← Chapters

ရန်နိုင်ငံကိုကျူးကျော်တိုက်ခိုက်လာသော သားရဲဘုရင်သုံးကောင်

Vol. 11 Ch. 162

ရန်နိုင်ငံကိုကျူးကျော်တိုက်ခိုက်လာသော သားရဲဘုရင်သုံးကောင်

Vol. 11 Ch. 162

ရန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းအနီးတွင် နေထိုင်သော သာမန်လူများကို ရန်နိုင်ငံ တာဝန်ရှိသူများ၏ လမ်းညွှန်မှုဖြင့် အနောက်ဘက် ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်း ပေးနေပြီဖြစ်သည်။

ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ရိုးအပြင်ဘက်တွင်မူ အထူးစွမ်းရည်ရှိသူများက ဤနေရာတွင် ကာကွယ်နေဆဲဖြစ်သည်။

ရန်နိုင်ငံရှိ မျိုးရိုးဗီဇဆိုင်ရာ သုတေသနပြုချက်များတွင် အောင်မြင်မှုများနှင့်အတူ ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်ခြင်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် အစပိုင်းတွင် ရှားပါးသော အထူးစွမ်းရည်ရှိသူ အရေအတွက်က တိုးများလာခဲ့သည်။

လက်ရှိတွင် မြို့ရိုးပေါ်တွင် တပ်စွဲထားသော အအားနည်းဆုံးလူသည်ပင် နိုးထခြင်းအဆင့်(၁)တွင် ရှိသည်။

ထိုအစွမ်းထက်သော သားရဲဘုရင်များနှင့် နှိုင်းယှဥ်ပါက လူသားတစ်ဦးချင်းစီ၏ ခွန်အားသည် အတော်လေး အားနည်းနေသေးသည်။

အစွမ်းထက်သော သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ လူသားများက လက်ရှိအချိန်တွင် ခုခံနိုင်စွမ်းသာ ရှိပြီး နှစ်ဖက်ကြားမှ ကွာဟမှုက အလွန်ထင်ရှားနေသေးသည်။

ရန်နိုင်ငံ၏ သိပ္ပံသု‌တေသီများသည် အမျိုးမျိုးသော လေ့လာမှုများကို ပြုလုပ်ခဲ့ပြီး အဆိုပါ မျိုးဗီဇဆေးဝါးများကို အဆက်မပြတ် ပြုပြင်မွမ်းမံလျက်ရှိသည်။

သို့သော် လူသားတို့ရရှိသော စွမ်းရည်အများစုသည် သားရဲများ၏ သွေးမျိုးဆက်မှ အမွေဆက်ခံကြပြီး ၁၀၀% အမွေရရှိရန် ခက်ခဲသည်။ ထို့ကြောင့် အချိန်တိုအတွင်း သားရဲများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်မှာ မဖြစ်နိုင်ပေ။

“မစ္စ ဂျီ,က နောက်ဆုံး အချက်အလက်ကို ယူလာပေးတယ်၊ အားကောင်းတဲ့ ပင်လယ်သားရဲကြီးတွေ လာတိုက်ခိုက်တော့မှာကို ငါကြောက်တယ်၊ အခု ပြန်ဆုတ်လိုက်ကြရအောင်”

“ဘယ်လို အစွမ်းထက်တဲ့ ပင်လယ်သားရဲမျိုးက မစ်ဂျီကို ငါတို့ရဲ့ ကာကွယ်ရေးကို စွန့်လွှတ်ဖို့ အမိန့်ပေးနိုင်မှာလဲ၊ အရင်ပြန်ဆုတ်ကြရအောင်!”

ဂျီယန်ရှိုးသည် ရန်နိုင်ငံသို့ ပြန်လာပြီးနောက် အမိန့်ထုတ်ပြန်ခဲ့ပြီး တောင်ပိုင်းပင်လယ် ကာကွယ်ရေးတပ်မှ သက်ဆိုင်ရာ တပ်ဖြန့်မှုများ စတင်ခဲ့သည်။

