← Chapters

ဖေဖေရေ

Vol. 31 Ch. 425

ဖေဖေရေ

Vol. 31 Ch. 425

"သေလိုက်! ဒါတော့ မဖြစ်နိုင်ဘူး!"

သွေးအရှင်၏မျက်လုံးများ ‌‌ဒေါသဖြင့် ကွဲထွက်လုနီးပါးဖြစ်နေပြီး ဒေါသတကြီး ပြန်ဟောက်လိုက်သည်။

သူသည် မိမိကိုယ်ကိုယ် အဆင့်မြင့်သက်ရှိမျိုးစိတ်တစ်ခုအဖြစ် အမြဲဂုဏ်ယူခဲ့ပြီး ခွင်းလွင်နယ်မြေမှ လူသားမျိုးနွယ်များကိုလည်း အမြဲတစေ အထင်တသေးဆက်ဆံခဲ့သည်သာ။ ယခု ယဲ့ကျွင်းလင်ဆိုသောလူသားက သူ့ကိုဖေဖေလို့ခေါ်ရန် ခိုင်းစေသည့်ကိစ္စမှာ လူကိုအသေသတ်ခြင်းထက်ပင် ပိုလို့သည်းမခံနိုင်စရာဖြစ်လေတော့၏။

ထို့ပြင် သွေးအရှင်သည် ယဲ့ကျွင်းလင်ဘက်မှ သူ့ကို သေစေလောက်အောင် ဒဏ်ရာရစေဖို့အတွက်ပင် ခက်ခက်ခဲခဲကြိုးစားရမည်မှန်း သိနေသည်။

သူ့အတွက်တော့ အဆိုးဆုံးအခြေအနေမှာ ဤကိုယ်ပွားကို စွန့်လွှတ်လိုက်ရုံသာဖြစ်၏။ သို့တိုင် သူ၏မာနကြီးသော စိတ်နေသဘောထားဖြင့် ထိုကဲ့သို့သောလူနှင့် ဘယ်တော့မှ အပေးအယူလုပ်မည်မဟုတ်ပေ။

ဖေဖေလို့ခေါ်ဖို့အတွက်တော့ စဥ်းပင်မစဥ်းစားလေနှင့်!

“ဟဲဟဲ၊ တော်တော်မာနကြီးတာပဲ”

ယဲ့ကျွင်းလင်က လှောင်ရယ်လိုက်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း! ~

လေဟာနယ်ထဲတွင် ဧရာမကြိတ်စက်ကြီးတစ်ခု လှည့်ကြိတ်နေသကဲ့သို့ ဆူညံသံပေါင်းစုံ ပဲ့တင်ထပ်နေသည်။

ကျယ်ပြန့်သော အဖြူရောင်လက်ကြီးတစ်ဖက်သည် ကျောက်စိမ်းကဲ့သို့ နွေးထွေးသောအရောင်ဖြင့် လင်းလက်နေပြီး ကျန်တစ်ဖက်မှာ ပုရွက်ဆိတ်အရွယ်အစားလေးထိ ပြန်လည်သေးငယ်ကျုံ့ဝင်သွားခဲ့၏။

ကျန်ခဲ့သောလက်ဖဝါးသည် အသားအရည်အားဖြင့် နူးညံ့ကျစ်လျစ်ပြီး လက်ချောင်းတစ်ချောင်းစီသည် ကောင်းကင်ထောက်တိုင်ကြီးများကဲ့သို့ ခိုင်ခံ့ရှည်လျား၏။ ထို့နောက် လက်ငါးချောင်းတောင်ကြီးကဲ့သို့ အရွယ်အစားထိ ကြီးမားလာတော့သည်။

ဝှစ်!

ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် တစ်ဖန်ပြန်လည်လွှမ်းမိုးလာသည်။

“အား…”

သွေးအရှင်မှာ လုံးဝခုခံနိုင်စွမ်းမရှိတော့ပေ။ ထိုလက်ဝါးအတွင်း ဖမ်းဆီးဆုပ်ကိုင်ခံလိုက်ရပြီးနောက် သူ၏အမြင်အာရုံတွင် မျက်စိကျိန်းစပ်စေလောက်မတတ် အဖြူရောင်အလင်းတစ်ခုသာ နောက်ဆုံးအနေနှင့် မြင်လိုက်ရပြီး အသွေးအသားတို့ ဖိကြိတ်ခံလိုက်ရသောနာကျင်မှုကို ခံစားလိုက်ရ၏။

