အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း ၂၉၅- မိစ္ဆာ ဂြိုလ်သားမျိုးနွယ်၊ ကျားဖြူ သတ်ဖြတ်ရေး အခင်းအကျင်း ...
~လုရီသည် ထိုသို့သော အထူးတဆန်း အသွင်အပြင်ကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့။ ရှေးမှတ်တမ်းများတွင်ပင် တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။
သူ မယုံကြည်နိုင်စွာ မြည်တမ်းမိသည်။
“သွေးဝိညာဉ်ဂိုဏ်းရဲ့ ဘိုးဘေးက မိစ္ဆာမျိုးနွယ်လား။”
လုရီတစ်ဦးတည်း မယုံနိုင်ခြင်း မဟုတ်။ သူ့နောက်ရှိ လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့လည်း သိသိသာသာ တုန်လှုပ်သွားကြသည်။
မိစ္ဆာမျိုးနွယ်၊ ပင်လယ်မျိုးနွယ်နှင့် အခြား မိစ္ဆာမျိုးနွယ်အချို့မှအပ ကျန် ဂြိုလ်သား မိစ္ဆာ
မျိုးနွယ် အများစုသည် အလွန်တရာမှ သွေးဆာတတ်ကြသည်။
လူသားဂိုဏ်း၏ ဘိုးဘေးတစ်ဦးက ဂြိုလ်သား မိစ္ဆာမျိုးနွယ် ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ စိတ်ကူးမယဉ်ဖူးခဲ့ကြ။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၊ သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီး ပုဂ္ဂိုလ်များပင် အကြီးအကျယ် ပြောင်းလဲသွားသော ၎င်းတို့၏ ဘိုးဘေးကို ပြူးကျယ်သော မျက်လုံးအစုံဖြင့် မှင်သက်ကာ ကြည့်နေကြသည်။
“ဘိုးဘေးက မိစ္ဆာမျိုးနွယ်လား၊ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“အလို..ဘယ်လိုဖြစ်ရတာလဲ”
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အုပ်စုတစ်စု ကြက်သေ သေသွားရှာကာ သူတို့၏ မျက်နှာများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ မျက်လုံးများက သွေးရောင်နီရဲနေသည်။ သူသည် လုရီကို တည်ငြိမ်စွာ ကြည့်၏။ သွေးမြူအမျှင်တို့ သူ့ပတ်လည်တွင် လှည့်ပတ်၍ လတ်လတ်ဆတ်ဆတ် သွေးများ သူ့အရေပြားပေါ်တွင် စီးဆင်းနေသကဲ့သို့ပင်။
သူ၏ ပုံစံမှန်ကို ထုတ်ဖော်ပြီးနောက် သူ၏ မူလစိတ်ခံစားမှုများကိုလည်း ထုတ်လွှတ်လိုက်သည်။
နှစ်မီတာကျော်မြင့်သော လူသန်ကြီး၏
မျက်နှာသွင်ပြင်က ရက်စက်၍ သွေးဆာနေသည်။
“လုရီ၊ ငါ့ကိုယ်ငါ ထုတ်ဖော်ချင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက ငါ့ကို ရွေးချယ်ခွင့် မရှိအောင် လုပ်လိုက်ပြီ။”
သူ့အသံကား ကျူးယို ငရဲ၏ နက်ရှိုင်းရာမှ ထွက်ပေါ်လာသကဲ့သို့ပင်။
လုရီသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး လူသန်ကြီးကို ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုသည်။
“ခင်ဗျားလို မိစ္ဆာတစ်ကောင်က ချင်းကျိုးမှာ ဂိုဏ်းထူထောင်တယ်။ မိစ္ဆာသိုင်းပညာတွေတောင် ဖြန့်ဖြူးတယ်။ ဝိုင်းဝန်းတိုက်ခိုက်ခံရဖို့
မကြောက်ဘူးလား။”
“ဟမ့်..ဒါ ဘယ်သူမှ သိမှာ မဟုတ်ဘူး!”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ သတ်ဖြတ်လိုစိတ်ကား ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းပမာပင်။ သူ့နောက်ရှိ သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီး ကျင့်ကြံသူများကိုပင် ကြက်သီးထစေသည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် လူတိုင်းကို သတ်ရန် စီစဉ်ထားသည်။ သူ့ဂိုဏ်းမှ အင်အားကြီးများကိုပင် မချန်ပေ။
လုရီ၏ ကိုယ်တစ်ကိုယ်လုံးတွင် ဝိဉာဉ်စွမ်းအင်များ လည်ပတ်စေကာ ပြုံးလိုက်သည်။
“ကျုပ် ထွက်သွားဖို့ ဆုံးဖြတ်ရင် ခင်ဗျား ဘယ်လောက်ပဲ သန်မာပါစေ မတားနိုင်ဘူး”
ဤစကားကို ကြားသောအခါ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး ရယ်လိုက်သည်။ သူ ခေါင်းကို
နောက်သို့လှန်ပြီး မိုးခြိမ်းသလို အသံနက်ကြီးဖြင့် ခွက်ထိုးခွက်လန် ရယ်လေသည်။
သူ့အောက်ရှိ ကျန်ရှိသော ချီသန့်စင်အဆင့်နှင့် အုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် တပည့် အများအပြားသည် သူ့ရယ်သံကြောင့် အပိုင်းပိုင်း ပြတ်သွားကြသည်။
ထိုသူက ကြိမ်းမောင်းလိုက်လေသည်။
“ဟားဟားဟား...မင်းက လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှား ဉာဏ်ကြီးရှင်၊ ထျန်းမင်မှာတောင် ထူးခြားတဲ့ ပါရမီရှင်ဆိုတာ ငါ သေချာပေါက် သိတယ်။ မင်းလို ထူးခြားတဲ့သူ ရှိလာလိမ့်မယ်လို့ တစ်ကြိမ်မှ မမျှော်လင့်ထားဘူး။ ဒါပေမဲ့… ငါ့ကိုယ်ငါ ထုတ်ဖော်လိုက်ပြီဆိုကတည်းက မင်းကို ထွက်ပြေးဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူးကွ...”
