နှလုံးသားချင်းရင်းနှီးတဲ့ ဆက်ဆံရေး
Vol. 31 Ch. 429
“မေးရဦးမယ်၊ ထိုက်ချူသူတော်စင်မြေက ဘာလဲ?”
ယဲ့ကျွင်းလင် ရုတ်တရတ် အတွေးပေါက်မိသွားသောကြောင့်ပင်။ သူ့ဘေးတွင် အလယ်ပိုင်းဒေသ မှ မဟာနတ်ဆိုးခေါင်းဆောင်ကြီးတစ်ယောက်လုံး ရှိနေတာမဟုတ်လား? ဒီလိုမေးခွန်းမျိုးမေးဖို့အတွက် အသင့်တော်ဆုံးပဲ!
“ရှောင်ဟုန်၊ မင်း ထိုက်ချူသူတော်စင်မြေကလူတွေနဲ့ ရင်းနှီးလား? မင့်ဆရာသခင်က အဲဒီကို အလည်အပတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ၊ အလယ်ပိုင်းဒေသရဲ့ လှပတဲ့ရှုခင်းတွေကို ခံစားလို့ရတာပေါ့”
“ဟင်?!”
ဟုန်ချန်ယဲ့သည် ပါးစပ်ထဲမှ ခေါက်ဆွဲများကို ထွေးထုတ်မိမတတ်ဖြစ်သွားသည်။ အတော်လေးခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် သူအံ့ဩစွာပြန်မေးလိုက်သည်။ “ဆရာသခင်က ထိုက်ချူသူတော်စင်မြေကို အလည်သွားမလို့?”
သူအံ့ဩသွားသော်လည်း အတွင်းစိတ်ထဲမှာတော့ အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် ရွှယ်ထျန်းဂိုဏ်းမှ ထွက်ခွာပြီး အလယ်ပိုင်းဒေသသို့ ခရီးသွားရန် အချိန်အတော်ကြာကတည်းက အကြံပြုလိုခဲ့သော်လည်း အချိန်မကျသေးဟု အမြဲခံစားခဲ့ရသောကြောင့် တွန့်ဆုတ်နေခဲ့သည်ပင်။ ထို့ပြင် ယနေ့ဖြစ်ရပ်များအရ အလယ်ပိုင်းဒေသသည် သူယခင်က ရင်းနှီးခဲ့သော အခြေအနေနှင့်မတူတော့ဘဲ မသေချာမရေရာသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အလယ်ပိုင်းဒေသသို့သွားရောက်ပြီး အခြေအနေကို တိတ်တိတ်လေးစောင့်ကြည့်တာ အကောင်းဆုံးအကြံပင်။
သို့သော် ယခု ဆရာသခင်ကိုယ်တိုင် အလယ်ပိုင်းဒေသသို့ သွားရောက်ရန် အကြံပြုလိုက်သောအခါ ဟုန်ချန်ယဲ့သည် ယုံကြည်မှုအပြည့်နှင့် လုံခြုံမှုအပြည့် ခရီးဆက်ရတော့မည်ဟု ချက်ချင်းခံစားလိုက်ရသည်။
ဒီလိုလူတစ်ယောက်ရှိနေရင် သူဘာကို ကြောက်ရမလဲ? အခွင့်အရေးကတော့ အိမ်တံခါးဝထိ ရောက်လာပြီ!
“ဆရာသခင်ကို ပြန်လည်ဖြေကြားပါတယ်၊ အလယ်ပိုင်းဒေသမှာ မဟာသူတော်စင်နယ်မြေ လေးခုရှိပါတယ်။ ရွှယ်ထျန်းသူတော်စင်မြေက အကြီးဆုံးဖြစ်ပြီး ထိုက်ချူသူတော်စင်မြေက ဒုတိယအဆင့်မှာရှိပါတယ်”
“ကျွန်တော်သူတို့နဲ့ ရင်းနှီးလားဆိုတော့ ဒီလိုပဲပြောပါရစေ- ကျွန်တော် ထိုက်ချူသူတော်စင်သခင်ရဲ့ နှလုံးနဲ့ အဆုတ်တွေကို ဆွဲထုတ်ပစ်ချင်တဲ့အထိ ရင်းနှီးပါတယ်!”