ထိုလက်ကြီးဖြင့် ဖျစ်ညှစ်ကြိတ်ချေခံလိုက်ရခြင်းပင်။

တောက်ပနေသော အဖြူရောင်လက်သည် ဖြည်းဖြည်းချင်း ပြန်ဖြန့်ပြလာ၏။ သူ၏လက်ဝါးပေါ်တွင် အရုပ်ဆိုးသော သွေးအိုင်တစ်အိုင်ကို မြင်နိုင်ပေမည်။ အလွန်သေးငယ်လှသောကြောင့် သေချာမကြည့်လျှင် သတိပြုမိရန် မဖြစ်နိုင်ပေ။

ရုတ်တရက် ၎င်းသည် သက်ရှိပစ္စည်းတစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သွေးအရှင်၏ပုံရိပ်သည် ပြန်လည်ပုံပေါ်လာတော့၏။ တဖြည်းဖြည်းပုံပေါ်လာသော မျက်နှာကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူ၏မျက်လုံးများတွင် အဆုံးမဲ့နာကြည်းမှုများ ပြည့်နှက်နေကာ ဒေါသထွက်ထွက်ဖြင့် တဟားဟားရယ်မောလေသည်။

“လာစမ်း! ထာဝရသွေးမျိုးနွယ် သူရဲကောင်းများဟာ ကျောက်ဆောင်တစ်ခုလို ခိုင်မာတဲ့စိတ်ဆန္ဒကို ပိုင်ဆိုင်တယ်။ မင်းဘယ်လိုပဲ နှိပ်စက်ပါစေ အချည်းနှီးပဲဖြစ်လိမ့်မယ်!”

“မင်းလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ငါ့ကိုနာနာခံခံ လွှတ်ပေးလိုက်ဖို့ပဲ။ မဟုတ်ရင် မင်းငါ့ကို အသက်တစ်ကြိမ်ထပ်ရှူဖို့ အခွင့်အရေးပေးသရွေ့ မင်းရဲ့ ပြန်ပေးဆပ်ရမယ့်အကြွေးက နှစ်ဆပိုပြင်းထန်လာမယ်… အား!”

ခြိမ်းခြောက်ဟိန်းဟောက်စကားများ မဆုံးမီ သွေးအရှင်၏ ခန္ဓာကိုယ်သည် တစ်ဖန်ကြိတ်ချေခံလိုက်ရပြန်၏။

သူ၏လက်ဝါးပေါ်ရှိ‌ သွေးအိုင်ကြီးမှ ခန္ဓာကိုယ်တစ်ခုဖြစ်အောင် ပြန်လည်ပုံဖော်နေသည်ကို ကြည့်ရင်း ယဲ့ကျွင်းလင်သည် ဤသတ္တဝါများ မည်မျှရွံရှာဖွယ်ကောင်းကြောင်း ခံစားမိလိုက်သည်။

အကယ်၍ သူ့နေရာတွင် သာမန် မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဆိုပါက ထိုမျှရွံရှာဖွယ်ကောင်းသောအရာကြီးကို လက်ဖြင့်မပြီးနိုင်မစီးနိုင် ဆုပ်ညှစ်နေမည့်အစား နှာခေါင်းကိုပိတ်ကာ လွှတ်ပေးလိုက်ဖို့သာ တွေးမိပေမည်။ သို့သော်!

ယဲ့ကျွင်းလင် လွှတ်ပေးမည့်အစား ထူးထူးဆန်းဆန်း အကြံတစ်ခုပေါက်သွားခဲ့သည်။

ယွင်ရှန်းကျွန်း။

ခြံဝန်းရှိ သက်ရှိအားလုံး မတည်ငြိမ်နိုင်တော့ပေ။

ပထမဦးစွာ သူတို့သည် ကျွန်းသခင်ယဲ့၏ ကျင့်ကြံဆင့် ဤမျှလျင်မြန်စွာ တိုးတက်လာပြီး မသေမျိုးဘုရင် အဆင့်သို့ ရုတ်ချည်းရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ သို့သော် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသူ ချစ်သားမျက်ရှုကံကြမ္မာအား ထည့်သွင်းစဉ်းစားကြည့်ပါ ကျိုးကြောင်းဆီလျော်သည်ဟုသာ ဆိုရပေမည်။

သို့သော် ကျွန်းသခင်ယဲ့ကဲ့သို့ သန်မာကြံ့ခိုင်သော မသေမျိုးဘုရင်သည်ပင် ထာဝရသွေးမျိုးနွယ်၏ ထူးခြားသော မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည်နှင့် ရင်ဆိုင်ရပါက တစ်နည်းမဟုတ်တစ်နည်းတော့ အခက်ကြုံရမည်သာ။

