အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အခန်း၂၅၀-လူသတ် အခင်းအကျင်းကို လက်ညှိုးတစ်ဆစ်ဖြင့် ပြောင်းလဲခြင်း...
~ဤအချိန်၌ လုရီသည် သူ၏ အခင်းအကျင်းပညာ မည်မျှအထိ အစွမ်းထက်ကြောင်း အပြည့်အဝ မသိသေးပေ။
သို့သော် ကြမ်းပြင်နှင့် နံရံများပေါ်ရှိ အခင်းအကျင်းတို့သည် လုရီ၏ မျက်လုံးရှေ့တွင် ပွင့်လင်း ထင်ရှားလှသည်။
၎င်းတို့သည် ၁+၁=၂ ဟူသော သင်္ချာညီမျှခြင်းပမာ ရိုးရှင်းလှပြီး၊ တွက်ချက်ရန် မည်သည့်အားထုတ်မှုမျှ မလိုအပ်ပေ။
သူသည် ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းသွားရာ၊ မကြာမီပင် အခြားကျင့်ကြံသူတို့ကို နောက်ချန်ခဲ့သည်။ နတ်ဓားဂိုဏ်းနှင့် အင်မော်တယ်
ဓားဂိုဏ်းမှ တပည့်တို့ကို ဦးဆောင်လျက် ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားလေသည်။
အခြားကျင့်ကြံသူတို့သည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ အံ့ဩခြင်းများဖြင့် ပြည့်နှက်သွားကြသည်။
"ဟာ..ဟိုမှာ မွေးရာပါ ဓားအင်မော်တယ် မဟုတ်ဘူးလား!" ဟု တစ်စုံတစ်ဦးက ရေရွတ်လိုက်သည်။
"သူများ ဒီလောက်အေးအေးလေး ဖြတ်သွားတာ၊ လူသတ် အခင်းအကျင်းတွေဆိုတာ သူ့ကို ဘာမှ မလုပ်နိုင်ဘူး။ ဆိုတော့..အခင်းအကျင်းတာအိုမှာပါ ပိုင်နိုင်နေတာလား"
ဟု နောက်တစ်ဦးကလည်း စူးစမ်းစွာ ပြောဆို၏။
"မှတ်တယ်၊ သေချာပေါက် စွမ်းဖွဲ့တာအိုကို ကျွမ်းကျင်တာပဲ။ လူသတ် အခင်းအကျင်းတွေကို မြင်တဲ့အရှိန်က အရမ်းမြန်တယ်။ ငါတို့ထက် အများကြီးသာနေတာ။ ဒီက အခင်းအကျင်းတွေက အပြင်က ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းလောက် မခက်ပေမဲ့၊ ဒါတွေက ထူးခြားနေတုန်းပဲလေ . သူက နည်းနည်းလေးတောင် မရပ်နားဘူး။" ဟု အချို့သော ကျင့်ကြံသူတို့က အချင်းချင်း ဆွေးနွေးကြသည်။
"လူရော ဟုတ်ရဲ့လား။ သူ့ဓားတာအိုနယ်ပယ်က ကြီးကျယ်တဲ့ မဟာယာနနဲ့တောင် ယှဉ်နိုင်တယ်ပြောကြတယ်၊ အခင်းအကျင်း တာအိုကလည်း ဒီလောက် ကြောက်စရာ ကောင်းနေတာလား။" ဟု အချို့က တအံ့တဩ ဟစ်ကြွေးလိုက်ကြသည်။
အချို့သော ထက်မြက်သည့် ကျင့်ကြံသူတို့သည် တစ်စုံတစ်ရာကို ရိပ်မိသွားဟန်တူသည်။ သူတို့၏ မျက်လုံးများ လျှပ်တစ်ပြက် လင်းလက်သွားပြီး၊ လုရီ လျှောက်လှမ်းသွားသည့် လမ်းကြောင်းအတိုင်း တိတ်ဆိတ်စွာပင် လိုက်ပါသွားကြလေသည်။ ၎င်းတို့သည် လူသတ် အခင်းအကျင်းကို မိမိဘာသာ ခွဲခြမ်းစိတ်ဖြာခြင်းကိုပင် စွန့်လွှတ်လိုက်ကြ၏။
မိမိတို့နောက်မှ ကျင့်ကြံသူတို့ ဤသို့ ပြုမူသည်ကို မြင်သောအခါ နတ်ဓားဂိုဏ်းနှင့်
အင်မော်တယ် ဓားဂိုဏ်းမှ တပည့်တို့၏
မျက်ခုံးတန်းများ တွန့်သွားကြသည်။
နတ်ဓားဂိုဏ်းမှ တပည့်တစ်ဦးသည် နောက်ကလိုက်ပါလာသော ကျင့်ကြံသူတို့ကို အေးစက်စွာ ကြည့်ကာ
"မင်းတို့ ငါတို့နောက် ဘာလိုက်လုပ်နေကြတာလဲ။ ဆက်လိုက်နေရင်တော့ ငါတို့ မယဉ်ကျေးတော့ဘူးနော်!" ဟု ပြတ်သားစွာ ပြောဆိုလိုက်သည်။
အချို့သော တကိုယ်တော် ကျင့်ကြံသူတို့သည် နတ်ဓားဂိုဏ်းတပည့်၏ အေးစက်သော အကြည့်ကြောင့် ကြောက်ရွံ့သွားဟန်ဖြင့် နောက်ဆုတ်မည့် အမူအရာများ ပြသကြသည်။
ထိုစဉ် မျက်မှောင်ကြုံ့လျက်ရှိသော လူငယ်
အခြေတည်ဝိဉာဉ် ကျင့်ကြံသူတစ်ဦးက
ချေပလာ၏။
"မင်းတို့ နတ်ဓားဂိုဏ်းက သိပ်အာဏာပြလွန်းတယ်။ ဒီလမ်းက မင်းတို့ ပိုင်တာမှ မဟုတ်တာ။ ငါတို့ ဘယ်သွားရမယ်ဆိုတာပါ မင်းတို့က လာစီမံလို့ ရလား"
ထိုလူငယ်ကျင့်ကြံသူသည် လေပြေပုံစံများဖြင့် အလှဆင်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့နောက်တွင် ကျင့်ကြံသူ အတော်များများ လိုက်ပါလာကြသည်။
"ဒါ ..လေမူလဂိုဏ်းက တပည့်ပဲ..."
