အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း ၂၅၆-လေ့ယင် သူတော်စင်သမီးတော်က သဘောကျနေတယ်...
~ထိုစကားသံအဆုံး၌ နတ်ဓားဂိုဏ်းနှင့်
အင်ပါယာ ဓားဂိုဏ်းတို့မှ စွမ်းအားရှင်အပေါင်းတို့၏ မျက်ဝန်းတို့တွင် အံ့ဩတုန်လှုပ်ခြင်းများ ပြည့်လျှံလာကာ လုရီအား စူးစိုက်ကြည့်ရှုလာကြ၏။ အထူးသဖြင့် အခင်းအကျင်းပညာရပ်တွင် နက်နဲစွာ ထိုးဖောက်သိမြင်ထားသော ကျင့်ကြံသူအနည်းငယ်တို့၏ အကြည့်များတွင်မူ မေးခွန်းများ၏ အရိပ်အယောင်တို့က နက်နဲစွာ တောက်ပနေ၏။
အခင်းအကျင်း ပညာရပ်ဟူသည် တာအို၏ လျှို့ဝှက်ဆန်းကြယ်သော လမ်းစဥ်များထဲမှ
တစ်ခုဖြစ်ပြီး၊ ၎င်းက ရိုးရိုးရှင်းရှင်းနှင့် တတ်မြောက်နိုင်သည့် ပညာရပ် မဟုတ်ချေ။
သို့သော် လုရီသည် လူအများအပြားကို ဦးဆောင်လျက် ဟင်းလင်းပြင်ဥမင် နယ်ပယ်၏ အနက်ရှိုင်းဆုံး အခင်းအကျင်း နယ်နိမိတ်အထိပင် ခြေဆန့်ဝင်ရောက်လာခြင်းက သူတို့အား မည်သို့မျှ မယုံကြည်နိုင်အောင်ပင် ဖြစ်စေခဲ့သည်။
လုရီ၏ ဓားပညာအရည်အသွေးက ကျင့်ကြံသူအပေါင်းကို
မှင်သက်စေခဲ့သည်မှာ မငြင်းနိုင်သော်လည်း၊ အခင်းအကျင်းတာအိုနှင့် ဓားတာအိုဟူသည်ကား မတူညီသော လမ်း နှစ်သွယ်ပင်
ဖြစ်ချေ၏။
လုရီသည်လည်း စွမ်းအားမြင့် ကျင့်ကြံသူများစွာ၏ မျက်ဝန်းများထဲမှ အံ့အားသင့်မှုနှင့် မေးခွန်း ထုတ်လိုမှုများကို မသိဟန်ပြုလျက်၊ ညင်သာသော အပြုံးတစ်ခုကို နှုတ်ခမ်းထက်၌ ဆင်မြန်းရင်း ပြောသည်။
"ကျွန်တော် အခင်းအကျင်းတွေကို နည်းနည်းပါးပါးလောက် နားလည်ရုံပါပဲ။"
"ဟားဟားဟား၊ ညီအစ်ကိုလုက အခင်းအကျင်းတွေကို နည်းနည်းပါးပါးလောက် နားလည်တယ်ဆိုရင်၊ ဘာလို့ ငါတို့နဲ့အတူ အခင်းအကျင်းကို ဖျက်ဖို့ မပူးပေါင်းတာလဲ။" နတ်ဓားဂိုဏ်းမှ အလယ်အလတ် အရွယ် အမျိုးသားတစ်ဦးက ပြုံးလျက် ဖိတ်ခေါ်သည်။
သူ၏ ကျင့်စဉ် အဆင့်သည် နတ်ဘုရား အသွင် ပြောင်းလဲခြင်း နယ်ပယ်တွင် တည်ရှိသော်လည်း၊ အခင်းအကျင်း တာအိုအပေါ်တွင်မူ များစွာ ကျွမ်းကျင်မှု ရှိ၏။ ထို့ကြောင့် ဤနေရာ၌ သူသည် ထင်မှတ်သည်ထက်ပင် ပိုမို အသုံးဝင်သူဖြစ်ပေသည်။
လုရီသည် ဤမျှ ငယ်ရွယ်သောအရွယ်၌ အခင်းအကျင်း တာအိုအပေါ် ဤမျှ နက်နဲသော ကျွမ်းကျင်မှုရှိလိမ့်မည်ဟု ထိုသူက သဘာဝအတိုင်းပင် ယုံကြည် လက်ခံရန် ခက်ခဲနေသည်။
အခြား အခင်းအကျင်း တာအိုပညာရှင်များ၏ မျက်လုံးများတွင်လည်း စမ်းသပ်လိုသည့် စိတ်ဆန္ဒများက မီးတောက်သဖွယ် တောက်ပနေ၏။
လုရီ ထပ်မံ၍ များများစားစား မပြောတော့ဘဲ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။"
သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့်
အခင်းအကျင်း တာအိုပညာရှင် အနည်းငယ်နှင့်အတူ တညီတညာတည်း ရှေ့ဆုံးမှ လျှောက်လှမ်းသွားသည်။
အခင်းအကျင်း ပညာရှင် တစ်ဦးစီက သူ့ခြေဖဝါးအောက်ရှိ အခင်းအကျင်း ပုံရိပ်များကို
မျက်ခုံးတန်းများ ကြုံ့ကာ အနုစိတ် တွက်ချက်စစ်ဆေးနေစဉ်၊ လုရီကတော့ ခြေလှမ်းကျဲကျဲ လှမ်းပြီးသား ဖြစ်ကာ သတ်မှတ်ထားသော လျှို့ဝှက်လမ်းကြောင်းသို့ မလှမ်းမကမ်းတွင် ရောက်ရှိနေ လေပြီ။
လုရီ၏ လုပ်ဆောင်ချက်များသည်အခင်းအကျင်း ပညာရှင်များ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပြီး၊
သူတို့၏ မျက်နှာထားများမှာ ထပ်တလဲလဲ.., ပြောင်းလဲ၍ နေလေတော့သည်။
"သတိထား.."
"ရမ်းကားပြီး လျှောက်မသွားနဲ့!"