“ကတော် ကတော်! ကျွန်းသခင်ယဲ့က အဲအကောင်ကို ကိုင်တွယ်နိုင်မယ်လို့ ထင်သလား?” ကြက်မကြီးက စိုးရိမ်နေသည်။

“မူးးး~” မြည်းက တစ်ချက်အော်မြည်လိုက်ပြီး ဒေါသတကြီး ပြောသည်။ “မြည်းသခင် အမုန်းဆုံးအရာက ထာဝရသွေးမျိုးနွယ်နဲ့ ထိပ်တိုက်တွေ့ရတာပဲ!”

သူသည် မသေမျိုးအရှင်သူမြတ်ကျင့်ကြံဆင့်သို့ ပထမဆုံးဝင်ရောက်သောအခါ အင်အားအပြည့်ပိုင်ဆိုင်ထားသည့် ခံစားချက်ဖြင့် ကောင်းကင်ပြင်ပရှိ ကြယ်တာရာများတွင် လှည့်လည်သွားလာနေစဉ် ထိပ်တန်း ထာဝရသွေးမျိုးနွယ်မှ မသေမျိုးဧကရာဇ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူသည် ထိုလူကို အလွယ်တကူ ဖိနှိပ်သတ်ဖြတ်နိုင်မည်ဟု မူလက တွေးထင်ခဲ့သော်ငြား ပြိုင်ဘက်သည် သူ၏ မျိုးနွယ်စုစွမ်းရည် ကို အားကိုးပြီး ဒဏ်ရာတိုင်းကို အလိုအလျောက် ပြန်လည်ကောင်းမွန်စေနိုင်ခဲ့သောကြောင့် တိုက်ခိုက်နေရင်းပင် အလွန်တရာ အံ့အားသင့်ခဲ့ရလေသည်။

နောက်ဆုံးတွင် အားကုန်သွားခဲ့သော မြည်းသခင်သည် ထို ထာဝရသွေးမျိုးနွယ်ဝင်ကို ကြံရာမရစွာ ဝါးစားမျိုချခဲ့သည်။ ဝါးစားပြီးချိန်တွင်ပင် ဝမ်းဗိုက်တစ်ခုလုံး ပြင်းထန်စွာ နာကျင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် အသက်အန္တရာယ်မရှိခဲ့ပေ။ သူ၏ မြန်ဆန်အားကောင်းသော အစာချေစွမ်းရည်ကို အားကိုးပြီး ထို ထာဝရသွေးမျိုးနွယ်ဝင်ကို အစာအိမ်ထဲတွင် လုံးဝ ချေဖျက်နိုင်ခဲ့လေ၏။

ထိုအချိန်မှစ၍ သူသည် ထိုမျိုးနွယ်၏ မွေးရာပါစွမ်းရည်ကို အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ခဲ့သည်။ အနိုင်ယူဖို့လွယ်ကူလျှင်တောင်မှ သတ်ဖြတ်ရအလွန်ခက်ခဲသော စွမ်းရည်မျိုးဖြစ်သည်ဟု!

အစ်မလျိုက လေးနက်စွာ ဝင်ပြောလာသည်။ “အရေးအကြီးဆုံးအချက်က အဲဒီ ထာဝရသွေးမျိုးနွယ် ဟာ ရိုးရှင်းတဲ့အခြေအမြစ်ကမဟုတ်ဘူး။ သူက သာမန် မျိုးနွယ်သွေးကလာတာ မဟုတ်ဘဲ အစစ်အမှန်ဆုံး သွေးမျိုးနွယ်ကနေလာတာလို့ ငါခံစားနေရတယ်၊ သေချာပေါက်ကို အဆင့်မြင့်မျိုးနွယ်ကောင်းတစ်ဦးပဲ"

“ဒီလိုလူတစ်ယောက်က ခွင်းလွင်နယ်မြေထဲကို ခိုးဝင်ဖို့ သေချာပေါက်သေလုနီးပါးအန္တရာယ်ကို စွန့်စားရမှာပဲ။ ဘာကြောင့်အဲ့လောက်ထိကြိုးပမ်းနေရတာလဲ?"

“ကျွန်းသခင်ယဲ့က အခု မသေမျိုးဘုရင်ကျင့်ကြံဆင့်မှာ ရှိနေပြီဆိုပေမယ့် သူ့ကို တကယ်တမ်း သတ်ဖို့ကျ အရမ်းကို ခက်ခဲလိမ့်မယ်!”

