နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေး
Vol. 31 Ch. 427
မည်သည့် မသေမျိုးဘုရင်ကျင့်ကြံသူဖြစ်စေ မသေမျိုးဘုရင်အဆင့်မှော်လက်နက်ဖြင့်ပင် ဖြစ်စေ၊ ထိုမိစ္ဆာကောင်ကို တစ်ချက်တည်းဖြင့် လုံးဝဖျက်ဆီးပစ်ရန် အတော်လေးခက်ခဲပေလိမ့်မည်။
သို့သော် ကောင်းကင်သင်္ချိုင်းခေါင်းတလားသည်ကား မတူညီပါ။ ၎င်းသည် အရာအားလုံးကိုမြှုပ်နှံနိုင်သည့် အထူးစွမ်းရည်ကို မူလရင်းမြစ်လက္ခဏာတစ်ခုအဖြစ် ပိုင်ဆိုင်ထားသည်။ လက်ရှိအချိန်တွင် ၎င်းသည် ထိပ်တန်း မသေမျိုးဘုရင်အဆင့် မှော်လက်နက်အဖြစ်သို့ တက်လှမ်းခဲ့ပြီးဖြစ်သောကြောင့် ထိုအထူးစွမ်းရည်သည်ကား ပိုလို့သာအားကောင်းလာခြင်းဖြစ်၏။
ထိုသွေးစုပ်မိစ္ဆာသည် အတွင်း၌ မည်မျှကြီးမားသော နာကျင်မှုနှင့် နှိပ်စက်မှုများကို ခံစားခဲ့ရသနည်း သို့မဟုတ် သေဆုံးခြင်းမတိုင်မီ မည်ကဲ့သို့သော ကြောက်မက်ဖွယ်မြင်ကွင်းများကို မြင်တွေ့ခဲ့ရသနည်း? မည်သူမျှစိတ်မကူးကြည့်နိုင်။
“ပွဲပြီးပြီ!”
ယဲ့ကျွင်းလင်သည် အပြုံးဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ဝှစ်
သေခြင်း၏ အရှိန်အဝါကို ထုတ်လွှတ်နေသော ကောင်းကင်သင်္ချိုင်းခေါင်းတလား သည် လေဟာနယ် ထဲသို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့၏။
“ငါတို့နိုင်ပြီ!”
ရွှယ်ထျန်းဂိုဏ်းသည် ခဏတာငြိမ်ကျသွားပြီးနောက် စိတ်အားထက်သန်သော အားပေးသံများဖြင့် ဆူညံသွားသည်။
လူတိုင်း၏မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် ဝင်းလက်တောက်ပလျက်ရှိကြ၏။ လက်များကို လေပေါ်သို့မြှောက်၍ စိတ်လွတ်လက်လွတ်အော်ဟစ်နေကြပြီး ကောင်းကင်ထက်မှ ထိုလူငယ်၏ ပြိုင်ဘက်ကင်းသဏ္ဍာန်အား မော်ဖူးလျက်ရှိကြ၏။
ခြံဝန်းထဲရှိ သက်ရှိများသည် မဖြစ်နိုင်ဟုထင်ထားသော အရာတစ်ခု မျက်စိရှေ့တင်ပင် ဖြစ်ပျက်သွားခဲ့သောကြောင့် အံ့သြတကြီး ကြက်သေသေနေခဲ့ကြသည်။
“ကျွန်းသခင်ယဲ့မှာ ထာဝရသွေးမျိုးနွယ်ကို ကိုင်တွယ်ဖို့ ငါတို့မသိတဲ့ အထူးနည်းလမ်းတွေ ရှိသေးပုံရတယ်” အစ်မလျိုက သက်ပြင်းချလိုက်သည်။
အခြားကမ္ဘာမှ နယ်ခြားမျိုးနွယ်များ ခွင်းလွင်နယ်မြေကို ထိုးဖောက်ဝင်ရောက်လာခြင်းသည်ကား သေတွင်းလာတူးခြင်းနှင့်အတူတူပါလားဟု ရုတ်တရတ်အတွေးဝင်မိလိုက်၏။
“ကျွန်းသခင်ယဲ့က နေရာတိုင်းမှာ အရမ်းတော်ပါတယ်၊ တစ်ခုကလွဲပြီးပေါ့။ သူက ငါတို့ကို အစာကျွေးဖို့ ခြံဝန်းထဲကို အမြဲလာနေတာလေ” ငါးကြင်းများက ကူကယ်ရာမဲ့စွာ ညည်းညူသည်။
