← Chapters

အခန်း (၄၂၈)

Vol. 31 Ch. 428

အခန်း (၄၂၈)

Vol. 31 Ch. 428

ညင်သာသောလေပြေတစ်ခု တိုက်ခတ်လာသည်။ ယဲ့ကျွင်းလင်သည် သူ၏လက်များကို နောက်ကျော ဘက်သို့ပို့ထားရင်း မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေသည်။ ရှင်းပြမရနိုင်သော ပျင်းရိမှုတစ်မျိုးကို သူခံစားနေရ၏။

အထီးကျန်မှုလား?

မဟုတ်ဘူး!

သူ့ကိုအဖော်ပြုနေတဲ့ တပည့်လေးတွေ အများကြီးရှိနေတာပဲလေ။

ကျင့်ကြံဆင့် ထပ်မတက်နိုင်မှာကို စိုးရိမ်တာလား?

ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူး!

သူ့မှာ အဲဒီလိုစိုးရိမ်မှုမျိုးမရှိသင့်ဘူး။ သူ့ရဲ့ ကျင့်ကြံဆင့်ဟာ အားထုတ်ကျင့်ကြံစရာ ဘယ်တုန်းကမှ မလိုခဲ့တာပဲလေ။ ကြွေအိုးကို မတော်တဆထိမိလို့ ခွမ်းခနဲကျကွဲသွားသလို သူ့ကျင့်ကြံဆင့်တွေဆိုတာလည်း အင်အားကြီးပြိုင်ဘက်ကို ရန်သွားစလိုက်ရုံနဲ့ ဟုတ်ခနဲထိုးတက်နိုင်တာပဲ မဟုတ်လား။

"ငါတစ်ချိန်လုံး လှဲလျောင်းစားသောက်နေလို့များ ပျင်းရိလာတာလား"

ယဲ့ကျွင်းလင် တောင်တောင်အီအီ တွေးနေမိသည်။

သူသည် ဤကျင့်ကြံမှုကမ္ဘာသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ ‘ငါ့ကိုလာမထိရင် ငါကလည်းသွားမထိဘူး’ ဆိုသည့် မူကို မပြတ်ထိန်းသိမ်းထားခဲ့သည်။ နေ့တိုင်းစားသောက် အိပ်စက် လည်ပတ်ရင်း၊ တ်နေ့တာကို ပုံမှန်အချိန်ဇယားအတိုင်း စိတ်ရောကိုယ်ပါ ပျော်ရွှင်အောင်နေထိုင်ခဲ့သည်။

တစ်ခါတစ်ရံ ပြဿနာကြုံတွေ့ရသောအခါတွင်လည်း အလွယ်တကူဖြေရှင်းနိုင်ခဲ့သည်သာ။ သတိမထားမိလိုက်ချိန်မှာပင် သူ၏ကျော်ကြားမှုသည် အတော်ဝေးဝေးအထိပျံ့နှံ့သွားပြီး အရှေ့ပိုင်းဒေသတွင် အသန်မာဆုံးကျင့်ကြံသူ ဟူသော ဂုဏ်ပုဒ်အား ရရှိခဲ့သည်။ နေရာဒေသတိုင်းမှ ကျင့်ကြံသူများက သူ့ကို အထင်ကြီးလေးစားစိတ်ဖြင့် ကိုးကွယ်ကြပြီး တာအိုပြည်နယ် ဆယ့်လေးခုတစ်လျှောက်တွင် ယဲ့ကျွင်းလင်၏နာမည်တစ်ခုကိုသာ ယုံကြည်ကိုးစားသော နောက်လိုက်များရှိသည်။ သူပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့စကားတိုင်းကိုပင် ဂန္တဝင် ကိုးကားချက်များအဖြစ် အထွတ်အမြတ်ထားကြလေ့ရှိ၏။

ယုတ္တိရှိရှိပြောရရင် သူ့မှာ ဒီလိုစိတ်ဖိစီးလေးလံနေစရာ အကြောင်းရင်းတစ်ခုပင်မရှိပေ။ သူ၏ အရင်ဘဝက စိတ်ဖိစီးမှုများပြားလှသည့် ရုန်းကန်လှုပ်ရှားဘဝနေထိုင်နည်းနှင့်စာလျှင် လက်ရှိဘဝကို အတော်လေးသက်တောင့်သက်သာ ဖြတ်သန်းနေရသည်မဟုတ်လော။

ဒါပေမဲ့ အခုတော့ ယဲ့ကျွင်းလင်စိတ်ထဲကို ဒီတိုင်းဆက်ပြီးမနေနိုင်တော့ ဟူသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

ဘာလို့လဲဆိုတော့ သူသာ ဒီလိုဆက်နေနေမယ်ဆိုရင် ပျော်လွန်းလို့ သေသွားနိုင်တယ်လေ!