ဟု လူအများက မှတ်မိလိုက်ကြ၏။
အင်မော်တယ် ဓားဂိုဏ်းကဲ့သို့ပင် လေမူလဂိုဏ်းသည် အရှေ့ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းများအနက် တစ်ခုဖြစ်သည်။ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ ကွာခြားမှုရှိပြီး၊ အကြီးဆုံးခြားနားချက်မှာ အမွေအနှစ်တွင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤထိပ်တန်းဂိုဏ်းများသည် အင်မော်တယ် တစ်ပါးကိုမျှ မွေးထုတ်နိုင်ခဲ့ဖူးခြင်း မရှိပေ။
လေမူလဂိုဏ်းတပည့်က စတင်ပြောဆိုသည်နှင့် လွတ်လပ်သည့် ကျင့်ကြံသူတို့၏ စိတ်များ လှုပ်ရှားလာပြီး၊ အားလုံး စတင်ပြောဆိုကြသည်။
"မှန်တာပေါ့! နတ်ဓားဂိုဏ်းက သိပ်အာဏာပြလွန်းတယ်။ အင်မော်တယ်ဂိုဏ်းက ဒီလို သားရဲဆန်ဆန်လုပ်လို့ရလား။ ဒီလမ်းက မင်းတို့ ပိုင်တာမလို့လား"
"မင်းတို့လည်း တာအိုရောင်းရင်းလုနောက်ကို လုံခြုံအောင် လိုက်တာပဲ မဟုတ်လား။ မင်းတို့နဲ့ ငါတို့နဲ့ ဘာထူးလို့လဲ!"
"..."
နတ်ဓားဂိုဏ်းနှင့် အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူတို့၏ မျက်နှာများ အေးစက်သွားကြသည်။ ဖုန်းပုမင်၏ ဓားသည် သူ့လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး၊ ကြီးကျယ်ခမ်းနားသော အင်ပါယာ ဓားစိတ်ဆန္ဒသည် လှိုင်းလုံးများပမာ စီးဆင်းလာကာ ဓားအလင်းအဖြစ် ပြောင်းလဲလျက် ဦးဆောင်နေသော လေမူလဂိုဏ်းတပည့်ဆီသို့ တဟုန်ထိုး တိုက်ခိုက်သွားသည်။
သူ၏ မူလသဘာဝသည် အာဏာဆန်ပြီး ရက်စက်ကြမ်းကြုတ်သူ ဖြစ်ရာ၊ လုရီကို ရင်ဆိုင်စဉ်က ပြသခဲ့သော နူးညံ့မှုနှင့် လုံးဝ ကွဲပြားသည်။ ဒုတိယ စကားတစ်ခွန်းမျှ မဆိုဘဲ
ဖုန်းပုမင်တိုက်ခိုက်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လေမူလဂိုဏ်းတပည့်၏ မျက်နှာအမူအရာ လေးနက်သွားပြီး၊ ဦးဆောင်ကျင့်ကြံသူသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ လေပြေမျှင်တို့ စုစည်းလာပြီး လေထဲတွင် ဝဲဂယက်များ ဖြစ်ပေါ်လာကာ
အင်ပါယာ ဓားအာရုံကို တားဆီးကာ ဖြည်းညင်းစွာ ကြေမွသွားစေသည်။
လေမူလဂိုဏ်း၏ ဦးဆောင်တပည့်၊ ဖုန်းပုရီသည် အေးစက်သော မျက်နှာဖြင့် ဖုန်းပုမင်ကို တိုက်ရိုက် မေးလိုက်သည်။
"ဖုန်းပုမင်၊ မင်း ငါနဲ့ တိုက်ခိုက်ချင်တာလား"
ဖုန်းပုမင် က လှောင်ပြောင်လျက်..
"ဖုန်းပုရီ၊ မင်းက တကယ့် မျက်နှာပြောင်ပဲ။ ငါတို့နဲ့ ညီအစ်ကိုလုနဲ့က ဘယ်လိုဆက်ဆံရေးလဲ မင်းသိရဲ့လား။ မင်းကရော။ မင်းနဲ့ ညီအစ်ကိုလုနဲ့ ဘာမှမဆိုင်ဘဲ ဘာလို့ လိုက်နေတာလဲ.."
ထိုစဉ် ဝမ်ချီဖုန်းလည်း ဓားကိုင်လျက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ဖုန်းပုရီကို
မကြည်မလင် ကြည့်လာသည်။
"ဖုန်းပုရီ၊ မင်း ငါတို့နဲ့ တကယ် ရန်ဖြစ်ချင်တာလား"
နတ်ဓားဂိုဏ်းနှင့် အင်မော်တယ်ဓားဂိုဏ်းမှ တပည့်များအကြားတွင် ဝိညာဉ်စွမ်းအင်များ စီးဆင်းကာ ဓားစိတ်ဆန္ဒများ ထိုးတက်လာသည်။
ဤမြင်ကွင်းကို မြင်သောအခါ ဖုန်းပုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤနေရာတွင် အားကောင်းသော ကျင့်ကြံသူများစွာ ရှိနေသော်လည်း၊ အများစုမှာ တကိုယ်တော်ကျင့်ကြံသူများဖြစ်ပြီး နတ်ဓားဂိုဏ်းနှင့်
အင်ပါယာ ဓားဂိုဏ်းမှ တပည့်များနှင့် အပြိုင်
မဖြစ်နိုင်ပေ။
ထို့အပြင်၊ နားမလည်နိုင်အောင် နက်နဲသော လုရီ လည်း ရှိနေသည် မဟုတ်လား။
ဖုန်းပုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် သူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။
"ကောင်းပြီ၊ ငါတို့ မလိုက်တော့ဘူး"
ထိုအခါမှ ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့ တည်ငြိမ်သွားကြပြီး၊ နတ်ဓားဂိုဏ်းနှင့် အင်ပါယာ
ဓားဂိုဏ်းမှ အခြားတပည့်များနှင့်အတူ လုရီနောက်သို့ ဆက်လက်လိုက်ပါသွားကြသည်။
လုရီသည် အလွန် တည်ငြိမ်သည်။ ထိုလူများ သူ့ကို မှီလာလျှင်ပင် မည်သည့် သက်ရောက်မှုမျှ မရှိဘဲ၊ သူသည် ၎င်းနှင့်ပတ်သက်၍ သိပ်စိတ်မပူပေ။
