နတ်မိမယ်တိုင်းပြည်
Vol. 31 Ch. 433
ထိုသို့သော တိုင်းပြည်တစ်ခု တည်ရှိနေကြောင်း သိလိုက်ရသောအခါ လီဝူကျယ်၏အပြုံးမှာ တဖြည်းဖြည်း နှာဘူးဆန်လာခဲ့သည်။
တစ်တိုင်းပြည်လုံးနီးပါးသည် အမျိုးသမီးများသာဖြစ်ပြီး မကြာခဏဆိုသလို အိမ်ထောင်ဖက်ရွေးချယ်ခွင့်အတွက် ပြင်းထန်စွာ တိုက်ခိုက်ကြရသည် ဆို၏။ ဤသည်မှာ အမျိုးသားများစွာ၏ အိပ်မက်ပန်းတိုင်ပင်။
ဤအချက်တစ်ခုတည်းကြောင့်ပင် လီဝူကျယ်သည် ထိုထူးခြားသော ရှေးဟောင်းတိုင်းပြည်ကို မကြုံစဖူး ပြင်းပြင်းထန်ထန် စိတ်ဝင်စားလာခဲ့သည်။
သူသည် တာအိုလမ်းစဉ်တွင် နက်ရှိုင်းစွာနှစ်မြုပ်ကျင့်ကြံနေတတ်သော်လည်း အသွေးနှင့်အသားနှင့်ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ထိုသို့သော ထူးထူးခြားခြား တိုင်းပြည်တစ်ပြည်အကြောင်းကို ကြားသိလိုက်ရသောအခါ ပုရိသပီပီ စိတ်ဝင်စားမိသည်မှာ ပုံမှန်သာဖြစ်သည်။
သူစိတ်လောသွားသည်ကို သဘောပေါက်မိလိုက်သောအခါ လီဝူကျယ် ချက်ချင်းပင်ပြန်လည်တည်ငြိမ်သွားသည်။ ထို့နောက် လေးနက်သောမျက်နှာထားဖြင့် ဖြောင့်မတ်စွာကြေညာလိုက်သည်။ “ငါတော့မယုံဘူး! မင်းကိုယ်တိုင်လိုက်ပြမှယုံမယ်!”
ဟုန်ချန်ယဲ့က သူ့ကိုမျက်စောင်းထိုးကြည့်လိုက်ပြီး ရွံရှာစွာပြောသည်။ “မင်းယုံယုံ မယုံယုံ ငါဂရုမစိုက်ဘူး!”
လီဝူကျယ် ချက်ချင်းလေသံပျော့သွားသည်။ “ဟဲဟဲ၊ အစ်ကိုကြီးကလည်း ကျွန်တော်က ဘယ်လိုလုပ်မယုံပဲရှိမှာလဲ၊ အစ်ကိုကြီးက ဒီလောက်သဘောကောင်းတာကို၊ လောကကြီးအကြောင်းမသိသေးတဲ့ ဒီညီလေးကို အမြင်ကျယ်အောင် လိုက်ပြပေးပါဦး"
ဟုန်ချန်ယဲ့ ကျွတ်ခနဲစုပ်သပ်လိုက်သည်။ “မင်းစကားကို လျှော့ပြောဦး၊ အစ်ကိုကြီးမင်းကို စိတ်ပျက်အောင်ပြောတာတော့မဟုတ်ဘူး၊ ဒါပေမယ့် သူတို့က အရုပ်ဆိုးတဲ့သူတွေကို မကြိုက်ဘူးကွ!”
ထိုစကားကိုကြားသောအခါ။
လီဝူကျယ် ထိတ်လန့်သွားသည်။
နောက်တစ်စက္ကန့်တွင် မျက်နှာထက် အံ့ဩမှုနှင့် သံသယများအပြည့်ဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ တုန်တုန်ရီရီမေးလေ၏။ “ကျွန်တော်၊ ကျွန်တော်က ရုပ်ဆိုးနေတာလား?!”
ဟုန်ချန်ယဲ့ သနားကြင်နာစွာ ခေါင်းညိတ်ပြလိုက်သည်။
“အဓိပ္ပာယ်မရှိတာ!!”
