← Chapters

ဓာတ်ငါးမျိုး တိုက်ခိုက်ရေးပညာ

Vol. 37 Ch. 544

ဓာတ်ငါးမျိုး တိုက်ခိုက်ရေးပညာ

Vol. 37 Ch. 544

ဓာတ်ကိုယ်စားပြုတည်နေရာ သတ်မှတ်ပြီးနောက် အကြီးအကဲက သူတို့ငါးယောက်ကို အခန်းအပြင်ဘက်သို့ ခေါ်သွားသည်။ ကြိုတင်သတ်မှတ်ထားသည့် ဓာတ်ငါးမျိုးအစီအစဉ်အတိုင်း ရပ်ခိုင်းသည်။ ထို့နောက် လက်နှစ်ဘက်နောက်ပစ်၍ အသံကျယ်ကျယ်ဖြင့် ပြောသည်။

"ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မြင့်မားဖို့အတွက် အရင်ဆုံး ကိုယ့်အကြောင်းကိုသိဖို့နဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိထားဖို့လိုတယ်။

မင်းတို့ငါးယောက်က အသက်အရွယ်ချင်း ကျင့်စဉ်စွမ်းအားချင်း အတူတူလောက်ပဲ။ ဒီတော့ ဒီပထမအဆင့်က လွယ်ကူမှာပါ။

မင်းတို့စွမ်းအင်ရောင်တွေ ထုတ်လွှတ်ပါ။ ကိုယ့်အဖော်လေးယောက်ရဲ့ စွမ်းအင်ရောင်ကို သေချာအာရုံခံကြ"

လုယန်တို့ တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ပြီး အာရုံစုစည်းလျက် စွမ်းအင်ရောင် ထုတ်လွှတ်ကြသည်။ ဘေးပတ်လည်မှ စွမ်းအင်ရောင်လှုပ်ရှားမှုကို ဝိညာဉ်အာရုံဖြင့် ခံစားသည်။

"ဟ...ဝိညာဉ်စွမ်းအားဒီလောက်တောင်အားကောင်းတာလား"

အကြီးအကဲ နည်းနည်းအံ့အားသင့်သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ဝိညာဉ်အာရုံများက အထူးခြားဆုံးဖြစ်သည်။ တစ်ခြားလူများထက် များစွာပိုအားကောင်းသည်။

ထို့ပြင် လုယန်၏ဝိညာဉ်စွမ်းအားက မုန်ကျင်းကျိုးထက်ပင် ပိုအားကောင်းသေးသည်။ အပြတ်အသတ်ကွာခြားနေသည်။

"ဝိညာဉ်စွမ်အားဟာ ကျင့်ကြံရအခက်ဆုံးပဲ။ ဒီအတိုင်းအတာထိ ကျင့်ကြံနိုင်တဲ့နည်းလမ်းမျိုး ငါတစ်ခါမှ မကြားဖူးဘူး။ ဒီကောင်လေးနှစ်ယောက် ဘယ်လိုများကျင့်ကြံခဲ့တာလဲ။

အင်း...မုန်ကျင်းကျိုးက တစ်ကိုယ်တော်ဝိညာဉ်မြစ်။ တာအိုလမ်းစဉ်ဂိုဏ်းကပေးတဲ့ အချက်အလက်အရ သူက တစ်ခါမှမရှိခဲ့ဖူးတဲ့ တစ်ကိုယ်တော်အမွှာရွှေသန္ဓေ တည်ဆောက်ခဲ့တယ်။

ယန်ချီနဲ့ ဆန္ဒစွမ်းအား ပြင်းထန်တယ်။

တစ်ကိုယ်တော်ဝိညာဉ်မြစ်ဆိုတော့ သူ့ဆန္ဒတွေကို အမြဲတမ်းထိန်းချုပ်ရမှာပဲ။ ဒီလိုလေ့ကျင့်ခဲ့လို့ သူ့ဝိညာဉ်စွမ်းအား(စိတ်စွမ်းအား) အားကောင်းနေတာလည်း သဘာဝကျပါတယ်လေ။

...လုယန်ကရော ဘယ်လိုကျင့်ကြံနိုင်တာလဲ...ယွမ်ကျိရဲ့ လျှို့ဝှက်ပညာလား..ဒါမှမဟုတ် ဝစီပိတ် အမှတ်မထင်တွေ့ခဲ့တဲ့ နည်းလမ်းလား"