သွေးရောင်အလင်းတန်း တဖျတ်ဖျတ်လက်သည်။
လူသန်ကြီး၏ လက်များက ရှုပ်ထွေးနက်နဲသော စည်းတံဆိပ် တစ်ခုကို ဖွဲ့စည်းလိုက်သည်။
နောက်တစ်ခဏတွင် မြေကြီး တသိမ့်သိမ့်တုန်၍ သွေးဝိဉာဉ် ချောက်နက်ကြီး တစ်ခုလုံး တုန်ခါသွားသည်။
ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။
လုရီ၏ မျက်ဆံများ ကျုံ့သွား၏။ သူ ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
သွေးဝိဉာဉ် ချောက်နက်ကြီး၏ ကောင်းကင်က မူလ၌ သွေးရောင်အလင်းတန်း တဖျပ်ဖျပ်လက်နေသည်။
၎င်းက သွေးဝိညာဉ်ဂိုဏ်း၏ ကြီးမားသော အခင်းအကျင်းပင်။ သို့သော် ယခုအခါ သွေးရောင်အလင်းတန်းသည် ပိုမို ထူထပ်၍ သွေးရောင်အလင်းလွှာတစ်ခုအဖြစ် ပုံဖော်ကာ
သွေးဝိဉာဉ် ချောက်နက်ကြီးတစ်ခုလုံးကို လုံးဝ ပိတ်ဖုံးထားသည်။
သတ်ဖြတ်လိုစိတ်များ ပြည့်နေသော သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက လုရီကို ကြည့်ရင်း ဝင့်ကြွားစွာ ဆိုသည်။
“ဒါ ငါ့ရဲ့ လျှို့ဝှက်ရတနာပဲ။ လေဟာနယ်ကိုပါ ပိတ်ဆို့ထားလို့ ဘယ်သူမှ ထွက်ပြေးလို့ မရနိုင်ဘူး။ ဒီချောက်နက်ကြီးက မင်းတို့ရဲ့ သင်္ချိုင်းဖြစ်လိမ့်မယ်!”
သူ့နောက်ရှိ သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီး ကျင့်ကြံသူများ၏ မျက်နှာများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
အဘိုးအိုတစ်ဦး အော်ဟစ်လိုက်သည်။
“ငါ ဒီနေရာကနေ ထွက်သွားရမယ်။”
သူ သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ သွေးရောင်အလင်းလွှာဆီသို့ ပြေးဝင်သွားသည်။
“ထန်...!”
ထိုအဖိုးအိုက အစွမ်းကုန် အင်အားထုတ်ဖော်၍ သွေးရောင်အလင်းတိုင်တစ်ခုကို သွေးရောင်အလင်းလွှာပေါ်သို့ ပစ်လွှတ်လိုက်သည်။
ထန်ခနဲ မြည်သံကြားတွင် အလင်းလွှာက
မတုန်ခါချေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအဖိုးအို၏ မျက်နှာတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
သွေးဝိညာဉ်ဂိုဏ်းမှ အခြား အင်အားကြီးများလည်း အလွန်တရာ တုန်လှုပ်နေကြသည်။
လုရီသည် သွေးရောင်အလင်းလွှာကို အကဲခတ်လိုက်၏။ သူ့မျက်နှာထား အနည်းငယ် ပိုတည်ကြည်လာသည်။
လုရီနောက်ရှိ လျိုနင်ရွှမ်းနှင့် အခြားသူများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။
သုန်းကုန်းမင်ယွဲ့က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ပြောဆိုလာသည်။
“စီနီယာ အစ်ကို..ငါတို့ ဘာလုပ်သင့်သလဲ။”
လုရီသည် အဝေးရှိ ဂြိုလ်သား မိစ္ဆာကို နက်ရှိုင်းစွာ ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ဆိုသည်။
“စိတ်မပူပါနဲ့။ သေရမယ့်သူက ငါတို့ မဟုတ်နိုင်သေးဘူး။”
ဤစကားကို ကြားသောအခါ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး ချောက်ခြားဖွယ်ရာ အသံနက်ကြီးကိုထုတ်လွှတ်လိုက်ပြန်ပြီး ရယ်လိုက်သည်။
“လူသားမျိုးနွယ်ရဲ့ ပါရမီရှင်မို့လို့ပဲ။ ငါတို့နဲ့ အဆင့်တူသာဆိုရင် ငါ လှည့်ထွက်သွားမှာ သေချာတယ်။ ဒါပေမဲ့ ငါက မင်းထက် နယ်ပယ်ကြီးတစ်ခု မြင့်နေတာလေ..ဘယ့်နှယ့်လဲ..အနိုင်ယူနိုင်သေးတယ်လို့ စိတ်ကူးယဉ်နေတာလား။”
လုရီ၏ မျက်နှာထားက ကန်ရေပြင်ပမာပင်။
သူ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဝိုးတဝါး ပြုံးရင်း ဆိုသည်။
“ဟမ့်..မကြိုးစားဘဲ ဘယ်လိုသိနိုင်မလဲ။”
သူ့တစ်ကိုယ်လုံးတွင် ဝိဉာဉ်စွမ်းအင်များ ပြင်းထန်သော အမြန်နှုန်းဖြင့် စီးဆင်းလာသည်။ ကောင်းကင်ရှိ အခင်းအကျင်းပုံစံများ လင်းလက်ကာ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်ထားသည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက လုရီစကားကြောင့် အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
“အဲ့လို မဖြစ်နိုင်ဘူး”
သူ၏ ကိုယ်ခန္ဓာမှ တောက်ပသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာ၍ သွေးစွမ်းအင်များ ကိုယ်တစ်ဝိုက်တွင် လည်ပတ်နေသည်မှာ သွေးရောင် နေမင်းတစ်စင်း လောင်ကျွမ်းနေသကဲ့သို့ပင်။
နောက်တစ်ခဏတွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့်တပြိုင်နက် လုရီထံသို့ ပြေးဝင်သွားသည်။ လှုပ်ရှားလိုက်သည်နှင့် လေဟာနယ် အကြီးအကျယ် ပုံပျက်သွား၍ အက်ကြောင်းများပင် ပေါ်လာသည်။
ဤ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် မိစ္ဆာမျိုးနွယ် တစ်ဦးဖြစ်သည့်အလျောက် သူ၏ ရုပ်ခန္ဓာ က အလွန်သန်မာသည်။ သူ ကျင့်ကြံသော ကျင့်ကြံခြင်းနည်းစနစ်သည် သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် တစ်မျိုးတစ်မည် ကွဲပြားပုံရပြီး သူ၏ ရုပ်ခန္ဓာစွမ်းအားကို များစွာ မြှင့်တင်ပေးထားသည်။