“အုံးဂွမ်! မင်းတို့က ငါ့ထက်ပိုဆိုးသေးလား? ငါမြည်းသခင် မြည်းလိုဘယ်လိုအော်ခဲ့လဲဆိုတာတောင် မေ့နေပြီ!” မြည်းလေးက စိတ်ဓာတ်ကျစွာပြောသည်။
“အစ်မလျို၊ ကျွန်မ စိုးရိမ်နေတာတစ်ခုရှိတယ်။ မရဏချောက်နက်ကတောင် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို စေလွှတ်နေပြီဆိုရင် ကောင်းကင်ဘုံအစည်းအရုံးကလည်း တစ်ခုခုတော့ လုပ်လာဦးမှာမလား? ဒါမှမဟုတ် သူတို့ရဲ့လူတွေ ခွင်းလွင်နယ်မြေကို ရောက်တောင်ရောက်နေလောက်ပြီလား?” ကြက်မကြီးကမေးသည်။
“မင်းစိုးရိမ်တာ မမှားဘူး။ ခွင်းလွင်နယ်မြေဟာ တစ်ချိန်က ကောင်းကင်ဘုံအစည်းအရုံးမှာ ဒုတိယအဆင့်ရှိခဲ့တယ်။ အခု သူက ပြန်လည်ကောင်းမွန်လာတဲ့အဆင့်မှာ ရှိနေတာကြောင့် ကောင်းကင်ဘုံအစည်းအရုံးရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေဟာ ခွင်းလွင်ကို မလွဲမသွေမက်မောလာကြမှာဖြစ်ပြီး ဒီကမ္ဘာကို သိမ်းပိုက်ဖို့ အခွင့်အရေးကို ဘယ်နည်းနဲ့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး” အစ်မလျို၏လေသံက ပိုလို့အေးစက်လာသည်။
ခွင်းလွင်နယ်မြေသည် တစ်ချိန်က ကောင်းကင်ဘုံအစည်းအရုံး၏ ကိုယ်စားပြုကမ္ဘာတစ်ခုဖြစ်ခဲ့ပြီး ကောင်းကင်ဘုံအစည်းအရုံးအတွက် စစ်ပွဲများစွာ တိုက်ခိုက်ဆင်နွှဲပေးခဲ့ကာ မရဏချောက်နက်မဟာမိတ်တပ်များနှင့်လည်း နှစ်ပေါင်းများစွာကြာအောင် ရင်ဆိုင်တောင့်ခံပေးခဲ့ရ၏။ မမျှော်လင့်စွာပင် ခွင်းလွင်၏ကျဆင်းချိန်ကိုရောက်သည့်အခါ ကောင်းကင်ဘုံအစည်းအရုံး၏သဘောထားက ကြီးစွာပြောင်းလဲသွားခဲ့သည်။
လက်ရှိ ပြန်လည်တိုးတက်ချိန်တွင် အဆိုးဆုံးဖြစ်နိုင်ချေမှာ ကောင်းကင်ဘုံအစည်းအရုံးလည်း မရဏချောက်နက်နှင့်ပူးပေါင်းပါဝင်ပြီး ဤကမ္ဘာမြေကို အပိုင်းပိုင်းအစိတ်စိတ် ခွဲခြမ်းသိမ်းပိုက်ကြခြင်းပင်။
“ခွင်းလွင်နယ်မြေက အစွမ်းထက်နေတုန်းအချိန်က ကောင်းကင်ဘုံအစည်းအရုံးက တစ်ချိန်လုံးမျက်နှာချိုပြထားခဲ့တာလေ"
“တကယ်ပဲ၊ ကျဆုံးသွားတဲ့ဖီးနစ်ဟာ ကြက်တစ်ကောင်လောက်တောင် အဆင့်မရှိတော့ဘူးဆိုတာ အမှန်ပဲ!”
မြည်းလေးက ဒေါသတကြီးပြောသည်။
“ငတုံးကောင်မြည်း၊ မင်းဘယ်သူ့ကို ဆဲရေးနေတာလဲ?!” ကြက်မကြီးက သူ့ကိုစိုက်ကြည့်ပြီး ထအော်သည်။
“ဆတ်ဆတ်ထိမခံဖြစ်နေသူက အဆဲခံရတဲ့သူပေါ့!” မြည်းသည် စကားမှားသွားကြောင်း သဘောပေါက်သော်လည်း ပွင့်ပွင့်လင်းလင်းပင်ဝန်ခံပြီး တစ်ဖက်အား ရန်စသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
“ကတော်-ကတော်-ကတော်! မြည်းသားရေက အရိုက်မခံရတာကြာတော့ ယားနေတယ်ထင်တယ်!”
