← Chapters

နတ်ဆိုးအရှင်နှစ်ပါး၏ တိုက်ပွဲ

Vol. 31 Ch. 421

နတ်ဆိုးအရှင်နှစ်ပါး၏ တိုက်ပွဲ

Vol. 31 Ch. 421

“မင်းတို့နိမ့်ကျတဲ့ လူသားမျိုးနွယ်၊ ငါ့ကိုဒီလိုပြောရဲတယ်ပေါ့?” သွေးအရှင်၏မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါဖြင့် တောက်ပလာပြီး သူ့ကို ဖမ်းဆုပ်ရန် လက်ကိုဆန့်တန်းလိုက်သည်။

ဝှစ်!

လေဟာနယ်ထဲ၌ မသေမျိုးအုပ်စိုးသူ တစ်ပါး၏ စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေသော သွေးရောင်ဧရာမလက်တစ်ဖက် ဖြစ်ပေါ်လာသည်။ ထိုလက်မှ ပျို့အန်ချင်ဖွယ် သွေးနံ့များလည်း တလှိုက်လှိုက်ထွက်ပေါ်နေ၏။

သွေးနီရောင်ရင့်ရင့်သည် ဟုန်ချန်ယဲ့၏အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုလက်၏ အသွေးအသားဖွဲ့စည်းပုံကိုလည်း ဖြူဖျော့သောအရေပြားမှတစ်ဆင့် ဖောက်ထွင်းမြင်တွေ့နိုင်နေသည်။

ဟုန်ချန်ယဲ့သည် တိုးမြင့်လာသော ဖိအားကို ခံစားလိုက်ရသော်လည်း တည်ငြိမ်စွာပင် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ သူ၏သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်ချောင်းများသည် သွေးရောင်ဧရာမလက်ကြီးဆီသို့ တည့်တည့်ဆန့်တန်းချိန်ရွယ်ထားတော့၏။

သူ့လက်ချောင်းထိပ်များမှ အနီရောင်လှိုင်းလုံးများသည် ရေအိုင်အတွင်း ကြီးမားသောကျောက်တုံးတစ်တုံး ပစ်ကျသွားသကဲ့သို့ ကျယ်ပြန့်သော လှိုင်းဂယက်များအဖြစ် ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်၏ အပူချိန်သည်လည်း မီးတောင်အောက်ခြေထိ ကျရောက်သွားသကဲ့သို့ လျင်မြန်စွာ မြင့်တက်လာသည်။

ဘုန်း!

သွေးရောင်ဧရာမလက်သည် ပြင်းထန်သော ခုခံမှုကို ရင်ဆိုင်လိုက်ရပြီး အနီရောင်လှိုင်းလုံးများနှင့် ထိပ်တိုက်လိုက်ရသည့် ခဏချင်းအတွင်း၌ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့၏။

“ဘာ?!”

သွေးအရှင်၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ အကြောင်းမှာ သူတို့နှစ်ဦး၏ ခဏတာ ထိပ်တိုက်ရင်ဆိုင်မှုမှတစ်ဆင့် ဟုန်ချန်ယဲ့၏ ခွန်အားကြီးမားနေရခြင်း အကြောင်းရင်းကို သူနောက်ဆုံးတွင် နားလည်သွားသောကြောင့်ပင်။

“မင်းရဲ့ မသေမျိုးစွမ်းအင် အရည်အသွေးက ဒဏ္ဍာရီလာ သတ္တမအဆင့် ဖြစ်နေတာပေါ့!!!”

အားကုန်အော်ဟစ်လိုက်သော အသံမှာ ကွဲအက်လုနီးပါးပင်ဖြစ်သွားသည်။ သွေးအရှင် ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နေပြီး သူ့ရင်ထဲတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ခံစားရ၏။

ဒါက ဘယ်လိုသဘောတရားလဲ?

