← Chapters

ဓာတ်ငါးမျိုးပေါင်းစပ်ပညာ

Vol. 37 Ch. 542

ဓာတ်ငါးမျိုးပေါင်းစပ်ပညာ

Vol. 37 Ch. 542

မုန်ကျင်းကျိုးတို့သုံးယောက် သိုးကင်စားရင်း လီဟော်ရန် တီထွင်ကြံဆထားသည့် တိုက်ခိုက်နည်းဗျူဟာကို ချီးကျူးအားပေးနေကြသည်။

"အတော်ကောင်းတဲ့နည်းလမ်းပဲ။ လုယန်ကို သာမန်နည်းလမ်းတွေနဲ့ တိုက်ခိုက်လို့မရဘူး"

မုန်ကျင်းကျိုး သဘောကျနေသည်။ လုယန်၏ပြိုင်ဘက်ဟောင်းဖြစ်၍ လုယန်ကို သာမန်နည်းလမ်းများဖြင့် အနိုင်ယူဖို့မဖြစ်နိုင်ကြောင်း သူကောင်းကောင်းသိသည်။ ထူးခြားသည့် အံ့ဖွယ်နည်းလမ်းတစ်ခုခု သုံးရမည်။

"ဒီအရေခွံက အတော်စားကောင်းတာပဲ။ အသားထက်တောင် ပိုကောင်းတယ်"

သိုးရေခွံကိုစားပြီး မုန်ကျင်းကျိုး နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။ ကင်ထားသည့်အမွှေးနံ့က စားချင်စိတ်ကို လှုံ့ဆော်ပေးသည်။ ကိုက်လိုက်ချိန်တွင် ကြွပ်ရွနေသည့် အထိအတွေ့ကို ခံစားရသည်။ အသားပေါ်တွင် ဟင်းခတ်အမွေးအကြိုင်များ သုတ်လိမ်းထားသဖြင့် စွဲမက်ဖွယ်ဖြစ်နေသည်။

သိုးရေခွံအရသာက သိုးသားထက် ပိုကောင်းနေသည်။

"အား..ဟုတ်ပြီ"

တောက်ပနေသည် ရသာသုံးပါးမီးတောက်ကိုကြည့်ရင်း မုန်ကျင်းကျိုး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

ရဲတင်းသည့်လုပ်ရပ်တစ်ခု လုပ်လိုက်သည်။ ဖီးနစ်မီးတောက်တစ်စကို ရသာသုံးပါးမီးတောက်ထဲသို့ ပေါင်းစပ်လိုက်သည်။ မီးတောက်စစ်နှစ်မျိုးပေါင်းစပ်မှုကြောင့် တဖျစ်ဖျစ်အသံများ ထွက်လာသည်။

ဖီးနစ်မီးတောက်အစွမ်းဖြင့် သိုးသားကင်ပေါ်တွင် အရေပြားများ တဖြေးဖြေးပြန်ပေါ်လာသည်။ အရေပြားပြန်ပေါ်လာသလို သိုးကင်ကလည်း ရသာသုံးပါးမီးတောက်ဖြင့် နေရာမလပ်ကင်ထားသည်။ အရင်ထက်ပို၍ အရသာကောင်းလာသည်။

ထိုမြင်ကွင်းကိုကြည့်၍ အရိုးရိုင်းမျက်လုံးတွင် အံ့ဩရိပ်သန်းလာသည်။ ဖီးနစ်မီးတောက်ကို ယခုလိုသုံးနိုင်ကြောင်း သူမတွေးခဲ့မိ။

အရင်ကလည်း အသားကင်သည့်ဖြစ်စဉ်နှင့် ရသာသုံးပါးမီးတောက်ကို သူဆက်စပ်မစဉ်းစားမိခဲ့။ ထိုစဉ်က သူသည် ရသာသုံးပါးမီးတောက်အကြောင်း မသိခဲ့သဖြင့် ထိုသို့ဖြစ်ရသည်ကို နားလည်နိုင်သေးသည်။

သို့သော် နာမည်ကျော်ဖီးနစ်မီးတောက်ကို အသားကင်ရာတွင်သုံးဖို့ မတွေးမိခဲ့သည့်အဖြစ်က တကယ်ရှက်စရာကောင်းသည်။ လောကထဲမှ ကျင့်ကြံသူတိုင်း ဖီးနစ်မီးတောက်စစ်အကြောင်း သိကြသည်။

