို ဖန်တီးနိုင်ခြင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်တကား။
ကောင်းကင်နဂါး သူတော်စင် သားတော်သည်လည်း ဓားရှည်ကြီး၏ ကြောက်စရာကောင်းမှုကို ကောင်းစွာ ခံစားမိပြီး သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
ထို့နောက် သူ ထပ်မံဟိန်းဟောက်ကာ သိုင်ူကွက် ထုတ်ဖော်လိုက်သည်။
"ကောင်းကင် နဂါး လက်သီး"
သူ၏ ကိုယ်ခန္ဓာမှ ဝိညာဉ်စွမ်းအင်များ အရူးအမူး စီးဆင်းလာပြီး သူ၏ မျက်နှာ ဖြူဖျော့သွားသော်လည်း ကောင်းကင်နဂါး သူတော်စင် သားတော်သည် သူ၏ အလားအလာကို ထပ်မံအသုံးပြု၍ အခြား ကောင်းကင် နဂါး လက်သီးတစ်ချက်ကို ထိုးလိုက်သည်။
နောက်ထပ် ရွှေရောင် ဧရာမနဂါးတစ်ကောင် ထွက်ပေါ်လာပြီး လုရီဆီသို့ ဦးတည်၍ ဟိန်းဟောက်ရင်း တဟုန်ထိုး ပြေးဝင်လာသည်။
---
လုရီသည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် "ဖြတ်တောက်မယ်" ဟု ထက်ရှသော အသံဖြင့် အော်ဟစ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်ဓားအလင်းတန်းသည် အလင်းတန်းတစ်ခုအဖြစ် ပုံသဏ္ဌာန်ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး၊ ၎င်း၏ရှေ့ရှိ ရွှေရောင် ဧရာမနဂါးကြီးကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။
အလင်းတန်းသည် ရွှေရောင်နဂါးကို ဖြတ်ကျော်သွားသည်နှင့်အမျှ နဂါး၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ရွှေရောင်အလင်းမှုန်များအဖြစ် ပြောင်းလဲကာ လေထဲသို့ ပျောက်ကွယ်သွားသည်။
ဓားအလင်းတန်းသည် မရပ်တန့်ဘဲ အခြားရွှေရောင် ဧရာမနဂါးတစ်ကောင်ကို ထပ်မံထိုးဖောက်သွားရာ ထိုနဂါးကိုလည်း ရွှေရောင်မီးပွားများအဖြစ် ပြောင်းလဲကာ ရွှေရောင်မိုးစက်များကဲ့သို့ ကြဲဖြန့် ကျဆင်းလာသည်။
လုရီ၏ ထိန်းချုပ်မှုအောက်တွင် ရွှေရောင်အလင်းတန်းသည် ကောင်းကင်နဂါး သူတော်စင် သားတော်ဆီသို့ ဆက်လက်ခုတ်ပိုင်းသွားသည်။
"ငါ မရှုံးဘူး"
ကောင်းကင်နဂါး သူတော်စင် သားတော်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ လက်များထဲ၌ ရွှေရောင် လှံရှည်တစ်ချောင်း ထွကိပေါ်လာသည်။ လှံတံသည် စစ်မှန်သော နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်နေပြီး၊ နဂါးခေါင်းမှ ဓားသွားတစ်ခု ထွက်ပေါ်လာကာ ဖော်ပြ၍မရနိုင်အောင် အစွမ်းထက်သော ဖိအားနှင့် အမြင့်ဆုံးသော ထက်ရှမှုတို့ ပါဝင်နေလေသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်သည်
လှံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး
" ကောင်းကင်နဲ့ မြေကြီးနဂါး စစ်ပွဲ" ဟု ကြိမ်းဝါးလိုက်သည်။
ဝူး....
မြည်ဟိန်းသံတစ်ခု ကောင်းကင်နှင့် မြေကြီးကို ဖြတ်၍ ပဲ့တင်ထပ်လာသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်၏ ကျောဘက်တွင် အစစ်အမှန် နဂါး ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး၊ ၎င်း၏ ခေါင်းသည် ခမ်းနားထည်ဝါသော အကြည့်ဖြင့် လုရီအား ငုံ့ကြည့်နေသည်။
နောက်တစ်စက္ကန့်တွင် ၎င်းသည် လှံအတွင်းသို့ ပေါင်းစည်းသွားသော အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်သည် လှံကို အရှိန်ပြင်းစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး နက်နဲသော အစစ်အမှန် နဂါးပုံစံများဖြင့် လင်းလက်လာသည်။
ရွှေရောင်ဝတ်စုံ ချပ်ဝတ် ဆင်မြန်းထားသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်အလင်းတန်းဆီသို့ ကောင်းကင်နဂါး သူတော်စင် သားတော်က ပြတ်သားစွာ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
ဘုန်း!
