← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း - ၂၆၂-အနှစ်သုံးရာ ဖိနှိပ်ထားရမယ်...

~ပွင့်ပွင့်လင်းလင်း ပြောရလျှင်

ထိုအခင်းအကျင်းသည် လုရီအတွက် အနည်းငယ် စိန်ခေါ်မှု ရှိသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေး၏။ အဓိကပြဿနာမှာ ခင်းကျင်းမှုတည်ဆောက်ရာတွင် အသုံးပြုသော ပစ္စည်းများသည် အလွန်တန်ဖိုးရှိလှပြီး၊ ထည့်ဝင်ရသော အားထုတ်မှုကြောင့် နန်းတော်တစ်ခုလုံးကို ထိုပစ္စည်းများဖြင့် အပြည့်အစုံ တပ်ဆင်ထားခြင်း မဟုတ်ခြင်းပင်။

သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ခင်းကျင်းမှုပုံစံ အနည်းငယ်ကို ချိန်ညှိလိုက်ရုံပင် ဖြစ်ပြီး၊ ထိုသို့ပြုလုပ်ပါက အခင်းအကျင်းသည်

ခဏတာမျှ အလုပ်မလုပ်တော့ဘဲ အရာအားလုံးသည် ယခင်ကထက်ပင် ပိုမိုလွယ်ကူသွားမည် ဖြစ်လေသည်။

ထိုအခိုက်...လင်ထျန်းရှင်းသည် လုရီအား ကြည့်ရင်း ချီးကျူးလာသည်။

“တာအိုရောင်းရင်း လု၊ ကျွန်တော် ခင်ဗျားရဲ့ ခင်းကျင်းမှုပညာရပ် အဆင့်အတန်းကို အပြည့်အဝ နားလည်တယ်လို့ အစက ထင်ခဲ့တာ။ ဒါပေမဲ့ အခုမှ နည်းနည်းပါးပါး အထင်သေးခဲ့မိမှန်း သိရတယ်။ ခင်ဗျားရဲ့ ခင်းကျင်းမှုပညာရပ် အဆင့်အတန်းက ကျွန်တော်တို့ ဂိုဏ်းက အကြီးအကဲတွေနဲ့ သာတူညီမျှ ရှိနေလောက်ပြီ”

ဤနေရာတွင် လူတိုင်း သိကြသည်မှာ ထိုက်ရီ မြင့်မြတ်နယ်မြေတွင် အခင်းအကျင်း အခြေပြု ကျင့်ကြံကြလေသည်။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ အကြီးအကဲများဟူသည် အနည်းဆုံး ပေါင်းစည်းခြင်းအဆင့် အခင်းအကျင်း ပညာရှင်များ ဖြစ်ကြသည်။

သူတို့၏ နယ်ပယ်အတွင်းရှိ တန်းတူအင်အားရှင်များကို ထောင်ချောက်ဆင်နိုင်သော မဟာ အခင်းအကျင်းများကိုပင် တည်ဆောက်နိုင်စွမ်း ရှိကြသည်။ အချိန်နှင့် ပစ္စည်းများ လုံလောက်စွာ ရရှိပါက မဟာယာနအဆင့် ပညာရှင်များပင် ခုခံနိုင်မည် မဟုတ်ချေ။

အခင်းအကျင်း ပညာရှင်များသည် ရုတ်ချည်း တိုက်ခိုက်ရာတွင် မပြင်းထန်သော်လည်း

၎င်းတို့၏ အခင်းအကျင်း တည်ဆောက်နိုင်စွမ်းတွင် အစွမ်းထက်လှသည်။ အားကောင်းသော အခင်းအကျင်း ပညာရှင် တစ်ဦးအား အချိန်လုံလောက်စွာပေး၍ အစွမ်းထက်သော ခင်းကျင်းမှုတစ်ခု တည်ဆောက်ခွင့် ရပါက

၎င်းတို့သည် ၎င်းတို့၏ တန်းတူ အင်အားရှင်များကြားတွင် ပြိုင်ဘက်မရှိနီးပါး ဖြစ်လာမည်သာ။

ယခုမူ လုရီအပေါ် အားလုံး၏အကြည့်များ စုပြုံရောက်ရှိလာကြလေ၏။

လုရီသည်..... ဓားပညာနှင့် အခင်းအကျင်းပညာ

နှစ်မျိုးစလုံးအား....ကျင့်ကြံ၏။

ရုတ်ချည်းတိုက်ခိုက်ရာတွင် ဓားကျင့်ကြံသူများသည် အသန်မာဆုံးများထဲမှ တစ်ဦးဖြစ်သည်မို့၊ လုရီ၏ ဓားပညာ အဆင့်အတန်းကို မည်သူမျှ အထင်မသေးရဲကြချေ။

ဟန်ချန် မြို့ဟောင်းတွင် သူ၏ တိုက်ခိုက်မှုကို

မမြင်တွေ့လိုက်ရသော ကောင်းကင်နန်းတော်မှ တပည့်များပင် ထိုအကြောင်းကို တဆင့်စကား၊တဆင့်နားဖြင့် ကြားသိထားပြီး ဖြစ်လေရာ လုရီကို များစွာ မြင့်မားစွာ သဘောထားကြလေသည်။

ထို့အပြင် လုရီအား သူ၏ အစွမ်းထက် ခင်းကျင်းမှုများကို စီရင်ရန် အချိန်လုံလောက်စွာ ပေးခဲ့ပါက သူ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို စိတ်ကူးကြည့်နိုင်ရုံသာ။

ဟင်းလင်းပြင်ဥမင် ပညာရှင်များပင် လုရီအား လေးစားသော အကြည့်ဖြင့် ကြည့်နေကြ တော့သည်။

လုရီ၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားခြင်း မရှိသေးသော်လည်း သူ၏ ခင်းကျင်းမှုပညာရပ် အဆင့်အတန်းနှင့် လက်ရှိကျင့်ကြံမှုအရ နတ်ဘုရားအသွင်ပြောင်း အခင်းအကျင်း

အများအပြားကို တည်ဆောက်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ချေ။ ဓားပညာ ကျင့်ကြံမှုနှင့် ပေါင်းစပ်လိုက်ပါက လုရီအား ပြင်ဆင်ချိန် ရခဲ့ပါလျှင် ဟင်းလင်းပြင်ဥမင် ပညာရှင်များပင် သူ၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။

ဤအချက်ကို သဘောပေါက်လိုက်သည်နှင့်

များစွာသော ကျင့်ကြံသူများ အလွန်တရာ အံ့အားသင့်သွားကြသည်။

ထိုစဉ် ...တုန်းဖန်းလင်က ထုတ်မေးလိုက်သည်..။

“ညီလေးလု၊ ကျွန်တော်တို့ အခု ဝင်လို့ ရပြီလား”

လုရီ ခေါင်းညိတ်လိုက်ပြီး နေရာအချို့ကို လက်ဖြင့် ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်သည်နှင့် ခင်းကျင်းမှု ပုံစံများ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။

လုရီက

“သွားကြပါ၊ အခင်းအကျင်းက ထမင်းတစ်နပ်စာ အချိန်လောက် အလုပ်လုပ်မှာ မဟုတ်တော့ဘူး”

သူ့စကားကြောင့် လူထုအကြား တိတ်ဆိတ်သွားချေသည်။

အခြားသော အခင်းအကျင်း ပညာရှင်များအတွက်မူ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ခင်းကျင်းမှုများကို လုရီက အလွယ်တကူ ပယ်ဖျက်နိုင်ခဲ့သည်ကို မြင်ရသည်မှာ အံ့သြစရာပင်။

သူတော်စင် အမွေခံ(သူတော်စင်သားတော်)များနှင့် အဆင့်မြင့်ဂိုဏ်းကြီးများမှ ပညာရှင်များအားလုံး လုရီအား ကြည့်နေကြပြီး သူတို့၏ မျက်နှာများမှာ တမဟုတ်ချင်း.. အရောင် ပြောင်းလဲနေကြတော့သည်။

