အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း ၂၅၃-ဝင်္ကပါထဲက လျှို့ဝှက်ခန်း...
~ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့၏ မျက်မှောင်များ တစ်ပြိုင်နက်တည်း တွန့်ချိုးသွားကြသည်။ အခြားသူတို့၏ မျက်နှာများမှာလည်း ဆိုးဝါးစွာ ပုံရိပ်ထင်လျက်ပင် ရှိ၏။
" တောက်.. နွားချီးပုံကို ယင်အုံသလို ပြဲပြဲစင်အောင် အုံလာကြတဲ့ ဒီလူတွေ။"
"ဟာ..နတ်ဘုရားအသွင်ပြောင်း နယ်ပယ်တွေ အများကြီးပါလား.. သူတို့ရဲ့ ခွန်အားက ငါတို့အစောပိုင်းက တွေ့ခဲ့တဲ့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကိုတောင် အများကြီး ကျော်လွန်နေပြီ။ ဒါက တကယ့်ကို ကြီးမားတဲ့ သေရေးရှင်ရေး ပြဿနာပဲ။"
ဝမ်ချီဖုန်းသည် မျက်မှောင်ကြုံ့လျက် သူ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ရင်း ဒေါသတကြီး ရေရွတ်လိုက်သည်။
ကျန်းရူယွီ၏ နူးညံ့လှပသော မျက်နှာထားသည် ရေခဲပမာ အေးစက်စက်။
သူမ၏ ကျောက်စိမ်းဓား ပတ်ပတ်လည်၌ ဓားစိတ်ဆန္ဒများ မြူးထူးစွာ လှည့်ပတ် စီးဆင်းနေပြီး သူမက စူးရှသော မျက်ဝန်းအစုံဖြင့် ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါကို ငါတို့ ဂျူနီယာမောင်လေးက ရှာတွေ့ခဲ့တာ။ သူတို့ကို လုယက်ခွင့်
မပြုနိုင်ဘူး.."
မကြာမီပင်၊ သူတို့သည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့၏ လေပြင်းကဲ့သို့ တဟုန်ထိုး ချဉ်းကပ်လာမှုကို တွေ့မြင်လိုက်ရသည်။
ခြေတစ်လှမ်းချင်းစီတိုင်းသည် လူသတ်
အခင်းအကျင်းကို ဖောက်ခွဲကာ တရွေ့ရွေ့ နီးကပ်လာကြသည်။
ခဏချင်းအတွင်း၊ အဆက်မပြတ် ပွင့်ဟနေသော နံရံများကို မြင်တွေ့ရသည်နှင့် ထို နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အားလုံး၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်ကုန်ကြတော့သည်။
"ဘာလဲ..ဝင်္ကပါ နံရံတွေက မမျှော်လင့်ဘဲ နောက်ထပ် ကမ္ဘာတစ်ခုကို ဖုံးကွယ်ထားတာလား။"
"ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်တွေတောင် အငွေ့ပျံနေပြီ။ ထိပ်တန်း ဝိညာဉ်သွေးကြောတွေမှာတောင် ဒီလောက် ပြင်းလှတဲ့ဝိညာဉ်စွမ်းအင်မျိုးကို တွေ့ရခဲတယ်။ အတွင်းမှာ ထူးခြားတဲ့ ကောင်းကင်နဲ့ မြေကြီးရတနာတွေ ရှိကို ရှိရမယ်"
"ဒီရတနာသိုက်ကို ဘယ်သူ ဖွင့်တာလဲ!"
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့ နီးကပ်လာသည်နှင့်အမျှ၊ ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများနှင့်အတူ လုရီကို မြန်မြန်ဆန်ဆန် မြင်တွေ့သွားကြသည်။
ထိုကျင့်ကြံသူတို့သည် ချက်ချင်းပင် မကျေမနပ် အော်ဟစ်ကြတော့၏။
"လုရီပဲ"
"မွေးရာပါ ဓားအင်မော်တယ်၊ သူပဲ! သူ နံရံပေါ်က လူသတ်အခင်းအကျင်း စနစ်ကို ပြောင်းနေတာလား.. ရူးသွားပြီလား!"
"ဒီလူငယ်ကို ငါတို့ လျှော့တွက်မိနေပြီ။ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားတာအိုနယ်မြေ အပြင်၊ ဒီလို အခင်းအကျင်း တာအိုနယ်မြေမျိုးလည်း ကျွမ်းကျင်နေတာပဲ!"
"ဒီရတနာကို သူပဲ ရှာတွေ့ခဲ့ပုံ ရတယ်။"
"ဒါဆိုလည်း ဘာဖြစ်လဲ။ ရတနာဆိုတာ ထိုက်တန်သူ ပိုင်တာပဲ။ ဒီလူငယ်တွေက သူတို့ရဲ့ သက်ကြီးဝါကြီးတွေကို လေးစားပြီး ငါတို့ သက်ကြီးပိုင်းတွေကို အပ်နှံသင့်တယ်။"
"ဒါပေမယ့် ဒီလူငယ်က မရိုးရှင်းဘူး။ ကောင်းကင်နဂါး သူတော်စင်သားတော်နဲ့ တိုက်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ဒီလောက် ကြောက်မက်ဖွယ်ကောင်းတာ၊ ကျုပ် စိုးရိမ်မိတယ်။"
"ကျုပ်တို့ ဒီမှာ ဒီလောက်များများ ရှိနေတာ
မလား..ဒီကောင်လေး တစ်ယောက်တည်းကို ဘာလို့ ကြောက်နေမလဲ.."
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့သည် တည်ငြိမ်သော မျက်နှာထားများဖြင့် ပြောဆိုရင်း လုရီတို့အပေါ် ဖိအားများ တဖြည်းဖြည်း ထုတ်လွှတ်လာကြသည်။
ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့ မျက်မှောင်ကြုံ့လျက် ဘေးတစ်ဖက်စီမှ နေရာယူကာ လူတိုင်းရှေ့တွင် မာန်ပါပါ ရပ်တည်လိုက်ကြသည်။
ဖုန်းပုမင်၏ မျက်နှာထားသည် ရေခဲပမာ အေးစက်နေ၏။
သူ့ပတ်လည်၌ အင်ပါယာ ဓားစိတ်ဆန္ဒများ လေမုန်တိုင်းနှယ် ဝဲပျံနေစဉ် သူက တည်ငြိမ်သောအသံဖြင့် ပြောလာသည်။
"လေးစားအပ်ရတဲ့ စီနီယာတို့၊ ဒီပစ္စည်းကို ကျွန်တော်တို့ တွေ့ခဲ့တာပါ။ အတင်းအဓမ္မ လုယက်ဖို့ တကယ် ရည်ရွယ်နေကြတာလား။"
"ဟမ့်! အင်ပါယာ ဓားဂိုဏ်းက လူငယ်တွေ၊ ငါ မင်းတို့ဂိုဏ်းက အကြီးအကဲတွေနဲ့ ခင်မင်တဲ့ ဆက်ဆံရေး ရှိတယ်။ ဒါကြောင့် မင်းတို့ကို ဒုက္ခ
မပေးဘူး။ မြန်မြန် ဖယ်ကြ!"
"မင်းတို့ လူငယ်အားလုံး နောက်ဆုတ်ကြ! ဒီရတနာကို ငါတို့လက်ထဲ အပ်!"