ပင်လယ်ထဲတွင် မည်သည့်အရာရှိသည်ကို မသိရသော်လည်း မြင့်တက်လာသောလှိုင်းလုံးများကို ကြည့်ရင်း လူတိုင်း၏ နှလုံးသားများက အမှောင်ထုဖုံးလွှမ်းနေသည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးစည်းအတွင်းရှိ စစ်သားများနှင့် အထူးစွမ်းရည်တပ်ဖွဲ့များအားလုံးသည် သူတို့၏ ကိရိယာများနှင့်အတူ ဆုတ်ခွာသွားကာ ဒုတိယ ကာကွယ်ရေးစည်းထဲသို့ ရွှေ့ပြောင်းခဲ့ကြသည်။

ဤဒုတိယကာကွယ်ရေးစည်းသည် မြင့်မားသောအရပ်တွင်တည်ရှိပြီး ကမ်းရိုးတန်းမှ မိုင်တစ်ရာကျော်ကွာဝေးသည်။

ထိုကဲ့သို့ ရှည်လျားသော အကွာအဝေးက ဆူနာမီများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းပင်ဖြစ်သည်။

ထို့အပြင် ဒုတိယကာကွယ်ရေးစည်း၏ တံတိုင်းသည် ပထမကာကွယ်ရေးစည်းထက် ပိုမိုမြင့်မား၍ ထူထဲသည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ပြီး များမကြာမီ တောင်ပိုင်းပင်လယ်အတွင်း ပင်လယ်ရေမျက်နှာပြင်ပေါ်၌ ကြီးမားသော လှိုင်းလုံးကြီးများ လှိမ့်တက်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ဆူနာမီတစ်ခုသည် ရန်နိုင်ငံဆီသို့ ဦးတည်နေပြီး မီတာရာနှင့်ချီမြင့်မားသော လှိုင်းလုံးကြီးများမှာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။

တောင်ပိုင်းပင်လယ် ကာကွယ်ရေးတပ်သားများ၏ မျက်နှာများက ယခုအချိန်တွင် သိသိသာသာ ပြောင်းလဲသွားသည်။ အကယ်၍ ဂျီယန်ရှိုးသည် အချက်အလက်များကို အချိန်မီပြန်မပို့ဘဲ ပြန်လည်မဆုတ်ခွာခဲ့ပါက သူတို့သည် အဆုံးမဲ့သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားပေလိမ့်မည်။

ပထမကာကွယ်ရေးစည်းက မီတာတစ်ရာသာမြင့်ပြီး သာမန်လှိုင်းလုံးကြီးများကို ပိတ်ဆို့နိုင်သည်။ သို့သော် ထိုကဲ့သို့ ကြောက်စရာကောင်းသော လှိုင်းလုံးကြီးများကြောင့် ချက်ချင်းပင် နှစ်မြုပ်ခံလိုက်ရသည်။

ရန်နိုင်ငံစစ်တပ်ကို ပိုတုန်လှုပ်စေသည့်အရာမှာ အဆုံးမဲ့လှိုင်းလုံးကြီးများအတွင်း ပင်လယ်သားရဲအများအပြား ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည်။

ဤပင်လယ်သားရဲများက အရွယ်အစားကြီးမားပြီး ပြင်းထန်သော ရောင်ဝါများရှိသည်။ ၎င်းတို့သည် ပင်လယ်နက်တွင် လက်စားချေရန် ရှာဖွေနေသည့် သရဲတစ္ဆေများနှင့်တူပြီး ၎င်းတို့ကို မြင်သောအခါတွင် လူသားများက အလွန်ထိတ်လန့်သွားကြသည်။

“လူတိုင်းကို အမြန်ကယ်ထုတ်ပြီး ဒုတိယ ကာကွယ်ရေးစည်းထဲ ရွေ့ပြောင်းကြ!”

“ဂါးး!”