ထိုအခိုက် ..လင်ထျန်းရှင်းက ကြည်လင်စွာ ရယ်ကာ ဖိတ်ခေါ်လာသည်။

“ ညီလေးလုရဲ့ အခင်းအကျင်း ပညာရပ် အောင်မြင်မှုတွေက တကယ့်ကို အထင်ကြီးစရာပါပဲ။ အချိန်ရမယ်ဆိုရင် ကျွန်တော်တို့ ထိုက်ရီ မြင့်မြတ်နယ်မြေကိုလည်း လာလည်ပါဦး။ ကျွန်တော်တို့ရဲ့ အကြီးအကဲတွေက မင်းနဲ့ အခင်းအကျင်း ပညာအကြောင်း ဆွေးနွေးရတာ အတော် ပျော်ကြလိမ့်မယ်”

ထိုစကားများကြောင့် လုရီ၏ မျက်လုံးများ အရောင်တောက်လာသည်။

သူ အခု လိုအပ်နေသည်မှာ အခင်းအကျင်းပညာ၏ အမွေအနှစ်ပင် ဖြစ်၏။

ထိုအမွေအနှစ်ကို ရရှိပါက အင်မော်တယ် အဆင့် အခင်းအကျင်းကိုပင် သိမြင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

သူ၏ တာအို အခြေတည် ဝိဉာဉ်သည် တာအို၏ အနှစ်သာရကို စဉ်ဆက်မပြတ် ဖမ်းယူနိုင် သောကြောင့် သူ၏ နားလည်နိုင်စွမ်းသည် အလွန်အမင်း ပြင်းထန်လှ၏။

ရုတ်ချည်း ဉာဏ်အလင်း ပွင့်ခြင်း၊ ဉာဏ်အလင်း လက်ဖက်ရည်နှင့် သူ့ အလုပ် ဆုလာဘ်များနှင့် ပေါင်းစပ်လိုက်ပါက အင်မော်တယ် အခင်းအကျင်းကို နားလည်ခြင်းသည် အမှန်စင်စစ်ပင် မဖြစ်နိုင်သည့် က်ိစ္စ မဟုတ်ပါချေ။

မမှားယွင်းပါ။ နားလည်ခြင်းသည် တစ်မျိုးဖြစ်ပြီး၊ ၎င်းကို အမှန်တကယ် အသုံးချနိုင်ခြင်းသည် နောက်တစ်မျိုး ဖြစ်လေသည်။

အခင်းအကျင်း တစ်ခု တည်ဆောက်ရန်အတွက် ဝိညာဉ် စွမ်းအင်၏ အထောက်အပံ့ လိုအပ်ပြီး၊ တစ်ခါတစ်ရံ ကောင်းကင်နှင့် မြေကြီး ရတနာများ သုံးစွဲရန်လည်း လိုအပ်တတ်၏။

လုရီက အင်မော်တယ် ခင်းကျင်းမှုကို နားလည်ခဲ့လျှင်ပင်၊ ခင်းကျင်းမှုပုံစံတစ်ခုတည်းကိုပင် ထွင်းထုခြင်းက သူ့ကို လုံးဝ အားကုန်ခန်းစေနိုင်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေကာမူ ခင်းကျင်းမှုကို ဖန်တီးနိုင်ခြင်း သည် ကိစ္စ တစ်ရပ် ဖြစ်ပြီး၊ ၎င်းကို ဖြေရှင်းနိုင်ခြင်းက... နောက် ကိစ္စ တစ်ရပ် မဟုတ်ပါလော။

ဖျက်ဆီးခြင်းသည် ဖန်တီးခြင်းထက် အမြဲတစေ ပိုမို ရိုးရှင်း၏။

နောင်အချိန်တွင် အင်မော်တယ်အခင်းအကျင်း တစ်ခုနှင့် ရင်ဆိုင်ရပါကလည်း သူသည် လုံလောက်သော ယုံကြည်မှု ရှိနေလိမ့်မည်သာ။

သူက ခပ်မြန်မြန် ပြုံးလျက်...တုံ့ပြန်လိုက်၏။

“ထိုက်ရီ မြင့်မြတ်နယ်မြေဟာ အခင်းအကျင်း လမ်းစဥ်ကို လိုက်စားပြီး အခင်းအကျင်းပညာရှင်အားလုံးအတွက် မြင့်မြတ်နယ်မြေ ဖြစ်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ အခွင့်အရေးရရင် အခင်းအကျင်း ပညာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်ဖို့ သေချာပေါက် အဲဒီကို လာပါ့မယ်”

ထိုအခါ...ထိုက်ရီ မြင့်မြတ်နယ်မြေမှ

လင်ထျန်းရှင်း လက်ခုပ်တီး၍ သဘောတကျ ရယ်မောလိုက်သည်။

“ဟားဟားဟား၊ ကောင်းပါတယ်။ မင်းနဲ့ မင်ယွင်တို့က အသက် သိပ်မကွာလောက်ဘူး။ မင်းတို့ လူငယ် နှစ်ယောက်ကြားမှာ တူညီတဲ့ အရာတွေ အများကြီး ရှိမှာပါ။ နောင်ကျရင် ပိုပြီး ပညာ ဖလှယ်ကြမယ်လို့ မျှော်လင့်ပါတယ်”

လင်ထျန်းရှင်းသည် ဟင်းလင်းပြင်ဥမင် ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် အတော်လေး ငယ်ရွယ်သေးသော်လည်း လုရီနှင့် နှိုင်းယှဉ်လျှင်တော့ သဘာဝအတိုင်း အသက်ကြီးပြီး လူငယ်မျိုးဆက်နှင့် မတူညီသော မျိုးဆက်တွင် ပါဝင်နေပြီ ဖြစ်နေတော့သည်။

သူသည် ဝမ်ပေ့မင်နှင့် တုန်းဖန်းလင်ကဲ့သို့သော ကျင့်ကြံသူများနှင့် မျိုးဆက်အတူတူပင်.. ဖြစ်သည်။

ရှုမင်ယွင်သည် ထိုက်ရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော် ဖြစ်ရာ၊ ထိုစကားကို ကြားပြီးနောက် သူက လုရီအား ပြုံးပြလိုက်သည်တွင် အလွန် ဖော်ရွေသော အမူအရာ ပေါ်လွင်နေ၏။

“ရောင်းရင်းလု၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်

မင်ယွင်က ခင်ဗျားဆီက ခင်းကျင်းမှု ပညာနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု လိုချင်ပါတယ်ဗျ”

လုရီက ကြည်လင်စွာ ပြုံးလျက် တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့၊ ပြဿနာ မရှိပါဘူး။ ညီအစ်ကို

မင်ယွင် စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော် သေချာပေါက် အသေးစိတ် ဆွေးနွေးပါ့မယ်”

လုရီ စိတ်ထဲတွင် “ငါ ရှုမင်ယွင်နဲ့ ခင်းကျင်းမှုပညာအကြောင်း ဆွေးနွေးရမယ်” ဟု သူ့စနစ်အား အလုပ်ပေးလိုက်သည်တွင် သူ့စနစ် မျက်နှာပြင်၌ တောက်ပသော စာသားများ ဖြတ်ပြေးသွားတော့၏။

[အလုပ်]

ရှုမင်ယွင်နှင့် ခင်းကျင်းမှုပညာအကြောင်း ဆွေးနွေးပါ

ဆုလာဘ်- ခင်းကျင်းမှုပညာ ဉာဏ်အလင်းတိုးမြှင့်ခြင်းနှင့် နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီ အစက် တစ်ရာ..

