ငါက မင်းရဲ့အတွေးတွေကို ဖောက်ထွင်းမြင်နေပြီးသား
Vol. 1 Ch. 14
'ဒီဇာတ်လမ်းဇာတ်ကွက်က လုံးဝမှားနေပြီ။'
ကျန်းပေရန် ကြက်သေသေသွားသည်။
သူက အရှင်းလင်းဆုံး ရွေးချယ်စရာ သုံးကို ရွေးခဲ့တာ သေချာသည်။ ဒါဆို ဘယ်လိုဖြစ်ပြီး ဒီကျော့ကွင်းထဲကို ပြန်ကျသွားရတာလဲ။
လာရောက်သူမှာ ရေမှန်ခန်းမမှ စောင့်ရှောက်သူ ယွီမန်ဝင်းဖြစ်ကြောင်း သိလိုက်သည့်အချိန်မှစ၍ ကျန်းပေရန်က ဒါဟာ မနေ့က လျိုဇီဂျင်း အဖြစ်အပျက်၏ နောက်ဆက်တွဲတစ်ခုဖြစ်ရမည်ဟု သိလိုက်သည်။
သူက စနစ်၏ရွေးချယ်စရာများက သူ့ကို ဒီအကျပ်အတည်းမှ လွတ်မြောက်အောင် ဆက်လက်ကူညီပေးလိမ့်မည်ဟု ယူဆထားခဲ့သည်။
အခြေအနေများက မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတော့ လျိုဇီဂျင်း၏ သံတံဆိပ်ဖြစ်လာခြင်းဆိုသည်မှာ မြေကမ္ဘာအဆင့် (အလယ်လတ်တန်း) ရွေးချယ်စရာတစ်ခု ဖြစ်ခဲ့သည် မဟုတ်လား။
'မဟုတ်ဘူး မဟုတ်ဘူး ဇာတ်လမ်းက နောက်ဆုံးစာမျက်နှာကို မရောက်သေးဘူးထင်တယ်။'
'စနစ်က ငါ့ကို ဒီလောက်ဆိုးဆိုးရွားရွားတော့ မလုပ်လောက်ပါဘူး။'
ကျန်းပေရန်၏ ရုတ်တရက် ပြင်းထန်သော တုံ့ပြန်မှုကိုကြားသောအခါ ယွီမန်ဝင်း၏ ဖီးနစ်မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူမက တင်းမာစွာ မေးလိုက်သည်။
"ဘာလဲ။ မင်းက မလိုလားဘူးလား။"
ကျန်းပေရန် ပြန်ဖြေတော့မည်အပြု သူ့မျက်စိရှေ့တွင် ရွေးချယ်စရာသုံးခု ပေါ်လာခဲ့သည်။
[ရွေးချယ်စရာ ၁: "စောင့်ရှောက်သူယွီရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တပည့် အခုလောလောဆယ် နီလာနှလုံးခန်းမမှာပဲ နေရမယ့် အရေးကြီးကိစ္စတွေ ရှိနေပါတယ်" ဟု ပြောပါ။ ဆုလာဘ်: နဂါးဖြတ်တိုက်ကွက် (အနက်ရောင်အဆင့်၊ အဆင့်မြင့်တန်း)]
[ရွေးချယ်စရာ ၂: "တပည့် မလိုလားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မကြာသေးခင်က စစ်တုရင်ကျမ်းစာတွေကနေ ပိတ်ဆို့တားဆီးတဲ့ နည်းလမ်းအသစ်တွေအကြောင်း ထိုးထွင်းဉာဏ်ရခဲ့လို့၊ အဲ့ဒါတွေကို အပြည့်အဝနားလည်ဖို့ ပို့ချခန်းမနဲ့အတူ တောင်ပေါ်မှာပဲနေပြီး ပွဲတွေပိုကစားချင်ပါတယ်" ဟု ပြောပါ။ ဆုလာဘ်: ကြာပန်းအနက်ရောင်ကျင့်စဉ် (အဝါရောင်အဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်စရာ ၃: "လုံးဝမဟုတ်ပါဘူး၊ တပည့်က စောက်ရှောက်သူရဲ့မျက်နှာသာပေးမှုကြောင့် ကြည်နူးလွန်းလို့ပါ" ဟု ပြောပါ။ ဆုလာဘ်: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁]
