အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း ၂၆၅-အင်မော်တယ် လက်နက်နှင့်
အင်မော်တယ် မျက်လုံးများ ပွင့်လာပြီ ...
~တံခါးဝအတွင်း၌မူ လျှို့ဝှက်ဆန်းကြယ်သော ရွှမ်ဟောင်ချီများ ရစ်သိုင်းနေကာ၊ အတွင်းမှ အခြေအနေအား လုံးဝ ဖုံးကွယ်ထားသည်မို့ မည်သူမျှ မြင်တွေ့နိုင်စွမ်းမရှိကြပါ။
မည်သည့်မဟာအင်အားရှင်က အရင်ဆုံး ပြေးဝင်သွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။
သို့သော် တစ်ဦးပြီး တစ်ဦးပင် မျက်လုံးများတွင် လောဘရိပ်တို့ ထင်ဟပ်နေသော အင်အားကြီးကျင့်ကြံသူများသည် အတွင်းဘက်သို့ အသည်းအသန် ပြေးဝင်သွားကြလေပြီ။
ထိုစဉ်တွင် ထိုရွှမ်ဟောင်ချီ မြူထုများအတွင်းမှ ရွှေဓားအလင်းတန်းတစ်ခု လျှပ်စီးပမာ လက်ပြေးသွား၏။
ထိုအလင်းတန်း ဖြတ်သန်းသွားပြီးနောက် အကြီးအကဲ မဟာယာနပညာရှင်တစ်ဦးသည် ထိုနေရာတွင်ပင် ရုတ်တရက် အေးခဲသွားသည်။
နောက်တစ်ခဏတွင် ရွှေရောင်ဓားချီများသည် သူ၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲပျက်ကာ သွေးအိုင်ထဲသို့ ကြေမွပျောက်ကွယ်သွားတော့သည်တကား။
ထိုအကြီးအကဲနောက်မှ လိုက်ပါလာသော ပညာရှင်အချို့လည်း ထို့အတူပင် ကြေမွသွားကြပြီး၊ သွေးမှုန်များအဖြစ် လေထဲတွင် လွင့်ပါးသွားလေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှေ့ဆုံးမှ ကျင့်ကြံသူများသည် မျက်နှာများ သွေးဆုတ်ဖြူဖျော့သွားကြပြီး အသက်ပင် မရှူဝံ့တော့ဘဲ အသည်းအသန် နောက်ဆုတ်လိုက်ကြတော့သည်။
လုရီ တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရ၏။
... ဒါက မဟာယာနပညာရှင်ကြီးတစ်ဦးလေ..
ဒီလောက်ကြီးကျယ်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာတောင် အခုလို အလွယ်တကူ အသက်ပျောက်သွားရတယ်လား...
သူသည် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ သေဆုံးသွားခဲ့ရုံသာမက၊ သူ၏ ရှေးဦး ဝိညာဉ်ပင် လွတ်မြောက်မလာနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသော ဖိအားတစ်ခုသည် အတွင်းမှ စိမ့်ထွက်လာသည်။ ထိုဖိအားသည် ကောင်းကင်တာအိုနှင့် လောကကိုပင် ကျော်လွန်နေဟန် ရပြီး၊ စိတ်ကူး၍မရနိုင်အောင်ပင် အင်အားကြီးမားလှလေသည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအချို့မှ မဟာအင်အားရှင်များ ထိုဖိအားကို ခံစားလိုက်ရသောအခါ မျက်နှာအမူအရာများ အကြီးအကျယ် အရုပ်ဆိုးသွားကြသည်။
သူတို့သည် သူတို့၏ဂိုဏ်းမှ ပါရမီရှင်လူငယ်များကို မိမိတို့၏ အကာအကွယ်ဖြင့် ဝန်းရံကာ၊ အဆက်မပြတ် နောက်ဆုတ်စေသည်။
“ဒါ အင်မော်တယ် လက်နက်ရဲ့ ဖိအားပဲ!”
အသံတစ်သံက တုန်ယင်စွာ ထွက်ပေါ်လာသည်။
“အတွင်းထဲမှာ အင်မော်တယ် လက်နက် ရှိနေတယ်။ ပြီးတော့ အသက်ဝင်နေတာလား”
နောက်ထပ်အသံတစ်သံက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
အင်မော်တယ်ကြီးများ ပိုင်ဆိုင်သော
အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေများအနေဖြင့် တစ်ဂိုဏ်းစီတွင် ကိုယ်ပိုင်ဂိုဏ်းအကာအကွယ် အခင်းအကျင်းများ ရှိကြသည့်အလျောက်... မဟာယာန ပညာရှင်များသည် အင်မော်တယ်လက်နက် တစ်ခုမှ ထုတ်လွှတ်နိုင်သော ဖိအားကို အလွန် အကျွမ်းဝင်ပြီးသားဖြစ်သည်။
ဤအရာကြောင့် သူတို့၏ ဦးရေပြားများ ကျိန်းစပ်လာတော့သည်။
အသက်ဝင်နေသော အင်မော်တယ် လက်နက်တစ်ခုသည် အင်မော်တယ် တပိုင်း အသွင် တူသော ကပ်ဘေးဖြတ်ကျော် အဆင့် ကျင့်ကြံသူကြီးများပင် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်မို့၊ .. အင်မော်တယ် လက်နက်၏စွမ်းအားသည် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။
အခြား မဟာအင်အားရှင်များ ဤစကားကို ကြားသောအခါ သူတို့၏ကိုယ်ခန္ဓာများ အေးစက်တုန်ယင်သွားကြပြီး၊ အစောပိုင်းက အလျင်စလို ရှေ့မတိုးခဲ့မိသည့်အတွက် ကျေးဇူးတင်မိကြသည်။ မဟုတ်လျှင် ထိုအမြစ်ဖြတ်. သုတ်သင်ခံလိုက်ရသော မဟာ အင်အားရှင်များသည် သူတို့အတွက် သတိပေးချက်အဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
အားလုံးနီးပါးသည် ခန်းမဆောင်ကြီး၏ အဝင်ဝသို့ နောက်ဆုတ်လာခဲ့ကြသော်လည်း သူတို့သည် ထိုနေရာမှ ထွက်ခွာရန် တွန့်ဆုတ်နေကြပြီး၊ အားလုံးက တံခါးဝဘက်သို့ သတိကြီးစွာဖြင့် စောင့်ကြည့်နေကြလေ၏။
တံခါးဝအတွင်းမှ အင်မော်တယ်လက်နက်၏ ဖိအားသည် လှိုင်းလုံးများပမာ တရိပ်ရိပ် ထွက်ပေါ်နေသည်။
ရုတ်တရက် တရစပ် ရစ်သိုင်းနေသော
ရွှမ်ဟောင်ချီ မြူထုများ တုန်ခါကာ ကွဲထွက်သွားပြီး အတွင်းမှ အခြေအနေကို တဖြည်းဖြည်း ထုတ်ဖော် ပြသလာတော့သည်။
တံခါး အနောက်ဘက်တွင် အခန်းငယ်လေး
တစ်ခန်း ရှိနေ၏။ ထိုအခန်းငယ်အတွင်းမှာတော့ လေထုအတွင်း..သလင်းကျောက်အသွင် ကြည်လင်သည့် အလင်းလုံးတစ်လုံး အတားအဆီးမရှိ လွင့်မျောနေသည်။
အလင်းလုံးအတွင်း၌ တည်ရှိနေသည်က...