အလုပ်အား လက်ခံပါ - လက်ခံမည်လား/ ငြင်းမည်လား။

ဤအရာကို မြင်လိုက်သည်နှင့် လုရီ အလွန်ပျော်ရွှင်သွား၏။

အလုပ် ဆုလာဘ်များအတွက် ပစ်မှတ်တစ်ခုကို တွေ့ရှိခဲ့ခြင်းကြောင့်ပင်။

အထူးသဖြင့် ခင်းကျင်းမှုပညာ ဉာဏ်အလင်းတိုးမြှင့်ခြင်းဖြစ်သောကြောင့် မဆိုးလှဟု သူ တွေးလိုက်တော့၏။

လုရီသည် ထိုအလုပ်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်၏။

ထိုသို့...ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပညာရှင်များ လုရီနှင့် ဖော်ရွေစွာ စကားပြောဆိုနေကြသည်ကို မြင်သောအခါ အခြား ဂိုဏ်းများလည်း လုရီ အနားသို့ ချဉ်းကပ်လာကြပြီး လုရီနှင့် ဆွေးနွေး ပြောဆိုလာကြသည်။

.....

ထို့နောက်တွင်ကား...လေ့ယီ အင်မော်တယ် ဂိုဏ်းမှ ဝမ်ပေ့မင်က ခပ်ပြုံးပြုံး ဆိုလာ၏။

“အဟဲဟဲ..ညီငယ်လု၊ ကျွန်တော်တို့ ဂိုဏ်းကို လာပြီး ညီမငယ် ထျန်းယင်နဲ့ တာအို လာဆွေးနွေးဖို့ မမေ့နဲ့ဦးနော်”

ဝမ်ပေ့မင် စကားအဆုံးတွင်ပင် သူ့အား လျှပ်စီးကြောင်းတစ်ခု ထိမှန်သွားသည်ကို တွေ့ရသည်။ လေ့ထျန်းယင်က စိတ်အနှောင့်အယှက်ဖြစ်စွာ လက်ကို ပြန်ရုပ်လိုက်သော်လည်း သူမသည် လုရီအား တစ်ချက်ကြည့်လိုက်သည်တွင် သူမ၏ လှပသော မျက်လုံးများတွင် အထူးတောက်ပမှုတစ်ခု ထွက်ပေါ်လာလေသည်။

လုရီ ပြသခဲ့သော အရည်အချင်းသည် အလွန်အစွမ်းထက်လှရာ၊ မြင့်မြတ်နယ်မြေမှ သူတော်စင် သမီးတော်ပင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ချေ။

...

လေ့ထျန်းယင်၏ မျက်လုံးထဲမှ အကြည့်ကို မြင်လိုက်သောအခါ ကျန်းရူယွီ မျက်မှောင်ကြုတ်မိပြီး လုရီအနား ချဉ်းကပ်ကာ..

“ဂျူနီယာမောင်လေး၊ ငါတို့ ဝင်သင့်ပြီ နော်”

“ကောင်းပါပြီ”

လုရီ ခေါင်းညိတ်၍ ပြန်ဖြေလိုက်လေသည်။

ကျင့်ကြံသူအဖွဲ့သည် လမ်းတစ်လျှောက်လုံး လုရီနှင့် ပြောပြောဆိုဆို ရယ်ရယ်မောမော ရှိကာ အဖွဲ့ကျနေကြသော်လည်း ကောင်းကင်နန်းတော်မှ တပည့်များကမူ လုရီနှင့် ခပ်ခွာခွာသာ နေကြသည်။

သူတို့၏ မျက်နှာများမှာ အေးစက်နေ၏။

အကြောင်းမှာ လုရီက သူတို့အားလုံးကို စောစောက ဖိနှိပ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

အခန်း ၂၆၃-အနှစ်သုံးရာ ဖိနှိပ်ထားရမယ် ...

~မကြာမီပင်၊ သူတို့အဖွဲ့သည် နန်းတော်တံခါး သုံးပေါက်ကို ဖြတ်ကျော်ပြီးနောက်၊ ခမ်းနားကြီးကျယ်သော ခန်းမဆောင်ကြီး၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာကြ၏။ ထိုခန်းမဆောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အားလုံး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကြပြီး၊ မျက်နှာအသီးသီးတွင် အံ့အားသင့်သော အရိပ်များ ပြည့်နှက်လာကြတော့၏။

ကျောက်သားကြမ်းပြင် တစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်လျက် အင်မော်တယ်ဂိုဏ်း၏ ခင်းကျင်းမှုပုံစံများပင် လုံးဝနီးပါး ခံနိုင်ရည် မရှိတော့ဘဲ နက်ရှိုင်းသော ချိုင့်ခွက်ကြီးများ နေရာအနှံ့ ဖြစ်တည်နေ၏။

လူဆယ်ယောက်ပင် လက်ဖြင့်ပတ်၍ မမီနိုင်သော တိုင်လုံးကြီးများစွာလည်း ကျိုးပဲ့ကာ ကျောက်သားကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရလေသည်တကား။

ကျောက်သားကြမ်းပြင်ပေါ်၌ ပြတ်တောက်နေသော ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများနှင့် လတ်ဆတ်သော သွေးများ အိုင်ထွန်းလျက်ပင်။

ခန်းမဆောင်၏ ဗဟိုနေရာ၌မူ တကိုယ်လုံး၌ မည်းနက်သော အကြေးခွံများ ဖုံးလွှမ်းနေသည့် လူတစ်ပိုင်း မကောင်းဆိုးဝါး တစ်ပိုင်း အကောင်ကြီး တစ်ကောင်.. မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ကြရ၏။

၎င်း၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်းပြတ်တောက်လျက်၊ လတ်ဆတ်သော သွေးမည်းများ သူပတ်ပတ်လည်၌ အိုင်ထွန်းနေ၏။ မည်းနက်သော မီးခိုးငွေ့များသည်လည်း ထိုအလောင်းမှ ထွက်ပေါ်နေဆဲ ဖြစ်သည်ကို မြင်ရ၏။

အသက်မဲ့သော အလောင်း ဖြစ်နေသည့်တိုင် ၎င်းထံမှ ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်နှင့် သေဆုံးခြင်း၏ အရှိန်အဝါတို့ ထုတ်လွှတ်နေလေသည်။

အသက်ရှင်ကျန်ရစ်သေးသော

ကျင့်ကြံသူများ၏ မျက်နှာများသည် ဖြူဖျော့နေကြပြီး အများစုမှာ ဒဏ်ရာအသီးသီး ရရှိထားကြသည်။ ဒဏ်ရာ မရရှိသူများပင် ဝိညာဉ်စွမ်းအင်များ အလွန်အမင်း အားယုတ်နေကြ၏။

လုရီနှင့် အပေါင်းအပါတို့ ဝင်ရောက်လာသည်ကို မြင်သောအခါ၊ ထိုမဟာ အင်အားရှင် အဖွဲ့တစ်စုမှာ အနည်းငယ် အံ့အားသင့်သွားကြတော့သည်။

တင်းချင်းသည် နတ်ဓားဂိုဏ်းမှ လူများ ချဉ်းကပ်လာသည်ကို မြင်လျှင် လျှောက်လာ၏။

သူ၏ အံ့အားသင့်မှုကား ကောင်းကင်ထက်သို့ပင် ရောက်လုနီးပါး....။

သူက အသံတုန်ယင်စွာ မေးလိုက်၏။

“ကလေးတွေ.. ဘယ်လိုများ ဝင်လာခဲ့ကြလဲ”

တင်းချင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး မည်းနက်သော သွေးစများ စွန်းပေနေသော်လည်း သူသည် ထိခိုက်ဒဏ်ရာ ရရှိပုံ မပေါ်ချေ။ သို့သော် လုရီ သတိပြုမိသည်မှာ ယခင်ကမူ ပိုမိုများပြားခဲ့သော ကျင့်ကြံသူများ အစားတင်းချင်းနောက်တွင် ပေါင်းစည်းခြင်းအဆင့် အကြီးအကဲနှစ်ဦးသာ ကျန်ရှိတော့လေသည်။

