အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
အခန်း ၂၇၄- မိုးထိတိုင်မြင့် လက်တစ်ဖက်...
~ သားရဲတစ်သောင်း တောင်တန်း၏ ဗဟို တားမြစ်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အလွန်ထူးကဲသော ဖြစ်ရပ်က ထျန်းမင်တစ်ခွင်လုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
တားမြစ်နယ်မြေပြင်ပမှ အင်အားကြီးမားလှသော ကျင့်ကြံသူအချို့သည် တောင်တန်းများအတွင်းမှ ဧရာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်...။
ထိုလက်ကြီးသည် ကောင်းကင်ထောက်တိုင်ကြီးတစ်တိုင်ပမာ ကြီးမားလှပြီး၊ တောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်များကိုပင် ကျော်လွန်နေသည်ဟု မျက်မြင်သက်သေများက မှင်သက်စွာ ဆိုကြသည်။
ထို ကြောက်မက်ဖွယ် အရှိန်အဝါသည် မိစ္ဆာနတ်ဘုရားတစ်ပါး ပြန်လည်ရှင်သန်လာသကဲ့သို့ ဖြစ်ပြီး လောက တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အစွမ်းသတ္တိများ ပိုင်ဆိုင်ထားသည်။
သို့သော်လည်း မကြာမီအချိန်အတွင်း မြူထုများက တားမြစ်နယ်မြေကို ဖုံးအုပ်သွားသောကြောင့် အတွင်းမှ အရာအားလုံးကို မမြင်ရတော့ပေ။
အနောက်ဘက်နယ်မြေမှ ရဲရင့်သော
ကပ်ဘေးဖြတ်ကျော် စွမ်းအားရှင်တစ်ဦးသည် အခြေအနေကို စုံစမ်းရန် ဝင်ရောက်သွားခဲ့သော်လည်း သူက ထပ်မံထွက်ပေါ်လာနိုင်ခြင်း
မရှိတော့ချေ။
မြူထုများ ကင်းစင်သွားသောအခါ တားမြစ်နယ်မြေအတွင်းရှိ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိခဲ့သည်။
ကောင်းကင်ထောက်တိုင်ကြီးနှင့်တူသော လက်ကြီး ပျောက်ကွယ်သွားခဲ့ပြီး
ထိုလက်ကြီးကြောင့် ပျက်စီးခဲ့သော တောင်များသည်လည်း မူလအတိုင်း ပြန်လည်တည်ရှိနေပြီ ဖြစ်သည်။
ဤအခြင်းအရာက မျက်မြင်သက်သေများကို
မယုံနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ဤမြင်ကွင်းကို မဟာစွမ်းအားရှင်တစ်ဦးတည်းသာ မြင်တွေ့ခဲ့ရခြင်းမဟုတ်ဘဲ နယ်မြေကြီး ငါးခုလုံးမှ မဟာစွမ်းအားရှင်များပါ တွေ့မြင်ခဲ့ခြင်းသာ မရှိခဲ့ပါက မည်သူမျှ ၎င်းသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု ယုံကြည်ကြမည် မဟုတ်ပေ။
ထိုသို့ဖြင့် ၎င်းသည် ကျင့်ကြံသူများအကြား ပြင်းထန်သော ဆွေးနွေးငြင်းခုံမှု တစ်ရပ် ဖြစ်လာခဲ့ကာ မဖြေရှင်းနိုင်သေးသော ပဟေဠိ တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့ချေသည်။
လူအများအပြားသည် သားရဲတစ်သောင်း တောင်တန်း၏ တားမြစ်နယ်မြေအတွင်း၌ အမှန်တကယ် မည်သည့်အရာများ ရှိနေမည်လဲ..အမျိုးမျိုးမှန်းဆနေကြတော့သည်။
အချို့က ကြမ်းကြုတ်သော သားရဲဘုရင်တစ်ပါးသည် ကပ်ဘေးဖြတ်ကျော် နယ်ပယ်ကို ကျော်လွန်၍ အင်မော်တယ် သားရဲအဖြစ် တက်လှမ်းရန် ကြိုးပမ်းခဲ့သော်လည်း ကောင်းကင်ဘေးဒဏ်ကို မခံနိုင်ဘဲ ပြာဖြစ်သွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြလေသည်။
အခြားသူများကမူ တားမြစ်နယ်မြေအတွင်း၌ မဟာစွမ်းအားရှင်ကြီးတစ်ပါး နေထိုင်ပြီး ကြောက်မက်ဖွယ် ကောင်းသော သိုင်းပညာအချို့ကို လေ့ကျင့်နေခြင်း ဖြစ်နိုင်သည်။ ကောင်းကင်ထောက်တိုင်ကြီးနှင့်တူသော ထိုဧရာမလက်ကြီးသည် ထိုသိုင်းပညာများ၏ ပုံရိပ်ယောင်ပင် ဖြစ်သည်ဟု သုံးသပ်ကြသည်။
သို့သော် အချို့ကမူ ရှေးဆရာသခင် တစ်ပါးက ဖိနှိပ်ထားသော ကောင်းကင်မိစ္ဆာ တစ်ပါးသည် စတင်လှုပ်ရှားနေပြီး ပြန်လည် နိုးထတော့မည် ဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။
အမြင်အမျိုးမျိုး ပေါက်ကွဲလာခဲ့ပြီး အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အင်အားအကြီးဆုံးသူများပင် သားရဲတစ်သောင်းသားရဲတောင်တန်း၏ အစွန်အဖျားသို့ သွားရောက် စစ်ဆေးခဲ့သော်လည်း မည်သည့်ဆန်းကြယ်မြင်ကွင်းကိုမျှ မတွေ့ရှိခဲ့ကြချေ။
သို့သော် ဘေးကင်းစေရန်အတွက်
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုမှ ကပ်ဘေးဖြတ်ကျော် စွမ်းအားရှင်တစ်ဦးကို ထိုနေရာတွင် တပ်စွဲထားစေခဲ့သည်။
သားရဲတစ်သောင်း တောင်တန်း၏ တားမြစ်နယ်မြေတွင် ဆန်းကြယ်မြင်ကွင်းများ ဖြစ်ပွားခဲ့သောကြောင့် ၎င်းသည် ပိုမိုပြင်းထန်လာခဲ့ပြီး အင်အားကြီးမားသော ကျင့်ကြံသူများစွာသည် အမွေအနှစ်အချို့နှင့် ကြုံကြိုက်လို ကြုံကြိုက်ငြား တောင်တန်း၏ နက်နဲသော အပိုင်းသို့ စွန့်စားခဲ့ကြ၏။
