← Chapters

အခန်း (၄၃၀)

Vol. 31 Ch. 430

အခန်း (၄၃၀)

Vol. 31 Ch. 430

ထိုဖြစ်ရပ်ပြီးနောက် သူတော်ကောင်းလမ်းစဉ် ကျင့်ကြံသူများသည် သွေးနီနတ်ဆိုးကို အလွန်ကြောက်ရွံ့လာကြပြီး သေဆုံးသွားသော ဖုန့်ချင်းယန်နှင့် အခြားသူများကိုပင် မကျေမနပ်ဖြစ်ကုန်ကြသည်။

နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများကတော့ ထိုသတင်းကိုကြားတဲ့အခါ မျက်ရည်ကျလောက်အောင် စိတ်လှုပ်ရှားနေကြသည် ဟူ၏။

“သွေးနီနတ်ဆိုးဂိုဏ်းချုပ်ဟာ ဒီကမ္ဘာမှာပြိုင်ဘက်ကင်း! သူ့ရဲ့ မသေမျိုး စွမ်းအားဟာ အဆုံးမဲ့ပဲ!”

“မီးလျှံနတ်ဆိုးဂိုဏ်း၊ နှစ်ထောင်ပေါင်းများစွာ တည်မြဲပြီး အလယ်ပိုင်းဒေသတစ်ခုလုံးကို စုစည်းတည်ထောင်နိုင်ပါစေ!”

“ငါ သွေးနီနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ခွေးဖြစ်ချင်တယ်! ဝုတ် ဝုတ် ဝုတ်!”

“နတ်ဆိုးလမ်းစဥ် ထွန်းကားပါစေ! နတ်ဆိုးလမ်းစဥ် ထွန်းကားပါစေ!”

နတ်ဆိုးလမ်းစဥ်မှ ဧရာမခေါင်းဆောင်များနှင့် ထွန်းသစ်စကြယ်ပွင့်များစွာသည် ဤအချိန်တွင် အားအင်အတက်ကြွကြဆုံးပင်။ သူတို့စိတ်ထဲတွင် ဟုန်ချန်ယဲ့သည် နတ်ဆိုးလမ်းစဥ်၏ ထိပ်တန်းခေါင်းဆောင်ဖြစ်ကြောင်း တညီတညာတည်း လက်ခံထားကြပြီးသားဖြစ်၏။

မဟာတာအိုဂိုဏ်းခုနှစ်ခုတွင်တော့ အမှောင်ထုနှင့် အကြောက်တရားတို့ ဖုံးလွှမ်းနေခဲ့လေပြီ။

အမြဲတမ်း နောက်ဆုံးအဆင့်တွင်ရှိခဲ့သော စန်းမင်တာအိုဂိုဏ်းသည် သဘာဝကျစွာပင် ထိပ်ဆုံးသို့မြင့်တက်လာပြီး မဟာတာအိုဂိုဏ်းခုနစ်ခု၏ အရင်းအမြစ်နယ်မြေများကို ကျူးကျော်ဝင်ရောက်ကာ လောဘကြီးသောမြွေကဲ့သို့ တွေ့ကရာမျိုရင်း တဟုန်ထိုးဖွံ့ဖြိုးလာခဲ့သည်။

ယဲ့ဝူရှန်းသည် ခန်းမအတွင်းမှ ပလ္လင်ပေါ်တွင်ထိုင်ရင်း အောင်ပွဲခံအစီရင်ခံစာများကို နားထောင်နေသည်။ ထို့နောက် ပျော်ရွှင်ကျေနပ်သော သက်ပြင်းတစ်ချက်ကို အသာချလိုက်၏။

သူ၏အရင်က သည်းခံခဲ့မှုအားလုံးသည် ဒီနေ့အတွက် အကျိုးသက်ရောက်ခဲ့လေပြီ။

ဟဲဟဲ၊ မင်းတို့ပုံမှန်ဆို ငါ့ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တတ်ကြတယ်မဟုတ်လား။ ငါက ဒီတစ်ခေါက်လေးပဲပြန်လုပ်တာကို အပြစ်မတင်ကြေးနော်!