ကျန်သူများမှာမူ သေဆုံးခဲ့ကြပုံ ရသည်။

အင်ပါယာဓားဂိုဏ်းမှ မဟာယာန ပညာရှင်

တစ်ဦးလည်း လုရိီတို့ထံ ချဉ်းကပ်လာ၏။ သူ၏ လက်မောင်းတွင် နက်ရှိုင်းသော ဒဏ်ရာကြီး ရှိနေ၏။ မူလက သူ့နောက်တွင် ပေါင်းစည်းခြင်းအဆင့် အကြီးအကဲများ ပိုမို ပါလာခဲ့သော်လည်း ယခုမူ နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။

“အပြင်ဘက်က မဟာ အခင်းအကျင်းရဲ့ စွမ်းအားက အံ့မခန်းပဲ။ မင်းတို့ ဘယ်လို ဖြတ်ကျော်လာခဲ့တာလဲ” အင်ပါယာဓားဂိုဏ်းမှ ထိုမဟာယာန အင်အားရှင်ကလည်း သိလိုစိတ်ဖြင့် မေးလာပြန်၏။

ထိုအခါ တုန်းဖန်းးလင်က ညင်သာစွာ ပြုံးလျက်

“ညီငယ်လုက ကျွန်တော်တို့ကို ဦးဆောင်ပြီး ဝင်လာတာပါ။ သူ့ရဲ့ ခင်းကျင်းမှုပညာရပ် အဆင့်အတန်းက သူ့ရဲ့ ဓားပညာရပ် အဆင့်အတန်းလောက် မနက်ရှိုင်းရင်တောင် သိပ်မကွာပါဘူး”

ထိုအခါ မဟာယာနနှင့် ပေါင်းစည်းခြင်းအဆင့် မဟာ အင်အားရှင်များအားလုံး အံ့အားသင့်စွာဖြင့် လုရီအား ပြိုင်တူ..စူးစိုက် ကြည့်လိုက်ကြတော့သည်။

“ကလေးလု၊ မင်း ခင်းကျင်းမှုပညာကိုလည်း ကျွမ်းကျင်ထားတာလား”

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော မဟာယာန ပညာရှင်ကြီး တစ်ဦး ဖြစ်သည့်

တင်းချင်းပင် မထိန်းချုပ်နိုင်ဘဲ အံ့အားသင့်သွားရ၏။

“ဒါ့အပြင် ဓားတာအိုနဲ့ နီးပါးလောက် အဆင့်ကို ရောက်နေပြီလား”

အခြားသော မဟာအင်အားရှင်များလည်း အလားတူပင် ထိတ်လန့်တုန်လှုပ်ကာ လုရီအား ကြည့်နေကြသည်။

ထိုအခါ လုရီက ရှက်ပြုံးကလေး ပြုံးလျက်...

“ဟုတ်ကဲ့၊ ကျွန်တော် ခင်းကျင်းမှုပုံစံတွေကိုလည်း ပုံမှန်ရက်တွေမှာ ကြိုးစား လေ့ကျင့်ဖြစ်ပါတယ်” ဟု နှိမ့်ချစွာ ဆိုလိုက်၏။

ထိုစကားကြောင့် ကျန်းရူယွီနှင့် အခြားသူများ ပြောစရာ စကားလုံး မဲ့သွားကြသည်။

ယခင်က လုရီက ခင်းကျင်းမှုပုံစံများအား အားလပ်ချိန်တွင်သာ ကြည့်ရှုလေ့လာသည်ဟု ဆိုခဲ့ပြီး၊ ယခုမူ ‘ကြိုးစားလေ့ကျင့်’ သည်ဟု ပြောင်းလဲ ပြောဆိုလာခြင်းကြောင့်ပင်။

လုရီက တကယ်ပင် အလေးအနက်ထား လေ့ကျင့်ခဲ့သည်ဟု ပြောဆိုသော်လည်း

တင်းချင်းကဲ့သို့သော အကြီးအကဲများပင်

စဉ်ဆက်မပြတ် ချီးကျူးမဆုံး ဖြစ်နေကြ၏။

“မွေးရာပါ ပါရမီရှင်ပဲ!”

“ခင်းကျင်းမှုပညာနဲ့ ဓားပညာ နှစ်မျိုးစလုံးကို ကျွမ်းကျင်ထားတာ သူ့ရဲ့ အနာဂတ်ကို စိတ်ကူးဖို့တောင် ခက်ခဲလွန်းတယ်”

“ဆန်းကြယ်လှပါပေတယ်၊ ကျုပ်ရဲ့ သက်တမ်း တစ်သောင်းနီးပါးမှာ ဒီလို ရှေးခေတ်နတ်ဆိုးရဲ့ အငွေ့အသက်မျိုး ရှိသူ တစ်ယောက်နဲ့ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ”

“…”

လူငယ်မျိုးဆက်များ၏ စကားဝိုင်းကို ကြားနေရသော အခြားသော မဟာအင်အားရှင်များလည်း လုရီအား ဖော်ပြ၍ မရသော အကြည့်များဖြင့် စိုက်ကြည့်နေကြသော်လည်း အားလုံး အံ့အားသင့်နေကြသည် တကား။

ကောင်းကင်နန်းတော်ဘက်မှ မဟာယာနအဆင့်ရှိသော အကြီးအကဲ တစ်ဦးသည် သူ၏ဂိုဏ်းသားများ၏ အစီရင်ခံမှုများကို ကြားပြီးနောက် လုရီအား ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခေတ္တမျှ စဉ်းစားနေ၏။

ထို့နောက် သူသည် လုရီဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး စကားတစ်ခွန်းမျှ မဆိုဘဲ လက်တစ်ဖက်ကို ဆန့်တန်းကာ လုရီအား ဖမ်းဆွဲမည် အပြု....

တင်းချင်းနှင့် အင်ပါယာ ဓားဂိုဏ်းမှ မဟာယာနမဟာအင်အားရှင်တို့ ရုတ်ချည်း သတိပြုမိသွားကြပြီး ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာများ အေးစက်သွား၏။ ဓားစိတ်ဆန္ဒများ ကောင်းကင်သို့ တိုးထွက်လာ၍ လုရီရှေ့တွင် သူတို့က မားမားမတ်မတ် ရပ်တည်လိုက်ကြသည်။

ယခင်က ဖော်ရွေသော တင်းချင်းသည် ယခုမူ အေးစက်သော အမူအရာဖြင့် လေထဲမှ ဓားရှည်တစ်ချောင်းအား ကြီးစိုးသော ဟန်ပန်ဖြင့် ထုတ်ယူလိုက်ပြီး အကြီးအကဲကို ကြည့်ကာ

ခပ်မာမာ မေးလိုက်၏။

“လျူထူ၊ ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ”

အင်ပါယာ ဓားဂိုဏ်းမှ မဟာယာန မဟာအင်အားရှင်သည်လည်း အေးစက်သော အမူအရာဖြင့် ရှိနေပြီး သူ၏ အင်ပါယာ ဓားစိတ်ဆန္ဒသည် အဝါရောင်နဂါးကဲ့သို့ သူ့ပတ်လည်တွင် ဝန်းရံနေလျက် ထုတ်ဖော်လာ၏။

“လျူထူ၊ ကျုပ်တို့ ရှေ့တည့်တည့်မှာ လူတစ်ယောက်ကို ဖမ်းဖို့ ကြံစည်တာ ကျုပ်တို့ကို တကယ်ပဲ မျက်စိထဲ မမြင်တော့တာလား”

အခြားသော မဟာ အင်အားရှင်များလည်း ဤအချေအတင် ဖြစ်မှုကို အကဲခတ်လာကြလေသည်။

လျူထူသည် လုရီအား တစ်ချက်ကြည့်ပြီး

ခပ်အေးအေးပင် ပြန်ပြောလိုက်သည်က..

