← Chapters

ဖေဖေလို့ခေါ်တဲ့အထိ ရိုက်မယ်

Vol. 31 Ch. 422

ဖေဖေလို့ခေါ်တဲ့အထိ ရိုက်မယ်

Vol. 31 Ch. 422

သူ၏မျက်စိရှေ့၌ မှုန်ဝါးဝါးမြင်နေရသည်မှာ မီးကျွမ်းလောင်ထား၍ အသွေးအသားတို့လတ်လတ်ဆတ်ဆတ်ပေါ်လွင်နေသော တုတ်ချောင်းကဲ့သို့ ပိန်ပိန်ရှည်ရှည် လူသဏ္ဍာန်ပုံရိပ်တစ်ခုဖြစ်သည်။ ထိုပုံရိပ်တွင် လက်များ၊ ခြေထောက်များ၊ ယုတ်စွအဆုံး ဦးခေါင်းပင်မပါရှိပေ။ သို့သော် ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ထိုကဲ့သို့ စိတ်အားပျက်ဖွယ်ရာ သေခါနီးအခြေအနေတွင်ပင် ထိုမပြည့်စုံသောခန္ဓာကိုယ်သည် အသွေးအသားအသစ်များ ဆက်လက်ကြီးထွားဖြစ်ထွန်းနေသည်ကို မြင်တွေ့ရခြင်းပင်။

စက္ကန့်အနည်းငယ်အတွင်း ထိုသူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အသွေးအသားအကြောများသည် အရူးအမူးလှုပ်ခါလာကာ လက်များနှင့်ခြေထောက်များမှာ ယခင်ကအတိုင်း ပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ဦးခေါင်းလည်း အပင်တစ်ပင်ကဲ့သို့ ပြန်လည်ပေါက်ဖွားလာသည်။ ထိုဦးခေါင်း၏မျက်နှာတွင် ဆိုးသွမ်းပြီး ရန်သူကို ကစားစရာအရုပ်တစ်ရုပ်လိုသာ သဘောထားသော နဂိုအပြုံးတစ်ခုဖြင့် ပြန်လည်ပြည့်စုံသွားတော့၏။

မူလက ဒဏ်ရာဒဏ်ချက်အပြည့်ရထားသော ထာဝရသွေးမျိုးနွယ် ကျင့်ကြံသူသည် မယုံနိုင်စရာမြန်နှုန်းဖြင့် ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဤသည်မှာ ထာဝရသွေးမျိုးနွယ်၏ မွေးရာပါ မျိုးနွယ်စွမ်းရည် ဖြစ်သော အလွန်အမင်း ထူးကဲသာလွန်သည့် မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည် ဖြစ်၏။

ဤမွေးရာပါစွမ်းရည်ကြောင့်ပင် ထာဝရသွေးမျိုးနွယ်သည် မရဏမျိုးနွယ်စု ကိုးခု၌ အရေးကြီးသောနေရာတစ်ခုကို ရယူထားနိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ သွေးရင်းမြစ်ကမ္ဘာသည်လည်း အကြီးဆုံးသော မဟာကမ္ဘာတစ်ထောင်ထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ကောင်းကင်ရှိ ကြယ်တာရာများကြားတွင် မျိုးနွယ်အားလုံးကို နာမည်ကြားရုံဖြင့် ကြောက်လန့်တုန်လှုပ်စေသော ကျော်ကြားမှုတစ်ခု ပိုင်ဆိုင်ထား၏။

“မင်းက တကယ်ကို ထူးချွန်တယ်။ မင်းက ငါ့ဘဝတစ်သက်တာ တွေ့ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ဉာဏ်အလင်းမသေမျိုးပဲ”

သွေးအရှင်၏မျက်နှာမှာ ဆိုးယုတ်သောအကြံအစည်များဖြင့် ပြည့်နေပြီး ဟုန်ချန်ယဲ့ကို ခပ်လှောင်လှောင်ကြည့်နေသည်။

“ဒါပေမဲ့ မင်းငါ့ကို အသေမသတ်နိုင်သရွေ့တော့ ငါ့လက်အောက်မှာ အရှုံးပေးဖို့ပဲ ကံကြမ္မာပါနေတယ်!”