သူ၏ တစ်ခုတည်းသော ပန်းတိုင်မှာ အင်မော်တယ်ဓားကျမ်း၏ ပြည့်စုံသော ကျင့်ကြံမှုနည်းစနစ်ပင်။
သူသည် အဖွဲ့ကို မြန်ဆန်သော အရှိန်ဖြင့် ဦးဆောင်သွားရာ၊ တိုက်ရိုက် တဟုန်ထိုး ဖြတ်ကျော်နေသကဲ့သို့ပင် ဖြစ်နေသည်။
စင်္ကြံလမ်းသည် ကျယ်ဝန်းပြီး ရာနှင့်ချီသော မီတာအကျယ်ရှိသည်။ ၎င်း၏ အလျားကို ခန့်မှန်းရန် ခက်ခဲလှသည်။ အလှည့်အပတ်များနှင့် မည်သည့်နေရာသို့ ဦးတည်သည်ကို မသိနိုင်သော လမ်းခွဲများစွာလည်း အချိန်အခါအားလျော်စွာ ရှိနေတတ်ပြီး၊ ကြီးမားသော ဝင်္ကပါ တစ်ခုနှင့် တူညီနေသည်။
လုရီသည် အင်မော်တယ် ဓားစေ့၏ လမ်းညွှန်မှုကို ခံယူထားရသဖြင့် သူ၏ ခရီးစဉ်သည် လွယ်ကူလှပြီး ဓားစေ့ညွှန်ပြရာ အရပ်သို့ ရွေ့လျားသွားသည်။
မကြာမီပင် သူတို့သည် နက်ရှိုင်းစွာ ဝင်ရောက်သွားရာ၊ ရှေ့တွင် နတ်ဘုရား အသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူများ လှုပ်ရှားနေသည်ကို တွေ့မြင်လိုက်ရသည်။
သူသည် ကြံ့ခိုင်သော အရှိန်အဝါရှိသည့် အလယ်အလတ်အရွယ် အမျိုးသား တစ်ဦးဖြစ်သော်လည်း၊ သူ၏ အခင်းအကျင်း ပညာသည် ချို့တဲ့နေပုံ ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခြေလှမ်းအနည်းငယ်တိုင်းတွင် လူသတ် အခင်းအကျင်းများကို ထိခိုက်မိနေသောကြောင့် ဖြစ်သည်။ အလင်းတိုင်များနှင့် ဓားအလင်းများ ထပ်တလဲလဲ ဖြတ်သန်းနေစဉ် သူ့ကို ရပ်တန့်၍ ခုခံကာကွယ်ရန် အတင်းအကျပ် ဖိအားပေးနေ လေသည်။
ဓားအလင်းနှင့် အလင်းတိုင်များ၏ စွမ်းအားသည် အလွန်ပင် အားကောင်းလှရာ၊ ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းပင် စိုးရိမ် ပူပန်မှုများ ပြသလာကြသည်။
"ဒီလူသတ်အခင်းအကျင်းရဲ့ အင်အားက... အရင်ကထက် အများကြီး ပိုအားကောင်းနေတာလား" ဟု ဖုန်းပုမင်က တီးတိုးရေရွတ်လိုက်သည်။
ဝမ်ချီဖုန်းက ထပ်ဆင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒီစွမ်းအားက နတ်ဘုရား အသွင်ပြောင်း နယ်ပယ်ကို ရောက်နေပြီ။ အစောပိုင်းလမ်းက ဒီလောက် မပြင်းဘူး"
ထိုအခိုက်မှာ..ကျန်းရူယွီ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် လုရီ ဘက်သို့ ပြုံးလျက် ကြည့်ကာ ပြောလာ၏။
"ဒီခရီးတစ်လျှောက်လုံး ငါတို့ ဘယ်လူသတ်အခင်းအကျင်းကိုမှ မထိခိုက်မိတော့၊ ဒီအချက်ကိုတောင် သတိမထားမိကြဘူး"
အခြား တပည့်များလည်း သတိဝင်လာပြီး လုရီ ဘက်သို့ မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်ကြသည်။
လုရီက ပြုံးလျက် ပြောလိုက်သည်။
"ဒီက လူသတ် အခင်းအကျင်းတွေက
အပြင်ကဟာတွေထက် နည်းနည်း ပိုရှုပ်ထွေးတယ်။ ကျွန်တော် ထင်တာ မမှားရင် ပိုပြီး နက်နက် ဝင်လေ၊ လူသတ် အခင်းအကျင်းတွေက ပိုရှုပ်ထွေးလာလေပဲဗျ"
အခန်း၂၅၁- လူသတ် အခင်းအကျင်းကို လက်ညှိုးတစ်ဆစ်ဖြင့် ပြောင်းလဲခြင်း...
~ပရိသတ်အပေါင်းတို့သည် သူ့နှုတ်မှ ထွက်ကျလာသော စကားသံကို ကြားသည်နှင့်တစ်ပြိုင်နက် အထင်ကြီး လေးစားမိကြတော့လေသည်။
"နတ်ဘုရား အသွင်ပြောင်း အခင်းအကျင်း
နယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ညီအစ်ကိုလုက မြေပြန့်မှာ လမ်းလျှောက်သလို ပေါ့ပါးသွက်လက်လှတယ်။ အခင်းအကျင်း တာအိုကို ဒီလောက် နှံ့စပ်ပိုင်နိုင်တာက အထင်ကြီးစရာပါပဲ"
"ဟုတ်ပါရဲ့ဗျာ.. ထိုက်ရီ မြင့်မြတ်နယ်မြေရဲ့ သားမြေးတွေကြားမှာတောင် သူက ထူးချွန်ပြောင်မြောက်လှတဲ့ အငယ်တန်းတပည့်တွေမှာ ထိပ်ဆုံး ဖြစ်လိမ့်မယ်။"
လုရီသည် ခြောက်ကပ်စွာ ပြုံးရုံသာ တတ်နိုင်တော့သည်။
"အစ်ကိုတို့၊ ညီငယ်တို့..ကျွန်တော့်ကို သိပ်မြှောက်ပင့်မနေပါနဲ့။ နည်းနည်းပါးပါးပဲ နားလည်တာပါဗျာ။"
ထိုအခိုက်အတန့်၌ နတ်ဓားဂိုဏ်းမှ တပည့်တစ်ဦးက မျက်လုံးပြူးပြူးဖြင့် "ဟေ့၊ ဟိုဘက်ကို မြန်မြန် ကြည့်ကြဦး!" ဟု ဟစ်အော်လာသည်။
လူအုပ်စုသည် တုန်လှုပ်သွားကာ လှည့်ကြည့်လိုက်ကြ၏။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ ရှေ့...