“ဟမ့်...ဒီကလေးကြောင့် အပြင်ဘက်မှာ ကျုပ်တို့ ကောင်းကင်နန်းတော်က ပါရမီရှင်တွေ အားလုံး သေတော့မလို့...ဒီအတွက် ကျုပ် သူ့ကို ပြန်ခေါ်ပြီး ကောင်းကင်နန်းတော်ထဲမှာ နှစ်သုံးရာ ဖိနှိပ်ထားရမှာပေါ့”

လုရီ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်ကတော့ အလွန်အမင်း ဒေါသထွက်နေ၏။

ယခုခါ လျူထူ၏ လက်က ဟင်းလင်းပြင်ကို ပိတ်ဆို့ထားပြီး သူကိုယ်တိုင်ပင် အလွန်အန္တရာယ်ရှိသည်ဟု ခံစားခဲ့ရသည်။

မထင်မှတ်ဘဲ ဤမဟာအင်အားရှင်သည် မိမိ၏ဂုဏ်သိက္ခာကိုပင် လျစ်လျူရှုကာ သူ့အား ကိုယ်တိုင် ဖမ်းဆီးရန် ကြံစည်လာလိမ့်မည်ဟု လုရီ လုံးဝ မျှော်လင့်မထားခဲ့ပေ။

..,ဒီလူကြီးက မဟာယာန အဆင့်ပါလား။..

လုရီသည် ကောင်းကင်နန်းတော်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ နတ်ဘုရား အသွင်ပြောင်း အဆင့် အခင်းအကျင်း ပညာရှင် တစ်ဦးက သူ့အား အေးစက်စက် နှာမှုတ်ကာ စိုက်ကြည့်နေသည်ကို တွေ့ရ၏။

ကျန်တပည့်များလည်း လုရီအား ကြည့်နေကြပြီး သူတို့၏ အမူအရာများမှာ အေးစက်နေသည်တကား။

ထိုစကားကို ကြားသောအခါ တင်းချင်းက ရယ်မောလိုက်ပြီး သွားကြားထဲမှ ထွက်သော လေသံဖြင့်...

“ခင်ဗျားတို့ ကောင်းကင်နန်းတော်က တပည့်တွေက မောက်မာပြီး ရန်စတာပဲ။ ကျုပ်ရဲ့ နတ်ဓားဂိုဏ်းသားတွေကို အရင် တိုက်ခိုက်ခဲ့တယ်။ ဒါကိုတောင် ကျုပ်က စာရင်း မရှင်းရသေးဘူး။ ခင်ဗျားက အရင် ကျုပ်ကို လာရှာတာပေါ့လေ”

ထိုအခိုက်အတန့်တွင် အင်ပါယာဓားဂိုဏ်းမှ

နန်ယွီချင်းက မျက်နှာအေးစက်စွာဖြင့် သူ့ကိုယ်မှ ဓားစိတ်ဆန္ဒများ ကောင်းကင်သို့တိုင် မြင့်တက်စေလိုက်ရင်း ထက်ရှ၍ လေးနက်သော အသံဖြင့် စိန်ခေါ်လိုက်၏။

“ငါ့ အင်မော်တယ် ဓားဂိုဏ်းက တပည့်တွေလည်း အနိုင်ကျင့်ခံခဲ့ရတာပဲ… ကလေးလုသာ

မရှိခဲ့ရင် သူတို့ အသက်ရှင်နိုင်ပါ့မလား တောင် မသိဘူး။ ငါ ဒီနေ့ ကလေးလုကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဘယ်သူ တိုက်ခိုက်ချင်သလဲ၊ လာခဲ့”

ထိုအခါ လျူထူက သူတို့ကို တည်ငြိမ်စွာ ကြည့်ရင်း

“ကျုပ် သူ့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ နန်းတော်ထဲမှာ နှစ်သုံးရာ ဖိနှိပ်ပြီး အသေးစားပြစ်ဒဏ် ပေးချင်ရုံသက်သက်ပါ။ အချိန်ပြည့်ရင် သူ့အလိုလို လွတ်လာမှာပါ” ဟု ပြောလာ၏။

ထိုစကားကို ကြားသောအခါ အနီးနားရှိ

မဟာအင်အားရှင်များ အခြေအနေ မမှန်တော့သည်ကို သိလိုက်ရလေသည်။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ မဟာယာနအဆင့်ရှိသော မဟာအင်အားရှင် တစ်ဦး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး လျူထူအား သံသယဖြင့် ကြည့်ကာ မေးလိုက်၏။

“လျူထူ၊ ခင်ဗျား...လုရီရဲ့ ပြိုင်ဘက်ကင်းတဲ့ ပါရမီကို သဘောကျပြီး သူ့ကို ခင်ဗျားဂိုဏ်းထဲ တပည့်အဖြစ် ခေါ်သွားဖို့ အတင်းအကျပ် ကြံစည်နေတာများလား”

ဤစကားကြောင့် အခြားသော မဟာအင်အားရှင်များလည်း သူတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီး လျူထူအား သုန်မှုန်သော အကြည့်များဖြင့် ကြည့်လာကြသည်တကား။

“ဒီမှာ..လျူထူ၊ အလွန်အကျွံ မလုပ်စမ်းနဲ့! ဒီအမွေအနှစ်မြေက အအရင်တည်းက အရှေ့ပိုင်းဒေသက လူတိုင်း ပိုင်ဆိုင်တဲ့ဟာပဲ။ ခင်ဗျားတို့ ကောင်းကင်နန်းတော် ပါဝင်တာ အဆင်ပြေသေးတယ်။ ဒါပေမယ့် အခု ခင်ဗျားတို့က အရှေ့ပိုင်းဒေသရဲ့ အင်မော်တယ် ပါရမီရှင်နတ်ဆိုးကိုပါ အတင်းအကျပ် လုယူချင်နေတာလား”

“ကောင်းကင်နန်းတော်ရဲ့ လုပ်ရပ်တွေက

တဆိတ် အနိုင်ကျင့်လွန်းတယ်.. တပည့်တွေကိုတောင် လုယူချင်တယ်ပေါ့။ ဟားဟား”

အခြားသော မဟာအင်အားရှင်များလည်း သဘောပေါက်သွားကြပြီး တစ်ဦးချင်းစီက သူတို့၏ မကျေနပ်ချက်များကို ဖော်ပြလာကြတော့သည်။

တင်းချင်းနှင့် နန်ယွီချင်းတို့၏ အမူအရာများလည်း ပြောင်းလဲသွားကြပြီး စိတ်ထဲ၌ ကျိန်ဆဲကာ လျူထူအား ရေခဲပမာ အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။

သောက်အဘိုးကြီး...,

သူတို့နှစ်ဦးစလုံးက လုရီ၏ ဓားပါရမီကို သဘောကျနေကြသည်ပါပဲ။ သို့သော် သူတို့ ဂိုဏ်းနှစ်ခုစလုံးက အတင်းအကျပ် မလုပ်ခဲ့ကြပေ။

..သည်ခွေးကောင်ကတော့ ဗဟို နယ်မြေက ကျင့်ကြံသူ တစ်ယောက် ဖြစ်ရဲ့သားနဲ့ အတင်းအကျပ် လုပ်ဖို့ ကြံစည်နေတာလား။

ဒါက တကယ်ပဲ မိုက်ရိုင်းလွန်းတယ်။..