သူ၏ အရှိန်အဝါကား ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ပမာ စွမ်းအားမျှင်တို့ ကောင်းကင်သို့ ပျံတက်နေသည်။
လုရီ၏ မျက်နှာထား ပြင်းထန်လာ၍ မျက်လုံးထဲတွင် ရှုပ်ထွေးလှသော အခင်းအကျင်းပုံစံများ ပေါ်လာသည်။ ကောင်းကင်ရှိ အခင်းအကျင်းပုံစံများလည်း တုံ့ပြန်မှုအနေဖြင့် လင်းလက်လာသည်။
ယခုတစ်ကြိမ်တွင် အခင်းအကျင်းပုံစံ၏ သုံးပုံတစ်ပုံပင် လင်းလက်လာသည်။ ယခင်..ကောင်းကင်မူလဂိုဏ်းမှ ဟင်းလင်းပြင် ဥမင်နယ်ပယ် ကျင့်ကြံသူကို ရင်ဆိုင်ခဲ့စဉ်က ထက်ပင် ပိုများလေသည်။
ကောင်းကင်တွင် မှောင်မည်းသော တောင်ထိပ်များ အသက်ဝင်၍ ဥက္ကာခဲများပမာ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးထံသို့ ပြေးဝင်သွားသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့၍ ၎င်းတို့ ဖြတ်သန်းရာ နေရာတိုင်းတွင် လေဟာနယ် ခဲသွားသကဲ့သို့ လေများ မုန်တိုင်းထန်လာသည်။ လေဟာနယ် ပုံပျက်သွားပြီး အက်ကြောင်းများ ပေါ်လာသည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ ကိုယ်ခန္ဓာ နေရာတွင် တောင့်တင်းနေသည်။ နောက်တစ်ခဏတွင် သူ အော်ဟစ်လိုက်ရကာ သူ၏ ကိုယ်တစ်ကိုယ်လုံး တုန်ခါသွားသည်။ လေဟာနယ် ကွဲကြေသွားသော အသံ ထွက်ပေါ်လာသည်။
သူ မော့ကြည့်ရင်း ဟိန်းဟောက်ကာ ကြီးမားသော လက်သီး တစ်ချက်အား မှောင်မည်းသော တောင်ထိပ်များဆီသို့ ထိုးသွင်းသည်။
“ဝုန်း.....”
ဝုန်းခနဲ မြည်သံအောက်တွင် တောင်ထိပ်များ၊ တစ်ခုစီ ဆယ်တန်ကျော်လေးသော တောင်ထိပ်များသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ လက်သီးချက်ကြောင့် တိုက်ရိုက် ကွဲကြေသွားသည်။
အိမ်ကြီးများပမာ ကြီးမားသော အပိုင်းအစများအဖြစ် လေးဘက်လေးတန်သို့ ပြန့်ကျဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျှင်တို့၏ အစအနများပင် ပါရှိနေဆဲပင်။
ကျောက်တုံးများ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ဥက္ကာခဲများ ကမ္ဘာမြေကို ထိမှန်သလို
မြေ မျက်နှာပြင်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော တွင်းနက်ကြီးများ တစီတတန်းကြီး ပေါ်ထွက်လာသည်။
အခန်း၂၉၆-မိစ္ဆာ ဂြိုလ်သားမျိုးနွယ်၊ ကျားဖြူ သတ်ဖြတ်ရေး အခင်းအကျင်း ...
~လုရီ မျက်လုံးအစုံက ပြူးကျယ်သွား၏။
ဤအခင်းအကျင်းပုံစံကြီးကား ဟင်းလင်းပြင်ဥမင်ရှစ်လွှာ၊ ကိုးလွှာ ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်လှသည်။
သို့သော် သွေးဝိညာဉ်ဂိုဏ်း၏ ဘိုးဘေးကမူ ယင်းကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်ချေပြီ။
မှန်သည်။ ဘိုးဘေး၏ ခွန်အားကား သာမန်မဟုတ်။
လုရီပင် အံ့အားသင့်မိနေသည်ဆိုလျှင် အခြားသူများဆိုသည်မှာ ပြောဖွယ်ရာမလို။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုလှိုင်းများကို မြင်တွေ့ရသောအခါ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများအုပ်စု၏ နှလုံးသားများက အေးစက်သွားကြလေသည်။
လုရီဖြစ်စေ၊ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးအား ဖြစ်စေ၊ သူတို့ နှစ်ယောက်လုံးကို သေစေလိုနေကြ၏။
ထိုမျှသော စွမ်းအားဖြင့် သူတို့ မည်သို့ ခုခံနိုင်မည်နည်း။
မည်သူ အနိုင်ရသည်ဖြစ်စေ၊ အရှုံးရသည်ဖြစ်စေ၊ သူတို့ကား နိဂုံးချုပ်ရပေတော့မည်။
ခဏချင်းအတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီးမားသော သူများအုပ်စု၏ မျက်နှာများသည် သွေးရောင် မဲ့ကာ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
ထိုအထဲတွင် အထွတ်အထိပ် နတ်ဘုရားအသွင်ပြောင်း အဆင့်ရှိသည့် သက်ကြီးနတ်ဆိုးကြီးနှစ်ပါးလည်း ပါဝင်သည်။
သူတို့၏ ရင်ထဲတွင် လုရီနှင့် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး နှစ်ဦးစလုံး တစ်ပြိုင်နက် သေကြေပျက်စီးကြပါစေဟု တိတ်တဆိတ် ကျိန်ဆဲနေကြ၏။
ထိုအချိန်တွင် လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးမှာလည်း လွန်စွာ ထိတ်လန့်တုန်လှုပ်ကာ လုရီအတွက် စိုးရိမ်ပူပန်နေကြ၏။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးက ရယ်မောလိုက်သည်။
“လုရီ… မင်းမှာ ဘာသိုင်းပညာတွေ ရှိသေးလဲ ထုတ်သုံးလိုက်! ဒီနေ့တော့ မင်းကို သေရကျိုးနပ်အောင် လုပ်ပေးမယ်!”