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး အားလုံးက သမုဒ္ဒရာအထက်မှ ကောင်းကင်ကို တစ်ပြိုင်နက်တည်း မျှော်ကြည့်လိုက်ကြသည်။

ကောင်းကင်နဲ့ နေကိုပင် ဖုံးအုပ်ထားသော ဧရာမရုပ်သွင်ကြီးက လှိုင်းလုံးများနဲ့အတူ အဆုံးမဲ့ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ကုန်းနေသတ္တဝါတွေ၊ ပင်လယ်နက်ရဲ့ကြောက်စိတ်ကို ငါခံစားခွင့်ပေးမယ်”

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က တောင်ပိုင်းပင်လယ် ရန်နိုင်ငံ၌ ပေါ်လာသည်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ပျံသန်းနေသော ကျွန်းတစ်ခုကဲ့သို့ ပင်လယ်ရေမျက်နှာပြင်အထက်တွင် ရပ်တန့်ထားသည်။

ထိုကြီးမားသော ခန္ဓာကိုယ်၏ အရှည်က မီတာတစ်ထောင်ကျော်ရှိပြီး၊ ဒါဇင်နဲ့ချီသော စစ်သင်္ဘောများပင်လျှင် ဤမျှကြီးကြီးမားမည်မဟုတ်ပေ။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ရပ်တန့်ထားပြီး ကြီးမားသောအတောင်ပံတစ်စုံကဲ့သို့ ၎င်း၏ဘေးနှစ်ဖက်တွင် ဧရာမတောင်ပံနှစ်ချောင်းကို ခေါက်သိမ်းထားသည်။

“အို ဘုရား၊ ဒါ ဘယ်လိုနတ်ဆိုးမျိုးလဲ”

“တောင်ပိုင်းပင်လယ်မှာ ဒီလို ဧရာမသားရဲကြီး ဘယ်လိုရှိနိုင်မှာလဲ၊ ဒါက လွဲမှားနေတာ မဟုတ်ဘူးလား”

သားရဲများ၏ အရွယ်အစားက သူတို့၏ ခွန်အားနှင့် အချိုးကျသည်။

ဤအခိုက်အတန့်တွင် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ ကြီးမားသောခန္ဓာကိုယ်ကြီးက လူတိုင်းကို အလွန်ထိတ်လန့်စေခဲ့သည်။

“မြန်မြန်၊ ဒီပင်လယ်သားရဲတွေ ကာကွယ်ရေးပထမစည်းကို မဖျက်ဆီးခင် ကာကွယ်ရေးစည်းပေါ်မှာရှိတဲ့ ရေအောက်ဒုံးကျည်အားလုံးကို ပစ်လွှတ်လိုက်”

ဤပင်လယ်သားရဲများနှင့် ရင်ဆိုင်ရသောအခါ သာမန်လက်နက်များ၏ စွမ်းအားက အလွန်အားနည်းသွားပေလိမ့်မည်။

ထို့ကြောင့်၊ ကမ်းရိုးတန်းကာကွယ်ရေးလမ်းကြောင်းများတွင် အသုံးအများဆုံးလက်နက်မှာ ရေအောက်ဒုံးကျည်များဖြစ်ပြီး အမျိုးမျိုးသော ရေအောက်ဒုံးကျည်များက ကာကွယ်ရေးလမ်းကြောင်း၏ နေရာတိုင်းနီးပါးတွင်ရှိသည်။

ဤအခိုက်အတန့်တွင် တပ်မှူးအမိန့်ပေးသည့်အတိုင်း အဆိုပါ ရေအာက်ဒုံးကျည်များကို တစ်လုံးပြီးတစ်လုံး ပစ်ခတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ဒုံးကျည်များသည် ပထမကာကွယ်ရေးစည်းမှ ပင်လယ်သားရဲများဆီသို့ တိုးဝင်သွားကြသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

မရေမတွက်နိုင်သော ဒုံးကျည်များဖြင့် ပင်လယ်သားရဲများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျယ်လောင်သောပေါက်ကွဲသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းများက ကမ်းရိုးတန်းကို ရေငွေ့များဖြင့် ပြည့်နှက်စေခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပင်လယ်သားရဲအများအပြား သေဆုံးခဲ့ပြီး မရေမတွက်နိုင်သော အလောင်းများက ပင်လယ်ထဲတွင် မျောပါသွားကာ ပတ်ဝန်းကျင်ပင်လယ်ရေများက သွေးများဖြင့် နီရဲသွားခဲ့သည်။

ဤပင်လယ်သားရဲများသည် ဒုံးကျည်များဖြင့် တိုက်ရိုက်ပစ်ခတ်မှုကြောင့် ထိခိုက်မှုများစွာကို ခံစားခဲ့ရသည်။