နှစ်ခု ထိခိုက်မိရာ ပြင်းထန်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး နေမင်းပမာ တောက်ပသော ရွှေရောင်အလင်း တစ်စင်းက လောကကို လွှမ်းခြုံသွားလေသည်။
ကျင့်ကြံမှု အဆင့်နိမ့်သော ကျင့်ကြံသူများစွာသည် သူတို့၏ မျက်လုံးများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာပြီး မျက်ရည်များ စီးကျလာကာ တိုက်ရိုက် ကြည့်ရှုနိုင်ခြင်းမရှိပေ။ သာမန်လူများမှာ ကျယ်ပြောလှသော အဖြူရောင်နယ်ပယ်ကိုသာ မြင်ရပြီး ဦးတည်ရာများကို ခွဲခြားမရတော့ဘဲ မျက်လုံးများ မှိတ်ထားကြရသည်။
အသင့်အတင့် ခွန်အားရှိသော ကျင့်ကြံသူများသာ ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်ရှုဝံ့ကြသည်။
မကြာမီ အလင်းများ ပျောက်ကွယ်သွားပြီး
လူအများက ကောင်းကင်ယံကို ကြည့်လိုက်ရာ မျက်လုံးများစွာ အံ့သြစွာ ပြူးကျယ်ကုန်သည်။
ကောင်းကင်ယံတွင် နက်မှောင်သော တွင်းနက်ကြီးတစ်ခု ပေါ်လာခြင်းပင်။
ဟင်းလင်းပြင် ပြိုကျခြင်းကြောင့် ဖြစ်ပေါ်လာသော အဆုံးမဲ့..လေဟာနယ်ဖြစ်ပြီး တိတ်ဆိတ်ခြောက်သွေ့နေသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်မှာမူ လွင့်ထွက်သွားပြီး ဖြစ်သည်။
ယခုအခါတွင် သူ၏ ကိုယ်ခန္ဓာမှာ အက်ကွဲနေပြီး၊ နဂါးအကြေးခွံ ချပ်ဝတ်များ ပျောက်ကွယ်သွားကာ၊ သူ၏ ကိုယ်ခန္ဓာမှာ သွေးများရွှဲနစ်လျက် အောက်သို့ တည့်တည့် ကျလာနေသည်။
စစ်မှန်သော နဂါးပုံရိပ်ယောင်သည် ကောင်းကင်နဂါး သူတော်စင် သားတော်၏ ကိုယ်ခန္ဓာမှ ထွက်ခွာသွားပြီး လှံထဲသို့ ပြန်လည်ဝင်ရောက်သွားကာ သူ၏ နဖူးပေါ်တွင် မှန်ပျပျ ရွှေရောင်နဂါး အမှတ်အသားများ လင်းလက်နေသည်။
ဤတိုက်ခိုက်မှုကြောင့် ကောင်းကင်နဂါး သူတော်စင် သားတော်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
နဂါးနတ်ဘုရားသားတော် မြေပြင်ပေါ်သို့ မကျမီ...
ထိုအခိုက်အတန့်၌.. ပုံသဏ္ဍာန် တစ်ခု ရိပ်ခနဲ ပေါ်လာပြီး သူ့ကို ဖမ်းဆုပ်လိုက်သည်။
၎င်းသည် အလွန် ကြွက်သား တောင့်တင်းသော အဘိုးအိုတစ်ဦးဖြစ်ပြီး ရွှေရောင်ဆံပင်ရှည်များရှိကာ အဘိုးအို၏ အငွေ့အသက်မှာ တောဘုရင်ခြင်္သေ့တစ်ကောင်ကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းလှသည်။
အဘိုးအိုသည် ကောင်းကင်နဂါး သူတော်စင် သားတော်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လုရီကို မော့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး၊ စိတ်ထားနူးညံ့စွာ ခွင့်လွှတ်ပေးလို့..”
အခန်း ၂၄၅-ကောင်းကင်နဂါး သူတော်စင်
သားတော်ကို ထပ်မံနှိမ်နင်းခြင်း ...
~လုရီက ပြုံးလိုက်သည်။
"အကြီးအကဲက အရမ်း ကြင်နာနေပါပြီ. ကောင်းကင်နဂါး သူတော်စင် သားတော်နဲ့ ကျွန်တော်က အသက်နဲ့ လဲရလောက်တဲ့ ရန်ငြိုးရန်စတွေ ရှိတာမှ မဟုတ်တာ။"
အဆိုပါ အဘိုးအိုက အနည်းငယ်ခေါင်းညိတ်ပြသည်။
"မိတ်ဆွေလေး၊ မင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဓားနတ်ဘုရားတစ်ပါးရဲ့ ဂုဏ်ဒြပ်ကို ပြည့်စုံစေတယ်။ နောင်ဆိုရင် အော့ထျန်းနဲ့ ပိုပြီး အတွေ့အကြုံ ဖလှယ်သင့်တယ်။"
..အော့ထျန်းတဲ့လား။
ကောင်းလိုက်တဲ့ နာမည်! ဒီနာမည်က ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဝတ္ထု တစ်ပုဒ်ရဲ့ ဇာတ်လိုက်ဆိုတာကို ဖော်ပြနေတာပဲ။..
လုရီ ကြိတ်၍ ချီးကျူးကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ကောင်းကင်နဂါး သူတော်စင် သားတော်နဲ့ ပိုပြီး ယှဉ်ပြိုင်လေ့ကျင့်ဖို့ ကျွန်တော်အခွင့်အရေးယူပါ့မယ်။"
..တစ်နေ့ကို ဒါဇင်နဲ့ချီပြီး ယှဉ်ပြိုင်နိုင်ရင် အကောင်းဆုံးပဲ။ အဲဒီအခါ သူ့ခန္ဓာကိုယ်ရဲ့ ခွန်အားကို မြှင့်တင်ဖို့ လုံလောက်တဲ့ သရဖူနဂါးသွေးစစ်စစ်တွေ ရရှိမှာပေါ့။..
ထိုအခိုက်အတန့်မှာ ကောင်းကင်နဂါး သူတော်စင် သားတော်က သွေးတွေ အန်ထုတ်နေပြီး မရွံ့မကြောက်သည့် အကြည့်ဖြင့် လုရီကို စူးစိုက်ကြည့်နေသည်။
လုရီ.. နောက်တစ်ခါ ငါအနိုင်ရအောင် သေချာပေါက်လုပ်မယ်!"
လုရီက ခေါင်းညိတ်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"နောက်တစ်ခါ ထပ်ယှဉ်ရအောင်လေ။"
အဆိုပါအဘိုးအိုက မည်သို့မျှ မပြောတော့ဘဲ ကောင်းကင်နဂါး သူတော်စင် သားတော်နှင့်အတူ ထွက်ခွာသွားတော့သည်။
လုရီလည်း နတ်ဓားဂိုဏ်း၏ စံအိမ်ကို ပြန်လာခဲ့လိုက်သည်။
ကျန်းရူယွီ၊ ဝမ်ချီဖုန်းနှင့် တခြား နတ်ဓားဂိုဏ်းသားတွေက သူ့အား ထူးဆန်းအံ့သြသော အကြည့်တွေနှင့် ကြည့်နေကြသည်။ သူတို့က အံ့အားသင့်နေသလို မယုံကြည်နိုင်လည်း ဖြစ်နေကြသည်။
ကျန်းရူယွီက လုရီဆီ အပြေးကလေး လာပြီး ထပ်တလဲလဲ အော်ဟစ်ကာ လုရီ၏ ပခုံးကို ပုတ်သည်။
"ဂျူနီယာ မောင်လေး၊ နင်က တကယ် မယုံနိုင်စရာ.. ကောင်းတာပဲနော်။ အဲဒီကောင်းကင်နဂါး သူတော်စင် သားတော်က ငါတို့ အရှေ့ပိုင်းဒေသက လူငယ်မျိုးဆက်တွေကို တအား နှိပ်စက်ထားတာ၊ ငါတို့ အသက်ရှူရတာတောင် မဝဘူး။ ဒါပေမယ့် နင်က သူ့ကို လွယ်လွယ်လေး အနိုင်ယူလိုက်တာပဲ!"
