စိတ်သက်သာရာရသွားသော ဂျီကျဲန်ရှန်း
Vol. 11 Ch. 164
“မဟာမိတ်ခေါင်းဆောင်၊ ကျွန်တော်တို့ ဆက်မထိန်းနိုင်တော့ဘူး၊ နှင်းထူထပ်တဲ့ ဒေသက ထောက်ပံ့မှုကိုတောင်းခံပါတယ်”
“ခြင်္သေ့ဘုရင်က အစွမ်းထက်လွန်းတယ်၊ ကျွန်တော်တို့က သူ့ကို တိုက်ခိုက်နိုင်စွမ်းမရှိဘူး!”
လေယာဉ်၏ ရေဒီယိုမှ ထွက်ပေါ်လာသော အသံကို နားထောင်ရင်း ဂျီကျဲန်ရှန်း ၏မျက်နှာက အလွန် အုံ့မှိုင်းသွားသည်။
၎င်းကိုမြင်ပြီး တွဲဖက်လေယာဉ်မှူး လက်ထောက်က “မဟာမိတ်ခေါင်းဆောင်၊ သိပ်စိုးရိမ်စရာ မလိုပါဘူး၊ နှင်းထူထပ်တဲ့ ဒေသဟာ တခြားနေရာတွေနဲ့ မတူဘူး၊ ကြီးမားကျယ်ပြန့်ပေမဲ့ အများစုကတော့ လူသူကင်းမဲ့နေပါတယ်”
“တိမ်တိုက်ဒေသမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲဘုရင် ပေါ်လာတယ်၊ ဧရာမမျောက်ကြီးက သားပိုက်ကောင်ဘုရင်ကို တားဆီးထားတယ်၊ သူ့ကိုနိုင်ပါ့မလားတော့ မသိပေမယ့် နောက်ဆုံးတော့ တိမ်တိုက်ဒေသရဲ့ အခြေအနေကို တည်ငြိမ်သွားအောင် ထိန်းထားနိုင်ခဲ့တယ်၊ နောက်တစ်ခုက နှင်းဒေသကို တတ်နိုင်သမျှ အမြန်သွားဖို့ပဲ လိုတော့တယ်”
ဂျီကျဲန်ရှန်းသည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်ခုံးများက ကြုတ်နေသေးသည်။
အင်အားကြီးသော သားရဲဘုရင်သုံးကောင်က ရန်နိုင်ငံကို အတူတကွ ဝိုင်းရံထားသည်။ ရှေ့တန်းမှ အခြေအနေက စိုးရိမ်ရပြီး ဂျီကျဲန်ရှန်း သည်လည်း ထိုအချိန်တွင် အရမ်းစိုးရိမ်နေသည်။
ဆုံးရှုံးမှုကို လျှော့ချရန်အတွက် လေယာဉ်သည် မြန်မြန်ဆန်ဆန်နှင့် နှင်းဒေသသို့ တတ်နိုင်သမျှ မြန်မြန်ရောက်နိုင်မည်ဟု သူမျှော်လင့်ထားသည်။
သို့သော် ယခုအချိန်တွင် လက်ထောက်၏ မျက်နှာက ပြောင်းလဲသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။
“မဟာမိတ်...မဟာမိတ်ခေါင်းဆောင်၊ နှင်းဒေသက နောက်ဆုံးသတင်းကို ကျွန်တော် အခုလေးတင် လက်ခံရရှိခဲ့တယ်”
“နှင်းဒေသမှာရှိတဲ့ ညီအစ်ကိုတွေက နှင်းဝံပုလွေဘုရင် လှုပ်ရှားလိုက်ပြီလို့ ပြောကြတယ်၊ ချီလင် တောင်တန်းရဲ့ နှင်းဝံပုလွေဘုရင်က လှုပ်ရှားလိုက်တာ!”
ရှေ့တန်းမှ နောက်ဆုံးရသတင်းကိုကြားသိရပြီး လက်ထောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“မင်း ဘာပြောလိုက်တယ်?!”
ဂျီကျဲန်ရှန်းသည် လက်ထောက်၏ ပခုံးကို ဆွဲကိုင်လိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ ပြန်မေးလိုက်သည်။
ဂျီကျဲန်ရှန်းက သူ့ပခုံးကို ဆုပ်ကိုင်လိုက်သောကြောင့် အနည်းငယ် နာကျင်နေသော်လည်း လက်ထောက်က ပြုံးပြီး “ဆရာ၊ အဲဒါ တကယ်ပဲ နှင်းဝံပုလွေဘုရင်ပါ၊ သူ နှင်းဒေသမှာ ခြင်္သေ့ဘုရင်နဲ့ တိုက်ခိုက်နေပြီ!”
