← Chapters

အခန်း (၄၂၆)

Vol. 31 Ch. 426

အခန်း (၄၂၆)

Vol. 31 Ch. 426

ဤသို့ဖြင့် ယဲ့ကျွင်းလင်သုံးဦးသည် ဘောလုံးကို တစ်ယောက်ပြီးတစ်ယောက်ထံသို့ ခြေထောက်ဖြင့်မျိုးစုံကန်၍ ပေးပို့နေကြသည်။ အ‌ပေးအယူမျှလာသည်နှင့်အမျှ အရှိန်က ပိုမိုမြန်ဆန်လာပြီး ပို၍အပြိုင်အဆိုင်များလာကာ ကြည့်ရှုသူအပေါင်းအား မျက်စိပသာဒဖြစ်စေ၏။

ဤမြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေသည်။

“အမလေး! ဒီလိုမျိုးလည်း ကစားလို့ရတာပဲနော်!”

“အစ်ကိုကြီးယဲ့က တော်တော် အကြံပက်စက်တာပဲ၊ ဒါပေမဲ့ ငါကြိုက်တယ်!”

“ဟားဟား၊ အဲဒီမိစ္ဆာက အစ်ကိုကြီးယဲ့ဆီကနေ ဘောလုံးလို အကန်ခံနေရတာပဲ!”

“ငါသာဆို မူးလို့အန်တောင်ထွက်လိမ့်မယ်!”

…

ကောင်းကင်တွင် ဘောလုံးကို အဆက်မပြတ်ကစားနေကြသော ပုံရိပ်သုံးခုကို ရင်ဆိုင်ရသောအခါ လူတိုင်းသည် လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာ အားပေးကြတော့သည်။

“ဆရာသခင်ကတော့ ဆရာသခင်ပါပဲ၊ ဒီလိုအချိန်မျိုးမှာတောင် ပေါက်ကရတွေ လုပ်နိုင်သေးတယ်!” လီဝူကျယ်က တအံ့တသြရေရွတ်သည်။

ဟုန်ချန်ယဲ့လည်း အံ့အားသင့်နေသည်။ ဒီလူ့ဆီက သင်ယူစရာတွေ ကုန်ကိုမကုန်နိုင်ပါလား။

ဘုန်း ဘုန်း ဘုန်း ~

ဘောလုံးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ရာမှ တဘုန်းဘုန်းအသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။ အသံလှိုင်းများမှာ မိုးသည်းသည်းရွာသွန်းသကဲ့သို့ အဆက်မပြတ်ပေါ်ထွက်လျက်သာပင်။

ယဲ့ကျွင်းလင်နှင့် အခြားကိုယ်ပွားနှစ်ခုသည် ဘောလုံးကို တစ်ယောက်ဆီတစ်ယောက်ကန်ပြီး ပေးပို့နေကြကာ အရမ်းပျော်ရွှင်နေကြဟန်ပေါ်သည်။ လေထဲတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကန်ခံရသော ဘောလုံးပုံစံသွေးလုံးမှာလည်း ကြာကြာမတည်ငြိမ်နိုင်တော့ပေ။

“မကန်ပါနဲ့တော့! မကန်ပါနဲ့တော့!! ကျေးဇူးပြုပြီး ရပ်ပါတော့!”

“အား…”

သွေးအရှင်သည် ရှုပ်ထွေးနေသောခံစားချက်များကိုပင် မမှုနိုင်တော့အောင် ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆက်မပြတ်လှိုင်းထနေသော နာကျင်မှုကား လူကိုမနားတမ်းနှိပ်စက်လျက်ရှိ၏။ ခွင်းလွင်နယ်မြေသို့ မဝင်ရောက်မီအချိန်က ဤကမ္ဘာလူသားများထံ ဘောလုံးလုပ်ခံရပြီး အကန်ခံရမည့်အရေးအား လုံးဝမမျှော်လင့်ခဲ့မိပါချေ။

ဒါက လူတစ်ယောက်လုပ်မယ့်အရာလား?! ခွေးလောက်တောင် အသိတရားမရှိဘူးလား?!

