အလယ်ပိုင်းအရပ်သို့ ခရီးထွက်ခြင်း
Vol. 31 Ch. 431
မကြာမီပင် သွေးအမှုန်အမွှားများအဖြစ် ကြေမွသွားခဲ့သော ထိုက်ချူသူတော်စင်သခင်သည် ပုံမှန်အသွင်သဏ္ဍာန်သို့ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် သူ၏မျက်နှာသည် ပို၍ဖြူဖျော့ပြီး အလွန်အားနည်းနေပုံရ၏။ ယခုထိလည်း တုန်လှုပ်နေရသေးပုံပင်။
နာတယ်၊ အရမ်းနာတာပဲ!
ထိုက်ချူသူတော်စင်သခင်သည် သူ၏ ရုပ်ခန္ဓာ ချက်ချင်းကျိုးပျက်ကြေမွသွားသည့် ဝေဒနာကို ဒုတိယအကြိမ် ထပ်မခံစားရလိုတော့ပေ။
သူ့ရှေ့မှ ကြောက်စရာကောင်းသော မျက်နှာထားဖြင့် ပိန်သွယ်သွယ်လူကို ကြည့်ရင်း တစ်ကိုယ်လုံး မလှုပ်ရဲအောင်အချုပ်ခံထားရသလို ခံစားရပြီး တစ်ချိန်တည်းမှာပင် မုန်းတီးမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
“အရသာဘယ်လိုလဲ?” သွေးအရှင်က ခပ်ပြုံးပြုံးမေးသည်။
တစ်ဖက်လူမှ ထာဝရသွေးမျိုးနွယ်၏ မွေးရာပါလက္ခဏာရပ်ကို အားကိုးကာ သေလုနီးပါးမှ လုံးဝပြန်လည်ကောင်းမွန်လာခြင်းသည် သူ၏မျှော်လင့်ချက်များအတိုင်း ကွက်တိကျလျက်သာပင်။
ထိုအဖိုးကြီးကို သူတကယ်သတ်ချင်သည်မဟုတ်။ စိတ်ထဲမှ ဒေါသကိုဖောက်ထုတ်ဖို့ရာသက်သက် နှိပ်စက်ခြင်းသာဖြစ်၏။
မေးခွန်းကိုကြားသောအခါ ထိုက်ချူသူတော်စင်သခင်သည် မပီမပြင် အပြုံးတစ်ခုကို အတင်းပြုံးပြလိုက်သည်။ မကျေနပ်မှုကို အနည်းငယ်မျှပင် ပြသရဲခြင်းမရှိဘဲ နှိမ့်ချစွာပြောလိုက်သည်။ “သွေးအရှင် ကျွန်တော့်ကိုစနောက်နေတာမှန်း သိပြီးသားပါခင်ဗျာ"
“ဟမ့်!”
သွေးအရှင်က အသံတစ်ချက်ပြုလျက် အေးစက်စက်သရော်သည်။ ထိုအသံမှာ လေမုန်တိုင်းမလာခင် တိုက်ခတ်သောလေပြေညင်းသဲ့သဲ့ကဲ့သို့ ထိုက်ချူသူတော်စင်သခင်အား လန့်ဖျပ်တုန်လှုပ်သွားစေ၏။
“ခွေးမသားအဖိုးကြီး၊ မင်းပေးခဲ့တဲ့ သတင်းအချက်အလက်တွေ မှားနေတယ်ဆိုတာ မင်းသိရဲ့လား!”
“အဲဒီသတင်းအမှားတွေကြောင့် ငါ့ရဲ့ အရေးအကြီးဆုံးကိုယ်ပွားက အဲ့လိုညံ့ဖျင်းတဲ့ဒေသမှာ သေဆုံးခဲ့ရတာ!”
“ခင်ဗျာ?!”
စကားအဆုံးတွင် ထိုက်ချူသူတော်စင်သခင်၏မျက်နှာမှာ ပြူးပြူးပျာပျာဖြစ်သွားရ၏။ သူ၏မျက်လုံးများသည် ကြေးခေါင်းလောင်းကြီးလောက် ပြူးကျယ်လာပြီး မျက်ဆံများမှာလည်း တုန်ယင်လျက်။
ထိုသူစေလွှတ်လိုက်သော ကိုယ်ပွားသည် အရှေ့ပိုင်းဒေသ တွင် အမှန်တကယ်သေဆုံးခဲ့သည်တဲ့လေ။ သူမယုံကြည်နိုင်ပေ!
၎င်းသည် ထိပ်တန်း မသေမျိုးအုပ်စိုးသူ တစ်ပါးပင်!
အရှေ့ပိုင်းဒေသတွင် မည်သူက ထိုမျှကြီးမားသောစွမ်းရည်ရှိပါမည်နည်း?!