သို့သော် သေသွားသော သားရဲအများစုမှာ အားနည်းသော အဆင့်မှ သားရဲများသာဖြစ်သည်။ နိုးထခြင်းအဆင့်(၇)နှင့်အထက် ပင်လယ်သားရဲများက ဤပေါက်ကွဲမှုအတွင်းတွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ၊ “ဟမ်! ဒါ မင်းတို့ရဲ့နည်းလမ်းလား”

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က ဒေါသတကြီး ဟိန်း‌ဟောက်လိုက်သည်။ ယခု သူသည် ပထမကာကွယ်ရေးစည်းအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။

ကမ်းရိုးတန်းတစ်လျှောက် ရှည်လျားပြီး မီတာတစ်ရာမြင့်သော မြို့တော်တံတိုင်းကို ကြည့်လိုက်ရာ ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားသည်။

သူ၏ကြီးမားသောငါးအမြီးသည် ကောင်းကင်နှင့်နေကိုပင် ဖုံးအုပ်နိုင်သကဲ့သို့ ကြီးမားလှပြီး ပေါ့ပေါ့ပါးပါး ရိုက်ခတ်မှုဖြင့် လူများဆောက်ထားသော ထူထဲသည့် ကွန်ကရစ်နံရံကြီးက တို့ဟူးကဲ့သို့ ချက်ချင်း ကွဲအက်သွားသည်။

ပင်လယ်ရေ အမြောက်အမြား ဝင်ရောက်လာသဖြင့် များမကြာမီ မြို့ရိုးကြီး ပြိုကျသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့်၊ ကာကွယ်ရေးစည်းနှစ်ခုကြားအကွာအဝေးက ကြီးမားနေပြီး၊ မဟုတ်ပါက ဒုတိယကာကွယ်ရေးစည်းကိုပင် ဆုံးရှုံးသွားနိုင်သည်။

ပင်လယ်သားရဲများက ကုန်းသားရဲများနှင့် ကွဲပြားသည်။ ကုန်းသားရဲများ ကျူးကျော်တိုက်ခိုက်လာပါက အသက်ရှင်ရန် အခွင့်အလမ်းရှိသေးသည်။ သို့သော် ဤပင်လယ်သားရဲများသည် သူတို့ကိုယ်တိုင်သာမက ကြီးမားပြီး အကန့်အသတ်မရှိသော ပင်လယ်ရေကိုပင် ယူဆောင်လာကြသည်။

ပင်လယ်ရေများက ကုန်းမြေထဲသို့ ဝင်ရောက်လာမည်ဆိုပါက သူတို့မသတ်လျှင်ပင် လူများက ရေနစ်သေဆုံးလိမ့်မည်ဖြစ်သည်။

ဒုတိယ ကာကွယ်ရေးစည်း၏ မြင့်မားသော မြေပြင်အနေအထားကို အားကိုး၍ လူသားများက လျင်မြန်သော တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

အထူးစွမ်းရည်ရှိသော မရေမတွက်နိုင်သော လူများက မြို့ရိုးမှ တိုက်ခိုက်ခဲ့ကြပြီး အရောင်အသွေးမျိုးစုံရှိသော စွမ်းအင်အလင်းတန်းများက ကောင်းကင်ကို ဖြတ်ကျော်ကာ ပင်လယ်ထဲသို့ ထိုးကျသွားသည်။

ဒုတိယကာကွယ်ရေးစည်းတွင် ဖြန့်ကျက်ထားသော အလိုအလျောက်စနစ်ဖြင့်ပစ်ခတ်သော ဒုံးကျည်မျိုးစုံသည် ပင်လယ်သမုဒ္ဒရာထဲသို့ ဦးတည်၍ ပစ်ခတ်ကာ ပေါက်ပွဲသံများ တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာသည်။

ဤပင်လယ်သားရဲများက အလွန်အစွမ်းထက်လှသည်။ သူတို့သည် လူသားများကို တန်ပြန်တိုက်ခိုက်ရန်အတွက် ပင်လယ်ရေအတွင်းရှိ ရေမြှားမျိုးစုံနှင့် ဘောလုံးများကို စုစည်းပစ်ခတ်နိုင်သည်။ လူများ၏ ထူထဲသော တံတိုင်းများကိုပင် ဖောက်ထွင်းနိုင်ပုံရသည်။