ပုံမှန်အခြေအနေတွင် မသေမျိုးစွမ်းအင် အရည်အသွေး သတ္တမအဆင့်သို့ရောက်ရှိရန် မသေမျိုးဧကရာဇ် တစ်ပါးသာ အရည်အချင်းပြည့်မီသည်။

ထာဝရသွေးမျိုးနွယ်တို့တွင် မသေမျိုးစွမ်းအင်ကို ထိုအဆင့်အထိ ကျင့်ကြံနိုင်သူမှာ အလွန်ရှားပါးပြီး ထိုသူများမှာလည်း နှစ်ထောင်သောင်းချီအောင် မနားတမ်းကျင့်ကြံလာသော ဘိုးဘေးကြီးများသာဖြစ်ကြ၏။

သို့သော် ယခုတော့ ဤဉာဏ်အလင်းမသေမျိုးအဆင့် လူသားမျိုးနွယ်၏ မသေမျိုးစွမ်းအင် အရည်အသွေးသည် သတ္တမအဆင့်အထိ ရောက်ရှိနေလေပြီ။ ဤထူးဆန်းအံ့ဖွယ်ဖြစ်ရပ်ကို သူ့သက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ကြုံဖူးကြားဖူးခြင်းသာ ဖြစ်လေသည်။

ဟုန်ချန်ယဲ့က လှောင်ရယ်လိုက်သည်။ “မင်းကြည့်ရတာ ဒီလောက်ကအစွမ်းကုန်ပဲထင်တယ်နော်"

တစ်ဖက်ရန်သူ၏ ကျင့်ကြံဆင့်သည် မသေမျိုးအုပ်စိုးသူ နဝမအဆင့်ဖြစ်ပြီး မကြာသေးခင်ကမှ အသစ်တက်ရောက်ထားသော ဉာဏ်အလင်းမသေမျိုးတစ်ပါးအနေဖြင့် ယှဉ်ပြိုင်နိုင်ခြင်းမှာ သူ၏ မသေမျိုးစွမ်းအင် အရည်အသွေး သတ္တမအဆင့်ကြောင့်သာ ဖြစ်တော့၏။ မသေမျိုးစွမ်းအင် အရည်အသွေးမြင့်လေလေ ကျင့်ကြံသူ၏ ထုတ်လွှတ်သောစွမ်းအား ပိုမိုအားကောင်းလေလေ ဖြစ်သည်။

သွေးအရှင်က သူ့ရင်ထဲမှ ထိတ်လန့်မှုကို အတင်းအကျပ်ထိန်းချုပ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အလွန်အကျွံကော့တက်နေသော လုပ်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ဟုန်ချန်ယဲ့ကို အာရုံစိုက်အကဲခတ်ရင်း ကြိမ်းဝါးလိုက်သည်။ “ဟဲဟဲ၊ ဒီနေ့ ငါတကယ်ကို ရတနာတစ်ခု တွေ့လိုက်ရပြီပဲ။ မင်းရဲ့သွေးက သာမန် မသေမျိုးဘုရင် တစ်ပါးရဲ့သွေးထက်တောင် ပိုပြီးအရသာရှိဦးမယ်!”

သူသာ ပြိုင်ဘက်၏ အသွေးအသား အဆီအနှစ်ကို အောင်မြင်စွာစုပ်ယူနိုင်ပါလျှင် သူ၏ ကိုယ်ခန္ဓာအစစ်မှ ကုန်ခန်းသွားသော မူလစွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျင့်ကြံဆင့်သည် ဤကမ္ဘာ၏ အဓိကသတ်မှတ်ထားသော ဥပ‌ဒေသတစ်ခုကို ကျော်လွန်ဖောက်ဖျက်နိုင်မည်ဖြစ်၏။

ဆိုလိုသည်မှာ အထွတ်အထိပ် မသေမျိုးဘုရင်တစ်ပါး ဖြစ်လာရပေမည်!

ဟုန်ချန်ယဲ့သည် ထိုလူ၏ မျက်လုံးများတွင် ဖုံးကွယ်မထားသော လောဘနှင့်ဆန္ဒကို ရွံရှာမိစွာ မျက်မှောင်ကြုတ်လိုက်သည်။ စက်ဆုပ်ရွံရှာမှုကြောင့် အမှန်တကယ် ပျို့အန်ချချင်စိတ်ကို မနည်းထိန်းထားရ၏။

“လုပ်နိုင်မှာတဲ့လား?”

