← Chapters

အခြေခံ အရည်အချင်းအမှတ်တွေက ပိုကောင်းပါတယ်

Vol. 1 Ch. 1

အခြေခံ အရည်အချင်းအမှတ်တွေက ပိုကောင်းပါတယ်

Vol. 1 Ch. 1

မီးဖုတ်နေသလို ပူပြင်းလှတဲ့ နေလုံးကြီးက ကောင်းကင်ထက်မှာ တောက်ပနေပြီး လေထဲမှာတော့ အပူလှိုင်းတွေက တလိပ်လိပ် တက်နေသည်။

တောင်ပေါ်သွား လူသွားလမ်းလေးတစ်ခုထက်မှာတော့ မိန်းကလေးနှစ်ယောက်က စိမ်းဖန့်ဖန့် ဆီစိမ်စက္ကူထီးတစ်လက်ကို အတူတူဆောင်းရင်း ဘေးချင်းယှဉ်ကာ လျှောက်လှမ်းနေကြသည်။

ဘယ်ဘက်က ထီးကိုင်ထားတဲ့ မိန်းကလေးကတော့ ဆွတ်ဆွတ်ဖြူတဲ့ အသားအရေနဲ့ ကျောက်မီးသွေးလို မည်းနက်တဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ထားပြီး အရပ်မြင့်မြင့်၊ သွယ်လျလှပတဲ့ သူ့ကိုယ်ဟန်လေးက ညင်သာစွာ ယိမ်းနွဲ့နေသည်။

ညာဘက်က မိန်းကလေးကတော့ တခစ်ခစ်နဲ့ တိုးတိုးလေးရယ်မောတတ်ပြီး ငွေလမင်းလို ဝိုင်းစက်တဲ့ မျက်နှာလေး၊ ရွဲနေတဲ့ တော်သလင်းမျက်ဝန်းလေးတွေ၊ ခြယ်သစရာမလိုဘဲ နီထွေးနေတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့ ပန်းချီခြယ်ထားသလို မည်းနက်နေတဲ့ မျက်ခုံးလေးတွေကို ပိုင်ဆိုင်ထားသည်။

ဒီလို ရင်သပ်ရှုမောဖွယ်မြင်ကွင်းကြောင့် ကျင့်ကြံရေးကွင်းဆီ အလောတကြီး သွားနေကြတဲ့ တပည့်ငယ်လေးတွေတောင် ခြေစုံရပ်ပြီး အခိုးအငွေ့ထွက်မတတ် ခိုးကြည့်နေကြရသည်။

"အစ်မဇီဂျင်း... အစ်ကိုကြီးခုံက ကျွန်မတို့ကို တောင်အောက်က စမ်းသပ်စစ်ဆေးရေးမစ်ရှင်မှာ အဖော်လိုက်ပေးမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်မတို့က အစောင့် တစ်ယောက်ရှာဖို့ နီလာနှလုံးခန်းမအထိ လာရတာလဲ။ ဒီလိုလုပ်ရင် ကျွန်မတို့ ရေမှန်ခန်းမမှာ လူတော်လူကောင်းမရှိဘူးလို့ တခြားသူတွေက ရယ်ကြမှာပေါ့။"

ဇီဂျင်းလို့ အခေါ်ခံရတဲ့ ခရမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ညင်သာစွာ ခေါင်းခါလိုက်သည်။

"ဒါက ဂိုဏ်းပြင်ပမှာ ငါတို့ရဲ့ ပထမဆုံး စမ်းသပ်စစ်ဆေးရေးမစ်ရှင်ပဲ။ အရာအားလုံးကို အမှားအယွင်းမရှိအောင် သေချာလုပ်ရမယ်။ အစ်ကိုကြီးခုံက တကယ်တော်တာမှန်ပေမဲ့ သူက အချိန်အများစုကို ဂိုဏ်းထဲမှာပဲ ကျင့်ကြံနေပြီး တောင်အောက်ကို သိပ်မဆင်းဘူး။ အစောင့်အနေနဲ့ လိုက်ပေးတာ လက်ချိုးရေလို့ရတယ်။ ဒါပေမဲ့ တောင်အောက်ကို ရောက်သွားရင် ကိစ္စတော်တော် များများက အစွမ်းအစတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘူး။"