ပင်လယ်သားရဲများစွာတို့သည် သူတို့၏သန်မာမှုနှင့် ပင်လယ်ရေကို အားကိုးကာ မြို့ရိုးပေါ်သို့ လျင်မြန်စွာ တက်လာခဲ့ကြသည်။

“သွားကြ၊ ငါတို့က ဒီလောကရဲ့ အရှင်သခင်တွေဆိုတာကို ကုန်းပေါ်မျာရှိတဲ့ ဒီလူသားတွေကို တွေ့မြင်ခွင့်ပေးလိုက်”

သူ့ရှေ့က တစ်ဖက်သတ်တိုက်ပွဲ အခြေအနေကို ကြည့်လိုက်ပြီး ပင်လယ်-ဝါးမျိုဝေလငါးဘုရင်က အလွန်ကျေနပ်နေသည်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ကာကွယ်ရေးစည်းကို ဖျက်ဆီးရန် ပြင်ဆင်နေချိန်၌ ပြင်းထန်သော ရောင်ဝါတစ်ခုက ကုန်းတွင်းမှ ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို စွဲဆောင်သွားသည်။

“ဒါက ရွှမ်ဝူ,ပဲ၊ ကောင်းတယ်၊ ဒါက အစောင့်အရှောက် လိပ်နက်ကြီးပဲ”

ဒုတိယကာကွယ်ရေးစည်း အထက်တွင် ပေါ်လာသော ဧရာမ လိပ်နက်ကြီးကို ကြည့်လိုက်ပြီး ဂျီယန်ရှိုး,က အံ့သြသွားကာ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။

အစောပိုင်းတွင် ရွှမ်ဝူ ပြသခဲ့သော အားကောင်းသည့် စွမ်းအားကို လူတိုင်းတွေ့မြင်ခဲ့ရပြီး ယခု လူများစွာက သူ့ကိုမြင်လိုက်ရသည့်အတွက် အလွန်ဝမ်းသာသွားကြသည်။

“လိပ်နက်ကြီးက ဒီကိုရောက်လာပြီ၊ နောက်ဆုံးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ”

“ဟမ့်၊ ရန်နိုင်ငံကို ကျူးကျော်ဝံ့သူတိုင်း သေရမယ်!”

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ကို ရင်ဆိုင်ရသောအခါ ရွှမ်ဝူသည် တာအိုဓမ္မရုပ်ထုကို တိုက်ရိုက်ဖွင့်လိုက်ပြီး သူ့၏ခန္ဓာကိုယ်က ရုတ်တရက် မီတာငါးရာ၊ ခြောက်ရာအထိ ကြီးမားလာခဲ့သည်။

ဧရာမ သားရဲနှစ်ကောင် တွေ့ဆုံပြီးသည်နှင့်တပြိုင်နက် တောင်ပိုင်းပင်လယ်ပြင်အထက်တွင် တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။

ပင်လယ်-ဝါးမျိုဝေလငါးဘုရင်သည် ချည်နှောင်ခြင်းအဆင့်(၅)သို့ ရောက်ရှိနေခဲ့ပြီး ရွှမ်ဝူက ချည်နှောင်ခြင်းအဆင့်(၂)တွင်သာရှိသေးသည်။

သို့သော် တာအိုဓမ္မရုပ်ထုနှင့် သူ့ကိုယ်ပိုင် အစွမ်းထက်သော ကြံ့ခိုင်မှုတို့ကြောင့် ရွှမ်ဝူသည် အဆက့်(၅)တွင်ရှိသော ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ကို ခဏတာ ခုခံနိုင်ခဲ့သည်။

သို့သော် ပင်လယ်-ဝါးမျိုဝေလငါးဘုရင်ကို ခုခံရုံသာတတ်နိုင်ခဲ့ပြီး၊ တိုက်ခိုက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ကျန်ရှိသော ပင်လယ်သားရဲများအတွက်၊ ရွှမ်ဝူ,က စွမ်းအားမရှိသလို သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် လူသားများကိုသာ အားကိုးရမည်ဖြစ်သည်။

“မဖြစ်ဘူး၊ တခြားသားရဲဘုရင်တွေ ရှိသေးတယ်!”