ဝမ်ချီဖုန်း၏ မျက်နှာက ရှုပ်ထွေးနေပြီး သက်ပြင်းချလိုက်သည်။
"ညီလေးလူက ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတာပဲ..ငါတို့ ယှဉ်လို့ မရဘူး။"
သူ့ကို ကောင်းကင်နဂါး သူတော်စင် သားတော်က တိုက်ကွက် ဆယ်ကွက်အတွင်းမှာပဲ အနိုင်ယူခဲ့ဖူးသည်။ အခု လုရီက သူ့ကို လွယ်လွယ်လေး အနိုင်ယူတာကို မြင်တော့ သူတို့နှစ်ယောက်ကြားက ကွာဟချက်ကို စိတ်ကူးကြည့်နိုင်ပါသည်။
တခြားနတ်ဓားဂိုဏ်းသားတွေလည်း စတင်ပြောဆို ဆွေးနွေးလာကြသည်။
လုရီ၏ခွန်အားက အလွန်ပင် ကြီးမားလွန်း၍ မြင့်မြတ်နယ်မြေ အင်မော်တယ် အဆင့်ဂိုဏ်းက တပည့်တွေအတွက်တောင် အံ့အားသင့်စရာ ကောင်းနေသည်။
လုရီက အသာအယာ ရယ်မောလိုက်သည်။
"အဲဒီ ကောင်းကင်နဂါး သူတော်စင် သားတော်က ထူးထူးခြားခြား သန်မာတယ်။ ကျွန်တော့်အတွက်လည်း မလွယ်ခဲ့ပါဘူး။ ကျွန်တော့် ခွန်အားအားလုံးနီးပါးကို သုံးခဲ့ရတာပါ။"
အမှန်အတိုင်း ဝန်ခံရလျှင် ကောင်းကင်နဂါး သူတော်စင် သားတော်၏ နောက်ဆုံးလှုပ်ရှားမှုက သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့တာတော့ အမှန်ပါပဲ။
..ထိုသူ့လက်ထဲက လှံက သာမန် ပစ္စည်းတစ်ခု မဟုတ်ဘူး။ သူ့စီနီယာအစ်မရဲ့ အေးခဲဖန်ဓားလို အဆင့်မြင့် ရတနာ အတန်းအစားပဲ ဖြစ်နိုင်တယ်။..
မူလက လုရီက ခွန်အားအချို့ကို ချွေတာဖို့ ရည်ရွယ်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ ကောင်းကင်နဂါး သူတော်စင် သားတော်က သူ့ဓားစိတ်ဆန္ဒတွေ အများကြီးကို တောင့်ခံနိုင်ခဲ့လေသည်။
၎င်းက သူ့ မျှော်လင့်ချက်အား အနည်းငယ် ကျော်လွန်သွားခဲ့၏။
ထိုစဉ် တင်းချင်းလည်း ရောက်လာပြီး လုရီကို လေးစားစွာ ကြည့်သည်။
"မင်းရဲ့ ဓားတာအိုပိုင်နက်က ဓားတာအို အစည်းအဝေးတုန်းကထက် ပိုတိုးတက်လာပြီ။ အခုဆို နှစ်ဆယ် ရာခိုင်နှုန်းနီးပါး ရှိနေပြီထင်တယ်။ ကောင်းကင်နဂါး သူတော်စင် သားတော်က ကောင်းကင် နဂါး မြင့်မြတ် နယ်မြေရဲ့ ဂိုဏ်းအကာအကွယ် နတ်ဘုရားလက်နက်ဖြစ်တဲ့ နဂါးလှံရဲ့ ကိုယ်ပွားကိုတောင် သုံးခဲ့ပေမယ့် မင်းရဲ့ တစ်ချက်တည်းသော ထိုးနှက်မှုကို မခံနိုင်ခဲ့ဘူး။"
ထိုအခါ..လုရီက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့..အခု နှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိပါပြီ။"
တင်းချင်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။
"တကယ်ပဲ၊ သူရဲကောင်းတွေက လူငယ်တွေထဲက ပေါ်ထွက်လာတာပဲ။ ငါ ဓားတာအိုကို နှစ်ပေါင်း တစ်သောင်းကျော် လေ့ကျင့်လာခဲ့ပြီးပြီ။ အခု ဒီလူငယ်လေးလောက်တောင်
မသန်မာတော့ဘူး။"
ဤစကားကို ကြားသောအခါ ကျန်းရူယွီနှင့် အခြားသူတို့သည် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်လျက် လုရီအား ကြည့်နေကြသည်။
သူတို့သည် လုရီ၏ ဓားတာအိုကျင့်ကြံမှု အားကောင်းကြောင်း .. သိကြသော်လည်း သူတို့အကြား ကွာခြားချက်မှာ ကြီးမားလွန်းလှသဖြင့် ရှင်းလင်းစွာ နားမလည်နိုင်ကြ။
သို့သော် ယခုမူ သူတို့၏ အကြီးအကဲ မဟာယာန အဆင့် ထူးခြားသော ဓားကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏ ဓားတာအိုကျင့်ကြံမှုသည်
လုရီထက် သိပ်မသာလွန်ကြောင်း ပြောနေပါသလား။
တစ်ဦးက နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံခဲ့ပြီး၊ နောက်တစ်ဦးက နှစ်တစ်ရာပင် မပြည့်သေး။ တစ်ဦးက ကြီးမြတ်သော မဟာယာန ကျင့်ကြံသူ ဖြစ်ပြီး၊ နောက်တစ်ဦးမှာ အခြေတည်ဝိညာဉ်နယ်ပယ်သို့ အခုမှ ထိုးဖောက်ဝင်ရောက်ခဲ့သူ ဖြစ်သည်။
သူတို့၏ ဓားတာအို ပိုင်နက်များ အလွန်နီးစပ်နေခြင်းသည် နတ်ဓားဂိုဏ်း၏ တပည့်များကို တုန်လှုပ်စေခဲ့သည်။
လုရီသည် လူငယ်မျိုးဆက်၏ ဘောင်ကိုကျော်လွန်၍ အခြားအဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီဟုပင် ထင်ရလေသည်။
...