ပြောပြောဆိုဆိုနှင့် သူသည် သွေးရောင်နေမင်းတစ်စင်းပမာ လုရီဆီသို့ ဦးတည်ကာ ပြေးဝင်သွားသည်။
လုရီ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ။ တစ်ခွန်းတစ်ပါဒမျှ မဆိုဘဲ လက်ဟန်များကို ပြန်ရေးဆွဲလိုက်ရာ ကောင်းကင်အခင်းအကျင်း မြေပုံ၏ တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားသည့် ပို၍ပင် ရှုပ်ထွေးကျယ်ပြန့်သော အခင်းအကျင်းပုံစံများကို ဖန်တီးလိုက်၏။
ပေါက်ကွဲသံနှင့် ဖိအားများ.....တခဲနက် ထွက်ပေါ်လာတော့သည်။
ဖောင်း...
ကောင်းကင်ကြီးက ဖိအားဒဏ်ကို မခံနိုင်သည့်အလား အက်ကွဲသွားပြီး သွေးဝိညာဉ်ဂိုဏ်း၏ နက်ရှိုင်းသော ချောက်ကြီး တစ်ခုလုံး တုန်ခါသွားကာ မြေပြင်နှင့် နံရံများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
ဖိအားဒဏ်ကြောင့် သွေးဝိညာဉ်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် တပည့်များ၏ ခန္ဓာကိုယ်များတွင် အက်ကွဲကြောင်းများ ပေါ်လာပြီး သွေးများ
ပွက်ပွက်စီးကျ၏။
ရွှေအူတိုင် ကျင့်ကြံသူများပင် ရင်ဘတ်ပေါ်၌ ဧရာမတောင်ကြီးတစ်လုံး ဖိထားသည့်အလား မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားကြ၏။
လူတိုင်း ကောင်းကင်ကို ကြောက်အားလန့်အား မော့ကြည့်နေကြသည်။
ကောင်းကင်အခင်းအကျင်း မြေပုံထဲတွင် ဝိဉာဉ်စွမ်းအင်များ အော်ဟစ်ကာ ထောင်ပေါင်းများစွာသော ပေအရှည်ရှိသည့် ကျားဖြူတစ်ကောင်အဖြစ် ပေါင်းစည်းသွား၏။
ကျားဖြူကြီး ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော လေပြင်းများ ဖြစ်ပေါ်လာပြီး ရွှေအူတိုင် ကျင့်ကြံသူများနှင့် ယင်းအောက် အဆင့်ရှိသူများ သွေးများ ဆက်တိုက် အော့အန်ကြ၏။
ကျားဖြူ၏ ဖိအားအောက်တွင် မြေပြင်သည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေသော နက်ရှိုင်းသည့် တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
“ဒါ… ဒါ ကျားဖြူသတ်ဖြတ်ခြင်း အခင်းအကျင်းလား။ ဒီအခင်းအကျင်းထဲ ပိတ်မိသွားရင် ပေါင်းစည်းခြင်း မဟာအင်အားရှင်တွေတောင် အထိနာတတ်တယ်လို့ ကြားဖူးတယ်…”
သွေးဝိညာဉ်ဂိုဏ်းမှ ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသည့် နတ်ဘုရားအသွင်ပြောင်း သက်ကြီးနတ်ဆိုးကြီးတစ်ဦးက ကျားဖြူ ပုံဖော်လာသည်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်စွာ ထိတ်လန့်တုန်လှုပ်လျက် ပြောလိုက်၏။
လုရီအနေဖြင့် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မဟာအခင်းအကျင်းကို ဖန်တီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးက ဧရာမကျားဖြူကြီးကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်သွား၏။
“ဟမ့်...ဒီကျားဖြူ ပုံရိပ်ယောင်လေးနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား!”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ သူ၏ သွေးစွမ်းအင်များက နီရဲတောက်လောင်နေသော မီးလျှံအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုယ်အား ဖုံးလွှမ်းစေ၏။
ဒုန်း!!!
သူ ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ခြေအောက်မှ ကောင်းကင်ပြင်က အက်ကွဲသွား၏။ ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
မာန်သွင်းကာ ကျားဖြူဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
“ရာရှိုမွန် သတ်ဖြတ်ခြင်း လက်သီး!!”
တောက်လောင်နေသော သွေးမီးလျှံများအောက်တွင် သူ၏လက်သီးသည် ရွှေရောင်နေမင်းအဖြစ် ပြောင်းလဲကာ ကျားဖြူဆီသို့ ထိုးဖောက်ဝင်ရောက်သွား၏။
လုရီ၏ အတွေးတစ်ချက် ထုတ်ဖော်လိုက်ရာ ကျားဖြူက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ခြေသည်းများက ကောင်းကင်ကို နင်းကာ နေမင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဝုန်း...
ဂျုန်း....
ပေါက်ကွဲသံများအလယ်တွင် ကောင်းကင်ပြင်က ကြေမွသွားပြီး မည်းနက်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲလှိုင်းများ ပျံ့နှံ့လာရာ တိုက်ပွဲစသည်နှင့် အဝေးသို့ ဆုတ်ခွာနေသော သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများပင် မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည့်အလား ခံစားရ၏။
လျိုနင်ရွှမ်းနှင့် အခြားသူများက လုရီနောက်တွင် ရပ်နေကြသဖြင့် နောက်ဆက်တွဲလှိုင်းများမှ ကာကွယ်ထားခြင်း ခံရကာ အထိအခိုက်မရှိခဲ့ပေ။
ထိုစဉ်တွင် လူတိုင်းနီးပါး အသက်အောင့်လျက် တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
နောက်ဆက်တွဲလှိုင်းများ ငြိမ်သက်သွားပြီးနောက် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက ကောင်းကင်ယံတွင် ရပ်နေပြီး ကျားဖြူနှင့် မျက်နှာချင်းဆိုင်လိုက်၏။ နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများမှာ တန်းတူအင်အားရှိနေ၏။
သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီးမားသော သူများအုပ်စုမှာ အသက်ရှူဖို့ပင် ခဲယဉ်းလောက်အောင် ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
“ဘိုးဘေး… အဲ..မဟုတ်ဘူး၊ ဒီမိစ္ဆာမျိုးနွယ်က ကျားဖြူသတ်ဖြတ်ခြင်း အခင်းအကျင်းကို တကယ်တားနိုင်ခဲ့တယ်! ကြောက်စရာကောင်းလိုက်တာ! ဒါက ပေါင်းစည်းခြင်း မဟာအင်အားရှင်နဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ အခင်းအကျင်းပဲ!”