လုရီသည် ထိုဧရာမလက်ကြီးအကြောင်း သိလိုသော်လည်း..သူသည် ထိုနေရာသို့ သွားရောက်၍ မကြည့်ရှုခဲ့ပါ။
မည်သို့ပင်ဖြစ်စေကာမူ ၎င်းနေရာသည် တားမြစ် နယ်မြေတစ်ခု ဖြစ်လေသည်။ သူသည် သေခြင်းတရားအား ဖိတ်ခေါ်မည် မဟုတ်ပါ။
လုရီသည် အင်မော်တယ်ဓားဂိုဏ်း၌ တွေ့ဆုံခဲ့ရသော အင်မော်တယ်၏ သတင်းများအား အဓိက သိချင်နေခြင်းပါ။
ထိုအင်မော်တယ်က သူ့အား သင်ကြားမှုလွှဲပြောင်းပေးခဲ့သည် ဖြစ်ရာ ထိုအင်မော်တယ် မည်သည့်နေရာသို့ ထွက်ခွာသွားကြောင်း သိလိုပါသည်။
ထိုမျှသာမက..ထိုစဉ်က ..အင်မော်တယ်ဓားဂိုဏ်း၌ အတိအကျပင် မည်သည့် ဖြစ်ရပ်မျိုး ဖြစ်ပျက်ခဲ့သည်ကိုလည်း လုရီ စိတ်ဝင်စားမိသည်။
အင်မော်တယ် တစ်ပါးအနေနှင့် သူသည်အဘယ်ကြောင့် အင်မော်တယ်ဓားဂိုဏ်း အမွေအနှစ်၏ အကြွင်းအကျန်များ၌ အဘယ်ကြောင့် အိပ်စက်နေရပါသနည်း။
အင်မော်တယ်ဓားဂိုဏ်း၏ အကြွင်းအကျန်များ
သတင်းသည် တစ်လကျော်..အုံကြွနေသော ကိစ္စဖြစ်ပေသည်။ ယခုအခါ ကျင့်ကြံသူ အများအပြားသည် ၎င်းအား ဆွေးနွေးနေကြတော့သည်။
အင်မော်တယ်ဓားဂိုဏ်း၏ အင်မော်တယ် ဖြစ်နိုင်သည့် မျက်ခုံးနှစ်ဖက်တွင် ရွှေဓား အလင်း အမှတ်အသား တစ်ခု ပါသော ဥပဓိရုပ် ချောမောခန့်ညားသည့် လူငယ်တစ်ယောက်အား တစ်စုံတစ်ယောက်က တောင်ပိုင်း နယ်မြေ၌ တွေ့ခဲ့သည် ဟူ၍ လုရီ ကြားသိခဲ့ရသည်။
သူသည် တောင်တန်းတခုအပေါ်၌ ရပ်နေတာတောင်ပိုင်းနယ်မြေ၏ တောင်ဘက်တွင် ရှိသည့်အဆုံးမဲ့သော ပင်လယ်ကြီးအား ကြည့်နေသည်။
သို့သော်လည်း မကြာမီမှာပင် ထိုအင်မော်တယ်သည် ပျောက်ကွယ်သွားလေသည် ဟူ၍။
ကျန်လူများကတော့ သူသည် သူသည်
တောင်ပိုင်း နယ်မြေ၏ အလွန်အမင်း အေးခဲသော ရေခဲ နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ
ဖြစ်သည့် အလွန်အမင်း အေးခဲသော တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်ဟု ဆိုကြလေ၏။
အမျိုးမျိုးသော ပြောဆို ထုတ်ဖော်ချက်များတည်ရှိနေလေသည်။
လုရီအတွက်တော့ သူ့စီနီယာ အဆင်ပြေသည်ဟု ကြားရသောအခါ စိတ်သက်သာသွားရပါ၏။
ထိုသတင်း နှစ်ပုဒ်အပြင် တခြား ခေါင်းစဉ်များကိုလည်း မှတ်သားခဲ့ရပါသည်။
၎င်းတို့မှာတော့ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် စပ်လျဉ်းသော အကြောင်းအရာများ၊ မြောက်ပိုင်းနယ်မြေ မိစ္ဆာ မျိုးနွယ်များနှင့် ပတ်သက်သော ကိစ္စများ ဖြစ်ကြလေ၏။
မြောက်ပိုင်းနယ်မြေ မိစ္ဆာမျိုးနွယ်များ၏ သတင်းများ အကြားဝယ် လုရီ အာရုံစူးစိုက်မိဆုံး
သတင်း ရှိ၏။
၎င်းက မြေခွေးဝိဉာဉ် ချင်းချုံးဟွာသည်
အမြီးကိုးချောင်း မိစ္ဆာ မြေခွေးဧကရာဇ်၏ အမွေအနှစ်ကို စုပ်ယူပြီးသောအခါ အကြီးအကျယ် စွမ်းအား မြင့်မားလာသည်.. ။ သူမ၏ လူငယ် မျိုးဆက်နှင့် သူမအရှေ့မှ မျိုးဆက် နှစ်ခု၊ သုံးခုပင်လျှင် သူမ၏ ပြိုင်ဘက် မဟုတ်ချေ..ဟူ၍ပင်။...
ထိုမျှသာမက ချင်းချုံးမြေခွေးမျိုးနွယ်က
ချင်းချုံးဟွာအား အပြည့်အဝ ထောက်ပံ့နေသည်ဖြစ်၍ သူမသည် မြောက်ပိုင်းနယ်မြေ
တခွင်..အားလုံးကို အရှုံးပေး လက်မှိုင်ချစေခဲ့သည်။ သိုင်းကွက် တစ်ကွက်အတွင်း..
မည်သည့်ပြိုင်ဘက်ကိုမဆို လဲဖြိုခဲ့လေသည်က
အမြီးကိုးချောင်း မိစ္ဆာ မြေခွေးဧကရာဇ်၏ ဝိသေသအချို့ကို ပြသနေခြင်း ဖြစ်၏။
မြောက်ပိုင်းနယ်မြေ မိစ္ဆာမျိုနွယ်များမှ ငယ်ရွယ်သောမျိုးဆက်များ၏ ထူးကဲသော အရည်အချင်းရှိသော ပါရမီရှင်တို့သည် သူမ၏ လက်အောက်ခံများ ဖြစ်လာကြလေသည်
ဟူ၍..။
မြောက်ပိုင်းနယ်မြေ ကျင့်ကြံသူများက
ချင်းချုံးဟွာသည် ယခင် အမြီးကိုးချောင်း မိစ္ဆာ မြေခွေးဧကရာဇ်ထက် သာလွန်လိုသည်။
ထျန်းမင် တစ်ခွင်တပြင်ရှိ လူငယ် ကျင့်ကြံသူများအား ကြီးစိုး၍ ပြိုင်ဘက်ကင်း
ဝိညာဉ်အား သွန်းလောင်းလိုသည်ဟုလည်း ပြောဆိုနေကြသည်။
ချင်းချုံးဟွာသည် အခြား နယ်မြေများကို လာရောက်လည်ပတ်၍ ပါရမီရှင်များနှင့် သိုင်းပညာ ဖလှယ်ရန် စီစဥ်နေသည်..။ နောက်ထပ်လှည့်လည်မည့် နယ်မြေက အရှေ့ နယ်မြေ ဖြစ်နိုင်သည် ဟူ၍။
ထိုစကားများကို ကြားလိုက်ရသောအခါ လုရီ ခေါင်းနပမ်းကြီးသွားရတော့၏။
...မြေခွေးဝိဉာဉ်က သူ့ကိုတော့ မမှတ်မိနေလောက်ပါဘူး..ဟုတ်တယ်မလား။ နှစ်တွေလည်း ကြာခဲ့ပြီပဲဟာ။...