သို့သော် လုရီ ရှေ့သို့ ဆက်လက် ရွေ့လျားသွားသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်၍နေဆဲ။ အခင်းအကျင်း ပုံရိပ်များ အနည်းငယ်မျှပင် မလှုပ်ရှားချေ။ မည်သည့် သတ်ဖြတ်အခင်းအကျင်းမျှလည်း အသက်ဝင်လာခြင်း မရှိ။
ဤအရာက အခင်းအကျင်း တာအိုပညာရှင် အနည်းငယ်တို့အား မှင်သက်ကာ ကြောင်အမ်းသွားစေတော့သည်။
လုရီသည် ခြေလှမ်း မှန်မှန် လှမ်းလျက်၊ ခြံဝင်းတစ်ခုအတွင်း၌ လေညင်းခံ လျှောက်သွားသကဲ့သို့ပင် အလျင်အမြန် ရှေ့သို့ တိုးချီသွားနေသည်။ ထိုအချိန်တစ်လျှောက်လုံးတွင် အရာအားလုံး ငြိမ်သက်အေးချမ်း၍ မည်သည့် အနှောင့်အယှက်မျှ မရှိနေပေ။
ဂိုဏ်းနှစ်ခုမှ စွမ်းအားရှင်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အခင်းအကျင်း တာအိုပညာရှင်များက အခြေအနေကို မည်သို့မျှ နားမလည်နိုင်သည့်အလား လုရီအား မျက်လုံး အကြောင်သားဖြင့် ကြည့်နေကြလေသည်။
ထိုအခိုက် ဖုန်းပုမင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား၊ အစ်ကိုကြီးလျို၊ ညီအစ်ကိုလုရဲ့ အခင်းအကျင်း ကျွမ်းကျင်မှုက အရမ်းမြင့်တယ်.. အခင်းအကျင်းတာအိုမှာ သူ့ကို ယှဉ်ချင်ရင် ခင်ဗျားတို့ လိုအပ်နေသေးတယ် ထင်ပါရဲ့။"
"မြန်မြန် လိုက်သွားကြစို့"
ကျန်းရူယွီက အနည်းငယ် ပြုံးလျက် ညင်သာစွာ နှိုးဆော်လာခြင်းပါ။
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ လူငယ်ပါရမီရှင်များသည် လုရီ၏ လက်ဖျားခါသော အခင်းအကျင်း ပညာကို မြင်တွေ့ခဲ့ရပြီးသားဖြစ်ရာ၊ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သဖြင့် လုရီ လျှောက်လှမ်းခဲ့သော လျှို့ဝှက်လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်ပါသွားကြသည်။
အခြားဂိုဏ်းများမှ စွမ်းအားရှင်များကမူ သူတို့၏ ကျောက်ရုပ်ကဲ့သို့ ဖြစ်နေခြင်းမှ သတိပြန်ဝင်လာကြတော့သည်။ နတ်ဓားဂိုဏ်းမှဟင်းလင်းပြင်ဥမင် နယ်ပယ်ကျင့်ကြံသူတစ်ဦးက မှင်သက်နေသော နတ်ဓားဂိုဏ်းမှ အခင်းအကျင်း ပညာရှင်အား ပခုံးကို ပုတ်လျက် ကျယ်လောင်စွာ ရယ်မောသည်။
"ညီငယ်ဝမ်၊ မင်းရဲ့ အခင်းအကျင်း တာအိုက တိုးတက်ဖို့ လိုအပ်သေးတယ်။"
အခင်းအကျင်း တာအို စွမ်းအားရှင်များ အချင်းချင်း အပြန်အလှန် ကြည့်မိကြကာ
သူတို့၏ ပါးစပ်ထောင့်များ တုန်ရီနေသည်။
သူတို့ တစ်ဦးပြီးတစ်ဦး လုရီဘေးသို့ အတင်းအကြပ် တိုးဝှေ့လျက် လာရပ်ကြသည်။
"ညီအစ်ကိုလု ၊ ခင်ဗျားရဲ့ အခင်းအကျင်းတာအိုကျွမ်းကျင်မှု ဒီလောက်မြင့်မားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ အခင်းအကျင်း စနစ်ရဲ့ အန္တရာယ်မရှိတဲ့ အစိတ်အပိုင်းကို ဒီလို လွယ်လွယ်ကူကူ ဘယ်လို မြင်နိုင်ခဲ့တာလဲ။"
"ဟုတ်တယ်၊ ညီလေးလု၊ ကျွန်တော်တို့ကို ရှင်းပြပေးပါဦး။"
တစ်ဦးပြီးတစ်ဦး အလုအယက် တောင်းဆိုလာကြ၏။ အခင်းအကျင်းတာအို ကျွမ်းကျင်သူတို့၏ မျက်လုံးများက စူးရှစွာ တောက်ပနေသည်။ သူတို့၏ ရင်ထဲ၌ မေးခွန်းပေါင်းများစွာနှင့်အတူ စူးစမ်းလိုစိတ်များ ပြင်းပြစွာ ထွက်ပေါ်လာ၏။
လုရီ သူတို့၏ စိတ်အားထက်သန်သော အကြည့်များကို မြင်သောအခါ ခဏတာမျှ စဉ်းစားလိုက်ပြီး သူ့စိတ်ထဲ၌ အလုပ်ပေးလိုက်သည်။
"နတ်ဓားဂိုဏ်းနဲ့ အင်ပါယာဓားဂိုဏ်းက ကျင့်ကြံသူတွေကို အခင်းအကျင်းတာအို ရှင်းပြရမယ်။"
[အလုပ်]
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများကို အခင်းအကျင်း တာအို ရှင်းပြပါ။
ဆုလာဘ်- "ထိပ်တန်းအဆင့် အခင်းအကျင်းတာအို ခွဲခြမ်းစိတ်ဖြာခြင်း"၊ အခင်းအကျင်း တာအိုနယ်မြေ တိုးတက်ခြင်း
အလုပ်ကို လက်ခံမည်လား- လက်ခံမည်လား/ငြင်းမည်လား။
လုရီ၏ မျက်လုံးများ တောက်ပလာပြီးနောက် ကြည်လင်စွာ ပြုံးလိုက်သည်။
အလုပ်၏ ဆုလာဘ်က အလွန် ကောင်းမွန်လှ၏။
လုရီသည် အလုပ်ကို လက်ခံလိုက်သည်နှင့် ချက်ချင်းပင် စိတ်ဓာတ် တက်ကြွလာသည်။
သူ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားရင်း ဂိုဏ်းနှစ်ခုမှ အခင်းအကျင်း ပညာရှင်များကို အခင်းအကျင်း တာအိုအကြောင်း ရှင်းပြနေတော့သည်။
လုရီသည် အခင်းအကျင်း တာအိုအကြောင်းကို
နက်နက်ရှိုင်းရှိုင်း နားလည်ထား၏။
စင်စစ်တွင် သူသည် အခင်းအကျင်းများစွာကို ၎င်းတို့၏ အမြင့်ဆုံးအဆင့်အထိ နားလည်သဘောပေါက်ခဲ့ပြီး၊ ထိုမှတစ်ဆင့် အခြားများစွာသော အခင်းအကျင်းများကိုပါ ကျယ်ပြန့်စွာ နားလည်နိုင်စွမ်း ရှိသည်။
သူ၏ ရှင်းပြချက်များမှာ အခြေခံမှသည် နက်နဲသိမ်မွေ့သော အသိပညာများအထိ ဖြစ်ရာ ဂိုဏ်းနှစ်ခုမှ အခင်းအကျင်း ပညာရှင်များအား လုံးဝ ဆွဲဆောင်ထားနိုင်ခဲ့သည်။ သူတို့၏ မျက်လုံးများက အင်မော်တယ် တေးသွားကို နားထောင်ရသကဲ့သို့ပင် တဖျတ်ဖျတ် လင်းလက်နေတော့သည်။
တစ်ချိန်တည်းမှာပင် အခြားကျင့်ကြံသူများကမူ ရှုပ်ထွေးသော အကြည့်များ ဖလှယ်နေကြပြီး၊ သူတို့ကိုယ်တိုင် လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့သည် အခင်းအကျင်း တာအိုကို ကျင့်ကြံခြင်း မရှိခြင်း၊ သို့မဟုတ် သူတို့၏ ကျွမ်းကျင်မှုမှာ အလွန် နိမ့်ပါးနေခြင်းကြောင့်ပင် သဘာဝအတိုင်း နားမလည်နိုင်ခြင်း ဖြစ်သည်။