ကြက်မကြီးသည် ချက်ကောင်းကိုမှ အထိုးခံလိုက်ရသကဲ့သို့ ဒေါသတကြီး တောင်ပံခတ်ပြီး ခုန်အုပ်လိုက်သည်။ ထို့နောက် သေရေးရှင်ရေး တိုက်ပွဲဝင်နေသည့်အလား မြည်းကို စတင်ထိုးဆိတ်လေတော့၏။
မြည်းသည် အဆိတ်ခံရသောကြောင့် နာကျင်စွာအော်ဟစ်လိုက်ပြီး ခြံဝန်းပတ်လည်တွင် ခွာသံတခွပ်ခွပ်ဖြင့် ရူးသွပ်စွာပြေးလွှားရင်း တောင်းပန်သည်။ “အစ်မလျို! ကျေးဇူးပြုပြီး သူ့ကိုရပ်ခိုင်းပေးပါ! ဒီကြက်က အရူးထနေပြီ!”
“ဘွားဘွား၊ ချချ! ဘွားဘွား၊ ချချ!” ကြက်ကလေးအုပ်စုကတော့ စိတ်လှုပ်ရှားစွာ အားပေးကြသည်။
အစ်မလျိုမှာလည်း ရန်ပွဲကိုကြည့်ရင်း အလွန်ပင်ပန်းလှသည်ဟု ခံစားရ၏။
လုပ်ချင်တာလုပ်ကြတော့၊ ငါ တိတ်တိတ်လေးပဲ စောင့်ကြည့်နေတော့မယ်။
ထာဝရသွေးမျိုးနွယ်ကို ဖယ်ရှားပြီးနောက် ယဲ့ကျွင်းလင်သည် မြူခိုးတောင်ထိပ် သို့ လျှပ်တစ်ပြက်ပြန်ရောက်လာသည်။ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းလာကာ မာန်တက်နေသောဟန်ပန်အမူအရာကိုလည်း လုံးဝထိန်းချုပ်မထားပေ။
“ဆရာသခင်၊ အဲဒီမိစ္ဆာကောင်က ဘာအမျိုးအစားလဲ? သူက နတ်ဆိုးမျိုးနွယ်နဲ့လည်း မတူဘူး၊ ခွင်းလွင်နယ်မြေရဲ့ ဒီနှစ်မှပေါ်ပေါက်လာတဲ့ မျိုးစိတ်အသစ်ဖြစ်နိုင်သလား?” လီဝူကျယ်က သူ့နားရောက်လာကာ အလျင်အမြန် မေးလိုက်သည်။
မင်းကြီးတော်ကို မျိုးစိတ်အသစ်!
ယဲ့ကျွင်းလင် စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ “ဒါကို ထာဝရသွေးမျိုးနွယ်လို့ခေါ်တယ်၊ သူက ကမ္ဘာပြင်ပက လာတာ”
“ထာဝရသွေးမျိုးနွယ်?!”
လီဝူကျယ်သည် အကြီးအကျယ်တုန်လှုပ်သွားပြီး ဒေါသတကြီးပြောလာ၏။ “ကျွန်တော်နားလည်ပြီ! အရင်က မရဏမျိုးနွယ်လိုပဲ ကျွန်တော်တို့ကမ္ဘာကို ကျူးကျော်ဖို့အတွက် ဒီကိုရောက်လာတာ!”
ယဲ့ကျွင်းလင်က သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ “နှစ်ခုကြားမှာ ကွာခြားမှုရှိသေးတယ်။ မရဏမျိုးနွယ်ရဲ့ ဘိုးဘေးတွေဟာ မရဏချောက်နက်ရဲ့ တည်ထောင်သူတွေဖြစ်လို့ ဒီနာမည်တွင်သွားတာ၊ ထာဝရသွေးမျိုးနွယ်ကတော့ အစဥ်အဆက်တည်ရှိလာတဲ့ သန့်စင်တဲ့ ဂြိုလ်သားမျိုးစိတ် တစ်ခုပဲ”
“အရင်က မရဏမျိုးနွယ်နဲ့ နှိုင်းယှဉ်ရင် ဒီ ထာဝရသွေးမျိုးနွယ်က တကယ်ကို ရွံစရာကောင်းတယ်! သတ်ရတာ သိပ်ခက်တယ်နော်!” လီဝူကျယ်ကပြောသည်။
“မှန်တယ်” ဟုန်ချန်ယဲ့လည်း စိတ်ရင်းမှန်ဖြင့် သဘောတူမိသည်။ ထာဝရသွေးမျိုးနွယ်၏ ကြောက်မက်ဖွယ်သဘာဝကို ခုမှတွေ့ကြုံခဲ့ရပြီး တော်တော်ကြာသည်အထိ မေ့ပျောက်နိုင်တော့မည်မဟုတ်။
သူတို့ကို စိတ်အထင့်စေဆုံးအချက်မှာ ပြိုင်ဘက်သည် ရန်စဖို့ရာသက်သက်ကို ဤအချိန်အခါအား အထူးရွေးချယ်ခြင်းဖြစ်သည်။ ထိုအချက်ဖြင့် ဆက်စပ်စဥ်းစားကြည့်လျှင် ဖုန်ချင်းယန်တို့အဖွဲ့ ဒီကိုလာမှာလည်း ကြိုသိပြီးသားဖြစ်နေနိုင်သည်။ သို့ဆိုလျှင် အလယ်ပိုင်းဒေသမှလာသူသာဖြစ်ရမည်။
ရုတ်တရက် ယဲ့ကျွင်းလင်သည် တစ်ခုခုကို စဉ်းစားမိသွားသည်။ ထို့နောက် သူ၏အကြည့်သည် ဟုန်ချန်ယဲ့အပေါ် စူးစိုက်သွားပြီး အလေးအနက်ဆူပူလိုက်၏။ “ရှောင်ဟုန်၊ မင်းကိုငါ ဒီနေ့အရမ်းစိတ်ပျက်မိတယ်!”
