← Chapters

လူကြီးလူကောင်းဆန်ဆန် ပြုမူပါ

Vol. 31 Ch. 423

လူကြီးလူကောင်းဆန်ဆန် ပြုမူပါ

Vol. 31 Ch. 423

ကျယ်ပြောလှသော ကောင်းကင်ကိုးဆင့်၏အထက်၌ ချောမောသော လူငယ်တစ်ဦးသည် မသေမျိုးအလင်းများ ဖုံးအုပ်ခြုံလွှမ်းထားသောခန္ဓာကိုယ်ဖြင့် ရပ်တည်နေခဲ့၏။ သူ၏လက်များကို နောက်ကျောတွင် ယှက်ထားကာ ငွေရောင်ဆံပင်များမှာ ကျောက်စိမ်းချောင်းများကဲ့သို့ တစ်မျှင်ချင်းစီ ကြည်လင်တောက်ပနေပြီး လေစီးကြောင်းနှင့်အလိုက် အရိုင်းဆန်စွာ လွင့်ပျံနေသည်။ ပတ်ပတ်လည်တွင် မင်္ဂလာရှိသော အရောင်အဝါအမျိုးမျိုး ပေါ်ပေါက်လာပြီး သူ၏ထူးခြားသောအရှိန်အဝါကို ပိုမိုထင်ရှားစေသည်။

ဝုန်း...

မသေမျိုးဘုရင် အဆင့်ရှိ ပြင်းထန်သော စွမ်းအင်ဖိအားများသည် အရပ်မျက်နှာတိုင်းကို ပျံ့နှံ့ဖုံးလွှမ်းသွားပြီး ‌ကျေးငှက်များနှင့် တောတွင်းတိရစ္ဆာန်အားလုံးကို ကြောက်ရွံ့တုန်ရီစေကာ ဟိုကြည့်ဒီကြည့် ထိတ်လန့်နေစေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်နေသော်ငြား တရားခံယဲ့ကျွင်းလင်ကတော့ ဘာကိုမှထူးထူးခြားခြား ပြုလုပ်မနေပါ။ လေဟာနယ်ထဲ၌ တိတ်ဆိတ်စွာရပ်နေရုံဖြင့် သူသည် ဤကောင်းကင်နှင့်မြေကြီးကြား ရှင်သန်နေထိုင်နေသမျှ သက်ရှိတို့ကြား မယှဉ်နိုင်သော အမြင့်ဆုံးအရှိန်အဝါတစ်ခုကို ပြသနေခြင်းပင်။

ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများသည် အံ့အားသင့်မှုမှ စိတ်လှုပ်ရှားမှုသို့၊ ထို့နောက် အထွဋ်အမြတ်ထားကိုးကွယ်မှုသို့ ပြောင်းလဲသွားသည်။ သူတို့၏စိတ်ထဲတွင် မကြာသေးခင်က ပေါ်ပေါက်ခဲ့မိသော သံသယအနည်းငယ်အတွက် နက်ရှိုင်းစွာ နောင်တရမိကြ၏။

“ဒါက အစ်ကိုကြီးယဲ့ပဲ!” ရှယိုနျန်သည် ပထမတွင် တုန်လှုပ်သွားပြီးနောက် လက်ခုပ်တီး၍ ရယ်မောလိုက်သည်။

“ဟားဟား၊ အစ်ကိုကြီးယဲ့က တကယ်ပဲ ဟာသအမြင်ရှိတယ်။ ဒါဆို သူကျွန်တော်တို့ကို အစောပိုင်းက နောက်ပြောင်နေတာပေါ့!”

“မင်းတို့ မသိလိုက်ကြဘူးလား? ဒါက တကယ်တော့ အစ်ကိုကြီးယဲ့ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်ပဲ။ အဲ့ဒီမိစ္ဆာကို သတိလျော့စေပြီး ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်လာအောင် လုပ်လိုက်တာ!”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း အဲ့လိုပဲတွေးခဲ့တာ!”

“အစ်ကိုကြီးယဲ့ပီသတယ်၊ အစီအစဥ်တစ်ခုလုံး အသေးစိတ်ကျချက်ပဲ!”