ဖြစ်နိုင်သည်က…
ထိုက်ချူသူတော်စင်သခင်သည် ထိုရင်းနှီးသောရန်သူကို အရင်စဥ်းစားမိလိုက်၏။ သူအလွန်တွန့်ဆုတ်စွာဖြင့် တံတွေးတစ်ချက်မျိုချပြီးမှ ထုတ်မေးလိုက်သည်။ “သွေး..သွေးနီနတ်ဆိုးက လုပ်လိုက်တာလား?"
သူတစ်ချိန်က မသေမျိုးလက်နက်တစ်လက်ဖြင့် နှိမ်နင်းခဲ့သော မဟာနတ်ဆိုးဂိုဏ်းချုပ်သည် ယခုအချိန်တွင် ဤမျှအထိ ကြီးထွားလာနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ! မသေနိုင်သော အဆင့်မြင့်သွေးမျိုးနွယ်ကိုယ်ပွားတစ်ခုကိုပင် အသေသတ်နိုင်ခဲ့သည်။ ကျိုးကြောင်းဆီလျော်မှု မရှိလိုက်လေ။
သွေးအရှင်က အေးစက်စွာပြောလိုက်သည်။ “မင်းပြောတဲ့ သွေးနီနတ်ဆိုးဆိုတာ အနီရောင်အဝတ်အစားနဲ့လူလား?”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ!” ထိုက်ချူသူတော်စင်သခင်သည် ကြက်ကလေးတစ်ကောင်လို ခေါင်းညိတ်သည်။ ထို့နောက် သတိကြီးစွာဖြင့် ထပ်မေးလိုက်၏။ “အရှင့်ရဲ့ကိုယ်ပွားကို သူ့ကြောင့်ဆုံးရှုံးခဲ့ရတာများလား?"
“ဘယ်လိုဟာသလဲ၊ အဲ့လူမှာ အဲ့လောက်ကြီးမားတဲ့စွမ်းရည်မရှိပါဘူး!” သွေးအရှင် သရော်လိုက်သည်။
“ဒါဆို၊ ဘယ်သူကလုပ်တာလဲ?”
ထိုက်ချူသူတော်စင်သခင်သည် ချက်ချင်းပင် ထိတ်လန့်သွားမိသည်။ အရှေ့ပိုင်းဒေသ အနီးအနားတစ်ဝိုက်တွင် သွေးနီနတ်ဆိုးထက် ပိုမိုအားကောင်းသော တည်ရှိမှုတစ်ခု အမှန်တကယ် ရှင်သန်နေလေသလား? ဤသည်မှာ သူသိသမျှတတ်သမျှ ဗဟုသုတအားလုံးကို ကျော်လွန်သွားသော အချက်အလက်တစ်ခုပေ။
သွေးအရှင်၏အကြည့်သည် ခံစားချက်မျိုးစုံ အဆက်မပြတ်ပြောင်းလဲနေပြီး ငွေရောင်ဆံပင်ရှိသောလူငယ်ကို ပြန်လည်ပုံဖော်နေခဲ့သည်။ ထို့နောက်မှ အခဲမကျေသောမျက်နှာထားဖြင့် ပြောလိုက်သည်။ “သူက သွေးနီနတ်ဆိုးရဲ့ ဆရာသခင်ဖြစ်တယ်လို့ ပြောတယ်၊ မသေမျိုးဘုရင်တစ်ပါးပဲ!”
“ဟိုက်!”
ထိုက်ချူသူတော်စင်သခင် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။ သူ၏မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများပြည့်နှက်လာသည်။
မိမိကိုယ်တိုင်သာ ခွန်အားကြီးသော နောက်ခံကောင်းကောင်းတစ်ခု တွယ်ကပ်နိုင်ခဲ့သည်ဟု အစကထင်ခဲ့သည်။ သို့သော် သူ၏အတိတ်ရန်သူသည်လည်း မယုံနိုင်လောက်အောင် ကံကောင်းခဲ့ပုံရ၏။ ဤသည်မှာ သတင်းကောင်းတော့မဟုတ်!