“နှလုံးနဲ့ အဆုတ်တွေကို ဆွဲထုတ်ပစ်ချင်တယ်” ဟူသောစကားစုကို ဟုန်ချန်ယဲ့တမင်ဖိပြောလိုက်သည်။ စကားပြောနေစဉ် အံတင်းတင်းကြိတ်ထားပြီး သူ၏မျက်လုံးများတွင် အေးစိမ့်ခဲသက်သည့် အရိပ်အယောင်တစ်ခု မသိမသာ လင်းလက်သွားသည်။
သူသည် ထို ဖြောင့်မတ်ကောင်းမွန်ပြီး သနားကြင်နာပုံရသည့် အရှင်သခင်အဖိုးကြီးက သူ့ကို ထိုအချိန်က ယုတ်မာကောက်ကျစ်သော အပြုံးကို ထုတ်ဖော်ပြသခဲ့ပြီး အလွန်အမင်း ရက်စက်သောတောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပုံကို ယနေ့အထိ မှတ်မိနေသည်။
သူ့ဘက်မှ တောင်းဆိုချက်ကိုငြင်းဆန်လိုက်သောအခါ ထိုလူသည် နာကျည်းမှုများဖြင့် တေးမှတ်ထားခဲ့ကာ အလယ်ပိုင်းဒေသ မသေမျိုးစစ်ပွဲ၌ မသေမျိုးလက်နက်ကိုင်ဆောင်၍ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့ပြီး သူ့အား သေလုနီးပါး ထိခိုက်ဒဏ်ရာရစေခဲ့၏။
ဟုန်ချန်ယဲ့သည် ထိုရန်ငြိုးကို ယခုတိုင် မှတ်မိနေသည်။
ဟုန်ချန်ယဲ့၏ အမြင်တွင် ထိုက်ချူသူတော်စင်အရှင်သခင်သည် လျှို့ဝှက်ဖုံးကွယ်ရာတွင် အလွန်ပိရိသေသပ်သော စိတ်ဖောက်ပြန်သူ အဖိုးကြီးတစ်ဦးသာဖြစ်သည်။
ရယ်စရာကောင်းသည်မှာ ထိုသူသည် အလယ်ပိုင်းဒေသတွင် အလွန် လူရိုသေရှင်ရိုသေခံရပြီး ကျင့်ကြံသူ သန်းပေါင်းများစွာ၏ လေးစားမှုကို လက်ခံရရှိထားသည်ပင်။
ဟုန်ချန်ယဲ့သည် ထိုစစ်ပွဲတွင် ထိုလူကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခဲ့ပြီးနောက် အလယ်ပိုင်းဒေသ တွင် သူ၏ဂုဏ်သိက္ခာသည် ပို၍ပင်မြင့်မားလာဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့မိ၏။
အပြင်လူများ၏ အမြင်အရ ထိုသူသည် မဟာသူတော်စင်မြေလေးခုထဲမှ သူတော်စင်အရှင်သခင်တစ်ပါးဖြစ်ပြီး သွေးနီနတ်ဆိုးကိုလည်း အသက်စွန့်ကာ ကိုယ်တိုင်နှိမ်နင်းခဲ့သည်။ သူတော်ကောင်းလမ်းစဥ်၏ အရုဏ်ဦးအလင်းတန်းဟု တင်စားခေါ်ဆိုဖို့ အသင့်တော်ဆုံးသူပင်။