လုရီနှင့် အခြားသူများသည် ခဏတာ စကားစမြည် ပြောဆိုပြီးနောက် အသီးသီး အနားယူရန် ပြန်သွားကြတော့သည်။
မည်သို့ပင်ဆိုစေ အပျက်အစီးမှာ မပွင့်သေး၊ အဓိက အင်အားစုများသည် ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေကြဆဲ ဖြစ်ပြီး အပျက်အစီးအတွင်းသို့ ဝင်ရောက်ရန် အချိန်မကျသေးပေ။
ထိုနေ့တွင် လုရီနှင့် ကောင်းကင် နဂါးသူတော်စင်သားတော်တို့၏ ကမ္ဘာမြေကို တုန်လှုပ်စေသော တိုက်ပွဲသတင်းသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင် နဂါးသူတော်စင်သားတော်သည် အခြေတည်ဝိညာဉ်နယ်ပယ်တွင် ကောင်းကင် နဂါး ဒုတိယ အသွင်ပြောင်းခြင်းသိုင်းကို ကျင့်ကြံခဲ့ပြီး ကောင်းကင် နဂါး မြင့်မြတ်နယ်မြေ၏ ဂိုဏ်း အကာအကွယ် နတ်ဘုရား လက်နက် နဂါးလှံ၏ ကိုယ်ပွားကိုပင် အသုံးပြုခဲ့သော်လည်း လုရီ၏ ဓားအောက်တွင် ရှုံးနိမ့်ခဲ့ရသည်ဟူ၍...။
ကြေကွဲဖွယ် ရှုံးနိမ့်မှုဟုပင် ဆိုနိုင်သည်။
လုရီသည် ကျင့်ကြံမှု ရတနာကိုပင် မသုံးစွဲဘဲ တစ်ချက်တည်းဖြင့် ကောင်းကင် နဂါးသူတော်စင်သားတော်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ကောင်းကင် နဂါးသူတော်စင်သားတော် အသုံးပြုခဲ့သော နဂါးလှံကိုယ်ပွားသည်လည်း အဆင့်မြင့် ရတနာ အရည်အသွေးရှိ လေသည်။
ထိုနှစ်ဦးကြား ကွာခြားချက်မှာ အလွန်သိသာထင်ရှားသည်။
ကောင်းကင် နဂါးသူတော်စင်သားတော်အားအရှေ့ပိုင်းဒေသ၏ လူငယ်မျိုးဆက်တွင် အထွတ်အထိပ် ပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်ပါက
လုရီကိုမူ အရှေ့ပိုင်းဒေသရှိ သူ့ရွယ်တူများကြားတွင် သီးခြားအဆင့်အတန်းတစ်ခု၌ ရပ်တည်နေသူအဖြစ် မှတ်ယူနိုင်လေသည်။
မကြာမီပင် လုရီ၏ နာမည်သည် အရှေ့ပိုင်းဒေသ တစ်ခွင်လုံး ပျံ့နှံ့သွားပြီး ကျင့်ကြံသူတိုင်းနီးပါးသည် လူငယ်မျိုးဆက်၏ ဤစိတ်လှုပ်ရှားဖွယ် တိုက်ပွဲအကြောင်းကို ဆွေးနွေးပြောဆိုနေကြ တော့သည်။
သတိပြုရမည်မှာ သူတို့၏ တိုက်ခိုက်မှုများသည် ဟင်းလင်းပြင်ကိုပင် ဖြိုခွဲပစ်ခဲ့သည်။ ထိုသို့သော ဖျက်ဆီးနိုင်စွမ်းသည် နတ်ဘုရား အသွင်ပြောင်း အဆင့်ကျင့်ကြံသူများကြားတွင်ပင် အလွန်ရှားပါးသည်။
လုရီ၏ ကျော်ကြားမှုသည် အခြားဒေသများသို့ပင် စတင် ပျံ့နှံ့လာခဲ့သည်။
...
ဤအရာများ တစ်လျှောက်လုံး...လုရီကိုယ်တိုင်ကား စိုးရိမ်ပူပန်ခြင်း မရှိ။ သူ၏ အခန်းသို့ ပြန်ရောက်သည်နှင့် ပျော်ရွှင်စွာ ဆုလာဘ်များကို သိမ်းဆည်းလိုက် လေသည်။
အစစ်အမှန် နဂါး သွေးအဆီအနှစ် ငါးစက် အပြည့်ပင်။
၎င်းသည် အင်မော်တယ် သားရဲ၏
သွေးစစ်စစ် ဖြစ်သည်။ ဈေးကွက်တွင် တင်လိုက်ပါက ကောင်းကင်ဘေးဒဏ် အဆင့် ကျင့်ကြံသူ များပင် မနာလို ဖြစ်ရလိမ့်မည်။
သူသည် ၎င်းကို ချက်ချင်း အသုံးမပြုသေးပါ။
အကြောင်းမှာကား ဤနေရာတွင် အင်အားကြီး ပုဂ္ဂိုလ်များ အလွန်များပြားသဖြင့် အသုံးပြုပါက သိသိသာသာ ဆူညံသွားပြီး အာရုံစိုက်ခံရလေမည်။
ထို့အပြင် အပျက်အစီး နယ်မြေကလည်း မကြာမီ ဖွင့်တော့မည် မဟုတ်ပါလော။
လုရီသည် အပျက်အစီး ဖွင့်လှစ်ခြင်းကို လွဲချော်မည်စိုး၍ ယခု အခါ သမာဓိ မရှုမှတ်နိုင်သေးပေ။
....