ထိုသို့ပြောပြီးနောက် သူ၏နောက်ကျောရှိ အသားတောင်ပံများကို ပြင်းထန်စွာရိုက်ခတ်လိုက်ရာ သွေးရောင် ချီစွမ်းအင်လေပြင်းများ ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးခွဲထွက်သွားသည်။

“ဒီကောင်” ဟုန်ချန်ယဲ့သည် အံတင်းတင်ကြိတ်လိုက်ပြီး သူ၏ခရမ်းရောင်မီးလျှံတောင်ပံများကို ခတ်ကာ ကာကွယ်ရန် တုံ့ပြန်လိုက်သည်။

“ဝေါင်း!” သွေးအရှင်သည် သားရဲကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ သူ၏တောင်ပံများကို အားကုန်ခတ်၍ ခုန်အုပ်လိုက်သည်။ သူ့လက်သည်းများပေါ်တွင် သွေးရောင်အလင်းများ တောက်ပလာပြီး ၎င်း၏မာကျောမှုသည် ထိပ်တန်း မသေမျိုးအုပ်စိုးသူ လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်အထိ။ မျက်လုံးများမှာ သွေးရောင်လွှမ်းကာ နီရဲစူးတောက်နေပြီး ပါးစပ်ဟထားရာတွင် ထက်ရှသောအစွယ်များကိုပါ အတိုင်းသာမြင်နေရ၏။

ဝုန်း ဝုန်း ဝုန်း ဝုန်း~

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဒါဇင်နှင့်ချီသော ထိုးစစ်တိုက်ကွက်များကို ကာကွယ်ပြီးနောက် ဟုန်ချန်ယဲ့သည် ဘေးသို့လှည့်ကာ တိုးဝင်လာသော လက်သည်းတစ်ဖက်ကို ကပ်ရှောင်လိုက်သည်။ သို့သော် အချိန်မမီလိုက်ဘဲ ပခုံးမှ သွေးများ ပန်းထွက်လာပြီး စူးရှသော နာကျင်မှုတစ်ခုက လှိုက်တက်လာတော့၏။

သွေးအရှင်သည် ဟုန်ချန်ယဲ့၏ သွေးစက်စက်ယိုနေသောလက်ပြတ်ကို သူ၏ပါးစပ်ဆီသို့ ဖြည်းညှင်းစွာ ယူဆောင်သွားပြီး လျှာဖြင့်တစ်ချက်လျက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များကို သိသိသာသာ မြင်တွေ့နိုင်ပေသည်။

“မင်းလို ပါရမီရှင်ရဲ့သွေးကိုသာ အကုန်ဖောက်ထုတ်စုပ်ယူနိုင်ရင် ဘယ်လောက်တောင်အရသာရှိမလဲဆိုတာ စိတ်ကူးလို့တောင်မရနိုင်ဘူး"

ဟုန်ချန်ယဲ့၏နဖူးမှ ချွေးအေးများ စီးကျလာပြီး သူ့မျက်လုံးများမှာ ရန်သူကို အလေးအနက်စိုက်ကြည့်နေကြ၏။

ကြာနီမီးလျှံသည် သူ၏လက်ရှိ အစွမ်းအထက်ဆုံးတိုက်ကွက်ဖြစ်သော်လည်း ဤလူကို မဖျက်ဆီးနိုင်သေးပေ။

ထို့ပြင် ကြာနီမီးလျှံကို အသုံးပြုခြင်းအတွက် ပေးဆပ်ရသည့် ခွန်အားစွမ်းအင်တန်ဖိုးမှာ ကြီးမားသည်။ သူ၏လက်ရှိခန္ဓာကိုယ်အခြေအနေအရ ထိုတိုက်ကွက်ကို ဒုတိယအကြိမ်အသုံးပြုပါက သေလမ်းကိုသာ ဦးတည်သွားလိမ့်မည်။

တစ်ဖက်လူကို အသေမသတ်နိုင်သေးသ၍ ဤတိုက်ပွဲကို အဆုံးသတ်နိုင်မည်မဟုတ်။

သွေးအရှင်က ခပ်ညစ်ညစ်ပြုံးလိုက်ပြီး သူ၏သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ဟုန်ချန်ယဲ့ကို ပုံအောဖိချလိုက်သည်။