သူတို့မသိသည်မှာ ၎င်း၏နောက်ကွယ်တွင် လျှို့ဝှက်အကြောင်းရင်းတစ်ခုရှိနေသည်- သူသည် အကြံအစည်မထမြောက်သည့်အပြင် ဟုန်ချန်ယဲ့ထံမှ စကားဖြင့် ဆဲဆိုစော်ကားခံရသောကြောင့် ဒေါသထွက်ကာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
ယခု ယဲ့ကျွင်းလင်ကိုယ်တိုင် ထိုက်ချူသူတော်စင်မြေသို့ သွားရန် အကြံပြုလိုက်သောအခါ ဟုန်ချန်ယဲ့ သည် ဤတောင်းဆိုချက်ကို အဆက်အစပ်မရှိ ထူးဆန်းသည်ဟု ယူဆမိသော်လည်း မိမိအတွက် သင့်လျော်နေသောကြောင့် မေးခွန်းထပ်ထုတ်ခြင်းမပြုတော့။
မည်သို့ပင်ဆိုစေ ထိုသူသည် တစ်ချိန်က အသန်မာဆုံး မသေမျိုးဧကရာဇ် ဖြစ်ခဲ့သည်။ ထိုသို့သော တည်ရှိမှုတစ်ခုအတွက် ဖြေရှင်းဖော်ထုတ်ရမည့် လျှို့ဝှက်ချက်များကို တွတ်ဆခန့်မှန်းနိုင်သည်မှာ ပုံမှန်သာမဟုတ်လော။
တစ်ခါတစ်ရံတွင် အပြင်ပန်းအားဖြင့် ပုံမှန်မဟုတ်သော လုပ်ရပ်များသည် ပိုမိုနက်ရှိုင်းသောအဓိပ္ပာယ်များပါရှိသည်။ ယခုအကြိမ်တွင် သူနှင့် ထိုက်ချူသူတော်စင်သခင်ကြားရှိ ရန်ငြိုးကို တွက်ချက်ခန့်မှန်းမိသဖြင့် သူ့ကိုကူညီရန်သက်သက် အကြောင်းပြချက်ရှာလိုခြင်းဖြစ်နိုင်သည်။
ဤဖြစ်နိုင်ချေကိုတွေးမိသောအခါ ဟုန်ချန်ယဲ့နှလုံးသားလေး ထိရှသွားတော့၏။
“နှလုံးနဲ့ အဆုတ်တွေကို ဆွဲထုတ်ပစ်ချင်တယ်?”
“ဒါဆို မင်းသူနဲ့အရမ်းရင်းနှီးတယ်ဆိုတဲ့သဘောပေါ့!”
ယဲ့ကျွင်းလင်က ပုံမှန်လေသံဖြင့် ကောက်ချက်ချလာသည်။
သူသည် သူစိမ်းတစ်ဦး၏နယ်မြေသို့ အလည်အပတ်သွားမည်ဆိုလျှင် ကြားမှ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးကို လမ်းပြပေးရန် အသုံးချခြင်းက အကောင်းဆုံးဖြစ်မည်ဟု ရိုးရိုးရှင်းရှင်းတွေးခဲ့သည်ပင်။ ထိုသို့ဆိုလျှင် အနေရခက်စရာမရှိတော့ဘဲ ထမင်းပင်ဝင်စားနိုင်လောက်သေးသည်။
ထို့ကြောင့် ဟုန်ချန်ယဲ့၏စကားအား ထိုက်ချူသူတော်စင်အရှင်သခင်နှင့် ဆက်ဆံရေးကောင်းရှိသည်ဟုသာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့လိုက်၏။
ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ၊ ငါ့တပည့်ကြီးက အလယ်ပိုင်းဒေသမှာ အဆက်အသွယ်ကောင်းတွေဘာတွေ ရှိနေတာပါလား?