“ဟားဟားဟား၊ ဘုရားသခင်က ငါ့တို့ရဲ့ ရန်နိုင်ငံကို ကောင်းချီးပေးနေတာပဲ!”
နောက်ဆုံးသတင်းကြားပြီး ဂျီကျဲန်ရှန်း ၏အမူအရာက အုံ့မှိုင်းမှိန်ဖျော့ဖျော့ဖြစ်လာပြီး သူအလွန်စိတ်ကောင်းဝင်နေသည်။
“ရန်နိုင်ငံရဲ့ ကံကြမ္မာက ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ ငါပြောခဲ့တယ်၊ ရန်နိုင်ငံရဲ့ ဒီသားရဲဘုရင်တွေကလည်း ဒီမြေကို ချစ်ကြပုံရတယ်၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ ဒီသားရဲဘုရင်တွေရဲ့ ကျူးကျော်မှုကို တားဆီးခဲ့ကြတယ်”
ဂျီကျဲန်ရှန်း၏ နဂိုကတင်းမာနေသော ခန္ဓာကိုယ်သည် ဤသတင်းကြားပြီးနောက် ပြေလျော့သွားကာ လေယာဉ်ပေါ်ရှိ ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး လှဲနေလိုက်သည်။
နှင်းဝံပုလွေဘုရင်၏ အစွမ်းထက် ခွန်အားက ရန်နိုင်ငံရှိ လူတိုင်းအတွက် ထင်ရှားသည်။
နှင်းဝံပုလွေဘုရင် လှုပ်ရှားလိုက်လျှင် သူမည့်သည့်အခါမှ မအောင်မြင်ဘူးဆိုတာ မရှိပေ။ ခြင်္သေ့ဘုရင် အစွမ်းထက်သော်လည်း နှင်းဝံပုလွေဘုရင်က ပြိုင်ဘက်ကင်း၏။
နှင်းဝံပုလွေဘုရင် ရောက်ရှိလာခြင်းဖြင့် နှင်းဒေသအကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု ဂျီကျဲန်ရှန်း ယုံကြည်သည်။
………………
ဤနှင်းထူထပ်သောဒသကို လူဆိတ်ညံသော ဂိုဘင် သဲကန္တာရ ဟုလည်းခေါ်ဆိုသည်။
နှင်းဒေသကို အကြောင်းမဲ့ ဖျက်ဆီးနေသော ခြင်္သေ့ဘုရင်သည် သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော နှင်းဝံပုလွေကြီးကို သတိနှင့်ကြည့်လိုက်သည်။
သူ့မျက်လုံးအစုံတွင် ရွှေရောင်မီးတောက်များ တောက်လောင်နေသည်။
ခြင်္သေ့ဘုရင်သည် အလားတူဝံပုလွေများကို သူယခင်က မြင်ခဲ့ဖူးသည်။
သူနေထိုင်ရာ အပူပိုင်းဒေသတွင် ခြင်္သေ့ဘုရင်သည် ဤကဲ့သို့အားနည်းသောဝံပုလွေနှင့် ရင်ဆိုင်ရသောအခါ လုံးဝမကြောက်ရွံံ့ပေ။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်မလာမီတွင် သူတို့သည် မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ အစာများကို ဤဝံပုလွေများက လုယက်ကြသည်။ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ မျိုးနွယ်နှစ်ခုကြား ကွာဟချက်မှာ တုနှိုင်းမရသေးပေ။
သို့သော်လည်း ခြင်္သေ့ဘုရင်ကို ထိတ်လန့်စေသည့်အရာမှာ သူ့ရှေ့မှ ငွေဖြူနှင်းဝံပုလွေမှ ထုတ်လွှတ်သော ရောင်ဝါက အလွန်ပြင်းထန်လှသည်။
“မင်း ဒီကိုရောက်လာပြီး အကြောင်းမဲ့ ဖျက်ဆီးနေတယ်၊ အခုလိုလုပ်ရပ်အတွက် မင်းဒီနေ့သေဖို့ အသင့်ပြင်ထားရမယ်”
လုချန်းသည် သူ့ရှေ့က ခြင်္သေ့ဘုရင်ကို မထူးခြားသောအကြည့်နှင့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ခြင်္သေ့ဘုရင်သည် အလွန်အစွမ်းထက်သော်လည်း လုချန်း,က သူ့ကို လုံးဝအလေးအနက်မထားပေ။ လုချန်း၏ စကားကိုကြားပြီး ခြင်္သေ့ဘုရင်၏ မျက်လုံးများထဲတွင် မကျေနပ်သောအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“ဟမ့်! ဘယ်လောက်တောင် မာနကြီးလိုက်သလဲ!”
