အခန်း (၄၃၂)
Vol. 31 Ch. 432
သွေးအရှင်သည် သူ၏စိတ်ခံစားမှုများကို ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီး အရှေ့တွင်ကြောင်အနေသော အဖိုးကြီးကို ရွံရှာစွာကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။ "ဟေ့ မျိုးမစစ်ကောင်၊ ငါ့အတွက် လတ်လတ်ဆတ်ဆတ်အစာလေးတွေ ပိုရှာပေးဦး၊ တခြားဘာပြောစရာမှမရှိရင် အမြန်ဆုံးထွက်သွားတော့!”
ထိုက်ချူသူတော်စင်သခင်သည် မဟာလွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိုက်သကဲ့သို့ ထိုမြေအောက်နန်းတော်မှ လှစ်ခနဲ ထွက်ပြေးခဲ့သည်။
“ငါ့နှယ် ကံဆိုးလိုက်တာနော်!”
သွေးအရှင် ငြီးတွားလိုက်သည်။ ထို့နောက် ကိုယ်ပွားပျက်စီးသွားသဖြင့် ဆုံးရှုံးသွားသော စွမ်းအင်ရင်းမြစ်ကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် သွေးကန်ထဲသို့ ပြန်လည်နစ်မြုပ်စေလိုက်သည်။
သူ၏ တာဝန်မှာ ခွင်းလွင်နယ်မြေတွင် အခြေခိုင်ခိုင်နေရာတစ်ခု ရအောင်တည်ထောင်ရန်၊ ထာဝရသွေးမျိုးနွယ်၏ဩဇာကို ချဲ့ထွင်ဖြန့်ကျက်ရန်နှင့် ခြိမ်းခြောက်မှုဖြစ်လာနိုင်ချေရှိသော အင်အားစုတစ်ချို့ကို ဖယ်ရှားရန်ဖြစ်၏။
ယခုမူ ကြီးမားသော ထိခိုက်မှုကို ခံစားခဲ့ရပြီးနောက် ပြန်လည်အမောက်ထောင်ဖို့ရာ မဖြစ်နိုင်သေးသဖြင့် တိတ်တဆိတ်သာ အားမွေးရပေဦးမည်။
ရက်အနည်းငယ်ကြာပြီးနောက်။
ရာသီဥတုသည် ကြည်လင်နေပြီး နေရောင်ခြည်သည် ဝင်းလက်စွာ တောက်ပနေသည်။
ဧရာမ ခွင်းဖန်းတစ်ကောင်သည် လေဟာနယ်မှတစ်ဆင့် မြင့်တက်ပျံသန်းကာ အလယ်ပိုင်းဒေသသို့ ဦးတည်ခရီးဆက်နေခဲ့၏။
ခွင်းဖန်း၏ကျောပေါ်တွင် ရုပ်ရည်ကြည့်ကောင်း၍ နေကာမျက်မှန်တပ်ထားသော လူငယ်တစ်ယောက်ရပ်နေကာ သူ၏ချောမွေ့သော ငွေရောင်ဆံပင်သည် ရှည်လျားစွာပြန့်ကျဲနေသည်။ ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်လျက် လက်များကို သက်သောင့်သက်သာဖြင့် ခေါင်းအောက်ခုထားသည်။ သူ၏ပါးစပ်တွင် ပိုက်ရှည်တစ်ခုတပ်လျက်ရှိပြီး နို့လက်ဖက်ရည်ဘူးကြီးတစ်ဘူးနှင့် ချိတ်ဆက်ထားလျက်ရှိ၏။
ယဲ့ကျွင်းလင်သည် နို့လက်ဖက်ရည်စုပ်သောက်ရင်း အတော်လေးကျေနပ်သာယာနေပုံပင်။
အရှေ့ပိုင်းဒေသမှ အလယ်ပိုင်းဒေသသို့ ထွက်ခွာမည်ဟု ကြေညာလိုက်ချိန်တွင် တစ်ဂိုဏ်းလုံး အလွန်အံ့ဩခဲ့ကြသည်။ ခမ်းနားသော နှုတ်ဆက်ပွဲအခမ်းအနားတစ်ခုပါ ပြုလုပ်ပြီးချိန်တွင် ယဲ့ကျွင်းလင်တို့ ဆရာတပည့်တစ်သိုက် ခရီးရှည်ကြီးအား စတင်လိုက်ကြတော့၏။