“ကြောက်စရာ အကောင်းဆုံးက လုရီ မဟုတ်လား။ သူ့ရဲ့ ကျင့်စဉ်က အခြေတည်ဝိဉာဉ် ခုနစ်လွှာပဲ ရှိသေးတာကို ဒီလို သတ်ဖြတ်ခြင်း အခင်းအကျင်းကို ဖန်တီးနိုင်ခဲ့တယ်။ ကျင့်ကြံခြင်း ရတနာတွေရဲ့ အစွမ်းကို သုံးနေရင်တောင်
မယုံနိုင်စရာပဲ!”
လူအုပ်ကြီးက သတိပြန်ဝင်လာပြီး တည်ငြိမ်နေသော လုရီကို ကြည့်လိုက်ရာ လုရီသည် အခြေတည်ဝိဉာဉ် အဆင့်သာ ရှိသေးကြောင်း ထိုအခါမှ သဘောပေါက်ကြ၏။
အခြေတည်ဝိဉာဉ် အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုသို့သော အခင်းအကျင်းကို ဖန်တီးနိုင်ခြင်းသည် လုံးဝကို အံ့မခန်း ဖြစ်သည်။ ကျင့်ကြံခြင်း ရတနာများ၏ အကူအညီဖြင့်ဖြစ်စေ၊ ၎င်းသည် အံ့အားသင့်စရာပင်။
လုရီလည်း အံ့အားသင့်မိ၏။ လွန်ခဲ့သည့် ခြောက်နှစ်ကသာဆိုလျှင် လုရီသည် ထိုမျှ အစွမ်းထက်သော အခင်းအကျင်းကို အသက်သွင်းနိုင်မည် မဟုတ်ပေ။
ဤခြောက်နှစ်တာကာလအတွင်း လုရီ၏ ကျင့်ကြံခြင်းအခြေခံများ တိုးတက်လာခဲ့ပြီး သူ၏ ဝိဉာဉ်စွမ်းအင် အရည်အသွေးလည်း သိသိသာသာ တိုးလာခဲ့၏။ ထို့အပြင် ထိပ်တန်း အခင်းအကျင်းပုံစံ ခွဲခြမ်းစိတ်ဖြာမှုများနှင့် ကောင်းကင်နန်းတော်၏ အခင်းအကျင်းတာအို အမွေအနှစ်များကို စုပ်ယူပြီးနောက် သူ၏ အခင်းအကျင်းတာအို နယ်ပယ်လည်း မြင့်တက်လာခဲ့တော့သည်။
သို့သော်လည်း လုရီသည် ကောင်းကင်အခင်းအကျင်း မြေပုံကို အသုံးပြု၍ ကျားဖြူသတ်ဖြတ်ခြင်း အခင်းအကျင်းကို အလွန်ပင် ခက်ခဲစွာ တပ်ဆင်ခဲ့ရပါ၏။
၎င်းသည် လုရီ၏ လက်ရှိ အပြင်းထန်ဆုံး သာမန်နည်းလမ်းဟု ဆိုနိုင်သည်။ သူ၏ ဓားတာအို နယ်ပယ်ကို အပြည့်အဝ အသက်သွင်းလျှင်ပင် ကျားဖြူသတ်ဖြတ်ခြင်း အခင်းအကျင်းနှင့်
မယှဉ်သာပေ။
သို့တိုင်အောင် ကျားဖြူသတ်ဖြတ်ခြင်း
အခင်းအကျင်းသည် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို မဖိနှိပ်နိုင်သေးပေ။
ဤမိစ္ဆာမျိုးနွယ်သည် အမှန်ပင် အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဟင်းလင်းပြင် ဥမင် အဆင့် ကျင့်ကြံသူဖြစ်သော်လည်း ပေါင်းစည်းခြင်းနယ်ပယ်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး အရှေ့နယ်မြေ တစ်ခုလုံး၏ အင်အားကြီးမားသူတစ်ဦးပင်။
လုရီ အံ့အားသင့်နေစဉ် တစ်ဖက်မှ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည်လည်း အလားတူ အံ့သြနေခဲ့၏။
လုရီ ထိုသို့သော အခင်းအကျင်းကို ဖန်တီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ၏သွေးများက သူ့ပတ်ဝန်းကျင်တွင် ဆူပွက်နေပြီး သူ၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေ၏။ သူ၏ သတ်ဖြတ်လိုစိတ်များက ဒီရေလို ဆူပွက်လာပြီး ဟိန်းဟောက်လိုက်သည်။
“သေပေတော့! ရာရှိုမွန် နတ်ဘုရားစွမ်းအား!”
သူ့နောက်တွင် ချွန်ထက်သော ဦးချိုရှည်များနှင့် ခန္ဓာကိုယ်ထွားကြိုင်းသော ကြောက်မက်ဖွယ် ရုပ်သွင်တစ်ခု ပေါ်လာ၏။ ထိုရုပ်သွင်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ ၎င်း၏ သတ်ဖြတ်လိုစိတ်များက ဒီရေလို ပျံ့နှံ့သွားပြီး သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားတော့သည်။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး၏ နီမြန်းသော အရေပြားပေါ်တွင် တောက်ပသော နီရဲသည့် ပုံစံများ ပေါ်လာပြီး သူ၏ အရှိန်အဝါမှာ ထပ်မံ တိုးတက်လာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျားဖြူဆီသို့ အပြေးအလွှား သွားတော့သည်။
လုရီ မျက်မှောင်ကြုတ်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ကျားဖြူကို ထိန်းချုပ်လိုက်သည်။
ကျားဖြူကြီး ဟိန်းဟောက်ကာ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးဆီသို့ ပြေးဝင်သွား၏။
အနီနှင့် အဖြူရောင် ဝိဉာဉ်အလင်းများ ရောယှက်ကာ ပေါက်ကွဲသံများ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွား၏။ စက်ဝိုင်းပုံ နောက်ဆက်တွဲလှိုင်းများ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး အောက်ဘက်ရှိ သွေးဝိညာဉ်ဂိုဏ်းမှာ လုံးဝ ပျက်စီးသွားကာ ဧရာမတွင်းနက်ကြီးများသာ ကျန်ရစ်တော့၏။
ချောက်နက်ကြီးအောက်ရှိ ဧရိယာမှာ ကျယ်ပြန့်လွန်းလှပြီး ယခုမူ မြေပြင်ပါ တုန်ခါနေကာ အက်ကွဲကြောင်းများ ဆက်တိုက်ပေါ်ပေါက်နေ၏။
ကျားဖြူ၏ ဟိန်းဟောက်သံများက စစ်ဗုံတီးသံများနှယ် ပဲ့တင်ထပ်နေပြီး ကောင်းကင်နှင့် မြေကြီးကို ပြည့်နှက်နေသည့် တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များက အလင်းတိုင်များနှယ် ကောင်းကင်သို့ ပစ်လွှတ်နေသလိုပင်။
သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများက သွေးရောင်အလင်းလွှာ၏ အစွန်းပိုင်းအထိ
ထပ်ခါတလဲလဲ နောက်ဆုတ်သွားကြ၏။
သွေးဝိညာဉ်ဂိုဏ်း တစ်ခုလုံးမှ တပည့်အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ပုံရ၏။
ဒုန်း!!!