“တင်၊ ပိုင်ရှင်၊ အလယ်ပိုင်းဒေသက ထိုက်ချူသူတော်စင်မြေကို တာဝန်ထမ်းဆောင်ဖို့နေရာအသစ် အဖြစ် ဖွင့်လှစ်လိုက်ပါပြီရှင်။ တာဝန်နေရာဆီအရောက်သွားပြီးတာနဲ့ နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးကို ဆုချပါလိမ့်မယ်!”

သူ၏စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင် သက်ပြင်းချရင်း ပြုံးလိုက်သည်။ “စနစ်၊ မင်းတောင် ငါ့ကို အပျင်းပြေနေရာပြောင်းပေးဖို့ စဥ်းစားတတ်နေပြီလား?"

“တင်၊ ဂုဏ်သရေရှိပိုင်ရှင်အတွက် တစ်နေရာတည်းမှာလှဲလျောင်းနေရတာ ရိုးအီလာမှာစိုးလို့ နေရာပြောင်းလှဲလျောင်းစေတဲ့ သဘောပါပဲ! ရလဒ်က အရေးမကြီးပါဘူး၊ အရေးကြီးတာက လမ်းတစ်လျှောက်မှာရှိတဲ့ ရှုခင်းတွေကို ခံစားသက်ဝင်ဖို့ပဲ!” စနစ်က စိတ်ရင်းမှန်ဖြင့်ပြောလာသည်။

“မင်းက ငါ့စိတ်ကို တကယ်နားလည်တာပဲ၊ စနစ်” ယဲ့ကျွင်းလင် ကျေနပ်သွားသည်။

“တင်၊ ကျွန်မက စနစ်ပဲလေ! ပိုင်ရှင့်ကို ကျွန်မထက်ပိုပြီး ဘယ်သူမှ နားမလည်နိုင်ဘူး!” နူးညံ့ချိုသာသော မိန်းကလေးသံနွဲ့နွဲ့လေးတွင် မာနအရိပ်အယောင်တစ်ခုပင် ပါဝင်နေသည်။

ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါလေသံဖြင့် ဆက်ပြောသည်။ “မင်းက ငါ့ကို ဒီလောက်နားလည်တယ်ဆိုရင် ငါနောက်ထပ်ပြောမယ့်စကားကို မင်းသိသင့်တယ်”

“တင်၊ စနစ် ရဲ့ ရှာဖွေတွေ့ရှိချက်အရ ပိုင်ရှင်မှာ လောလောဆယ် အလွန်ဆန္ဒရှိတဲ့ တောင်းဆိုမှုတစ်ခုရှိနေတယ်။ ပြောချင်တာ ပြောချလိုက်ပါ၊ ဒီ စနစ်က အဲဒါကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်ရှင်!”

“စနစ်၊ မင်းဘက်က ဒီလိုပြောလာပြီဆိုတော့ ငါလည်း ကွေ့ပတ်မနေတော့ပါဘူး"

ယဲ့ကျွင်းလင်က မျှော်လင့်တကြီး ပြောလိုက်သည်။

“ငါ့ကို ဖေဖေလို့ခေါ်စမ်း မြန်မြန်”

စနစ် - “…”

“ဟမ်? ဘာလို့ပြန်ပြီး တိတ်ဆိတ်သွားတာလဲ?” ဆယ်စက္ကန့်ကျော်ကြာပြီးနောက် ယဲ့ကျွင်းလင်က မျက်ခုံးပင့်လိုက်သည်။