ကျင့်ကြံသူတို့သည် ဝိညာဉ်စွမ်းအင်များကို ပြင်းထန်စွာ ထုတ်လွှတ်ကာ သူတို့၏ ဝိညာဉ်ဖိအားများဖြင့် ရှေ့သို့ အတင်း တိုးဝင်လာကြသည်။
ဤသူတို့သည် နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ လူငယ်မျိုးဆက်၏ ထူးချွန်သော တပည့်များပင်။
ကြီးမားသော ဂိုဏ်းကြီးနှစ်ခု၏ အမျက်ဒေါသကို ရှောင်ရှားရန် မိမိတို့ အနေနှင့်သူတို့အသက်ကိုတော့ သတ်ဖြတ်မည် မဟုတ်ပါ။
သို့သော် ဤလူငယ်တို့သည် ထိုသို့သော ရတနာမျိုးကို မည်သို့မျှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။
ဝမ်ချီဖုန်းသည် တည်ငြိမ်သော ဟန်ပန်ကို ထိန်းသိမ်းထားဆဲ။
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ သူ့ပတ်လည်၌ တဝဲဝဲလည်နေပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်ရာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအချို့၏ မျက်နှာထားများပင် အနည်းငယ် ပြောင်းလဲသွားစေတော့သည်။
နတ်ဓားဂိုဏ်းမှ ထူးချွန်သော ကျင့်ကြံသူ
ဖြစ်သော ဝမ်ချီဖုန်းသည် သူ၏နယ်ပယ်အထက်ရှိ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများကိုပင် အဆင့်တက်၍ တိုက်ခိုက်နိုင်စွမ်း ရှိသည်။
သူတစ်ဦးတည်းသာ မဟုတ်ပေ။
ဖုန်းပုမင်နှင့် ကျန်းရူယွီတို့ပင် သူတို့၏နယ်ပယ်အထက်တွင် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ သို့သော် ဤနေရာ၌ ဤစွမ်းရည်ရှိသူ သုံးဦးသာ ရှိပြီး နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများမှာ သုံးဦးထက် များစွာ ပိုနေသည် ...ဆယ်ဦးနီးပါးပင်။
ထို့အပြင်၊ လျှို့ဝှက်ခန်း တံခါးဖွင့်ခြင်းမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများ ပျံ့နှံ့လာသည်နှင့်အမျှ၊ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ ပိုမိုများပြားစွာ ဤလမ်းကြောင်းသို့ တဟုန်ထိုး ဦးတည်လာနေကြသည်။
တစ်ချိန်တည်းမှာပင် လုရီသည် အခင်းအကျင်း ပုံရိပ်များကို ဆက်လက်ပြောင်းလဲနေဆဲဖြစ်ရာ မိမိကိုယ်ကို အခက်အခဲမှ လွတ်စေရန် မစွမ်းသာချေ။
ထိုအချက်က ဖုန်းပုမင်၊ ကျန့်ရူယွီနှင့် ဝမ်ချီဖုန်းတို့၏ မျက်ခုံးတန်းများကို နက်ရှိုင်းစွာ ကြုံ့သွားစေသည်။
"လူငယ်တွေ၊ မြန်မြန် ဖယ်ကြ!"
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးက စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။
"ဟမ့်..ခင်ဗျားတို့ကို ကျုပ်က ကြောက်မယ် ထင်နေတာလား"
အင်ပါယာ ဓားဂိုဏ်း၏ လူငယ်မျိုးဆက်တွင် အသန်မာဆုံးဖြစ်သော ဖုန်းပုမင်၏ မျက်နှာထားသည် ရေခဲပမာ အေးစက်နေဆဲပင်။
သူသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူဘက်သို့ ဓားကို တိုက်ရိုက် ခုတ်ချလိုက်သည်။
ဗုံး!
မီတာတစ်ရာ အမြင့်ရှိ ရွှေရောင်ဓားအလင်းတန်း ကောင်းကင်ကို တစစီ ထွင်းဖောက်ဖြတ်သန်းသွားရာ၊ ခမ်းနားထည်ဝါသော အင်ပါယာတစ်ပါး၏အရှိန်အဝါကို သယ်ဆောင်လာပြီး ထို နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ၏ မျက်နှာထားကိုပင် အနည်းငယ် ပြောင်းလဲသွားစေတော့သည်။
သူ၏ မျက်နှာထား ညိုမည်းလာသည်။
"မိုက်မဲတဲ့ကောင်! မင်းရဲ့ သက်ကြီးဝါကြီးတွေ ကိုယ်စား ငါ မင်းကို ဆုံးမရလိမ့်မယ်!"
သူ လက်လှမ်းလိုက်သည်နှင့် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးက
ရွှေရောင် ဓားအလင်းတန်းဆီသို့ တဟုန်ထိုး ပြေးဝင် ဖျက်ဆီးလိုက်သည်။
ဒိုင်း.....
နားကွဲမတတ် ပေါက်ကွဲသံတစ်သံ ဟိန်းထွက်လာသည်။
ဓားအလင်းတန်းနှင့် ဝိညာဉ်စွမ်းအင်လက်ဝါးကြီး နှစ်ခုလုံး တစ်ပြိုင်နက်တည်း ကြေမွသွားသည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ အံ့အားသင့်သွားသည်။ သူ၏ တိုက်ခိုက်မှုကိုပင် ချိုးဖျက်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
သူသည် ဟိန်းဟောက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခု သူ့နောက်မှ လိုက်ပါလာသည်။
သူ၏ လက်များ လှုပ်ရှားကာ စည်းတံဆိပ် တစ်ခုကို ဖော်ဆောင်လျက် ဖုန်းပုမင်ကို ဖိနှိပ်ရန် ကြိုးပမ်းသည်။
ဖုန်းပုမင်၏ မျက်နှာထား တည်ငြိမ်နေဆဲပင်။
သူသည် နောက်ဆုတ်ရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိဘဲ စိန်ခေါ်မှုကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
နှစ်ဦးသား တိုက်ပွဲဆင်နွှဲကြရာ ဖုန်းပုမင်သည် အားနည်းချက် ရှိသော်လည်း နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ၏ တိုက်ခိုက်မှုကို