“မင်းမှာ အရည်အချင်းကောင်းတွေ ရှိပေမယ့်၊ မင်းက ချည်နှောင်ခြင်း...”
ခြင်္သေ့ဘုရင်၏ စကားမဆုံးရသေးခင်တွင် လုချန်း,က လှုပ်ရှားလိုက်သည်။
လုချန်းသည် နတ်ဆိုးအသွင်ပြောင်းခြင်းကို လုပ်ဆောင်ပြီးနောက်၊ သူ၏ အရှိန်အဝါက တခဏချင်းပင် တဟုန်ထိုး တက်လာပြီး၊ သူ့၏ ထပ်မံကြီးမားသော ခန္ဓာကိုယ်က ပတ်ဝန်းကျင် တောင်ကုန်းများနှင့် ယှဉ်၍မရတော့ပေ။
သူ့တစ်ကိုယ်လုံးကို ငွေဖြူအမွေးများဖြင့် ဖုံးအုပ်ထားပြီး နေရောင်အောက်တွင် တောက်ပနေသည်။ ကုန်းပြင်မြင့်ပေါ်မှ လေပြင်းများ တိုက်ခတ်လာမှုကြောင့် လုချန်း၏ သားမွေးများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်သွားကာ သူ့ကို ထူးခြားသောအသွင်တစ်မျိုးဖြင့် ခန့်ညားစေသည်။
ငွေရောင်လျှပ်စီးကြောင်းများက လုချန်း ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဆက်မပြတ်ကခုန်နေသည်။ ဤအခိုက်အတန့်တွင်၊ လုချန်းသည် ကောင်းကင်မှဆင်းသက်လာသော နတ်သားရဲတစ်ကောင်နှင့်တူသည်။
လုချန်း ယခုအချိန်တွင် ထုတ်ဖော်ပြသသော ရောင်ဝါက ချည်နှောင်ခြင်းအဆင့်(၅)နှင့်နှိုင်းယှဉ်၍ရသည်။
မူလက အလွန်တည်ငြိမ်သော ခြင်္သေ့ဘုရင်သည် လုချန်း,၏ ခွန်အားရုတ်တရက် တိုးလာသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းကို သူ တစ်ခါမျှ မကြုံဖူးပေ။
လုချန်းသည် လျှပ်စီးလက်သကဲ့သို့ လျှပ်စီးကြောင်း၊ မိုးခြိမ်းသံနှင့်အတူ အလွန်လျင်မြန်စွာ ရွေ့လျားလာသည်။
ဤအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံက စောင့်ကြည့်နေသော လူသားများကို တုန်လှုပ်သွားစေသည်။
“ဘုန်း!..ဘုန်း!..ဘုန်း!”
ဧရာမသားရဲကြီးနှစ်ကောင်က တခဏချင်း တိုက်မိသွားသည်။ သူတို့၏ အစွမ်းထက်သော ခန္ဓာကိုယ်များဖြင့် အချင်းချင်း တိုက်ခိုက်နေကြပြီး၊ တောင်ပြိုကျသကဲ့သို့ ပေါက်ကွဲသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
ခြင်္သေ့ဘုရင်၏ မျက်လုံးများ ကြုတ်သွားသည်။
နောက်တစက္ကန့်တွင် မူလရွှေရောင်လွှမ်းထားသော ခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် မီးတောက်များထွက်ပေါ်လာသည်။
တောက်လောင်နေသော မီးတောက်များက ကောင်းကင်တ၀က်ကို နီရဲသွားစေပုံရသည်။
မီးတောက်များ၏ ပြင်းထန်သော အပူရှိန်ကြောင့် အနီးနားရှိ လေဟာနယ်များကိုပင် ပုံပျက်ပန်းပျက် ဖြစ်သွားစေကာ မြေပြင်ပေါ်ရှိ သဲများနှင့် ကျောက်တုံးများ အရည်ပျော်သည့် လက္ခဏာများ ဖြစ်ပေါ်လာတော့သည်။
“မင်းက မိုက်မဲတဲ့ အရူးကောင်ပဲ၊ သေလိုက်တော့!”