ဟုန်ချန်ယဲ့၏နှလုံးသားသည် တုန်လှုပ်သွားပြီး ခေါင်းကိုအလျင်အမြန် ငုံ့ကာ အပြစ်ဝန်ခံလိုက်သည်။ “ဒီတပည့်ရဲ့ အသုံးမကျမှုပါ; ကျွန်တော် ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့ပြီး နောက်ဆုံးတော့ ဆရာသခင်ကိုယ်တိုင် ဝင်ပါရအောင်အထိ လုပ်ခဲ့မိပါတယ်"
သူသည် ထိုမိစ္ဆာကို မသတ်ခဲ့နိုင်သောကြောင့် ဆရာသခင်ထံမှ အပြစ်တင်ဆူပူခံရသည်ဟုသာ ထင်လိုက်သည်။ ကျင့်ကြံဆင့် ကွာခြားချက်မှာ အလွန်ကြီးမားသော်လည်း ထိုအရာကို ဆင်ခြေပေးစရာဟု သူမသတ်မှတ်ပေ။ မနိုင်ခဲ့သည်မှာ အရှုံးသာဖြစ်၏။
မမျှော်လင့်ဘဲ ယဲ့ကျွင်းလင်က ခေါင်းခါလိုက်သည်။ “ငါဆိုလိုတာက မင်းနေ့လယ်က ခေါက်ဆွဲပန်းကန်ကို မစားရသေးတာကို ပြောတာ။ မင်းအမှီပြန်လာပြီး အပြီးသတ်စားမယ်လို့ ငါ့ကိုကတိပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ခေါက်ဆွဲတွေက အကုန်လုံး စေးကပ်နေပြီ! မင်းသိထားရမှာက ငါအမုန်းဆုံးလူတွေက အစားအသောက်တွေကို ဖြုန်းတီးတဲ့သူတွေပဲ!”
ဟုန်ချန်ယဲ့သည် ကြားလိုက်ရသောစကားကြောင့် အံ့အားသင့်သွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ သူ၏ခေါက်ဆွဲပန်းကန်တစ်ခုတည်းသာ မကုန်သေးဘဲကျန်နေကြောင်း တွေ့လိုက်ရ၏။
“ဆရာသခင်၊ စိတ်မဆိုးပါနဲ့တော့၊ ဒီတပည့်က အခုချက်ချင်းပဲ အပြီးသတ်စားပါ့မယ်!” ဟုန်ချန်ယဲ့သည် စောဒကတက်ရဲခြင်းမရှိဘဲ နာနာခံခံဖြင့် ခေါက်ဆွဲသွားစားလေသည်။
“ကောင်းပြီ၊ ဒီလိုမှပေါ့” ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းညိတ်သည်။
သူ့ဘေးတွင်ရှိသော လီဝူကျယ်၏မျက်နှာမှာတော့ တစ်စုံတစ်ခုကို နားမလည်နိုင်သကဲ့သို့။ ဆရာသခင် ၏ အာရုံစိုက်မှုက အမြဲတမ်း အများနှင့်မတူ တမူထူးခြားတတ်သည်။ သို့သော် ဆရာသခင်နှင့် အတူနေလာတာလည်း ကြာပြီဖြစ်၍ ထိုသို့သော ထူးထူးဆန်းဆန်းတွေးခေါ်ပုံများကို အကျင့်ရနေပါပြီလေ။
ရုတ်တရတ်ကြီး ပုံမှန်လူတွေလို အလေးအနက်ထားလာပါမှ ပို၍အံ့သြရမည်သာ။