အစ်မလျို၏ အတည်ပြုစကားကြောင့် ကျန်သတ္တဝါများလည်း စိတ်ဓာတ်ကျသွားကြသည်။

ထိုအချိန်တွင်။

သွေးအရှင်၏ ခန္ဓာကိုယ်သည် လုံးဝနီးပါး ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်၏။ မျက်နှာတစ်ခုလုံးမှာ ဗွက်အိုင်အလား မည်းမှောင်လျက်။ အခြားသူများ၏အလိုကျ လိုက်နာလုပ်ဆောင်နေရခြင်းကို သူအလွန်မုန်းတီးသည်။

သွေးအရှင် သူ၏စိတ်နှလုံးထဲတွင် ကျိန်ဆိုလိုက်သည်။ အနာဂတ်တွင် အင်အားပြန်လည်စုစည်းပြီးသောအခါ ဤရွံရှာဖွယ် ပြန်လည်နိုးထသူကို သေချာပေါက် အရင်ဆုံးဖမ်းဆီးမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုပေါင်း သန်းနှင့်ချီ၍ အသုံးပြုစေမည်။ ထိုသူ၏သွေးများကို အကုန်အစင်ဖောက်ထုတ်ကာ အရေပြားကိုစုတ်ဖြဲ၍ မီးအိမ်ထွန်းညှိရန် လောင်စာအဖြစ် အသုံးပြုမည်!

လက်စားချေရန် အတွေးများက လှည့်ပတ်လို့နေ၏။

သွေးအရှင်သည် ပြန်ကောင်းခါစ ခန္ဓာကိုယ်တစ်ခုလုံး အညှစ်ခံရသည်ကို ရုတ်တရက် ထပ်မံခံစားလိုက်ရသည်။ ယခုလေးတင်မှ ပြန်လည်ကြီးထွားလာသော အရိုးများ တစ်ဖန်ကွဲအက်သွားသဖြင့် သူသည် မချိမဆန့်နာကျင်မှုဖြင့် ယဲ့ကျွင်းလင်အား မဆုံးနိုင်အောင် ထပ်မံကျိန်ဆဲပြန်တော့၏၊

သူ့လက်ထဲတွင် ဘောလုံးပုံစံအဖြစ် ပုံသွင်းထားသော အသွေးအသားလုံးကြီးကို ကြည့်ရင်း ယဲ့ကျွင်းလင်၏မျက်နှာတွင် မကောင်းဆိုးဝါးအပြုံးတစ်ခု ပေါ်လာသည်။

ဝှစ်၊

မသေမျိုးဘုရင် စွမ်းအားများ တစ်လွှာပြီးတစ်လွှာဖြာထွက်လာကာ ထိုသွေးဘောလုံးကို ဖုံးအုပ်ထားပြီး ပြန်လည်ပုံဖော်လို့မရနိုင်အောင် အတင်းအကျပ်လုံးကျစ်ထားလိုက်သည်။

“ချီစွမ်းအင်၏ သုံးသွယ်သော သန့်စင်ခြင်းသဏ္ဍာန်သို့ ပြောင်းလဲခြင်း!”

ယဲ့ကျွင်းလင်၏ဘေးတွင် တူညီသော ကိုယ်ပွားနှစ်ခုသည် သီးခြားစီခွဲထွက်လာသည်။ ထို့နောက် ၎င်းတို့သည် တြိဂံထောင့်များအတိုင်း အသီးသီးနေရာယူလိုက်ကြ၏။

“ငါစကန်ပြီနော်!”

ဘုန်း~

လေထုပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အသံလှိုင်းများ လှိမ့်နေသည်ကိုပင် မြင်နိုင်သည်။ ဤဘောလုံးပုံစံ သွေးလုံးကြီးကို ယဲ့ကျွင်းလင်က ခပ်ပြင်းပြင်းတစ်ချက် ကန်ထုတ်လိုက်သောကြောင့်ပင်။

သွေးဘောလုံးကြီး လေထဲတွင် လျင်မြန်စွာ လည်ပတ်နေသည်။ ထိုနီရဲရဲအလုံးကြီးမှာ ကိုယ်ပွားတစ်ခုထံ လွင့်စင်သွားခဲ့၏။

ကိုယ်ပွားက ခပ်မြူးမြူးတစ်ချက်ပြုံးလိုက်ပြီး သူ့ထံပျံလာသော သွေးဘောလုံးကို တစ်ဖန်ပြန်ကန်လိုက်သည်။

All Chapters