သူ ရှင်းပြနေစဉ် လုရီသည် လူတိုင်းကို လျင်မြန်စွာ ရှေ့သို့ ဦးဆောင်သွားသည်။
မူလက ရင်ပြင်တစ်ခုလုံးကို အမြန်ဆုံး ဖြတ်ကျော်နိုင်သူများမှာ အခင်းအကျင်း တာအို အခြေပြုကျင့်ကြံသော ထိုက်ရီ မြင့်မြတ်နယ်မြေ ဖြစ်ပြီး၊ ၎င်းနှင့် တန်းတူက ကောင်းကင်ဘုံနန်းတော် ရှိသည်။ ထို့နောက် ထိုက်ရွှမ်
အင်မော်တယ်ဂိုဏ်းနှင့် လေ့ယင် အင်မော်တယ်ဂိုဏ်း၊ နောက်ဆုံးမှ နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်း၊ နောက်ဆုံးတွင် ကောင်းကင်နဂါး မြင့်မြတ် နယ်မြေတို့ အသီးသီး ဖြစ်ကြသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူ အများစုသည် ခန္ဓာကိုယ် အခြေပြု ကျင့်ကြံကြပြီး 'မိမိ၏ စွမ်းအားသည် နည်းလမ်းအားလုံးကို ချိုးဖျက်နိုင်သည်' ဟူသော သဘောတရားကို ယုံကြည်ကြသဖြင့် ဦးနှောက် လိုအပ်သော အခင်းအကျင်း တာအိုကို စိတ်ပါဝင်စားမှု အနည်းငယ်သာ ရှိကြသည်။
သို့သော် ယခုအခါ လုရီသည် ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများကို အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ဦးဆောင်နေသဖြင့် မကြာမီပင် ထိုက်ရွှမ် အင်မော်တယ်ဂိုဏ်းနှင့် လေ့ယင်
အင်မော်တယ်ဂိုဏ်းတို့ကို ကျော်တက်သွားပြီး၊ ကောင်းကင်နန်းတော်နှင့် ထိုက်ရီ မြင့်မြတ်နယ်မြေဘက်သို့ တည့်တည့်မတ်မတ် ဦးတည်နေပြီ ဖြစ်သည်။
ဤအရာက ထိုနေရာ၌ ရှိနေသော စွမ်းအားရှင်အမျိုးမျိုး၏ မျက်နှာထားများကို ပြောင်းလဲသွားစေသည်။
လုရီ လူတစ်တန်းလုံးကို ဦးဆောင်လျက် ရှေ့သို့ ချီတက်သွားစဉ် အခင်းအကျင်းပညာရှင် အများအပြားကမူ သူ့စကားကို တာအိုတေးသံ နာယူရသကဲ့သို့ပင် နားထောင်နေကြသည့် မြင်ကွင်းအား မြင်လိုက်ရသော် ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်နေကြသည်။
သူ မယုံနိုင်ချေ။
"ဒီကောင်... ဒီလို အခင်းအကျင်း တာအိုကျွမ်းကျင်မှုမျိုးလည်း ပိုင်ဆိုင်နေတာလား"
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင် ဥမင် စွမ်းအားရှင်တစ်ဦးက အခြေအနေ၏ ထိတ်လန့်ဖွယ်ရာကို မြင်ပြီး သူတို့၏ အခင်းအကျင်း တာအိုပညာရှင်၏ ပခုံးကို ပုတ်လျက် ပြောသည်။
"ညီငယ်တုန်.. မင်း ဒါကို တတ်နိုင်ရဲ့လား ..မတတ်နိုင်ဘူးလား!"
နှစ်မီတာ အရပ်ရှိပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည့် ညီငယ်တုန်သည် အခင်းအကျင်းတာအိုကို ကျင့်ကြံသူနှင့် လုံးဝ မတူချေ။
သူ့ဝတ်ရုံမှာ ချွေးများ ရွှဲနစ်နေသည်။
"ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒီလို မဖြစ်သင့်ဘူး။ နတ်ဓားဂိုဏ်းနဲ့ အင်ပါယာဓားဂိုဏ်းက လူတွေက ကျွန်တော်တို့နဲ့ သိပ်မကွာဘူး၊ ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူး!"
"သောက်ကျိုးနည်းပဲ၊ သွားပြီး လုရီကို ခေါ်လာပြီး ငါတို့ကို အခင်းအကျင်း တာအို ဖောက်ဖျက်ဖို့ ကူညီခိုင်းရအောင်"
ကြွက်သားများ ဖောင်းကြွနေသော ကျင့်ကြံသူ လူသန်ကြီးတစ်ဦးက ရှေ့သို့ ခြေလှမ်းတိုးလျက် ထိုဘက်သို့ သွားရန် လုပ်သော်လည်း၊ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်ရသေးသည်နှင့် ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ ရောက်လာကာ သူ၏ မျက်နှာထားကို ချက်ချင်း ပြောင်းလဲစေပြီး လျင်မြန်စွာ ခုခံရတော့သည်။
'ဘုန်း'ဟူသော အသံကျယ်ကြီးနှင့်အတူ သူသည် နောက်သို့ လွင့်စင်သွားသည်။
သူသည် လဲကျနေရာမှ မကျေမနပ် ကျိန်ဆဲရင်း သတ်ဖြတ် အခင်းအကျင်းများဖြင့် ဝိုင်းရံခံရသည့် ကံဆိုးမိုးမှောင်ကျခြင်း အကြောင်းကို ညည်းတွားနေရရှာတော့သည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသာမက၊
လေ့ယင် အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ရွှမ် အင်မော်တယ်ဂိုဏ်းမှ စွမ်းအားရှင်များလည်း
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများနှင့် တဖြည်းဖြည်း ဝေးကွာသွားပြီး သူတို့အား နောက်ဆုံး၌ အဝေးကြီးမှာ.. ချန်ရစ်ခဲ့သည်ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေရတော့သည်။
အခန်း ၂၅၇-လေ့ယင် သူတော်စင်သမီးတော်က သဘောကျနေတယ်...
~သူတို့သည် ဤအခြေအနေကို ရုတ်တရက် လက်ခံရန် ခက်ခဲသွားရလေ၏။
အဘယ်ကြောင့်နည်း။
လွန်ခဲ့သည့် အခိုက်အတန့်လေးကပင် သည်လူတွေက သူတို့ နောက်ဘက်တွင် ရှင်းရှင်းလင်းလင်း ရှိနေသေးသည် မဟုတ်လား။
အချိန်နှင့် နေရာ၏ အကန့်အသတ်များကို ကျော်လွန်၍ ဤမျှ လျင်မြန်စွာ မည်သို့ ရွေ့လျားနိုင်ခဲ့ကြပါသနည်း။
လေ့ယင် အင်မော်တယ်ဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးသည် လေ့ယင် သူတော်စင်သမီးတော်အား တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် လုရီအား ကျယ်လောင်စွာ ဟစ်အော်သည်။
"ညီအစ်ကိုလု၊ ကျွန်တော်တို့ရဲ့ ညီမငယ်
ထျန်းယင်က ခင်ဗျားကို အရင်ထဲက သဘောကျနေတာဗျို့.. သူက ခင်ဗျားနဲ့ စကားပြောချင်ပါတယ်တဲ့။"