"စကားပုံတစ်ခုလိုပေါ့။ ကာယအားသုံးပြီး ကြိုးစားအားထုတ်ခြင်းထက် ဉာဏ်သုံးရွေးချယ်ခြင်းက ပိုထိရောက်တယ်ဆိုတာ"

သူသာ ထိုအချိန်က မျက်စိစုံမှိတ်ပါဝင်ခဲ့ပါက သူ၏သင်္ချိုင်းကုန်းပေါ်က မြက်ပင်တွေပင် အခုလောက်ဆို နှစ်မီတာအမြင့်ရှိနေလောက်ပြီ။

မှားယွင်းသောခြေတစ်လှမ်းသည် ချောက်နက်တစ်ခုဆီသို့ ဦးတည်ပြီး အဆုံးသတ်တွင်တော့ မဆုံးသောအမှောင်ထုကသာ ကြိုဆိုနေပေတော့မည်။

နောက်ဆုံးမှာ ရယ်မောကျန်ရစ်သူတွေကသာ တကယ့် အောင်နိုင်သူတွေပဲ!

“ဒီနေ့ကစပြီး မဟာတာအိုဂိုဏ်းရှစ်ခုကို ငါ့ရဲ့ စန်းမင်တာအိုဂိုဏ်းက ဦးဆောင်လိမ့်မယ်၊ ဟားဟားဟားဟား ဟီးဟီးဟီးဟီး!” ယဲ့ဝူရှန်းသည် ခေါင်းကို နောက်သို့မော့လှန်လျက် နတ်ဆိုးဆန်ဆန် ရယ်မောလိုက်သည်။

အကြီးအကဲများ အူကြောင်ကြောင်ဖြင့် အချင်းချင်းလှည့်ကြည့်မိလိုက်ကြသည်။ သို့သော် ယနေ့သည်ကား သူတို့၏အောင်ပွဲခံရမည့် ပျော်ရွှင်စရာနေ့ဖြစ်သောကြောင့် ဂိုဏ်းချုပ် မည်မျှဉာဏ်ပညာရှိပြီး ခွန်အားကြီးမားကြောင်းသာ ဝိုင်းဝန်းမြှောက်ပင့်ကြကုန်တော့၏။

ရွှယ်ထျန်းသူတော်စင်မြေ။

ရွှယ်ထျန်းသူတော်စင်နယ်မြေ အရှင်သခင် ကျန်းထျန်းမင်သည် တုန်လှုပ်နေပုံရသည်။ “သူတို့အားလုံး သေဆုံးသွားပြီလား?!”

သွေးနီနတ်ဆိုး၏ ခွန်အားသည် ဤမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ၎င်းသည် သူခန့်မှန်းထားသမျှ ဖြစ်နိုင်ချေအားလုံးကို ကျော်လွန်သွားလေပြီ။

“ဒီကောင်က ဉာဏ်အလင်းမသေမျိုး ကျင့်ကြံဆင့်ကို ရောက်ရှိသွားပုံရတယ်။ တကယ်ပဲ၊ နောက်တက်တွေကို‌ နေရာဖယ်ပေးရမယ့်အချိန်ရောက်လာပြီ"

“ကံကောင်းလို့ ငါ့ရဲ့ ရွှယ်ထျန်းသူတော်စင်မြေမှာ ရှေးဟောင်းတည်ရှိမှုတစ်ခု စောင့်ရှောက်နေလို့ပေါ့။ သူအနာဂတ်မှာ ဒီနယ်မြေဆီပြန်လာရင်တောင် ငါကြောက်စရာမလိုဘူး!”