'သူ တကယ်ပဲ ငါ့ကို ကျော့ကွင်းထဲ တွန်းပို့နေတာပဲ။'
ကျန်းပေရန် ဒီစနစ်နဲ့ နေလာခဲ့တာ ငါးနှစ်ရှိပြီဖြစ်ပြီး ယေဘုယျအားဖြင့်တော့ ရွေးချယ်စရာတွေရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို သုံးသပ်နိုင်ပေမဲ့၊ အခုလိုအချိန်မျိုးမှာတော့ ရွေးချယ်စရာတွေက သူ့ကို လုံးဝနားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။
ရွေးချယ်စရာသုံးခုကို အမြန်သုံးသပ်ပြီးနောက်-
ရွေးချယ်စရာ တစ်ကို ရွေးခြင်းက သူသာ စောင့်ရှောက်သူယွီကို ပေါ့ပေါ့ဆဆ နှင်ထုတ်လိုက်လျှင် အနက်ရောင်အဆင့် (အဆင့်မြင့်တန်း) ဆုလာဘ်က အနာဂတ်တွင် ကြီးမားသော ဒုက္ခများ ပေါ်ပေါက်လာမည်ကို ညွှန်ပြနေသည်။
ရွေးချယ်စရာ နှစ်ကတော့ ရှင်းလင်းသော အကြောင်းပြချက်ပေးခြင်းသည် ပေါ့ပေါ့ဆဆ နှင်ထုတ်ခြင်းထက် ပိုကောင်းမည်ဟု ညွှန်ပြသော်လည်း အန္တရာယ်အနည်းငယ်တော့ ရှိနေသေးသည်။
သို့သော် ကျန်းပေရန်ကို အထူးဆန်းဆုံးဖြစ်စေသောအရာမှာ လျိုဇီဂျင်း၏ သံတံဆိပ်ဖြစ်ရန် သဘောတူခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်နေခြင်းပင်။ မနေ့ကတော့...
မနေ့က အဖြစ်အပျက်များကို ပြန်သတိရရင်း ကျန်းပေရန်၏စိတ်ထဲတွင် ဉာဏ်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
မနေ့က လျိုဇီဂျင်း၏ သံတံဆိပ်ဖြစ်ရန် ရွေးချယ်စရာက မြေကမ္ဘာအဆင့် (အလယ်လတ်တန်း) ဆုလာဘ်ကို ပေးခဲ့သည့်အကြောင်းရင်းမှာ သူမ၏စမ်းသပ်မှုက အထူးခက်ခဲသောကြောင့်မဟုတ်ဘဲ၊ သူမကိုကူညီရန် ရွေးချယ်ခြင်းက ဘယ်ကမှန်းမသိ ပေါ်လာသော အစ်ကိုကြီးခုံထံမှ ဒုက္ခများကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။
ထိုအစ်ကိုကြီးခုံက မြေကမ္ဘာအဆင့်ဆုလာဘ်၏ တကယ့်အကြောင်းရင်းဖြစ်နိုင်ခြေများသည်။
'ဒါဆို ငါသာ အခု စောင့်ရှောက်သူယွီကို သဘောတူလိုက်ရင် အစ်ကိုကြီးခုံက ငါ့ကို မမုန်းတီးအောင် တားဆီးပေးမယ့် အကြောင်းရင်းတစ်ခုခု ရှိနေရမယ်။'
အခြေအနေကို ယေဘုယျအားဖြင့် သုံးသပ်ပြီးနောက် ကျန်းပေရန်က ရွေးချယ်စရာ သုံးကို ရွေးချယ်လိုက်သည်။ သူက စောင့်ရှောက်သူယွီဘက်သို့ လက်အုပ်ချီရင်း ပြောလိုက်သည်။
"လုံးဝမဟုတ်ပါဘူး၊ တပည့်က စောက်ရှောက်သူရဲ့မျက်နှာသာပေးမှုကြောင့် ကြည်နူးလွန်းလို့ပါ။"
[ရွေးချယ်မှုတာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ်: တေးဂီတ +၁]