စည်းချထားသည့် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးပင်။
ထိုလူငယ်သည် ရုပ်ရည် ချောမော ထည်ဝါပြီး၊ သူ၏ နဖူးပေါ်တွင် ရွှေရောင်ဓား အမှတ်အသားတစ်ခု ထင်ရှားစွာရှိကာ၊ အလွန်အမင်း အင်အားကြီးမားလှသော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။
ထိုကြည်လင်သော အလင်းလုံး အပေါ်ဘက်တွင် ရွှေရောင်ဓားရှည်တစ်ချောင်း လွင့်မျောနေ၏။ ၎င်းသည် လေထဲတွင် လွင့်မျောနေရုံမျှဖြင့် ဟင်းလင်းပြင်ကိုပင် အက်ကွဲစေသည်ကို တွေ့ရသည်။
အစောပိုင်းက ထွက်ပေါ်လာသော ဖိအားသည် ဤရွှေရောင်ဓားရှည်မှ ထွက်ပေါ်နေခြင်းပင်။
ဤသည်မှာ အကြွင်းမဲ့ အင်မော်တယ် လက်နက် ပင်။
“ဒီဓားကို… ကျုပ် ရှေးဟောင်းကျမ်းတွေမှာ မြင်ဖူးတယ်။ ဒါ အင်မော်တယ် ဓားဂိုဏ်းရဲ့ ဂိုဏ်းအစောင့်အရှောက် အင်မော်တယ်လက်နက်ဖြစ်တဲ့ အင်မော်တယ်ဓားပဲ!” တင်းချင်း၏ မျက်ဆံများ ကျဉ်းမြောင်းသွားပြီး တအံ့တဩ ထုတ်ဖော်လိုက်လေသည်။
အင်ပါယာ ဓားဂိုဏ်းမှ မဟာအင်အားရှင်များစွာ၏ မျက်လုံးများ စိမ်းစိုလာကြသည်။
ဤသည်မှာ အင်မော်တယ်လက်နက်ပင်။
၎င်းကို ရရှိလျှင် အင်ပါယာ ဓားဂိုဏ်းအတွက် စစ်မှန်သော အခြေခံအုတ်မြစ် တစ်ခုကို ပေးလိမ့်မည် မဟုတ်ပါလော။
အင်အားကြီး ဂိုဏ်းအချို့သည် အင်မော်တယ် ဂိုဏ်းမြင့်မြတ်နယ်မြေများထက် များစွာ မအားနည်းကြချေ။ အကြီးမားဆုံး ကွာခြားချက်မှာ ၎င်းတို့၏ အခြေခံအုတ်မြစ်တွင် တည်ရှိ သည်။
ဂိုဏ်းအစောင့်အရှောက် အင်မော်တယ်လက်နက်သည် အရေးကြီးဆုံး အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်လေသည်။
အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေမှသူများသည် များစွာပိုမိုအားကောင်းသော ရန်သူများကို ရင်ဆိုင်ရသည့်တိုင် တည်ငြိမ်စွာ နေနိုင်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ၎င်းသည် သူတို့၏ နှစ်သန်းချီသော အမွေအနှစ်၏ အုတ်မြစ်ဖြစ်သည်တကား။ ဤလက်နက်တစ်ခုတည်းဖြင့် ဂိုဏ်းတစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းလဲနိုင်ချေသည်။
ဤအင်မော်တယ် ဓားသည် အလွန်အမင်း အင်အားကြီးမားလှသည်။ အကယ်၍ အင်ပါယာဓားဂိုဏ်းသာ ၎င်းကို ရရှိခဲ့လျှင် မည်သည့်ဂိုဏ်းကိုမဆို ရင်ဆိုင်ရန် ယုံကြည်မှု ရှိလာပေလိမ့်မည်။ ကောင်းကင်ဘုံအောက်တွင် ဩဇာအာဏာ အပြည့်အဝ ရှိလာမည် ဖြစ်၏။
အခြား မဟာအင်အားရှင်များ၏ မျက်လုံးများလည်း စိမ်းစိုလာကြပြီး၊ သူတို့၏ ကံကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြပြီတကား။
အင်မော်တယ်လက်နက် ဟူသည် မည်သည့်ကျင့်ကြံသူမဆို တောင့်တသော ရတနာတစ်ပါးပင်။ ယင်း၏ တန်ဖိုးကို ခန့်မှန်း၍ပင် မရနိုင်ချေ။
ယခု ၎င်းသည် သူတို့၏ မျက်စိရှေ့တွင် တည်ရှိနေပြီမို့ မည်သူမျှ တည်ငြိမ်စွာ မနေနိုင်တော့ချေ။ လောဘတို့က သူတို့၏ စိတ်ကို ဖုံးလွှမ်းလာသည်။
လုရီလည်း အင်မော်တယ်လက်နက်ကို လိုလားတောင့်တသော်လည်း သူ၏စိတ်နှလုံးမှာမူ အတော်အတန် တည်ငြိမ်နေဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် ပိုမိုကြီးမားသော ပန်းတိုင်များ ရှိနေသောကြောင့်ပင်။
အမှန်စင်စစ် အင်မော်တယ်လက်နက်များနှင့် ပတ်သက်၍ သူ၏ ကျင့်ကြံမှုအဆင့် ပိုမိုအားကောင်းလာသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းတာဝန်တစ်ခု၏ ဆုလာဘ်အဖြစ် ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အခြားကျင့်ကြံသူများကဲ့သို့ အံ့အားသင့်ခြင်း သို့မဟုတ် လောဘတကြီး တပ်မက်ခြင်း မရှိချေ။
သူသည် သူ၏အကြည့်ကို အခြားနေရာများသို့ ရွှေ့လိုက်သည်။
အခန်းတစ်ခုလုံးတွင် အင်မော်တယ်ဓားနှင့် ထိုကြည်လင်သည့် အလင်းလုံးမှအပ အခြားဘာမျှ မရှိချေ။
ဘာမျှ မရှိခဲ့။ လုရီ၏ မျှော်လင့်ချက်တို့ ပြိုလဲသွားပြီ။
လုရီ စိတ်ဓာတ်ကျဆင်းသွား၏။
အင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်ဓားကျမ်းစာအုပ်ကို လက်ဆင့်မကမ်းခဲ့ဘူးလား။ သူ၏ အရေးပါဆုံးသော ရည်မှန်းချက်
ပျောက်ဆုံးသွားခဲ့လေပြီ။
ထိုသို့ဆိုလျှင် သူသည် ပြည့်စုံသော ကျင့်ကြံမှုနည်းစနစ်ကို မည်သည့်အခါမျှ ရရှိတော့ဟု ဆိုလိုတာမဟုတ်ဘူးလား။
ဤအတွေးက သူ့ကို ပို၍ပင် စိတ်ပျက်အားငယ်စေသည်။
လုရီ အလွန်အမင်း စိတ်ပျက်ခဲ့သော်လည်း ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို ခံယူရုံမှတစ်ပါ ဘာမျှ မတတ်နိုင်ခဲ့ချေ။
ခန်းမဆောင်ကြီးအတွင်းရှိ လေထုသည် သေလောက်အောင် ငြိမ်သက်နေ၏။ ထို့နောက် မဟာယာနအဆင့်ရှိ အကြီးအကဲတစ်ဦးသည် သွားများကို အံကြိတ်ကာ တံခါးဝဘက်သို့ တစ်ဖန် ပြေးဝင်သွားသည်။ သူ၏မျက်လုံးများတွင် အခွင့်အရေးကို ဖမ်းဆုပ်ရန် ဆုံးဖြတ်ချက်တို့ ပေါ်လွင်နေပြီး၊ အသက်ကိုပင် ပဓာနမထားတော့။
သူ တံခါးဝသို့ ချဉ်းကပ်လာသည်နှင့်
အင်မော်တယ် ဓားက အနည်းငယ် တုန်ခါသွား၏။ မဟာယာနအကြီးအကဲကြီး ချက်ချင်းပင် သွေးမှုန်များအဖြစ် ပြိုကွဲသွားရာ မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိချေ။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းလှပြီး၊ ကျန်လူများကို ထိတ်လန့်တုန်လှုပ်စေသည်။
ဤအရာက အခြားကျင့်ကြံသူများကို လုံးဝ စိတ်ပျက်အားငယ်စေခဲ့ပြီ။ သူတို့၏စိတ်ထဲမှ လောဘတို့သည် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားကြသည်။
“အင်မော်တယ်လက်နက် နိုးထလာတာ ကြောက်စရာကောင်းလိုက်တာ!”