သွေးအရှင်၏ ခံစားချက်များသည် အထင်သေးရွံရှာမှုမှ အံ့ဩမှုသို့၊ ထို့နောက် ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုသို့ ပြောင်းလဲသွားသည်။ မိမိ၏ မသေနိုင်သောမျိုးနွယ်စွမ်းရည်ကိုပင် မုန်းတီးလာရ၏။ ဤသို့အနှိပ်စက်ခံနေရမည့်အစား သေလိုက်တာကပိုကောင်းဦးမည်။

“မင်းငါ့ကို ဖေဖေလို့ခေါ်မယ်ဆိုရင်တော့ ညှိနှိုင်းပေးနိုင်တယ်။ မင်းခေါ်မှာလား၊ မခေါ်ဘူးလား?” ယဲ့ကျွင်းလင်က အကျပ်ကိုင်သည်။

“မခေါ်ဘူး! ငါ့ကိုသတ်လိုက်! ငါမင်းကို 'ဖေဖေ' လို့ ဘယ်တော့မှ မခေါ်ဘူး!”

သွေးအရှင်မှာ စိတ်ဓာတ်ယိမ်းယိုင်နေသော်ငြား မရမကခေါင်းမာငြင်းဆန်နေဆဲပင်။

“သေရဖို့အရေးကိုတောင် ဆုတောင်းနေရတဲ့အထိ ငါလုပ်ပေးပါ့မယ်!”

တစ်ဖက်လူ၏ ချိုးမရနိုင်သေးသောမာနကို မြင်သောအခါ ယဲ့ကျွင်းလင် လူယုတ်မာသံဖြင့် တဟားဟားအော်ရယ်လိုက်သည်။ ထိုမကောင်းဆိုးဝါးရယ်သံကိုကြားရသောအခါ သွေးအရှင်မှာ အရိုးထဲအထိ ချမ်းတုန်သွားရ၏။

ငါလောက်သနားစရာကောင်းတာ ရှိပါဦးမလား?

ယဲ့ကျွင်းလင် တက်တက်ကြွကြွဖြင့် ခွန်အားအပြည့်သုံးကာ စိတ်ပါလက်ပါကစားလိုက်တော့သည်။ သူ၏ ကိုယ်ပွားနှစ်ဦးသည်လည်း သူ့အတိုင်းအလိုက်သင့်ပြောင်းလဲကာ ပိုမိုတက်ကြွလာကြသောကြောင့် ကန်ချက်များမှာ အလင်း၏အရှိန်ထက်ပင် ပိုမိုမြန်ဆန်နေတော့သည်။

“အား အား အား~”

သွေးအရှင်မှာ နာကျင်မှုကြောင့် လူးလှိမ့်အော်ဟစ်နေရ၏။

တစ်နာရီ။

နှစ်နာရီ။

သုံးနာရီ။

လေးနာရီ။

…

ယဲ့ကျွင်းလင် ရှစ်နာရီတိတိ ဘောလုံးကစားခဲ့သည်။

သွေးအရှင်၏ စိတ်အစဥ်မှာ လုံးဝပျက်စီးသွားခဲ့သည်။ စိတ်ပျက်မှုတစ်ခုကိုသာ ခံစားရတော့သည့်အဆုံး နောက်ဆုံးကျန်ရှိနေသော ဆင်ခြင်တုံတရားကို စွန့်လွှတ်လိုက်ပြီး မျက်ရည်များဖြင့် တောင်းပန်လိုက်သည်။ “ဖေဖေ! ဖေဖေ၊ မကန်ပါနဲ့တော့! ကျေးဇူးပြုပြီး ဖေဖေရေ! အီးဟီးဟီး!”

ဤမြင်ကွင်းကို ထာဝရသွေးမျိုးနွယ်ဝင်များသာ မြင်မိခဲ့ပါက အကြီးအကျယ် အံ့ဩတုန်လှုပ်သွားမည်သေချာသည်။ ထာဝရသွေးမျိုးနွယ်၏ မာနအကြီးဆုံးသော အထက်တန်းမျိုးနွယ်တစ်ဦးအနေဖြင့် လူသားမျိုးနွယ် တစ်ဦးကို 'ဖေဖေ' ဟု ဆန္ဒအလျောက် ခေါ်ဆိုခဲ့ရလေပြီ။

“တင်၊ ပိုင်ရှင်၊ တာဝန်ကို အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကောင်းကင်သင်္ချိုင်းခေါင်းတလားကို ထိပ်တန်းအဆင့် မသေမျိုးဘုရင်လက်နက် အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီရှင်!” သူ့စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့…”

ယဲ့ကျွင်းလင် သက်ပြင်းအရှည်ကြီးချလိုက်သည်။ အဆုံးတွင် ပြီးမြောက်အောင်မြင်သွားခဲ့လေပြီ။

ဝှစ်!