မထွက်ခွာမီ ဂိုဏ်းချုပ်ရှယိုနျန်က အပြုံးဖြင့်မှာကြားသည်။ “အကြီးအကဲယဲ့၊ အလယ်ပိုင်းဒေသကိုသွားရင်း အချိန်ရရင် ရွှယ်ထျန်းသူတော်စင်မြေကို ဝင်ရောက်လည်ပတ်ပြီး ကျွန်တော်တို့ကြားကဆက်ဆံရေးကို မြှင့်တင်ပေးပါဦး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ဂိုဏ်းရဲ့ကြားမှာ အဆက်အနွယ်ကောင်းတစ်ခု ရှိနေတာပဲလေ"
ယဲ့ကျွင်းလင် မငြင်းဆန်ခဲ့ပါ။ လမ်းကြုံဝင်လိုက်ရုံသာဖြစ်ရာ ပင်ပန်းသည်မဟုတ်။ ရွှယ်ထျန်းဂိုဏ်းကို ယခင်ကလာရောက်လည်ပတ်ခဲ့သော လျိုချင်းမင်ထံ တစ်ပြန်သွားရောက်လည်ပတ်သင့်သည်ဟု သူလည်းခံစားရသည်။
ခရီးတစ်ပတ်လှည့်ပြီး ပြန်လာအခြေချလျှင် သက်တောင့်သက်သာဘဝကို ပေါ့ပေါ့ပါးပါးဖြင့် ဆက်လက်ဖြတ်သန်းနိုင်မည်ထင်ပါသည်။
“ဆရာသခင်၊ ပုလဲစေ့တွေ ကုန်လုနီးပါးဖြစ်နေပြီ၊ ရှုရှု ထပ်ထည့်ပေးပါ့မယ်!” ပန်းရောင်ဂါဝန်လေး ဝတ်ဆင်ထားသော ပုရှောင်ရှီးက အနားသို့ ကပျာကယာပြေးလာကာ တိုးတိုးလေးဆိုသည်။
ယဲ့ကျွင်းလင်သည် ပိုက်ကိုမလွှတ်ဘဲ "အွန်း"ဟုသာ အသံပြုလိုက်သည်။
မကြာမီ ပုရှောင်ရှီးသည် စိတ်လှုပ်ရှားစွာဖြင့် ပုလဲစေ့အပြည့်ပါသော ပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်လျက်သားဖြင့် ပြန်ပြေးလာသည်။ တစ်လုံးချင်းစီသည် ပြည့်ဝဖောင်းကားလျက်ရှိကာ နူးညံ့အိစက်ပြီး ဝိညာဥ်စွမ်းအင်များလည်း ကြွယ်ဝစွာပါရှိသည်။ ပုရှောင်ရှီးက ထိုပန်းကန်လုံးအပြည့်ကို နို့လက်ဖက်ရည်ခွက်ကြီးထဲ သွန်ထည့်လိုက်တော့၏။
ပတ်ဝန်းကျင်ရှိ ရှုခင်းများက ခွင်းဖန်း၏ ထူးကဲသောအမြန်နှုန်းနှင့်အလိုက် တရွှစ်ရွှစ်ပြောင်းလဲနေသည်။
ခွင်းဖန်းသည် ကောင်းကင်မသေမျိုးအဆင့်တွင်သာရှိသော်လည်း ပျံသန်းမှုအရှိန်နှင့်ပတ်သက်လာလျှင် ပုံမှန် မသေမျိုးအရှင်သခင်တစ်ဦးပင်လျှင် လက်မြှောက်အရှုံးပေးရလိမ့်မည်။
မိနစ်အနည်းငယ်မျှကြာပြီးနောက်။
ယဲ့ကျွင်းလင်သည် ကျေနပ်စွာသမ်းစေလိုက်သည်။ နို့လက်ဖက်ရည်ခွက်အား လက်တစ်ချက်ဝေ့လျက်ဖယ်ရှားကာ အရှေ့ဆီသို့ လှမ်းအော်မေးလိုက်၏။ “ရှောင်ဟုန်၊ ငါတို့အခု ဘယ်ရောက်ပြီလဲ?”
သူ၏အကြီးဆုံးတပည့်က လမ်းပြပေးနေသောကြောင့် ယဲ့ကျွင်းလင်သည် အလွန်စိတ်အေးချမ်းသာရှိလှသည်ဟု ခံစားရသည်။
ဟုန်ချန်ယဲ့က လှည့်ကြည့်လာပြီး လေးစားစွာဖြင့် အရိုအသေပြုရင်း ပြောလိုက်သည်။ “ဆရာသခင် ကို ပြန်လည်တင်ပြပါတယ်၊ ခဏနေရင် ကျွန်တော်တို့ အလယ်ပိုင်းဒေသရဲ့ နယ်နိမိတ်ထဲဝင်ပါပြီ။ ဒီလမ်းကြောင်းအရဆိုရင် ကျွန်တော်တို့ ဖုန့်မင်ပြည်နယ်ထဲ အရင်ရောက်ဖို့များပါတယ်!”