အရိုင်းမျိုးနွယ်အသားကင်ပညာ၏ အမွေခံတစ်ယောက်အနေဖြင့် အတော်သိက္ခာကျသည်။

အကိုလုနှင့် အကိုမုန်နောက်လိုက်ရသည်မှာ အမြဲတမ်း အသိအမြင်တိုးသည်။

စာပေကျင့်ကြံသူတစ်ယောက်ဖြစ်၍ အရိုးရိုင်းသည့် သူတော်စင်အဆုံးအမများကို အထွတ်အမြတ်ထားသည်။ ကိုယ့်ကိုယ်ကို အမြဲဆင်ခြင်သုံးသပ်၍ တိုးတက်အောင်လုပ်သည်။

လုယန်က လက်လေးဘက်ရှိသည့် လီဟော်ရန်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်။

ထိုမျှထူးခြားသည့် မဟာမှ်ောစွမ်းအားမျိုး လီဟော်ရန် ထုတ်သုံးနေသဖြင့် လုယန်အတော်အခက်တွေ့နေသည်။

"မိုးကြိုးလက်ဝါး"

"တန်ကျားမီးတောက်"

"တာ့ယန်မီးတောက်"

"တစ်ပေဝါးဆစ်"

လက်လေးဘက်ကို မျိုးစုံလှုပ်ရှား၍ မှော်ပညာလေးခုထုတ်သုံးပြီး လုယန်ကို တိုက်ခိုက်နေသည်။

ရွှေငှက်အော်သံ ပေါ်လာသည်။ ရသာသုံးပါးမီးတောက် ထိုးထွက်လာသည်။ ရွှေငှက်က အတောင်များကို ဖြန့်လိုက်သည်။ ငှက်မွှေးတစ်ချောင်းချင်းစီက ဓားတစ်လက်လို ထက်မြက်သည်။ လေထုကိုထိုးခွဲသည်။

မီးတောက်စစ်မျိုးကွဲများဖြစ်သော်လည်း တိုက်ခိုက်စွမ်းအားသိပ်မရှိသဖြင့် တန်ကျာမီးတောက်ရော တာ့ယန်မီးတောက်ပါ လုယန်၏ မီးတောက်စစ်နှင့် ဓားချီ ပူးတွဲတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိ။

မိုးကြိုးလက်ဝါးလည်း ရင်ဆိုင်တွေ့သည်နှင့် ပျောက်ကွယ်သွားသည်။

လီဟော်ရန် ချွန်မြအောင်လုပ်ထားသည့် အစိမ်းရောင်ဝါးဆစ်တစ်ခုသာ အကာအကွယ်ကို ချိုးဖျက်၍ လုယန်လက်မောင်းကို ထိုးဖောက်သွားသည်။

ဝါးစိမ်းကို ဝိညာဉ်အာရုံမှ မြင်ခဲ့သော်လည်း လုယန်၏တုံ့ပြန်မှု နည်းနည်းနှေးသွားသည်။ သူ့လက်မောင်း ဒဏ်ရာရသွားသည်။

"တော်သားပဲ ညီလေးလီ။ ဝါးကို အဆိပ်သုတ်ထားတယ်ပေါ့"

ရွှေငှက်မီးတောက်ဖြင့် လီဟော်ရန်ကိုထိန်းထားရင်း လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ ဖြေဆေးတစ်လုံးထုတ်သောက်လိုက်သည်။

"မတတ်နိုင်ဘူးလေ။ အကိုက အရမ်းစွမ်းအားကြီးတော့ လှည့်ကွက်နည်းနည်းမသုံးရင် ကျုပ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ အကိုလည်း အကို့စွမ်းအားအစစ်ကို ထုတ်မပြရသေးဘူးမဟုတ်လား"

လုယန်နှင့် လီဟော်ရန်တို့ ပြိုင်တူလှုပ်ရျားတိုက်ခိုက်သည်။

စကားပြောရင်း အငိုက်ဖမ်းတိုက်ခိုက်ဖို့ နှစ်ယောက်လုံးစိတ်ကူးထားသည်။ သို့သော် စိတ်ကူးချင်းတူနေသည်။

"အရဟတ်လက်သီး"

လုယန် ထိန်းချုပ်မနေတော့ဘဲ စွမ်းအားကုန်ထုတ်သုံးသည်။ လီဟော်ရန်သည် လက်မှုပညာကျင့်ကြံသူဖြစ်၍ အနီးကပ်တိုက်ခိုက်မှုတွင် လုယန်ကိုမယှဉ်နိုင်။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် ခန္ဓာကျင့်ကြံသူမုန်ကျင်းကျိုးနှင့် စာပေကျင့်ကြံသူအရိုးရိုင်းတို့သာ လုယန်ထက်သာလွန်သည်။