လီဝူကျယ်သည် အမြီးနင်းခံလိုက်ရသော ကြောင်ကဲ့သို့ ချက်ချင်းပင် ဒေါသတကြီးနှင့် တုန်ယင်လာသည်။ ထို့နောက် ဟုန်ချန်ယဲ့အား လက်ညှိုးငေါက်ငေါက်ထိုးကာ စွပ်စွဲပြစ်တင်တော့၏။ “မင်း လူလိမ်ကောင်၊ ငါ့ရဲ့ တည်ငြိမ်နေတဲ့ တာအိုနှလုံးသားကို နှောင့်ယှက်ဖို့မကြိုးစားနဲ့!”
သူ့ရုပ်ရည်သူ ယခင်က အတော်လေးယုံကြည်မှုရှိခဲ့သည်။ သို့သော် ဟုန်ချန်ယဲ့ထံမှ တည့်တိုးအပြောခံရပြီးနောက် သူ့ကိုယ်သူ စတင်သံသယဝင်လာရတော့၏။
“ငါက မင်းကို စေတနာနဲ့သတိပေးနေတာပါ။ ငါ့စေတနာကို အသိအမှတ်မပြုဘဲ အဲ့ဒီတိုင်းပြည်မှာ အချစ်ရှာဖို့သွားမယ်ဆိုရင်တော့ ကိုယ့်ဘဝကိုယ်သံသယဝင်သွားလောက်အောင် စိတ်ဓာတ်ကျသွားလိမ့်မယ်။ ဒီအစ်ကိုကြီးက မင်းအတွက်စိုးရိမ်လို့ပါ။” ဟုန်ချန်ယဲ့က အဓိပ္ပာယ်အပြည့်ဖြင့် ရှင်းပြလိုက်သည်။
“မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး!”
လီဝူကျယ်သည် ထိုအချက်ကို အတည်ပြုရန် စိတ်အားထက်သန်နေပုံရ၏။ သူသည် ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ပြီးနောက် အသားမည်းမည်း ပန်းကန်လုံးပုံစံဆံပင်ရှိသော လူငယ်တစ်ဦးဆီသို့ ရုတ်တရက်အပြေးရောက်သွားသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် သူ့ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာလှုပ်ယမ်းလိုက်သည်။ “စတုတ္ထညီလေး၊ မင်းက သူ့ထက်ပိုရိုးသားတယ်၊ မြန်မြန်! ပြော! ငါ၊ မင်းရဲ့ အစ်ကိုကြီး၊ ဘယ်လိုနေလဲ ချောလား!”
မှိုဘုရင်မှာ အတော်လေးထိတ်လန့်သွားသည်။ သူသည် ဦးထုပ်ဆောင်းထားသော ထိုအစ်ကိုကြီးကို ကြောင်တောင်တောင်ပြန်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ကျားရဲကဲ့သို့မျက်လုံးများဖြင့် အဖြေအား မျှော်လင့်တကြီးစောင့်ဆိုင်းနေပုံပေါ်၏။ မှိုဘုရင်မှာ တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲမျိုချလျက် ပြန်ပြောလိုက်ရသည်။ “ကျွန်တော်၊ ကျွန်တော်မသိဘူး…”
“မင်းဆိုလိုတာက ဘာလဲ? ဒီမေးခွန်းကဖြေဖို့ အဲလောက်ခက်နေတာလား?”
“မြန်မြန်! ပြော!!”
လီဝူကျယ် စတင်စိုးရိမ်လာသည်။ ထို့နောက် မှိုဘုရင်၏ပုခုံးအား လက်နှစ်ဖက်ဖြင့်ခပ်ပြင်းပြင်းလှုပ်၍ အားရပါးရအော်ဟစ်နေတော့၏။
သနားစရာကောင်းသော မှိုဘုရင်ခမျာ ဘဝကို ငြိမ်းချမ်းစွာ တိတ်တိတ်ဆိတ်ဆိတ်ဖြတ်သန်းနေရင်း ကြောက်မက်ဖွယ်ကပ်ဆိုးတစ်ခုဖြင့် တွေ့ကြုံရလေပြီ။
ထိုအချိန်တွင် ပုခုံးမှကိုင်ကာ အဆက်မပြတ်လှုပ်ယမ်းခံရသောကြောင့် သူသည် အန်ချင်စိတ်ပေါက်လာသည်။ နဂိုကတည်းက ကြောက်တတ်သော ပျော့ညံ့ညံ့စိတ်ရင်းခံရှိလေရာ ရူးသွပ်စွာမေးခွန်းထုတ်ခံနေရချိန်တွင် အလွန်အမင်းစိတ်ဖိစီးလာပြီး ခန္ဓာကိုယ်မှာလည်း စိတ်ဖိစီးသည့်အလိုက် တုံ့ပြန်လာတော့၏။
“ဝေါ့~!”