လုရီလည်း လန့်ဖျတ်သွားပြီး လျူထူအား အနည်းငယ် သက်ာမကင်း ကြည့်လိုက်မိ၏။

ဤသည်မှာ သည်အဘိုးကြီး၏ ရည်ရွယ်ချက်လား။

သူသည် အဝေး..ကောင်းကင်နန်းတော်မှ တပည့်များဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ နတ်ဘုရား အသွင်ပြောင်း အခင်းအကျင်း ပညာရှင်၏ အမူအရာသည် အလွန်တင်းမာနေပြီး လျူထူအား လုံးဝ မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့ရပြီး၊ ကျန်တပည့်များလည်း ထူးဆန်းသော အမူအရာများ ရှိနေကြလေ၏။

လျူထူ၏ အမူအရာမှာ တည်ငြိမ်ပြီး ခိုင်မာနေဆဲဖြစ်၏။ သူသည် လုရီအား တစ်ချက်ကြည့်ပြီး

မှင်သေသေဖြင့် ဆိုလိုက်၏။

“ခင်ဗျားတို့ အားလုံး သူ့ကို ကာကွယ်ချင်နေကြတော့လည်း ဟုတ်ပါပြီ..ကျုပ် လက်လျော့လိုက်ပြီ”

ထိုသို့ပြောပြီးနောက် လျူထူက အသာ လှည့်၍ ပြန်လျှောက်သွားလေသည်။

လုရီ လျူထူအား အနည်းငယ် ဝေဝါးသော အကြည့်ဖြင့် ကြည့်နေမိ၏။

ထိုအဘိုးကြီး မည်သည့်အရာကို တကယ်တွေးနေသလဲ.... သူ မသိပေ။

မည်သည့်အကြောင်းပြချက်ကြောင့်ပင် ဖြစ်စေကာမူ သူ မပျော်ရွှင်ရပါချေ။

လျူထူနှင့် ကောင်းကင်နန်းတော်မှ တပည့်များအားလုံးသည် အလွန်အမင်း အနိုင်ကျင့်တတ်ပြီး မာန ထောင်လွှားလှသည်မို့၊ ထိုဂိုဏ်းကို လုရီ တကယ်ပင် မကြိုက်နိုင်ခဲ့ချေ။

...

ဤအသေးစား ဖြစ်စဉ်သည် ခပ်မြန်မြန်ပင် မေ့လျော့သွားပြီး မဟာ အင်အားရှင်များ အားလုံးသည် ဗဟို ဧရိယာဘက်ကိုသာ အာရုံစိုက်နေကြတော့သည်။

အပျက်အစီးပုံကြီး တစ်ခု၏ နောက်တွင် တည်ရှိနေသည်က တံခါးတစ်ချပ်...။

ထိုတံခါးပေါ်တွင် အလွန် ရှုပ်ထွေးသောအခင်းအကျင်း ပုံစံများ ထွင်းထုထားသည်ကို တွေ့ရပြီး၊ လုရီပင် တစ်ချက် ကြည့်လိုက်ရုံဖြင့်

မူးနောက်နောက် ဖြစ်သွားရသည်အထိပင်။

သူ ထိုအရာကို နားမလည်ခဲ့ပေ။

အင်မော်တယ်အခင်းအကျင်း....

၎င်းက အင်မော်တယ် အခင်းအကျင်းပင်။

မဟာအင်အားရှင်တစ်ဦးက စိတ်လှုပ်ရှားရိပ်

ပြည့်လွှမ်းသော အနည်းငယ် တုန်ယင်သော အသံဖြင့် ပြောလာသည်။

“အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ်က အတွင်းထဲမှာ ရှိရမယ်”

အခန်း ၂၆၄-အင်မော်တယ် လက်နက်နှင့်

အင်မော်တယ် မျက်လုံးများ ပွင့်လာပြီ ...

~“ဒါပေမယ့်၊ အင်မော်တယ် အကာအကွယ် အခင်းအကျင်း စောင့်ကြပ်နေတဲ့ ဒီအမွေအနှစ်တံခါးတွေကို ဘယ်သူကများ ဖွင့်လှစ်နိုင်ပါ့မလဲ” ဟု နောက်ထပ်မဟာအင်အားရှင်တစ်ဦးက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။

အခြားသူများလည်း မျက်မှောင်ကြုတ်နေကြသည်။ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အခင်းအကျင်းသည်

အင်မော်တယ်ခင်းကျင်းမှုအဆင့်၌ ရှိနေသည်မှာ အထူးအဆန်းမဟုတ်ချေ။

အကယ်၍ ၎င်းသည် မပြည့်စုံခြင်း သို့မဟုတ် ပျက်စီးနေခြင်းမရှိပါက၊ ခင်းကျင်းမှုပညာကို အထူးပြုကျင့်ကြံသော

ကပ်ဘေးဖြတ်ကျော်အဆင့် ပညာရှင်တစ်ဦးပင် ၎င်းကို ဖွင့်လှစ်ရန် အလွန်ခက်ခဲမည်ဖြစ်ပြီး၊

တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးစီးနိုင်သော အရာမျိုး မဟုတ်သည်ကို သူတို့ ကောင်းစွာ သိကြသည်။

သို့သော် ဤနေရာမှ အင်မော်တယ်အကာအကွယ် အခင်းအကျင်းမှာမူ ထင်ရှားစွာ ပြည့်စုံနေပြီး၊ ၎င်းမှ ထွက်ပေါ်လာသော

အင်မော်တယ် အလင်းရောင်သည် မဟာအင်အားရှင်အားလုံး၏ နှလုံးသားကို အေးစက်စေခဲ့သည်။

ကျန့်ရူယွီသည် လုရီအား စူးစိုက်ကြည့်ရင်း

“ဂျူနီယာ မောင်လေး၊ ဒီအင်မော်တယ်အကာအကွယ် အခင်းအကျင်းကို နင် ဖွင့်နိုင်ပါ့မလား” ဟု မျှော်လင့်တကြီး မေးလိုက်၏။

တောင်ဖျင်လင်နှင့် အခြားသူများလည်း စိုးရိမ်တကြီးဖြင့် လုရီအား လှမ်းကြည့်လာကြသည်။

အဘယ်ကြောင့်ဆိုသော် လုရီသည် ဤနေရာအထိ ရောက်ရှိလာရာတွင် အလွန်ပေါ့ပေါ့ပါးပါးပင် ရှိနေခဲ့သည်ကို သူတို့ ကောင်းစွာမှတ်မိနေသောကြောင့်တည်း။

လုရီ၏ မျက်နှာတွင် မည်းနက်သော အရေးအကြောင်းများ ပေါ်လာပြီး ခါးသီးစွာ ပြန်ပြောလိုက်သည်။

“အစ်မရူယွီ၊ ကျွန်တော့်ကို အင်မော်တယ်တစ်ပါးလို့ ထင်နေတာလား။ ကျွန်တော်သာ အင်မော်တယ် အခင်းအကျင်းကို ဖွင့်နိုင်မယ်ဆိုရင် ကောင်းကင်နန်းတော်က အခင်းအကျင်းကျမ်းကို တောင်းဖို့ ဘာလို့ လိုအပ်ဦးမှာလဲဗျာ”

ထိုအခါ အခြားသူများ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း မမျှော်လင့်ထားသည့်အရာ တော့ မဟုတ်ခဲ့ချေ။

ဤသည်မှာ သူတို့၏ သုံးသပ်မှုအတိုင်းပင် ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်ဝယ် ကောင်းကင်နန်းတော်မှ တပည့်များ၏ မျက်နှာများမှာမူ ပုပ်သိုး မည်းမှောင်နေပြီး လုရီအား အေးစက်စွာ စိုက်ကြည့်နေကြ၏။

ဒီကောင်က တကယ်ပဲ အနာကို ဆားသ်ိပ်သလို .. ပြောတတ်ပါလား။

တင်းချင်းနှင့် အခြားသော မဟာအင်အားရှင်များ တိတ်ဆိတ်နေကြပြီး ထိုက်ရီ မြင့်မြတ်နယ်မြေမှ မဟာယာနပညာရှင်တစ်ဦးအား အာရုံစိုက်ကာမေးလိုက်၏။

“အစ်ကိုယွမ်၊ ခင်ဗျား ဘယ်လို ထင်လဲ”

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ယွမ်ကျင်း အမည်ရှိ မဟာယာနပညာရှင်က ခင်းကျင်းမှုပုံစံများကို စူးစိုက်ကြည့်ကာ ခေါင်းခါယမ်းလျက်