ထိုစဉ်မှာပင် နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျားဖြူ၏ ကြေကွဲဖွယ် ဟစ်အော်သံက ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွား၏။ အဖြူရောင်အလင်းများ မှေးမှိန်သွားပြီး သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက လတ်ဆတ်သော သွေးများဖြင့် ဖုံးလွှမ်းနေကာ ဒဏ်ရာအများအပြားဖြင့် ကောင်းကင်ယံတွင် ရပ်နေ၏။ ကျားဖြူ ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။
ဒဏ်ရာများ ရရှိခဲ့သော်လည်း သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ အရှိန်အဝါမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ၏ မျက်လုံးများတွင် သွေးရောင်အလင်းများ ပြည့်နှက်နေပြီး သူ၏ ကြောက်မက်ဖွယ်မျက်နှာက ဆိုးယုတ်သော အပြုံးတစ်ခုကို ပြုံးနေသည်။
“လုရီ… မင်းသေရမယ့်အချိန် ရောက်ပြီ။”
လုရီ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ။ လေပူတစ်ချက် ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။
...ဟမ့်..။သာမန်နည်းလမ်းတွေနဲ့ မရနိုင်တော့ရင် သာမန် မဟုတ်တဲ့ နည်းလမ်းတချို့ကို ပြောင်းသုံးဖို့ အချိန်ရောက်ပြီပဲ။…
အခန်း၂၉၇-ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးကို အပြစ်ပြုမိပြီလား...
~လုရီ၏ ကိုယ်ခန္ဓာ၌ မရေမတွက်နိုင်သော မိုးကြိုးပုံစံများ စတင်အသက်ဝင်လာ၏။
သူ၏ အရေပြားပေါ်တွင် စစ်မှန်သော နဂါးတာအိုပုံစံများလည်း ထင်ရှားလာပြီး၊ အင်မော်တယ်နိယာမ၏ စွမ်းအားက သူ့အသားအရေနှင့် သွေးသားများအတွင်း စီးဆင်းနေ၏။
တစ်ချိန်တည်းမှာပင်၊ သူ၏ ကိုယ်ပေါ်တွင် သွေးရောင်မီးလျှံများ တောက်လောင်လာသည်။
သွေးရောင်မီးလျှံများ တောက်လောင်နေသော အရိပ်နှစ်ခု မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သွေးနီရောင်စစ်ဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်တော်များနှယ်၊ သူတို့၏ ခွန်အားသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ဆူနာမီလှိုင်းများနှယ် ပဲ့တင်ထပ်နေ၏။
သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်.....
လုရီက သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်လေပြီ။
သူ၏ လက်ရှိခွန်အားဖြင့် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်မှ ရရှိသော အားဖြည့်မှုသည် သဘာဝအတိုင်း ပိုမိုကြီးမားလာပြီး လုရီအား အလွန်အစွမ်းထက်သော ခွန်အားကို ပေးအပ်လိုက်၏။
သူ၏ ကျင့်ကြံခြင်းအခြေခံသည်
အခြေတည်ဝိဉာဉ် နယ်ပယ်ကို ကျော်လွန်ကာ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ဆဋ္ဌမအလွှာသို့ ခုန်တက်သွား၏။
ထိုအချိန်တွင် သူသည် ကြယ်များကို ဆွတ်ခူးနိုင်၊ လများကို ဆုပ်ကိုင်နိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသည့်အလား ခံစားလိုက်ရသည်။
လုရီ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ပတ်ပတ်လည်ရှိ ဓားနယ်ပယ်(ဓားပိုင်နက်)သည် ကျယ်ပြန့်လာသည်။ အင်မော်တယ်ဓားပုံစံများက ထိုနယ်ပယ်အတွင်း လင်းလက်တောက်ပနေ၏။
လုရီ၏ လက်ထဲတွင် ထက်မြက်သော ဓားရှည်တစ်ချောင်း အလိုအလျောက် ပေါ်လာ၏။
ဤသည်မှာ မင်ရှင်းဓားပင် ဖြစ်သည်။
ယခင်က ဆုလာဘ်အဖြစ် ရရှိခဲ့သော ထိပ်တန်းလက်နက်ပင် ဖြစ်၏။
လုရီ၏ ခေါင်းပေါ်တွင် မှော်ကြယ်တာရာခေါင်းလောင်း ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ကြယ်ရောင်ခြည်များဖြင့် ဖုံးလွှမ်းသွားသည်။
မှော်ကြယ်တာရာခေါင်းလောင်းအောက်တွင်
မင်ရှင်းဓားအား ကိုင်ဆောင်လျက် လုရီသည် သူ၏အတွေးများကို အာရုံစူးစိုက်ကာ မဟာအခင်းအကျင်းကို တစ်ဖန် ပြန်လည် အသက်သွင်းလိုက်၏။
တစ်ဖန် ကျားဖြူသတ်ဖြတ်ခြင်း အခင်းအကျင်းကို ပြန်လည်ပေါင်းစည်းလိုက်ရာ ကျားဖြူ၏ ရုပ်သွင်ယောင်က ဟိန်းဟောက်လျက် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။
တစ်ချိန်တည်းမှာပင်၊ လုရီ၏ ဓားနယ်ပယ်အတွင်းတွင် ဓားရိပ်များ စတင်ဖွဲ့တည်လာ၏။ တစ်ချောင်းစီသောဓားတိုင်းတွင် ကောင်းကင်တာအို ဖိအားများ ပါဝင်နေပြီး၊ ၎င်းတို့ ပေါင်းစည်းကာ တောက်ပသောအဖြူရောင် အလင်းများဖြင့် လင်းလက်နေ၏။
ဆယ်ကီလိုမီတာကျော် ဗြက်ရှိသော ဓားအလင်းတန်းတစ်ခု ကောင်းကင်တစ်ခွင် လျင်မြန်စွာ ဖြတ်သန်းသွား၏။ ကောင်းကင်ပြင်ကို ဖြိုခွဲလျက် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။
ဟင်းလင်းပြင်ဥမင် သိုင်းပညာ
ကောင်းကင်ဓား ကိုးချက်...