လုရီ လုပ်နိုင်သမျှမှာ မြေခွေးဝိဉာဉ် သူ့အား မေ့လျော့သွားပါစေဟု ကြိတ်၍ ဆုတောင်းနေရုံသာ။
မြေခွေးဝိဉာဉ် သတင်းအပြင် သူကိုယ်တိုင်နှင့်
ပတ်သက်သည့် သတင်းများကိုလည်း ကြားခဲ့ရသေးသည်။
သူသည် အင်မော်တယ်ဓားဂိုဏ်း၏ အင်မော်တယ် အကာအကွယ် အခင်းအကျင်းအား အသက်သွင်းကာ အင်မော်တယ်ကို နိုးထစေခဲ့သည် ဟူသော သတင်းက လူတိုင်းပင် ဟိုးလေးတကျော် သိရှိနေကြသော ဖြစ်ရပ်ကြီးဖြစ်သည်။ သူ့အရည်အချင်းက အင်မော်တယ်ကိုပင် မှင်သက်စေခဲ့ရသည် ဟူသော အချက်က
သာယာနာပျော်ဖွယ် ခေါင်းစည်းပိုင်း သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
သို့သော်ငြားလည်း ထိုအင်မော်တယ်က လုရီအား ပေးအပ်ခဲ့သည့် ပြီးပြည့်စုံသည့် အင်မော်တယ်ဓားကျမ်းကြောင့် ကျင့်ကြံသူ ဒုနှင့်ဒေးပင် ဆွဲဆောင်ခံရလေသည်။
ဤတွင်..မှတ်သားရမည်က..အင်မော်တယ်ဓားကျမ်းက အင်မော်တယ် သိုင်းကျမ်း ဖြစ်၏။
၎င်းအား ပိုင်ဆိုင်နိုင်ပါက တကိုယ်တော် ကျင့်ကြံသူ တစ်ဦးပင်လျှင် ဂိုဏ်းတစ်ဂိုဏ်း ထောင်နိုင်သည်။ အနှစ်တစ်သိန်းကြာ..သို့မဟုတ်..အနှစ်တစ်သန်းအကြာ၌ ထိုဂိုဏ်းက အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေအဖြစ် မြင့်တက်လာပေလိမ့်မည်။
အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ထိပ်တန်းအဆင့် မဟာဂိုဏ်ကြီးများမှ လွဲ၍ အခြားဂိုဏ်းများအတွက်လည်း အလားတူစွာပင်
မည်သည့် ဂိုဏ်း ဖိနှိပ် သိုင်းစွမ်းရည်က
ကြောက်ခမန်းလိလိ တည်ရှိနိုင်အံ့နည်း။
အင်မော်တယ် သိုင်းကျမ်း...။
ထိုသို့သော ကျင့်ကြံခြင်း နည်းစနစ်အား ရရှိခဲ့လျှင် သူတို့၏ ဂိုဏ်းများကို ထျန်းမင်၏ ထိပ်တန်း အင်အားစုများထဲမှာ တစ်ခုအဖြစ် မြင့်တင်နိုင်မည် မဟုတ်ပါလော...။
ယခုအခါ ကျင့်ကြံသူ အများအပြားက လုရီ ဘယ်နေရာမှာ ရှိနေသလဲ ဆိုသည်ကို အသည်းအသန် အနံ့ခံလျက် ရှိချေသည်တကား။
...
သို့ဆိုစေကာမူ ..လုရီအား သိုင်းကျမ်းလွှဲပြောင်းပေးခဲ့သော ထိုအင်မော်တယ်၏ အရှိန်အဝါကြောင့် ဤကျင့်ကြံသူများသည် ၎င်းတို့၏ ကိုယ်ပိုင်အသွင်အပြင်များကို ဖုံးကွယ်ထားကြသည်။ အားလုံးသည် တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။
၎င်းတို့ထဲတွင် ဂိုဏ်းမှ အင်အားကြီးမားသူ
မည်မျှ ပါဝင်သည်ကို မသိရချေ။
ဤသတင်းကို ကြားသိရသောအခါ
လုရီ၏ ထူထဲသေသပ်သော မျက်ခုံးတန်းများ တွန့်သွားခဲ့သည်။ သူသည် စိတ်အခြေအနေ
မကြည်လင်တော့ပေ။
အင်မော်တယ် သိုင်းကျမ်း၏ သွေးဆောင်မှုသည် အလွန် ကြီးမားလှသည်။
ကျန်သည့် အရာများအား ထည့်သွင်း မပြောနှင့်ဦး။
ပေါင်းစည်းခြင်းနယ်ပယ် သို့မဟုတ် မဟာယာနနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းနည်းစနစ်ကြောင့် အဆင့် မချိုးဖြတ်နိုင်ဘဲ သူတို့၏သက်တမ်း ကုန်ဆုံးတော့မည်ဆိုပါက ရရှိနိုင်ခြေ ရှိသော အင်မော်တယ်သိုင်းကျမ်းကို ပက်ပင်းကြုံရသည့်အခါ အနှီ စွမ်းအားရှင်တို့က
မည်သည့် ရွေးချယ်မှုကို ပြုလုပ်ကြမည်နည်း။
အခန်း ၂၇၅- မိုးထိတိုင်မြင့် လက်တစ်ဖက်...
~ ၎င်းက တွေးကြည့်နေစရာပင် မလိုအပ်ပါ။
ဆယ်ဦးလျှင် ကိုးဦးနှုန်းက လုရီ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လုယူရန် ရွေးချယ်ကြမည်။
ဤအကြောင်းကြောင့် လုရီ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လက်ဆင့်ကမ်းပေးခဲ့သည့် အင်မော်တယ်အား စော်ကားရာ ကျသည့်တိုင်အောင်.မိမိတို့၏ အသက်ပင် စွန့်စားရသည့်တိုင်အောင်.. မည်သူက ဂရုစိုက်နေနိုင်ပါမည်နည်း။
ထို့ပြင် ထိုအင်မော်တယ်သည် လက်ရှိအချိန်၌ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဘဲ ဤကိစ္စကိုပင် စိတ်ဝင်စားမည် မဟုတ်ပေ။
.....