ပိတ်ဆို့နိုင်ခဲ့သည်။
ဤအရာက နတ်ဘုရား အသွင်ပြောင်း
ကျင့်ကြံသူများစွာကို အံ့အားသင့်စေခဲ့သည်။
သူတို့သည် ချီးမွမ်းခြင်း မပြုဘဲ မနေနိုင်ကြတော့ချေ။
"တကယ်ပဲ အင်ပါယာဓားဂိုဏ်းရဲ့ မျိုးဆက် ဖြစ်ထိုက်တယ်၊ ဖုန်းပုမင်ရဲ့ ဓားပညာက မြင့်မြတ်ပြီး ခမ်းနားထည်ဝါလှတယ်၊စစ်မှန်တဲ့ အင်ပါယာတစ်ပါးရဲ့ ဟန်ပန်ပဲ။"
"ဒီလောက် ငယ်ရွယ်သေးပေမယ့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်။ သူ့ရဲ့ အနာဂတ်က ထူးခြားပြောင်မြောက်မှာ အသေအချာပဲ။"
သို့သော်လည်း ကျင့်ကြံသူတို့သည် သူတို့၏ အာရုံကို မကြာမီပင် ရတနာဘက်သို့ ပြန်လည်လှည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများ၌ တောင့်တမှု အရှိန်အဟုန်များ မီးတောက်သဖွယ် တောက်ပနေ၏။
ထိုစဉ်၊ လျှို့ဝှက်ခန်းတံခါးသည် လုံးဝ ပွင့်ဟသွားလေ၏။ နံရံများ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။ အနီးပတ်ဝန်းကျင်ရှိ တုန်ခါမှုများလည်း ငြိမ်သက်သွားသည်။
ခမ်းနားသော ဖိအားက ဖြည်းညှင်းစွာ လွင့်ပါးသွားပြီး၊ နံရံများပေါ်ရှိ အခင်းအကျင်း ပုံရိပ်များ ငြိမ်သက်သွားကာ တဖျတ်ဖျတ် လင်းလက်ခြင်းလည်း ရပ်တန့်သွားသည်။
လုရီ၏ ချိန်ညှိမှုအောက်၌
၎င်းတို့သည် အခင်းအကျင်း ပုံရိပ်အသစ်များအဖြစ် လုံးဝ ပြောင်းလဲသွားလေပြီ။
လုရီ ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။
သူ၏ စိတ်ထဲ၌ ချီးမွမ်းခြင်းများ ပြည့်နှက်နေသည်။
ဤအမွေအနှစ် အပျက်အစီးနယ်မြေကို တည်ဆောက်သူ ကျင့်ကြံသူသည်
အခင်းအကျင်းတာအို၏ အရှင်သခင် ဖြစ်သည်မှာ သေချာသည်။
ဤအခင်းအကျင်း စနစ်တွင် အခြေအနေနှစ်မျိုး ရှိသည်။ မတူညီသော အခြေအနေများက နံရံများကို ပြောင်းလဲနေသော အခြေအနေများဖြင့် ပေါ်ပေါက်စေလေသည်။
လုရီ၏ အခင်းအကျင်း တာအိုနယ်မြေ အဆင့်မြင့်မားမှုနှင့် အခင်းအကျင်းပုံရိပ်များတွင် တစ်စုံတစ်ရာ ထူးခြားနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ စူးရှသော အမြင်သာ မရှိခဲ့ပါက ဤလျှို့ဝှက်ခန်းကို သူ မည်သည့်အခါမျှ ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပေ။
၎င်းသည် ကျွမ်းကျင်စွာ ဖုံးကွယ်ထားခြင်းပင်။
"ရတနာတံခါး ပွင့်ပြီ! ဝင်ကြစို့!"
"ဒီရတနာက ငါတို့ အပိုင်ပဲ! လူငယ်တွေ၊ ဖယ်စမ်း!"
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့၏ မျက်လုံးများ လောဘရိပ်ဖြင့် တောက်ပနေသည်။
သူတို့က လျှို့ဝှက်ခန်းတံခါးဆီသို့ တဟုန်ထိုး ပြေးဝင်ကြတော့သည်။
သို့သော် ထိုအခိုက်အတန့်၌ သူတို့ရှေ့နှင့် အောက်ဘက်ရှိ အခင်းအကျင်းပုံရိပ်များအားလုံး မီးပွင့်သကဲ့သို့ လင်းလက်လာသည်။ ရွှေရောင်အလင်းတိုင်များ၊ ဓားအလင်းတန်းများ ပွင့်ထွက်လာကာ သူတို့ဆီသို့ တည့်တည့်မတ်မတ် ပစ်ခွင်းတော့သည်။
အခန်း၂၅၄-ဝင်္ကပါထဲက လျှို့ဝှက်ခန်း...
~ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတိုင်ကြီးများနှင့် ရွှေရောင်ဓားအလင်းတန်းတို့သည် ကြောက်စရာကောင်းသော ဖိအားဖြင့်ပင် လေထုကို တုန်ခါစေတော့၏။ ထိုမြင်ကွင်းက နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ အားလုံး၏ မျက်နှာများကို ပြာနှမ်းသွားစေပြီး၊ သူတို့၏ ရင်ထဲ၌ အေးစက်သော ကြောက်ရွံ့မှုတို့ တရိပ်ရိပ် တက်လာသည်။
ဤလူသတ် အခင်းအကျင်းကား အလွန်ပင် အစွမ်းထက်လှ၏။ သူတို့ ယခင်က ကြုံဖူးခဲ့သော မည်သည့် လူသတ် အခင်းအကျင်းထက်
မဆို သာလွန်နေပြီတကား။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတို့ အဆက်မပြတ် နာကျင်စွာ…ဟစ်အော်ကြသည်။ အချို့က အစွမ်းထက် သိုင်းနည်းစနစ်များ ထုတ်သုံးကြသည်။ အချို့ကမူ ကျင့်ကြံခြင်းရတနာများကို အသုံးပြုလျက် အလင်းတိုင်များနှင့် ဓားအလင်းတန်းတို့ကို ခုခံကြသည်။
ဘုန်း...
ဘုန်း...
ဘုန်း...
အဆက်မပြတ် ပေါက်ကွဲသံများ ဟိန်းထွက်နေ၏။ စင်္ကြံတစ်ခုလုံး တုန်ခါလျက်၊ နောက်ဆက်တွဲ စွမ်းအင်လှိုင်းများမှာ ကြောက်မက်ဖွယ်ကောင်းသော ရေလှိုင်းကြီးများနှယ် စင်္ကြံ၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ပျံ့နှံ့သွားရာ၊ ဂိုဏ်းနှစ်ခုမှ တပည့်များပေါ်သို့ ကျရောက်မတတ် ထိုးစိုက်လာတော့သည်။
လုရီသည် အလွန်အမင်း တည်ငြိမ်နေဆဲ။
သူသည် မြေပြင်ကို ခြေဖြင့် ဆောင့်နင်းလိုက်သည်။
ရုတ်ချည်းပင် အခင်းအကျင်းပုံရိပ်များ ဖျတ်ခနဲ လင်းလက်သွားပြီး၊ အလင်း ကန့်လန့်ကာ နှစ်ခု ဖွဲ့တည်ကာ စွမ်းအင်လှိုင်းများ ရှေ့သို့ တိုးဝင်လာမှုကို ပိတ်ဆို့လိုက်သည်။
ဘုန်း!