ဓားတာအို အစည်းအဝေးတွင် ကောင်းကင်ဓား ကိုးချက်ကို ရရှိပြီးနောက်ပိုင်း လုရီသည် အသုံးချရန် အချိန်အနည်းငယ်မျှ မရခဲ့ပေ။
ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ သိုင်းပညာတစ်ခု ဖြစ်လင့်ကစား၊ လုရီသည် သူ၏ ဓားတာအို နယ်ပယ်စွမ်းရည်ဖြင့် အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ခဲ့၏။
အမြင့်ဆုံးအဆင့် ကောင်းကင်ဓား ကိုးချက်မှာ မူရင်း ဟင်းလင်းပြင်ဥမင် သိုင်းပညာထက် များစွာ သာလွန်သည်။ ၎င်းသည် သဘာဝအတိုင်း နတ်ဘုရားစွမ်းရည်တစ်ခုနှယ် ဖြစ်ပြီး၊ သူ၏ ဓားသိုင်းပညာ၏ စွမ်းအားကို များစွာ မြှင့်တင်ရန် ကောင်းကင်တာအို ဖိအားကိုပင် အနည်းငယ် ဆွဲယူနိုင်၏။
ထို့ထက်မက၊ ကန့်သတ်နယ်ပယ်သို့ ရောက်ရှိပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲယူပြီးနောက်၊ လုရီ၏ ကိုယ်ပိုင် ဓားတာအို နယ်ပယ်နှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်ဓား ကိုးချက်ကို အသုံးပြုခြင်းသည် လောကတစ်ခုလုံးကို မဏ္ဍိုင်တစ်ခုဖြင့် မောင်းနှင်နေသည့်အလား ဖြစ်နေသည်။
လုရီ၏ ကျင့်ကြံခြင်းသည် ထိုမျှ နက်နဲခြင်းမရှိသော်လည်း၊ သာမန် ဝိဉာဉ်စွမ်းအင်ပမာဏဖြင့်ပင် ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့၏။
ဓားကျရောက်လာသည်နှင့် ကောင်းကင်နှင့် မြေကြီး ခွဲခြမ်းခံရသည့်အလား ခံစားလိုက်ရ၏။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် စကြဝဠာကြီး ပြိုလဲနေသည့်အလား ခံစားလိုက်ရပြီး သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားကာ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!” ဟု ကြောင်အမ်းစွာ အော်လိုက်လေသည်။
လုရီသည် အခြေတည်ဝိဉာဉ် နယ်ပယ်မျှသာရှိသေးသော်လည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်သည်! သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးမှာ ယခုလို ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
“လုရီ..မင်း သေရမယ် ”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက ဟိန်းဟောက်လိုက်ရာ တစ်ဆက်တည်း၌သူ့နောက်တွင်
ရာရှိုမွန် ရုပ်သွင်ယောင် ပေါ်လာပြီး သွေးနီရောင်နေမင်းအဖြစ် ပြောင်းလဲကာ ဓားအလင်းကို စိန်ခေါ်လိုက်၏။
ဖောင်း!!!
ပေါက်ကွဲသံများအလယ်တွင် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် ဓားအလင်းကို ချေဖျက်ပြီး သူ၏ကိုယ်ခန္ဓာ နောက်သို့ လွင့်စဉ်သွား၏။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီး နောက်သို့ လွင့်စဉ်သွားသည်နှင့် တပြိုင်နက် ကျားဖြူသည် သူ့နောက်တွင် ပေါ်လာပြီး ၎င်း၏ ခြေသည်းများက သူ့အား ကြောက်မက်ဖွယ်စွမ်းအားဖြင့် ကုပ်ခြစ်လိုက်၏။
ဘုန်း !!
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီးသည် သွေးအလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရာ မြေကြီး တုန်ခါသွားပြန်၏။
ချောက်နက်ကြီး၏ ကျောက်ဆောင်နံရံများလည်း ပြိုလဲစပြုလာ၏။
“သေစမ်း!!”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီးသည် တွင်းနက်ထဲမှ ပေါက်ကွဲထွက်လာပြီး သူ၏ ဟိန်းဟောက်သံများ မရပ်မနား ထွက်ပေါ်နေ၏။ သူ၏ ကိုယ်ခန္ဓာမှ သွေးများ စီးကျနေပြီး သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်ကာ သူ၏ အရှိန်အဝါမှာ အံ့မခန်း သိပ်သည်းနေ၏။
ထိုအခါမှ လုရီ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
“ကောင်းကင်ဓား ဒုတိယ ဓားချက်!”