ဟုန်ချန်ယဲ့က စိတ်ပျက်လက်ပျက်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

လေဟာနယ်ထဲ၌ အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်သော ဖျက်ဆီးခြင်းစွမ်းအင်နှင့်အတူ အချိန်ကာလများစွာကြာရှည်တည်ရှိလာသော ရှေးဟောင်းအရှိန်အဝါတစ်ခု ပါဝင်သည့် နက်မှောင်သော မီးတောက်များ ဖြစ်ပေါ်လာသည်။

ရှစ်ပြည်ထောင်အမှောင်မီး!

ဝှစ်~

ရှစ်ပြည်ထောင်အမှောင်မီးသည် ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကိုးကောင်အဖြစ် စုစည်းသွားသည်။ ၎င်းတို့သည် အစွယ်များနှင့် ခြေသည်းများကို ဖြဲဟဖော်ပြကာ သွေးအရှင်ဆီသို့ ဦးတည်တိုက်ခိုက်ကြတော့၏။

နဂါးဟိန်းသံများမှာ အလွန်ကျယ်လောင်ပြီး မိုင်ပေါင်းထောင်ချီအကွာအဝေးရှိ ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။

“မာန်တက်နေလိုက်တာ! မင်းရဲ့ မသေမျိုးစွမ်းအင်က သတ္တမအဆင့် ဖြစ်နေရင်တောင် ဘာအရေးလဲ? မင်းရဲ့ လက်ရှိကျင့်ကြံဆင့်က လုံလောက်အောင် နက်ရှိုင်းမှုမရှိသေးဘူး။ ငါမင်းကိုဖိနှိပ်ဖို့ မတတ်နိုင်ဘူးလား ထင်နေသလား?"

သွေးအရှင်က ခြိမ်းခြောက်လိုက်သည်။ ထို့နောက် သူ့လက်ကို ခေါင်းပေါ်သို့ မြှောက်လိုက်သောအခါ သေဆုံးခြင်း၏ အရှိန်အဝါများ စိမ့်ဝင်နေသော သွေးရောင်လှံတစ်ချောင်း ပေါ်လာသည်။ လှံကိုဆုပ်ကိုင်လိုက်သောအခါ သွေးရောင်အလင်းသည် ပိုမိုပြင်းထန်စူးရှလာပြီး ကောင်းကင်ကိုဖြတ်သန်းတောက်ပနေသော သွေးနီရောင်နေမင်းနှင့်ပင် တူနေတော့၏။

ဝှစ်!

သွေးအရှင်၏ အင်အားကြီးသောသောပုံရိပ်သည် သွေးရောင်လှံကို ကိုင်ဆောင်ထားလျက် ကြီးမားသော အရှိန်အဝါဖြင့် အမှောင်မီးနဂါးကိုးကောင်ဆီသို့ ဦးတည်ထိုးတက်သွားတော့သည်။

အမှောင်မီးနဂါးကိုးကောင်လုံး သွေးအရှင်နှင့် ထိပ်တိုက်တွေ့ကြသည်။ သို့သော် သွေးအရှင် က တစ်ကောင်ပြီးတစ်ကောင် အလျင်အမြန် ထိုးဖောက်သွားခဲ့ရာ ထုတ်လွှတ်တိုက်ခိုက်မည်ပြင်နေသော မီးတောက်များသည် ကောင်းကင်တစ်ခုလုံးသို့ ပြန့်ကျဲသွားပြီး မိုင်ထောင်ချီရှိသော လေဟာနယ်ကို လောင်ကျွမ်းစေသည်အထိ။

“မင်းအလှည့်ရောက်ပြီ!”

သွေးအရှင်က လှံကိုကိုင်ဆောင်ထားလျက် သူ၏နောက်ကျောရှိ အသားတောင်ပံများကို ရိုက်ခတ်လိုက်သောအခါ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟုန်ချန်ယဲ့ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးဝင်သွားတော့၏။

“စစ်မှန်သောခရမ်းရောင်ဖီးနစ်တောင်ပံများ!”