လုရီသည် သူ့အား စောင့်ကြည့်နေသော ကျင့်ကြံသူအများစုသည် အင်အားကြီးမားသော မဟာစွမ်းအားရှင်များ ဖြစ်နေမည်ကို မှန်းဆနိုင်သည်။
ထိုသူများသည် သက်တမ်း ကုန်ဆုံးလုနီးပြီ ဖြစ်၍ ကောင်းကင်ကိုလည်း မကြောက်၊ မြေကြီးကိုလည်း မကြောက်တော့ချေ။
မကြာမီ လုရီသည် သူ၏မျက်နှာကို နှစ်တစ်ထောင် ရေခဲဖြင့် ပက်သည့်နှယ်.. ခံစားရစေသည့် နောက်ထပ်သတင်းတစ်ခုကို ကြားလိုက်ရလေသည်။
လုရီ၏ ဂိုဏ်းသည် ချင်းကျိုးမှ တိမ်ဖြူဂိုဏ်း ဖြစ်ပြီး သေးငယ်သောဂိုဏ်းလေးတစ်ခုဖြစ်
ကြောင်း တစ်စုံတစ်ဦးက ဖော်ထုတ်လာသည်ပင်။
အချို့ဂိုဏ်းများကပင် အင်မော်တယ် ဓားကျမ်းကို ရရှိရန် တိမ်ဖြူဂိုဏ်းအား ဖိအားပေးရန် ရည်ရွယ်ခဲ့ကြ၏။
နတ်ဓားဂိုဏ်း၊ အင်ပါယာဓားဂိုဏ်း၊ ထိုက်ရီ မြင့်မြတ်နယ်မြေ၊ လေ့ယီ အင်မော်တယ်ဂိုဏ်း
စသည့် အရှေ့နယ်မြေမှ ထိပ်တန်းဂိုဏ်းများနှင့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများက
အမိန့် ထုတ်ထားသောကြောင့် မည်သူမျှ ရဲရဲတင်းတင်း မလုပ်ဆောင်ရဲခဲ့ကြပေ။
ဤအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ထိပ်တန်းဂိုဏ်းများသည် အင်မော်တယ်
သိုင်းကျမ်းကိုယ်စီ.. ပိုင်ဆိုင်ထားကြသည်သာ။
အခြားအင်မော်တယ် သိုင်းကျမ်း တစ်ခုသည် ၎င်းတို့အတွက် တန်ဖိုးရှိသော်လည်း လုရီက ပို၍ တန်ဖိုးရှိသည်ဟု ၎င်းတို့က မှတ်ယူထားကြသည်။
လုရီသည် အနာဂတ်တွင် အင်မော်တယ် အဖြစ် တက်ရောက်မည်မှာ သေချာသလောက်ရှိပြီး ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို မိတ်ဆွေဖွဲ့ထိုက်ပေသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေကပင် လုရီ၏ ဂိုဏ်းကို ပစ်မှတ်ထားသူတိုင်းသည် ၎င်းတို့အား ဖီဆန်သူများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
လုရီသည် ဤအရာကို မမျှော်လင့်ထားသော်လည်း သူ့စိတ်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားခဲ့သည်။
ဤအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများ၏ ရည်ရွယ်ချက်များ ကိုယ်စီ ရှိသည်ကို သူသိသော်လည်း မည်သူမဆို မည်သည့် ကိစ္စပင် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များ ရှိတတ်ကြသည် မဟုတ်ပါလော။
သူ၏ပါရမီများက အခြားသူများအား သူ့ကို
ကာကွယ်ပေးစေခြင်း ဖြစ်သည်။ လုရီသည်
၎င်းတို့၏ နောက်ကွယ်မှ ရည်ရွယ်ချက်များကို ပြဿနာဟု မယူဆဘဲ လက်ခံနိုင်ပါသည်။
လုရီ အကြောက်ဆုံးမှာ လုံးဝ တန်ဖိုး ကင်းမဲ့ခြင်းသာ ဖြစ်သည်။
သူသာ အင်မော်တယ် ဖြစ်လာပါက နောင်တွင် အရှေ့နယ်မြေမှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများအား ဤကျေးဇူးကို ပြန်ဆပ်မည်ဟု ရည်ရွယ်ထားသည်။
အရှေ့နယ်မြေမှ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများက အမိန့်ထုတ်ထားသောကြောင့် ဂိုဏ်းများက ရဲရဲတင်းတင်း မလုပ်ဆောင်ရဲခဲ့ကြသော်လည်း ၎င်းသည် တကိုယ်တော်ကျင့်ကြံသူများအပေါ်တွင်ကား မသက်ရောက်ခဲ့ပေ။
ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိပြီးသော မဟာစွမ်းအားရှင်အချို့... တိမ်ဖြူဂိုဏ်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်း ပြတ်သားသည်။
သို့သော် အရှေ့နယ်မြေတစ်ခွင်လုံးကို
အံ့ဩဘနန်း ဖြစ်စေခဲ့သည်မှာ တိမ်ဖြူဂိုဏ်းထဲသို့ ဝင်ရောက်သွားသော ပေါင်းစည်းခြင်းနယ်ပယ်မှ မဟာစွမ်းအားရှင်များသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ခြင်းပင်ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိခဲ့ပေ။ အပြင်ဘက်တွင် ကျင့်ကြံသူများက ကြည့်ရှုနေခဲ့သော်လည်း
မည်သည့် သတင်းမျှ ထွက်ပေါ်မလာခဲ့ချေတကား။
ရေထဲသို့ ကျောက်တုံး တစ်တုံး ပစ်ချလျှင်ပင် အသံအချို့ ထွက်ပေါ်လာဦးမည်။
ဤအရာက အရှေ့နယ်မြေမှ ကျင့်ကြံသူများကို လုံးဝ အံ့အားသင့်စေခဲ့သည်။
မဟာယာန ကျင့်ကြံသူကြီးများက မယုံကြည်ဘဲ တိတ်တဆိတ် ထပ်မံဝင်ရောက်ခဲ့ကြပြီး ထိုနည်းတူ အသံမကြားရဘဲ ခြေရာလက်ရာ
မကျန် ပျောက်ကွယ်သွားခဲ့ကြပြန်သည်။
ဤအရာက အရှေ့နယ်မြေမှ ကျင့်ကြံသူများအား ကျောချမ်းစေခဲ့သည်။
တိမ်ဖြူဂိုဏ်းသည် ထင်ထားသည်ထက် ရိုးရှင်းမည် မဟုတ်ပေ။
ဤသတင်းကို ကြားသိရသောအခါ လုရီသည် ၎င်းသည် သူ့ဆရာ၏ လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။
ယခုအချိန်အထိပင် လုရီသည် သူ၏ဆရာ မည်မျှ နက်နဲသည်ကို မသိသေးပါ။ သူ၏ဆရာကို
လုံးဝ ထိုးဖောက် မမြင်နိုင်ခဲ့ချေ။
သို့တိုင် လုရီသည် မဟာယာန ကျင့်ကြံသူကြီးများပင် တိမ်ဖြူဂိုဏ်းထဲသို့ ဝင်ရောက်ပြီး တိတ်တဆိတ် ပျောက်ကွယ်သွားခြင်းကို အံ့အားသင့်နေသေးသည်။
ဆရာက သူ ထင်ထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်ပုံ
ရသည်။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ပါသလား။
ထိုသို့ ...စဉ်းစားနေစဉ်...လုရီ၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းလာခဲ့သည်။
လုရီ တိမ်ဖြူဂိုဏ်းတွင် ကြီးပြင်းလာခဲ့သူပီပီ သူ၏ဆရာအကြောင်း ဒဏ္ဍာရီများစွာကို ကြားဖူးခဲ့ပါသည်။ သူမသည် တိမ်ဖြူဂိုဏ်း၏ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူမ၏အသက်သည်လည်း များစွာ မကြီးလှ၊ အနှစ်တစ်ထောင်ပင် မကျော်သေးသည်မှာ သေချာသည်။