အလင်း ကန့်လန့်ကာများ တုန်ယင်သွားသော်လည်း အနည်းငယ်မျှပင် အက်ကြောင်း
မထင်။ ထိုမြင်ကွင်းက ဂိုဏ်းနှစ်ခုမှ တပည့်များအား စိတ်သက်သာရာ ရစေတော့သည်။
သို့သော် အပြင်ဘက်မှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများကတော့ ဤမျှ ကံမကောင်းကြချေ။ လုရီသည် လူသတ် အခင်းအကျင်း၏ စွမ်းအားကို တိုးမြှင့်လိုက်ပြီဖြစ်ရာ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတို့ပင် အလွန်အမင်း ဒုက္ခရောက်ရတော့သည်။
တစ်ခုပြီး တစ်ခု ကျင့်ကြံခြင်းရတနာများ ကြေမွကုန်ကြသည်။ သူတို့သည် ယိုင်တိယိုင်တိုင် ရှောင်တိမ်းကြသည်။
အချို့၏ မှော်ဝတ်ရုံများ စုတ်ပြဲသွားသည်။ အချို့၏ အရေပြားများ အက်ကွဲကုန်သည်။ အချို့မှာမူ သွေးများ ဝေ့ါခနဲ အန်ထုတ်ကာ နောက်သို့ လွင့်စင်သွားကြ၏။
ထိုနတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတို့သည်
လုရီအား မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြင့် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများ၌ မယုံနိုင်ခြင်းတို့ ပြည့်နှက်နေ၏။
"ဒီ... ဒီကလေးက လူသတ် အခင်းအကျင်းကို သူ့ဘာသာသူ ဖွင့်နိုင်တာလား! ပြီးတော့ သူက စွမ်းအားကိုတောင် တိုးမြှင့်လိုက်သေးတာလား!"
"မှန်တယ်၊ သူက နံရံပေါ်က ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်တယ်ဆိုတော့ အခင်းအကျင်းတာအိုနယ်မြေမှာ အဆင့်မြင့်မြင့် တတ်မြောက်ထားတာပဲ.. လူသတ် အခင်းအကျင်းကို ဖွင့်တာ၊ စွမ်းအားကို မြှင့်တင်တာက သူ့အတွက် ဖြစ်နိုင်တယ်။"
လူအုပ်ကြီးသည် ရေအေးများလောင်းချခံရသကဲ့သို့ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။ လုရီအား ကြည့်နေသော သူတို့၏ အကြည့်များတွင် အံ့အားသင့်မှုနှင့် သတိထားမှုတို့ ရောယှက်နေ၏။
ဤပတ်ဝန်းကျင် တစ်ခုလုံးသည် မဟာ အခင်းအကျင်း စနစ်ကြီးတို့ဖြင့် စီရင်ပြီး လူသတ် အခင်းအကျင်းများ နေရာအနှံ့၌ ရှိနေသည်။
လုရီသည် လူသတ် အခင်းအကျင်းများကို ဖွင့်နိုင်သည်၊ စွမ်းအားကိုပင် တိုးမြှင့်နိုင်သည်ဆိုတော့ ဤပတ်ဝန်းကျင်၌ သူ့ကို ယှဉ်နိုင်သူ မရှိချေ။
ဤသည်မှာ အပျက်အစီးနယ်မြေတစ်ခုလုံး
လုရီ၏ ကိုယ်ပိုင် ကမ္ဘာလေး ဖြစ်နေသကဲ့သို့ပင်။
နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတို့ပင် ဤအခိုက်အတန့်တွင် သူတို့၏ ဦးရေပြားများ
ကျဉ်တက်လာပြီး၊ ရင်ထဲ၌ အေးခဲသွားကာ ရမ်းကားသော လုပ်ရပ်များကို လုပ်ဝံ့ခြင်း မရှိတော့ချေ။
ဘုန်း..
မလှမ်းမကမ်းတွင် ဖုန်းပုမင်က ထိုနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို ရပ်လိုက်၏။
လုရီနှင့် အပေါင်းအပါတို့ဆီသို့ ပြန်ဆုတ်လာသော ဖုန်းပုမင်၏ မျက်နှာထား အနည်းငယ် ဖြူဖျော့နေသည်။ ထိုနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ မျက်နှာထားမှာမူ လေးနက်နေပြီး၊ လုရီအား သတိကြီးစွာ ကြည့်နေတော့၏။
လေထုသည် ရုတ်တရက် တင်းမာလာသည်။
လုရီ တစ်ဦးတည်းကပင် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ အများအပြားကို နှိမ်နင်းလိုက်လေပြီ။
ဤအကြောင်းအရာသာ ပြင်ပသို့ ပျံ့နှံ့သွားလျှင် အရှေ့ပိုင်းဒေသတစ်ခုလုံး၌ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာမည်မှာ သေချာသည်။
နတ်ဘုရား အသွင်ပြောင်း နယ်ပယ်အထိ ကျင့်ကြံနိုင်သူများ....
ထိုသူတို့ထဲတွင် မည်သူက အားနည်းသူ ရှိပါမည်နည်း။ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ ဆယ်ဂဏန်းနီးပါးကို အခြေတည်ဝိဉာဉ် ကျင့်ကြံသူလေးတစ်ဦးက နှိမ်နင်းလိုက်ပြီး၊
သူတို့က အနည်းငယ်မျှပင် ရမ်းကားသော လှုပ်ရှားမှုကို ပြုဝံ့ခြင်း မရှိကြပေ။
ကျန်းရူယွီနှင့် ဝမ်ချီဖုန်း၊ ထို့ပြင် ဂိုဏ်းနှစ်ခုမှ တပည့်များလည်း ဤမြင်ကွင်းကို မြင်တွေ့ရသည်နှင့် အိပ်မက်မက်နေသကဲ့သို့ မယုံနိုင်ဖြစ်နေကြသည်။
လုရီသည် နှစ်ဖက်ရှိ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများကို တည်ငြိမ်စွာ ကြည့်လျက် အနည်းငယ် ပြုံးလိုက်သည်။
"စီနီယာတို့ ပြောတာ မှန်တယ်။ ရတနာဆိုတာ စွမ်းဆောင်နိုင်သူ ပိုင်တာပဲ။ ဒါဆို ဒီရတနာကို ကျွန်တော် ယူမယ်။ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား။"
လေထုက တိတ်ဆိတ်သွားသည်။
နှစ်ဖက်ရှိ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတို့၏ မျက်နှာများသည် မိီးသွေးလို မည်းလာတော့၏။
သူတို့ မည်သို့ ကန့်ကွက်ဝံ့ပါမည်နည်း။
လုရီ ရူးသွပ်သွားပြီး အနီးအနားရှိ သတ်ဖြတ်စွမ်းဖွဲ့စနစ်များ အားလုံးကို အသက်သွင်းလိုက်လျှင် သူတို့ထဲမှ မည်မျှ အသက်ရှင်လိမ့်မည်လဲ..,
မည်သူမျှ မသေချာချေ။
"တာအို ရောင်းရင်းလေးလုက လူငယ်တွေထဲက မွေးဖွားလာတဲ့ သူရဲကောင်းပဲ။ ငယ်ရွယ်သေးပေမယ့် အခင်းအကျင်း တာအိုနယ်မြေမှာ ဒီလို အဆင့်မြင့်မြင့် ပိုင်ဆိုင်ထားတာ၊ ကျုပ်ဖြင့် ကန့်ကွက်စရာ မရှိပါဘူး။"
"တာအို ရောင်းရင်းလေးလုရဲ့ ဓားတာအိုကျင့်ကြံမှုက ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်းရှိသလို၊ သူ့ရဲ့ အခင်းအကျင်း တာအိုကျင့်ကြံမှုကလည်းကြောက်မက်ဖွယ်ကောင်းပါသေးတယ်။
ဓားနဲ့ အခင်းအကျင်း နှစ်ခုစလုံးမှာ ဒီလို စွမ်းဆောင်မှုမျိုး ရရှိတာ တကယ်ကို ချီးကျူးစရာပဲ။ တာအို ရောင်းရင်းလေးလု.., ဒီရတနာကို ပိုင်ဆိုင်ထိုက်ပါတယ်။"
ရင်ထဲမှ သက်ပြင်းချရင်း နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတို့ တစ်ဦးပြီးတစ်ဦး သူတို့၏ ရပ်တည်ချက်ကို ဖော်ပြကြသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ဖုန်းပုမင်က နှာခေါင်းရှုံ့လျက် ကဲ့ရဲ့သည်။
"အဘိုးကြီးတစ်စု၊ အခေါင်း မမြင်ရမချင်း မျက်ရည်မကျဘူး။ ညီအစ်ကိုလု လှုပ်ရှားလိုက်တာနဲ့ သူတို့အားလုံး လွယ်လွယ်ကူကူ လက်မြှောက် အညံ့ခံကြတာပဲ မဟုတ်လား။"
ထိုအခါ ..နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတို့၏ မျက်နှာများ တောင့်တင်းသွားပြီး ဖုန်းပုမင်အား ဒေါသတကြီး ကြည့်လာကြသည်။
လုရီသာ မရှိခဲ့လျှင် သကောင့်သား ဖုန်းပုမင်ကို
မသတ်လျှင်တောင် အရေခွံ တစ်ထပ်တော့ နွှာပစ်ရမည်။
ဖုန်းပုမင်ကမူ မာန်မာန မကျသေးဘဲ အေးစက်စွာ ရယ်မောလိုက်သည်။
အသက်ကြီး၍ မာန်တက်နေကြသော
သည်အဘိုးကြီးတွေကို သူ လှောင်ပြောင်လိုက်ခြင်းပင်။
ထိုအရာက နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတို့၏ မျက်နှာများကို ပုပ်သိုးစေပြီး၊ အမူအရာများ တောင့်တင်းစေခဲ့သည်။
လုရီပင် အနည်းငယ် ရှက်ရွံ့သွားသည်။
ဖုန်းပုမင်၏ ပါးစပ်က ဤမျှ အဆိပ်ပြင်းလိမ့်မည်ဟု သူ... သိခဲ့လျှင်...