စင်္ကြံလမ်း၏ တစ်ဖက်ခြမ်းတွင် သတ္တုလက်များ၊ ပေါင်များ၊ ရင်ဘတ်အပိုင်း နှင့် ခြေထောက်အကျိုးအပဲ့များ ပြန့်ကျဲနေသည်ကို တွေ့မြင်လိုက်ရ၏။ ၎င်း၏ ကျိုးပဲ့သော အစွန်းများမှ
မှိန်ဖျော့သည့် အစိမ်းရောင် အလင်းစက်တို့
တောက်ပနေသည်ကို တွေ့မြင်လိုက်ကြရ၏။
"အဲဒါ... မြစိမ်းရောင် သံမဏိ မဟုတ်လား! ဒါက အဆင့်မြင့် မှော်လက်နက်တွေ ထုတ်လုပ်ဖို့ သုံးတဲ့ ကောင်းကင်ဘုံ ပစ္စည်းပဲ။ လက်နက်ပညာရှင်တစ်ဦးသာရှိရင် အဆင့်နိမ့် ရတနာတောင် ဖန်တီးနိုင်တယ်။ တကယ်ကောင်းတဲ့ ပစ္စည်းပဲ။"
"ဟိုသတ္တုကိုယ်ထည်တွေက... မြစိမ်းရောင် သံမဏိနဲ့ လုပ်ထားတဲ့ ရုပ်သေးတွေလား။ အင်မော်တယ် ဂိုဏ်းရဲ့ ခမ်းနားကြီးကျယ်မှုကတော့...မျှော်လင့်ထားသလိုပါပဲ"
"ဒါတွေက အစောပိုင်းက ဝင်သွားတဲ့ စီနီယာတွေ ချိုးပစ်ခဲ့တာ ဖြစ်ရမယ်။ ဒီကောင်းကင်နဲ့မြေလောကရတနာတွေက သူတို့အတွက် အသုံးမဝင်တော့တာ ဖြစ်မယ်..အဲ့ဒါကြောင့် ကျန်ခဲ့တဲ့ အပိုင်းအစတွေကို ဘယ်သူမှ ဂရုမစိုက်ကြတာနေမှာ။"
လူအုပ်စုကြားတွင် စိတ်လှုပ်ရှားဖွယ် ရေရွတ်သံများ ထွက်ပေါ်လာပြီး မျက်နှာတို့၌ အံ့ဩဝမ်းမြောက်မှုတို့ ပြည့်နှက်နေကြသည်။
ပေါင်းစည်းခြင်း နယ်ပယ်နှင့် မဟာအောင်မြင်ခြင်းနယ်ပယ် ရှိသူများအတွက် ဤပစ္စည်းတို့သည် တန်ဖိုးရှိလှသည်ဟု မဆိုနိုင်သော်လည်း၊ အများဆုံး အခြေတည် ဝ်ိဉာဉ်နယ်ပယ်၊ ရွှေအူတိုင် နယ်ပယ် အဆင့်သာ ရှိသော ကျင့်ကြံသူများအတွက်မူ ရှားပါးသော ရတနာများ ဖြစ်ကြသည်။
မြစိမ်းရောင် သံမဏိ ပိုများများရှိလျှင် အဆင့်နိမ့် ရတနာကိုပင် သွန်းလောင်းနိုင်မည် ဖြစ်ချေသည်။
အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေမှ တပည့်များအကြားတွင်ပင် အခြေတည် ဝ်ိဉာဉ် နယ်ပယ်၌ အဆင့်နိမ့် လက်နက်ပိုင်ဆိုင်သူ အနည်းငယ်သာ ရှိချေသည်။
လူအုပ်စု၏ စိတ်လှုပ်ရှားမှုကို ကြည့်နေရင်း
လုရီ ၏ နှလုံးသား နက်ရှိုင်းရာအရပ်ဝယ်
မည်သည့် တောင့်တမှုမျှ ဖြစ်ပေါ်မလာပေ။ သူ၏ သိုလှောင် လက်စွပ် အတွင်း၌ ကောင်ူကင်နှင့် မြေကြီးရတနာ များစွာ ရှိပြီး၊ မြစိမ်းရောင် သံမဏိ များစွာလည်း ပါဝင်လေသည်။ ၎င်းတို့အားလုံးကို အမျိုးမျိုးသော အလုပ်များမှ ရရှိခဲ့ခြင်းပါ။
ယခင်ကသာဆိုလျှင် ဤမျှ တန်ဖိုးရှိလှသော ပစ္စည်းတို့အား လမ်းပေါ်၌ ပစ်ချထားခဲ့လျှင်ပင် သူက သတိပြုမိလိမ့်မည် မဟုတ်ပေ။
သို့တစေ၊ ကျန်းရူယွီ ကဲ့သို့သော လူများ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လုရီလည်း ပြုံးလိုက်ပြီး "ဒါဆိုရင် သွားယူကြပါဗျာ" ဟု ပြောလိုက် လေသည်။
လုရီသည် ရှေ့သို့ တိုးကာ ထိုနေရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားသည်။ ကျန်းရူယွီ နှင့် အခြားသူများလည်း သူ့နောက်မှ တကောက်ကောက် လိုက်ပါသွားကြ၏။
သူ၏ နှလုံးသားထဲ၌ လုရီသည် သူ့တွင် ကောင်းကင်ပစ္စည်းများနှင့် မြေကြီး ရတနာများ အလွန်အမင်း များပြားနေခြင်းကို တစိမ့်စိမ့် တွေးနေမိ၏။
ရိုးရိုးသားသား ပြောရလျှင် ၎င်းတို့ကို သိမ်းထားခြင်းသည် သူ့အတွက် အသုံးမဝင်တော့ပေ။ ထို့ကြောင့် လက်နက် သွန်းလောင်းခြင်းကို လေ့ကျင့်ပြီး ဤရတနာများကို အသုံးချလိုက်ခြင်းက ပိုမိုကောင်းမွန်ပါလိမ့်မည်။
မဟုတ်ပါက ၎င်းတို့ကို လေလံတင်ရောင်းချခြင်းသည် အလုပ်ရှုပ်စရာ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရင်းမြစ်များ
မရှားပါးသောကြောင့် ဖြစ်၏။ ၎င်းတို့ကို မိမိကိုယ်တိုင် အသုံးပြု၍ အချိန်ဖြုန်းခြင်းက ပိုကောင်းပြီး၊ ဤလုပ်ငန်းစဉ်အတွင်း ..လက်နက် သွန်းလောင်းခြင်း စွမ်းရည်ပါ တိုးတက်လာနိုင်လေမလား မည်သူ သိနိုင်မည်နည်း။... ။
ဤသို့ စဉ်းစားမိသောအခါ လုရီသည် ပြန်ရောက်လျှင် စမ်းသပ်ကြည့်ရန် စီစဉ်လိုက်သည်။
ထိုစဉ် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူက ခန့်ညားသော အသံဖြင့် အော်ဟစ်လာသည်။
"ဟေ့ ကောင်လေးတွေ၊ ဒီ မြစိမ်းရောင် သံမဏိကို ငါ အရင် မြင်တာ။ မင်းတို့ ဘယ်လို လာလုနိုင်မှာလဲ"
လူအုပ်စုသည် တအံ့တဩ ဖြစ်သွားကြပြီးနောက် ဖုန်းပုမင်က ရယ်မောလျက်
"အကြီးအကဲ၊ ခင်ဗျား ပြောတာ မမှန်ဘူး။ ဒီ မြစိမ်းရောင် သံမဏိက ဘယ်သူ့ပစ္စည်းမှ မဟုတ်ဘူး။ ခင်ဗျား စကား တစ်ခွန်းတည်းနဲ့ ခင်ဗျား ပိုင်တယ်လို့ ပြောလို့ မရဘူးလေ။"
"ဟုတ်ပါတယ်၊ ဘယ်သူအရင်မြင်မြင်၊ အရင်မြင်သူ အပိုင်ဆိုရင်၊ ဒီပျက်စီးနေတဲ့ နယ်မြေကို ကျွန်မ အရင်မြင်တယ်လို့ ပြောလိုက်ရင် ဒါတွေအားလုံးက ကျွန်မအပိုင်လား"
ကျန်းရူယွီလည်း မျက်မှောင်ကြုံ့လျက်
"ပိုင်ရှင်မဲ့ ရတနာတွေက အရင်ဆုံး ရနိုင်တဲ့သူ ပိုင်တာပဲ။" ဟု ဆက်လက် ပြောလိုက်သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူက သူတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်သော်လည်း၊
လုရီ ကို မြင်သောအခါ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လေးနက်သွားသည်။