အမ်...,အနှစ်တစ်ထောင်ပင် မကျော်သေးသော ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်လား။
လုရီ၏ ဦးရေပြား ကျဉ်တက်သွားခဲ့သည်။
သူ၏ ဆရာသည် တဆိတ်.. မွန်းစတား ဆန် နေသည်ပင်။
အခြားသော ကျင့်ကြံသူများလည်း ၎င်းတို့၏ အတွေးများကို မှန်းဆခဲ့ကြသည်။ တိမ်ဖြူဂိုဏ်းအတွင်း၌ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်တစ်ဦး.. ဖုံးကွယ် နေထိုင်နေခြင်း ဖြစ်နိုင်သည်ဟူ၍သာ။
ဤအရာက တိမ်ဖြူဂိုဏ်းကို ပစ်မှတ်ထားနေသော ကျင့်ကြံသူများစွာကို စိတ်ဓာတ် ကျဆင်းစေခဲ့သည်။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်တစ်ဦးသည် ထျန်းမင်တွင် စွမ်းရည်၏ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ခံထားရသည်။ ထိုကဲ့သို့သော အဆင့်မြင့်ပုဂ္ဂိုလ်များသည် မည်သူမျှ မထိတွေ့နိုင်သလောက် ဖြစ်သည်။
မှန်ပါ၏။ အချို့သော ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်များသည် တိမ်ဖြူဂိုဏ်းကို လျှို့ဝှက်စွာ ချောင်းမြောင်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ပုဂ္ဂိုလ်များသည် များသောအားဖြင့် ထင်ရှားသော နာမည်များနှင့် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေ၏ ကျောထောက်နောက်ခံ ရှိကြသည်။
သို့ဖြစ်စေကာမူ... ၎င်းတို့ပင်လျှင် အင်အားကြီးမားသော ပုဂ္ဂိုလ်များစွာ၏ ဒေါသကို ခံနိုင်ရည်ရှိ၊ မရှိ ထည့်သွင်း စဉ်းစားရပေမည်။
လုရီ ဤသတင်းကို ကြားသိရသောအခါ သူ၏ စိတ်နှလုံး အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ သူ၏ ဆရာမှာ အမှန်တကယ်ပင် အားကိုးယုံကြည်ရပုံ ပေါ်သည်။
သို့သော်လည်း လုရီတစ်ယောက် အလွန် ဒေါသထွက်နေဆဲ ဖြစ်သည်။
ဤတကိုယ်တော် ကျင့်ကြံသူများနှင့် ဂိုဏ်းများသည် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများ၏ အင်မော်တယ်ကျမ်းများကို လိုက်လံမလုယူဘဲ သူ့ကို အဘယ်ကြောင့် ပစ်မှတ်ထားရသနည်း။
သူ့အား အားနည်းသည်ဟု ထင်သောကြောင့်...၊ တိမ်ဖြူဂိုဏ်းအား အားနည်းသည်ဟု ယုံကြည်သောကြောင့် မဟုတ်ဘူးလား။
သူတို့၏ တိမ်ဖြူဂိုဏ်းသည်လည်း
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်ခဲ့ပါက မည်သူက လုယက်ဝံ့မည်နည်း။
လုရီသည် သူ၏စိတ်နှလုံးထဲတွင် အလွန် မကြည်မလင် ဖြစ်နေခဲ့သည်။ သူသည် တိမ်ဖြူဂိုဏ်းအား အနာဂတ်၌ အင်အားအကြီးဆုံး
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအဖြစ် ဖန်တီးရန်
သံန္နိဌာန် ချလိုက်တော့သည်။
လွန်ခဲ့သည့်တစ်လအတွင်းမှ သတင်းများကို စေ့ငုစွာ စားသုံးပြီးနောက် လုရီသည် နောက်ဆုံးတွင် မြို့မှ ထွက်ခွာကာ ချင်းကျိုးဘက်သို့ ပျံသန်းသွားခဲ့သည်။
မြို့မှ ပျံသန်းထွက်ခွာလာစဥ်..မကြာသေးမီမှာပဲ.. သူ၏ မျက်ခုံး တစ်ဖက် မြင့်တက်သွားခဲ့သည်။
ဝိညာဉ် ငြိမ်သက် ပုလဲ၏ အာဟာရကြောင့် သူ၏ ဝိညာဉ် စွမ်းအားသည် ယခုအခါ အံ့မခန်း အားကောင်း၍ သူ၏ နတ်ဘုရားစွမ်းအားနှင့် ဝိညာဉ်အာရုံ စွမ်းအားများလည်း အလွန် ထက်မြက်နေသည်။
သူ့နောက်မှ ကျင့်ကြံသူများ နောက်ယောင်ခံ လိုက်လာသည်ကို လုရီ ခံစားမိပြီး ၎င်းတို့၏ ခွန်အားလည်း မနည်းပေ။ ၎င်းတို့အားလုံးသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်ကြသည်။
ရှင်းလင်းစွာပင် ၎င်းတို့သည် သူ့ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။
လုရီ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အသွင်ပြောင်း သိုင်း ကို အသုံးပြုနေသည်လေ။
သည်လူတွေက သူ့အား မည်သို့ သိရှိခဲ့ကြသနည်း။
လုရီ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း ၕ
။,
မကြာမီပင် တည်ငြိမ်သွားခဲ့သည်။
သူ မကြာမီ အဖြေ သိရမည်မှာ သေချာသည်။
လုရီသည် လုံးဝ သတိမထားမိသကဲ့သို့ ဆက်လက် ဟန်ဆောင်ကာ သူ့ဘာသာ တိုးတိုးလေး ကြုံးဝါးလိုက်သည်။
"ငါ့နောက်ကနေ လိုက်လာတဲ့သူတွေကို သတ်ပစ်ရမယ်"
[အလုပ်] နောက်မှလိုက်လာသူများကို သတ်ပါ။
အလုပ်ဆုလာဘ်- သတ်ဖြတ်နိုင်သူအရေအတွက်ပေါ် မူတည်မည်။
အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
လုရီ တိတ်တဆိတ်ပင် "လက်ခံမည်"ကို ရွေးချယ်ခဲ့သည်။
သူသည် မူလလွတ်မြောက်ဓားကို ထုတ်ဖော်ကာ အမြန်ကြီးလည်း မဟုတ်၊ ခပ်နှေးနှေးလည်း မဟုတ်ဘဲ ပျံသန်းလိုက်သည်။
ထိုသို့ ဖြစ်လင့်ကစား လုရီ၏ အမြန်နှုန်းသည် အလွန် လျင်မြန်နေဆဲ ဖြစ်သည်။
လုရီသည် မြို့မှ လျင်မြန်စွာ ထွက်ခွာကာ လူသူကင်းဝေးသော တောင်တန်းကြီးတစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်အတန့်မှာပင် နောက်မှ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကောင်းကင်သို့တိုင် တရကြမ်း မြင့်တက်သွားပြီး တောင်တန်းတစ်ခုလုံးကို ဖုံးအုပ်ထားသော ဧရာမ အစိမ်းရောင်လက်ကြီးတစ်ဖက်သည် လုရီဆီသို့ ဆင်းသက်လာခဲ့သည်။
လက်ကြီး ဖြတ်သန်းသွားရာတိုင်းတွင် ဟင်းလင်းပြင်၌ မှိန်ဖျော့သော အက်ကွဲကြောင်းများ ပေါ်လာပြီး မှောင်မည်းသော လေဟာနယ်များ လှစ်ဟလာနေသည်။
ကြောက်မက်ဖွယ် ချီစွမ်းအားက လုရီအား ပိတ်လှောင်ထားပြီး ထွက်ပြေးခြင်းမှ တားဆီးရန် နေရာတစ်ခုလုံးကို ပိတ်လှောင်ထားသည်။
လုရီ၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားခဲ့သည်။
ဟင်းလင်းပြင်ဥမင်...