ဂျီယန်ရှိုးသည် ယခုအခိုက်အတန့်တွင် အားကောင်းသည့် ဧရာမသားပိုက်ကောင်တစ်ကောင်က တိမ်တိုက်ဒေသဆီသို့ ဦးတည်လာကြောင်း သတင်းရရှိခဲ့သည်။

ဤဧရာမသားပိုက်ကောင်သည် တိမ်တိုက်ဒေသ ကာကွယ်ရေးစည်းကို မဆင်မခြင် တိုက်ခိုက်ရန် သားရဲတပ်ကြီးကို ဦးဆောင်နေသည်။

အနောက်ဘက်စွန်းရှိ နှင်းထူထပ်သော ဒေသတွင် ကြီးမားပြီး အစွမ်းထက်သော ခြင်္သေ့ကြီးတစ်ကောင်က လူသားမြို့တော်ကို အရူးအမူး တိုက်ခိုက်လာသည်။ အချိန်အတိုင်းအတာတစ်ခုအထိ၊ ရန်နိုင်ငံသည် ရန်သူများဝိုင်းလုနီးပါးဖြစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အင်အားကြီးသောပြင်ပသားရဲဘုရင်သုံးကောင်သည် ကြိုတင်ချိန်းဆိုထားသည့်အတိုင်း ရန်နိုင်ငံကို အတူတကွတိုက်ခိုက်ခဲ့ကြသည်။

အရေးကြီးဆုံးအချက်မှာ ဤသားရဲဘုရင်သုံးကောင်က ရန်နိုင်ငံနှင့် နီးကပ်လျက်ရှိမနေခြင်းပင်။

“ပုရွက်ဆိတ်ဘုရင်နဲ့ ကိုမိုဒိုနဂါးရဲ့ နောက်ဆုံးတိုက်ခိုက်မှုကစလို့ ငါ့အဖေက ဒီကိစ္စကို စုံစမ်းနေတယ်”

“ပြင်ပသားရဲဘုရင်သုံးကောင်ကျူးကျော်လာတာက သမုဒ္ဒရာတစ်ဖက်ခြမ်းမှာရှိတဲ့ လွတ်လပ်အင်ပါယာနှင့် ဆက်စပ်မှုရှိနိုင်တယ်!”

ဂျီယန်ရှိုး၏ မျက်နှာက ဤအခိုက်အတန့်တွင် အလွန်အုံ့မှိုင်းနေသည်။

“အတင့်ရဲတဲ့ လွတ်လပ်အင်ပါယာ၊ ဒီဖရိုဖရဲခေတ်ကြီးမှာ လူသားမျိုးနွယ်တွေအတူ စည်းလုံးညီညွှတ်ပြီး တိုးတက်အောင်လုပ်ဖို့ တွေးနေမယ့်အစား အာဏာနဲ့ အကျိုးအမြတ်အတွက် တိုက်ပွဲဝင်ဖို့ပဲ စဉ်းစားနေတယ်၊ ဒါကလဲ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲ ဖြစ်ရမယ်!”

ပုရွက်ဆိတ်ဘုရင် နှင့် ကိုမိုဒိုနဂါးတို့၏ နောက်ဆုံး ဆက်သွယ်မှုကနေ သူတို့ အချင်းချင်း သိနေကြသည်မှာ ထင်ရှားသည်။

ယခုအခါ ဤသားရဲဘုရင်သုံးကောင်က ရန်နိုင်ငံကို တစ်ချိန်တည်းနီးပါး တိုက်ခိုက်ခဲ့ကြသည်။ ၎င်းက တိုက်ဆိုင်မှု မဖြစ်နိုင်တော့ပေ။

ဂျီယန်ရှိုး,သည် အဝေးမှ ပင်လယ်သားရဲများကို ကြည့်လိုက်သည်။ လွတ်လပ်အင်ပါယာမှ လူများကြောင့် ယခုတစ်ကြိမ် ရန်နိုင်ငံတွင် အဓိကရုဏ်း ဖြစ်ရသည်မှာ သေချာသလောက်ပင်။

တာအိုဘုန်းတော်ကြီး ဟောကိန်းထုတ်ခဲ့သော တောင်ပိုင်းကပ်ဘေးက ဤပြင်ပသားရဲဘုရင်များကို ရည်ညွှန်းနေပုံရသည်။

All Chapters