ကျန်းထျန်းမင် တစ်ခုခုကို စဉ်းစားမိသွားပြီး တုန်ယင်နေသော နှလုံးသားသည် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားကာ သူ၏မျက်နှာသည် ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်မော့ချီသွားတော့၏။

အလယ်ပိုင်းဒေသသည်ကား တိမ်မယောင်ထင်ရသော သမုဒ္ဒရာချောက်နက်သာပင်။

ထိုသူထွက်ပြေးသွားစဥ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက လက်ရှိအချိန်သည်ကား အသစ်ပြောင်းလဲသွားသကဲ့သို့ ကွာခြားသည်။

ထို့ကြောင့် ကျန်းထျန်းမင်သည် သွေးနီနတ်ဆိုး၏အောင်မြင်မှုများကြောင့် အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ဉာဏ်အလင်းမသေမျိုးတစ်ဦးပင်လျှင် ဤအခြေအနေကို ဝင်ရောက်စွက်ဖက်နိုင်တော့မည်မဟုတ်ပေ။ အများဆုံးအနေဖြင့် အလယ်ပိုင်းဒေသ၏ ထင်ရှားကျော်ကြားသော စွမ်းအားရှင်အဖြစ်သာ ရပ်တည်နိုင်မည်။ ခေါင်းဆောင်နေရာကိုတော့ အိပ်မက်ပင်မမက်လေနှင့်။

ထိုက်ချူသူတော်စင်နယ်မြေ။

ဖုံးကွယ်ထားသော မြေအောက်နန်းတော်တစ်ခုတွင်။

ထိုရွံရှာဖွယ် ဧရာမသွေးကန်သည် ပွက်ပွက်ဆူနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ဒေါသအရှိန်အဝါကို ထုတ်လွှတ်နေသည်။

“သွေးအရှင်၊ သွေးအရှင်…” ထိုက်ချူသူတော်စင်သခင်၏ ဦးရေပြားသည် ကျိန်းစပ်နေပြီး တစ်ဖက်လူ၏ဒေါသအား အလွန်အံ့သြနေမိသည်။

အပြင်လောကတွင် မဟာတာအိုဂိုဏ်းခုနစ်ခု၏ မသေမျိုး မဟာမိတ်တပ်ဖွဲ့ကို သွေးနီနတ်ဆိုးက သတ်ဖြတ်ခဲ့သည်ဟုသာ ယူဆထားကြသည်။ သို့သော် ထိုက်ချူသူတော်စင်အရှင်သခင် တစ်ဦးတည်းသာ ၎င်းတို့အားလုံးကို ထိုသူ၏ ကိုယ်ပွားက ဖျက်ဆီးသွေးစုပ်ခဲ့ကြောင်း သိရှိထား၏။

ယခုအချိန်တွင် ထိုက်ချူသူတော်စင်အရှင်၏ အမြင်တွင် မည်သည့် မသေမျိုးမဟာမိတ်တပ်ဖွဲ့၊ မည်သည့် သွေးနီနတ်ဆိုး ဖြစ်စေ၊ ယခုအချိန်တွင် အစအနပျောက်ဆုံးလစ်လပ်ကာ အရှေ့ပိုင်းဒေသတစ်ခုလုံးပင် အခွံသက်သက်သာ ကျန်ရှိခဲ့တော့မည်ဟု။

ခြင်တစ်ကောင်သည် မည်မျှပင်သေးငယ်စေကာမူ အသားတော့ရှိသေးသည်ပင်။ ထိုလူ၏ ကိုယ်ပွား သည် အရှေ့ပိုင်းဒေသတစ်ခုလုံးရှိ သက်ရှိအားလုံးကို သတ်ဖြတ်သွေးစုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သူတွေးထားမိ၏။

သို့သော် အဘယ့်ကြောင့် ဤမျှ‌ဒေါသထွက်နေရသနည်း?

စိတ်ပျက်နေသော်လည်း ထိုက်ချူသူတော်စင်အရှင်သခင်သည် ဤပုံမှန်မဟုတ်သော အပြုအမူကို အစာစားများ၍ အစာမကြေဖြစ်၍ပေလားဟုပင် စဥ်းစားမိလိုက်သေးသည်။

မည်သို့ပင်ဆိုစေ ကိုယ်ပွား ဖျက်ဆီးခံရနိုင်ခြေကိုတော့ ထည့်မစဉ်းစားမိခဲ့ပေ။

သိထားကြသည့်အတိုင်း ၎င်းကိုယ်ပွားသည် ထိပ်တန်းမသေမျိုးအုပ်စိုးသူတစ်ပါးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည်များလည်း ပါရှိသည်။ မသေမျိုးဘုရင် တစ်ဦး ရောက်လာလျှင်ပင် အချိန်အကြာကြီး တိုက်ခိုက်ပြီးသည်အထိ အသေသတ်မရသောကြောင့် မတတ်သာစွာ လွှတ်ပေးရမည်ပင်။

ထို့ကြောင့် ဘာမတော်တဆမှ ဖြစ်မလာနိုင်!