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးလည်း နောက်ယောင်ခံ လိုက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများသည် အလွန်အင်အားကြီးမားသော စွမ်းအားများ ပိုင်ဆိုင်ထားပြီး စကြဝဠာကို သိမြင်နိုင်စွမ်းရှိသည်။ ၎င်းတို့အားလုံးသည် အယူအဆ၏ သခင်များ ဖြစ်ပြီး အလွန်အစွမ်းထက်ကြသည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများနှင့် လုံးဝ မတူညီသော အဆင့်တွင် ရှိကြသည်။
လုရီအတွက်ပင် ဤအရာသည် လုံးဝ အံ့အားသင့်စရာ ဖြစ်လေသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားအား လည်ပတ်စေပြီး မူလလွတ်မြောက်ဓားအား အကန့်အသတ်နယ်ပယ်အထိ အစွမ်းကုန် ထုတ်ဖော်လိုက်၏။ လုရီသည် ရွှေရောင် အလင်းတန်း အသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားပြီး ချက်ချင်းပင် ဆယ်ကီလိုမီတာကျော် နောက်သို့ ခုန်ပျံကာ အစိမ်းရောင်လက်ကြီးကို ရှောင်တိမ်းလိုက်သည်။
လက်ကြီးသည် အောက်ဘက်ရှိ တောင်တန်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ တောင်တန်း
တစ်ခုလုံး ကျောက်တုံး၊ ကျောက်ခဲများအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး မီတာရာပေါင်းများစွာ ရှည်လျားသော အက်ကွဲကြောင်းများ ကောင်းကင်ယံဆီသို့ ပျံ့နှံ့သွားခဲ့ရာ သဘာဝ ကပ်ဆိုး ကျရောက်သကဲ့သို့ပင်။
"ဟာ..ဘယ်လိုဖြစ်ရတာလဲ"
နောက်ဘက်မှ ဆအံ့တသြ အော်စစ်သံများ ထွက်ပေါ်လာခဲ့သည်။
အခြေတည်ဝိဉာဉ်အဆင့်ကလေး လုရီသည် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ၏
မမျှော်လင့်ထားသော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
"သူ့ကို တားကြ"
တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
မကြာမီတွင် အခြားနေရာများမှ အင်အားကြီးမားသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လုရီကို ဝိုင်းရံလိုက်ကြသည်။
လုရီ၏ မျက်နှာအမူအရာ တည်ငြိမ်နေဆဲ ဖြစ်ပြီး ထက်မြက်သော မျက်လုံး အစုံဖြင့် ချဉ်းကပ်လာသော ကျင့်ကြံသူများကို အကဲခတ်လိုက်သည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူက လေးဦး။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူက အနည်းဆုံး အယောက် သုံးဆယ် လောက် ရှိမည်။
လုရီ မရယ်ဘဲ မနေနိုင်တော့ချေ။
"ဟားဟားဟား...ငါလို အခြေတည်ဝိဉာဉ် ကျင့်ကြံသူလေးကို တိုက်ခိုက်ဖို့ ဒီလောက် အင်အားကြီး ပုဂ္ဂိုလ်အများကြီးကို လွှတ်လိုက်တာလား၊ သူတို့ ငါ့ကို တကယ် အထင်ကြီးသားပဲ..."
အခန်း ၂၇၆- မှော်ကြယ်ခေါင်းလောင်း၊ ကောင်းကင် အခင်းအကျင်းမြေပုံ ၊ လုရီ၏ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည် ...
~ကျင့်ကြံသူတစ်ဦးစီတိုင်းသည် သူတို့
ကိုယ်တဝိုက်အား ဝိဉာဉ်စွမ်းအင် အလင်းလွှာများ လွှမ်းခြုံထားကြသည်။ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး မျက်နှာများကို ဖုံးကွယ်ထားကြသည်။
လုရီ၏ အနောက်တွင်ရှိသော အင်မော်တယ်ဂိုဏ်း မြင့်မြတ် နယ်မြေများ၏ အထောက်အပံ့ဖြင့် မည်သူမျှ လုရီအား မျက်နှာအစစ်အမှန်ကို
မပြသရဲကြပေ။
"လုရီ၊ အင်မော်တယ်ဓားကျမ်းကို ထုတ်ပေးလိုက်! ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်!"
"မှန်တယ်၊ အင်မော်တယ်ဓားကျမ်းကို ပေးလိုက်! မင်းအတွက် သိပ်မနစ်နာဘူး၊ လူနည်းနည်းပိုပြီး လေ့လာခွင့်ရရုံပဲ"
"ကောင်စုတ်လေး...အမြန်ထုတ်ပေးစမ်း..."
"လုရီ၊ မင်းမှာ ထူးခြားတဲ့ ပါရမီ ရှိပေမယ့် ငါတို့ဘက်မှာ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူလေးယောက် နော်။ မှားတဲ့ဆုံးဖြတ်ချက် မချမိစေနဲ့"
ထိုသို့ တစ်ယောက်ပြီး တစ်ယောက် ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူ အင်အားရှင်များက ဆက်တိုက်ခက်ထန်သော အသံများဖြင့် ခြိမ်းခြောက်ကြရင်း သူတို့၏ ဝိဉာဉ်စွမ်းအင်များက လှိုင်းလုံးများပမာ ရိုက်ခတ်ကာ လုရီအား ထွက်ပြေးရန် အခွင့်အရေးမပေးဘဲ ချုပ်နှောင်ထားလေသည်။
လုရီက ခပ်ပြုံးပြုံးဖြင့် ရွဲ့စောင်းလိုက်၏။
"ခေါင်းတွေဖုံး၊ အမြီးတွေဖုံးပြီး ပုန်းကွယ်နေကြတဲ့ ခင်ဗျားတို့လိုလူတွေက အင်မော်တယ်ကျမ်းကို လိုချင်တယ်ပေါ့လေ"
ထိုစကားကို ကြားသော် ကျင့်ကြံသူတို့၏ လေထဲမှ ဝင်သက်၊ထွက်သက်များ၌ပင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာကြသည်။
" သောက်ကလေး..ကျားကို မကြောက်တဲ့ နွားပဲ..."
"ဒီလိုဆိုမှတော့ ကောင်စုတ်လေးကိုသတ်ပြီး ဝိညာဉ်ရှာဖွေလိုက်ရုံပဲ! ဒီလိုလုပ်လို့ အင်မော်တယ် ထပ်မပေါ်လာနိုင်ဘူး..."