ထိုအခိုက်ဝယ်..လေ့ယင် သူတော်စင်သမီးတော်၏ မျက်ဝန်းကလေးများ ပြူးကျယ်သွားပြီး မှန်ကန်သော စိတ်ဓာတ်ရှိသည့် သူမ၏ စီနီယာအစ်ကိုအား ကြည့်နေရင်း စိတ်ထဲ၌ မေးခွန်းများ ပြည့်နှက်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူမ၏ စိတ်ထဲ၌ ထိုကဲ့သို့သော ဆန္ဒမျိုးပင် မပေါ်ပေါက်ခဲ့သောကြောင့်ပင်။
ချက်ချင်းပင်၊ မိုးကြိုးအလင်း၏ ထူးခြားသော အရှိန်အဝါ တစ်ခုသည် လေ့ယင် သူတော်စင်သမီးတော်၏ ပတ်ပတ်လည်၌ အရှိန်ပြင်းပြင်းလည်ပတ်လာသည်။ သူမသည် အလွန် ဒေါသထွက်နေပုံရ၏။
ထိုအခိုက်အတန့်တွင် ထိုဟင်းလင်းပြင်ဥမင် ကျင့်ကြံသူသည် သူမအား စိတ်ငြိမ်စေရန် ကမန်းကတန်းပင် လျှို့ဝှက်အသံ ပေးပို့လာသည်။
"ညီမငယ်ထျန်းယင်၊ စိတ်အေးအေးထားပါ။
လုရီရဲ့အခင်းအကျင်း တာအိုကျွမ်းကျင်မှုက အရမ်းကို လေးနက်တယ်။ သူက အစ်ကိုတို့ထက် ရင်ပြင်ကို ပိုမြန်မြန် ဖြတ်ကျော်နိုင်တာ သေချာတယ်။ သူနဲ့ဆို အစ်ကိုတို့ အကူအညီရနိုင်မယ်။ နန်းတော်ထဲက အကြီးအကဲတွေ အထီးကျန်ပြီး အကူအညီမဲ့နေတာကို ညီမငယ်.. မမြင်ချင်ဘူး မဟုတ်လား။"
လေ့ယင် သူတော်စင်သမီးတော်၏ လှပသော မျက်နှာသည် တိမ်တိုက်များ ရွေ့လျားသကဲ့သို့ ပြောင်းလဲသွားပြီးနောက် တည်ငြိမ်သွားတော့သည်။ သူမ စီနီယာ အစ်ကို၏ ဤကဲ့သို့ ကြံစည်မှုဖြင့်သတင်းပို့ခြင်း၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားလည်သွားပုံ ရ၏။
"ညီအစ်ကိုလု၊ ကျွန်တော်တို့ရဲ့ ညီမငယ်
ထျန်းယင်က ခင်ဗျားကို အရင်ထဲက သဘောကျနေတာဗျို့.. သူက ခင်ဗျားနဲ့ စကားပြောချင်ပါတယ်တဲ့။"
လုရီနှင့် အခြားသူများလည်း လေ့ယီ အင်မော်တယ်ဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ၏ ထိုအော်သံကို သဘာဝအတိုင်းပင် ကြားလိုက်ကြသည်။ ထိုစကားသံကြောင့် နတ်ဓားဂိုဏ်းနှင့်
အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူများက
ဒေါသတကြီး ပေါက်ကွဲထွက်ကြသည်။
"ဝမ်ပေ့မင်ပဲ။ ဒီကောင်က ပုံမှန်ဆို တရားမျှတပုံရပေမယ့်.. ဒီလောက် ကလိမ်ကကျစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အင်ပါယာဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးသည် သူ့ကိုယ်၌ ဓားအလင်းများ ပေါက်ကွဲလာ၏။ စိတ်မြန်လက်မြန် ရှိသောထိုလူက လေ့ယီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအား ဓားဖြင့် တိုက်ရိုက်ခုတ်ချင်စိတ် ပေါက်နေသည်။
ကျန်သူများလည်း ဝမ်ပေ့မင်အား အခြေခံမူ မရှိသူ၊ အရှက်အကြောက် ကင်းမဲ့သူဟု ဒေါသတကြီး ကျိန်ဆဲနေကြသည်။
ကျန့်ရူယွီ၏ မျက်မှောင်များ ပို၍ပင် ကြုံ့သွားသည်။
လှပစွာ ရပ်နေသော လေ့ယင် သူတော်စင်
သမီးတော်အား ကြည့်လိုက်ရင်း သူမ မျက်ခုံးဖွဖွ ကြုံ့သွားရပြီး
"လေ့ထျန်းယင်၊ ဒီမိန်းမက အကြံကြီးတယ်။ ဂျူနီယာ မောင်လေး၊ နင် သူ့ကို လျစ်လျူရှုတာ အကောင်းဆုံးပဲ" ဟု သတိပေးလိုက်သည်။
လုရီက ရွေးချယ်စရာ မရှိသဖြင့် ညင်သာစွာ ပြုံးကာ
" အဲ့ဒီလေ့ယင် သူတော်စင်သမီးတော်ကို ကျွန်တော် သိတောင် မသိပါဘူး။ ခင်ဗျားတို့အားလုံး အများကြီး တွေးနေကြပါပြီ။ သူတို့က ကျွန်တော့်ရဲ့ အခင်းအကျင်း တာအို ကျွမ်းကျင်မှုကို မက်မောကြတာပဲ ဖြစ်မှာပါ။"
ထို့နောက် လုရီသည် ခေါင်းခါလိုက်ပြီး လေ့ယင် မြင့်မြတ်နယ်မြေဘက်သို့ မျက်နှာမူလျက် လေးနက်စွာ ပြောလိုက်သည်က ...
"လေ့ယင် သူတော်စင်သမီးတော်ရဲ့ သဘောကျမှုကို လုရီက ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အပျက်အစီးကနေ ထွက်သွားပြီးနောက် အချိန်ခဲ့မယ်ဆိုရင် သူတော်စင် သမီးတော်ဆီကို လာရောက် လည်ပတ်ပါမယ်"
ဤစကားကြောင့် လူငယ်ကျင့်ကြံသူများစွာ၏ စိတ်များ လှုပ်ရှားသွားပြီး လုရီအား ဒေါသတကြီး စိုက်ကြည့်ကြသည်။ လေ့ယင် သူတော်စင်
သမီးတော်၏ ပြိုင်ဘက်ကင်းသော လှပမှုနှင့် ဂိုဏ်း၏ သူတော်စင် သမီးတော်တစ်ပါးအနေဖြင့် ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်ထားမှုက သူမအား တိတ်တိတ်ကလေး နှစ်သက်မြတ်နိုးသူများစွာကို ဖန်တီးပေးထားရာ၊ လုရီ၏ စကားများကို ကြားရသောအခါ ထိုသူတို့အားလုံး အလွန်မကျေမနပ် ဖြစ်သွားကြသည်။
ဤစကားကြားသည်နှင့် ဝမ်ပေ့မင် နှမြောတသစွာ သက်ပြင်းချသည်။
"ညီမငယ်ထျန်းယင်၊ မင်းရဲ့ ဆွဲဆောင်မှုက နည်းနည်းလေး လိုနေသေးတယ်။ အဲ့ဒီလူငယ်လေးကို မင်း မဆွဲဆောင်နိုင်ခဲ့ဘူး။"
မိုးကြိုးအလင်းတန်းများ ဝန်းရံနေသော လေ့ယင် သူတော်စင်သမီးတော်သည် ဝမ်ပေ့မင်အား သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်ပေးလိုက်ရာ ဝမ်ပေ့မင်တစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွားရသည်။
တစ်ချိန်တည်းမှာပင် လုရီနှင့် သူ့အဖွဲ့သည် အံ့ဩဖွယ်ရာ အရှိန်ဖြင့် ဆက်လက် ချီတက်နေကြသည်။ ရင်ပြင်က ထိုမျှသာ ကျယ်ဝန်းလှသည်။ ထိုက်ရီ မြင့်မြတ်နယ်မြေနှင့် ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများက
လုရီ၏ အဖွဲ့ အလျင်အမြန် ချဉ်းကပ်လာသည်ကို သဘာဝအတိုင်းပင် သတိပြုမိကြသည်။
သူတို့ တစ်ဦးစီ မျက်ခုံးများ တွန့်သွားကြသည်။