သူသည် ဖုန်းပုမင်၏ ကျောကို ပုတ်လျက် ပြောသည်။
"အစ်ကိုဖုန်း၊ အတွင်းကို ဝင်ပြီး ရတနာတွေကို ကြည့်ကြရအောင်။"
ဤစကား ကြားသည်နှင့် ဖုန်းပုမင်၏ မျက်လုံးများ တောက်ပလာပြီးနောက်မှ သက်ကြီးပိုင်းကျင့်ကြံသူများကို နောက်ဆုံးတွင် လွှတ်ပေးလိုက်တော့သည်။
"သွားကြစို့! ဒီလို ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်မျိုးနဲ့ဆိုရင် အတွင်းမှာ အလွန်တန်ဖိုးရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရတနာတွေ အသေအချာ ရှိနေမှာပဲ.."
လုရီသည် အရုဏ်ဦးအလင်းရောင်ဖြင့် ပြည့်နှက်နေသော ဝင်္ကပါကို ကြည့်ကာ ခြေလှမ်းကျဲများဖြင့် လှမ်းဝင်လိုက်သည်။
ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး သူ့ဘာသာ တိုးသက်စွာ ရေရွတ်လိုက်သည်။
...နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတွေ အလယ်ကနေ ဝင်္ကပါထဲက ရတနာတွေကို ငါ ယူသွားမယ်...
သူ့ရွှေလက်ချောင်းစနစ်က အသက်ဝင်လာချေပြီ။
[အလုပ်]
နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတွေ အလယ်ကနေ ဝင်္ကပါထဲက ရတနာတွေကို
ယူပါ။
ဆုလာဘ်- လျှို့ဝှက်နည်းစနစ်
'အစစ်အမှန် မီးသန့်စင်ခြင်း နည်းစနစ်'
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
...
လုရီ အလုပ် ဆုလာဘ်များကို မြင်သောအခါ ခဏတာ အံ့အားသင့်သွားပြီး အနည်းငယ်
မှင်သက်သွားသည်။
သူသည် နောက်ပိုင်းတွင် လက်နက် သွန်းလောင်းခြင်းကို စမ်းသပ်ရန် စဉ်းစားထားခဲ့သော်လည်း၊ လက်ရှိ အလုပ်ဆုလာဘ်များက ထိုအရာအတိုင်းအတိအကျ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပါ။
ထို့ပြင် ဒါက လျှို့ဝှက် နည်းစနစ်တစ်ခုပင်။ အလွန် တန်ဖိုးရှိနိုင်လေသည်။
လုရီသည် အလုပ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပြီးနောက် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်မှ ဂိုဏ်းနှစ်ခုမှ တပည့်များကို လျှို့ဝှက်ခန်းအတွင်းသို့ ဦးဆောင်ခေါ်ဆောင်သွားသည်။
လျှို့ဝှက်ခန်းသည် မကြီးမားပေ။
အချင်း ဆယ်မီတာကျော်မျှသာ ရှိသည်။
သို့သော် အတွင်းရှိ အရာများသည် လုရီကိုပင် အံ့အားသင့်စေခဲ့သည်။
အတွင်း၌ ရေကန်များစွာ ရှိနေပြီး၊ ထိုရေကန်များအတွင်း၌ နို့နှစ်ရောင် အရည်များ၊ နို့နှစ်ရောင် အနှစ်ခဲလေးများပင် ရှိနေ၏။
ဤအရာများသည် လုရီအတွက် အလွန် ရင်းနှီးပြီးသား ပစ္စည်းများပင်။
၎င်းတို့အားလုံးသည် ဝိညာဉ်နို့ရည်များ ဖြစ်ပြီး၊ ဝိညာဉ်ခြင်ဆီပင် ပါရှိနေသည်။
အခြားတစ်ဖက်တွင်မူ ကျင့်ကြံခြင်းရတနာ ဆယ်ခုကျော် လေထဲ၌ ဝဲပျံနေပြီး၊ ရောင်စုံအလင်းများ တဖိတ်ဖိတ်တောက်ကာ အလွန်ပြင်းထန်သော ဖိအားများ ထုတ်လွှတ်နေ၏။ ၎င်းတို့ကား လက်နက်များပင်။
လုရီပင် အနည်းငယ် အံ့အားသင့်သွားသည်ဆိုတော့ ကျန်သူများအကြောင်း ပြောစရာပင် မလိုချေ။
ဤသူတို့သည် နတ်ဓားဂိုဏ်းနှင့် အင်ပါယာ
ဓားဂိုဏ်းမှ ထူးချွန် ထက်မြက်သော တပည့်များ ဖြစ်ကြသော်လည်း၊ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ နိမ့်ကျနေဆဲဖြစ်ပြီး၊ အများဆုံး အခြေတည် ဝိဉာဉ် အဆင့်သာ ရှိကြသည်။
ရွှေအူတိုင် ကျင့်ကြံသူများပင် ပါဝင်သေးသည်။
ထူးချွန်သော ပုဂ္ဂိုလ်များပင်လျှင် ဂိုဏ်းနှစ်ခုအတွင်း၌ တန်ဖိုးရှိသော ရတနာများစွာကို မည်သို့မျှ ရရှိနိုင်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင်၊ တစ်ဦးပြီး တစ်ဦး၊
သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး၊ သူတို့၏ အသက်ရှူသံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
ကျန်းရူယွီသည် နို့နှစ်ရောင် အနှစ်ခဲများကို ကြည့်ကာ ထိတ်လန့်တကြား ပြောဆိုသည်။
"ဝိညာဉ်ခြင်ဆီတွေပဲ! ဝိညာဉ်စွမ်းအင် စုစည်းမှုအရဆိုရင် ဒါတွေအားလုံးက နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီတွေပဲ! ဘယ်လိုလုပ် ဒီလောက်များများ ရှိနိုင်တာလဲ! အားလုံးပေါင်းလိုက်ရင် အစက်ပေါင်း ထောင်ချီ ရှိရမယ်!"