ငါနားလည်ပြီ။
ထိုအချိန်က ဟုန်ချန်ယဲ့တစ်ယောက် အလယ်ပိုင်းဒေသမှ လွတ်မြောက်နိုင်ခဲ့သည့်အကြောင်းရင်းမှာလည်း ထိုက်ချူသူတော်စင်အရှင်သခင်၏ လျှို့ဝှက်ကူညီမှုကြောင့်ဖြစ်နိုင်သည်။
ယဲ့ကျွင်းလင်သည် ကြာမြင့်စွာကွဲကွာခဲ့ရသော မိတ်ဆွေရင်းများပြန်လည်ဆုံဆည်းသောအခါ မည်သို့သောမြင်ကွင်းမျိုးဖြစ်လိမ့်မည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေမိသည်။
အလယ်ပိုင်းဒေသ
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသမှာတော့ ပွက်လောရိုက်နေလေပြီ။
မဟာတာအိုဂိုဏ်း ခုနစ်ခုမှ စုစည်းထားသော မသေမျိုး မဟာမိတ်တပ်ဖွဲ့သည် ၎င်းတို့၏ အသက်ဝိညာဉ်ပြားများ အားလုံး မကြာသေးမီကမှ တစ်ပြိုင်နက်တည်း ကွဲကြေသွားသောကြောင့်ဖြစ်၏။ သောင်းနှင့်ချီသော မသေမျိုးတပ်ဖွဲ့ကြီးတစ်ခုလုံး သေဆုံးသွားသည်ဟူသော အဓိပ္ပာယ်ပင်။ တစ်ယောက်မျှ မကျန်တော့!
ဝူကျီတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖုန့်ချင်းယန်နှင့် အခြားတာအိုဂိုဏ်းခြောက်ခုမှ ဂိုဏ်းချုပ်များ အားလုံးသည် အရှေ့ပိုင်းဒေသတွင် သေဆုံးခဲ့ကြရလေသည်။
အလယ်ပိုင်းဒေသ၏ ကျင့်ကြံမှုကမ္ဘာအတွက် ၎င်းအဖြစ်အပျက်သည် မကြုံစဖူးသော ငလျင်ကြီးတစ်ခုနှယ်ဖြစ်၏။
ဤမသေမျိုး မဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုသည် ယှဥ်နိုင်စရာမရှိလောက်အောင် ပြင်းထန်သည်ပင်။ ဖုန့်ချင်းယန် ဦးဆောင်သော ဂိုဏ်းချုပ်ခုနစ်ဦးအဖွဲ့ပင်လျှင် သွေးနီနတ်ဆိုးကို အပြီးတိုင်နှိမ်နင်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ထွက်ခွာသွားခဲ့သည်မဟုတ်လော။
ရလဒ်ကတော့...
သူတို့အားလုံး အရှေ့ပိုင်းဒေသတွင် အစအနမကျန်စွာ သေဆုံးခဲ့သည်။
ထို့ပြင် ၎င်းသည် သွေးနီနတ်ဆိုးနှိမ်နင်းသုတ်သင်ရေးအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရားခံမည်သူဖြစ်မည်ကို ခန့်မှန်းနေစရာပင် မလိုတော့။
မှန်သည်။
မသေမျိုးအရေအတွက် သုံးသောင်းအထိ ပါရှိသော မဟာမိတ်တပ်ဖွဲ့ကို ရင်ဆိုင်ချေမှုန်းခဲ့သည့် သွေးနီနတ်ဆိုးဟုန်ချန်ယဲ့၏ ပြင်းထန်သောစွမ်းအားသည် ယှဥ်နိုင်စရာမရှိတော့ပေ။
မဟာတာအိုဂိုဏ်းခုနစ်ခုမှ ဂိုဏ်းချုပ်များသည်လည်း သူရဲကောင်းဆန်စွာ အသက်စွန့်ခဲ့ကြရ၏။
အသံလွှင့်သလင်းကျောက်မှ ဤ ပေါက်ကွဲဖွယ်သတင်းကို ထုတ်လွှင့်သောအခါ အလယ်ပိုင်းဒေသ ရှိ ပြည်နယ်တစ်ရာ့ရှစ်ခုလုံးသည် ဝရုန်းသုန်းကားဖြစ်ကျန်ခဲ့ရသည်။ သန်းပေါင်းများစွာသော လူများသည် နေစရာမရှိအောင် ကြောက်လန့်တုန်လှုပ်နေကြပြီး ဤသတင်းကိုလည်း ယခုထိတိုင် မယုံကြည်နိုင်ကြသေး။
ဒါနောက်စရာမဟုတ်ဘူးလေ။
အလယ်ပိုင်းဒေသတစ်ခုလုံး ပူးပေါင်းနှင်ထုတ်လို့ နယ်စွန်နယ်ဖျားထိထွက်ပြေးခဲ့ရတဲ့ သွေးနီနတ်ဆိုးဟုန်ချန်ယဲ့ ဒီလောက်တောင် အင်အားကြီးမားလာတာလား?