နန်းတော်က ရှေ့တွင်ပင် တည်ရှိနေပြီ။ ၎င်း၏ တံခါးများပင် ပေါက်ကွဲကာ ပွင့်နေနှင့်ပြီး ဖြစ်သည်။ ခန့်မှန်းရသည်မှာ မဟာဂိုဏ်းကြီးများမှ စွမ်းအားရှင်များ ဝင်ရောက်နှင့်ပြီး ဖြစ်ကာ၊ အတွင်းမှ အခြေအနေမှာမူ မည်သူမျှ မသိနိုင်ဘဲ လျှို့ဝှက်ဆန်းကြယ်ဆဲပင်။ ဤသူများ ဝင်ရောက်လာခြင်းဖြင့် အကူအညီပေးသည်ဖြစ်စေ၊ အရင်းအမြစ်များ သိမ်းပိုက်သည်ဖြစ်စေ အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်သည်။
မူလက ထိုက်ရီ မြင့်မြတ်နယ်မြေနှင့် ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသည် အခင်းအကျင်းပညာ၌ အကျွမ်းကျင်ဆုံးဖြစ်သော်လည်း၊ ယခု လုရီ ပေါ်ထွက်လာသည်နှင့် သူတို့အားလုံး အလွန်အမင်း သတိထားလာကြသည်။ လုရီ၏ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း ပညာက သူတို့၏ စိတ်ကို မအေးမချမ်း ဖြစ်စေခဲ့သည်။
နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင် နန်းတော်ဘက်သို့ မျက်မှောင်ကြုံ့လျက် ကြည့်နေပြီး အနည်းငယ် သတိထားနေသည်။
"ညီလေးလု၊ ကောင်းကင်နန်းတော်က ကျင့်ကြံသူတွေကို သတိထားပါ။ သူတို့က အရမ်း ရက်စက်တယ်။ ရင်ပြင်ကို မဝင်ခင်မှာပဲ သူတို့က ကြံစည်ပြီး ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ
အနည်းငယ်ကို သတ်ပစ်ခဲ့ကြပြီ။"
ဤစကားကြားသည်နှင့် လုရီက မျက်ခုံးပင့်ချီလိုက်ပြီး ကောင်းကင် နန်းတော်ဘက်သို့ ကြည့်လိုက်ရာ သူတော်စင်အမွေခံနှင့် သူတော်စင်
သမီးတော်တို့က သူ့အား စူးစမ်းစွာ ကြည့်နေကြသည်။
နတ်ဘုရားအမွေခံကတော့ ချောမော ခန့်ညားသော မျက်နှာထက်ဝယ် အပြုံးတစ်ခု ခြယ်သထားဆဲဖြစ်သော်လည်း သူတော်စင် သမီးတော်ယယကမူ ယခင်ကနှင့် မတူဘဲ လုရီအား
တစ်ချက်သာ ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် အနည်းငယ်မျှပင် အံ့အားသင့်နေပုံရသည်။
နောက်ဆုံးမှာတော့၊ လုရီ ပြသလိုက်သော အခင်းအကျင်း တာအိုကျွမ်းကျင်မှုသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ကောင်းကင်နန်းတော်မှ အခင်းအကျင်း တာအိုပညာရှင်ထက်ပင် များစွာ သာလွန်နေသည်။
လုရီ ထပ်မံ၍ အာရုံစိုက်မနေတော့ဘဲ သူ့အဖွဲ့ကို ဦးဆောင်ကာ ဆက်လက် ခရီးဆက်လိုက်ပါသည်။ ထိုအခိုက်အတန့်တွင်၊ လင်းယွီ၏ ခြေဖဝါးအောက် မလှမ်းမကမ်းရှိ အခင်းအကျင်း ပုံရိပ်အကွက်တစ်ခု ရုတ်တရက် အသက်ဝင်လာသလို. တဖျတ်ဖျတ် လင်းလက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတိုင်တစ်ခု ကောင်းကင်သို့ ပေါက်ထွက်လာကာ လင်းယွီနှင့် ကျင့်ကြံသူအုပ်စုအား ထိမှန်သွားစေသည်။
သူတို့ ၏ အနောက်ဘက်တွင် ဂိုဏ်းနှစ်ခုမှ လူငယ်ပါရမီရှင်များ ရှိနေကြသည်။
ဟင်းလင်းပြင်ဥမင် အဆင့် ရှိသည့် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရသည့်အခါ.. သူတို့မှာ မည်သို့ ခုခံနိုင်ပါမည်နည်း။
သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြပြီး၊ ဖိအားသက်သက်မျှဖြင့်ပင် သူတို့၏ ကိုယ်များပေါ်တွင် ပွန်းရှရာများ ပေါ်လာတော့သည်။
ထိုစဉ်တွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာသည်။
" ဘယ်လို လုပ်ရဲတာလဲ!"
ဓားအလင်းတန်းနှစ်ခု တစ်ချိန်တည်းတွင်
စဉ်တိုက်ဆက်တိုက် လင်းလက်သွားပြီး၊ ကောင်းကင်ကို ထက်ပိုင်း ခွဲခြမ်းလိုက်သကဲ့သို့ပင် အလင်းတိုင်ပေါ်သို့ ရိုက်ခတ် ကျရောက်သွားသည်။
အုန်း...
'အုန်း'ဟူသော အသံကျယ်ကြီး ပေါက်ကွဲထွက်လာသည်။ အလင်းတိုင်သည် မှုန်ဝါးစွာ ပျောက်ကွယ်သွားပြီး ဓားအကာအကွယ်တစ်ခုက လူငယ်ပါရမီရှင်များစွာကို ရှေ့တွင် ကာဆီးပေးကာ နောက်ဆက်တွဲ အားလှိုင်းများကို ပိတ်ဆို့လိုက်သည်။
ကျန်းရူယွီသည် နီရဲသော သွေးတစ်လုတ်
အန်ထုတ်လိုက်ရကာ သူမ၏ မျက်နှာမှာ ဖြူဖျော့နေသည်။
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများက သူတို့၏ ဓားများကို အသင့် ကိုင်ထားကြပြီး ပြင်းပြင်းထန်ထန် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒမျာဖြင့် ကောင်းကင်နန်းတော်ဘက်သို့
မကျေမချမ်း ကြည့်နေကြသည်။
ကောင်းကင်နန်းတော်မှ အခင်းအကျင်း တာအိုပညာရှင်နှစ်ဦးကတော့ တည်ငြိမ်နေဆဲပင်။
သူတို့၏ တိုက်ခိုက်မှု မအောင်မြင်သဖြင့်
သူတို့၏ လုပ်ဆောင်ချက်များကို တိတ်ဆိတ်စွာ ရုပ်သိမ်းလိုက်သည်။
လုရီ ကျန်းရူယွီအား စိုးရိမ်တကြီး ကြည့်ကာ မေးသည်။
"အစ်မရူယွီ၊ အဆင်ပြေရဲ့လားဗျ။"
ကျန်းရူယွီ ခေါင်းခါသည်။
"အင်း..နည်းနည်းလန့်သွားတာပါ၊ ဘာမှ မစိုးရိမ်ရပါဘူး။"
ထိုအခါမှ လုရီက ခေါင်းညိတ်လိုက်သည်။
ယခင်က..၊ ကျန်းရူယွီက သူ့အား ဓားတာအို အစည်းအဝေး သို့ ဖိတ်ခေါ်ရန် ဓားတာအိုအမိန့်စာ ပေးခဲ့သည်..ယခုလည်း အပျက်အစီးနယ်မြေ ပေါ်ပေါက်လာကြောင်း သူ့အား အသိပေးရန် လာခဲ့သည်..။ သူမသည် သူ့အပေါ် အမြဲ ကြင်နာခဲ့သည်။
ကျန်းရူယွီ ဒဏ်ရာရသည်ကို မြင်သောအခါ လုရီ၏ ရင်ထဲ၌ ဒေါသများ ပွက်ပွက်ဆူလာသည်။ သူက ကောင်းကင် နန်းတော်မှ ကျင့်ကြံသူများဘက်သို့ မျက်နှာမူကာ တောက်ပသော အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။
"ဟုတ်ပြီလေ..ခင်ဗျားတို့ ကစားချင်ကြတယ်ဆိုရင် ကျုပ်လည်း ပျော်ပျော်ပါးပါး ပူးပေါင်းရတာပေါ့..."