လင်းယွီမှာ ပျော်လွန်း၍ မူးယစ်နေသည်။
"ဒါတွေက ဝိညာဉ် နို့ရည်တွေပဲ! နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်၊ နှစ်တစ်သောင်းဝိညာဉ်နှင်းစက်! ဒါတွေအားလုံး တကယ် ရှိနေတာလား၊
အလိုလေး..ကောင်းကင်ဘုံရယ်!"
လင်းယွီက ရတနာပုံတွေ့ပြီဟု အဆက်မပြတ် ရေရွတ်နေတော့သည်။
ဝမ်ချီဖုန်း၏ ပုံမှန်တည်ငြိမ်သော မျက်နှာထားသည် ဆက်လက်တည်ငြိမ်နိုင်တော့ခြင်း မရှိတော့ချေ။
သူသည် ရွှေရောင်အလင်းတန်း တစ်စုနားသို့ ချဉ်းကပ်သွားပြီး လေထဲ၌ ဝဲပျံနေသော ရွှေရောင်ဓားတစ်လက်ကို ကြည့်ရင်း
ပျော်ရွှင်မှုဖြင့် မျောပါသွားသည်။
"အလယ်အလတ် အဆင့် ရတနာပဲ!"
ဖုန်းပုမင်လည်း ထိုကျင့်ကြံခြင်း ရတနာများကို သွားရောက် စစ်ဆေးပြီးနောက် ကြေညာလိုက်သည်။
"ဒါတွေအားလုံး လက်နက်တွေပဲ! အနိမ့်ဆုံးက အောက်ဆုံးအဆင့် ရတနာ၊ အလယ်အလတ်အဆင့် ငါးခုတောင် ရှိတယ်၊ အမြင့်ဆုံးအဆင့် ရတနာ တစ်ခုတောင် ပါသေးတယ်!"
လုရီမှလွဲ၍ လူတိုင်းသည် အလွန်အမင်း ပျော်ရွှင်နေကြလေတော့သည်။
အခန်း၂၅၅- လေ့ယင် သူတော်စင်သမီးတော်က အထင်ကြီးလေးစားခြင်း...
~နောက်ဆုံးတွင်၊ လုရီ အရာအားလုံးကို သူ့ သိုလှောင်လက်စွပ်ထဲသို့ စုစည်း သိမ်းဆည်းလိုက်သည်။
အရှေ့မှ မြစိမ်းရောင် သံမဏိ ရတနာများကဲ့သို့ပင် ဤလျှို့ဝှက်ခန်းမှ ထွက်ခွာပြီးမှ အားလုံးအား ခွဲဝေပေးရန် သူ စိတ်ထဲမှ ဆုံးဖြတ်ထားခဲ့၏။
လျှို့ဝှက်ခန်း အပြင်ဘက်၌မူ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ အုပ်စုကြီးသည် မျက်ဝန်းများတွင် မနာလိုစိတ်တို့ ဖုံးလွှမ်းနေတော့သည်။
အတွင်းမှ ထွက်ပေါ်လာသော အသံများကိုပင်
သူတို့ အတိုင်းသား ကြားခဲ့ကြရသည်။
ဝိညာဉ်နို့ရည်များ၊ ဝိညာဉ်ခြင်ဆီများ၊ ထို့ပြင် စွမ်းအားမြင့် လက်နက်များပင်...ရှိနေသည်ဟူ၍....
ဤမျှ တန်ဖိုးကြီးမားသော ရတနာ အစုစုကို
သူတို့ လက်ထဲတွင် မရနိုင်ခြင်းမှာ မည်မျှ နာကြည်းဖွယ်ကောင်းလိုက်သနည်း။
...
ထို့နောက် လုရီသည် သူ့အဖွဲ့ကို ဦးဆောင်လျက် ရှေ့သို့ အဆောတလျင် ချီတက်သွားသည်။
နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတို့ကမူ မည်သူမျှ မပြောဘဲ သဘောတူညီထားသကဲ့သို့ လုရီ၏ ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း ထွက်ခွာသွားကြတော့သည်။
လုရီ၏ အခင်းအကျင်း တာအိုနယ်မြေ ကျွမ်းကျင်မှုသည် မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ဆိုလျှင် ထိုကျင့်ကြံသူများ မည်သို့မျှ ခုခံတွန်းလှန်နိုင်စွမ်း မရှိကြတော့ဘဲ၊ သူ့ကို တတ်နိုင်သမျှ ရှောင်ရှားရန်သာ စွမ်းဆောင်နိုင်တော့သည်။
လုရီ၏ အဖွဲ့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ တိုက်ပွဲများ၏ သဲလွန်စများကို သူ ပိုမို ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည်။ သေဆုံးသူများ၏ အရေအတွက်သည်လည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။
အများစုမှာ နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူများပင်။ အချို့က သူတို့ မခုခံနိုင်သော လူသတ် အခင်းအကျင်းများနှင့် ရင်ဆိုင်တွေ့ကာ သေဆုံးခဲ့ကြသည်။ အချို့ကမူ အခြားနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများနှင့် သတ်ပွဲဆင်နွှဲရင်း အသက်ဆုံးရှုံးခဲ့ကြသည်။
ဤအမွေအနှစ်နယ်မြေ တစ်လျှောက်တွင် ရတနာအမျိုးမျိုး ပျံ့နှံ့လျက်ရှိ၏။
အချို့က လျှို့ဝှက်ခန်းများထဲတွင် ပုန်းကွယ်မနေကြချေ။
လုရီနှင့် သူ့အပေါင်းအပါတို့သည် လမ်းဘေးတစ်လျှောက်၌ပင် နှစ်ပေါင်းထောင်သောင်းချီ သက်တမ်းရှိသော ရှားပါး ကောင်းကင်နှင့် မြေကြီး ရတနာဖြစ်သည့်
ကောင်းကင်နေပန်းပင်ကို တွေ့ရှိခဲ့ကြသည်။
ဤအရာက မည်သည့် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူကိုမဆို ရူးသွပ်စေရန် လုံလောက်သည်။
ကံကြမ္မာ၏ ဆွဲဆောင်မှုသည် စိတ်နှလုံးကို လှုပ်ရှားစေ၏။ ကောင်းကင်နှင့် မြေကြီးရတနာများ ပေါ်ထွက်လာသည်နှင့်အမျှ၊ သတ်ဖြတ်မှုများ လောက တစ်ခွင်လုံး၌ ဖြစ်ပွားနေတော့သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ အနည်းငယ်တို့သည် လုရီ၏ အဖွဲ့အား ခွန်အား