ဤစစ်ပွဲသည် အလယ်ပိုင်းဒေသ ကျင့်ကြံမှုကမ္ဘာ၏ သမိုင်းကြောင်းတွင် မှတ်တမ်းတင်ရန် လုံလောက်လေပြီ။ ၎င်းကို သူတော်ကောင်းလမ်းစဉ် ဂိုဏ်းများ၏ အမှောင်မိုက်ဆုံးအချိန်ဟု ခေါင်းစဥ်တပ်ခေါ်ဆိုရမည်။
“သွေးနီနတ်ဆိုး ရှိနေတာကြောင့် အရှေ့ပိုင်းဒေသဟာ တားမြစ်နယ်မြေတစ်ခုဖြစ်နေပြီ! အဲ့ဒီကိုသွားရဲတဲ့သူက သတ်ကွင်းထဲဝင်တာနဲ့ အတူတူပဲ"
“ကျွန်တော်ကျိန်ဆိုပါတယ်၊ ဒီဘဝမှာ အရှေ့ပိုင်းဒေသကို ဘယ်တော့မှ ခြေမချတော့ပါဘူး!”
“မင်းတို့အပိုစကားတွေ တော်လိုက်တော့။ သွေးနီနတ်ဆိုးက မကျေနပ်ချက်ကို ဒီအတိုင်းမထားနိုင်ဘဲ အလယ်ပိုင်းဒေသတစ်ခုလုံးကို ပိုက်စိပ်တိုက် လာရောက်ဖျက်ဆီးနိုင်တယ်။ အဲ့လိုဖြစ်မလာဖို့သာ ဆုတောင်းနေလိုက်ကြ"
“အဲဒါက ဖြစ်နိုင်ချေရှိတယ်။ ဘာပဲဖြစ်ဖြစ် မဟာတာအိုဂိုဏ်းခုနစ်ခုရဲ့ လုပ်ရပ်တွေက သူ့ကို ဒေါသထွက်စေပြီးသားပဲ။ အနာဂတ်မှာ သူ့အင်အားအလုံးစုံ ပြန်လည်ကောင်းမွန်လာတဲ့အခါ အလယ်ပိုင်းဒေသကို စာရင်းရှင်းဖို့ သေချာပေါက်လာလိမ့်မယ်!”
“ချီးတဲ့မှ! ဘာမဟာတာအိုဂိုဏ်း ခုနစ်ခုလဲ? အကုန် ငတုံးငအတွေ၊ သူတို့ဘာလို့ သွေးနီနတ်ဆိုးကို အကြောင်းမဲ့ သွားရန်စတာလဲ? သူ့ဘာသာ အရှေ့ပိုင်းဒေသမှာ ကောင်းကောင်းနေနေတာကို၊ သူတို့ကအရင် အော်ကြီးဟစ်ကျယ် ရန်သွားစခဲ့တာလေ၊ အခုတော့ ငါတို့အားလုံးပါ ဒုက္ခရောက်တော့မယ်!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ မဟာတာအိုဂိုဏ်းခုနစ်ခုက ဒီကိစ္စအတွက် လုံးဝတာဝန်ရှိတယ်!”