ကျန်းပေရန် ဒီတစ်ကြိမ်တွင် ရွေးချယ်စရာများကို ယခင်ကလို အလွယ်ဆုံးတစ်ခုကို စက်ရုပ်ဆန်ဆန် ရွေးချယ်မည့်အစား သေချာသုံးသပ်ခဲ့သည့် အကြောင်းရင်းမှာ အတိတ်အတွေ့အကြုံများက သူ့ကို သင်ကြားပေးခဲ့သောကြောင့် ဖြစ်သည်။ မြေကမ္ဘာအဆင့်ဆုလာဘ် ရွေးချယ်စရာများ ပေါ်လာသည့်အခါတိုင်း သူသည် နောက်ဆက်တွဲရွေးချယ်မှုများတွင် အလွန်အမင်းသတိထားရန် လိုအပ်သည်။
မဟုတ်ရင် ညီမလေးအဖြစ်အပျက်ကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး အလွယ်ဆုံး ရွေးချယ်စရာကပင် အရည်အချင်းအမှတ်ဆုလာဘ်များကို မပေးတော့သည့်အခါမျိုး ကြုံရနိုင်သည်။
ထိုအဖြစ်မှာ သူ အမြင်ချင်ဆုံးမဟုတ်သည့် ရလဒ်ပင်။
"အင်း။"
ယွီမန်ဝင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဒီကိစ္စကို အတည်ပြုလိုက်ပြီ။ သန်ဘက်ခါ ငါ ငါ့ခန်းမက တပည့်တွေကိုခေါ်ပြီး မင်းကို လာရှာမယ်။"
"ဟုတ်ကဲ့၊ တပည့် စောင့်ရှောက်သူရဲ့အမိန့်ကို ရိုသေစွာ လိုက်နာပါတယ်။"
ကျန်းပေရန် အလွယ်တကူ သဘောတူလိုက်သည်ကို မြင်ရသောအခါ ယွီမန်ဝင်း အလွန်ကျေနပ်သွားသည်။
နောက်ဆုံးတော့ သူမသိနေသည်မှာ မနေ့ညက လျိုဇီဂျင်း၏ စိတ်အခြေအနေမကောင်းခြင်းမှာ အရင်တစ်ခါ ငြင်းပယ်ခံရခြင်းမှ ဆင်းသက်လာသည်မှာ သေချာသည်။
ထို့ကြောင့် သူမက ကျန်းပေရန် ဒီတာဝန်ကို ငြင်းပယ်ပြီး သူမကို နှင်ထုတ်ရန် ခိုင်မာမှုမရှိသော ဆင်ခြေများ ပေးမည်ကို စိုးရိမ်ခဲ့သည်။
အကယ်၍သာ ထိုသို့ဖြစ်ခဲ့လျှင် သူမက သူ့ကို စနစ်တကျ စိတ်အားထက်သန်လာအောင် နည်းလမ်းများ ရှာဖွေရပေလိမ့်မည်။
သို့သော် သူ၏အမူအရာအရ ဒီတပည့်က စောင့်ရှောက်သူတစ်ဦးအဖြစ် သူမ၏အာဏာကို ရှင်းလင်းစွာ လေးစားပုံရသည်။
သူမ၏ အစောပိုင်းက ကျန်းပေရန်အပေါ်ထားရှိသော သနားခြင်းများနှင့် ပေါင်းစပ်လိုက်သောအခါ ယွီမန်ဝင်းက သူ့ကို တစ်မိနစ်ထက်တစ်မိနစ် ပိုပြီး မျက်နှာသာပေးလာသည်ကို တွေ့ရှိရသည်။
"ပေရန်၊ မင်းက တေးဂီတရော စာပေအနုပညာမှာပါ ကျွမ်းကျင်တာကို ငါတွေ့တယ်။ မင်းက နီလာနှလုံးခန်းမကဆိုတော့ မင်းရဲ့စစ်တုရင်စွမ်းရည်ကလည်း ထူးချွန်ရမယ် မဟုတ်လား။"
" မြှောက်ပြောလွန်းနေပါပြီ စောင့်ရှောက်သူ။ တပည့်က အနည်းငယ်သာ လေ့လာဖူးတာပါ၊ ကျွမ်းကျင်မှုနဲ့ အဝေးကြီးလိုပါသေးတယ်။"
"အားနာနေစရာမလိုပါဘူး။ ငါမင်းရဲ့အတွေးကို နားလည်ပါတယ်၊ မင်းက ကျင့်ကြံခြင်းမှာ အောင်မြင်မှုတွေမရနိုင်တော့ တခြားနယ်ပယ်တွေမှာ အောင်မြင်ချင်တယ် မဟုတ်လား။"
သူ့ကို ဖောက်ထွင်းမြင်နေသည့် ယွီမန်ဝင်း၏ အမူအရာကို မြင်သောအခါ ကျန်းပေရန်က အလိုက်သင့် ကစားလိုက်သည်။