ကောင်းကင်ဓား ကိုးချက်ဟူသည် ဓားချက်ကိုးချက် ပါဝင်ပြီး၊ ဓားချက်တစ်ခုစီ၏ စွမ်းအားသည် တဖြည်းဖြည်း တိုးတက်လာသော လှိုင်းလုံးများနှယ် အဆက်မပြတ် ခွန်အားရရှိနေ၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် တစ်ဖန် ပေါ်လာပြန်ပြီး သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးဆီသို့ ခုတ်ပိုင်းချလိုက်၏။
ဘိုးဘေး၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏ သွေးများ ပြည့်နေသော မျက်လုံးများတွင် အံ့အားသင့်မှုများလည်း လက်နေ၏။
သူသည် အော်ဟစ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ဧရာမ တိုက်ပွဲပုဆိန်တစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာလေ၏။
တိုက်ပွဲပုဆိန်ကြီးသည် သွေးခဲများဖြင့် ပုံဖော်ထားသည့်အလား သွေးနီရောင်ဖြစ်နေပြီး ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်ကာ ကောင်းကင်ကြီးကိုပင် နီမြန်းသော အလွှာတစ်ခုဖြင့် ဆိုးဆေးလိုက်၏။
ဤသည်မှာ အလွန်ပင် အစွမ်းထက်သော ကျင့်ကြံခြင်း ရတနာတစ်ခုပင်။ အဆင့်နိမ့် ဝိဉာဉ်လက်နက် ဖြစ်၏။
“သေပေတော့ ” ဟု သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီး ဟစ်အော်လိုက်ပြီး တိုက်ပွဲပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဓားအလင်းဆီသို့ ခုတ်ပိုင်းချလိုက်၏။
ထန်!!
ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းနိုင်မည့်အလား ဖြစ်နေသော သွေးရောင်ပုဆိန်အလင်းတန်းတစ်ခု ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားသည်။ ကောင်းကင်ပြင်၏ အလွှာများတွင် နက်ရှိုင်းသော မှောင်မိုက်တွင်းနက်များ ပွင့်ထွက်လာပြီး မြေပြင်တွင်လည်း တစ်ခုနှင့်တစ်ခု ထပ်နေသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
ပုဆိန်အလင်းတန်းနှင့် ဓားအလင်းတန်းတို့ တိုက်မိပြီး ခဏတာ ရောယှက်နေကြ၏။ ထို့နောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နောက်ဆက်တွဲလှိုင်းများ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။ ပုဆိန်အလင်းတန်းသည် ဓားအလင်းတန်းကို ဖြတ်တောက်သွားပြီး လုရီဆီသို့ ဦးတည်ချီတက်လာ၏။
ဘိုးဘေးသည် အဆင့်နိမ့် ဝိဉာဉ်လက်နက်ကို ကိုင်ဆောင်ထားသဖြင့် မယှဉ်သာသော ခွန်အားကို ပိုင်ဆိုင်ထားပြီး လုရီ၏ ကောင်းကင်ဓား ဒုတိယချက် ခုတ်ပိုင်းခြင်းပင်လျှင် သူ့ကို အကျိုးမပြုနိုင်သကဲ့သို့ ဖြစ်နေ၏။
ပုဆိန်အလင်းတန်းသည် လုရီဆီသို့ ဦးတည်လာသည်နှင့် ၎င်း၏ ထက်ရှသောအစွန်းကြောင့်
လုရီ၏ ကိုယ်ခန္ဓာမျက်နှာပြင်တွင် သေးငယ်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
လုရီ၏ မျက်နှာထားမှာ အေးစက်နေဆဲ။ သူ၏ ဓားရှည်က တစ်ဖန် ပြန်လည် ခုတ်ပိုင်းချလိုက်သည်။
“ကောင်းကင်ဓား တတိယချက် ခုတ်ပိုင်းခြင်း! ကောင်းကင်ဓား စတုတ္ထချက် ခုတ်ပိုင်းခြင်း! ကောင်းကင်ဓား ပဉ္စမချက် ခုတ်ပိုင်းခြင်း!”
သာမန်အားဖြင့် ကောင်းကင်ဓား ကိုးချက် ခုတ်ပိုင်းခြင်းသည် စစ်မှန်သော နယ်ပယ်သို့ ကျင့်ကြံထားလျှင်ပင် နောက်ဆက်တွဲ ခုတ်ပိုင်းမှုတစ်ခုစီကြားတွင် စွမ်းအင်စုဆောင်းရန်နှင့် ကြားခံအနားယူရန် အချိန်လိုအပ်၏။
သို့သော် ကောင်းကင်ဓား ကိုးချက် ခုတ်ပိုင်းခြင်းကို ကန့်သတ်နယ်ပယ်အထိ ကျင့်ကြံထားသောကြောင့် လုရီ၏ ပုံစံသည် မူရင်းမဟုတ်တော့ဘဲ ဆက်တိုက် တိုက်ခိုက်နိုင်စွမ်းကိုပင် ခွင့်ပြုထားလေသည်။
လုံလောက်သော ကျင့်ကြံခြင်းရှိပါက လုရီသည် ဓားချက်ကိုးချက်လုံးကို တစ်ပြိုင်နက် ထုတ်လွှတ်နိုင်ပြီး ၎င်းတို့ကို ပေါင်းစည်းကာ ပို၍ပင် ကြီးမားသော စွမ်းအားကို ရရှိစေနိုင်လေသည်။
မည်သို့ပင်ဆိုစေ၊ လုရီသည် ဓားချက်သုံးချက်ကို ဆက်တိုက် လျင်မြန်စွာ ထုတ်လွှတ်လိုက်လေပြီ။
ဓားအလင်းသုံးခု ပေါင်းစည်းကာ ဦးတည်လာသော ပုဆိန်အလင်းတန်းကို ရင်ဆိုင်လိုက်၏။
ထိုခဏတာအတွင်း လုရီ၏ ဝိဉာဉ်စွမ်းအင်အများစု ကုန်ဆုံးသွားသော်လည်း သူသည် အင်မော်တယ်ဓားကျမ်း အခြေတည်ဝိဉာဉ် အခန်းကို ကန့်သတ်နယ်ပယ်အထိ အသက်သွင်းလိုက်ရာ သူ၏ ဝိဉာဉ်စွမ်းအင်များ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာ၏။
သူသည် နှစ်တစ်ထောင်ဝိဉာဉ်ခြင်ဆီ တစ်စက်ကိုပင် ပါးစပ်ထဲ ပစ် ထည့်လိုက်သည်။ ဝိဉာဉ်စွမ်းအင်ကို ပြန်ဖြည့်ရန်အတွက်သာ ဖြစ်၏။
လုရီသာ ဝိဉာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းရန်အတွက် တန်ဖိုးကြီး နှစ်တစ်ထောင်ဝိဉာဉ်ခြင်ဆီကို အသုံးပြုနေသည်ကို အခြားသူများ သိပါက သေချာပေါက် ရူးသွပ်သွားကြတော့မည်။