သို့သော် လီဟော်ရန် ချက်ချင်းလှုပ်ရှားသည်။ အရဟတ်လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်၍မရကြောင်း သူကောင်းကောင်းသိသည်။ ချိုင်းအောက်မှ လက်နှစ်ဘက်ကို အမြန်ဆွဲဖြုတ်၍ မှော်လက်နက်အသွင်ခဏပြောင်းပြီး လုယန်ကို ရိုက်သည်။

"ဘုန်း ဘုန်း ဘုန်း"

မျက်တောင်တစ်ခတ်အတွင်း ဆယ်ကြိမ်ကျော် ရင်ဆိုင်တိုက်ခိုက်ကြသည်။ သို့သော် ယာယီမှော်လက်နက်များက အရဟတ်လက်သီးကို မယှဉ်နိုင်။ လီဟော်ရန် လွင့်ထွက်သွားသည်။

သို့သော် အကောင်းဘက်မှကြည့်လျှင် လီဟော်ရန်သည် ဆံပင်တုတပ်ထားသူဖြစ်၍ လုယန်၏အရဟတ်လက်သီးနှင့် ရင်ဆိုင်ရသော်လည်း ဆံပင်ကျွတ်ခြင်းမရှိ။

"ခြောက်ပေရွှေခန္ဓာစွမ်းအား"

လုယန် ပေါ့ပါးစွာအော်ဟစ်၍ ရွှေခန္ဓာတစ်ခု ဆင့်ခေါ်သည်။ ရွှေခန္ဓာက ကောင်းကင်မှကျလာပြီး လီဟော်ရန်ကို အခိုင်အမာဖုံးအုပ်သွားသည်။

"သစ်ပင်ကိုယ်ပွား"

လုယန် မြေထဲသို့အောင်းသွားသည်။ သစ်စေ့တစ်ခု အပင်ပေါက်လာသည်။ လုယန်နှစ်ယောက် ပေါ်လာသည်။

"ကျန်တာကို မင်းပဲတာဝန်ယူတော့"

လုယန်က သူ့ကိုယ်ပွားနှင့် လက်သီးချင်းထိ၍ နှုတ်ဆက်သည်။ ကိုယ်ပွားက ခေါင်းတစ်ချက်ငြိမ့်ပြီး မြေထဲသို့အောင်းသွားသည်။ မြေနဂါးတစ်ကောင်ကဲ့သို့ လီဟော်ရန်ဆီ အမြန်ချဉ်းကပ်လာသည်။

"မြေထွက်ပြေးပညာ"

လီဟော်ရန် ထိတ်လန့်ခြင်းမရှိ။ မြေချုံ့ပညာမတတ်သော်လည်း‌ မြေထွက်ပြေးပညာကို တတ်ထားသည်။

ရွှေခန္ဓာ၏ တစ်ခုတည်းသောအားနည်းချက်က အောက်ဘက်မြေပြင်ကို မပိတ်ဆို့နိုင်ခြင်းဖြစ်သည်။ မြေထွက်ပြေးပညာတတ်ကျွမ်းသူတိုင်း ရွှေခန္ဓာထဲမှ ထွက်ပြေးနိုင်သည်။

ထိုစဉ် လုယန်ကိုယ်ပွားက မြေအောက်မှ ရောက်လာပြီး ရွှေခန္ဓာကို စက်ဝိုင်တစ်ပတ်လှည့်သည်။

"မြေပြင်ထောင်ဆွဲစွမ်းအား"

ရွှေခန္ဓာအောက်ဘက်မှနေရာက အကျဉ်းထောင်ဖြစ်သွားသည်။ လီဟော်ရန် ထွက်ပြေး၍မရတော့။ မြေပေါ်သို့ သူပြန်တက်လာရသည်။

ယခု ရွှေခန္ဓာတွင် အားနည်းချက်လုံးဝမရှိတော့။

လီဟော်ရန် မကျေမနပ်လေသံဖြင့်

"အသစ်မွေးဖွားစ ကိုယ်ပွားတစ်ခုက ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

လုယန်ကိုယ်ပွား မြေကြီးထဲမှထွက်ပြီး ရွှေခန္ဓာထဲဝင်လာသည်။

လီဟော်ရန်၏လက်မောင်း ကျောက်စိမ်းဖြူကဲ့သို့ အသွင်ပြောင်းသွားပြီး လုယန်ကိုယ်ပွားကို ထိုးလိုက်သည်။