လီဝူကျယ်၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် မှိုဘုရင်မှာ ခါးကုန်းချကာ အွတ်ခနဲထိုးအန်မိရှာလေသည်။
“ကျွန်တော်၊ ကျွန်တော်တောင်းပန်ပါတယ်၊ အစ်ကိုကြီးလီ၊ ခင်ဗျားက တကယ်ကြည့်ကောင်းပါတယ်၊ တကယ်ပါ… အော့!”
သူ၏မျက်နှာထားမှာ အလွန်အမင်းအားနာနေဟန်ပေါက်သော်ငြား တောင်းပန်စကားမဆုံးမီ ထပ်မံအန်ချလိုက်ပြန်သည်။
လီဝူကျယ် - “???”
ငါတကယ်ပဲ အဲလောက်ရွံစရာကောင်းနေတာလား? မင်းငါ့ကိုမြင်ရုံနဲ့တောင် အန်ချမိသွားတာလား?!
“ဟားဟားဟား…” ဟုန်ချန်ယဲ့သည် ဗိုက်ကိုဖိကာ ခါးကုန်းအော်ရယ်နေပြီး မျက်ရည်များပင်ကျလာတော့၏။
လီဝူကျယ် တိတ်တိတ်လေးပြန်လှည့်လာသည်။ သူ့မျက်နှာမှာ ငိုချတော့မလို တဆတ်ဆတ်တုန်ယင်နေပြီး သူ၏မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် မခံမရပ်နိုင်မှုများ ပြည့်နှက်နေသည်။
လွန်လွန်းတယ်! ဒါကြီးက လွန်လွန်းတယ်!
“ရယ်ထားနှင့်ဦးပေါ့၊ ငါ ဆရာသခင့်ကို ဆုံးဖြတ်ခိုင်းမယ်!” လီဝူကျယ်သည် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိပြီး ပက်လက်ကုလားထိုင်ပေါ်တွင် မှီနေသော လူငယ်ဆီသို့ အမြန်ပြေးသွားတော့၏။
တစ်ချိန်တည်းမှာပင် ထိုထူးခြားသောတိုင်းပြည်အကြောင်းကို ကြားသိလိုက်သောအခါ ယဲ့ကျွင်းလင် သည်လည်း စိတ်ဝင်စားစွာဖြင့် တက်ကြွမြူးထူးနေသည်ပင်။
ရိုးရိုးသားသားပြောရရင် ဒီလိုတိုင်းပြည်မျိုးဟာ အမျိုးသားတိုင်းအတွက် ကောင်းချီးတစ်ခုပါပဲ!
“ဆရာသခင်!”
လီဝူကျယ်သည် မျက်နှာကို အနီးကပ်ထိုးပြလာကာ အတည်ပြုချက်တစ်ခုရဖို့ စိတ်အားထက်သန်စွာ မေးလာရှာသည်။ “ကျွန်တော်ချောလား?”
ယဲ့ကျွင်းလင် - “…”
သူ့ထံနီးကပ်လာသော အထိုးအကြိတ်ခံထားရဖူးဟန်တူသည် အပဲ့အရွဲ့အစုံဖြင့် မျက်နှာကြမ်းကြမ်းလေးကိုကြည့်ရင်း ယဲ့ကျွင်းလင်သည် နောက်သို့နည်းနည်းယို့သွားကာ ရိုးရိုးသားသားဖြေလိုက်သည်။
“မမေ့နဲ့၊ မင်းက တာအိုကျင့်ကြံသူတစ်ဦးပါ၊ မင်းရဲ့ စံနှုန်းတွေနဲ့ ရည်မှန်းချက်တွေကို အမြဲတမ်းမှတ်မိနေရမယ်။ မင်းရဲ့ပန်းတိုင်က ကြယ်တံခွန်တွေလောက်အလှမ်းဝေးပြီး ပင်လယ်တမျှ ကျယ်ပြန့်ပါသေးတယ်!”