“ကျုပ်တို့ ဒီဓားကို ထုတ်ယူဖို့ မဖြစ်နိုင်တော့ဘူး!”
မဟာအင်အားရှင်တိုင်း၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာများ အတိုင်းသားပင်။
ထိုအခိုက်အတန့်တွင် ခန်းမဆောင်ကြီးအတွင်း၌ ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
၎င်းသည် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏အသားအရေမှာ ပန်းရောင်သန်းနေပြီး လူငယ်တစ်ဦး၏ အသားအရေကဲ့သို့ပင် ချောမွေ့နုနယ်ကာ အသက်ဓာတ်များ လွင့်ပျံနေသည်ကို တွေ့ရသည်။
သူ၏အရှိန်အဝါတွင် လှုပ်ရှားမှုအနည်းငယ်မျှပင် မရှိဘဲ၊ ထိုအဘိုးအိုသည် ရိုးရိုးသာမန်အဖိုးအိုတစ်ဦးနှယ်ပင်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး၊ ကြည်လင်သည့် အလင်းလုံးနှင့် အင်မော်တယ် ဓားကို ကြည့်ကာ သူ၏မျက်လုံးများက အတွေးနက်နက်ဖြင့် ပြည့်နှက်နေသည်။
ကပ်ဘေး ဖြတ်ကျော်အဆင့် ကျင့်ကြံသူတစ်ဦးပင်။ သူ၏တည်ရှိမှုသည် လေထု တစ်ခုလုံးကိုပင် ဖိအားသက်ရောက်စေသည်။
“အကြီးအကဲ...”
ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာများ ဝင်းပသွားပြီး အဘိုးအိုအား အော်ခေါ်လိုက်ကြ၏။ ။
ထိုအဘိုးအိုက ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကပ်ဘေးဖြတ်ကျော် အဆင့် အကြီးအကဲ တစ်ဦးပင် ဖြစ်ချေ၏။
ထိုအဘိုးအိုသည် တုံ့ပြန်ခြင်းမရှိဘဲ ညင်သာစွာ ရယ်မောလိုက်ကာ
“အခြားမိတ်ဆွေတွေ၊ ထပ်ပြီး ဖုံးကွယ်နေစရာ
မလိုတော့ဘူး။ ထွက်လာခဲ့ကြပါ”
သူ၏အသံသည် လေထဲတွင် တည်ငြိမ်စွာ ပျံ့လွင့်သွားသည်။
ဤစကားကို ကြားလိုက်သောအခါ ခန်းမဆောင်ကြီးအတွင်း၌ ပုံရိပ်များစွာ ရုတ်တရက် ပေါ်လာကြသည်တကား။
အချို့သည် ဆံပင်ဖြူဖွေးနေသော အမျိုးသမီးများ ဖြစ်ကြပြီး၊ အချို့မှာ သတ်လတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ကြကာ၊ အချို့မှာမူ ရုပ်ရည် လှပသော အမျိုးသမီးများ ဖြစ်ကြပေသည်။
အားလုံးသည် တိတ်ဆိတ်စွာ ပေါ်လာကြပြီး၊ သူတို့သည် ထထိုနေရာတွင် အစကတည်းက ရပ်နေခဲ့ကြသည့်နှယ်ပင်။ မျက်နှာ အမူအရာတိုင်းသည် တည်ငြိမ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အားလုံးသည် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင်။
လုရီသည်လည်း သူ မျက်မှန်းတန်းဖူးသော အကြီးအကဲတစ်ဦးကို တွေ့မြင်လိုက်ရ၏။
ထိုအကြီးအကဲသည် နတ်ဓားကျောက်စာတိုင်အောက်တွင် တွေ့ဆုံဖူးသော သူ ဖြစ်သည်။
ထိုစဉ်က အကြီးအကဲသည် ဉာဏ်အလင်းပွင့်အောင် ကြိုးစားနေခဲ့ကာ၊ နောက်ပိုင်းတွင် လုရီအား နတ်ဓားဂိုဏ်းသို့ ဝင်ရောက်ရန် အားပေးခဲ့ပြီး၊ ကျန်းရူယွီကိုပင် သူနှင့် လက်ထပ်ပေးမည်ဟု ကတိပေးခဲ့သူပင်။
လုရီ၏ ခေါင်းတစ်ခုလုံး မည်းနက်သော အရေးအကြောင်းများ ပြည့်နှက်သွား၏။
ထိုထူးဆန်းသော အကြီးအကဲသည် ကပ်ဘေးဖြတ်ကျော် အဆင့် မဟာအင်အားရှင်ကြီးတစ်ဦး ဖြစ်နေသည်ကို သူ လုံးဝ မမျှော်လင့်ခဲ့ပေ။
သို့သော် ယခုမူ ထိုအကြီးအကဲသည် ထူးဆန်းပုံ
မပေါ်တော့ဘဲ သူ၏အမူအရာမှာ တည်ငြိမ်နေကာ၊ အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အသွင်အပြင်ကို ဆောင်နေသည်တကား။
အခန်း ၂၆၆-အင်မော်တယ် လက်နက်နှင့်
အင်မော်တယ် မျက်လုံးများ ပွင့်လာပြီ ...