မိတ်ဆွေများကြားမှ ပွဲတော်...,
နောက်နေ့ နံနက်စောစောတွင် လုရီသည် သူ၏ နေအိမ်မှ ထွက်လာသည်နှင့် ဖုန်းပုမင်နှင့်
အင်ပါယာဓားဂိုဏ်းမှ ထူးချွန်သော တပည့်အချို့က သူ့ကို ပွဲတစ်ခုသို့ ဖိတ်ကြားရန် လာရောက်ကြသည်ကို ကြားလိုက်ရသည်။
ဖုန်းပုမင်က သူ့ကို နှုတ်ဆက်လိုက်သည်။
အင်မော်တယ် မဏ္ဍပ်တွင် ခမ်းနားသော ပွဲတစ်ပွဲကို ကြိုတင်မှာယူပြီးသား ဖြစ်သည်။
လူတိုင်း ဝိုင်ခွက်ချင်း တိုက်ပြီး ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်နေချိန်တွင်
ဖုန်းပုမင်က လုရီဆီ ဝိုင်ခွက်မြှောက်၍ ပြောလိုက်သည်။
"ညီလေးလုမှာ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းတွေနဲ့ အံ့မခန်း တိုက်ခိုက်နိုင်စွမ်းတွေ ရှိတယ်။ မင်းရဲ့ မနေ့က တိုက်ပွဲက တကယ်ပဲ ကျေနပ်စရာ ကောင်းတယ်ကွာ.."
အင်ပါယာ ဓားဂိုဏ်းမှ ထူးချွန်သော ဓားကျင့်ကြံသူ လင်းယွီကလည်း ကျယ်လောင်စွာ ရယ်မော၍ ချီးကျူးသည်။
"ဟုတ်တယ်၊ လုညီလေးက တအားကို ထူးချွန်တာပဲ! အဲဒီ ကောင်းကင်နဂါး သူတော်စင် သားတော်က တအားကို မောက်မာတာကွ.. သူ လွန်ခဲ့တဲ့ နှစ်နှစ်က ငါတို့ အင်ပါယာဓားဂိုဏ်းကို လာပြီး ပြဿနာတွေ အများကြီး ရှာခဲ့တာ။ အခု.. သူခံရသင့်တာကို ခံရတာပဲ!"
ထိုစဉ်က ကောင်းကင်နဂါး သူတော်စင် သားတော်သည် အင်ပါယာဓားဂိုဏ်း၏ ထူးချွန်သူများစွာကို အနိုင်ယူခဲ့ပြီး လင်းယွီပင်လျှင် တစ်ချက်တည်းဖြင့် နှိမ်နင်းခြင်း ခံခဲ့ရကာ သူ၏ ဓားနှလုံးသားကိုပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသဖြင့် ကောင်းကင်နဂါး သူတော်စင် သားတော်အပေါ်
မကျေနပ်မှုများ ရှိနေခြင်းမှာ သဘာဝပင်။
ဖုန်းပုမင်က စိတ်မကောင်းစွာ မြည်တမ်းသည်။
"ကောင်းကင်နဂါး သူတော်စင် သားတော်က တကယ်ကို အံ့မခန်း ခွန်အားရှိတယ်။ ငါ သူ့ရဲ့ ရှစ်ချက် ထိုးနှက်မှုကို ခံခဲ့ရပြီး အခုထိ အမှတ်ရနေတုန်းပဲ။"
ဖုန်းပုမင်သည် ထိုအချိန်က ရရှိခဲ့သော ဒဏ်ရာဟောင်းကြောင့် နံရိုးတစ်ချောင်း နာကျင်နေဆဲ ဖြစ်ပါသည်။
ဝမ်ချီဖုန်းက ဖုန်းပုမင်နှင့် ဝိုင်ခွက်ချင်း တိုက်ရင်း ရယ်မောလိုက်သည်။ သူက ဆိုသည်။
"ငါက နည်းနည်း ပိုကောင်းတယ်။ ဆယ်ချက်အထိ ခံနိုင်ခဲ့တယ်။"
ဖုန်းပုမင်၏ မျက်နှာမှာ တင်းမာသွားပြီး
ဆွံ့အသည့် ဟန်ဖြင့် ပြောသည်။
"ငါလည်း အသက်နဲ့လဲပြီး တိုက်ခဲ့ရင် ဆယ်ချက်အထိ ခံနိုင်မှာပဲ..မင်း..ဒယ်အိုးက ရေနွေးအိုးကို အရောင်မည်းတယ်လို့ လာပြောနေတာလားကွ"
ထိုနှစ်ဦး ရန်ဖြစ်နေသည်ကို မြင်သောအခါ
လုရီ မတတ်သာစွာ ပြုံးလိုက်ပြီး မေးသည်။
"ဒါနဲ့၊ အစ်ကိုတို့ ..အပျက်အစီး နယ်မြေရဲ့ အခြေအနေ ဘယ်လိုလဲ..။ ဘယ်တော့ ဖွင့်မှာလဲဗျ။"
အခုမှ ရောက်လာခဲ့သော အပျက်အစီး တည်ရှိရာနေရာကို သွားရောက်ကြည့်ရှုခြင်း မရှိသေးသူ လုရီသည် မည်သည့်အချိန်တွင် ဝင်ရောက်နိုင်မည်ကို အလွန် စိတ်ဝင်စားနေသည်။
မည်သို့ပင် ဆိုစေကာမူ ၎င်းသည် သူ ရရှိနိုင်မည့် နောင်အနာဂတ် ကျင့်ကြံခြင်း နည်းလမ်းများနှင့် သက်ဆိုင်နေသောကြောင့်ပင်။
အခန်း၂၄၆- အင်မော်တယ် အခင်းအကျင်း ပြိုကွဲပြီ ...