"ကောင်စုတ်လေး..သေပေတော့"
ဟင်းလင်းပြင်ဥမင်နှင့် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူများသည် ညာသံပေး၍ သူတို့၏ ဝိဉာဉ်စွမ်းအင်များကို အရူးအမူး ထုတ်လွှတ်လိုက်ကြ၏။ မိမိတို့၏ ကျင့်ကြံခြင်းလက်နက်များအား ကိုင်စွဲကာ ကြောက်မက်ဖွယ် တိုက်ကွက်များကို ဆင့်ခေါ်ကြသည်။
ဟင်းလင်းပြင် ဥမင်ကျင့်ကြံသူတစ်ဦးက
အနီရောင် မီးတောက်များ တဝဲလည်လည်တက်နေသော ကျောက်ပြားနီကြီး တစ်ခုကို ပစ်လွှတ်လိုက်ရာ မီးလျှံတို့၏ အပူရှိန်ကြောင့် ကောင်းကင်ပင် လိမ်ကောက်သွားသည်။
တဆက်တည်းမှာပင် ထိုကျောက်ပြားနီကြီးက လုရီဆီသို့ ဥက္ကာခဲပမာ လျင်မြန်စွာ ထိုးဆင်းလာသည်။
အခြားဟင်းလင်းပြင် ဥမင်ကျင့်ကြံသူတစ်ဦးကမူ လေထဲတွင် လျင်မြန်စွာ အဆမတန် ဖောင်းကားသွားသော အစိမ်းရောင်ပိုက်ကွန် တစ်ခုကို ပစ်ထုတ်လိုက်ခြင်းဖြင့် နယ်မြေတစ်ခုလုံးကို လုံးဝပိတ်ဆို့လိုက်ပြီး လုရီအား ပြေးပေါက်ပိတ်စေ၏။
နောက်တစ်ဦးက ဓားသိုင်းကွက် တစ်ခုကို ထုတ်သုံးလိုက်ရာ ဓားရှည်ကိုးချောင်း ကောင်းကင်သို့ ပျံတက်သွားပြီး တိမ်မည်းများပမာ လှိမ့်ဆင်းလာသည့် မကောင်းဆိုးဝါးအငွေ့အသက်များနှင့်အတူ လုရီအား သတ်ရန် ဦးတည်လာသည်။
နောက်ဆုံးတစ်ဦးကမူ ရွှေရောင်စစ် တံခွန်ကို ဝှေ့ယမ်းလိုက်ရာ တံခွန်မှ ထက်ရှ၍ ကြီးမားသော စွမ်းအားနှင့် ရွှေရောင် အလင်းတန်းများ ရုန်းကြွလာလေသည်။
အခြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများကလည်း မိမိတို့၏ အဖိုးတန် လက်နက်များနှင့် အစွမ်းထက် တိုက်ကွက်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ကျင့်ကြံသူအားလုံး၏ အစွမ်းထက် သိုင်းကွက်များနှင့် အဖိုးတန်လက်နက်များက လုရီအား ဦးတည်လျက် ကောင်းကင်တစ်ခုလုံး ဝိဉာဉ်စွမ်းအင်များဖြင့် လွှမ်းမိုးသွားတော့၏။ ထိုမျှကြီးမားသော တိုက်ခိုက်မှု၏ မျက်နှာစာ၌ လှိုင်းထလာသော ဝိဉာဉ်စွမ်းအင်သည် ကောင်းကင်ကိုပင် တုန်ခါပျက်ယွင်းစေရုံမျှမက အက်ကွဲကြောင်းနက်များပင် ပွင့်ဟသွားစေသည်။
လုရီက ဗဟိုတွင် မတုန်မလှုပ် ရပ်နေသည်ဖြစ်ရာ သူ၏ ရုပ်ခန္ဓာမှာ အလွန်အားကောင်းသော်ငြားလည်း ဤအချိန်၌ ကြီးမားသော ဖိအားကို ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်က လေးဦးထက်မနည်းသော ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူများ ၏ အင်အား ပြည့် တိုက်ခိုက်မှုပင်တည်း။
လုရီ၏ မျက်လုံးများတွင် ထက်ရှသောအကြည့်တစ်ခု လက်ခနဲ ပေါ်လာသည်။
ဟမ့်၊ ဒီလူတွေက နည်းနည်းလောက်တောင် ဂရုစိုက်ရကောင်းမှန်း မသိကြတော့ပါလား။
သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိဉာဉ်စွမ်းအင်များ စီဆင်းလာနေပြီး နောက်တစ်ခဏတွင် ကြယ်များဖြင့် ထွင်းထုထားသော ရှေးခေါင်းလောင်းကြီးတစ်လုံး လုရီ၏
ခေါင်းထက်ဝယ် ရုတ်ချည်း ပေါ်လာသည်။
ခေါင်းလောင်းတုန်ခါ မြည်ဟည်းလာသည်နှင့်အမျှ ကြယ်ရောင်ခြည်များ အောက်သို့စီးဆင်းလာပြီး လုရီအား ဝန်းရံထားလေသည်။
ထိုစဉ်တွင် တိုက်ခိုက်မှုအားလုံးသည် ရှေးခေါင်းလောင်းကြီးပေါ်သို့ ထိမှန်ကာ လုရီနှင့် ခေါင်းလောင်းကို ဝိဉာဉ်စွမ်းအင်လှိုင်းလုံးများထဲသို့ နစ်မြှုပ်သွားစေသည်။ သို့သော် တိုက်ခိုက်မှုအားလုံးကို ကြယ်ရောင်ခြည်များက ပိတ်ဆို့ထားသည်။
၎င်းမှာ လုရီ အစောပိုင်းက ရရှိခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်သည့် အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်
'မှော်ကြယ်ခေါင်းလောင်း' ပင်တည်း။
ဝိဉာဉ်လက်နက်သည် အင်မော်တယ် လက်နက်အောက် အပြင်းထန်ဆုံး အဖိုးတန် လက်နက် ဖြစ်၏။ မဟာယာနနယ်ပယ်၏ ကြီးမြတ်သောစွမ်းအားပိုင်ရှင်ပင် အလယ်အလတ်အဆင့်
ဝိဉာဉ်လက်နက်ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
၎င်းသည် လုရီ၏ လက်ထဲတွင်မူ ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ တိုက်ခိုက်မှုများကို ခုခံနိုင်လောက်အောင် လုံလောက်နေပေသည်။
တိုက်ခိုက်မှုအားလုံး ပိတ်ဆို့ခံရသည်ကို မြင်သောအခါ လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားသည်။
ထို့နောက် သူတို့၏ မျက်လုံးများက လုရီ၏ ခေါင်းပေါ်ရှိ ခေါင်းလောင်းဟောင်းကြီးပေါ်သို့ အကြည့်များရောက်ရှိလာပြီး မျက်လုံးများအတွင်း လောဘရိပ်တို့ တောက်ပလာကြသည်။
"ဟာ…ဒါက... ဝိဉာဉ်လက်နက်ပဲ!"
"ဒီလိုအားလှိုင်းမျိုးဆိုတော့၊ အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက် ဖြစ်ရမယ်!"
"ဟီးဟီးဟီး..ဒီအလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ကို ကျုပ်ယူရမယ်!"