" မွေးရာပါ ဓားအင်မော်တယ် လုရီ လား"
လုရီ သည် ထိုသို့သော အမည်နာမကို ရရှိမည်ဟု မထင်ထားခဲ့ဘဲ ခဏတာမျှ မှင်တက်သွားပြီးနောက် ပြုံးကာ "ဟုတ်ပါတယ်၊ အကြီးအကဲ" ဟု နှုတ်ဆက်လိုက်သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူက သတိထားနေ၏။
လုရီ အစောပိုင်းက ပြသခဲ့သော ခွန်အားကြောင့် သူ နက်နက်ရှိုင်းရှိုင်း ထိတ်လန့်နေ လေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ကောင်းပြီလေ.. ဒါဆို ဘယ်သူ အရင်
ယူနိုင်မလဲ ဆိုတာပဲပေါ့"
အကြီးအကဲ၏ ဝိညာဉ်စွမ်းအင်တို့သည် ခန္ဓာကိုယ်ပတ်လည်၌ ဝဲပျံသွားပြီး၊ နက်မှောင်သော ဒိုင်းကာကြီးတစ်ချပ်သည် သူ့ရှေ့မှောက်သို့ ပေါ်ထွက်လာကာ၊ မြစိမ်းရောင် သံမဏိအား အတင်းအဓမ္မ သိမ်းပိုက်ရန် စီစဉ်လေသည်။
သူသည် ပြေးထွက်သွားပြီး ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် ဓားအလင်းတန်းများစွာတို့က သူ၏ ဒိုင်းကာကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျရောက်လာရာ၊ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ချက်ချင်း ရပ်တန့်သွားတော့သည်။
ဓားအလင်းများ ငြိမ်သက်သွားသောအခါ သူ ရှေ့သို့ ဆက်တိုးသည်။
သူသည် လူသတ် အခင်းအကျင်းကို မကြာခဏ ထိခိုက်မိသော်လည်း၊ မြစိမ်းရောင် သံမဏိဆီသို့ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေဆဲပင်။
ဤမြင်ကွင်းကို မြင်သောအခါ ဖုန်းပုမင် နှင့် အခြားသူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
"ညီအစ်ကိုလု၊ ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်!"
လုရီ သည် ပြုံးရုံသာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့"
သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လျင်မြန်စွာ ကွေ့ပတ်ကာ လူအုပ်စုကို ဦးဆောင်လျက် ရှေ့မှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို
မကြာမီပင် မီသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ မျက်လုံးများ ပြူးကျလုနီးပါး ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် လုရီ သည် အခင်းအကျင်း တာအို၌ ဤမျှ စွမ်းရည်ထက်မြက်သူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သောကြောင့် ဖြစ်ပါ၏။
မြစိမ်းရောင် သံမဏိသည် မဝေးတော့သည့်နေရာတွင် ရှိနေသဖြင့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် အလျှော့ပေးရန် မလိုလားပေ။
သူသည် အသံတိုးတိုး ဟစ်အော်လိုက်ပြီး လက်ကို ဖြန့်ကာ လုရီ နှင့် အခြားသူများဆီသို့ လက်ဝါးရိုက်ချက် တစ်ခု ပစ်သွင်းလိုက်သည်။
စိမ်းလဲ့လဲ့ လက်ဝါးကြီးသည် လေနှင့်အတူ ကြီးထွားလာကာ၊ မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ပြန့်သော ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲလျက် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါဖြင့် သူတို့ဆီသို့ တဟုန်ထိုး တိုးဝင်လာလေသည်။
အဆောက်အဦများအားလုံးတွင် ခိုင်ခံ့သော သတ္တုများ ပါဝင်ပြီး အခင်းအကျင်းပုံစံများကပါ အားဖြည့်ပေးထားသောကြောင့်သာလျှင်..။ သို့မဟုတ်ပါက သာမန် မြေအောက်နန်းတော် တစ်ခုသည် ကြေမွပျက်စီးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ကြီးမားသော လက်ဝါးကြီးကို မြင်သောအခါ
လုရီ သည် မျက်ခုံး တစ်ဖက် ပင့်ချီလိုက်သည်။
ဓားစိတ်ဆန္ဒတို့သည် သူ့ကိုယ်ပတ်လည်၌
စီးဆင်းကာ၊ရွှေရောင်လျှပ်စီးများအဖြစ် ချက်ချင်းပင် ဧရာမလက်ဝါးကြီးအား
အစအနမကျန်အောင် ကြေမွပျက်စီးသွားစေတော့သည်။
ဤအခိုက်အတန့်၌ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် မြစိမ်းရောင် သံမဏိမှ မီတာတစ်ရာပင် မဝေးတော့ဘဲ လူသတ် အခင်းအကျင်းအား ထပ်မံ၍ နှိုးဆော်မိပြန်သည်။
ရွှေရောင် အလင်းတိုင်တစ်ခုသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူဆီသို့ တဟုန်ထိုး ပစ်လွှတ်လာသည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် တည်ငြိမ်စွာပင် သူ၏ ဒိုင်းကာကို ရွှေ့ကာ
ခံဆောင်လိုက်သည်။
ထိုစဉ် လုရီသည် လှစ်ခနဲ ရယ်မောလိုက်ပြီး လက်ညှိုးတစ်ဆစ် ကွေးကာ ညွှန်ပြလိုက်သည်။
ထိုအခိုက်အတန့်ဝယ် လူသတ် အခင်းအကျင်း၏ ပုံရိပ်များသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ ခြေဖဝါးအောက်၌ ဖျတ်ခနဲ လင်းလက်သွားသည်။ နောက်တစ်ခဏ၌
အလင်းတိုင်၏ အရှိန်အဝါသည် လောကကြီးကို ထိုးဖောက်မည့်အလား မြင့်မားထိုးတက်လာကာ၊ အင်မော်တယ် နယ်မြေ၏ နက်နဲသော သဘောတရားတို့ကို ပေါင်းစပ်လိုက်သည့်နှယ် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးများ ထုတ်လွှတ်လိုက်လေ၏။
"အို..."
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ မျက်ဝန်းအိမ်တို့သည် ကျုံ့ဝင်သွားကြပြီး
မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်သွားတော့၏။
ဘုန်း!!!