နတ်မယ်နှိပ်စက်ညှင်းပန်းခြင်းခံရသည့် လုယန်သည် ဝိညာဉ်စွမ်းအား အတော်ကောင်းသည်။ အာရုံထက်မြက်သည်။ သူ့စွမ်းအင်ရောင်ကို ဖုံးကွယ်စရာမလိုပဲ သူ့အဖော်လေးယောက်၏ အခြေအနေကို အာရုံခံနိုင်သည်။

လေးယောက်လုံး ရွှေသန္ဓေနောက်ဆုံးဆင့်ထိ ကျင့်ကြံထားသည်။ ချီစုစည်းအဆင့်တွင် ချော်ရည်ကန်ထဲ တစ်နှစ်စိမ်ခဲ့ရသည့် လီဟော်ရန်ပင် စကျင့်ကြံပြီးနောက် တစ်ခြားလူများကို အမီလိုက်နိုင်ခဲ့သည်။

မုန်းကျင်းကျိုး၏ ပြင်းထန်သည့်သွေးချီနှင့် ယန်ချီကို လုယန်ခံစားမိသည်။ သရဲဝိညာဉ်များ တစ်ချက်ကြည့်မိရုံဖြင့် ပြာကျသွားလောက်အောင် ကြောက်စရာကောင်းသည်။

သို့သော် သရဲဝိညာဉ်အားလုံး မုန်ကျင်းကျိုးကို ကြောက်သည်တော့မဟုတ်။ ဥပမာ နတ်မယ်သည် သူ့ကိုလုံးဝမကြာက်။

နောက်တစ်နာရီကြာပြီးနောက် အားလုံးမျက်လုံးပွင့်လာသည်။ တစ်ခြားလူများ၏ စွမ်းအင်ရောင်ကို နားလည်သွားကြသည်။

"ကဲအခု.. ဒုတိယအဆင့်က ဝိညာဉ်စွမ်းအားလွှဲပြောင်းတာပဲ"

အကြီးအကဲက သူတို့ငါးယောက်ကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ အစဉ်အတိုင်း တန်းစီရပ်စေသည်။ အရိုးရိုင်းကစ၍ လီဟော်ရန် ကျောပြင်ကို လက်ဝါးနှစ်ဘက်ကပ်သည်။

ဝိညာဉ်စွမ်းအား စတင်လွှဲပြောင်းသည်။ ထိုအတိုင်း ရှေ့ဆက်သွားသည်။ နောက်ဆုံးတွင် ထောင်ယော်ယဲ့က သူ့ဝိညာဉ်စွမ်းအားကို တစ်ခြားလူများ၏စွမ်းအားနှင့်အတူ လုယန်ဆီ လွှဲပြောင်းပေးလိုက်သည်။

လုယန်မျက်လုံးများ ချက်ချင်းနီရဲလာသည်။ ကြိုတင်ပြင်ဆင်ထားသည့်တိုင် ရုတ်တရက် ထိုးတက်လာသည့် ဝိညာဉ်စွမ်းအားပမာဏကြောင့် အကိုက်မိသွားသည်။ သူ့ခံနိုင်ရည် ဂိတ်ဆုံးသို့ရောက်သွားသည်။

"စွမ်းအင်အားလုံးထုတ်လွှတ်လိုက်"

အကြီးအကဲက အော်ဟစ်အမိန့်ပေးသည်။

လုယန် ချင်ဖုန်းဓားကိုဆွဲထုတ်သည်။ ဝိညာဉ်နှင့်စွမ်းအင် တစ်သားတည်းဖြစ်သွားသည်။ ဓားရိပ်က တောက်ပသည့်ကြာပွတ်တစ်ခုကဲ့သို့ ချက်ချင်းမြင့်တက်သွားသည်။

"ခွဲဓား"

လူငါးယောက်၏ ဝိညာဉ်စွမ်းအားက ဓားချီအသွင်ပြောင်းပြီး အောက်သို့အရှိန်ပြင်းစွာ ထိုးကျလာသည်။

"ဘုန်း"