လုယန်ကိုယ်ပွားက ပုံစံလုံးဝမပျက်။ သူ့ကိုယ်ပိုင်ခန္ဓာမဟုတ်သလို ဖြစ်နေသည်။

"စကြာဝဠာလက်ဝါး"

ညာလက်ကို ဆန့်ထုတ်သည်။ လက်ဝါးထဲမှ ကန်ရေ(‌ရေချို)များ ဒလဟော ထိုးကျလာပြီး ရွှေခန္ဓာထဲတွင်ချက်ချင်းပြည့်သွားသည်။

"မဖြစ်နိုင်ဘူး။ စကြာဝဠာလက်ဝါးက ရေသိုလှောင်နိုင်ပေမယ့် အခု ဘယ်ရေကန်နှင့်မှ အဆက်အစပ်မရှိဘူး။ မင်းက အသစ်မွေးဖွားစကိုယ်ပွားပါ။ ရေကိုဘယ်တုန်းက စုပ်ယူ-"

ပြောနေရင်းမှာပင် လုယန်နှင့်ကိုယ်ပွား လက်သီးချင်းရိုက်ခဲ့သည်ကို လီဟော်ရန် ပြန်သတိရလာသည်။

အံ့ဩစရာမရှိတော့။ လုယန်သည် လက်ဝါးထဲတွင် ရေကိုကြိုတင်သိုလှောင်ထားခဲ့ပြီး ကိုယ်ပွားနှင့် လက်သီးချင်းရိုက်ချိန်တွင် ရေလွှဲပြောင်းပေးခဲ့ခြင်းဖြစ်မည်။

သူပေါ့ဆလွန်းသည်။

"ရေခွဲပညာ"

အသက်သုံးရှူစာအတွင်း ရွှေခန္ဓာထဲတွင်ပြည့်နေသည့် ကန်ရေများ ပျောက်ကွယ်၍ ဟိုဒရိုဂျင်နဲ့ အောက်ဆီဂျင်အဖြစ် ပြောင်းလဲသွားသည်။

ငှက်အော်သံတစ်ချက်ထွက်လာသည်။ ရွှေခန္ဓာထဲတွင် ရွှေရောင်မီးတောက်တစ်ခု ထိုးထွက်လာပြီး ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခု ဖြစ်လာသည်။ ရွှေခန္ဓာအတွင်းပိုင်းမှာပင် အက်ကြောင်းများ ပေါ်လာသည်။

"တကယ်ဆိုးတာပဲ။ လုယန်ရဲ့မှော်ပညာက စွမ်းအားကြီးလှချည်လား"

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ပေါက်ကွဲသည့်နေရာ ကျဉ်းမြောင်းလေ ပေါက်ကွဲအားပိုပြင်းထန်လေဖြစ်မှန်း သူနားလည်သည်။

"ဒါတင်မကသေးဘူး။ အကိုလုခွဲထုတ်လိုက်တဲ့ ဓာတ်ငွေ့နှစ်မျိုးကလည်း ပေါက်ကွဲမှုကို အားဖြည့်ပေးခဲ့တယ်ထင်တယ်"

ထောင်ယော်ယဲ့ အလေးအနက်လေသံဖြင့်ပြောသည်။ ရွှေငှက်မီးတောက်စစ်တစ်ခု၏ ပေါက်ကွဲမှုသည် ထိုမျှမပြင်းထန်သင့်။ အားဖြည့်လောင်စာမျိုးရှိ၍သာဖြစ်မည်။

"ဒါက သင်ကြားရေးအကြီးအကဲပြောတဲ့ ဓာတ်ငါးမျိုးပေါင်းစပ်ပညာဆိုတာလား"

အရိုးရိုင်း အံ့အားသင့်နေသည်။ ရွှေခန္ဓာ၊ သစ်သားကိုယ်ပွား၊ ရေခွဲပညာ၊ မီးတောက်စစ်၊ မြေအောက်အကျဉ်းထောင်။ ဓာတ်ငါးမျိုးပညာ အပြည့်အစုံပါဝင်နေသည်။

လုယန် ရွှေခန္ဓာကို ပြန်ရုတ်သိမ်းသည်။ မည်းနက်နေသည့် အလောင်းနှစ်ခုသာ ပေါ်လာသည်။

"ညီလေးလီ၊ ဟန်ဆောင်မနေနဲ့တော့။ ခုနက မှော်ပညာတစ်မျိုးသုံးပြီး မင်းထွက်ပြေးသွားတာ ငါမြင်တယ်"