~ဤနေရာသို့ ရောက်ရှိလာကြသော ကပ်ဘေးဖြတ်ကျော် အဆင့် ပညာရှင်များသည် များသောအားဖြင့် အင်မော်တယ် ဂိုဏ်းကြီးများ၏ အကြီးအကဲများ ဖြစ်ကြပြီး၊ အခြားသော မဟာအင်အားရှင်ကြီးများလည်း ရှိနေနိုင်သည်ကို မည်သူမဆို ခန့်မှန်းကြည့်နိုင်ပါသည်။
ထိုသို့သော အင်အားကြီးမားလှသည့် ပညာရှင်အုပ်စုတစ်စုလုံးသည် အလွန်ပင် တည်ငြိမ်နေကြပြီး၊ လက်ရှိအချိန်တွင် တံခါးဝအတွင်းဘက်သို့ စူးစိုက်ကြည့်နေကြလေသည်။
“ဒါ အင်မော်တယ် ဓားပဲ... လောကမှာ ပြန်ပေါ်လာလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး”
ကပ်ဘေးဖြတ်ကျော် နယ်ပယ် အကြီးအကဲ
တစ်ဦးက သက်ပြင်းချရင်း ...တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရနေပုံ ရသည်။ သူ၏အသံတွင် နက်နဲသော ခံစားမှုများ ပါဝင်နေသည်။
“နှစ်သန်းပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာ၊ တကယ်ပဲ ပြန်ပေါ်လာဖို့ အချိန်ရောက်ပြီပဲ” ဟု မျက်နှာလေးထောင့်ကျကျနှင့် ဩဇာအာဏာကြီးမားသော အလယ်အလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကလည်း လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ဆိုသည်။
ထိုအခါ ..သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ကြည်လင်သည့် အလင်းလုံးအတွင်း၌ စည်းချထားသော လူငယ်ကို စူးစိုက်ကြည့်ရင်း အံ့အားသင့်စွာ မှတ်ချက်ပြုလိုက်သည်။
“ဒါက နှစ်တစ်သောင်း သက်တမ်းရှိတဲ့
အင်မော်တယ် အရိုးခြင်ဆီကနေ ဖန်တီးထားတဲ့ ဝိညာဉ်ကျောက်စိမ်းပဲ။ ဒီလောက်ကြီးမားတဲ့ ကျောက်စိမ်းတုံးကြီးဆိုတာ နတ်ဘုံဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ကုန်ခန်းစေလောက်အောင် အသုံးပြုထားတာ။ အတွင်းထဲကလူက ဘယ်သူလဲ။ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်ကျောက်စိမ်းကို မြှုပ်နှံဖို့ အသုံးပြုတယ်ဆိုတော့”
အခြားသူများလည်း ထပ်တူပင် အံ့အားသင့်နေကြပြီး မသေချာမရေရာ ဖြစ်နေကြသည်။
“ဒီကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်။ သေဆုံးပြီးနောက်မှာတောင် မပျက်စီးသေးဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် စည်းချထားတာ ဖြစ်နိုင်တယ်။ သူရဲ့ရုပ်အလောင်းက လက်စားချေတတ်တဲ့ အလောင်းကောင်အဖြစ် ပြောင်းလဲပြီး ဒီဧရိယာကို ဘေးဥပဒ် မဖြစ်စေချင်လို့ ပဲ ဖြစ်လိမ့်မယ်” ဟု အဘိုးအိုတစ်ဦးက မှန်းဆလိုက်သည်။
အခြားသူများလည်း ခေါင်းအနည်းငယ် ညိတ်ကာ ထိုမှန်းဆချက်ကို သဘောတူညီကြသည်။
မကြာမီပင် ထိုပုဂ္ဂိုလ်ကြီး အားလုံး တည်ငြိမ်သွားကြသည်။ သူတို့၏အရှိန်အဝါများတွင် ထက်မြက်မှု ကိန်းဝပ်နေသည်။
အဓိကပြဿနာဆီသို့ ရောက်ရှိလာပြီ ဖြစ်သည်။
အင်မော်တယ်လက်နက်သည် သူတို့၏ မျက်စိရှေ့တွင် တည်ရှိနေသည်။
သို့သော် တစ်ခုတည်းသာ ရှိပြီး၊ ဤနေရာတွင် လူအများအပြား ရှိနေသည်မို့ ခွဲဝေ၍ မရနိုင်ချေ။
တစ်ဦးတည်းသာ ၎င်းကို ရရှိနိုင်မည်။ ဤသည်မှာ သေချာသော အမှန်တရားဖြစ်သည်။
လေထုသည် တိတ်ဆိတ်သွားပြီးနောက် ဩဇာအာဏာကြီးမားသော သတ်လတ်ပိုင်းအရွယ်အမျိုးသားက တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်၏။
“အင်မော်တယ်ဓားဂိုဏ်းရဲ့ အမွေအနှစ်ဆိုတော့ ဓားဂိုဏ်းတွေကပဲ ဆက်ခံသင့်တာပေါ့။
ဒီအင်မော်တယ်ဓားကို ဓားတာအိုဂိုဏ်းတွေကပဲ ယှဉ်ပြိုင်သင့်တယ်”
“ဓားကျင့်ကြံသူ မဟုတ်လည်း ဘာဖြစ်သေးလဲ။ ငါလည်း ဓားပညာကို စပြီး သင်ယူလို့ရတယ် ၊အင်မော်တယ်လက်နက်က ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ။ ဟီးဟီး.,ငါ့ရဲ့လမ်းစဉ်ကို ပြောင်းလဲဖို့တောင် ဆန္ဒရှိတယ်” ဟု အကြီးအကဲတစ်ဦးက ရယ်မောရင်း တုံ့ပြန်လိုက်၏။ သူ၏မျက်လုံးများတွင် တက်မက်သည့် အရိပ်အယောင်တို့ တောက်ပနေသည်။
ထိုအခါ နုပျိုလှပသော အမျိုးသမီးငယ်တစ်ဦးက လူငယ်တစ်ဦးကို မျက်စောင်းထိုး၍ ကြည့်ရင်း လေသံမာမာဖြင့် ပြောလိုက်၏။
“ပြောစရာ ဘာမှမရှိဘူး။ ဒါက အရှေ့နယ်မြေက အင်မော်တယ်လက်နက်ပဲ။ ဗဟို နယ်မြေက လူတွေ လက်ရှောင်သင့်တယ် နော်”
ထိုရည်ညွှန်းခံရသော လူငယ်၏အမူအရာမှာ အေးစက်နေပြီး အမျိုးသမီးငယ်ကို စူးစူးရဲရဲ ပြန်ကြည့်၏။
“ရယ်စရာပဲ... အင်မော်တယ်လက်နက်တွေက ဘယ်တုန်းက နယ်မြေတစ်ခုခုက မူသေ ပိုင်ဆိုင်သွားတာလဲဗျာ”
အားလုံး စကားပြောဆိုနေကြရင်း
သူတို့၏အရှိန်အဝါများသည် တဖြည်းဖြည်း တိုးမြင့်လာကြသည်။ မကြာမီပင် ခန်းမဆောင်ကြီးအတွင်း၌ ၎င်းစွမ်းအားတို့က လှိုင်းလုံးများပမာ ရိုက်ခတ်နေသော မွန်းကြပ်သည့် လေထုအဖြစ် ပြောင်းလဲသွားပြီး၊ ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွား တော့သည်။
မဟာအင်အားရှင်များသည် ၎င်းတို့၏ ဖိနှိပ်သော စွမ်းအားများကို ထိန်းချုပ်ထားသောကြောင့်သာ ရွှေအူတိုင် အဆင့် ကျင့်ကြံသူများခမျာ ထိုစွမ်းအင်ကြောင့် တိုက်ရိုက် အမှုန့်မကြေသွားခြင်း ဖြစ်သည်။
“ဒီလိုဆိုရင်တော့ တိုက်ခိုက်ပြီး အမှန်တရားကို ကြည့်ကြတာပေါ့!”