အစောပိုင်းအဆင့် ဉာဏ်အလင်းမသေမျိုးတစ်ဦးသည် ထိုကဲ့သို့သောခွန်အားကို ပိုင်ဆိုင်ထားလေသည်။ ဤသူကိုသာ ဆက်လက်ကြီးထွားခွင့်ပေးလိုက်ပါက သူတို့၏မျိုးနွယ်စုကိုပင် တုန်လှုပ်စေမည့် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု မွေးမြူထားလိုက်သလို ဖြစ်လာပေမည်။

ကံကောင်းစွာဖြင့် ရန်သူ၏ကျင့်ကြံဆင့်ကား သူ့ထက်နိမ့်ကျနေသေး၏။ ကျင့်ကြံဆင့်တူသာဆိုလျှင် အစောကကြာနီမီးလျှံတိုက်ခိုက်မှုဖြင့် သူအသက်ဆုံးသွားရလောက်ပြီဟု တွေးမိသည်။

မြူခိုးတောင်ထိပ်။

လီဝူကျယ်မှာ တိုက်ပွဲကိုစောင့်ကြည့်ရင်း အလွန်အံ့ဩနေသည်။ “ဆရာသခင်၊ အဲ့ဒီ ငှက်လူသားက တအားအစွမ်းထက်တယ်နော်။ အစ်ကိုကြီးဟုန်တောင် ဘာမှမလုပ်နိုင်ဘူး”

ထိုကဲ့သို့သော မိစ္ဆာတစ်ကောင် သူ့ရှေ့မှာ ဘာမှမလုပ်ဘဲရပ်နေပြီး သူက ဆယ်ရက်တစ်ပတ်ကြာသည်အထိ ဓားနှင့်ထိုင်ခုတ်နေလျှင်တောင် အသေသတ်နိုင်လောက်မည်မဟုတ်ဟု ခံစားမိ၏။

ယဲ့ကျွင်းလင်က စိတ်ဝင်တစားဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။ “စိတ်ဝင်စားစရာပဲ”

အလွန်အမင်းကောင်းမွန်သော မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည်၊ ဒါက ထာဝရသွေးမျိုးနွယ်ရဲ့ မွေးရာပါစွမ်းရည်လား?

မဟာကမ္ဘာတစ်ထောင်မှာ အမှန်တကယ်ပဲ အမျိုးမျိုးသော ထူးဆန်းအံ့ဩဖွယ်ရာတွေ ရှိနေတာပဲ!

ဒါပေမဲ့ အခုတော့ သူ့အလှည့်ရောက်ပြီ။ မဟုတ်ရင် ဒီသွေးစုပ်မိစ္ဆာကို ဘယ်သူမှ ရင်ဆိုင်နိုင်မည် မဟုတ်။

【တင်၊ ပိုင်ရှင်၊ ထာဝရသွေးမျိုးနွယ်ကို နာနာခံခံနဲ့ 'ဖေဖေ' လို့ခေါ်တဲ့အထိ ထိုးကြိတ်ရမယ့်မစ်ရှင်အသစ်တစ်ခု ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်နော်။ မစ်ရှင်အောင်မြင်စွာ ပြီးဆုံးပါက ကောင်းကင်သင်္ချိုင်းခေါင်းတလားကို ထိပ်တန်းအဆင့် မသေမျိုးဘုရင်လက်နက်အဖြစ် အဆင့်မြှင့်တင်ပေးပါမယ်ရှင့်!】

သူ့စိတ်ထဲတွင် စနစ်၏ မထိတထိစကားသံလေး ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင် အံ့ဩသွားပြီး စိတ်တိုစွာ ပြန်ပြောလိုက်သည်။ “စနစ်၊ မင်းက ပြဿနာတွေဖန်တီးရတာ တော့ အတော်ကြိုက်တယ်နော်?”

ထိုကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးသည် သေလုနီးပါးအန္တရာယ်ကို စွန့်စားကျော်ဖြတ်ကာ ခွင်းလွင်နယ်မြေထဲထိတိုင် အတင်းဝင်ရောက်လာသည်ဖြစ်ရာ ထိုသူ၏ စိတ်ဆန္ဒခွန်အားမှာ သံသယဖြစ်ဖွယ်မရှိတော့ပေ။

အရေးအကြီးဆုံးအချက်မှာ ပြိုင်ဘက်သည် ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ပြုပြင်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ ထိုသို့သော မိစ္ဆာကို 'ဖေဖေ' ဟုဆန္ဒအလျောက်ခေါ်စေရန်မှာ မည်မျှခက်ခဲသည့်အကြောင်း စိတ်ကူးကြည့်နိုင်ပါ၏။

ထိုမစ်ရှင်သည် ရန်သူကိုအသေသတ်ခြင်းထက် ပိုခက်ခဲသည်ဟု ယဲ့ကျွင်းလင်ခံစားမိသည်။

【တင်၊ ဆန္ဒသာရှိရင် အောင်မြင်ဖို့လမ်းကတော့ တစ်နည်းနည်းနဲ့ ပေါ်လာမှာပါပဲ။ ပိုင်ရှင်သာ ကြိုးစားဖို့ဆန္ဒရှိရင် လူတိုင်းရဲ့နှုတ်ကနေ 'ဖေဖေ' လို့ခေါ်တဲ့နေ့ ရောက်လာမှာပါ!】

စနစ်က ရိုးသားစွာ အားပေးရှာသည်။

ယဲ့ကျွင်းလင် နှာခေါင်းကိုပွတ်ရင်း ပြန်ပက်လိုက်သည်။ “ဪ? ဒါဆို မင်းအရင်ခေါ်ပြလိုက်လေ”

စနစ် : “…”

“စနစ်၊ မင်းရှိနေသေးလား?” ယဲ့ကျွင်းလင်သည် အချိန်အတော်ကြာ တုံ့ပြန်မှုမရှိသည်ကို တွေ့သောအခါ ဒီကောင်စိတ်ကောက်ပြီး အိပ်ပျော်သွားပြန်ပြီဟု သိလိုက်သည်။

“ဟူး၊ တကယ်ကို ရွေးချယ်စရာမရှိဘူးပဲ”

သူ၏အကြည့်သည် ကောင်းကင်ယံရှိ ပြင်းထန်စွာတိုက်ခိုက်နေသော ပုံရိပ်နှစ်ခုထံသို့ ပြန်လည်ရောက်ရှိသွားသည်။ ယဲ့ကျွင်းလင် တစ်လှမ်းတည်း လှမ်းလိုက်ရာ သူ့ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

“ဆရာသခင် လှုပ်ရှားတော့မယ်!”

လီဝူကျယ်၏ စိတ်အားထက်သန်နေသော မျက်လုံးများအောက်၌ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားသော အနက်ရောင်ဝတ်ရုံနှင့် ငွေရောင်ဆံပင်ရှိ သွယ်လျသောပုံရိပ်သည် ကောင်းကင်ယံရှိ ရှုပ်ထွေးသော တိုက်ပွဲနယ်မြေဆီသို့ ဦးတည်တက်ရောက်သွားတော့၏။

ဝုန်း!

ထိုအချိန်တွင် ပြင်းထန်သော ထိခိုက်မှုအသံတစ်ခု ပေါက်ကွဲထွက်လာသည်။

ဟုန်ချန်ယဲ့၏ပုံရိပ်သည် ပူဖောင်းတစ်လုံး အပ်ဖြင့်အဖောက်ခံလိုက်ရသကဲ့သို့ ရှူးခနဲပျံထွက်သွားပြီးနောက် သူ၏ကျောဘက်တွင် ကြီးမားသောလက်တစ်ဖက်က တားဆီးလိုက်ပါမှ ရပ်တန့်သွားခဲ့သည်။

“ဆရာသခင်၊ ကျွန်တော်…”

ဟုန်ချန်ယဲ့သည် နောက်သို့လှည့်ကာ ခေါင်းငုံ့လိုက်ပြီး အလွန်အမင်း ရှက်ရွံ့နေသည်။ သူ၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး နှုတ်ခမ်းထောင့်တွင် သွေးစက်တို့စွန်းထင်းလျက်။ တိုက်ပွဲအစောပိုင်းက ပိုင်ဆိုင်ခဲ့သော အစွမ်းထက်ပြီး အတားအဆီးမရှိသည့် အရှိန်အဝါမှာ ယုတ်လျော့လျက်ရှိလေပြီ။