"စောင့်ရှောက်သူရဲ့အမြင်က တကယ်ကို စူးရှပါတယ်။ တပည့်ရဲ့ သေးနုပ်တဲ့အတွေးတွေကိုတောင် ဖောက်ထွင်းမြင်နိုင်တာပဲ။"
"ဟားဟား၊ ပေရန်၊ မင်းက တကယ်စကားပြောတတ်တာပဲ။ ဒါက စူးရှတဲ့အမြင်မလိုအပ်ပါဘူး၊ သတိထားတတ်တဲ့ ဘယ်သူမဆို ပြောနိုင်ပါတယ်။"
ယွီမန်ဝင်းက ကျန်းပေရန်၏ ပခုံးကို ညင်သာစွာပုတ်လိုက်သည်။ သူမ၏ ရွဲနေသော မျက်ဝန်းများက သူ့ကို နွေးထွေးစွာ အားပေးနေသည်။
"တကယ်တော့ မင်းက ကျင့်ကြံခြင်းကို ဒီလောက်စောစောစီးစီး စိတ်ပျက်အားငယ်နေစရာမလိုပါဘူး။ ဒီစောင့်ရှောက်သူ ကြားဖူးတာတော့ ကျွမ်းကျင်သူအများအပြားက ချီကျင့်ကြံခြင်းအစောပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူတို့ရဲ့အဆင့်တက်အတားအဆီးတွေကို ကျော်ဖြတ်ပြီးတဲ့နောက် ဒေသတစ်ခုလုံးရဲ့ အရှင်သခင်တွေ ဖြစ်လာကြတယ်လို့ပဲ။"
"စောင့်ရှောက်သူရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တပည့် ကောင်းကောင်းမှတ်ထားပါ့မယ်။"
"ကောင်းပြီ။ ငါမင်းကို ဒါတွေပြောပြတာက မင်းရဲ့အချိန်အားလုံးကို သိမ်မွေ့တဲ့အနုပညာတွေမှာပဲ မမြှုပ်နှံစေချင်လို့ပဲ။ စိတ်နှလုံးပြန်ကျင့်စဉ်ကို လေ့ကျင့်ဖို့ အချိန်ပိုပေးပါ။ အခက်အခဲတွေကြုံလာရင် ငါ့ဆီလာခဲ့၊ ငါမင်းကို သေသေချာချာ သင်ပေးမယ်။"
'ဒါကတော့...'
ကျန်းပေရန်က သူမကို ကျေးဇူးတင်ရမလား မတင်ရဘူးလား တွေဝေသွားသည်။
နောက်ဆုံးတော့ စိတ်နှလုံးပြန်ဂိုဏ်းအတွင်းမှာ ခန်းမတွေကြားက နယ်နိမိတ်တွေက တော်တော်လေး ခြားနားသည်။
နီလာနှလုံးခန်းမက တပည့်တစ်ယောက်က ရေမှန်ခန်းမက စောင့်ရှောက်သူတစ်ယောက်ဆီက လမ်းညွှန်မှုတောင်းခံတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် နီလာနှလုံးခန်းမက အကြီးအကဲအများအပြား မျက်နှာပျက်ကြလိမ့်မည်။
ကျန်းပေရန်၏ တွေဝေမှုကို သတိပြုမိပုံရသော ယွီမန်ဝင်းက ပြုံးပြီး မေးလိုက်သည်။
"ဒီစောင့်ရှောက်သူကို ရိုးရိုးသားသားပြောစမ်း၊ ကျန်းဟယ်ချင်းက မင်းရဲ့ကျင့်ကြံမှုကို တစ်ခါမှ မစမ်းသပ်ဖူးဘူးလား။"
ကျန်းပေရန်က ခေါင်းခါလိုက်သည်။
"ခန်းမသခင်ကတော့ ဘယ်တုန်းကမှ မစမ်းသပ်ဖူးပါဘူး။ ဒါပေမဲ့ ဓားစောင့်ဖုန်းကတော့ တစ်ခါစမ်းသပ်ဖူးပါတယ်။"
"သူက ဘာပြောလဲ။"
ကျန်းပေရန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ဓားစောင့်ဖုန်းက လူတိုင်းမှာ ကိုယ်ပိုင်အားသာချက်တွေရှိပြီး ကိုယ်ကျွမ်းကျင်တဲ့အရာကို အာရုံစိုက်လုပ်ဆောင်ရင် ကြိုးစားမှုတစ်ဝက်နဲ့ အကျိုးရလဒ်နှစ်ဆရတယ်လို့ ပြောပါတယ်။ တပည့်က သူ့စကားတွေ တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်လို့ တွေ့ရှိခဲ့လို့—"