ပြောပြောဆိုဆိုနှင့် လုရီသည် အခင်းအကျင်းပုံရိပ်များပေါ်သို့ ခြေချလိုက်သည်။ သူ၏ ခြေလှမ်းတိုင်းသည် အခင်းအကျင်း စနစ်၏ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို ထိုးဖောက်သိမြင်နေသကဲ့သို့ပင်။
နောက်တစ်ခဏတွင် ကောင်းကင် နန်းတော်ပတ်ပတ်လည်၌ တည်ရှိသည့် အခင်းအကျင်း ပုံရိပ်သုံးခုက ရုတ်တရက် တောက်ပစွာ လင်းလက်လာပြီး၊ အင်မော်တယ် ဓားစိတ်ဆန္ဒ၏ စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော ဧရာမဓားအလင်းတန်းသုံးခု ထွက်ပေါ်လာကာ ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများဘက်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းလာနေသည်။
၎င်းကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒက ကောင်းကင် နန်းတော်မှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတို့၏ မျက်နှာထားများကို ရုတ်ချည်း ပြောင်းလဲသွားစေသည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ အနည်းငယ်တို့သည် လေဟာနယ် ဖြတ်ကျော်သွားသကဲ့သို့သော ခြေလှမ်းများဖြင့် ဓားအလင်းတန်းသုံးခုရှေ့သို့ ဒရောသောပါး ရောက်ရှိလာကြသည်။ သူတို့ လက်များကို ဖြန့်ကားလိုက်သည်နှင့် တာအိုပုံစံမြေပုံများ လေထဲ၌ ပုံပေါ်လာကာ ဓားအလင်းတန်းများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဓားအလင်းတန်းများ တာအိုပုံစံမြေပုံများထဲသို့ အသံမကြားရဘဲ ပျောက်ကွယ်သွားပြီးနောက် တာအိုပုံစံမြေပုံများ လင်းလက်ပြီး ပြိုကျသွားသည်။
ကောင်းကင်ဘုံနန်းတော်မှ အခင်းအကျင်းတာအိုပညာရှင်နှစ်ဦး မျက်မှောင်ကြုံ့လိုက်ပြီး လုရီအား အေးစက်ခက်ထန်စွာ စိုက်ကြည့်သည်။
"ကောင်လေး၊ မင်း တိုက်ခိုက်နေတာလား။"
လုရီ ပြုံးလိုက်ပြီး အဖြေမပေးဘဲ သူ့လုပ်ရပ်များဖြင့်သာ ပြသလိုက်သည်။ သူ၏ အပြုံးသည် လျှို့ဝှက်ဆန်းကြယ်သော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။
သူ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသော အလင်းစီးကြောင်းတစ်ခု မရေမရာ လင်းလက်နေပြီး သူသည် လက်ချောင်းတစ်ချောင်းမျှ ညွှန်ပြလိုက်သည်။ ကောင်းကင် နန်းတော်ပတ်ပတ်လည်ရှိ အခင်းအကျင်း ပုံရိပ်များ ရုတ်တရက် တွန့်လိမ်သွားပြီး အသွင် ပြောင်းစ ပြုလာသည်။
အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခု ဖြန့်ကျက်သည်။ ၎င်းသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်ထက် များစွာ သာလွန်သော ဖိအားပင်။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။
ဤအရာက ကောင်းကင် နန်းတော်မှ ကျင့်ကြံသူတို့အား မျက်နှာများ ဖြူဖျော့သွားစေ တော့သည်။
"အခင်းအကျင်းစနစ်ကို ပြောင်းလဲနေတယ်..
မင်း ငါတို့နဲ့ အဆုံးမဲ့ ရန်ငြိုးဖွဲ့နေတာလား"
အခင်းအကျင်း တာအိုပညာရှင်တစ်ဦး ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အလွန်အမင်း အစွမ်းထက်သော အခင်းအကျင်း တာအိုကျွမ်းကျင်မှုများကို မတုံ့ဆိုင်းရဲဘဲ ထုတ်ဖော်လိုက်သည်။
သူ၏ မျက်နှာထားက တင်းမာနေပြီး၊ သူ၏ လက်ချောင်းများက အထပ်ထပ် ထိပုတ်နေသည်နှင့်အမျှ အခင်းအကျင်း ပုံရိပ်များ သူ့ပတ်ပတ်လည်တွင် စုဝေးလာကာ တည်ငြိမ်မှု မရှိသော အခင်းအကျင်း စနစ်ကို ထိန်းချုပ်လိုက်သည်။
ထို့နောက် သူသည် အခင်းအကျင်းစနစ်၏ ပြောင်းလဲမှုများကို ဖြည်းဖြည်းချင်း ပြောင်းပြန်လှန်လိုက်တော့သည်။
အခန်း ၂၅၈-အခင်းအကျင်းက ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူတွေကို ဖိနှိပ်ပြီ..
~လုရီ၏ မျက်နှာထားသည် တည်ငြိမ်လျက်၊ ဖြည်းညှင်းစွာ ပြောသည်။
"ခင်ဗျားတို့က စပြီး တိုက်ခိုက်ခဲ့ပြီးပြီဆိုတော့ ဘာများ ထပ်ပြောစရာ ရှိတော့မှာလဲ။"
သူ၏ လက်ဖဝါးကို မြေပြင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်နှင့် သူ့လက်ဖဝါးအတွင်းမှ
အခင်းအကျင်း ပုံရိပ်မျဉ်းကြောင်းများ သက်ဝင်ထွက်ပေါ်လာကာ မြေပြင်ပေါ်ရှိ အခင်းအကျင်း
ပုံရိပ်များနှင့် တစ်ထပ်တည်း ကျရောက်သွား၏။
ထိုအခင်းအကျင်းပုံရိပ်တို့သည် နက်ရှိုင်း၍ လျှို့ဝှက်သော၊ ကောင်းကင်တာအို၏ အဆုံးစွန်သော အမှန်တရားများကို ပုံဖော်ထားသကဲ့သို့ပင် မြင်ရသူတိုင်း ခေါင်းမူးစေနိုင်၏။
လုရီ၏ လက်ဖဝါးထဲမှ အခင်းအကျင်းပုံရိပ်များ ပေါ်ထွက်လာသည်နှင့် ကောင်းကင်နန်းတော်မှ တပည့်များ တည်ရှိရာ ဧရိယာတစ်ခုလုံးရှိ
အခင်းအကျင်း ပုံရိပ်အားလုံး ပြိုင်တူ တောက်ပလာကာ စီးဆင်းရင်း ပုံစံ ပျက်ယွင်းစပြုလာတော့သည်။
ပုံရိပ်အခင်းအကျင်း၏ ပြောင်းလဲမှုများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ် အပြင်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့လာပြီး၊ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။ ထိုတုန်ခါမှုက ကျင့်ကြံသူအားလုံး၏ ရင်ထဲတွင် တေးသံတစ်ခုလို ပဲ့တင်ထပ်နေသည်။
"ဒီလောက်များပြားတဲ့ အခင်းအကျင်းပုံရိပ်တွေကို တစ်ပြိုင်တည်း ပြောင်းလဲလိုက်တာလား..