တမဟုတ်ချင်းပင်..ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများအားလုံး ၎င်းတို့၏နေရာများမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြ ပြီတကား။
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော မြည်ဟိန်းသံများ ထွက်ပေါ်လာပြီး၊ နန်းတော်တစ်ခုလုံး တုန်ခါသွားကာ
ကျောက်သားကြမ်းပြင်သည်လည်း အချိန်မရွေး ကွဲအက်သွားတော့မတတ် တုန်ခါနေတော့သည်။
မဟာအင်အားရှင်များ အစောပိုင်းက ခန်းမဆောင်ကြီးအတွင်းမှ အငြိုးကြီး အလောင်းကောင်နှင့် ရင်ဆိုင်ခဲ့ရစဉ်ကပင် ဤမျှ ကြီးမားသော လှုပ်ရှားမှုကို မဖြစ်ပေါ်စေခဲ့ပေ။
ခန်းမဆောင်ကြီးအတွင်းမှ ကျင့်ကြံသူများ၏ မျက်နှာများသည် ယခုအခါ ရှုပ်ထွေးသောအမူအရာများဖြင့် ပြည့်နှက်နေကြသည်။
တကိုယ်တော် ကျင့်ကြံသူများသည် အင်မော်တယ် လက်နက်မှ လာသော ကပ်ဘေးဖြတ်ကျော် အဆင့် မဟာအင်အားရှင်များပင် ရောက်ရှိလာပြီဖြစ်ကြောင်း သိထားသောကြောင့် ငြိမ်ကျသွားကြသည်။
အတွင်းထဲမှအရာသည် သူတို့၏ ဆန္ဒများကို ကျော်လွန်နေပြီဖြစ်သည်ကို သူတို့ နားလည်ကြသည်။ သူတို့သည် နောက်ဆုတ်ရန်ပင် စတင် စဉ်းစားနေကြပါပြီ။
သို့သော် ဂိုဏ်းမှ ကျင့်ကြံသူများမှာမူ အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး၊ သူတို့၏ သက်ဆိုင်ရာ ဘိုးဘေးများ.. အောင်ပွဲခံနိုင်ပါစေဟု အသီးသီး ကြိတ်၍ မျှော်လင့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ
အင်မော်တယ်လက်နက်ပင်။ ၎င်းကို ရရှိလျှင်
ဂိုဏ်းအတွက် အားကောင်းသော လျှို့ဝှက်လက်နက်တစ်ခုကို ရရှိမည် ဖြစ်သည်။
အထူးသဖြင့် အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများအတွက်၊ အင်မော်တယ်လက်နက်နှစ်ခု လက်ထဲတွင် ရှိနေပါက မည်သူက သူတို့နှင့် ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။
သို့သော် အချို့သူများကမူ အခြားအတွေးများ ရှိနေကြပြီး လုရီအား ထူးဆန်းစွာ ကြည့်နေကြသည်။
အကံဆိုးဆုံးသူမှာ ဤအရှေ့နယ်မြေမှ ထူးခြားသော ပါရမီရှင်ပင် ဖြစ်ပချေသည်။
ဤပါရမီရှင်သည် အင်မော်တယ်ဓားဂိုဏ်း၏ သော့ကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို မသိရသော်လည်း၊ ဤ အခင်းအကျင်းကို ဖွင့်လှစ်ခြင်းဖြင့် အင်မော်တယ်လက်နက်သည် သူနှင့် လုံးဝသက်ဆိုင်တော့မည် မဟုတ်ပေ။
ကောင်းကင်နန်းတော်မှ နတ်ဘုရား အသွင်ပြောင်းအဆင့် ကျင့်ကြံသူများကမူ စိတ်ထဲ၌
လုရီအား အဆက်မပြတ် လှောင်ပြောင်နေကြပြီး အလွန်ပင် ကျေနပ်နေကြသည်။
သို့သော် မြင့်မြတ်နယ်မြေအချို့မှ တပည့်များမှာမူ လုရီအား အနည်းငယ် စာနာမိကြသည်။
ထိုစဉ်..,ကျန်းရူယွီမှာ.. ပါးစပ်ဖွင့်ပြောရန် ကြိုးစားသော်လည်း မည်သည့်စကားကို ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
လုရီအတွက် အင်မော်တယ် လက်နက်ကို ရရှိခဲ့လျှင်တောင် သူ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ စင်စစ်မှာကား တိမ်ဖြူဂိုဏ်း၏ အင်အားသည် သေးငယ်နေပြီး အင်မော်တယ် လက်နက်ကို ရယူခြင်းသည် ဘေးဥပဒ်ကိုသာ ဖိတ်ခေါ်ခြင်း ဖြစ်လိမ့်မည်။
ထိုအခိုက် ..တင်းချင်းသည် လုရီအား ကြည့်ပြီး သူ၏ပခုံးကို အားပေးသလို ပုတ်ကာ ရယ်မောလျက်..
“ကလေးလု.. ဒိီအဘိုးကြီးရဲ့ နတ်ဓားဂိုဏ်းသာ ဒီအင်မော်တယ်ဓားကို ရရှိခဲ့ရင် မင်းအတွက် နတ်ဓားကျမ်းကို လျော်ကြေးအဖြစ် ငှားပေးနိုင်ပါတယ်ကွာ..”
နန်ယွီချင်းကလည်း ဝင်ရောက် ပြောဆိုလာသည်။
“ဟုတ်တယ်၊ ကလေးလု..ကျုပ်ရဲ့ အင်ပါယာ ဓားဂိုဏ်းသာ အဲ့ဒါကို ပိုင်ဆိုင်ခဲ့ရင် မင်းကို အင်ပါယာဓားကျမ်းကို ကြည့်ရှုဖို့ ပေးနိုင်တယ်ကွ”
ဤစကားကြောင့် အခြားကျင့်ကြံသူများ
သည် မျက်လုံးထောင့်စွန်းမှ အကြည့်များ ပို့လွှတ်လာကြပြီး အချို့မှာ အံ့အားသင့်နေကြသည်။
....မိုးနတ်မင်းရေ..ဓားဂိုဏ်းကြီးနှစ်ခုက သူတို့ရဲ့ ဂိုဏ်းအစောင့်အရှောက် ကျင့်စဉ်တွေကို လုရီကို ကြည့်ခွင့် ပေးဖို့ လိုလိုလားလား ဖြစ်နေကြတာလား။ ....
ထို့နောက် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ယွမ်ကျင်းလည်း ပြုံးကာ ကမ်းလှမ်းလာ၏။
“လူငယ်လေး၊ ကျုပ်ရဲ့ ထိုက်ရီ မြင့်မြတ်နယ်မြေသာ ဒီအင်မော်တယ်ဓားကို ရရှိခဲ့ရင် မင်း ကျုပ်တို့ ထိုက်ရီ မြေကို လာပြီး တာအို အခင်းအကျင်းမြေပုံထဲက အခင်းအကျင်း တာအိုကို လေ့လာနိုင်တယ် နော်”
ဤစကားကို ကြားသောအခါ လုရီ သိမ်မွေ့စွာ တစ်ချက် ပြုံးလိုက်သည်။
“အကြီးအကဲတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ”
...