"အော်~" စိမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးက နားလည်သလို ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် နီလာနှလုံးခန်းမမှာ ကျွန်မတို့ရှာနေတဲ့ အစောင့်က အတွေ့အကြုံ အရမ်းရှိလို့လား။"

"အများကြီးမမေးနဲ့တော့။ ဒီကိစ္စမှာ ငါ့ကိုသာယုံလိုက်။"

"ဟုတ်ပါပြီ၊ အစ်မဇီဂျင်းက အသိဆုံးဖြစ်မှာပါ။"

"အေး... ဒီလိုမှပေါ့။ ကဲ... မြန်မြန်သွားစို့။"

...

"ဟပ်ချိုး!"

ဟူး... ဘယ်သူကများ ငါ့လို ချောမောခန့်ညားတဲ့ပုံရိပ်ကို အလွမ်းသယ်နေပြန်ပြီလဲ မသိဘူး။

ကျောက်စရစ်ခဲလမ်းလေးပေါ်မှာ ကျန်းပေရန်က နှာခေါင်းကိုပွတ်ရင်း ရှေ့ဆက်လျှောက်လာခဲ့သည်။

လမ်းခွဲတစ်ခုကိုရောက်တော့ ရှေ့နားဆီကနေ ရုတ်ရုတ်သဲသဲအသံတွေကို သူ ရုတ်တရက် ကြားလိုက်ရသည်။

"ဟေ့ကောင်... မင်းက ငါ့ကိုဝင်တိုက်ပြီး ဒီတိုင်းထွက်သွားမလို့လား။"

"အစ်ကိုကြီး၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ မနက်က ဆရာသခင် စစ်ဆေးလိုက်တဲ့ စိတ်နှလုံးကျင့်စဉ်အကြောင်း စဉ်းစားနေရင်းနဲ့ သတိမထားမိလိုက်တာပါ။"

"ငါတော့ မင်း တမင်လုပ်တယ်လို့ပဲ ထင်တယ်! ကဲ... ဘယ်လို ပြန်ပေးဆပ်မလဲ ပြော။"

"ဟင်? ဒါပေမဲ့ ကျွန်တော်..."

ကျန်းပေရန် လှမ်းကြည့်လိုက်တော့ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းတဲ့ ချီကျင့်ကြံခြင်းအဆင့် တပည့်တစ်ယောက်က အသစ်ရောက်လာမှန်း သိသာတဲ့ ညီလေးတစ်ယောက်ကို အနိုင်ကျင့်ကာ ပြင်းပြင်းထန်ထန် တွန်းတိုက်နေတာကို တွေ့လိုက်ရသည်။

ထိုအချိန်မှာပဲ ကျန်းပေရန်ရဲ့ ရှေ့တည့်တည့်မှာ ရွေးချယ်စရာ လေးခု ပေါ်လာခဲ့သည်။

[ရွေးချယ်စရာ ၁: ရှေ့ထွက်ပြီး အနိုင်ကျင့်နေသူကို ဆူပူကြိမ်းမောင်းကာ ညီငယ်များကို ဂရုစိုက်ရခြင်း၏ အရေးကြီးပုံကို သင်ပြပါ။ ဆုလာဘ်: မဟာရှေးဦး ကမ္ဘာဦးကိုယ်ထည် (အနက်ရောင်အဆင့်၊ အလယ်လတ်တန်း)]

[ရွေးချယ်စရာ ၂: ညီငယ်ကို သင့်နောက်ဆွဲခေါ်ပြီး "ဘယ်လောက်လိုချင်လဲ? သူ့အစား ငါပေးမယ်" ဟု ပြောပါ။ ဆုလာဘ်: မိုးကြိုးပစ် ပျံတံ (အဝါရောင်အဆင့်၊ အလယ်လတ်တန်း)]

[ရွေးချယ်စရာ ၃: "စည်းကမ်းထိန်း လင်း လာနေပြီ!" ဟု အော်ဟစ်လိုက်ပါ။ ဆုလာဘ်: ခရမ်းရောင်မြူခိုးဓား (အဝါရောင်အဆင့်၊ အနိမ့်တန်း)]

[ရွေးချယ်စရာ ၄: ဘာမှဝင်မစွက်ဖက်ဘဲ ဖြတ်လျှောက်သွားပါ။ ဆုလာဘ်: ကျပန်း အခြေခံ အရည်အချင်းအမှတ် +၁]