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကောင်းကင်နန်းတော်မှ အခင်းအကျင်း တာအိုပညာရှင်နှစ်ဦးသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့၏ နဖူးများမှ ချွေးအေးများ စီးကျလာပြီး၊ သူတို့၏ ဝိညာဉ်စွမ်းအင်များအား ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အသည်းအသန် ထုတ်ဖော်ထားသည်။ အခင်းအကျင်း ပုံရိပ်များကို ပြင်းထန်စွာ စောင့်ကြည့်ရင်း၊ မြေပြင်ပေါ်ရှိ အခင်းအကျင်း ပုံရိပ်များကို ဖိနှိပ်ရန်နှင့် လုရီက ၎င်းတို့ကို သတ်ဖြတ်အခင်းအကျင်းအဖြစ် ပြောင်းလဲခြင်းမှ တားဆီးရန် အဆက်မပြတ် ကြိုးပမ်းနေကြရ၏။
ဤသည်မှာ အခင်းအကျင်း တာအိုအဆင့်တွင် အသက်လု တိုက်ခိုက်ခြင်း ဖြစ်ပြီး အခင်းအကျင်းနားလည်မှုအပေါ် နှစ်ဖက်စလုံး၏ ပြိုင်ဆိုင်မှုပင်။
လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးနက်နဲသော
အခင်းအကျင်း ပုံရိပ်များသည် မျဉ်းကြောင်းများ၏ အပြောင်းအလဲတိုင်းနှင့်အတူ စနစ်တစ်ခုလုံး၏ စွမ်းရည်ကို လုံးဝ ပြောင်းလဲပစ်နိုင်၏။ လုရီက အခင်းအကျင်းအားလုံးကို သတ်ဖြတ်အခင်းအကျင်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေသော်လည်း၊ သဘာဝအတိုင်းပင် အခင်းအကျင်းတာအိုပညာရှင်နှစ်ဦးတွင်တော့ ထိုဆန္ဒမရှိဘဲ၊
လုရီ၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ရန် အခင်းအကျင်းပုံရိပ်များကို တဖန်အဆက်မပြတ် ပြောင်းလဲနေကြသည်။ ၎င်းတို့သည် နဂါးနှင့် ကျား ရန်ဖြစ်နေသကဲ့သို့ပင် ပြင်းထန်လှသည်။
ဤအခင်းအကျင်း တာအိုပညာရှင်နှစ်ဦးသည် အမှန်တကယ်ပင် ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ လုရီ၏ အခင်းအကျင်း စနစ် ပြောင်းလဲရန် ကြိုးပမ်းမှုအချို့ကို သူတို့ နှစ်ဦးစလုံးက တုံ့ပြန်နိုင်ခဲ့ကြ၏။
လုရီ မျက်ခုံးပင့်လိုက်ပြီး နောက်လက်တစ်ဖက်ကို ဟင်းလင်းပြင်ဘက်သို့ ဖျတ်ခနဲ ညွှန်ပြလိုက်သည်။
ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများကို ဝန်းရံထားသော သတ်ဖြတ်အခင်းအကျင်း စနစ်အားလုံး ရုတ်တရက် အသက်ဝင်လာကာ ပို၍ပင် အားကောင်းလာတော့သည်။
ဓားအလင်းစီးကြောင်းများနှင့် အလင်းတန်းများ ကောင်းကင်သို့ ပေါက်ထွက်ပြီး၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ကောင်းကင်ဘုံနန်းတော်မှ ကျင့်ကြံသူများကို တိုက်ခိုက်တော့သည်။
အခင်းအကျင်း တာအိုပညာရှင်နှစ်ဦးမှာ အပြင်းထန်ဆုံး တိုက်ခိုက်ခံရသူများ ဖြစ်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ကောင်းကင်နန်းတော်မှ တပည့်များစွာ၏ မျက်နှာများ ဖြူဖျော့သွားကြပြီး၊ ကောင်းကင်နဂါး အမွေခံနှင့် သူတော်စင်သမီးတော်တို့ အပါအဝင် ကောင်းကင်နဂါးနတ်ဘုရားသားတော်ထက် စွမ်းအား မနိမ့်ကျသောသူများပင် မျက်နှာထား ပျက်ယွင်းသွားကာ မယုံကြည်နိုင်သော အရိပ်တို့ ထင်ဟပ်နေကြ၏။
ကောင်းကင်နန်းတော်မှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတို့၏ မျက်နှာထားများ အရုပ်ဆိုးသွားသည်။
သူတို့သည် ကောင်းကင်နန်းတော်မှ ကျင့်ကြံသူအုပ်စု၏ အပြင်ဘက်တွင် ရပ်လျက်၊ တစ်ဦးစီ အစွမ်းထက် သိုင်းနည်းစနစ်များအား အမြန်ပင် ထုတ်ဖော်ကာ တိုက်ခိုက်မှုများကို ကာကွယ်ရန် ရှုပ်ထွေးနက်နဲသော တာအိုမြေပုံများကို ဖန်တီးကြသည်။
ကောင်းကင်နန်းတော်မှ ကျင့်ကြံသူတို့၏ ကျင့်ကြံခြင်းနည်းလမ်းသည် အံ့ဩဖွယ်ကောင်းလှ၏။ တာအိုမြေပုံများသည် အခြားကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားသကဲ့သို့ပင် ဓားချီစွမ်းအင်များနှင့် အလင်းတန်းအားလုံးကို တာအိုမြေပုံများထဲသို့ တိတ်ဆိတ်စွာ စုပ်ယူပစ်လိုက်သည်။ မြေပုံထဲသို့ စုပ်ယူသွားသော စွမ်းအင်တို့သည် လေထဲတွင် ပျောက်ကွယ်သွားသည့် အသွင်ပင်။
လုရီက တိုးမြှင့်ထားသော တိုက်ခိုက်မှုများသည် ဟင်းလင်းပြင်ဥမင် နယ်ပယ်၌ပင် အလွန်အားကောင်းလှပြီး သိပ်သည်းလှသည်။
ကောင်းကင်နန်းတော်မှဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတို့သည် အားကောင်းသော်လည်း၊ သူတို့ အလွန်ပင် ပင်ပန်း၏။
သူတို့၏ မျက်နှာများမှာ မသက်မသာ ဖြစ်ကာ နဖူးများတွင် ပုတီးလုံးအရွယ် ချွေးသီးများပင် စို့နေတော့သည်။ သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအင်တို့သည် ကုန်ခန်းလုနီးပါး ဖြစ်နေချေပြီ။
သူတို့၏ တာအိုမြေပုံများမှာ တစ်စထက်တစ်စ စတင်တုန်ခါလာပြီး မည်သည့်အချိန်မဆို ပျက်စီးသွားတော့မည့်အလား ဖြစ်လာသည်။တာအိုမြေပုံများ စုပ်ယူနိုင်သည့် ပမာဏမှာ အကန့်အသတ် ရှိ၏။
ကောင်းကင် နန်းတော်မှ အခင်းအကျင်း တာအိုပညာရှင်နှစ်ဦး၏ မျက်နှာထားများမှာ ပို၍ပင် လေးနက်လာပြီး နောက်ကျောမှာ ချွေးအေးများဖြင့် ရွှဲနစ်နေ
သည်။ လုရီ၏ အခင်းအကျင်း တာအိုထိန်းချုပ်နိုင်မှုသည် သူတို့၏ စိတ်ကူးထက် များစွာ သာလွန်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ သူတို့သည် အလွန်ပင် ထက်ရှသော ပြိုင်ဘက်နှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်ကြောင်း နားလည်သွားကြသည်။
ရင်ပြင်ပေါ်တွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် အားကောင်းသူများဖြစ်ကြသည်။ မဟာဂိုဏ်းကြီးများနှင့် အဓိကဂိုဏ်းများမှ တပည့်များဖြစ်စေ..အစွမ်းထက်သော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်စေ..သူတို့အားလုံးသည်
လုရီက ဗဟိုပြည်မှ ကောင်းကင်ဘုံနန်းတော်မှ အခင်းအကျင်း တာအိုပညာရှင် နှစ်ဦးနှင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ အုပ်စုတစ်စုကို တစ်ဦးတည်း ဖိနှိပ်ထားသည်ကို မြင်သောအခါ မှင်သက်သွားကြသည်။