လီဝူကျယ်သည် ပြင်းပြင်းထန်ထန်ခေါင်းညိတ်လိုက်ပြီး အလေးအနက် ထပ်ပြောလာ၏။ “ဆရာသခင်၊ ဆရာ့ရဲ့ ဆုံးမစကားတွေကို တပည့်က အမြဲမှတ်သားထားပါတယ်၊ ဒါပေမယ့် ကျွန်တော်ထပ်မေးချင်တုန်းပါပဲ…”
“ကျွန်တော်ချောလား?”
ယဲ့ကျွင်းလင် နှုတ်ခမ်းတတွန့်တွန့်ဖြစ်သွားသည်။ ထို့နောက် စိတ်ရှည်သည်းခံစွာဖြင့် ဖြည်းဖြည်းချင်းပြောပြလိုက်သည်။ “တကယ်တော့ မင်းကြည့်ကောင်းတာ မကောင်းတာက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာက ခွန်အားကိုပဲ အလေးထားတယ်။ လူတစ်ယောက်ရဲ့ရုပ်ရည်ကို စံနှုန်းအဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး"
“ဆရာသခင်ပြောချင်တာကို ကျွန်တော်နားလည်ပါတယ်!”
“မင်းလိုထက်မြက်ပါးနပ်တဲ့သူက နားလည်မှာပါ။ ဆရာသခင် အရမ်းကျေနပ်တယ်”
“ဒါပေမယ့် ကျွန်တော်ထပ်မေးဦးမယ်… ကျွန်တော်ချောလား?”
ထိုမေးခွန်းကိုထပ်ကြားသောအခါ။
ယဲ့ကျွင်းလင် အကြာကြီးတိတ်ဆိတ်သွားသည်။
ဒီကောင်စုတ်လေး ဘာဖြစ်သွားတာလဲ? ဒီလောက်ဆို ဆက်မေးသင့် မမေးသင့် နားလည်သင့်ပြီမဟုတ်ဘူးလား?
သူ တာအိုကျင့်ကြံရင်း ရူးသွားတာလား? သူ့ရဲ့ စိတ်ခံစားမှု ဉာဏ်ရည်ပိုင်းက တကယ်ကို စိုးရိမ်စရာပဲ!
လီဝူကျယ်၏ မလျှော့သောဇွဲကိုမြင်သောအခါ ယဲ့ကျွင်းလင်သည် ခဏတာစဉ်းစားလိုက်ပြီးမှ အလေးအနက်ပြောလိုက်သည်။ “ဓားတာအိုကျင့်ကြံသူ တစ်ယောက်အနေနဲ့ မင်းကတကယ်ပဲကြည့်ကောင်းပါတယ်!”
လီဝူကျယ် ခဏလောက် ရပ်စဉ်းစားလိုက်သည်။ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသော်လည်း ဆရာသခင်က သူ့ကိုကြည့်ကောင်းသည်ဟု ချီးမွမ်းနေသောကြောင့် အတော်အတန်တော့ ကျေနပ်သွားရသည်သာပင်။
စိတ်အခြေအနေလည်း အတော်လေးကောင်းမွန်သွားရသည်။
ဤသို့ဖြင့် စိတ်ဓာတ်ကျနေသောအတွေးများ ပျောက်ကွယ်သွားပြီး အပြည့်အဝ ပြန်လည်သက်ဝင်တက်ကြွသွားတော့၏။ ဂုဏ်ယူစွာဖြင့် သူ၏ရင်ဘတ်ကို ကော့ချလိုက်ပြီး ဟုန်ချန်ယဲ့ကို အောင်ပွဲခံသည့်အကြည့်ဖြင့် မျက်စတစ်ချက်ပစ်လိုက်သည်။ “မင်းကြားလား? ဆရာသခင်တောင်မှ ငါကြည့်ကောင်းတယ်လို့ ချီးမွမ်းနေတာ!”
“မင်းရဲ့ အလိမ်အညာစကားက အရေးနိမ့်သွားတဲ့သဘောပဲ!”
ဟုန်ချန်ယဲ့က သူ့ကို သနားကရုဏာသက်စွာ ပြန်ကြည့်နေသည်။
သို့သော် သူသည် ဓားတာအိုကျင့်ကြံသူများ၏ ပုံမှန်ရုပ်ရည်ကို ပြန်တွေးမိသွားပြီး သဘောတူညီမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်၊ ဆရာသခင် မှန်ပါတယ်!”