ထိုအလင်းတိုင်သည် ဒိုင်းကာအား ထိမှန်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံပျက်သွားစေကာ၊ ချက်ချင်းပင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာတော့သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချကာ အကြိမ်ကြိမ် နောက်ဆုတ်သွားသည်။
နောက်တစ်ခဏ၌ ဒိုင်းကာသည် ပေါက်ကွဲသွားပြီး၊ အလင်းတိုင်သည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ ရပ်နေခဲ့သော နေရာကို ထိမှန်ကာ ထိုနေရာတစ်ဝိုက်ရှိ မြေပြင်တစ်ခုလုံးကိုပင် ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။
ကံကောင်းစွာဖြင့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် လျင်မြန်စွာ နောက်ဆုတ်ခဲ့သဖြင့် ထိမှန်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူ့ကျောပြင်၌မူ ချွေးအေးတို့ စီးကျလျက် ရှိနေဆဲပင်။
အနည်းငယ် မယုံကြည်နိုင်စွာဖြင့် လုရီဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်း လူသတ် အခင်းအကျင်းရဲ့ အင်အားကို ပြောင်းပစ်လိုက်တာလား"
ထိုအခါ …သူ့စကားအား လုရီက ပြုံးလျက် တုံ့ပြန်လေသည်။
"စီနီယာက အရင်လှုပ်ရှားလိုက်တော့ ကျုပ်လည်း တုံ့ပြန်ရတာပေါ့။ တန်ပြန် မပေးတာက ရိုင်းရာရောက်မယ် မဟုတ်လားဗျာ။"
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည်
နှုတ်ဆိတ်သွားပြီး၊ လုရီကို ပိုမို သတိထားလျက် စိုက်ကြည့်လိုက်ကာ ပြောဆိုလိုက်လေတော့သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ပါးနပ်တဲ့ လုပ်ဆောင်ချက်ရှိပါလား... ငါ မြစိမ်းရောင် သံမဏိကို မလိုချင်တော့ဘူး။ မင်းပဲ ယူလိုက်တော့။"
အခန်း၂၅၂- ဝင်္ကပါထဲက လျှို့ဝှက်ခန်း…
" စွန့်လွှတ်မှုအတွက် ကျေးဇူးပါ စီနီယာ.."
လုရီ၏ နှုတ်ဖျားမှ ပြုံးယောင်သမ်းသော စကားသံ ထွက်ပေါ်လာပြီး၊ သူသည် ကျန်းရူယွီနှင့် အပေါင်းအပါတို့နှင့်အတူ တည်ငြိမ်လှစွာပင် တရွေ့ရွေ့ ဖြတ်ကျော်သွားလေသည်။
ကျန်းရူယွီနှင့် အခြားသူတို့သည် ပြူးကျယ်သော မျက်လုံးတို့ဖြင့် လုရီအား အံ့ဩစွာ စိုက်ကြည့်နေကြ၏။
လုရီ၏ အခင်းအကျင်း နယ်မြေ ကျွမ်းကျင်မှုသည် ဤနယ်မြေ၏ ဖွဲ့စည်းတည်ရှိမှုကိုပင် ပြောင်းလဲပစ်နိုင်လောက်အောင် နက်ရှိုင်းလိမ့်မည်ဟု မည်သူမျှ တွေးဆမထားခဲ့ဖူးချေ။
မှန်ပါ၏ ။
ဤသည်ကား အင်မော်တယ်ဂိုဏ်း၏ အမွေအနှစ် နယ်မြေပင်။
နတ်ဘုရား အသွင်ပြောင်းနယ်ပယ်၏ စွမ်းအားမျှသာ ဖြစ်လျှင်တောင်မှ ထို နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ထက် လွန်စွာ ကျော်လွန်သော အခင်းအကျင်း တာအို ကျွမ်းကျင်မှုအား
မပိုင်ဆိုင်ထားလျှင် ဤသို့သော စွမ်းအင်ကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။
မကြာမီပင်၊ သူတို့သည် နတ်ဘုရား အသွင်ပြောင်ကျင့်ကြံသူကို ကျော်လွန်လျက် ကျိုးပဲ့ကြေမွနေသော မြစိမ်းရောင် သံမဏိ ရုပ်သေးတို့ ရှိရာသို့ ရောက်ရှိလာကြသည်။ လုရီသည် လက်ဝါးကို ဝှေ့ယမ်းကာ ပစ္စည်းများကို စုဆောင်းလိုက်ပြီး ပြုံးယောင်သန်းသော မျက်နှာဖြင့် ပြောဆိုသည်။
"ကောင်းကင်နဂါး နတ်ဘုရားသားတော် နဲ့လည်း ထပ်ပြီး ရင်ဆိုင်ရဦးမယ်။ အပြင်ရောက်မှပဲ ခွဲဝေကြတာပေါ့။"
"ညီအစ်ကိုလု၊ မြစိမ်းရောင် သံမဏိ အပိုင်းအစတွေက အစကတည်းက မင်း ရှာဖွေတွေ့ရှိခဲ့တာပဲလေ။ ဘယ်လိုပဲ စီမံ..စီမံ ..ညီအစ်ကိုလု သဘောပဲ။"
ဖုန်းပုမင်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
ကျန်သူများလည်း မည်သည့် ကန့်ကွက်စကားမျှ မဆိုဝံ့ကြ။
"သွားကြစို့ဗျ."
လုရီက ပြောဆိုလျက် အဖွဲ့ကို ဦးဆောင်ကာ ရှေ့သို့ ဆက်လက် ချီတက်သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် လုရီနှင့် အပေါင်းအပါတို့၏ မလှမ်းမကမ်းမှနေ၍ နောက်မှ လိုက်ပါလာခဲ့သည်။
မကြာမီ လမ်းဆုံတစ်ခုသို့ ရောက်သော် လုရီသည် အင်မော်တယ် ဓားစေ့ ညွှန်ပြသော လမ်းကြောင်းအတိုင်း ခြေလှမ်းကျဲကျဲ လှမ်းသွားခဲ့သည်။ နတ်ဘုံပြောင်းလဲခြင်း ကျင့်ကြံသူကမူ ဒုတိယအကြိမ်ပင် တွေးတောခြင်းမရှိဘဲ ဆန့်ကျင်ဘက်လမ်းကြောင်းကို အဆောတလျင် ရွေးချယ်ချေပြီ။
ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ ဝမ်ချီဖုန်းက မှတ်ချက်ပြုသည်။
"ညီအစ်ကိုလုရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးကောင်းတယ်။ နတ်ဘုရား အသွင်ပြောင်းနယ်ပယ်က အားကောင်းတဲ့ ကျင့်ကြံသူကိုတောင် သူ့သဘောနဲ့သူ နောက်ဆုတ်သွားအောင်၊ ညီအစ်ကိုလုနဲ့ လမ်းမဖြတ်ရဲအောင် လုပ်နိုင်ခဲ့တယ်..."