ခြင်္သေ့ဘုရင်သည် ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်ပြီး မီးတောက်တွေက လုချန်း ဆီကို ချက်ချင်းပင် လွင့်ပျံလာသည်။
သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် လုချန်း ထံမှ ထွက်ပေါ်လာပြီး၊ နောက်တစ်စက္ကန့်တွင်၊ လုချန်း,ကို ဗဟိုပြု၍ ကီလိုမီတာများစွာအတွင်း ဧရိယာက အဆုံးမဲ့အေးစက်ခြင်းများဖြင့် ပြည့်နှက်သွားသည်။
လုချန်း ၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ရေခဲအလွှာတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ခြင်္သေ့ဘုရင်၏ မီးတောက်များကို ပိတ်ဆို့ထားသည်။
ဤကျယ်ပြန့်သော ဂိုဘင် သဲကန္တာရတွင်၊ ရေခဲနှင့်မီး ပြင်းထန်သော သားရဲကြီးနှစ်ကောင်သည် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ကောင်းကင်က အရောင်နှစ်မျိုးဖြစ်သော အပြာနှင့် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် လုချန်းက ခြင်္သေ့ဘုရင်ထက် သာနေသည်မှာ ထင်ရှားသည်။
လျှပ်စီးကြောင်းများက မီးတောက်များမှတဆင့် ဖြတ်ကျော်သွားကာ ခြင်္သေ့ဘုရင်ကို ထပ်မံထိမှန်သွားသည်။ ဝံပုလွေ ခြေသည်းများသည်လည်း တဆက်တည်း ဝှေ့ယမ်းလိုက်သောကြောင့် ခြင်္သေ့ဘုရင်၏ခန္ဓာကိုယ်တွင် သွေးများ အဆက်မပြတ်ထွက်လာခဲ့သည်။
“နှင်းဝံပုလွေဘုရင်က မျှော်လင့်ထားသလိုပဲ၊ သူက တကယ်ကို အစွမ်းထက်တယ်!”
ရှေ့တန်းမှ တိုက်ခိုက်ထုတ်လွှင့်သော တိုက်ပွဲမြင်ကွင်းများကို ကြည့်ရှူရင်း ရန်နိုင်ငံမှ ပြည်သူများ နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိကြသည်။
ယခုအခါ ရန်နိုင်ငံရှိ အဓိကဒေသသုံးခုတွင် သားရဲဘုရင်များကြားမှ တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
သို့သော်လည်း ရန်နိုင်ငံကို ကိုယ်စားပြုသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများကြားတွင် နှင်းဝံပုလွေဘုရင်သာလျှင် အားသာချက်ရှိသည်။
တိုက်ပွဲတွင် ပထမဆုံးပါဝင်ခဲ့သူ ရွှမ်ဝူသည် တောင်ပိုင်းပင်လယ်တွင် သူ၏လိပ်ခွံထဲသို့ ပြန်လည်ဝင်ရန်သာ တတ်နိုင်ခဲ့ပြီး ပင်လယ်-ဝါးမျိုဝေလငါးဘုရင်၏ရိုက်နှက်ခြင်းကိုခံနေရသည်။
တိမ်တိုက်ဒေသရှိ နားခြောက်ဖက်မျောက်က ပိုကောင်းသော်လည်း သားပိုက်ကောင်ဘုရင် နှင့် အတက်အဆင်းသာ တိုက်ခိုက်နိုင်ပြီး လုချန်း ကဲ့သို့ ပြိုင်ဘက်ကို လုံးဝချေမှုန်းနိုင်ခြင်းမရှိပေ။
ရလဒ်အနေနှင့်၊ ယခု ရန်နိုင်ငံရှိ လူတိုင်းသည် လုချန်း,အပေါ်တွင် သူတို့၏ မျှော်လင့်ချက်များ ထားရှိကြသည်။
“မဟုတ်ဘူး! လွတ်လပ်အင်ပါယာက ကောင်တွေက ရန်နိုင်ငံမှာ ဒီလောက် အစွမ်းထက်တဲ့သားရဲဘုရင် ရှိသေးတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး!”
ခြင်္သေ့ဘုရင်သည် ဒဏ်ရာရများ တစ်ချက်ပြီးတစ်ချက်ရနေသဖြင့် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ သူ့ရှေ့တွင် ပြင်းထန်သော ရောင်ဝါများထွက်ပေါ်နေသည့် လုချန်း ကိုကြည့်ရင်း သူနောက်ဆုတ်ရန်ပင် စိတ်ကူးရှိနေသည်။