မဆိုးပါဘူး။

ခုမှ ချီကျင့်ကြံခြင်းအဆင့်ကို တက်လာတဲ့ အနိုင်ကျင့်ကောင်လေးတစ်ယောက်ကို ဆူရုံနဲ့ အနက်ရောင်အဆင့် ကိုယ်ကာယကျင့်စဉ်တစ်ခု ရနိုင်တယ်။

ဒီဆုလာဘ်တွေကတော့ တော်တော်မိုက်တာပဲ။

ရွေးချယ်စရာ သုံးကလည်း ကောင်းသားပဲ။ လူအုပ်ထဲကနေ "စည်းကမ်းထိန်း လင်း လာပြီ" လို့ အော်လိုက်ရုံနဲ့ အဝါရောင်အဆင့် လက်နက်တစ်ခု ရမှာ။

တန်ဖိုးကတော့... အံ့မခန်းပဲ!

အင်း... နံပါတ်နှစ်ကလည်း မဆိုးပါဘူး။ မိုးကြိုးပစ် ပျံတံတဲ့။ ဦးလေးရွှီ ပြောဖူးတာတော့ မိုင်ရှစ်ရာအကွာကနေတောင် သတ်နိုင်တယ်ဆိုပဲ။ တကယ့်ကို အသေအပျောက်များတဲ့ လက်နက်ပဲ!

ကောင်းတယ်၊ အားလုံးက ရွေးချယ်စရာကောင်းတွေချည်းပဲ။

ဒါကြောင့် ငါရွေးမှာက... နံပါတ်လေးပဲ။

ဆုံးဖြတ်ချက်ချပြီးနောက် ကျန်းပေရန်က လုံးဝလှည့်မကြည့်ဘဲ သူတို့ဘေးကနေ ဖြတ်လျှောက်သွားခဲ့သည်။

သူ့နားထဲမှာတော့ ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

[တာဝန်ပြီးမြောက်ပါပြီ။ ဆုလာဘ်: ခွန်အား +၁]

ခွန်အားလား? ဒါနဲ့ဆို ခြောက်ခါဆက်တိုက်ရှိပြီ။

ငါများ အားဆေးတွေသုံးနေရသလိုပဲ...

စိတ်ထဲမှာ မကျေမနပ် ရေရွတ်ရင်း ကျန်းပေရန်က ကျောက်လှေကားထစ်များအတိုင်း တက်လာခဲ့ရာ ရေကန်ငယ်လေးတစ်ခုဆီသို့ ရောက်ရှိလာသည်။

အား~ သိပ်နေလို့ကောင်းတာပဲ။

ရေကန်ထဲကရေငွေ့နဲ့အတူ လွင့်ပျံ့လာတဲ့ ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း သူက ကမ်းစပ်နားက ကျောက်လှေကားထစ်ပေါ်မှာထိုင်ကာ ကျေနပ်စွာ မျက်လုံးမှိတ်ထားလိုက်သည်။

သူ လေညင်းခံကာ အနားယူနေစဉ်မှာပဲ အနီးနားမှ တရှုံ့ရှုံ့ငိုရှိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ အသစ်ရောက်လာမှန်းသိသာတဲ့ ညီမလေးတစ်ယောက်က ရေကန်ဘေးမှာ ဒူးလေးပိုက်ကာ ငိုနေပြီး နူးညံ့လှပပေမဲ့ ဝမ်းနည်းမှုအပြည့်နဲ့ မျက်နှာလေးပေါ်မှာ မျက်ရည်တွေ စီးကျနေတာကို တွေ့လိုက်ရသည်။

သူ့ရှေ့မှာ ရွေးချယ်စရာ သုံးခု ပေါ်လာပြန်သည်။

[ရွေးချယ်စရာ ၁: သင့်အိတ်ကပ်ထဲမှ သစ်ကြားသီးကိတ်မုန့်ကို ထုတ်ယူပြီး ညီမလေးအား ပေးလိုက်ပါ။ ဆုလာဘ်: ရတနာရှစ်ဖြာ အဖိုးတန်ပေတံ (အနက်ရောင်အဆင့်၊ အဆင့်မြင့်တန်း)]