မပြင်းထန်လှဟု အထင်သေးကာ လုယက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် လုရီ အသက်သွင်းလိုက်သော သတ်ဖြတ်အခင်းအကျင်း တစ်ခုကြောင့် ထိုနေရာ၌ပင် ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးခဲ့ကြသည်။
လုရီသည် သူ့ကို လိုက်လံ သတ်ဖြတ်ရန် ကြိုးစားခဲ့သော ထိုကျင့်ကြံသူများကို မည်သည့် သနားညှာတာမှုမျှ မပြခဲ့ချေ။
သူတို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ အခင်းအကျင်းများ ပိုမို ခက်ခဲလာပြီး နောက်ဆုံးတွင် ဟင်းလင်းပြင် နယ်ပယ်အဆင့် ပုဂ္ဂိုလ်များကိုပင် ထောင်ချောက်ဆင်နိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်။
ဤမျှ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာနိုင်သော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများမှာ လက်ချိုးရေတွက်နိုင်ရုံမျှသာ ရှိသည်။
အများစုမှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် သတ်ဖြတ်အခင်းအကျင်းများကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြပြီး မအောင်မြင်ဘဲ သေဆုံးခဲ့ကြသော အခင်းအကျင်း တာအိုပညာရှင်များပင်။
လမ်းတစ်လျှောက်တွင် လုရီသည် လျှို့ဝှက်ခန်းနှစ်ခု ထပ်မံတွေ့ရှိခဲ့လေ၏။ ၎င်းတို့ကို ဖွင့်လိုက်သောအခါ ဝိညာဉ်နို့ရည်များနှင့် ဝိညာဉ်ခြင်ဆီအမျိုးမျိုး၊ ထို့ပြင် ကောင်းကင်နှင့် မြေကြီးရတနာများနှင့် ကျင့်ကြံခြင်း ရတနာများကို တွေ့ရှိခဲ့ကြသည်။
လျှို့ဝှက်ခန်းများ ဖွင့်လှစ်ခြင်းမှ ထွက်ပေါ်လာသော ဆူညံသံမှာ နတ်ဘုံတစ်ခွင်သို့ ပဲ့တင်ထပ်မတတ် ကျယ်လောင်လှသည်။
ကျင့်ကြံသူများစွာ လာရောက်ကြည့်ရှုကြသည်။ သို့သော် လုရီသည် သတ်ဖြတ်အခင်းအကျင်းများကို အသက်သွင်းနိုင်သည်ကို မြင်ခဲ့ကြသည့်အတွက် သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားကြပြီး မည်သည့် ရမ်းကားသော လှုပ်ရှားမှုမျှ လုပ်ဝံ့ခြင်း မရှိကြတော့ချေ။
ထောင့်တစ်နေရာကို ကွေ့လိုက်သောအခါ သူတို့ ရှေ့တွင် ကျယ်ဝန်းသော ရင်ပြင်ကြီး တစ်ခုအား ဘွားခနဲ တွေ့လိုက်ရသည်။
ရင်ပြင်၏ နက်ရှိုင်းသော အဆုံး၌ မိုးထိမြင့်မားသော နန်းတော်ကြီးတစ်ခု တည်ရှိနေ၏။ ထိုနန်းတော်ကား အင်မော်တယ်နန်းတော်နှင့်ပင် ခွဲခြားမရနိုင်အောင် တူညီလှသည်။ အတွင်းပိုင်းတွင် ရောင်စုံအလင်းများ တဖျတ်ဖျတ်လင်းနေပြီး၊ အထက် ကောင်းကင်ယံ၌ စစ်မှန်သော နဂါးများနှင့် ချီလင် သားရဲများကဲ့သို့သော လှပသည့် မြူခိုးပုံရိပ်များ အံ့သြဖွယ်ရာ ပျံဝဲနေ၏။
"ဒါက... အင်မော်တယ်ဂိုဏ်းရဲ့ စစ်မှန်တဲ့ အပျက်အစီးနယ်မြေပဲ!"
ကျန်းရူယွီ အံ့အားသင့်စွာ ဟစ်အော်လိုက်သည်။
ကျန်သူများလည်း နန်းတော်ကြီးကို စိတ်အား ထက်သန်စွာဖြင့် ငေးကြည့်နေကြသည်။
နန်းတော်ကြီးက ကျယ်ပြောလှပြီး အတွင်း၌ ရတနာများစွာ ရှိနေဖွယ် ရှိသည်။
ရင်ပြင်ပေါ်၌ သူတို့အပြင် အခြားကျင့်ကြံသူများလည်း ရှိနေသည်။
လုရီ ခေါင်းလှည့်ကြည့်လိုက်သောအခါ အဖွဲ့များစွာကို တွေ့မြင်လိုက်ရသည်။
ထိုက်ရီ မြင့်မြတ်နယ်မြေ၊ လေ့ယင် အင်မော်တယ်ဂိုဏ်း၊ ထိုက်ရွှမ်း အင်မော်တယ်ဂိုဏ်း၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၊ ထို့ပြင် ကောင်းကင် နန်းတော်မှ ကျင့်ကြံသူများပင် ရှိနေသေး၏။
လုရီသည် ထိုနယ်မြေများမှ သူတော်စင်သားတော်များနှင့် သူတော်စင် သမီးတော်များ၊ ထို့ပြင် သူတို့၏ ထူးချွန်သော တပည့်များအားလုံး ဟင်းလင်းပြင် နယ်ပယ်အဆင့် ကျင့်ကြံသူတို့နောက်မှ တညီတညာတည်း လိုက်ပါနေသည်ကို တွေ့လိုက်သည်။
မြင့်မြတ်နယ်မြေတစ်ခုစီ၌ အစွမ်းထက်သော အခင်းအကျင်း ပညာရှင်များ လိုက်ပါလာခဲ့ကြပြီး၊ ထိုအခိုက်အတန့်တွင် သူတို့အားလုံး လေးနက်တည်ကြည်သော မျက်နှာထားများဖြင့် အခင်းအကျင်းစနစ်များကို ဖြည်းဖြည်းချင်း လေ့လာစူးစမ်းလျက် နန်းတော်ဘက်သို့ ဦးတည် ရွေ့လျားနေကြသည်။
ဤသူတို့အပြင်၊ ဟင်းလင်းပြင် နယ်ပယ်
တကိုယ်တော်ကျင့်ကြံသူ အနည်းငယ်တို့သည်လည်း အဖွဲ့ ဖွဲ့ထားကြသည်။ သူတို့အထဲ၌လည်း အခင်းအကျင်းစနစ်များတွင် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ပါရှိပြီး၊ သူတို့လည်း နန်းတော်ဘက်သို့ ရွေ့လျားနေကြသည်။
လုရီနှင့် သူ့အဖော်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့သည်အံ့အားသင့်သည့် အမူအရာများ ပြသကြသည်။