ပစားပေးလျှင် ကမ်းတက်ချင်သည်ဟု စကားပုံရှိသကဲ့သို့ပင်။ ပိုင်ရှင်၏ကမ်းတက်ခြင်းမှရှောင်ရှားရန် စနစ်သည် တိတ်ဆိတ်နေဖို့ကိုသာ ပညာရှိစွာရွေးချယ်လိုက်သည်။

မကြားတော့ဘူး မကြားတော့ဘူး စနစ်ဘုရားရှိခိုးချိန်ရောက်ပြီ။

စနစ်က သူ့အား ပေါ်တင်လျစ်လျူရှုလိုက်သောကြောင့် ယဲ့ကျွင်းလင်လည်း နည်းနည်းရှက်သွားသည်။

“နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေး၊ ဟုတ်လား၊ တော်တော်တော့ ရက်ရောတာပဲ” နေရာအမှတ်အသားပြု ဆုလာဘ်ကို စဉ်းစားလိုက်သောအခါ ယဲ့ကျွင်းလင် မေးစေ့ကိုပွတ်ကာ လေတစ်ချက်ချွန်လိုက်သည်။

သတ္တမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးဆိုသည်မှာ မသေမျိုးဧကရာဇ်တစ်ဦးသာ ပိုင်ဆိုင်နိုင်လေ့ရှိ‌သော စွမ်းရည်တစ်ခုပြီး ထိုထက်ပိုမြင့်သောအဆင့်ဟူ၍ မရှိတော့သည်ပင်။

နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးသည် အသန်မာဆုံးသော မသေမျိုးစွမ်းအင် အရည်အသွေး ဖြစ်၏။ မသေမျိုးစွမ်းအင် အရည်အသွေး အဆင့်မြင့်လေလေ၊ ကျင့်ကြံသူ၏ခွန်အား ပိုမိုအားကောင်းလေလေဖြစ်သည်။ အဆင့်တစ်ခုစီကြားရှိ ကွာဟချက်သည်ပင် ကောင်းကင်နှင့်မြေကြီးဟု နှိုင်းဆရမည့်အနေအထားပင်။

ဥပမာအားဖြင့် ဟုန်ချန်ယဲ့သည် သတ္တမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးအစား အသန်မာဆုံး နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးကို ပိုင်ဆိုင်ထားပါက သူထုတ်လွှတ်သော ကြာနီမီးလျှံ သည် ထို ထာဝရသွေးမျိုးနွယ်ကို သေချာပေါက် တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်လိမ့်မည်!

ချွင်းချက်မရှိ ဖျက်ဆီးနိုင်လိမ့်မည်!

အစောပိုင်း ဉာဏ်အလင်းမသေမျိုး တစ်ဦးပင်လျှင် နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးကို ပိုင်ဆိုင်ပါက မသေမျိုးဘုရင်တစ်ဦး၏ မာနကြီးသောဦးခေါင်းကိုပင် ချိုးနှိမ်ညွှတ်ကိုင်းစေပေမည်။

ဒါဟာ နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးကပေးအပ်တဲ့ အဆင့်အတန်းပဲ!

၎င်းသည် တူညီသော ကျင့်ကြံဆင့်အတွင်းတွင် မယှဉ်နိုင်သောအင်အားကို ပေးစွမ်းနိုင်ရုံမက အနာဂတ်တွင် မသေမျိုးဧကရာဇ် ဖြစ်လာပြီးနောက် ထိပ်ဆုံးအဆင့် တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝရရှိစေမည့် အ‌ထောက်အကူကောင်းတစ်ခုဖြစ်၏။

ဒီလို သွေးဆောင်မှုမျိုးကို အပြင်ကမ္ဘာကသိလိုက်ရင် စစ်ပွဲကြီးတစ်ခု ချက်ချင်းထဖြစ်ပွားလိမ့်မပေါ့။

ယခုတော့ ထိုသို့ ဒဏ္ဍာရီလာ နဝမအဆင့် မသေမျိုးစွမ်းအင် အရည်အသွေးကို ရရှိရန်အတွက် ယဲ့ကျွင်းလင်သည် အလယ်ပိုင်းဒေသရှိ ထိုက်ချူသူတော်စင်မြေသို့ သွားရောက်ရန်သာ လိုအပ်လေသည်။

All Chapters