သူသည် သူ၏ဆရာသခင်မှလွဲ၍ ကမ္ဘာပေါ်တွင် နံပါတ်တစ် မဖြစ်နိုင်လျှင်ပင် အနည်းဆုံးတော့ နံပါတ်နှစ် ဖြစ်နိုင်သည်ဟု မူလက ထင်ထားခဲ့သည်။ သို့သော်လက်တွေ့ဘဝက သူ့ကို ပဲ့တင်ထပ်လောက်အောင် ကျယ်‌လောင်သည့် ပါးရိုက်ချက်တစ်ချက် ပေးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ ဤကမ္ဘာကြီးတွင် အမျိုးမျိုးသော အမည်မသိ စွမ်းအားရှင်များ တည်ရှိနေပါသေးသည်လား?

“ပြန်ဆုတ်လိုက်တော့၊ ဒင်းကိုငါနဲ့ထားခဲ့” ယဲ့ကျွင်းလင်သည် စိတ်မဝင်စားစွာ လက်ကိုဝှေ့ယမ်းလျက် ပြန်လွှတ်လိုက်သည်။

“ဆရာသခင်၊ ဂရုစိုက်ရမယ်။ ဒီလူက အလွန်အရိုက်ခံနိုင်တယ်။ တပည့်စိုးရိမ်တာက…”

“ဘာကိုစိုးရိမ်တာလဲ?”

“ဆရာသခင့်လက်တွေအရမ်းနာသွားမှာ စိုးရိမ်တာ!”

ဟုန်ချန်ယဲ့သည် ရုတ်တရတ် သူ၏ရှေ့မှ ငွေရောင်ဆံပင်လူငယ်သည် တစ်ချိန်က ကမ္ဘာနှင့်ချီသော ပုန်ကန်ထကြွမှုအား တစ်ဦးတည်းဖိနှိပ်ခဲ့သည့် ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ်တစ်ပါးဖြစ်ကြောင်း သတိရလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ထိုသူ၏ကိုယ်ပိုင်စွမ်းအားသည် ပြန်လည်ကောင်းမွန်သည့်အဆင့်တွင် ရှိနေသော်လည်း တိုက်ခိုက်ရေးနည်းလမ်းများကား အမြဲတစေ စိတ်ကူးထားသည်ထက် ကျော်လွန်ထူးကဲနေသည်သာပင်။

ထိုမိစ္ဆာ၏ မသေနိုင်သောခန္ဓာကိုယ်သည် မည်မျှပင်ထူးကဲနေပါစေ ဤသို့သော ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုကို တောင့်ခံနိုင်မည်မဟုတ်ပေ။

အဆုံးတွင် မိမိ၏ဆရာသည် တစ်ခေတ်တစ်ခါက အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်ဖြစ်သော ကောင်းကင်ဧကရာဇ်ယဲ့သာ ဖြစ်လေတော့၏။

“အရေးမကြီးပါဘူး၊ သူ ငါ့ကို 'ဖေဖေ' လို့ ဘယ်လိုခေါ်မလဲဆိုတာ စောင့်ကြည့်နေလိုက်” ယဲ့ကျွင်းလင် က အလေးအနက်ပြောသည်။

ဟုန်ချန်ယဲ့ တအံ့တသြဖြင့် ဖီးနစ်မျက်လုံးလေးများ ပြူးဝိုင်းသွားရသည်။

ဖြစ်နိုင်ပါ့မလား?

ဒါက လူကိုသတ်ဖို့ထက်တောင် ပိုခက်ခဲလောက်တယ်မလား?

သူ၏ ကြာနီမီးလျှံသည် ထိုမိစ္ဆာကို မီးကျွမ်းနေသော တုတ်ချောင်းကြီးဖြစ်သည်အထိ ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း ကျန်ရှိသမျှ အသက်စွမ်းအင်အနည်းငယ်မျှသာဖြင့် ပကတိမူလအခြေအနေသို့ ပြန်လည်ကောင်းမွန်လာပြီး ဆက်လက်ပြီး အားအင်အပြည့်ရှိနေခဲ့သေးသည်ပင်။

ထိုမိစ္ဆာတွင် အလွန်ခိုင်မာသော စိတ်ဓာတ်ခွန်အားတစ်ခုရှိကြောင်း မြင်နိုင်သည်။ ဒီလိုကောင်ကို 'ဖေဖေ' လို့ ခေါ်ထွက်တဲ့အထိ ဘယ်လိုထိုးကြိတ်မလို့ စဥ်းစားထားတာလဲ?