အဆုံးစွန်တွင်၊ လုရီ၏ အဖွဲ့တွင် အစွမ်းထက်သော ဟင်းလင်းပြင် နယ်ပယ် ကျင့်ကြံသူများ သို့မဟုတ် အခင်းအကျင်း ပညာရှင်များ မပါဝင်ကြချေ။ သူတို့ထဲတွင် အသန်မာဆုံးမှာ အခေုတည် ဝိဉာဉ်အဆင့်မျှသာ ဖြစ်သည်။
သူတို့သည် လုရီ၏ အဖွဲ့ ဤမျှ နက်ရှိုင်းစွာ မည်သို့ ရောက်ရှိလာနိုင်ခဲ့သည်ကို စိတ်ကူး၍ပင် မရနိုင်ချေ။
ထိုအခိုက်အတန့်တွင် ကျန်းရူယွီသည် အဝေးမှ အဖွဲ့တစ်ဖွဲ့ကို ကြည့်ကာ ပြောသည်။
"သူတို့က ငါတို့နတ်ဓားဂိုဏ်းက စီနီယာတွေပဲ။"
"ငါ့ရဲ့ အင်ပါယာဓားဂိုဏ်းက စီနီယာတွေလည်း ပါတယ်။" ဖုန်းပုမင်ကလည်း စီနီယာ ကျင့်ကြံသူများအဖွဲ့တစ်ဖွဲ့ကို ညွှန်ပြလိုက်သည်။
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ အစွမ်းထက်သူများ ထိုနေရာ၌ ရှိနေကြပြီး၊ဟင်းလင်းပြင် နယ်ပယ်နှင့် နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများ ပါဝင်လျက် အခင်းအကျင်းပညာရှင် အများအပြားလည်း ရှိနေသည်။
လုရီတို့အား သတိပြုမိသည်နှင့် သူတို့အားလုံးက ခဏတာ ရပ်တန့်သွားကြပြီးနောက် တူညီသော လမ်းကြောင်းအတိုင်း လျှောက်လာကြသည်။
နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင် နယ်ပယ် ကျင့်ကြံသူတစ်ဦးက ပြောသည်။
"ညီငယ်ဝမ်၊ ညီမငယ်ရူယွီ ငါတို့က မင်းတို့ မဝင်ရသေးဘူး ထင်နေတာ။ ဘာလို့ ငါတို့ကို လာခေါ်ဖို့ အကြောင်းမကြားတာလဲ။"
"ဟုတ်တယ်၊ ငါတို့ မင်းတို့ဆီကို သတင်းတွေ ပို့ခဲ့ပေမယ့် မင်းတို့ ပြန်မဖြေခဲ့ဘူး။"
အင်ပါယာ ဓားဂိုဏ်းမှ အမျိုးသားတစ်ဦးက
ဖုန်းပုမင်အား မျက်မှောင်ကြုံ့လျက် ပြောသည်။
အခြားမြင့်မြတ်နယ်မြေ အင်မော်တယ်ဂိုဏ်းများမှ တပည့်များသည် သူတို့၏ သက်ဆိုင်ရာ ဟင်းလင်းပြင်ဥမင် နယ်ပယ် အစွမ်းထက်သူများနှင့် တွေ့ဆုံကြသော်လည်း၊ နတ်ဓားဂိုဏ်းနှင့်
အင်ပါယာ ဓားဂိုဏ်းမှ လူငယ်မျိုးဆက်များသာ ထိုနေရာ၌ မရှိကြရာ၊ သူတို့ စိုးရိမ်ပူပန်ခြင်းမှာ နားလည်နိုင်ပေသည်။ သို့သော် ဝင်္ကပါက အလွန်ကျယ်ဝန်းလှပြီး ရည်ရွယ်ချက်မဲ့ ရှာဖွေခြင်းက အချည်းနှီးပင် မဟုတ်ပါလော။
ဝမ်ချီဖုန်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ရာ အနည်းငယ် အလင်းတောက်ပနေသည်ကို တွေ့လိုက်ရသောအခါ အိုးတိုးအမ်းတမ်း
ပြုံးလျက် ဆင်ခြေပေးလိုက်သည်။
" ကျွန်တော်တို့ ရတနာတွေ ရှာနေတာနဲ့ သတိမထားမိလိုက်ပါဘူး။"
ကျန်သူများလည်း အနည်းငယ် ရှက်ရွံ့နေကြသည်။
တပည့်အချို့ သတိထားမိကောင်း ထားမိကြပေမည်။
သို့သော် အဘယ်ကြောင့် လုရီနောက်သို့ လိုက်ပါခဲ့ရသနည်း။
အကြောင်းကတော့.. ဝင်္ကပါကို ရှာဖွေပြီး ကောင်းကင်နှင့် မြေကြီးရတနာတွေ ရရှိဖို့လေ...
အဲ့ဒီအချိန်မှာ သူတို့က သူတို့ရဲ့ ဂိုဏ်းက
စီနီယာတွေနဲ့ သွားတွေ့ရမှာလား။
ဂိုဏ်းက စီနီယာတွေက သူတို့ကို ဝင်္ကပါထဲက လျှို့ဝှက်ခန်းတွေကို ရှာဖွေတွေ့ရှိအောင် ကူညီပေးနိုင်မှာ မလို့လား။
ထိုသို့ လုပ်ခြင်းက မိုက်မဲရာ မရောက်ဘူးလား။
ထို့ကြောင့် ဘယ်သူမှ ဒီအကြောင်းအရာကို
မထုတ်ဖော်ကြပါ။
သူတို့အားလုံး သတိမေ့သွားကြသကဲ့သို့ ပြုမူသည်ကို မြင်သောအခါ အင်ပါယာ ဓားဂိုဏ်းနှင့် နတ်ဓားဂိုဏ်းမှ အစွမ်းထက်သော ကျင့်ကြံသူများ အချင်းချင်းကြည့်ကာ ထူးဆန်းသော အမူအရာများ ပြသလိုက်ကြသည်။
ထိုစဉ် နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်နယ်ပယ်အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အနည်းငယ် အံ့အားသင့်စွာ ပြောလာသည်။
"ကျွန်မတို့ မပါဘဲ ရှင်တို့ ဒီလောက် နက်ရှိုင်းတဲ့အထိ ထိုးဖောက်ဝင်ရောက်နိုင်တာ တကယ်ကို အံ့ဩစရာပဲ။"
ကျန်သူများလည်း ခေါင်းညိတ်ကာ အံ့အားသင့်စွာ ကြည့်နေကြသည်။
"မင်းတို့ ဘယ်လို စီမံနိုင်ခဲ့တာလဲ။ ညီလေးလုရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ တိုက်ခိုက်ပြီး ဝင်လာတာတော့ မဟုတ်ပါဘူးနော်။"
ဟု နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူတစ်ဦးက
အရွှန်းဖောက်လိုက်သည်။
ထိုအခါ ...ကျန်းရူယွီ က ပြုံးရယ်လိုက်ပြီး ပြန်ပြောလိုက်သည်မှာတော့...
"ကျွန်မတို့ တိုက်ခိုက်ပြီး ဝင်လာစရာ မလိုခဲ့ပါဘူး။ မောင်လေးလုရဲ့ အခင်းအကျင်း ကျွမ်းကျင်မှုက အရမ်း မြင့်မားတာကြောင့် ကျွန်မတို့ ခရီးလမ်းက မြေပြန့်မှာ လမ်းလျှောက် နေရသလိုပါပဲ၊ တိုက်ခိုက်စရာ ဘယ်မှာ လိုလို့လဲရှင်။"