သူသည် မပျော်မရွှင်ဖြစ်ခြင်း မရှိချေ။
အင်မော်တယ် လက်နက်…
အင်မော်တယ် လက်နက်ကို ဘေးဖယ်ထားလိုက်ဦး။
သူ့ကျင့်စဥ်အဆင့်သည် ယခုအခါ ၎င်းတို့နှင့် လုံးဝ မကိုက်ညီသေးပေ။
နောင်အနာဂတ်တွင် သူ ၎င်းတို့ကို ပိုင်ဆိုင်နိုင်မည်မှာလည်း သေချာသည်။
ထိုအစား...သူက ကျင့်ကြံမှုနည်းစနစ်များကို အရေးတကြီး လိုအပ်နေခြင်းသာ။
အကယ်၍ အင်မော်တယ်ဓားသည်
နတ်ဓားဂိုဏ်းလက်ဝယ် ပိုင်ခဲ့လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။ သူ၏ကျင့်ကြံမှုကို နတ်ဓားကျမ်းနှင့် ပြောင်းလဲနိုင်မည် မဟုတ်ပါလော။
လုရီ တစ်ယောက် ဤပြဿနာကို.. သည်းကြီးမည်းကြီး စဉ်းစားနေလေသည်။
ထိုအချိန်တွင် ကောင်းကင်နဂါး သူတော်စင်သားတော်က ရုတ်တရက် ကြည်လင်သည့် အလင်းလုံးကို လက်ညှိုးထိုးပြကာ မသေချာမရေရာစွာဖြင့်
အော်ဟစ်လိုက်သည်။
“အလို..ဒီကြည်လင်တဲ့ အလင်းလုံးကို ကြည့်ပါဦး.. အက်ကွဲကြောင်းတွေ ပေါ်လာနေတယ်”
ဤစကားကို ကြားသောအခါ ခန်းမဆောင်ကြီးအတွင်းရှိ လေထု တင်းမာသွားပြီး၊ အားလုံးက ကြည်လင်သည့် အလင်းလုံးကို မျက်စိရှင်ရှင်ဖြင့် လှည့်ကြည့်လိုက်ကြသည်တကား။
ကြည်လင်သည့်အလင်းလုံးသည် လေထဲတွင် လွင့်မျောနေပြီး၊ အင်မော်တယ်ဓားသည် ၎င်းအပေါ်သို့ ရွှေရောင်အလင်းတန်းများကို လွှမ်းခြုံထားသည်။ အပြင်ဘက်တွင် ကြီးမားသော ဂယက် ရိုက်ခတ်မှုများ ရှိနေသော်လည်း ၎င်းသည် တည်ငြိမ်နေဆဲဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကြည်လင်သည့် အလင်းလုံးပေါ်၌ သေးငယ်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။
ထို့ပြင် အက်ကွဲကြောင်းများသည် တဖြည်းဖြည်း ပို၍ပင် ကြီးလာနေသည်တကား။
ဤအရာက အားလုံးကို ထိတ်လန့်စေခဲ့ပြီ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အင်မော်တယ် လက်နက်ရဲ့ အကာအကွယ်အောက်မှာ ဒီဝိညာဉ်ကျောက်စိမ်းက မပျက်စီးနိုင်ဘူးလေ၊ ဘယ်လိုလုပ် အက်ကွဲလာရသလဲ”
“အချိန်တွေ ကြာမြင့်လာတာကြောင့် များလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ဝိညာဉ်ကျောက်စိမ်း ဖန်တီးဖို့ကိုက..နှစ်သန်းပေါင်းများစွာ ကြာတာပဲဟာ။ ဟောင်းနွမ်းလို့ အက်ကွဲတာ မဖြစ်နိုင်ပါဘူး”
အားလုံးက ဤအကြောင်းကို အုံကြွစွာ ဆွေးနွေးငြင်းခုံနေကြသည်။
လုရီသည် သူ၏လက်ထဲမှ အင်မော်တယ်ဓားအမိန့်သည် ရုတ်တရက် တုန်ယင်လာသည်ကို ခံစားလိုက်ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာတော့သည်တကား။
လုရီ သူ၏ တံတွေးကို မျိုချလိုက်ပြီး သူ့မျက်နှာက အနည်းငယ် သွေးဆုတ်သွား၏။
“အတွင်းထဲက လူက တကယ်တမ်း မသေသေးဘူး။ အခု ပြန်ပြီး အသက်ဝင်လာနေတာ ဖြစ်နိုင်မလားဗျ”
“???”
လုရီ၏စကားကြောင့် ခန်းမဆောင်ကြီးအတွင်းရှိ လေထု အလွန်တိတ်ဆိတ်သွားသည်။
အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိုနေရာတွင်ပင် အေးခဲသွားကြသည်။
မဟာအင်အားရှင်ကြီးများပင် ချွေးများ စိုရွှဲနေပြီ။
တင်းချင်းသည် ကြည်လင်သည့် အလင်းလုံးပေါ်ရှိ တဖြည်းဖြည်း ကြီးမားလာသော အက်ကွဲကြောင်းများကို ကြည့်ကာ တံတွေး တစ်ချက် မျိုချပြီး ရေရွတ်လိုက်၏။
“ဒါ... ဖြစ်နိုင်ပါ့မလား”
ထိုအချိန်တွင် ကြည်လင်သည့် အလင်းလုံးအတွင်းမှ လူငယ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်တကား။
သူ၏ မျက်လုံးများသည် ရွှေရောင်ဓားပုံစံများနှင့် ရောယှက်နေပြီး၊ လျှို့ဝှက်ဆန်းကြယ် အလင်းရောင်များ ထုတ်လွှတ်နေသည်။
ထိုအလင်းရောင်များက သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် တောင့်ခဲစေပြီး၊ အပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ရပ်တန့်သွားတော့သည်။
အင်မော်တယ် တစ်ပါး ဖြည်းညှင်းစွာ မျက်လုံးများ ဖွင့်လိုက်သကဲ့သို့ပင်၊ လောက တစ်ခုလုံးသည် သူ့အား နှောင့်ယှက်ရဲခြင်း မရှိတော့ချေ။
အခန်း ၂၆၇-နှစ်သန်းပေါင်းများစွာက
အင်မော်တယ်ကြီးလေလား ...
~ ထိုအခိုက်အတန့်၌..အားလုံးသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ဖွင့်ထားသော ထိုလူငယ်အား စိုက်ကြည့်နေကြသည်။ သူတို့၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ လှိုက်တက်လာသည်ကို ခံစားနေကြရသည်။
“သူ မသေသေးဘူးလား”
တစ်စုံတစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်ရာ သူ၏အသံမှာ တုန်ယင်နေသည်။
“ဒီလူက အတိအကျ ဘယ်သူလဲ။ ဝိညာဉ်ကျောက်စိမ်းထဲမှာ နှစ်သန်းပေါင်းများစွာ စည်းချခံထားရပြီး ခုထိ အသက်ရှင်နေသေးတယ်လား”
မယုံကြည်နိုင်ဖွယ် စကားသံများ ထွက်ပေါ်လာသည်။
လုရီလည်း ထပ်တူပင် ထိတ်လန့်တုန်လှုပ်နေပြီး သူ၏ဦးရေပြားများ ထုံကျင်လာသည်အထိ တုန်လှုပ်သွားသည်။
အင်မော်တယ် ဓားဂိုဏ်း၏ အမွေအနှစ်နယ်မြေတွင် အင်မော်တယ် ဓားကျမ်းစာအုပ်ကို ရှာမတွေ့ဘဲ၊ အသက်ရှင်နေသော လူတစ်ဦးနှင့် တွေ့ဆုံရသည်မှာ အံ့သြဖွယ်ရာပင်။
ဝိညာဉ်ကျောက်စိမ်းထဲတွင် နှစ်သန်းပေါင်းများစွာ စည်းချခံထားရပြီး ခုထိ အသက်ရှင်နေသေးသည်ဆိုလျှင် ဤသည်မှာ မည်သည့်အဆင့်အတန်းမျိုး ဖြစ်မည်နည်း။
အင်မော်တယ်လော။
လူအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် လွှမ်းမိုးနေပြီး သူတို့၏စိတ်နှလုံးများ မငြိမ်မသက်ဖြစ်နေကြသည်။ အချို့ဆိုလျှင် ထွက်ပြေးချင်စိတ်ပင် ပေါ်ပေါက်လာကြသည်။
သို့သော် ထိုလူငယ် မျက်လုံးများ ဖွင့်လိုက်သည်နှင့်တပြိုင်နက် ပြင်းထန်သော ဖိအားကြီး ကြီးစိုးလာကာ အားလုံးကို ထိုနေရာတွင်ပင် ချုပ်နှောင်ထားလိုက်ရာ ကြွက်သားတစ်မျှင်ပင် လှုပ်ရှား၍ပင် မရနိုင်တော့ချေ။
မဟာယာန ပညာရှင်ကြီးများလည်း ထိုနည်းအတိုင်းပင်။
အားလုံး၏စိတ်နှလုံးများ ပိုမို စိတ်ပျက် အားလျော့သွားကြ၏။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် ရရှိရန် ခက်ခဲလှသည်။
အင်မော်တယ်...
အင်မော်တယ်...