[ရွေးချယ်စရာ ၂: ညီမလေးအား ဘာဖြစ်တာလဲဟု ညင်သာစွာ မေးမြန်းပါ။ ဆုလာဘ်: အဆင့်ခြောက် ကြည်လင်စိတ်ဆေးလုံး]

[ရွေးချယ်စရာ ၃: လှည့်ထွက်သွားလိုက်ပါ။ ဆုလာဘ်: ကျပန်း ကျွမ်းကျင်မှုအမှတ် +၁]

ခွေးမသား...! ဒါ ဘယ်လို မိစ္ဆာမလေးလဲဟ!? သူ့ကို မုန့်တစ်ဖဲ့ပေးလိုက်ရုံနဲ့ အနက်ရောင်အဆင့် လက်နက်တစ်ခု ရမယ်ဆိုပါလား!?

လန့်ဖျပ်သွားတဲ့ ကျန်းပေရန်က နံပါတ်သုံးကို ချက်ချင်းရွေးလိုက်ပြီးနောက် နေရာမှထကာ လှည့်ထွက်သွားခဲ့သည်။ သူက ခြေလှမ်းကို အရှိန်တင်ကာ ထိုနေရာနှင့် အတော်လေး ဝေးကွာသွားမှသာ နောက်ဆုံးမှာ စိတ်အေးသွားတော့သည်။

[တာဝန်ပြီးမြောက်ပါပြီ။ ဆုလာဘ်: ပန်းချီစွမ်းရည် +၁]

"ဖူး..."

အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ပြီးနောက် ကျန်းပေရန်က တောင်ကိုပတ်နေကျလမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။

ဒီနေ့တစ်နေ့လုံး သူ ရွေးချယ်စရာ စုစုပေါင်း ခုနစ်ခုကို ကြုံခဲ့ပြီး ရရှိခဲ့သည်များမှာ-

• ခွန်အား +၂

• ကြံ့ခိုင်မှု +၁

• စောင်းတီးစွမ်းရည် +၁

• ဆေးဖော်စပ်ခြင်း +၁

• အစီအရင် +၁

• အဆိပ်ကျင့်ကြံခြင်း +၁

စိတ်နှလုံးပြန်ဂိုဏ်းမှာတော့ နောက်ထပ် ငြိမ်းချမ်းတဲ့ နေ့တစ်နေ့ပါပဲ။

အောင်မြင်မှုကို ခံစားရင်း ကျန်းပေရန်က စားသောက်ခန်းမထဲသို့ လှမ်းဝင်ကာ သူအကြိုက်ဆုံးဖြစ်တဲ့ 'ကျောက်စိမ်းဖြူသဖွယ် သတ်သတ်လွတ်ဟင်းလျာ' တစ်ပွဲမှာပြီး ကြုံရာစားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

ပေါင်းထားတဲ့ ပေါက်စီနဲ့ မုန်ညင်းဖြူကို တစ်လုတ်ချင်းစားရင်း ရံဖန်ရံခါ နှမ်းဆီလေးဆမ်းကာ အားရပါးရ စားသောက်နေလိုက်သည်။

"ဟေ့... ကြားပြီးပြီလား။ စစ်မှန်သိုင်းခန်းမက အကိုကြီးလော့ပေ့ မနေ့က ဒဏ်ရာ အပြင်းအထန်ရသွားတယ်တဲ့။ ခန်းမသခင် ဆောင်က ကြည်လင်စိတ်ခန်းမက သခင်ကြီးပုကို ညကြီးမင်းကြီး အကူအညီတောင်းရတဲ့ အထိပဲ။"

"အစ်ကိုကြီး လော့ပေ့!? သူ့ရဲ့ လေပြင်းခွင်းဓားသိုင်းက ကျွမ်းကျင်မှုအထွတ်အထိပ်ကို ရောက်နေပြီလို့ ငါကြားထားတာ! ဘယ်လိုဖြစ်လို့ ဒီလောက်ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရတာလဲ။ နတ်ဆိုးကျင့်ကြံသူ အစွမ်းထက်ထက် တစ်ယောက်ယောက်နဲ့များ တွေ့ခဲ့တာလား။"

"မဟုတ်ဘူး၊ သူက စစ်မှန်သိုင်းခန်းမထဲမှာပဲ ဒဏ်ရာရခဲ့တာလို့ ကြားတယ်။"

"ဘာ!? ခန်းမထဲမှာ!? ဒါဆိုရင်တော့ ဂိုဏ်းတူတပည့်တစ်ယောက်ယောက်ရဲ့ လက်ချက်—"

"! အသံတိုးတိုးပြော!"