~"အင်မော်တယ် ဂိုဏ်းတော်ကြီးတွေနဲ့၊ ဩဇာတိက္ကမ ကြီးမားတဲ့ မဟာဂိုဏ်းအသီးသီးက ခေါင်းဆောင်အပေါင်းတို့ဟာ ဒီကိစ္စကို နက်နက်နဲနဲ ဆွေးနွေး တိုင်ပင်နေကြတယ်.. သေချာတိကျတဲ့ အဖြေတစ်ခုတော့ အခုထိ မထွက်ပေါ်သေးပေမယ့်၊ မကြာခင်တော့ ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါရဲ့" ဟု ဝမ်ချီဖုန်းက ညင်သာစွာ ဆိုလိုက်သည်။
ဖုန်းပုမင်က
"ဒီအမွေအနှစ် အပျက်အစီး(ရတနာဂူ)ထဲမှာ တန်ဖိုးဖြတ်မရတဲ့ ရတနာတွေ၊ ဆန်းကြယ်တဲ့ ကျင့်စဉ်ပစ္စည်းတွေ အများအပြား ကိန်းဝပ်နေမယ်လို့ ယူဆရတယ်။ ဒါကြောင့်လည်း ဩဇာအာဏာအရှိန်အဝါ ကြီးမားတဲ့ ဂိုဏ်းတိုင်းက အလွန်အမင်း တန်ဖိုးထား စောင့်ကြည့်နေကြတာပေါ့။ အရေးအကြီးဆုံးကတော့ ရတနာဂူရဲ့ အပြင်ဘက်မှာ ရှေးဟောင်းခေတ် ကတည်းက ရှိခဲ့တဲ့ အခင်းအကျင်း ပုံစံတွေ ကျန်ရှိနေသေးတာပဲ။ အဲ့ဒီအခင်းအကျင်းတွေက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ အင်မော်တယ်ဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း နဲ့တောင် အင်အားချင်း နှိုင်းယှဉ်နိုင်လောက်တဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီလောကမှာ အစွမ်းအထက်ဆုံး အခင်းအကျင်း ပညာရှင်တွေတောင် ဒါကို ဖျက်ဆီးဖို့၊ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးရလိမ့်မယ်" ဟု
တည်တည်ငြိမ်ငြိမ် ရှင်းပြလာသည်။
ဤစကားကို ကြားရသောအခါ လုရီ၏ မျက်ခုံးအစုံတို့သည် အလိုလို တွန့်ချိုးသွားခဲ့ပြီး
"ဒီတော့ကာ... ကျွန်တော်တို့က နှစ်နဲ့ချီပြီး စောင့်ဆိုင်းနေရတော့မှာလားဗျာ" ဟု စိတ်မရှည်စွာ မေးလိုက်မိသည်။
"အဲဒီလောက်ထိတော့ စောင့်ဆိုင်းနေစရာ မလိုပါဘူး" ဟု ဝမ်ချီဖုန်းက ပြန်လည် ဖြေရှင်းပေးသည်။
"ဒီအခင်းအကျင်း စနစ်က ကာလကြာရှည်တဲ့ ဒဏ်ကို ခံခဲ့ရတာရယ်၊ ပြုပြင်ထိန်းသိမ်းမှု မရှိတာရယ်ကြောင့် ချို့ယွင်းချက်တွေ အများအပြား ဖြစ်ပေါ်နေပြီ။ မကြာခင် သူ့အလိုလို ပြိုကွဲပျက်စီးသွားတော့မှာပါ။ ဒီလိုမှ မဟုတ်ရင် ဒီနေရာမှာ ရတနာဂူရှိနေတယ်ဆိုတာကို ငါတို့ ဘယ်လိုမှ သိရှိနိုင်မှာ မဟုတ်ဘူးလေ"။
ဤစကားတို့ကြောင့် လုရီ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုတို့ လုံးဝ ပြေလျော့သွားကာ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ အကယ်၍ သူသာ ဤနေရာ၌ နှစ်အနည်းငယ်မျှ စွဲမြဲနေထိုင်ရမည်ဆိုလျှင်၊ စိတ်ကိုမည်မျှပင် တင်းထားစေကာမူ သည်းခံနိုင်မည် မဟုတ်ပေ။
ထိုညတွင် အဖွဲ့သားများသည် ညဉ့်နက်သည်အထိ ပျော်ရွှင်စွာ ရယ်မောပြောဆို၍ သောက်စားကြပြီးမှ မိမိတို့ ခေတ္တနားခိုရာသို့ ပြန်ခဲ့ကြလေသည်။
---
ကျင့်ကြံသူတို့ စုဝေးရာ ..ဟန်ချန် ရှေးဟောင်းမြို့...
နောက်ရက်များသို့ ရောက်သောအခါ..
ဟန်ချန် ရှေးဟောင်းမြို့တော်ထဲမှာ ကျင့်ကြံသူတို့၏ အရေအတွက်သည် မြစ်ရေအလျဉ်နှယ်
တရွေ့ရွေ့ တိုးပွားလျက်ရှိနေသည်။
ရတနာဂူ တည်ရှိမှု သတင်းက အရှေ့ နယ်ပယ်တစ်ခုလုံးကို မီးလျှံနှယ် လျှပ်တစ်ပြက် ပြန့်နှံ့သွားခဲ့ရာ၊ ကံကြမ္မာကို စမ်းသပ်လိုသော ကျင့်ကြံသူများ အသုတ်လိုက်၊ အသုတ်လိုက် ရောက်ရှိလာကြခြင်းပင် ဖြစ်ပေသည်။
အရှေ့ နယ်ပယ်အနှံ့အပြားမှ အင်အားကြီးမားလှသော ဂိုဏ်းကြီးများသည်လည်း မိမိတို့၏ ကိုယ်စားလှယ်များ၊ အထင်ကရ ပုဂ္ဂိုလ်များကို စေလွှတ်ခဲ့ကြ၏။ တစ်ခါတလေ လုရီသည် လေထုထဲ၌ပင် အင်မတန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ၏ လှိုင်းလုံးများကို အားပြု၍ ခံစားသိရှိနေရ၏။ သူတို့အားလုံးမှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ကျော်လွန်ပြီးသား မဟာကျင့်ကြံသူကြီးများသာ ဖြစ်ကြလေသည်။
တစ်နေ့တွင် ရွှေရောင်အလင်းတန်းတစ်မျှင်သည် ကောင်းကင်ယံကို ဖြတ်၍ ဟန်ချန် ရှေးဟောင်းးမြို့တော်ဆီသို့ လျင်မြန်စွာ ဦးတည်ဆင်းသက်လာရာ၊ မြို့တွင်းရှိ ကျင့်ကြံသူအများအပြား၏ စိတ်အာရုံကို လုံးဝ ဖမ်းစားသွားလေသည်။