ဆယ်မီတာရှည်သည့်ဓားရိပ်က လေထုကို ရေတံခွန်လို့ ထိုးခွဲသွားသည်။ အဆုံးစမဲ့စွမ်းအားဖြင့် ရိုက်ခတ်သည်။ လေနှင့်တိမ်တိုက်များ လှုပ်ရှားသွားသည်။ နားကွဲမတတ် ရိုက်ခတ်သံတစ်ခု မြည်ဟိန်းသွားပြီး မြေပြင်တွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသည်။

ထိုဓားချက်ထုတ်လွှတ်ပြီးနောက် ငါးယောက်လုံး၏ ဝိညာဉ်စွမ်းအား အဆုံးထိထိုးကျသွားသည်။ ခြေထောက်များ ခွေယိုင်လာပြီး မြေပြင်ပေါ် ထိုင်လိုက်ရသည်။ သို့သော် မြေပြင်မှအက်ကြောင်းကိုကြည့်၍ အရူးများလို တဟားဟားရယ်မောနေကြသည်။

ထိုဓားချက်၏ စွမ်းအားကို လုယန်ပင် အံ့ဩရသည်။ သူသုံးဖူးသမျှတွင် အပြင်းထန်ဆုံး ဓားချက်ဖြစ်သည်။

"ငါ့ဓားချက်ကို မြင်ကြလား။ ဒီဓားချက်က ဒီလိုစွမ်းအားမျိုးရှိမယ်ဆိုတာ ငါကြိုသိနေတယ်"

"မင်းဓားချက်က ဘာထူးခြားလို့လဲ။ အရိုးရိုင်းနဲ့လီဟော်ရန်ပို့လွှတ်တဲ့ ဝိညာဉ်စွမ်းအားတွေ ငါ့ခန္ဓာကိုယ်ကို လွှမ်းမိုးတော့မလိုဖြစ်ခဲ့တာ။ ဖီးနစ်မီးတောက်နဲ့ ငါ့သွေးကြောတွေကို ပြန်ကုစားပြီး စွမ်းအားပြယ်အောင် လုပ်ခဲ့ရတယ်။

အရိုးရိုင်း...မင်းပို့ပေးတဲ့ဝိညာဉ်စွမ်းအားက များလွန်းတယ်ကွ"

"ကျုပ်က ပိုစွမ်းအားကြီးစေချင်လို့ပါ"

ငါးယောက်လုံး ပျော်ရွှင်နေသည်။ မျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်မျိုးပေါ်နေသည်။ ခုနက သူတို့ပံ့ပိုးခဲ့ပုံကို ပြန်စမြုံ့ပြန်နေသည်။

အကြီးအကဲက မဟာအားဖြည့်ဆေးတစ်ပုလင်းစီပေးပြီး ကျေနပ်စွာခေါင်းငြိမ့်သည်။

"ပထမဆုံးပူးပေါင်းတိုက်ခိုက်မှုအနေနဲ့ကြည့်ရင် ဒီဓားချက်က အတော်ကောင်းပါတယ်။ မင်းတို့နောက်တစ်ဆင့်ထပ်လုပ်ရမှာက နည်းနည်းထိန်းချုပ်ဖို့ပဲ။ မင်းတို့ဝိညာဉ်စွမ်းအင်အားလုံး အကုန်မပို့နဲ့။

ဒီဓာတ်ငါးမျိုးပူးပေါင်းတိုက်ခိုက်ရေးပညာပေါ်ထွက်ခဲ့တာ အတော်ကြာပြီ။ အကြီးအကဲစုန့်နဲ့ တစ်ခြားဓာတ်ငါးမျိုးအကြီးအကဲတွေက ဒီပညာကိုမကြာခဏသုံးတယ်။ သူတို့တောင် စွမ်းအားပြည့်တိုက်ခိုက်မှုမျိုးကို ခုနစ်ကြိမ်ရှစ်ကြိမ်‌လောက်ပဲ ထုတ်သုံးနိုင်တာ။ အဲဒါကလည်း သူတို့မလွှဲသာတဲ့အခြေအနေတွေမှာ သုံးခဲ့တာ"

"အင်အားကြီးရန်သူနဲ့ တွေ့ခဲ့လို့လား"

"မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲတွေနဲ့ တွေ့ခဲ့တာပါ။ အင်း...ပြီးတော့ ဝစီပိတ်ရောပေါ့"