အခြား တောင်ထိပ်သခင်များသည် မြင်လိုက်ရသောလှည့်ကွက်အကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

၎င်းတို့ထဲမှ ဓားဝှက်တောင်ထိပ်သခင်သည် သူတို့နှင့် ပေါင်းသင်းရသည်ကို ရှက်ရွံ့သကဲ့သို့ တိတ်ဆိတ်စွာ နောက်နည်းနည်းဆုတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း မထီမဲ့မြင် ပွစိပွစိရေရွတ်နေသည်။ “ဟမ့် နောက်မှပေါက်တဲ့ပညာရှိတွေပေါ့၊ သူတို့ကများ အစ်ကိုကြီးယဲ့ကို ကောင်းကောင်းနားလည်သလို ဟန်ဆောင်နေကြတယ်”

“ငါကမတူဘူး၊ ငါက အစကတည်းက သူ့လှည့်ကွက်ကို ရိပ်မိခဲ့တာပဲ!”

မြူခိုးတောင်ထိပ်။

လီဝူကျယ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး သူ၏မျက်နှာတွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ပေါ်လာသည်။ “ဆရာသခင်က သွေးပူလေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာ ငါသိပြီးသား! သူ့ရဲ့ အဆုံးမရှိတဲ့ခွန်အားနဲ့ အဲ့ဒီငှက်လူသားလောက်ကို မကိုင်တွယ်နိုင်စရာအကြောင်းမရှိဘူး!”

"မှန်တယ်” ဟုန်ချန်ယဲ့က ခေါင်းညိတ်ထောက်ခံသည်။ သူ၏မျက်လုံးများရှိ အံ့ဩမှုအရိပ်အယောင်သည်လည်း လျင်မြန်စွာပျောက်ကွယ်သွားပြီး အထင်ကြီးလေးစားမှုသာ အစားဝင်ရောက်လာတော့၏။

ပထမတွင် သူသည်လည်း ယဲ့ကျွင်းလင်တစ်ယောက် လျှပ်စီးဒဏ်ကို ရင်ဆိုင်ပြီးနောက် မူလစွမ်းအင် များ အလွန်အကျွံဆုံးရှုံးသွားပြီး သွေးအရှင်ကို အနိုင်မယူနိုင်တော့ဟု ထင်ခဲ့သည်။ ထိုသို့သာဆိုပါက ပြဿနာတော့အကြီးကြီးတက်လေပြီ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဖြစ်ရပ်မှန်သည်ကား သူတို့ခန့်မှန်းချက်နှင့် ပြောင်းပြန်ဖြစ်နေခဲ့သည်။

ဤအချိန်တွင်။

သူ့အပေါ်သို့ စူးစိုက်ကျရောက်လာသော အထင်ကြီးလေးစားလို့မဆုံးနိုင်ဟန် အကြည့်များစွာကို ခံစားလိုက်ရသောအခါ ယဲ့ကျွင်းလင်သည် အပြင်ပန်းအားဖြင့် တည်ငြိမ်ပြီး သက်ရောက်မှုမရှိပုံရသည်။ သို့သော် တကယ်တမ်းတွင် စိတ်ထဲ၌ အလွန်ပျော်ရွှင်နေသည်ပင်။

အရှေ့မှာဘာတွေလုပ်ခဲ့လဲဆိုတာ အရေးမကြီးဘူး၊ နောက်ဆုံးရလဒ်က အရေးအကြီးဆုံးပဲ!

ရှေ့တစ်စက္ကန့်မှာ ကောင်းကင်မသေမျိုးဖြစ်နေရင်တောင်မှ၊ နောက်တစ်စက္ကန့်မှာ ဟပ်ချလောင်းဆို မသေမျိုးဘုရင် ဖြစ်သွားနိုင်တာပဲ!

ဒီအဆင့်ထိ ဒီလောက်မြန်မြန်တက်လာနိုင်ချင်ရင်တော့ ငါ့လို အမှီကောင်းကောင်းရှိဖို့လည်း လိုသေးတာပေါ့ကွာ။

အစိတ်စိတ်အမြွှာမြွှာကွဲကြေနေသော မြေတွင်းထဲ၌။

သွေးအိုင်တစ်အိုင်သည် အသက်ဝင်နေသကဲ့သို့ မြင်သာစွာလှုပ်ရှားနေပြီး ဝမ်းနည်းဖွယ် အားနည်းပျော့ညံ့နေသည့် သွေးချီစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ကောင်းကင်ဘုံ၏အထက်တွင် ရပ်နေသော ဆံပင်ဖြူလူငယ်ကို မော့ငေးကြည့်ရင်း သွေးအရှင်သည် ရင်ထဲမှလှိုက်တက်လာသော ဒေါသများကို ခံစားလိုက်ရ၏။