“ကျုပ် ဂိုဏ်းက လောကီ ကိစ္စတွေနဲ့ သီးသန့်နေကြတဲ့ အကြီးအကဲတွေတောင် ဒီပုံစံတွေကို အချိန်တိုအတွင်း ချိုးဖျက်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု ဆိုလိုက်သည်။

ထိုစကားကြောင့် အားလုံး စိတ်ပျက်သွားကြပြီး မျှော်လင့်ချက် မဲ့သည့် အရိပ်အယောင်တို့ မျက်နှာအသီးသီးတွင် ပေါ်လာသည်။

“ဒီလိုဆိုရင်တော့ ဂိုဏ်းကို အကြောင်းကြားပြီး ကျွန်တော်တို့ရဲ့ အကြီးအကဲတွေကို အခင်းအကျင်းကို ဖော်ထုတ်ဖို့ လာခိုင်းရလိမ့်မယ်” ဟု မဟာအင်အားရှင်တစ်ဦးက အံကြိတ်ကာ ပြောလိုက်၏။

အခြားသူများလည်း ခေါင်းညိတ်ကာ သဘောတူညီကြသည်တကား။ ဤနည်းလမ်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူတို့တွေးထင်ကြသည်။

ထိုစဉ်တွင် အခင်းအကျင်း ပုံစံများ ရုတ်တရက် တဖျပ်ဖျပ် လင်းလာပြီး ရွှေရောင်အလင်းတန်းများ ပေါ်လာကာ အသက်ဝင်လာသကဲ့သို့ ဖြစ်ပေါ်လာသည်ကို တွေ့ရ၏။ နန်းဆောင်ကြီးတစ်ခုလုံးကို ထိုအလင်းရောင်များက ဝင်းပစေသည်။

အားလုံး သတိကြီးစွာဖြင့် အခင်းအကျင်းပုံစံများကို အနီးကပ် စောင့်ကြည့်လိုက်ကြတော့သည်။

အကယ်၍ အင်မော်တယ် အခင်းအကျင်းကြီး အသက်ဝင်လာပြီး ၎င်း၏ သေစေနိုင်သော စွမ်းအားကို ထုတ်လွှတ်လာပါက မဟာယာနပညာရှင်ကြီးများပင် ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

လက်ရှိအချိန်တွင် လုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

အကြောင်းမှာ..သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရုတ်တရက် အလင်းရောင် မှိန်ပျပျ တောက်ပလာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု သိုလှောင်လက်စွပ်မှ ထွက်ပေါ်လာခြင်းပင် ဖြစ်၏။

လုရီ ၎င်းကို မြင်လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။

၎င်းသည် သတ္တုလည်းမဟုတ်၊ သစ်သားလည်းမဟုတ်သော တံဆိပ်ပြားတစ်ခု ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးလှသော တာအိုပုံစံများ ထွင်းထုထားသည်ကို တွေ့နိုင်ပါသည်။

အင်မော်တယ်ဓားအမိန့်..

ဓားတာအို အစည်းအဝေးမှ အလုပ် ဆုလာဘ်အဖြစ် လုရီ ရရှိခဲ့သော တံဆိပ်ပြားပင် ဖြစ်သည်။

ဤအင်မော်တယ် ဓားအမိန့်သည် မည်သို့မည်ပုံ ဖြစ်သည် မသိ.. အင်မော်တယ်အခင်းအကျင်းနှင့် ပဲ့တင်ထပ်ကာ လုရီ၏ လက်ဝါးပေါ်တွင် တောက်ပလျက်.သူ့အလိုလို ထွက်ပေါ်လာခဲ့ပြီတကား။

လုရီ ထိတ်လန့်သွားပြီးနောက် သဘောပေါက်သွား၏။

နတ်ဘုံဓားအမိန့်သည် နတ်ဘုံဓားဂိုဏ်း၏ တံဆိပ် ဖြစ်ပြီး၊ ၎င်းသည် အင်မော်တယ် အခင်းအကျင်းနှင့် ဆက်စပ်နေပုံရသည်။

လုရီဘက်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲက မဟာအင်အားရှင်အားလုံး၏ အာရုံကို ဖမ်းစားလိုက်လေပြီ။ သူတို့၏ မျက်လုံးများတွင် လောဘရိပ်များ သန်းလာကြသည်။

လုရီ၏ လက်ထဲမှ တံဆိပ်ပြားသည် အခင်းအကျင်းပုံစံများနှင့် ဆက်စပ်နေပုံ ရသည်ကို သူတို့ ကောင်းစွာ နားလည်သွားကြပြီ။

ရုတ်တရက် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအချို့မှ ပညာရှင်များ၏ အကြည့်များ တဖျပ်ဖျပ် ပြောင်းလဲလာတော့သည်။

လုရီသည် ကြောက်မက်ဖွယ်ကောင်းသော

အရှိန်အဝါများစွာ သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရချေသည်။

ဖိအားတို့သည် တောင်ကြီးတစ်လုံးလိုပင်။

မဟာအင်အားရှင်တစ်ဦးက ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။

“ကလေး၊ အဲဒီတံဆိပ်ပြားကို ပေးစမ်း။ ငါက နတ်ဆိုးတိမ်တိုက်ဂိုဏ်းရဲ့ မဟာ အကြီးအကဲပဲ။ နောင်ကျရင် မင်းအတွက် ရက်ရောတဲ့ ဆုလာဘ်တွေ ရှိလိမ့်မယ်!”

သူ၏အသံတွင် အမိန့်ပေးသည့်ဟန် ပါသည်။

နောက်ထပ် မဟာအင်အားရှင်တစ်ဦးကလည်း

မေးလာ၏။

“လုရီ၊ မင်း ဒီတံဆိပ်ပြားကို ဘယ်က ရတာလဲ။ ငါတို့ကို ကြည့်ခွင့်ပေး..ဒါက ဒီအင်မော်တယ်အခင်းအကျင်းကို ဖွင့်နိုင်မလား ”

၎င်းမှာ မေးခွန်းထုတ်သော်လည်း အမှန်တကယ်တွင် လိုချင်တပ်မက်နေခြင်းသာဖြစ်သည်။

မြင့်မြတ်နယ်မြေ အင်မော်တယ်ဂိုဏ်းအချို့ပင် စတင်လှုပ်ရှားရန် ဆန္ဒ ရှိလာချေပြီ တကား။

အကယ်၍ လုရီရှေ့တွင် နတ်ဓားဂိုဏ်းနှင့်

အင်ပါယာ ဓားဂိုဏ်းမှ ပညာရှင်များသာ

မရပ်တည်နေခဲ့လျှင် များစွာသောသူတို့သည် ရှေ့သို့ တိုးဝင်ကာ လုရီကို ဝိုင်းရံတိုက်ခိုက်ကြပေလိမ့်မည်။

လုရီ အတွင်းစိတ်တွင်.. စကားမဲ့နေ၏။

အင်မော်တယ် ဓားအမိန့်သည် ထိုသို့သော အခြေအနေမျိုးတွင် အသက်ဝင်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့သောကြောင့် ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ယွမ်ကျင်းက

ခဏမျှ တွေဝေနေပြီးမှ

“အပေါင်းအသင်းတို့၊ ဒီတံဆိပ်ပြားက ရောင်းရင်းလေး လုရဲ့ ပိုင်ဆိုင်မှုပါ။ ခင်ဗျားတို့ အားလုံးကလည်း အသက်ကြီးပြီပဲ၊ လူငယ်တစ်ယောက်ရဲ့ ပစ္စည်းကို အတင်းအဓမ္မ လုယူဖို့ ရည်ရွယ်တာတော့ မဟုတ်ပါဘူးနော်” ဟု ဆိုလိုက်သည်။ သူ၏အသံက အနည်းငယ် မာကျောနေသည်။