သွေးကန်မှ ဖြည်းဖြည်းချင်းထွက်ပေါ်လာသော ဖြူဖျော့ဖျော့ကိုယ်ခန္ဓာကို မြင်လိုက်ရချိန်၌‌ သွေးအရှင်၏ ပျက်ယွင်းနေသောမျက်နှာအမူအရာကိုပါ တစ်ပါတည်းမြင်လိုက်ရ၏။

ထိုက်ချူသူတော်စင်အရှင်သခင် အလွန်အံ့ဩသွားသည်။

“သွေးအရှင်၊ ခင်ဗျားရဲ့ဒေါသကို ထိန်းပါဦး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားဒီတစ်ခါ အကျိုးအမြတ်ကြီးကြီးရခဲ့တာပဲ။ ကျွန်တော် ခင်ဗျားကို ဘယ်လောက်အားကျတယ်ဆိုတာ ပြောလို့တောင်မဆုံးလောက်ဘူး”

ဤသည်ကိုကြားသောအခါ သွေးအရှင် ပို၍ပင်ဒေါသထွက်လာသည်။ သူ၏မျက်လုံးများမှ သတ်ဖြတ်လိုစိတ် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

အားကျတယ်?

မင်းအမေကြီးကို အားကျလိုက်လေ!

ဘောလုံးလို ကန်ခံရတာကို အားကျတာလား၊ ဒါမှမဟုတ် ဟိုကောင်ကို ဖေဖေလို့ခေါ်လိုက်ရတာကို အားကျတာလား?!

ဒေါသထွက်နေသော သွေးအရှင်သည် သူ၏လက်ကိုဆန့်တန်းလိုက်သည်။ သွေးရောင်ရှိသော ကြီးမားသောလက်ကြီးတစ်ခုသည် ချက်ချင်းပုံပေါ်လာပြီး ထိုက်ချူသူတော်စင်သခင်အား ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။

ထိုက်ချူသူတော်စင်သခင် - “???”

မင်း စိတ်လွတ်သွားတာလား?

ချီးကျူးစကားနဲ့ ကဲ့ရဲ့စကားကိုတောင် မခွဲခြားနိုင်တော့ဘူးလား?

အဲလိုဆိုရင် “စိတ်ခံစားမှု ဉာဏ်ရည်” စာအုပ်ကို ပိုဖတ်ဖို့ အကြံပြုလိုပါတယ်။

သူ၏ပတ်လည်တွင် ဝန်းရံလာသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသောအခါ ထိုက်ချူသူတော်စင်သခင်၏မျက်နှာသည် ဝက်အသည်းကဲ့သို့ ခရမ်းရောင်ပြောင်းသွားတော့၏။ ချွေးအေးများက နဖူးထက်တွင် စုစည်းလာသည်။ ထို့နောက် တောင့်တင်းသောအပြုံးဖြင့် ထပ်မေးမိသည်။

"သွေးအရှင်၊ ကျွန်တော်စကားမှားသွားတာလား?”

“မှန်တယ်၊ လုံးဝမှန်တယ်!”

“ဒါကြောင့် ငါမင်းကိုဆုချမယ်!!”

သွေးအရှင်၏မျက်လုံးများ တောက်ပနေသည်။ သူဒေါသဖြေဖို့ရာ ဤနှာဘူးအဖိုးကြီးကို အသုံးချရတော့မည်။

ဆုပ်ကိုင်ထားသော သွေးရောင်လက်ကြီးကို ရုတ်တရက် အားထည့်လိုက်သည်။

“အား!”

ထိုက်ချူသူတော်စင်သခင်၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အသံတောင် ပီပီသသမထွက်နိုင်မီ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားတော့၏။

All Chapters