ပြိုင်ဘက်၏ ထူးခြားသော အရှိန်အဟုန်ကို မြင်လိုက်ရသောအခါ ဟုန်ချန်ယဲ့သည် မကြောက်မရွံ့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းမှ ပင်လယ်ရေကဲ့သို့ လှိုင်းထနေသော မသေမျိုးစွမ်းအင်ကို အသက်သွင်းလိုက်သည်။ သူ့နောက်ကျော၌ တောက်ပသော ခရမ်းရောင်ဖီးနစ်တောင်ပံ တစ်စုံပေါ်လာပုံမှာ အကြည့်မလွှဲချင်လောက်အောင် ခမ်းနားလှပေ၏။

ဝှစ်၊

တောင်ပံများကိုခတ်ကာ ပျံသန်းလိုက်သောအခါ လှိုင်းထနေသော ခရမ်းရောင်မီးတောက်များကို ဖြစ်ပေါ်စေပြီး လှံတစ်ချောင်းဖြင့် ဦးတည်ပြေးဝင်လာသည့် သွေးအရှင်ထံသို့ ဦးတည်လိုက်တော့သည်။

ဝှစ် ဝှစ် ဝှစ်~!

ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ခွဲမရအောင်ရောယှက်နေပြီး ရွေ့လျားနေသောအရိပ်များကဲ့သို့ တိုက်ခိုက်နေကြကာ ပတ်ဝန်းကျင်လေဟာနယ်၌ လှိုင်းထနေသော စွမ်းအင်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည်။

သွေးအရှင်က ကျင့်ကြံဆင့်တွင် အသာစီးရသည်။ ထိုအားသာချက်ဖြင့် မြန်မြန်ဆန်ဆန်၊ ပြင်းပြင်းထန်ထန်နှင့် တိတိကျကျ တိုက်ခိုက်နိုင်သော်လည်း ဟုန်ချန်ယဲ့၏ခွန်အားမှာလည်း လွယ်လွယ်ထိုးဖောက်လို့မရခဲ့။ မသေမျိုးစွမ်းအင် အရည်အသွေးသည် သတ္တမအဆင့် ဖြစ်ပြီး တိုက်ခိုက်ရေးအတွေ့အကြုံလည်း ကြွယ်ဝသောကြောင့် အားနည်းချက်တစ်ကွက်ပင် လစ်ဟမနေခဲ့ပေ။

ဉာဏ်အလင်းမသေမျိုးနှင့် ကောင်းကင်မသေမျိုးကြားမှ ကွာခြားချက်သည် ကျောက်တုံးနှင့် သဲမှုန်ဟု ခိုင်းနှိုင်းရလျှင် မသေမျိုးအုပ်စိုးသူနှင့် ဉာဏ်အလင်းမသေမျိုးကြားက ကွာခြားချက်သည် သမုဒ္ဒရာနှင့် ရေကန်ကြားကွာခြားချက်နှင့် တူညီသည်။

ဤကွာခြားချက်မှာ ဖော်ပြရခက်လောက်အောင် အလွန်ကြီးမားသည်။ ဉာဏ်အလင်းမသေမျိုး အသစ်စက်စက်တစ်ဦးအနေဖြင့် အထွတ်အထိပ် မသေမျိုးအုပ်စိုးသူ တစ်ဦးနှင့် ဤအဆင့်အထိ တိုက်ခိုက်နိုင်ခြင်းသည် ကျယ်ပြန့်သော စကြဝဠာ တစ်ခုလုံးတွင် နှစ်ခါမရှိအောင် ရှားပါးသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

ထို့ပြင် သွေးအရှင်သည် သာမန် မသေမျိုးအုပ်စိုးသူ တစ်ဦးမဟုတ်ဘဲ မသေမျိုးအုပ်စိုးသူ များထဲတွင် ထိပ်တန်းဟုသတ်မှတ်နိုင်သော အဆင့်အတန်းပင်။ သို့တိုင် ဟုန်ချန်ယဲ့ကို မဖိနှိပ်နိုင်ခဲ့။