ကျွန်တော်ခေါ်ပေးလိုက်တာပဲ ပိုလွယ်ပါဦးမယ် ဆရာသခင်။

ဟုန်ချန်ယဲ့သည် ထိုစကားမှာ ယဲ့ကျွင်းလင် ပေါ့ပေါ့ပါးပါး စနောက်သွားခြင်းသာဖြစ်မည်ဟု ယူဆလိုက်ပြီး အလေးအနက်စဥ်းစားမနေတော့ပေ။ သူ၏ ကျင့်ကြံရေးစွမ်းအားကို ပြန်လည်အားဖြည့်ရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ကုသရန် မြူခိုးတောင်ထိပ်သို့သာ ပြန်ဆုတ်လိုက်တော့၏။

ထိုအချိန်တွင်။

ဟုန်ချန်ယဲ့ ဆုတ်ခွာသွားသည်ကိုမြင်သောအခါ သွေးအရှင်က လှောင်ပြောင်လိုက်သည်။ “ထွက်ပြေးဖို့ ကြိုးစားနေတာလား?”

“အဟမ်း” ယဲ့ကျွင်းလင်က ရည်ရွယ်ချက်ရှိရှိ ချောင်းဟန့်လိုက်ပြီး အလေးအနက်ထားပြောသည်။

“မင်းရဲ့နောက်ပြိုင်ဘက်က ငါပဲ”

သွေးအရှင်သည် ခဏတာ အံ့ဩသွားပြီး ယဲ့ကျွင်းလင်ကို အံ့ဩစွာစူးစမ်းကြည့်ရှုလိုက်သည်။ တစ်ချက်မျှ ခြုံငုံကြည့်ရှုပြီးနောက် သူက လှောင်ပြောင်လိုက်သည်။ “မင်းတစ်ယောက်တည်း?”

မပြောပလောက်သည့် ကောင်းကင်မသေမျိုး တစ်ဦး၊ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်သလား? မင်းလိုအမှိုက်မျိုးကို ငါတစ်ပြိုင်နက်တည်းနဲ့ ခုနှစ်ကောင်လောက် ခုတ်သတ်နိုင်သေးတယ်!

သွေးအရှင်သည် ယဲ့ကျွင်းလင်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ထိုသူမှာ ကောင်းကင်မသေမျိုး ကျင့်ကြံဆင့်သာရှိပြီး သူအစုလိုက်အပြုံလိုက်သတ်ခဲ့သော ဂိုဏ်းချုပ်များနှင့် အဆင့်အတန်းတူညီသည်ဟု ချက်ချင်းသိလိုက်သည်။ ထွက်လာပြီး အသေခံရအောင် သတ္တိတွေဘယ်ကရခဲ့တာလဲ?

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ “မင်းကိုယ်မင်း အရမ်းတော်တယ်လို့ ထင်နေသေးတာလား? မင်းငါ့တပည့်နဲ့တောင် အကြာကြီးတိုက်ခိုက်ခဲ့ရတာပဲမဟုတ်လား?”

“ဟင်? မင်း၊ မင်းရဲ့တပည့်က…”

သွေးအရှင်မှာ အတော်လေးအံ့သြသွားဟန်ရှိသည်။ အစောပိုင်းက ထိုအစွမ်းထက်သော ထိပ်တန်းပါရမီရှင်မှာ ဤ ငွေရောင်ဆံပင်နှင့်လူငယ်၏ တပည့်လား?

သေချာစဉ်းစားကြည့်လိုက်ရာတွင် ထိုပါရမီရှင်လေး မထွက်ခွာမီ ဆရာသခင်ဟူသော ဂုဏ်ပုဒ်ကို ခေါ်ဆိုသွားခဲ့သည်ထင်၏။

မယုံနိုင်စရာကြီးပါလား?

သေးငယ်ပြီး အားနည်းလှတဲ့ ကောင်းကင်မသေမျိုးတစ်ပါးက ဒီလိုရှာမှရှားပါရမီရှင်ရဲ့ ဆရာသခင်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်တဲ့လား?

All Chapters