လီဝူကျယ်၏မျက်နှာသည် တမ်းတခြင်းများပြည့်လွှမ်းနေ၏။ သို့သော် ရောက်ခါနီးပြီဆိုသောအသံကို ကြားလိုက်ရလျှင် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ “အလယ်ပိုင်းဒေသ၊ အဲဒါ အလယ်ပိုင်းဒေသ ပဲ! ဒီဘဝမှာ အလယ်ပိုင်းဒေသကို လာရောက်နိုင်လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး!”
ခွင်းလွင်ကမ္ဘာမြေတစ်ခုလုံး၏ အလယ်ဗဟိုတွင်တည်ရှိသော အလယ်ပိုင်းဒေသသည် အမြဲတစေ အကောင်းဆုံးသော ကျင့်ကြံမှုအရင်းအမြစ်များနှင့် သိပ်သည်းထူထပ်သော လူဦးရေပမာဏကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ကျွမ်းကျင်သူများ စုဝေးရာနေရာ၊ စစ်မှန်သော ကျင့်ကြံရေးဗဟိုချက်စင်မြင့်တစ်ခုသာ ဖြစ်ပေ၏။
ဘိုးဘေးစဥ်ဆက် ဆင်းသက်လာသည့် ဆိုရိုးစကားကဲ့သို့ပင် အလယ်ပိုင်းဒေသသည် ခွင်းလွင်ဖြစ်ပြီး ခွင်းလွင်သည် အလယ်ပိုင်းဒေသ ဖြစ်သည်။
လီဝူကျယ် ခုန်ဆွခုန်ဆွဖြစ်နေသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့သည် လက်ကိုပိုက်၊ မေးစေ့ကိုမော့ပင့်လျက် ခပ်ကြွားကြွားဆို၏။ “တောသားလေး၊ ငါမင်းကို နောက်မှ နေရာအနှံ့ လိုက်ပြပေးမယ်”
“ချီးကိုတောသား!”
လီဝူကျယ် ရှုံ့မဲ့သွားသည်။ ဘာတွေများ အဲ့လောက်မာန်တက်စရာရှိလို့လဲ?
ဟုန်ချန်ယဲ့ အဝေးသို့မျှော်ကြည့်လိုက်သည်။ သူ၏လှပသောမျက်နှာတွင် ဂုဏ်ယူဝင့်ကြွားဟန် အရိပ်အယောင်တစ်ခု ပေါ်လွင်လာသည်။ “ဖုန့်မင်ပြည်နယ်မှာ အလွန်ထူးခြားတဲ့ ရှေးဟောင်းတိုင်းပြည်တစ်ခုရှိတယ်။ ငါ မီးလျှံနတ်ဆိုးဂိုဏ်း ရဲ့ နတ်ဆိုးဂိုဏ်းချုပ်ဖြစ်တုန်းက တစ်နိုင်ငံလုံးနီးပါးက ငါ့ရဲ့နောက်လိုက်တွေဖြစ်ခဲ့တာ၊ အခုဘယ်လိုများဖြစ်ပျက်နေကြမယ် မပြောတတ်ဘူး"
ထိုစကားကိုကြားသော် လီဝူကျယ်၏ မျက်နှာမှာ ပိုလို့ရွံရှာသွားဟန်ရှိ၏။ “အောင်မလေး! မင်းကတော့ မိုးမမြင်လေမမြင် ကြွားနေတာပဲနော်!”
ဟုန်ချန်ယဲ့က လီဝူကျယ်၏လှောင်ပြောင်မှုကို လျစ်လျူရှုလျက် ပြန်တွေးနေသည်။
“အဲ့ဒီထူးခြားတဲ့ ရှေးဟောင်းတိုင်းပြည်မှာ အဓိကအားဖြင့် အမျိုးသမီးတွေပဲရှိပြီး အမျိုးသားအရေအတွက်က အရမ်းနည်းပါးတာကို ငါမှတ်မိသေးတယ်။ အမျိုးသမီးတွေဟာ သူတို့လိုချင်တဲ့အမျိုးသားနဲ့ အိမ်ထောင်ပြုဖို့အတွက်ကို အပြင်းအထန် တိုက်ခိုက်လုယက်ရလေ့ရှိတယ်လေ”
“ဟင်?”
ဤသည်ကိုကြားသောအခါ လီဝူကျယ်မှာ သူနားကြားများမှားလေသလားဟု သံသယဝင်သွားရသည်။ ထို့နောက် မျက်နှာတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ တရိပ်ရိပ်ပေါ်လာပြီး စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။
“အဟေးဟေး အဲ့လောက်တောင်မိုက်တာလား!”