ထိုစကားလုံးသည် လူတိုင်း၏စိတ်ထဲတွင် မြည်ဟည်းပြီး ပို၍ပင် ထိတ်လန့်တုန်လှုပ်သော ခံစားချက်အား သွေးထိုးပေးနေလေသည်။
ကြည်လင်သည့် အလင်းလုံးအတွင်းမှ အက်ကွဲကြောင်းများ ပိုမိုနက်ရှိုင်းလာပြီး၊ ကွဲအက်သံနှင့်အတူ ဝိညာဉ်ကျောက်စိမ်း အပိုင်းအစများ မြေပြင်ပေါ်သို့ ပြိုကျလာသည်။
ထိုအခါ အတွင်းမှ လူငယ်သည် နေ့အလင်းရောင်နှင့် တစ်ဖန် ပြန်လည် ထိတွေ့ရတော့၏။
အင်မော်တယ်ဓားသည် တုန်ခါကာ တဝီဝီအသံပြု၍ ၎င်းသည် သေးငယ်သော သားရဲကလေးတစ်ကောင်နှယ်ပင် ထိုလူငယ်ပတ်လည်တွင် ပတ်ချာလည်နေလေသည်။
လူငယ်သည် သူ၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူ၏မျက်လုံးအိမ်များတွင် ရွှေရောင်ဓားပုံစံများ လင်းလက်နေပြီး၊ သတိရခြင်းနှင့် လွမ်းဆွတ်ခြင်းတို့ဖြင့် ပြည့်နှက်နေပုံရသည်။
နောက်ဆုံးတွင် သူသည် သူ၏အကြည့်ကို အင်မော်တယ်ဓားဆီသို့ ပြောင်းလဲလိုက်သည်။ ရွှေရောင်ဓားပုံစံများ ရစ်သိုင်းနေစဉ် သူသည် ဓားရှည်ကို ပွတ်သပ် ထိတွေ့ရန် လက်လှမ်းလိုက်သည်။
လူငယ့်အသံက ရှေးဟောင်းအတိတ်မှ အသံတစ်သံ ပဲ့တင်ထပ်လာသကဲ့သို့ပင်။
“ကျန်တဲ့သူတွေ အကုန် ပျက်စီးသွားပြီ။ မင်းတစ်ယောက်ပဲ ငါ့ဘေးမှာ ကျန်ခဲ့တော့တာပဲ”
သူသည် အခန်းထဲမှ ဖြည်းညှင်းစွာ ပျံသန်းလာပြီး၊ အင်မော်တယ် ဓားသည် အိမ်မွေးအကောင်ကလေး တစ်ကောင်နှယ် သူ့နောက်မှ
တသွေမတိမ်း လိုက်ပါလာလေ၏။
လူငယ်သည် မြေပြင်ပေါ်ရှိ ကြေမွနေသော
အငြိုးကြီး အလောင်းကောင်ကို တစ်ချက်ကြည့်လိုက်သည်။
သူ၏အမူအရာမှာ တည်ငြိမ်နေပြီး ညည်းညူကာ သက်ပြင်းချလိုက်၏။
“မင်းလည်း သွားခဲ့ပြီပဲ...”
ထို့နောက် လူငယ်က လက်ညှိုးထိုးလိုက်သည်နှင့် စိတ်ကူး၍မရနိုင်သော စွမ်းအားတစ်ခုက ကြေမွနေသော အငြိုးကြီး အလောင်းကောင်ကို ဖုံးလွှမ်းလာသည်။
မည်းနက်သော သွေးများသည် ပြန်လည်စီးဆင်းလာပြီး၊ အစိတ်စိတ် အမြွှာမြွှာဖြစ်နေသော ကိုယ်ခန္ဓာများ ပြန်လည်ပေါင်းစည်းလာကာ၊ နောက်ဆုံးတွင် အလောင်းကောင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်တကား။
ထို့နောက် အငြိုးကြီး အလောင်းကောင်၏ ကိုယ်ခန္ဓာပေါ်ရှိ အနက်ရောင်အကြေးခွံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ပုံမှန်လူသား၏ ပုံသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိလာသည်။
၎င်းသည် ဖြူဖွေးသော ဆံပင်၊ ဖြူဖွေးသော မျက်ခုံးမွှေးများနှင့် ပန်းရောင်သန်းနေသော အသားအရေရှိသည့် ပညာရှိဟန်ပန်ရှိသော
အဘိုးအိုတစ်ဦးဖြစ်ပြီး၊ ရိုးရိုးသာမန် အိပ်ပျော်နေသလိုပါပင်။
လူငယ်သည် ထိုအဘိုးအိုအိုကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နက်ရှိုင်းသော သက်ပြင်းချသံဖြင့် ဆိုလိုက်၏။
“အေးချမ်းစွာ အနားယူပါတော့”
ထိုအဘိုးအို၏ ကိုယ်ခန္ဓာသည် တောက်ပသော ရွှေရောင်အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီး၊ တစ်စစီ လွင့်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
အလင်းမှုန်များအတွင်း၌ ထို
အဘိုးအို၏ ဝိညာဉ်ရုပ် ပေါ်လာ၏။ သူ၏မျက်နှာမှာ ကြမ်းတမ်းပြီး မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း၊ လူငယ်ကို မြင်လိုက်သောအခါ သူ၏အမူအရာ ပြောင်းလဲသွားပြီး၊ မျက်ရည်များ စီးကျလာရင်း ရယ်မောလိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
နောက်ဆုံးတွင် သူ၏ကိုယ်ခန္ဓာကို မတ်မတ်ရပ်ကာ လူငယ်အား နက်နက်ရှိုင်းရှိုင်း အရိုအသေပြုလိုက်သည်တကား။
သူ အရိုအသေပြုလိုက်သည်နှင့် ထိုအဘိုးအို၏ ဝိညာဉ်ရုပ်သည်လည်း ဖြည်းညှင်းစွာ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
လူငယ်သည် အဘိုးအို ပျောက်ကွယ်သွားသောနေရာကို ထိတွေ့လိုက်ပြီး၊ အလင်းရောင် လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ စုဝေးနေသော ကျင့်ကြံသူများရှေ့သို့ ရောက်ရှိလာလေ၏။
ကျင့်ကြံသူများအားလုံး နက်ရှိုင်းစွာ ကြောက်ရွံ့နေကြသည်။
ဤလူငယ်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
သူ၏ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လိုက်သော အမူအရာတစ်ခုသည်ပင် သေမျိုးတို့၏ စွမ်းအားကို ကျော်လွန်နေသည်။
အငြိုးကြီး အလောင်းကောင်သည် နှစ်သန်းပေါင်းများစွာ သေဆုံးနေခဲ့ပြီးဖြစ်သော်လည်း သူက ထိုအလောင်းကောင်ကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။
ထို့ပြင် အလောင်းကောင်၏ သန္ဓေပြောင်းသော ကိုယ်ခန္ဓာကိုပင် မူလပုံစံသို့ ပြန်လည်ပြောင်းလဲနိုင်ခဲ့ပြီး၊ အတွင်းမှ ကျန်ရစ်နေသော ဖုံးလွှမ်းနေသည့် ဝိညာဉ်ကို နိုးထစေခဲ့သည်။
ဤသည်မှာ မည်မျှ ကြီးမားသော စွမ်းအားနည်း။
ထိုလူငယ်၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒ မရှိသော်လည်း အင်မော်တယ်တစ်ဦးအတွက် သူတို့သည် ပုရွက်ဆိတ်ကလေးများထက် မပိုချေ။