သွေးအရှင်သည် တိုက်ခိုက်လေလေ ပိုမိုထိတ်လန့်လာလေလေပင်။ ဤကဲ့သို့ယိုယွင်းပျက်စီးနေသော ကမ္ဘာကြီးတွင် ထိုသို့သော အတုမရှိရှားပါးသည့် ပါရမီရှင်တစ်ဦးရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပါ။ ထိုသူသာ ထာဝရသွေးမျိုးနွယ်တွင်ဆိုပါလျှင် ပထမဦးစားပေး ရွေးချယ်ခံတစ်ဦးအဖြစ် လေ့ကျင့်ပေးခံရမည်ဖြစ်ကာ မသေမျိုးဧကရာဇ်တစ်ပါးကို ကျော်လွန်စေဖို့ပင် မျှော်လင့်ထားကြမည့် မျိုးနွယ်ရတနာတစ်ပါးသာဖြစ်ပေမည်။

“ဒီပွဲကို အဆုံးသတ်ချိန်တန်ပြီ!”

ဟုန်ချန်ယဲ့သည် အပြင်ပန်းအားဖြင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်နေသော်လည်း ယခုအတိုင်း ဆက်လက်တိုက်ခိုက်နေခြင်းသည် အဖြေမဟုတ်ကြောင်း သိ၏။ နှစ်ဦးကြားမှ သဟဇာတဖြစ်နေသော မျှချေကို တိုက်ပွဲမရှည်မီ ဖျက်ဖောက်ပြီး ဤမိစ္ဆာကို ချက်ချင်း ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

ဝှစ် ဝှစ်!

ခရမ်းရောင်မီးလျှံဓားသွားနှစ်ချောင်းသည် လေနှင့်မိုးခြိမ်းသံများကို သယ်ဆောင်လျက် လျင်မြန်စွာ ပျံသန်းလာကာ သွေးအရှင်၏ ထိုးစစ်ကို အတင်းအကျပ်တားဆီးလိုက်သည်။

ထို့နောက် ဟုန်ချန်ယဲ့သည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သင်္ကေတများ ချက်ချင်းပြုလုပ်လိုက်သည်။ ဆံပင်နက်များမှာ လေထဲတွင် ပျံဝဲလှုပ်ရှားနေပြီး လှပသောမျက်နှာတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက အေးစက်စွာ အော်ဟစ်လိုက်သည်-

“ကြာနီမီးတောက်!!!”

ဤသည်မှာ ယင်ယန်သုံးထောင်ကျင့်စဥ်မှ အဆင့်မြင့်မီးဒြပ်စင်ကျင့်စဥ်တစ်ခု ဖြစ်သည်။ ကျင့်ကြံဆင့်နိမ့်ပါးနေခဲ့သောကြောင့် ယခင်က အသုံးမပြုနိုင်ခဲ့ပေ။ သို့သော် ယခုတော့ ဉာဏ်အလင်းမသေမျိုးအဆင့်ဖြင့် ကျင့်စဥ်အသစ်ကို ပထမဆုံးအကြိမ် ထိတွေ့နိုင်ခဲ့လေပြီ။

ကမ္ဘာကြီးသည် ချက်ချင်းမှိန်ချသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းသည် ဖျက်ဆီးနိုင်စွမ်းအပြည့်ဖြင့် ပျံ့နှံ့လျက်ရှိပြီး အရှိန်အဝါမှာ အလွန်ကြောက်စရာကောင်းသည်။

ဟုန်ချန်ယဲ့၏ မြှောက်ထားသောလက်ဖဝါးပေါ်တွင် ကြာပန်းသဏ္ဌာန် မီးတောက်တစ်ခု ပေါ်လာသည်။ ပွင့်ချပ်တစ်ခုစီမှာ သလင်း‌ကျောက်ကဲ့သို့ ကြည်လင်နေပြီး တောက်ပသော အနီရောင်နှင့် ရွှေရောင်အလင်းတန်းများ စီးဆင်းလျက်ရှိ၏။

“ဒီအရှင်အတွက် သေလိုက်စမ်း!”