၎င်းသည် ချီလင်နှင့်တူသော ရွှေရောင် ထူးခြားသားရဲ လေးကောင် ဆွဲသော တော်ဝင်ရထားလုံးကြီး ဖြစ်၏။ ၎င်းသားရဲ၏ အင်အားတစ်ခုတည်းကပင် ကြောက်မက်ဖွယ်ကောင်းလှကာ၊ နတ်ဘုရားအသွင်ပြောင်း နယ်ပယ် အဆင့်၌ ရှိနေ၏။
အင်မော်တယ် ဂိုဏ်းတော်ကြီး မြင့်မြတ်နယ်မြေနှင့်တူသော စစ်မှန်သည့် မဟာအင်အားစုများမှသာ ဤကဲ့သို့သော တော်ဝင်ရထားလုံးမျိုးကို ပိုင်ဆိုင်ကြပေလိမ့်မည်။
ဓားနတ်ဘုရားဂိုဏ်းမှ ကျန့်ရူယွီ၊ လုရီ၊ တင်းချင်းတို့ အစရှိသော ကျင့်ကြံသူများလည်း သတိပေးခံရ၏။
ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသော ရထားလုံးကို ကြည့်ရင်း တင်းချင်းက
မျက်မှောင်ကြုံ့ကာ တည်ကြည် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ရွှေအကြေးခွံရှိတဲ့ သားရဲလေးကောင်ဆွဲတဲ့ ရထားလုံး... ဒါက ဗဟိုနယ်မြေက ကောင်းကင်နန်းတော်က အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ရောက်လာတာပဲ။ ဗဟိုနယ်မြေကပါ လူတွေ စေလွှတ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... ဒီကိစ္စ ရှုပ်ထွေးနိုင်တယ်"။
"ကောင်းကင်နန်းတော်နန်းတော်... ဒါက ရှေးအကျဆုံး အင်မော်တယ်ဂိုဏ်းတော်ကြီးတွေထဲက တစ်ခု မဟုတ်ဘူးလား" လုရီ အံ့အားသင့်စွာ မေးလိုက်၏။ သူ့မျက်ဝန်းများတွင် မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ပေါ်လာသည်။
ထျန်းမင် တစ်ခုလုံးတွင် အရှေ့မြောက်၊ အနောက်တောင်၊ ဗဟိုနှင့် နယ်မြေကြီးငါးခု အပါအဝင်၊ နယ်မြေတစ်ခုစီ၌ အင်မော်တယ်ဂိုဏ်းတော်ကြီးများနှင့်တူသော ထိပ်တန်းအင်အားစုများ တည်ရှိပြီး၊ ယင်းတို့သည် အင်မော်တယ်များကို ပေါ်ထွက်စေခဲ့ဖူးပေသည်။
ကောင်းကင်နန်းတော်သည် ဗဟိုနယ်မြေတစ်ခုလုံး၏ ထိပ်တန်း ဧရာမအဖွဲ့အစည်းပင်။
နှစ်ပေါင်း တစ်ဆယ်သန်းကျော် သက်တမ်းရှိသည်ဟု ဆိုကြသည်။ ၎င်းသည် မည်သို့
ဆိုလိုသနည်း။ သူ၏ ယခင်ဘဝတွင် လူသားများပင် ကမ္ဘာပေါ်၌ ပေါ်ပေါက်လာခြင်း မရှိသေးပေ။
ဤလောက၌ အားအနည်းဆုံး အင်မော်တယ်တစ်ပါးသည်ပင် နှစ်ပေါင်းတစ်သန်း အသက်ရှင်နိုင်သည်ဆိုလျှင် ကောင်းကင်နန်းတော်သည် နှစ်ပေါင်း တစ်ဆယ်သန်းကျော် တည်ရှိနေခြင်းသည် အနည်းဆုံး အင်မော်တယ်ဆယ်ပါး သို့မဟုတ် ထို့ထက်ပို၍ များပြားသော
အင်မော်တယ်များ တည်ရှိနေခြင်းကို ညွှန်ပြနေပေသည်။
ဤသည်ကား အားအနည်းဆုံး အင်မော်တယ်သာ ဖြစ်၏။ နတ်ဘုံနန်းတော်၌ ပိုမိုအားကောင်းသော အင်မော်တယ်များ ရှိ၊ မရှိ မည်သူ သိနိုင်မည်နည်း။
ထိုသို့သော ရှေးကျ၍ သက်တမ်းရှည်လျားသော အင်မော်တယ် ဂိုဏ်းတော်ကြီး၏ အင်အားကြီးမားပုံကို စိတ်ကူးနှင့်သာ မှန်းဆနိုင်တော့သည်။
အရှေ့ နယ်ပယ်ရှိ အင်မော်တယ်ဂိုဏ်းတော်ကြီးများအားလုံးသည် ရုတ်တရက် သတိပေးခံရသကဲ့သို့ ဖြစ်သွားပြီး အနည်းငယ် စိုးရိမ်ပူပန်မှု အရိပ်အယောင်တို့က မျက်နှာတွင် ထင်ဟပ်လာကြ၏။
ထိုညတွင်ပင် အလွန်အမင်း အစွမ်းထက်သော အရှိန်အဝါတို့သည် ကောင်းကင်နန်းတော်
တည်ရှိရာနေရာသို့ ချဉ်းကပ်လာကြသည်။
ဆွေးနွေးတိုင်ပင်မှု တစ်ပတ် ကြာပြီးနောက် နှစ်ဖက်စလုံး ငြိမ်သက် အေးချမ်းသွားကြလေသည်။
---
ထိုရက်အနည်းငယ်၏ ညများအတွင်းမှာ ရွှေရောင်အလင်းတန်းတစ်ခု ဟန်ချန် ရှေးဟောင်းမြို့တော်၏ အပြင်ဘက်တွင် ရုတ်တရက် တောက်ပလာ၏။ သူ့အခန်းထဲ၌ တင်ပလ္လင်ခွေ ထိုင်နေသော လုရီ၏ ဒန်တျန် ထဲမှ အခြေတည်ဝိညာဉ်ပေါ်၌ လွင့်မျောနေသော အင်မော်တယ်ဓားမျိုးစေ့ သည် ပြင်းထန်စွာ တုန်ခါလာတော့သည်။
အင်မော်တယ် ဓားမျိုးစေ့ကို အင်မော်တယ်
တာအိုပုံစံများက ဝိုင်းရံထားပြီး၊ အလွန်နက်နဲဆန်းကြယ်သည့် ဝိညာဉ် အရှိန်အဝါ တစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေ၏။