သူတို့ကို သတ်ဖြတ်ရန် မည်သည့်စိတ်ဆန္ဒမှ လိုအပ်မည် မဟုတ်ပေ။
လူငယ်၏အကြည့်သည် ဝန်းကျင်အား ခြုံလွှမ်းလာပြီး နောက်ဆုံးတွင် လုရီပေါ်တွင် ရပ်တန့်သွားသည်။
လုရီ ကြက်သီးမွှေးညှင်းများထကာ ခေါင်းကြိမ်းလာရပြီး၊ သူ၏စိတ်နှလုံး၌ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
သူ့မှာ လျှို့ဝှက်နည်းလမ်း များစွာ ရှိပြီး ဟင်းလင်းပြင်ဥမင် နယ်မြေ သို့မဟုတ် ပေါင်းစည်းခြင်း၊ သို့မဟုတ်
မဟာယာနပညာရှင်နှင့် ရင်ဆိုင်ရသည့်တိုင် လွတ်မြောက်နိုင်မည်ဟု ယုံကြည်မှုရှိပါသည်။
သို့သော် သူ့အရှေ့က ပုဂ္ဂိုလ်က အင်မော်တယ်ကြီးပင်။
လုရီ မည်မျှပင် အင်အားကြီးမားပြီး ထူးချွန်သည်ဖြစ်စေ၊ သူသည် အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူကလေးမျှသာ ဖြစ်သည်။
အင်မော်တယ်တစ်ဦး၏ လက်ထဲမှ သူ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
ထိုအခိုက်အတန့်ဝယ် လူငယ်၏မျက်လုံးများတွင် ရွှေရောင်ဓားပုံစံများ ဝိုးဝတဝါး လင်းလက်နေပြီး၊ သူ၏တည်ငြိမ်သော မျက်နှာပေါ်တွင် နူးညံ့သည့် အရိပ်တစ်ခု ပေါ်လာကာ ခပ်ဖွဖွ ပြုံးလိုက်၏။
“မင်း အင်မော်တယ် ဓားကျမ်းကို ကျင့်ကြံထားတာလား”
ယခုအခါ လုရီ သူ၏ကိုယ်ခန္ဓာ ချုပ်နှောင်ထားခြင်းမှ လွတ်မြောက်သွားပြီး သူ့ကိုယ်သူ လှုပ်ရှားနိုင်၊ စကားပြောနိုင်ပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူသည် လူငယ်အား ကြည့်လိုက်သည်။
လူငယ်သည် ယခုအခါ နူးညံ့သိမ်မွေ့ပုံရပြီး သူ့အား ဒုက္ခပေးရန် ရည်ရွယ်ချက် မရှိလောက်ပေ။
ဤသည်မှာ အင်မော်တယ်ဓားဂိုဏ်း၏ အမွေအနှစ်နယ်မြေဖြစ်ပြီး၊ ထိုလူငယ်သည်
အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသည်မို့
အင်မော်တယ် ဓားဂိုဏ်းမှ ဖြစ်နိုင်ချေ များသည်။
မေးစရာရှိသည်မှာ သူသည် အင်မော်တယ် ဓားဂိုဏ်း၏ နောက်ကွယ်မှ အင်မော်တယ်လား.. သို့မဟုတ် ဂိုဏ်း၏ ထူးချွန်သော ပါရမီရှင်ဟောင်းတစ်ဦးလား..ဟူ၍ပင်။
မည်သို့ပင်ဖြစ်စေ၊ လုရီသည် အင်မော်တယ်ဓားကျမ်းကို ကျင့်ကြံထားပြီး အင်မော်တယ် ဓားဂိုဏ်းနှင့် သက်ဆိုင်သော မျိုးဆက်ဖြစ်သည့်အတွက် ဤသူနှင့် ကံကြမ္မာ ဖန်လေသည်။
သူ့ကို ဒုက္ခပေးလောက်မည် မဟုတ်ပေ။
ဤအချက်ကို စဉ်းစားမိသောအခါ လုရီ အနည်းငယ် စိတ်သက်သာရာရသွားသည်။
ထို့နောက် လုရီသည် သူ၏ ဒန်တျန်ကို စဉ်းစားမိပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
အင်မော်တယ်ကြီးသည် အင်မော်တယ် ဓားမျိုးစေ့ကိုသာ မြင်ခဲ့သည်လား။
တာအို စွမ်းအားမျှင်မှ ဖန်တီးထားသော အခြေတည် ဝိညာဉ်ကို သတိ မပြုမိခဲ့ဘူးလား။
ထိုမျှ အင်အားကြီးမားသော သူပင် သူ၏ ဒန်တျန်ကို မမြင်နိုင်ခဲ့ဘူးလား။
တာအိုစွမ်းအားမျှင်၊ တာအိုဝိညာဉ်ပုလဲနှင့် တာအိုကျောက်စိမ်းတို့သည် သူ ထင်ထားသည်ထက် ပို၍ပင် အဖိုးတန်နိုင်သည်ကို လုရီ သဘောပေါက်သွားတော့သည်။
သူ၏စိတ်ထဲတွင် အတွေးများ ဆူပွက်နေစဉ်
လုရီ အမြန်ပင် ဦးညွတ်လိုက်သည်။
“အင်မော်တယ်ကြီးကို ဒီဂျူနီယာလေးက ဂါရဝပြုပါတယ်၊ တကယ်တော့ ကျွန်တော် အင်မော်တယ် ဓားကျမ်းရဲ့ အပိုင်းအစတစ်ခုကို ကျင့်ကြံထားပါတယ်” ဟု ဆိုလိုက်၏။
“အပိုင်းအစ..”
ထိုလူငယ်က လုရီအား ကြည့်လိုက်သည်။
လုရီ ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့၊ ကျွန်တော် ကျင့်ကြံထားတဲ့အင်မော်တယ်ဓားကျမ်းက အခြေတည် ဝိညာဉ်အဆင့်အထိပဲ ရောက်ပါတယ်။ ဒါကြောင့် ပြည့်စုံတဲ့ ကျင့်ကြံမှုနည်းစနစ်ကို ရှာဖို့ ဒီကို လာခဲ့တာပါ”
လူငယ် ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်သည်။
“ဟားဟားဟား၊ ဟုတ်တာပေါ့၊ အင်မော်တယ်ဓားဂိုဏ်း ပျက်စီးပြီးနောက်ပိုင်း လောကမှာ အပိုင်းအစတစ်ခုတောင် တည်ရှိနေဖို့က ရှားတာပဲ...”
သူ၏ ရယ်သံများ ပိုမိုကျယ်လောင်လာသည်။
တစ်စုံတစ်ရာသော အတွေးဖြင့် ရယ်မောနေပုံရပြီး၊ တဖြည်းဖြည်း မျက်ရည်များပင် ကျလာသည်အထိ ရယ်မောလိုက်သည်တကား။
လုရီ၏ ကျောရိုးများ အေးစိမ့်သွားပြီး သူ ကိုယ့်ကိုယ်ကိုယ် စဉ်းစားလိုက်သည်။
.....သူ့စကားကြောင့် သူ့ကို စိတ်မဆိုးလောက်ပါဘူး ဟုတ်တယ်မလား..
ဘယ်လိုပဲဖြစ်ဖြစ် နှစ်သန်းပေါင်းများစွာ အိပ်ပျော်နေခဲ့တဲ့ အင်မော်တယ်ကြီးလေ၊
အင်မော်တယ်ကြီးရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုရှိမရှိ ဘယ်သူ သိနိုင်မလဲ.....
ခဏအကြာတွင် လူငယ်သည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ၏ ရယ်သံများ ငြိမ်သက်သွား၏။
သူက လုရီအား ကြည့်ပြီး ဆိုလိုက်ချေသည်။
“အခြေတည် ဝိညာဉ်အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမဲ့ အင်မော်တယ် ဓားမျိုးစေ့ကို ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး အင်မော်တယ် ဓားပုံစံတွေတောင် ဖွဲ့တည်ထားခဲ့ပြီ... မင်းရဲ့ ပါရမီက ထူးခြားတယ်။ ထျန်းမင်မှာ မင်းလို လူငယ်တစ်ယောက် ထွက်ပေါ်လာတာ.., မမျှော်လင့်စရာပဲ”