"အဲ့ဒီ သောက်... အဟွတ် အဟွတ်။"
ယွီမန်ဝင်းက ချောင်းဟန့်ပြီး ခေါင်းခါလိုက်သည်။
"မင်း နီလာနှလုံးခန်းမမှာ ငါးနှစ်လုံးလုံး စာရင်းသွင်းတပည့်အဖြစ် ရှိနေခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး။ ကြည့်ရတာ ဖုန်းယုလုံက ခန်းမအကြီးအကဲတွေကိုယ်စား မင်းကိုစမ်းသပ်ပြီး မင်းရဲ့ကျင့်ကြံရေးလမ်းကြောင်းကို လုံးဝလက်လျှော့လိုက်ပုံပဲ။"
"ဓားစောင့်ဖုန်းက စေတနာကောင်းနဲ့ပါ။ နောက်ဆုံးတော့ အဲ့ဒီအချိန်က ကျွန်တော် သုံးနှစ်လောက်—"
"အား~"
ယွီမန်ဝင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။
"ဓားစောင့်ဖုန်းရဲ့စကားတွေက အမှန်တရားပါဝင်ပေမဲ့ လုံးဝတော့ မမှန်ဘူး။ မင်းက အသက်နှစ်ဆယ်ပဲရှိသေးတယ်၊ အသက်သုံးဆယ်ရောက်မှ အနက်ရောင်အဆင့်ကျင့်ကြံသူဖြစ်အောင် အဆင့်မကျော်ဖြတ်နိုင်ဘဲ ဒေသတစ်ခုရဲ့ အရှင်သခင်ဖြစ်လာတဲ့လူတွေအကြောင်း ငါကြားဖူးတယ်။ ငါ့ကိုယုံပါ မင်းမှာ အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်။"
ကျန်းပေရန်ကို တုံ့ပြန်ခွင့်မပေးဘဲ သူမက ဆက်ပြောသည်။
"မင်းသာ ကျင့်ကြံခြင်းကို တကယ်ပဲ အလေးအနက်ထားချင်တယ်ဆိုရင် ငါ့ဆီသာလာခဲ့။ ဘယ်လို အကျိုးဆက်မျိုးကိုမဆို ငါဖြေရှင်းပေးမယ်၊ အဆိုးဆုံး ငါမင်းကို ငါ့ရေမှန်ခန်းမကို ရိုးရိုးလေး ပြောင်းရွှေ့လိုက်ရုံပဲ။ မင်းရဲ့ ခန်းမသခင်ကျန်းက ကန့်ကွက်မယ်လို့ ငါမထင်ဘူး။"
ကျန်းပေရန်က သူ့လက်များကို အမြန်ဝှေ့ယမ်းလိုက်သည်။
"တကယ်တော့ ခန်းမသခင် အတော်များများက ကျွန်တော့်အပေါ် တော်တော်လေးကြင်နာကြပါတယ်။ ဒါပေမဲ့ ကျွန်တော်က လက်ရှိမှာ စစ်တုရင်လမ်းကြောင်းကို ပိုပြီးစိတ်ဝင်စားလို့—"
"တော်တော့။"
ယွီမန်ဝင်းက သူ့ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
"ငါသိတယ် ဒါတွေက မင်းရဲ့ကာကွယ်ထားတဲ့ အကြောင်းပြချက်တွေပဲဆိုတာ။ ကျင့်ကြံခြင်း အကြောင်းပြောတဲ့အခါ မင်းမျက်လုံးထဲက ပျောက်ဆုံးနေတဲ့အကြည့်က လိမ်မပြောဘူး၊ မင်းက စစ်တုရင်လေ့လာတာကိုသုံးပြီး ကိုယ့်ကိုယ်ကို ထုံထိုင်းအောင်လုပ်နေတာ မဟုတ်လား။"
သူ့ကို နောက်တစ်ကြိမ် ဖောက်ထွင်းမြင်နေသည့် ယွီမန်ဝင်း၏ အမူအရာကို မြင်သောအခါ ကျန်းပေရန် အသည်းအသန် အော်ဟစ်ချင်စိတ်ပေါက်သွားသည်။
"ကျွန်တော်မဟုတ်ဘူး။ ကျွန်တော်မလုပ်ဘူး။"