သူ၏ဘဝတွင် ကြယ်တာရာအမျိုးမျိုးမှ အစွမ်းထက်သော ကျင့်ကြံသူများစွာကို တိုက်ခိုက်ခဲ့ရပြီး ဆိုးယုတ်ရက်စက်သော နည်းလမ်းအမျိုးမျိုးကို တွေ့ကြုံခံစားဖူးခဲ့သည်။ ဤသို့သော်ခရီးစဥ်ကို တစ်လျှောက်လုံးဖြတ်သန်းခဲ့ပြီးနောက် သူသည် မိမိကိုယ်ကိုယ် ဗဟုသုတနှင့်ပြည့်စုံပြီး တိုက်ခိုက်ရေးအတွေ့အကြုံ ကြွယ်ဝသည်ဟု ယူဆခဲ့မိ၏။

သို့သော် ဤသို့ မမျှော်လင့်ထားသော နေရာမျိုးတွင် ဤမျှကြီးမားသော အခက်အခဲကို တွေ့ကြုံရလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့။

လက်ရှိသူ့အဖြစ်ကို ဘယ်သူက နားလည်နိုင်မလဲ? ဂုဏ်သိက္ခာရှိ လူရိုသေရှင်ရိုသေ မသေမျိုးဘုရင်တစ်ပါးသည် ကောင်းကင်မသေမျိုးအဖြစ် ဟန်ဆောင်နေခဲ့သည်။ အဓိကအချက်မှာ ထိုသူသည် ဟန်ဆောင်ရာ၌ မည်သည့်ချို့ယွင်းချက်မှမရှိဘဲ အမှန်တကယ် ပြုမူနေသကဲ့သို့ လွန်စွာကျွမ်းကျင်ပီသနေခြင်းပင်။

မည်သူမဆို စိတ်ရှုပ်ထွေးမိမည် မဟုတ်လော။

ငါတစ်ခုပဲ မေးချင်တယ်၊ ဒီလောကမှာ ဒီလောက်အရှက်မရှိတဲ့ မသေမျိုးဘုရင်တစ်ပါး ဘယ်ကနေဘယ်လို တည်ရှိနေတာလဲ?

မင်းရဲ့အပြုအမူက မင်းရဲ့လက်ရှိအဆင့်အတန်းနဲ့ ကိုက်ညီရဲ့လား? ပြန်စဥ်းစားဦး!

စက်ဆုပ်စရာပဲ၊ လုံးဝစက်ဆုပ်စရာကောင်းတယ်!

ယဲ့ကျွင်းလင်၏ ပရိယာယ်ထောင်ချောက်တွင် ကွင်းကွင်းကြီးအမိခံလိုက်ရသည့်အတွက် သွေးအရှင်သည် နောင်တနှင့်အတူ ပြင်းထန်သောဒေါသကို ခံစားနေရသည်။

ဂုဏ်အင်ကြီးမြင့်သော စွမ်းအားရှင်တစ်ဦးအနေဖြင့် တိုက်ပွဲအတွင်း ထိုကဲ့သို့သော မလျော်မကန်လိမ်လည်လှည့်ဖျားခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမိသည်။ ခွင်းလွင်နယ်မြေမှ ကျင့်ကြံသူများ သည် လှည့်စားခြင်းအရာ၌ မယုံနိုင်လောက်အောင် ကျွမ်းကျင်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

ထို့ကြောင့် သူတို့သည် တစ်ချိန်က မရဏချောက်နက်မဟာမိတ်တပ်နှင့် တိုက်ခိုက်ရာတွင် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီး တစ်ဖက်ရန်သူအား ပြင်းစွာထိခိုက်စေခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့။

“ချီးတဲ့မှ၊ နောက်ထပ်အခွင့်အရေးတစ်ကြိမ်လောက်သာရရင် ချက်ချင်းလှည့်ပြီး ပြေးမှာ၊ နောက်ကိုတောင် လှည့်မကြည့်တော့ဘူး” သွေးအရှင်သည် နာကြည်းစွာ ရေရွတ်မိသည်။