လုရီ လန့်နိုးသွားပြီး ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် အခန်းထဲကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ၌ ပေါ်လာတော့သည်။
ညကောင်းကင်ယံ၌ လုရီအပြင်၊ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ဆက်တိုက် ပေါ်လာပြီး လေထဲ၌ လွင့်မျောနေကြ၏။ သူတို့အားလုံးသည်
မငြိမ်မသက်ဖြစ်မှုကို ပထမဦးဆုံးအကြိမ်တွင်ပင် သိရှိခဲ့ကြသော ထူးခြားစွာ အင်အားကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော အာရုံခံစွမ်းရည်ဘရှိသူများ ဖြစ်သည်။
လုရီ လေထဲ၌ ပေါ်လာသောအခါ၊ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်အချို့က သူ့ကို ဖိစီးသကဲ့သို့ ဖြတ်သန်းသွားသည်။
တင်းချင်းသည် လုရီဘေး၌ ရုတ်ခြည်း ပေါ်လာပြီး သူ့ကို မြင်သောအခါ အနည်းငယ် အံ့သြသွားကာ
"ကလေးလု၊ မင်းရဲ့ အာရုံခံနိုင်စွမ်း ဒီလောက် ထက်မြက်ပြီး လျင်မြန်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
လုရီက ပြုံးလျက် "နည်းနည်းလေးပဲ ခံစားသိရှိမိတာပါ" ဟု နှိမ့်ချစွာ ပြန်ဖြေလိုက်လေသည်။
အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ရာ ဟန်ချန် ရှေးဟောင်းမြို့တော်၏ အပြင်ဘက် ကောင်းကင်စွန်း၌ ရွှေရောင်အလင်းတန်းသည် တဖျတ်ဖျတ် တောက်ပနေ၏။
လုရီ၏ ကိုယ်တွင်းရှိ အင်မော်တယ် ဓားမျိုးစေ့သည် ပိုမိုပြင်းထန်စွာ တုန်ခါနေတော့သည်။
သူသည် ထိုနေရာသည် အင်မော်တယ် ဓားဂိုဏ်း၏ ရတနာဂူ ဖြစ်သည်ဟု သေချာစွာ ပြောနိုင်ခဲ့သည်။
လုရီ အနည်းငယ် စိတ်လှုပ်ရှားလာပြီး၊ ပြီးပြည့်စုံသော အင်မော်တယ် ဓားကျင့်စဉ်ကျမ်းကို ရရှိရန် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်ဟု တွေးမိသည်။
သူ စိတ်ဝင်တစား မေးလိုက်သည်။
"အကြီးအကဲတင်း.. အဲဒါ ရတနာဂူဘက်ကလားဗျ"
တင်းချင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာက တည်ကြည်နေသည်။
"အဲဒါ ရတနာဂူဘက်ပဲ။ လက်ရှိ ကမောက်ကမဖြစ်မှုနဲ့ ဝိညာဉ်စွမ်းအင်တွေ ရုတ်တရက် မြင့်တက်လာမှုကြောင့် အခင်းအကျင်းက မကြာခင် ပြိုကွဲတော့မှာ ဖြစ်နိုင်တယ်"။
လုရီ ခေါင်းနည်းနည်းညိတ်လိုက်ရာ သူ့၏ မျှော်လင့်ချက်များ ပိုမိုတိုးပွားလာခဲ့သည်။
မကြာမီပင် ကျင့်ကြံသူများ ပိုမိုများပြားစွာ ပေါ်လာကြသည်။ ကျန်းရူယွီ၊ ဝမ်ချီဖုန်းနှင့် အခြားသူများလည်း ပါဝင်ပြီး၊ ထိုဝေးကွာသော ရွှေရောင်အလင်းတန်း တောက်ပနေသည့် ဒေသကို မျှော်လင့်တကြီး စောင့်မျှော်နေကြ၏။ ကျင့်ကြံသူများစွာသည် ကောင်းကင်ယံသို့ပင် တက်ရောက်၍ အခြေအနေကို စစ်ဆေးရန် ထိုဘက်သို့ ဦးတည်သွားကြသည်။
ဤညသည် မည်သူမျှ မျက်တောင်တစ်ချက်မျှ
မခတ်နိုင်၊ အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်ရန် ကံကြမ္မာက ဖန်တီးခဲ့ပေသည်။
နောက်နေ့မနက်တွင် ရတနာဂူနေရာမှ သတင်းစကား ကြားသိရသည်။
အခင်းအကျင်းသည် ပြိုကွဲတော့မည် ဖြစ်ကြောင်းပင်။
တင်းချင်းသည် ချက်ချင်း မနှောင့်နှေးဘဲ ဆုံးဖြတ်ချက်ချကာ လုရီအပါအဝင် ဓားနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများကို ရတနာဂူဘက်သို့ ဦးဆောင် ခေါ်ဆောင်သွားသည်။
သူတို့တင်မက၊ အင်ပါယာဓားဂိုဏ်း၊ ကောင်းကင် နဂါး နယ်မြေနှင့် အခြားသော အင်အားကြီးဂိုဏ်းများမှ ကျင့်ကြံသူများလည်း ရတနာဂူဆီသို့ တသုတ်ပြီးတသုတ် ထွက်ခွာခဲ့ကြသည်။ ထို့အပြင် တကိုယ်တော် ကျင့်ကြံသူအများအပြားလည်း ဝင်ရောက်ရန် စီစဉ်နေကြ၏။
ရတနာဂူနေရာသည် ဟန်ချန် ရှေးဟောင်းမြို့တော်မှ မဝေးလှပေ။ ကီလိုမီတာ ရာဂဏန်းအနည်းငယ်သာ ကွာဝေးပြီး သူတို့၏ လျင်မြန်သော အရှိန်အဟုန်နှင့်ဆို မကြာမီ ရောက်ရှိသွားနိုင်သည်။
ရတနာဂူ တည်ရှိရာ နေရာသည် လူသူဆိတ်သုဉ်းသော တောရိုင်းမြေ တစ်ခု ဖြစ်သည်။ ထိုတောရိုင်းထဲမှ တောင်ကုန်းငယ်တစ်ခုပေါ်တွင် ထူထပ်ရှုပ်ထွေးသော အခင်းအကျင်း ပုံစံများသည် ကောင်းကင်ယံကို ပြည့်နှက်နေပြီး ရွှေရောင်အလင်းများ တောက်ပနေ၏။