“အရှင်၊ သွေးအရှင်၊ ကျွန်တော့်ကို တစ်ဖက်သတ်မစွပ်စွဲပါနဲ့၊ ကျွန်တော် ဒီအကြောင်းကို တကယ်မသိပါဘူး” ထိုက်ချူသူတော်စင်သခင်သည် လေသံကိုအစွမ်းကုန်နှိမ့်ချကာ အပြစ်ကင်းစင်စေဖို့ အစွမ်းကုန်ကြိုးစားတောင်းပန်ရသည်။
သူ့ကိုအံ့အားအသင့်စေဆုံးအရာမှာ ဟုန်ချန်ယဲ့မှ မသေမျိုးဘုရင်ကို သူ၏ ဆရာသခင်အဖြစ်လက်ခံခဲ့ခြင်းမဟုတ်ပါ။ အရှေ့ပိုင်းဒေသကဲ့သို့ တောခေါင်ခေါင်တွင် မသေမျိုးဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး အမှန်တကယ်ရှိနေခြင်းသာဖြစ်သည်။ အလယ်ပိုင်းဒေသ သာမက အခြားနေရာများလည်း လျှို့ဝှက်ချက်များစွာ တိမ်မြုပ်နေခဲ့ပုံပင်။
သွေးအရှင်သည်လည်း မင်းအပြစ်ငါ့အပြစ် လွှဲချနေရုံမျှဖြင့် ဒီကိစ္စကိုဖြေရှင်းလို့မရနိုင်ကြောင်း သိသည်။ သူ့ကံဆိုးမှုဟုသာ ဆိုရမည့်အရေးပင်။
ယုတ္တိရှိရှိပြောရရင် မသေမျိုးဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးတည်းကို သူချက်ချင်းသွားပြီး ရန်ရှာမည်ဆိုပါက လက်ရှိအင်အားဖြင့် အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။
သို့သော် ပြဿနာမှာ တစ်ဖက်လူသည် အလွန်အထူးခြားဆုံးသော မှော်ရတနာတစ်ခု ပိုင်ဆိုင်ထားခြင်းပင်။
ထိုထိပ်တန်း မသေမျိုးဘုရင်အဆင့် မှော်လက်နက်!
သွေးအရှင်သည် ကောင်းကင်သင်္ချိုင်းခေါင်းတလားထဲတွင် ကိုယ်ပွားအဖြစ် ကြုံတွေ့ခဲ့ရသော မြင်ကွင်းကို အမှတ်ရလိုက်သောအခါ မထိန်းနိုင်စွာ တုန်ယင်သွားသည်။ ထိုအတွေ့အကြုံကို သူ့တစ်သက်မေ့နိုင်တော့မည်မဟုတ်တော့။
အလွန်ကြောက်မက်ဖွယ်ကောင်းသည်!
ထို ထူးခြားကွဲပြားလှသည့် မှော်ရတနာသည် ထာဝရသွေးမျိုးနွယ်ကို တိုက်ခိုက်သုတ်သင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားသကဲ့သို့ သဘာဝစွမ်းရည်များမှာ လွန်စွာကိုက်ညီနေခဲ့သည်ပင်။
ထာဝရသွေးမျိုးနွယ်၏ မိမိကိုယ်ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းစွမ်းရည်သည် မည်မျှပင်အားကောင်းစေကာမူ ထိုကြေးခေါင်းတလားအတွင်းတွင် ဖမ်းဆီးပိတ်လှောင်ခံလိုက်ရပါက မသေမချင်း ဖြည်းဖြည်းချင်းတိုက်စားခံရမည်သာ ဖြစ်၏။
သွေးအရှင်သည် သူ၏မူလကျင့်ကြံဆင့်ဖြစ်သော အထွဋ်အထိပ် မသေမျိုးဘုရင်အဆင့်သို့ ပြန်လည်တက်ရောက်နိုင်ခဲ့လျှင်တောင် ကောင်းကင်သင်္ချိုင်းခေါင်းတလားကိုတော့ ယုံကြည်ချက်ရှိရှိ မရင်ဆိုင်နိုင်လောက်သေးဟု ခံစားမိသည်။
ထို့ကြောင့် မည်မျှပင်ဒေါသထွက်နေစေကာမူ အရှေ့ပိုင်းဒေသသို့ ချက်ချင်းသွားရောက်ကာ စာရင်းရှင်းဖို့ မစဥ်းစားရဲတော့။
သူသည် လူမြင်ကွင်းတွင် ဘောလုံးကဲ့သို့ ကန်ခံရပြီး မွေးသဖခင်မဟုတ်သော ဖခင်အသစ်တစ်ဦးကို အသိအမှတ်ပြုဖို့ ဖိအားပေးခိုင်းစေခံခဲ့ရ၏။
သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်စဉ်းစားလိုက်သည်နှင့် သွေးအရှင်၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းစွာ နီရဲလာတော့၏။ မျက်နှာတွင် သွေးကြောများ အပြိုင်းပြိုင်းထောင်ထလာပြီး ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်နင်းချေခံလိုက်ရခြင်းအား ပြန်တွေးမိတိုင်း အရှက်ရလှသည်။
ထိုက်ချူသူတော်စင်သခင်သည် ထိုမျက်နှာကြီးကိုကြည့်ရင်း ဦးရေပြားကျိန်းစပ်သွားလောက်အောင် ကြောက်ရွံ့သွားပြီး စိုးရိမ်တကြီးတွေးလိုက်သည်။ “ဒီလောက်တောင်ပြင်းပြင်းထန်ထန် ခံခဲ့ရတာလား? နည်းနည်းလောက်အရိုက်ခံရမယ်လို့ပဲ ထင်ခဲ့တာကို!”
အရှေ့မှလူ မည်မျှနာကျင်ဖွယ်ကောင်းသော ရှုံးနိမ့်မှုကို လက်ခံခဲ့ရမှန်း သူမသိနိုင်ပါလေ။