အကယ်၍ သူသည်သာ အခြားထိပ်တန်းမသေမျိုးအုပ်စိုးသူ တစ်ဦးဆိုပါက မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ရိုက်ချက်ကို ခံလိုက်ရသည်နှင့် သေချာပေါက် အသက်နှင့်ဝိညာဥ် အိုးစားကွဲတော့မည်သာဖြစ်၏။ သို့သော် ကံကောင်းထောက်မစွာ သူသည် ထာဝရသွေးမျိုးနွယ်ဖြစ်ပြီး အလွန်အားကောင်းသော မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည်ပင်။

သို့သော် ပြဿနာမှာ ဤအခြေအနေအရ သူ့အတွက် ထိခိုက်ဒဏ်ရာမရှိဘဲ ထွက်ပြေးလွတ်မြောက်ဖို့က မဖြစ်နိုင်တော့။

လက်ရှိသူသည် ကိုယ်ခန္ဓာအစစ်အမှန်၏ ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ဤနေရာတွင် မမျှော်လင့်ထားသော အဆုံးသတ်တစ်ခုခုဖြစ်ပွားခဲ့ပါက သူ၏ကိုယ်ခန္ဓာအစစ်အမှန်အတွက်လည်း ကြီးမားသောဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် သွေးအရှင်သည် ဤအန္တရာယ်များသည့်နေရာမှ အမြန်ဆုံးထွက်ပြေးဖို့ရာ စဥ်းစားလိုက်သည်။

ဝုန်း!

သူလှုပ်ရှားရန်ကြံစည်လိုက်သည်နှင့် သူ့ခေါင်း၏ အထက်တည့်တည့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ရောက်ရှိလာသည်။

“မကောင်းတော့ဘူး!”

သွေးအရှင် ပျာယာခတ်သွားသည်။ သို့သော် သူ့ခန္ဓာကိုယ်ကြီး မြေပြင်မှ ကြွတက်လာပြီး ကောင်းကင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားနေရသည်ကို ကူကယ်ရာမဲ့ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့၏။

ထိုရွံရှာဖွယ်ကောင်းသော လူလိမ်အဘိုးကြီး၏ လက်ချက်မှလွဲ တခြားမဖြစ်နိုင်ပေ။

“ကျစ် ကျစ်၊ ထွက်ပြေးဖို့ စဉ်းစားနေတုန်းပဲလား?”

ယဲ့ကျွင်းလင်၏မျက်လုံးများမှာ လက်ထဲရှိသတ္တဝါကို အတော်လေးစိတ်ဝင်စားနေဟန်ရှိ၏။ တစ်စစီဖြစ်နေသော အသွေးအသားများ တလှုပ်လှုပ်ခုန်ကာ နဂိုမူရင်း လူပုံသဏ္ဍာန်ဆီသို့ အလျင်အမြန်ပြန်လည်ပေါင်းစည်းနေခြင်းအား သူသေချာကြည့်နေမိသည်။ ဤထာဝရသွေးမျိုးနွယ်၏ မျိုးနွယ်စုစွမ်းရည်မှာ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်လှသည်ပင်။

မရဏချောက်နက်မဟာမိတ်မျိုးနွယ်စု ကိုးခုအထဲတွင် ထိုမျှအဆင့်မြင့်သောနေရာတစ်ခုကို ပိုင်ဆိုင်ထားနိုင်သည်မှာ မထူးဆန်းတော့?

“အရှင်သခင်ကြီးလည်း သိပ်ပြီးနေကောင်းသေးတာမဟုတ်ဘူးမလား။ ကျွန်တော့်ကို ပြန်ခွင့်ပြုတာလိုက်တာ ပိုပြီးကောင်းပါတယ်၊ အရှင့်ရဲ့ ခက်ခက်ခဲခဲ ပြန်လည်ကောင်းမွန်လာတဲ့ စွမ်းအားကို အလဟဿမဖြစ်စေဖို့ပါ” သွေးအရှင်သည် ထိတ်လန့်နေသလို ဒေါသလည်းထွက်နေသော်ငြား နှုတ်မှထွက်လာသော စကားလုံးများမှာ ရင်ကြားစေ့ကြေအေးလိုဟန်ရှိ၏။