ဟင်းလင်းပြင်ဥမင်နှင့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများက ပြိုင်တူပင် ညာသံပေး၍ ဟစ်အော်ကြရင်း အရှိန်အဝါများ ပိုမို ထုတ်ဖော်ကာ လုရီထံသို့ ဦးတည်ပြေးဝင်လာကြသည်။ သူ၏ ခေါင်းပေါ်ရှိ ခေါင်းလောင်းကို ဦးစွာ လုယူရန် ကြိုးစားကြခြင်းပင်။
အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ပင်ဖြစ်စေကာမူ ၎င်းကို မည်သူက အသုံးပြုသည်ဆိုသည်မှာ အရေးကြီးသည်။ လုရီက ပါရမီထူးချွန်သူဖြစ်သော်လည်း အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်၏ အစွမ်းအပြည့်ကို ထုတ်လွှတ်နိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။ အမှန်တကယ်တွင် ဝိဉာဉ်လက်နက်သည် အသုံးပြုရန်အတွက် ဝိဉာဉ်စွမ်းအင်များစွာ လိုအပ်သောကြောင့် ၎င်းကို အသက်သွင်းရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။
ထိုအချိန်မှာပင် လုရီက လက်ဝှေ့ယမ်းလိုက်ရာ
လေထဲမှ ကျမ်းလိပ်ဖြူ တစ်ချပ် ပျံထွက်လာသည်။ ကျမ်းလိပ်ပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို ထွင်းထုထားသကဲ့သို့ သိပ်သည်းသော အခင်းအကျင်းပုံစံများက
မှိန်ပျပျ လင်းနေသည်။
ယင်းကား...အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက် 'ကောင်းကင်အခင်းအကျင်းမြေပုံ'ပင်။
၎င်းသည်လည်း လုရီရရှိထားသော အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ပင်တည်း။ သူ၏ အခင်းအကျင်းတာအိုနယ်ပယ်က လုံလောက်ပါက ကောင်းကင်အခင်းအကျင်းမြေပုံကို ဗဟိုပြု၍ အစွမ်းထက်သော အခင်းအကျင်းတစ်ခုကို ကြိုတင်အခင်းအကျင်းပုံစံများ ဆွဲရန်မလိုဘဲပင် အသုံးပြုနိုင်သည်။
လုရီ၏ အခင်းအကျင်းတာအိုနယ်ပယ်က မနိမ့်ကျမည် မဟုတ်သည်မှာ သေချာပါသည်။
နက်နဲဆန်းကြယ်သော အခင်းအကျင်းပုံစံများက သူ၏ မျက်လုံးများတွင် စုစည်းလာပြီး ကောင်းကင်အခင်းအကျင်းမြေပုံသည် လေနှင့်အတူ ပွယောင်းလာသည်။ ကီလိုမီတာဒါဇင်ပေါင်းများစွာကို လွှမ်းခြုံထားသော ကောင်းကင်ပိတ်ကားအဖြစ် ပြောင်းလဲသွားပြီး နယ်မြေတစ်ခုလုံးကို ၎င်းအောက်တွင် ဝန်းရံထားသည်။
ကောင်းကင်အခင်းအကျင်းမြေပုံကျမ်းလိပ်သည် ကောင်းကင်နှင့် ပေါင်းစည်းသွားသကဲ့သို့ အခင်းအကျင်းပုံစံများသည် ကောင်းကင်တွင် ထူထပ်စွာ ထွင်းထုထားပြီး ထူးခြားသောအသက်ရှူသံများဖြင့် တုန်ခါနေကာ ကမ္ဘာလောကပင် ပြောင်းလဲသွားသကဲ့သို့ပင်။
ဤမြင်ကွင်းကို မြင်သော် လူတိုင်း၏ မျက်နှာများ ဖြူဖတ်သွားသည်။
"ဘုရားရေ၊ နောက်ထပ် အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်ကြီးလား"
"အခင်းအကျင်းတာအို ဝိဉာဉ်လက်နက်..ဒါက..အခင်းအကျင်းတာအို ဝိဉာဉ်လက်နက်ပဲ..အခင်းအကျင်းကျင့်ကြံသူရဲ့ စွမ်းအားကို အများကြီးမြှင့်တင်ပေးနိုင်တယ်!"
လုရီသည် အခင်းအကျင်းတာအိုနှင့် ဓားတာအို နှစ်မျိုးလုံးအား လိုက်စားပြီး နှစ်ခုစလုံးတွင် အံ့မခန်းကျွမ်းကျင်သည်ကို အရှေ့နယ်မြေရှိ လူတိုင်းနီးပါးသိရှိထားကြသည်။
အင်မော်တယ်ဓားဂိုဏ်း၏ အပျက်အစီးများအတွင်း၌ လုရီသည် ကောင်းကင်နန်းတော်မှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများကိုပင် သူ၏ အခင်းအကျင်းတာအိုဖြင့် နှိမ်နင်းခဲ့သည့် နတ်ဆိုးပင်။
ယခုအခိုက်အတန့်ဝယ် ကောင်းကင်တစ်ခုလုံး အခင်းအကျင်းပုံစံများဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ သူတို့၏ ရင်ထဲ၌ ခဲဆွဲသကဲ့သို့ ခံစားလိုက်ရသည်။
ထိုစဉ် အစိမ်းရောင်အလင်းဖြင့် ဖုံးအုပ်ထားသော ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူတစ်ဦးက
မာန်ပါပါ အားပေးလိုက်သည်။
"မကြောက်ကြနဲ့၊ ကောင်စုတ်လေးက ဟန်ဆောင်နေတာ! သူ့ကျင့်စဉ်အဆင့်နဲ့ဆို ဒီလောက် အားကောင်းတဲ့ အခင်းအကျင်း တာအို ဝိဉာဉ်လက်နက်ကို မသုံးနိုင်မှာမဟုတ်ဘူး!"
အခြားသူများကလည်း မျက်လုံးများတုန်လှုပ်စွာဖြင့် လေထဲတွင်ရပ်နေသော လုရီကို စူးစိုက်ကြည့်နေကြသည်။
ထိုအခိုက်အတန့်၌ သူ၏ခေါင်းပေါ်တွင် မှော်ကြယ်ခေါင်းလောင်းကို တင်ထားပြီး ကောင်းကင်အခင်းအကျင်းမြေပုံအောက်တွင် နင်းရပ်နေသော လုရီ၏ အမူအရာမှာ ကျက်သရေရှိပြီး ထူးခြားလှသည်။
"ရောင်းရင်းတို့..မှန်တယ်! အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်နှစ်ခုကြီးများတောင်၊ဒီကောင်စုတ်လေးက နှစ်ခု စလုံးကို သုံးနိုင်မှာ မဟုတ်ဘူး"
"သူ့ကိုသတ်"
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူနှင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအားလုံးက
တဟုန်ထိုး ဟစ်အော်ကာ လုရီထံသို့ တစ်ဖန် ပြန်၍ အပြင်းအထန် တိုက်ခိုက်လာကြပြန်သည်။
ထိုစဉ်မှာပင် လုရီက နှုတ်ခမ်းတစ်ချက် တွန့်ကွေးကာ.. သူ၏ လက်ညှိုးကို ကွေးလိုက်ရာ ကောင်းကင်အခင်းအကျင်းမြေပုံပေါ်ရှိ အခင်းအကျင်းပုံစံများ လင်းဖြာသွားပြီး မဟာအခင်းအကျင်းကြီး ရုတ်ချည်းပင် အသက်ဝင်လာတော့သည်တကား။