ဟုန်ချန်ယဲ့သည် လက်ထဲမှမီးတောက်ကို သွေးအရှင်ဆီသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။

ဝှစ်၊

ကြာပန်းနီပွင့်လန်းလာပြီး လေထဲတွင် ဆက်တိုက်လှည့်ပတ်နေကာ သက်ရှိအားလုံးကို ဖျက်ဆီးလောင်ကျွမ်းစေနိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ပါဝင်နေသည်။

“ဘာ... ဒါက ဘာကြီးလဲ?!”

သွေးအရှင်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အမှန်တကယ် စိတ်လှုပ်ရှားလာတော့သည်။ တစ်ဖက်ရန်သူ ထုတ်လွှတ်လိုက်သော ကမ္ဘာကြီးကို ပြာချနိုင်လောက်သည့် နတ်ဘုရားမီးတောက်ကြောင့် သူကိုယ်တိုင် မတတ်သာစွာ ထိတ်လန့်နေရလေပြီ။

သို့သော် ချက်ချင်းတုံ့ပြန်လိုက်ပြီး နောက်ကျောရှိ အသားတောင်ပံများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ကာ သွေးနီရောင်အလင်း၏ အမြန်ဆုံးအရှိန်ဖြင့် ရှောင်ရှားရန် ကြိုးစားသည်။ သို့သော် တဖြည်းဖြည်း ပို၍သာပွင့်လန်းလာသော ကြာနီမီးတောက်နှင့် ရင်ဆိုင်ရသောအခါ သွေးအရှင်သည် ကြီးမားသော ဖိအားအောက်ဝယ် တစ်လက်မပင် လှုပ်ရှား၍ မရနိုင်တော့ပေ။

“မကောင်းတော့ဘူး!”

လျှပ်စီးလက်သလို တစ်ခဏချင်းအတွင်း၌ နားကွဲမတတ် ပေါက်ကွဲသံများဖြင့် ဧရာမ အနီရောင်မီးလုံး တစ်လုံး ကောင်းကင်၌ ပွင့်ထွက်လာသည်။ အလင်းရောင်သည် မျက်စိကျိန်းစပ်လောက်အောင် တောက်ပလွန်းသဖြင့် ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူအများမှာ တိုက်ရိုက်ကြည့်ရှုဖို့ပင် မတတ်နိုင်ခဲ့ကြ။

ဟုန်ချန်ယဲ့သည် တိုက်ပွဲအလယ်တွင် ခံ့ညားစွာ ရပ်နေခဲ့၏။ သူ၏သွင်ပြင်ဟန်ပန်မှာ ထူးကဲပြီး သန့်စင်လှသည်။ ကြာနီမီးလျှံ ပေါက်ကွဲသည့်နေရာကို ကြည့်နေရာတွင် အနီသွေးခြယ်အလင်းရောင်က သူ၏ဆွဲဆောင်မှုရှိသောမျက်နှာကို ထင်ဟပ်နေကာ နှုတ်ခမ်းထက်ရှိ ခပ်မဲ့မဲ့အပြုံးကိုလည်း ပိုလို့တောက်ပစေတော့၏။

“ဟဲဟဲ၊ မင်းက ဒီအရှင်ကိုမှ လာဆွလိုက်တာကိုး"

ဟုန်ချန်ယဲ့သည် ကြီးမားသောအောင်မြင်မှုကို ခံစားလိုက်ရသည်။ ကျင့်ကြံဆင့်အထပ်ထပ်ကို ဖြတ်ကျော်ကာ အထွတ်အထိပ် မသေမျိုးအုပ်စိုးသူ တစ်ဦးအား သတ်ဖြတ်လိုက်နိုင်ခြင်းသည် အလွန်ဂုဏ်ယူစရာဖြစ်သောကြောင့်ပင်။

သို့သော် မီးအလင်းရောင် တဖြည်းဖြည်း မှိန်သွားသောအခါ ဟုန်ချန်ယဲ့၏အပြုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏မျက်စိသူငယ်အိမ်များမှာ အပ်ပေါက်လေးတမျှ ကျဥ်းမြောင်းသွားပြီး ရေရွတ်လိုက်မိ၏။

“ဒါက…”

All Chapters