...

ဘေးစားပွဲမှ တိုးတိုးတိတ်တိတ် စကားပြောသံတွေကို နားထောင်ရင်း ကျန်းပေရန်က ခေါင်းခါကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ပါရမီရှင်တွေကတော့ မနာလို အငြူစူခံရတာပဲလေ~

ပေါက်စီနောက်ဆုံးတစ်လုတ်ကို ပါးစပ်ထဲပစ်ထည့်၊ နှုတ်ခမ်းသုတ်၊ ပန်းကန်တွေသိမ်းပြီးနောက် သူ စားသောက်ခန်းမထဲကနေ ထွက်လာခဲ့သည်။

ဒီနေ့လယ် ဘယ်သွားရင်ကောင်းမလဲ။ သူရဲကောင်းငယ်တောင်ထွတ်ကတော့ နည်းနည်း ရိုးအီနေပြီ။

သူ စားသောက်ခန်းမအဝင်ဝမှာ ရပ်ရင်း စဉ်းစားနေစဉ် အနီးနားမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ပေရန်?"

ကျန်းပေရန်က ဝမ်းသာအားရ မော့ကြည့်လိုက်သည်။

"အစ်ကိုကြီးလူ!?"

"တိုက်ဆိုင်လိုက်တာကွာ။ ငါ အခုလေးတင် ပြန်ရောက်လာတာ မင်းနဲ့ချက်ချင်းတန်းတွေ့တာပဲ။"

လူဘိုကွေးက ပြုံးရင်း လက်ပြလိုက်သည်။

"မင်း စားပြီးပြီလား။"

"ဟုတ်ကဲ့၊ အခုပဲ စားပြီးတာ။"

ကျန်းပေရန်က သူ့အနားသို့ အပြေးလေးသွားလိုက်သည်။

"ငါနဲ့အတူ နောက်တစ်ဝိုင်းလောက် ဝင်မလား။"

"ရတာပေါ့။"

စားသောက်ခန်းမထဲသို့ ပြန်ဝင်ပြီးနောက် လူဘိုကွေးက 'အေးစိမ့်စမ်းရေစပျစ်ရည်' တစ်အိုးနဲ့ အမဲသားပြားကြီးတစ်ပွဲမှာကာ ကျန်းပေရန်နှင့်အတူ ပြတင်းပေါက်ဘေးက စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

"အစ်ကိုကြီး၊ မစ်ရှင်နဲ့ အပြင်ထွက်သွားတာ အတော်ကြာပြီနော်။ အခက်အခဲတွေများ ကြုံခဲ့သေးလား။" ကျန်းပေရန်က လူဘိုကွေး ငှဲ့ပေးသော စပျစ်ရည်ခွက်ကို လှမ်းယူရင်း စပ်စုလိုက်သည်။

"အင်း... နည်းနည်းပါးပါးပေါ့။ မြောက်ပိုင်းမြစ်ဒေသမှာ စစ်ဖြစ်နေပြန်ပြီ။"

"စစ်ဖြစ်ပြန်ပြီလား။" ကျန်းပေရန်ရဲ့ စပျစ်ရည်သောက်မယ့်လက်က လေထဲမှာ ရပ်တန့်သွားသည်။

"ဒီတစ်ခါရော အဖွဲ့အစည်း ဘယ်လောက်များ ပါဝင်ပတ်သက်ဦးမလဲ မသိဘူး။"

ကိုယ့်အတွက် စပျစ်ရည်တစ်ခွက်ငှဲ့ရင်း လူဘိုကွေးက ကျန်းပေရန်ကို ပြုံးကြည့်လိုက်သည်။

"သာမန်ပြည်သူတွေအတွက်တော့ လောလောဆယ် စိတ်မပူနဲ့ဦး။ မင်းရော... ဘယ်လိုလဲ။ ဆရာတစ်ပါးတော့ ရှာတွေ့ပြီလား။"

All Chapters