အခြားကိုယ်ပွားနှစ်ခု ချက်ချင်းပျောက်ကွယ်သွားသည်။

ယဲ့ကျွင်းလင် လက်မြှောက်လိုက်ပြီး ကောင်းကင်သင်္ချိုင်းခေါင်းတလားအား ဆင့်ခေါ်လိုက်သည်။

ဘုန်း ~

လေဟာနယ်ထဲတွင် ကြေးနီရောင်ခေါင်းတလားကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ထာဝရစီးဆင်းနေသော အချိန်ရေစီးကြောင်းအား ရပ်တန့်လွှမ်းမိုးနိုင်သည့်အရှိန်အဝါဖြင့် မသေမျိုးဘုရင်အဆင့် စွမ်းအားကိုလည်း တစ်ပါတည်းသယ်ဆောင်လာသည်။

ရွှစ်!

ခေါင်းတလားအဖုံးပွင့်သွားသောအခါ အတွင်းပိုင်းမှာ အဆုံးမရှိ မည်းမှောင်နေပြီး အကြောင်းမဲ့ ရင်တုန်ကြောက်လန့်စေနိုင်သော စွမ်းအားတစ်ခုအား ခံစားမိနိုင်၏။

ထိုအရာကိုမြင်သောအခါ သွေးအရှင် အလွန်ထိတ်လန့်သွားသည်။ “မင်းဘာလုပ်နေတာလဲ? ငါမင်းကို 'ဖေဖေ' လို့ ခေါ်ပြီးသွားပြီလေ!”

“မင်းလိုခွေးကောင်က ငါ့သားဖြစ်ဖို့ မထိုက်တန်ဘးူ!”

“သွားတော့!”

ယဲ့ကျွင်းလင်သည် ခွန်အားကိုစုစည်းပြီး သွေးဘောလုံးကို ပြင်းထန်စွာ တစ်ချက်ကန်ချလိုက်သည်။

ဝှစ်၊ သွေးအရှင်သည် ကောင်းကင်သင်္ချိုင်းခေါင်းတလားထဲသို့ တည့်တည့်ပျံဝင်သွားရ၏။ မည်းမှောင်နေသော အတွင်းပိုင်းနေရာကိုကြည့်ရင်း သူ၏ရင်ထဲတွင် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။

“ဒါ ဘယ်လို မှော်လက်နက်ကြီးလဲ?!”

သွေးအရှင်သည် မသေမျိုးဘုရင်အဆင့် မှော်လက်နက် တစ်ခုက သူ့ကို အသက်သေလုနီးပါး ခြိမ်းခြောက်နိုင်သည်အား ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းပင်။

“မဖြစ်ဘူး!”

ခေါင်းတလားအဖုံး လျင်မြန်စွာ ပိတ်သွားသည်ကို ကြည့်ရင်း သူ၏ကိုယ်ခန္ဓာထဲသို့ ဖျက်ဆီးခြင်းစွမ်းအားများ ဝင်ရောက်လာသည်ကို ခံစားရသောအခါ သွေးအရှင်သည် နာကျင်စွာအော်ဟစ်ကာ ထိုလှောင်အိမ်ထဲမှာထွက်ပြေးဖို့ ရုန်းကန်ကြိုးစားမိ၏။

ဘုန်း! ဘုန်း! ဘုန်း!!

ကောင်းကင်သင်္ချိုင်းခေါင်းတလားအဖုံးကြီး တဘုန်းဘုန်းအသံများဖြင့် တခဏမျှ တုန်ယင်ပြီးသွားချိန်၌ အရာအားလုံးမှာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

All Chapters