ဖုန်းပုမင်သည် လုရီအား နက်ရှိုင်းစွာ ကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
"ဒီနေရာတစ်ဝိုက်လုံး အခင်းအကျင်းတွေချည်းပဲ။ ညီအစ်ကိုလုရဲ့ အခင်းအကျင်း တာအိုနယ်မြေကို ကြည့်ရတာ ငါသာ သူ့နေရာမှာဆိုရင်လည်း ညီအစ်ကိုလုကို ရင်ဆိုင်ရဲမှာ မဟုတ်ဘူး။"
ကျန်သူများ၏ ခေါင်းများလည်း တစ်ပြိုင်နက်တည်း ညိတ်လိုက်ကြသည်။
ကျန့်ရူယွီ၏ မျက်နှာတွင်မူ ဝမ်းမြောက်မှုတို့ တောက်ပနေပြီး ပြောဆိုလာ၏။
"တကယ်ကို ငါ့ရဲ့ ဂျူနီယာ မောင်လေးပါပဲ။"
"..."
ကျန်သူများက ကျန်းရူယွီအား စကားမဲ့စွာ ကြည့်လိုက်ကြသည်။
သူမက ဆက်စပ်မှုတစ်ခုကို အတင်းအကျပ် ဖန်တီးနေသလားဟု သူတို့ ရင်ထဲ အတွေးတို့ လွင့်ပျံသွားလေသည်။
လုရီက အဖွဲ့ကို ဆက်လက် ဦးဆောင်ပါသည်။
မကြာမီပင် မြစိမ်းရောင် သံမဏိဖြင့် ပြုလုပ်ထားသော ကျိုးပဲ့သည့် ရုပ်သေးအပိုင်းအစများစွာကို တွေ့ရှိကြပြန်သည်။
မည်သည့် ကျင့်ကြံသူမျှ မရှိသည်ကို သေချာစေပြီးနောက် လုရီနှင့် အဖွဲ့ဝင်တို့သည် ထိုပစ္စည်းများကို ပေါ့ပေါ့ပါးပါးပင် သိမ်းယူလိုက်ကြသည်။
ထိုစဉ် လုရီ ရုတ်တရက် ရပ်တန့်လိုက်ပြီး ရွှေရောင် နံရံတစ်ခုကို စူးစိုက်ကြည့်နေသည်။
သူ့မျက်နှာတွင် နက်ရှိုင်းစွာ တွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။
လုရီ၏ ဟန်ပန်ကို မြင်သောအခါ ကျန်သူများ အံ့အားသင့်သွားကြသည်။ ကျန်းရူယွီက မေးလိုက်သည်
" ဂျူနီယာ မောင်လေး၊ ဒီမှာ ထူးခြားမှု တစ်ခုခု ရှိနေလို့လား။"
လုရီသည် ခဏတာ တွေဝေစွာ ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းပြန်ခါကာ..
"အပြည့်အဝတော့ မသေချာသေးဘူးဗျ၊ သေချာစစ်ဆေးကြည့်ရမယ်။ တကယ်လို့ ထူးခြားမှု ရှိခဲ့ရင်... ဒီမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်။"
ဤစကားကို ကြားသည်နှင့် အဖွဲ့သည် ပထမတွင် တအံ့တဩ ဖြစ်သွားကြပြီးနောက် သူတို့၏ မျက်နှာများ ဝမ်းသာမှုဖြင့် လင်းလက်လာကာ
လုရီဘက်သို့ အာရုံစူးစိုက်လိုက်ကြသည်။
အသေးစိတ် ထပ်မံ၍ ရှင်းပြခြင်းမရှိဘဲ လုရီ၏ မျက်နှာအမူအရာသည် ပိုမိုလေးနက် တည်ကြည်လာပြီး ရွှေရောင်နံရံဘက်သို့ လက်လှမ်းလိုက်သည်။
ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်မှ စီးဆင်းလာသည်နှင့်အမျှ နံရံပေါ်ရှိ ထူထပ်သိပ်သည်းသော အခင်းအကျင်း ပုံရိပ်များသည် တဖျတ်ဖျတ် လင်းလက်ကာ ပုံသဏ္ဌာန်များ ပြောင်းလဲကုန်ကြသည်။
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာရာ လုရီမှလွဲ၍ လူတိုင်း၏ ရင်ဘတ်များ တင်းကြပ်သွားသည်ကို ခံစားလိုက်ရသည်။
ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူတို့၏ မျက်နှာများမှာမူ အထူးသဖြင့် ဖြူဖျော့သွားကြလေပြီ။
လူတိုင်း နံရံကို ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။
အခင်းအကျင်း ပုံရိပ်များ ဆက်လက်ပြောင်းလဲနေသည်နှင့်အမျှ နံရံတစ်ခုလုံး တုန်ခါလာသည်။ မြေပြင်ပင် ငလျင်ကြီးလှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါနေ၏။ ရွှေအူတိုင်နယ်ပယ် ကျင့်ကြံသူများမှာ မတ်မတ်ရပ်ရန်ပင် ခက်ခဲနေပြီး၊.. ကြောက်မက်ဖွယ် ဖိအားဒဏ်ကြောင့် မြေပြင်ပေါ်သို့ ဒူးထောက် လဲကျကုန်ကြသည်။
အခြေတည် ဝိဉာဉ် နယ်ပယ် ကျင့်ကြံသူများပင် ကြောက်လန့် တုန်လှုပ်နေပုံရသည်။
ကျန့်ရူယွီသည် လုရီ၏ ပခုံးကို လန့်ဖျပ်စွာ ဆုပ်ကိုင်လျက် ကြောက်လန့်တကြား မေးရှာသည်။
"ဂျူနီယာ မောင်လေး..ဘာဖြစ်နေတာလဲဟင်.. အန္တရာယ် မရှိလောက်ဘူး မဟုတ်လား.."