လုယန် ပြုံးနေသည်။ ရွှေခန္ဓာထဲမှ လှုပ်ရှားမှုများကို အစအဆုံး သူကြည့်နေခဲ့သည်။

ပေါက်ကွဲမှုမဖြစ်ခင်အချိန်လေးတွင် လီဟော်ရန်က အရိပ်ပြောင်းပညာလို မှော်ပညာတစ်ခုသုံး၍ သူ့ကိုယ်ပွားနှင့် ခန္ဓာအစစ်ကို နေရာချင်းလဲခဲ့သည်။

လီဟော်ရန်၏ကိုယ်ပွားတစ်ခု မြေအောက်တွင် မြှုပ်ထားသည်ကို အစောကြီးကတည်းက လုယန် အာရုံခံမိခဲ့သည်။ သူ့ကို အလစ်တိုက်ခိုက်ဖို့ ရည်ရွယ်ထားခြင်းဖြစ်မည်။

သို့သော် ထိုကိုယ်ပွားကို အသုံးချခွင့်မရခဲ့။ အသက်ကယ်နည်းလမ်းတစ်ခုသာ ဖြစ်လာသည်။

"ဘုတ်"

လုယန်နောက်ဘက်မှ မသဲမကွဲအသံတစ်ခု ကြားရသည်။ လီဟော်ရန် မြေကြီးထဲမှထွက်လာသည်။

"အတော်ကြောက်စရာကောင်းတဲ့စွမ်းအားပဲ။ လီဟော်ရန် နည်းနည်းထိတ်လန့်နေဆဲဖြစ်သည်။ လုယန် စွမ်းအားလျှော့ထားခဲ့မှန်းသူသိသည်။ မလျှော့ခဲ့လျှင် သူရင်ဆိုင်ရမည်က ရွှေငှက်မီးတောက်တစ်ခုတည်းမဖြစ်နိုင်။ မီးတောက်လေးငါးခုအပြင် ရသာသုံးပါးမီးတောက်ပါ စောင့်ကြုံနေပေလိမ့်မည်။

"ငါတို့ဆက်တိုက်ခိုက်ကြမလား"

လုယန် နောက်လှည့်ကြည့်ပြီး ပြုံး၍မေးသည်။

"တိုက်မှာပေါ့။ ကျုပ်က-"

လီဟော်ရန် အညံ့ခံဖို့ စိတ်ကူးမရှိ။ သို့သော် သူ့ခေါင်းထဲ ရုတ်တရက် မူးဝေလာပြီး ခြေလှမ်းယိမ်းယိုင်လျက် လဲကျမတတ်ဖြစ်သွားသည်။

"ငါအဆိပ်မိထားတာပဲ...မဟုတ်သေးဘူး။ ဒါက ဘာဖြစ်တာလဲ"

ခန္ဓာကိုယ် တစ်ခုခုမူမမှန်ကြောင်း လီဟော်ရန် အာရုံခံမိသည်။ ဆက်မတိုက်ခိုက်နိုင်တာ့။ သို့သော် အဆိပ်မိသည့်လက္ခဏာမျိုးလည်းမဟုတ်။

ဘာဖြစ်နေသည်မသိ။

"ညီလေးလီ၊ အသက်ချီဟာ သက်ရှိတွေအတွက် အရေးကြီးတယ်။ ဒါပေမယ့် အသက်ချီလွန်ကဲရင် မကောင်းဘူးဆိုတာ မင်းသိလား။ ခေါင်းမူးလာမယ်၊ ရင်ဘတ်ထဲတင်းကြပ်လာမယ်၊ အဲလိုလက္ခဏာတွေပြလာမယ်။

တိုက်ပွဲစကတည်းက ရေခွဲပညာသုံးပြီး လေထုထဲက ရေငွေ့အားလုံးကို 'ပေါ့ပါးလေငွေ့'နဲ့ 'အသက်ချီ'ဖြစ်အောင် ငါဖြိုခွဲနေတာ။ အသက်ချီဓာတ်ပမာဏ မြင့်တက်လာတော့ မင်းခံနိုင်ရည်မရှိတော့ဘူးလေ။

မင်းသာနည်းနည်းသတိထားပြီး‌ စောင့်ကြည့်ခဲ့ရင် ပွဲစကတည်းက ငါအသက်အောင့်ထားတာကို မင်းရိပ်မိခဲ့မှာပဲ။

ကဲ...ဘယ်လိုလဲ။ ဆက်ပြီးတိုက်ခိုက်ချင်သေးလား"

"ကျုပ်အရှုံးပေးပါတယ်"

*******************************

All Chapters