သူ၏အမြင်တွင် ယဲ့ကျွင်းလင်သည် ပြန်လည်နိုးထလာသော ဒဏ္ဍာရီလာစွမ်းအားရှင်တစ်ဦးသာ ဖြစ်ရမည်။ ထို့ကြောင့် ထိုသူသည် ဤကဲ့သို့ မသေမျိုးဘုရင်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ထို့ကြောင့် သူသည် ယခုတစ်ကြိမ်၏ အရှုံးကို လက်ခံနိုင်သည်။ သို့သော် ယဲ့ကျွင်းလင်ဘက်မှ သူ့ကို လုံးဝဖျက်ဆီးလိုပါက ထိုမျှလွယ်ကူလိမ့်မည်မဟုတ်ပေ။

သွေးအရှင်သည် ယဲ့ကျွင်းလင်အပေါ် ဖိအားပေးရန် ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်ခြင်းဖြစ်၏။

အကြောင်းမှာ ထာဝရသွေးမျိုးနွယ်သည် တကယ်တမ်း မသေနိုင်ခြင်းမဟုတ်ပါ။ မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်ခြင်းစွမ်းရည်ကို အကြိမ်ကြိမ်အခါခါ အသုံးပြုမိပါက စွမ်းရည်သက်ရောက်မှုသည် တဖြည်းဖြည်းနှေးကွေးလာပြီး သူတို့၏အခြေအနေသည် လျင်မြန်စွာ ယိုယွင်းလာမည်ဖြစ်သောကြောင့်ပင်။

သို့သော် ဤအချက်ကို မသိရှိထားပါက သူတို့၏မွေးရာပါစွမ်းရည်မှာ ထာဝရမရပ်တန့်တော့သကဲ့သို့ အထင်ရှိစေပြီး ပြိုင်ဘက်အား ခိုကိုးရာမဲ့ ကြောက်လန့်စေတတ်သည်။

နောက်ပိုင်းတွင် သူ၏ကိုယ်ခန္ဓာအစစ်အမှန်မှ မူလစွမ်းအင်ကို ပြန်လည်ရရှိသောအခါ ဤအရှက်မရှိသောလူနှင့် အပြတ်ရှင်းရမည်!

“ပြန်လည်ကောင်းမွန်လာတဲ့စွမ်းအား?”

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။

ဤစကား၏ အဓိပ္ပာယ်မှာ ခွင်းလွင်နယ်မြေတွင် မသေမျိုးဘုရင်အချို့ ထပ်ရှိနေသေးပြီး အကြောင်းတစ်ခုခုကြောင့် နောက်ကွယ်တွင် ပုန်းအောင်းနေကြသည်ဟု ဆိုလိုသည်လား?

ထိုဖြစ်နိုင်ခြေကို စဉ်းစားမိလိုက်သောအခါ ယဲ့ကျွင်းလင်သည် လက်ရှိအခြေအနေမှာ ပို၍ပင် စိတ်ဝင်စားစရာကောင်းလာသည်ဟု ခံစားရသည်။

သို့သော် သွေးအရှင်၏ ရင်ကြားစေ့တောင်းဆိုမှုကိုတော့ လျစ်လျူရှုရန်သာ ရွေးချယ်လိုက်သည်။ အကြောင်းမှာ စနစ်မှပေးအပ်သောတာဝန်ကို သူပြီးမြောက်ဖို့လိုသည်။ လက်ထဲရှိသိုးကို သိုးမွေးအပြောင်ရိတ်ပြီးမှသာ ပြန်လွှတ်ပေးနိုင်မည်။

“ဒီကိုလာခဲ့!!”

ယဲ့ကျွင်းလင် သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးဘုရင် အရှိန်အဝါအား ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်၏။

“အ!” သွေးအရှင်သည် အတင်းအကျပ်ဆွဲခေါ်ခံလိုက်ရပြီး ရင်ထဲတွင် မကောင်းသောအတိတ်နိမိတ်တစ်ခု ပြင်းစွာဝင်ရောက်လာ‌တော့၏။

နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်၏ ဘေးနှစ်ဖက်တွင် ဖိပိတ်ညှပ်ကိုင်လာသော ကြောက်မက်ဖွယ်ဖိအားများ ရုတ်တရက် ဖြစ်ပေါ်လာသည်အား ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။

လေဟာနယ်ထဲ၌ အဖြူရောင်အလင်းတို့ဖြာဝေနေသော လက်ကြီးနှစ်ဖက် ဖြစ်ပေါ်လာသည်။ တစ်ဖက်ချင်းစီသည် မီတာပေါင်းထောင်ချီကျယ်ဝန်းပြီး သွေးအရှင်ကိုကြားတွင်ထားကာ လက်ခုပ်တီးသကဲ့သို့ ဖြန်းခနဲရိုက်ချလိုက်၏။