"ဒီ မွေးရာပါ ဓားအင်မော်တယ်ရဲ့ အဓိကပညာရပ်က ဓားတာအို မဟုတ်ဘူးလား။
ဘယ်လိုဖြစ်လို့ အခင်းအကျင်းတာအိုမှာပါ ဒီလောက်မြင့်မားတဲ့ ကျွမ်းကျင်မှု ရှိနေရတာလဲ။"
"ဒီလောက် ငယ်ရွယ်တဲ့ သူတစ်ယောက်က ဓားတာအိုရော၊ အခင်းအကျင်းတာအိုမှာပါ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုရဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဆိုတာ စိတ်ကူး ယဉ်ဖို့တောင် ခက်ခဲတယ်။ ဒီကမ္ဘာပေါ်မှာ ဒီလို ပါရမီရှင်မျိုး တကယ်ရှိနိုင်တာလား။"
ကျင့်ကြံသူတစ်ဦးပြီး တစ်ဦး အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏ မျက်ဝန်းထဲမှ စူးစမ်းလိုစိတ်များက တောက်ပနေ၏။
အချို့ကတော့ အားရနေကြသည်။ အဘယ်ကြောင့်ဆိုသော် အမွေအနှစ်နေရာသည် အရှေ့နယ်ပယ်မှ ဖြစ်ပြီး၊ ဗဟိုပြည်မှ ဤကျင့်ကြံသူများသည် အမြတ်ခွဲရန် လာကြခြင်းက စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
ထို့ပြင်၊ သူတို့သည် အရှေ့နယ်ပယ်အတွင်း၌ပင် ဤမျှ လွှမ်းမိုးချုပ်ကိုင်စွာ ပြုမူနေကား ဤနေရာသို့ လာရာလမ်းတွင် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ခြင်းတို့ကလည်း အခြေအနေကို ပို၍ပင် ဆိုးရွားစေခဲ့သည်။
ယခု ကောင်းကင်နန်းတော် အခက်အခဲနှင့် ကြုံတွေ့နေရ၍ သူတို့၏ ဒုက္ခကို မြင်ရသည်မှာ ပျော်ရွှင်နေကြ၏။ ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအားလုံးသည် အခင်းအကျင်း တာအိုနယ်ပယ်တွင် အလွန် ကျွမ်းကျင်ကြပြီး၊ လုရီ၏ နည်းလမ်းများကို မြင်သောအခါ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြသည်။
ထိုက်ရီ မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးက အံ့ဩစွာဖြင့် ချီးကျူးလိုက်လေသသည်။
"အထင်ကြီးစရာ ကောင်းတဲ့ ကျွမ်းကျင်မှုပဲ။ လုရီရဲ့ အခင်းအကျင်းတာအိုအပေါ် နားလည်မှုက အလွန်အားကောင်းတယ်။ သူ အသုံးပြုနေတဲ့ နည်းလမ်းတွေက ရိုးရှင်းတဲ့ နည်းလမ်းတွေပဲ ရှိသေးတာ၊ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်တာပဲ။"
ထိုက်ရီ နတ်ဘုရားသားတော်၏ မျက်နှာထားသည် တည်ငြိမ်နေသော်လည်း၊ သူ၏ မျက်လုံးများက အဆက်မပြတ် ဝိုးတဝါး လင်းလက်နေပြီး၊ သူ့ရင်ထဲ၌ ခံစားချက်များ လှိုင်းထနေကြောင်း ပြသနေ၏။ သူ၏ စိတ်နှလုံးသည် လှုပ်ရှားနေသည်။
လုရီ၏ အခင်းအကျင်းတာအိုဆိုင်ရာ အောင်မြင်မှုများသည် ထိုက်ရီ မြင့်မြတ်နယ်မြေ၏ နတ်ဘုရားသားတော်ဖြစ်သူ သူ့ထက်ပင် ပိုမို အစွမ်းထက်နေသည်။ ဤသည်မှာ မည်သူမျှ
မယုံကြည်နိုင်သော အရာပင်။
ထိုအခိုက််ဝယ် လုရီသည် တစ်ပြိုင်နက်တည်း အလုပ်များစွာကို လုပ်ဆောင်နိုင်စွမ်း ရှိ၏။
အခင်းအကျင်း စနစ်များကို ပြောင်းလဲနေရင်း တစ်ချိန်တည်းမှာပင် သတ်ဖြတ်အခင်းအကျင်းများကိုပါ အသက်ဝင်စေလိုက်သည်။
အခင်းအကျင်း တာအိုပညာရှင်နှစ်ဦးသည် အပြည့်အဝ ကာကွယ်ရန် ရုန်းကန်နေရပြီး၊ သူတို့အောက်ရှိ အခင်းအကျင်းကို ထိန်းချုပ်ရန်သာ တတ်နိုင်ပြီး၊ သတ်ဖြတ်အခင်းအကျင်းများကို တုံ့ပြန်ရန် စွမ်းရည် အနည်းငယ်သာ ရှိကြသည်။
သတ်ဖြတ်အခင်းအကျင်းများ ပို၍ ပို၍ အားကောင်းလာသည်နှင့်အမျှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအချို့၏ မျက်နှာထားများ ပြောင်းလဲလာပြီး၊ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများပါ တိုက်ခိုက်မှုများကို ကာကွယ်ရန် စတင် ပါဝင်လာကြသည်။
ထိုစဉ်တွင် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦး၏ တာအိုမြေပုံ ပျက်စီးသွားပြီး၊ ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ ရောက်ရှိလာကာ နတ်ဘုရား အသွင်ပြောင်း အဆင့် အခင်းအကျင်း တာအိုပညာရှင်ဘက်သို့ တည့်တည့်မတ်မတ် ဦးတည်လာသည်။
အခင်းအကျင်းတာအိုပညာရှင် မျက်နှာဖြူဖျော့သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကာ အခင်းအကျင်းမြေပုံတစ်ခုကို နှုတ်မှ အန်ထုတ်လိုက်သည်။
အခင်းအကျင်း မြေပုံသည် လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးနက်နဲလှပြီး သူ့အား အတွင်း၌ လွှမ်းခြုံပေးလာသည်။
ဓားအလင်းတန်းသည် အခင်းအကျင်း မြေပုံကို ထိမှန်သွားရာ မြေပုံသည် တသိမ့်သိမ့် တုန်ခါပြီး ပျက်စီးသွားတော့သည်။
ထိုအရာကြောင့် အခင်းအကျင်း တာအိုပညာရှင်၏ ခန္ဓာကိုယ် ပြတ်ရှဒဏ်ရာများ ရပြီး၊ သွေးများ ဆိုးရွားစွာ ပန်းထွက်လာကာ အဝေးသို့ လွင့်စင်သွားတော့သည်။
ကံကောင်းစွာဖြင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအချို့က လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြပြီး၊ နောက်ဆက်တွဲ အားလှိုင်းကို ပိတ်ဆို့ကာ သူ့အား ကယ်တင်နိုင်ခဲ့ကြသည်။
ထိုအခိုက်အတန့်၌ ကောင်းကင် နန်းတော်၏ ဦးဆောင်သူ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူက အလျင်စလို တောင်းပန်လာသည်။
"ညီအစ်ကို..ဒါ ညီငယ်ယန်ရဲ့ အမှားပါ၊ သူ ခင်ဗျားကို စမ်းသပ်ဖို့ မလုပ်သင့်ခဲ့တာ.. ကျွန်တော် သူ့ကို ခင်ဗျား ကျေနပ်အောင် တောင်းပန်ခိုင်းပါ့မယ်..ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ"
သို့သော်ငြား လုရီ၏ မျက်နှာထားသည် တည်ငြိမ်နေ၍ မည်သို့မျှ မထိခိုက်ခဲ့ပေ။
ထိုအရာက ကောင်းကင်နန်းတော်မှ တပည့်တို့၏ မျက်နှာထားများကို ပြောင်းလဲသွားစေသည်။
ဟင်းလင်းပြင်ဥမင် နယ်ပယ်တွင် အခင်းအကျင်းတာအို ပညာရှင်တစ်ဦးသာ ရှိနေသဖြင့် တိုက်ခိုက်မှုများအား ကာကွယ်နိုင်ဖို့ မဆိုထား
နှင့်၊ လုရီ၏ အခင်းအကျင်း စနစ် ပြောင်းလဲခြင်းကိုပင် တားဆီးရန် ခက်ခဲနေသည် မဟုတ်ပါလော။