လုရီသည် ယွမ်ကျင်းအား တစ်ချက်ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွား၏။

မြင့်မြတ်နယ်မြေမှ မဟာအင်အားရှင်တစ်ဦးက သူ့အတွက် ကူပြောပေးလိမ့်မည်ဟု သူ

မမျှော်လင့်ခဲ့ချေ။

တင်းချင်းသည်လည်း လူအုပ်အား အေးစက်စွာ အကြည့်များ ဖြန့်ကျက်ကာ ကြွေးကြော်သည်။

“ ကလေးလုရဲ့ ပိုင်ဆိုင်မှုက သူ့ကိုယ်ပိုင်ပဲ။ ဘယ်သူမဆို အတင်းအကျပ် လုယူချင်ရင် လာခဲ့၊ ကျုပ်ရဲ့ နတ်ဓားဂိုဏ်းက ဘယ်သူ့ကိုမှ

မကြောက်ဘူး..စိန်ခေါ်တယ်”

ကောင်းကင် နန်းတော်မှ လျူထူသည် ဝိညာဉ်စွမ်းအင်များ သူ့ကိုယ်တဝိုက်တွင် ရေလှိုင်းသဖွယ် လည်ပတ်နေလျက် လုရီအား အတွေးနက်နက်ဖြင့် ကြည့်နေပြီး တိတ်ဆိတ်နေသည်။ သူ၏မျက်လုံးများတွင် တစ်စုံတစ်ရာကို ရှာဖွေနေပုံ ရသည်။

အခြားသော မြင့်မြတ် နယ်မြေအချို့သည် မငြိမ်မသက်မှုများ ပြသနေသော်လည်း လုရီဘေးတွင် မြင့်မြတ်နယ်မြေ သုံးခုမှ မဟာအင်အားရှင်များ ရပ်တည်နေသည်ကို မြင်သောအခါ ခဏမျှ တွေဝေသွားကြပြီး စကား မဆိုတော့ချေ။

ခဏတာမျှပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ တင်းမာမှုများ ဖုံးလွှမ်းလာချေတော့သည်။

ထိုစဉ်တွင် အင်မော်တယ် အခင်းအကျင်းပေါ်မှ အလင်းလွှာများ ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ကွဲထွက်လာတော့သည်။

အသည်းထိတ်ဖွယ်ကောင်းသော စွမ်းအား အတက်အကျနှင့်အတူ နေတစ်စင်းနှယ် တောက်ပသော ရွှေရောင်အလင်းလွှာများထွက်ပေါ်လာရာ ပေါင်းစည်းခြင်းနှင့် မဟာယာန အဆင့် ပညာရှင်များကိုပင် မျက်နှာအမူအရာများ ပျက်ယွင်းစေကာ သတိကြီးစွာဖြင့် နောက်သို့ ဆုတ်စေပြီတကား။

လုရီသည် သူ၏ လက်ထဲမှ အင်မော်တယ်

ဓားအမိန့်သည် အလွန်အမင်း ပူပြင်းလာသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် မီးတောင်ချော်ရည်ကို ကိုင်ထားသကဲ့သို့ ဖြစ်ပြီး၊ သူ၏ သန်မာသော ခန္ဓာကိုယ်ပင် မီးလောင်လာသည်ဟု ခံစားလာရသည်။

နောက်တစ်စက္ကန့်တွင် အင်မော်တယ် ဓားအမိန့် တုန်ခါသွားပြီး ၎င်းမှ အလင်းတန်း တစ်ခုသည်

အင်မော်တယ် အခင်းအကျင်းဆီသို့ မြန်ဆန်စွာ ထိုးတက်သွား၏။

အလင်းတန်း ဝင်ရောက်သွားသည်နှင့်

အင်မော်တယ် အခင်းအကျင်းပေါ်ရှိ ပုံစံများ ပိုမိုပြင်းထန်စွာ လင်းလက်လာသည်။

ထိုစဉ် ကြောက်မက်ဖွယ် ကောင်းသော ဖရိုဖရဲဖြစ်မှုကြီး လေထုထဲတွင် ဆူညံသွားရာ ရွှေအူတိုင်အဆင့်ရှိ ကျင့်ကြံသူကလေးများ မြေပြင်ပေါ်သို့ လဲကျကာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေကြသည်။

သူတို့၏ ကိုယ်ခန္ဓာများသည် လေတိုက်ခံရသော ရွက်ခြောက်များနှယ်ပင်။

အခြေတည် ဝိညာဉ် အဆင့်ရှိသူများပင် လေးလံသော တောင်ကြီးများ သူတို့အပေါ် ဖိထားသကဲ့သို့ ခံစားလိုက်ရ၍ အသက်ရှူရပင် ခက်ခဲလှသည်။

ဤနေရာသည် အခင်းအကျင်းပုံစံများဖြင့် ပြည့်နှက်နေသောကြောင့်သာ ထိုမျှကြီးမားသော ဖိအားက ပတ်ဝန်းကျင်ရှိ မိုင်ထောင်ပေါင်းများစွာကို ပြိုကျစေခြင်း မရှိခဲ့ချေ။

အခင်းအကျင်း ပုံစံများ လင်းလက်လာသည်နှင့် နန်းတော်တစ်ခုလုံး တုန်ခါသွားပြီး၊ နောက်တစ်ခဏတွင် တံခါးကြီးများ ဖြည်းညှင်းစွာ သူ့အလိုလို စတင်ပွင့်လာ၏။ တံခါးဝမှ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာရာ အနီးအနားရှိ လူအများ၏ စိတ်ဝိဉာဥ်အား ကြည်လင်လန်းဆန်းစေပြီး၊ တစ်ကြိမ်ရှူရှိုက်လိုက်ရုံဖြင့်ပင် ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးတက်လာပြီတကား။

လုရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ အံ့အားသင့်မှုများ သူ့မျက်လုံးထဲတွင် ပြည့်နှက်နေသည်။

ဒီအင်မော်တယ် အခင်းအကျင်းက ဘယ်လိုများ သူ့အလိုလို ပွင့်သွားတာလဲ။

သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီ။

မဟာအင်အားရှင်များစွာ ရှိနေသည်မို့ တံခါးဖွင့်ပြီးသည်နှင့် သူ ဘာများ ယူနိုင်ဦးမှာလဲ။

သူ့အတွက် မည်သည့်အရာမှ ကျန်မည် မဟုတ်သည်ကို လုရီ ကောင်းစွာသိသည်။

အင်မော်တယ် ဓားကျမ်းအတွင်းထဲမှာ ရှိခဲ့လျှင် သူ မရရှိနိုင်ဘဲ ဘယ်လိုများ ကျင့်ကြံရပါ့မလဲဟူသော အချက်က လုရီကို အများဆုံး စိုးရိမ်စေခဲ့ပြီ။

သူ၏စိတ်သဏ္ဍာန်ဝယ် မေးခွန်းပေါင်းများစွာ မြည်ဟည်းလာသည်။

အခြား ကျင့်ကြံမှု နည်းစနစ်တစ်ခုသို့ ပြောင်းလဲရမည်လား။ ထိုအရာသည် သူ့အတွက် လုံးဝ

မဖြစ်နိုင်ပေ။

ခဏလေးအတွင်းမှာပင် အတွေးများစွာ လုရီ၏ စိတ်အတွင်း လျှပ်ပြက်သလို ဖြတ်သန်းသွားပြီး သူ၏ ခန့်ညား သေသပ်သော မျက်ခုံးတန်းများ ကျုံ့ဝင်နေခဲ့သည်။

မကြာမီပင် အင်မော်တယ် အခင်းအကျင်းကြီး ပျက်ပြယ်သွားပြီး တံခါးကြီးက လုံးဝ ပွင့်သွားတော့၏။

ကြီးမားလှသော အပေါက်ကြီးသည် သူတို့အား စောင့်ကြိုနေခဲ့လေပြီ။

All Chapters