“မဖြစ်ဘူး!” သွေးအရှင်၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ဖြူဆုတ်နေသည်။ လွတ်မြောက်ရန် သူ၏တောင်ပံများကို အစွမ်းကုန်ခတ်နေပါသော်ငြား ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခု၏ ညှပ်ပိတ်တိုက်ခိုက်မှုအောက်တွင် သူ၏ သွေးရူးသွေးတမ်းရုန်းကန်မှုသည် အချည်းနှီးသာဖြစ်ခဲ့ရတော့၏။

ဖြောင်း!

ပျံသန်းနေသော ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ လက်ဝါးနှစ်ဖက် ထိခတ်ဖိညပ်သွားသောအခါ အံ့ဩဖွယ်ကောင်းသော ချီစွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုကျောက်စိမ်းကဲ့သို့ အဖြူရောင်လက်များ ပြန်ခွာလိုက်သောအခါ ကြေမွစေးကပ်နေသော သွေးအိုင်တစ်ခု ဖတ်ခနဲပြုတ်ကျလာသည်။

ဤသွေးအိုင်အစုအဝေးသည် တတွန့်တွန့်နှင့် အဆက်မပြတ် လှုပ်ရှားနေပြီး သူ၏ခန္ဓာကိုယ်ကို နဂိုမူရင်းသဏ္ဍာန်သို့ ပြန်လည်ပုံဖော်နေသော်လည်း သေချာစွာ ဂရုစိုက်လေ့လာလိုက်ပါက ထိုသူ၏ ပြန်လည်ပြုပြင်ခြင်းစွမ်းရည်နှုန်းသည် ယခင်ကထက် အနည်းငယ်ပိုမိုအားနည်းနေသည်ကို တွေ့ရှိရမည်ဖြစ်၏။

သွေးအရှင်သည် သူ၏ဦးခေါင်းကို ပြန်လည်ပုံဖော်ပြီး ရင်ထဲမှ ဒေါသစိတ်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် မလျှော့သောဇွဲဖြင့် ထပ်မံအော်ဟစ်လိုက်၏။ “မြင်လား? ခင်ဗျားကျွန်တော့်ကို မသတ်နိုင်ဘူး! အားအကုန်ခံမနေတော့ဘဲ ပြန်လွှတ်လိုက်ပါတော့လား!”

ယဲ့ကျွင်းလင်က ပြောလာသည်။ “မင်းငါ့ကို 'ဖေဖေ' လို့ခေါ်ရင် ငါစဉ်းစားပေးနိုင်တယ်”

“ဘာပြောလိုက်တယ်?!”

သွေးအရှင်မှာ နားကြားများမှားလေသလားဟုတွေးမိကာ ခေါင်းထဲတွင် အသံပေါင်းစုံ ဆူညံသွားသည်။

သူ့ရင်ထဲမှ မကြုံစဖူးသော အရှက်ရမှုသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာတော့၏။

သွေးအရှင်၏ မျက်နှာတစ်ခုလုံး တွန့်လိမ်ရှုံ့တွသွားသည်။ သူ၏မျက်လုံးများမှာ သွေးများစီးကျနေတော့မည့်အလား နီရဲနေပြီး ယဲ့ကျွင်းလင်ကို အရှင်လတ်လတ်ဝါးစားတော့မည့်ဟန်ဖြင့် စူးစိုက်ကြည့်လိုက်၏။

ဒီ သူယုတ်မာ လူလိမ်အိုကြီးက သူ့ကို 'ဖေဖေ' လို့ ခေါ်ခိုင်းနေတာလား?

မင်းငါ့ကို ဘာထင်နေတာလဲ? ငါက အဲ့လောက်လွယ်တဲ့ပုံပေါက်နေလား?

ငါက ထာဝရသွေးမျိုးနွယ်ရဲ့ အဆင့်မြင့် အရှင်သခင်တစ်ပါးပဲ!

လူကြီးလူကောင်းကျင့်ကြံသူ တစ်ဦးကို သတ်လိုရင်သတ်နိုင်တယ်၊ ဒါပေမဲ့ ဒီလိုအရှက်မခွဲရဘူးကွ!

All Chapters