ဖုန်းပုမင်၏ ပုံမှန် တည်ကြည်သော မျက်နှာပင် ဖြူဖျော့၍ သွားလေပြီ။
"ညီအစ်ကိုလု..အခင်းအကျင်းပုံရိပ်တွေကို ဒီလောက်ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြောင်းလဲပစ်တာ၊ ပြိုင်စံရှား လူသတ် အခင်းအကျင်းနဲ့ ရင်ဆိုင်ရတော့မှာများလား"
ဝမ်ချီဖုန်းလည်း တင်းမာနေပြီး နဖူးတွင် ချွေးစေးများ စို့လျက် ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
လုရီ၏ မျက်နှာထား လေးနက် ခက်ထန်လာသည်။
အပျက်အစီးနယ်မြေ တစ်ခုလုံးရှိ အခင်းအကျင်းစနစ်များသည် အဆုံးမရှိ ဆက်နွှယ်နေကြရာ၊ အနည်းငယ်မျှ မြင်တွေ့ရန်ပင် ကြီးမားသော အခင်းအကျင်း တာအိုနယ်မြေ အင်အားလိုအပ်သည်။ ၎င်းတို့ကို အခြေခံကျကျ ပြောင်းလဲရန်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်လောက်အောင် ခက်ခဲလှသည်။
လုရီ အစောပိုင်းက လူသတ် အခင်းအကျင်းကို မြှင့်တင်ခဲ့ခြင်းသည် အခင်းအကျင်းကို ပြောင်းလဲသည်ဟု မဆိုနိုင်။ အနည်းငယ်မျှ ပြုပြင်မွမ်းမံခြင်းမျှသာ ဖြစ်သည်။
ယခုမူကား၊ သူသည် ဤဒေသ၏ အခင်းအကျင်း ပုံရိပ်များကို အခြေခံကျကျ အမြစ်ပြတ် ပြောင်းလဲနေခြင်းဖြစ်ပြီး၊ ဖြစ်ပေါ်လာသော လှုပ်ရှားမှုသည် အလွန်အမင်း ကြီးမား ပြင်းထန်လှသည်။
သူပင်လျှင် အထူးဂရုစိုက်ရမည်။ အနည်းငယ်မျှ မှားယွင်းလျှင်ပင် အခင်းအကျင်းတစ်ခုလုံး ပြိုင်စံရှား လူသတ် အခင်းအကျင်းအဖြစ် ပြိုလဲသွားနိုင်ပြီး၊ ထိုအခါ သူပင် အန္တရာယ်မှ လွတ်ကင်းမည် မဟုတ်ပေ။
သူသည် အဖွဲ့ကို စိတ်ချစေရန် တည်ငြိမ်လှစွာပင် ပြောသည်။
"စိတ်မပူပါနဲ့ဗျာ.. ဒါက ပုံမှန်ဖြစ်စဉ် တစ်ခုပါပဲ။"
ဘာမျှ ပြောစရာမရှိတော့ဘဲ လင်းယွီသည် မျက်ရည်မကျဘဲ ငိုချင်စိတ်ပေါက်နေပြီး၊ မြေပြင်ပေါ်သို့ လဲမကျအောင် ရုန်းကန်နေရသည်။
"ပုံမှန်ဖြစ်စဉ် က ဒီလို ပုံစံမျိုးလားဗျာ။"
ကျန်သူများလည်း ကြောက်လန့်တကြား ဖြစ်နေကြသည်။
သူတို့ပတ်ဝန်းကျင်ရှိ အခင်းအကျင်းများအားလုံးသည် သတ်ဖြတ်လိုသော အာရုံများဖြင့် ထိုးထိုးထောင်ထောင် ဖြစ်နေပြီး မည်သည့်အချိန်မဆို ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် အသင့်ရှိနေသည်ဟု ခံစားနေရသည်။
လုရီသည် တိတ်ဆိတ်စွာပင် ဆက်လက်၍ အခင်းအကျင်းကို ပြောင်းလဲနေသည်။
ထိုစဉ်၊ ပုံမှန်ဟု ထင်ရသော ရွှေရောင်နံရံက ရုတ်တရက် တုန်ခါလာပြီးနောက် နောက်သို့ ဖြည်းဖြည်းချင်း လျှောရွေ့သွားရာ၊ တဖြည်းဖြည်း ကျယ်လာသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။
အက်ကွဲကြောင်း ပေါ်ထွက်လာသည်နှင့်အမျှ အလွန်အမင်း ပြင်းထန်ပြီး၊ အငွေ့ပျံလုနီးပါး ရှိသော ဝိညာဉ်စွမ်းအင်များ အပြင်ဘက်သို့ ပွင့်ထွက်လာရာ၊ လူတိုင်း၏ စိတ်ဓာတ်များကို တက်ကြွစေပြီး သူတို့အတွင်းရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အရှိန်မြှင့်တင်ပေးသည်။
တစ်ချိန်တည်းမှာပင်၊ နတ်သက်ကြွေပန်းရောင် အလင်းတန်းအမျိုးမျိုး ထွက်ပေါ်လာကာ ကျယ်လာသော ကွာဟချက်မှတစ်ဆင့် ဧရိယာတစ်ခုလုံးကို ထွန်းလင်းစေသည်။
"ဒါက..."
နံရံ တဖြည်းဖြည်း ပွင့်အာလာသည်နှင့်အမျှ မျက်လုံးများအားလုံး အံ့ဩတုန်လှုပ်စွာ ပြူးကျယ်လာကြ၏။
"အတွင်းမှာ ရတနာတွေ ရှိနေပြီ!"
"အင်မော်တယ် ဂိုဏ်းရဲ့ နည်းလမ်းက တကယ်ကို ထူးချွန်ထက်မြက်လှတယ်။ ရတနာတွေကို
ဝင်္ကပါ နံရံတွေအတွင်းမှာ အဆုံးမဲ့ အခင်းအကျင်းပုံရိပ်တွေနဲ့ ဖုံးကွယ်ထားတယ်၊ ညီအစ်ကိုလုရဲ့ အခင်းအကျင်း နယ်မြေ နက်ရှိုင်းမှု မရှိခဲ့ရင် ဒါကို ငါတို့ ဘယ်တော့မှ ရှာဖွေတွေ့ရှိမှာ မဟုတ်ဘူး..."
ထိုသို့ ဝမ်ချီဖုန်း တုန်လှုပ်စွာ ပြောသည်။
နံရံ ဆက်လက်ပွင့်နေသည်ကို ကြည့်ရင်း အတွင်းမှ တဖြည်းဖြည်း အငွေ့ပျံနေသော ဝိညာဉ်စွမ်းအင်များ ပန်းထွက်လာသည်ကို သူ မြင်တွေ့နေရသည်။
ထိုအခိုက်အတန့်၌ ဝေးလံသော အရပ်မှ ကျယ်လောင်သော ဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ခွန်အားကြီးမားသော တည်ရှိမှုများသည် မတူညီသော လမ်းကြောင်းများမှနေ၍ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
ဤအားကောင်းသော တည်ရှိမှုများကို ခံစားမိသောအခါ ကျန့်ရူယွီ၏ မျက်နှာထား ပျက်ယွင်းသွားသည်။
"မကောင်းတော့ဘူး၊ ဒီနေရာမှာ ဝိညာဉ်စွမ်းအင် စုစည်းမှုက အလွန်အမင်း များနေတယ်။ လှုပ်ရှားမှုကလည်း အရမ်းကြီးတော့.. တခြားနေရာက ကျင့်ကြံသူတွေ တစ်ခုခုကို သိလိုက်ကြပြီ။ ငါတို့ဆီ ဦးတည်လာနေကြပြီ" ဟု သူမက ဟစ်အော်လိုက်လေသည်။