အရေးကြီးသည့်လူကို အကြီးအကဲက ထပ်ဖြည့်ပြောသည်။

ထိုစဉ်က တိုက်ပွဲအကြောင်း ပြန်တွေးရင်း အကြီးအကဲ စုပ်သပ်နေသည်။

တကယ်စိတ်ကျေနပ်စရာကောင်းသည်။

"ကျွန်မတို့ဂိုဏ်းချုပ်က ပြဿနာရှာထားလို့လား"

ထောင်ယော်ယဲ့က မေးသည်။

ဓာတ်ငါးမျိုးအကြီးအကဲငါးယောက် ဓာတ်ငါးမျိုးပူးပေါင်းပညာဖြင့် စွမ်းအားပြည့် တိုက်ခိုက်ခဲ့သည်ဆိုလျှင် အတော်ရန်ငြှိုးကြီး၍သာဖြစ်ရမည်။

"လွန်ခဲ့တဲ့ နှစ်ခုနစ်ရာလောက်က ဖြစ်ခဲ့တာပါ။ ဝစီပိတ်က မင်းတို့ရဲ့ ပဥ္စမအကြီးအကဲ အဋ္ဌမအကြီးအကဲကိုခေါ်ပြီး ဗုဒ္ဓနိုင်ငံကိုသွားတယ်။ ဘုံကျောင်းတစ်ခုဆောက်တယ်။ တရားဝင်ဆောက်တာလားဘာလားတော့ မသိဘူး။ ဘုံကျောင်းတော့ဆောက်တယ်။

ဘုံကျောင်းက အရမ်းစည်ကားတယ်။ ကြော်ငြာသတင်းဖြန့်တာ ကောင်းလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လာပူဇော်ကန်တော့တဲ့လူတွေ အများကြီးပဲ"

"ပြဿနာကဘာလဲ"

"ပြဿနာက ဒီဘုံကျောင်းကို ဝစီပိတ်က ကိုယ်တွင်းအင်္ဂါငါးမျိုးဘုံကျောင်းလို့ နာမည်ပေးတယ်။ ကျောင်းထဲမှာ အကြီးအကဲစုန့်တို့ ဓာတ်ငါးမျိုးအကြီးအကဲငါးယောက်ရဲ့ ရုပ်ထုတွေကိုထားတယ်။

ဒီတော့ ဗုဒ္ဓနိုင်ငံက ဓာတ်ငါးမျိုးဂိုဏ်းဟာ သူတို့စီးပွားရေးကို မသမာနည်းနဲ့ ခိုးယူနေတယ်လို့ ထင်လာတယ်။ တော်ဝင်ရုံးတော်နဲ့အတူ နိုင်ငံတကာဖမ်းဆီးမိန့်ထုတ်ဖို့တောင် လုပ်ခဲ့ကြတယ်။

ဒါပေမယ့် လောင်ချိုး(ချိုးကျင်အန်း)က အချိန်မီ ကြားဝင်ဖြေရှင်းပြီး အကြောင်းရင်းကို ရှင်းပြခဲ့တယ်။

ဝစီပိတ်က အရိုက်ခံနေရတဲ့အချိန်မှာပြောတယ်။ ယုံကြည်မှုစွမ်းအင်ကို ဓာတ်ငါးမျိုးအကြီးအကဲငါးယောက် ခံစားနိုင်သလားသိချင်လို့ စမ်းကြည့်တာပါတဲ့"

လုယန်၏ အားကောင်းသည့်ဓားချက်ကိုကြည့်၍ နတ်မယ် စိတ်ဝင်တစားပြုံးနေသည်။

"ဓာတ်ငါးမျိုးပူးပေါင်းတိုက်ကွက်က အားသာချက်တစ်ချို့ရှိတယ်။ ဆန်းသစ်တယ်။ ကိုးဆမသေမျိုးလည်း ဒီလိုပညာမျိုး တီထွင်ခဲ့ဖူးတယ်"

လုယန် ကျောရိုးထဲမှ စိမ့်တက်လာသည်။ ဓာတ်ငါးမျိုးပူးပေါင်းစွမ်းအားကို သူကိုယ်တွေ့ကြုံပြီးဖြစ်သည်။ တကယ်စွမ်းအားကြီးသည်။

ကိုးဆမသေမျိုးသည် မသေမျိုးတစ်ယောက်ဖြစ်၍ အတွေးအမြင်က ပိုကျယ်ပြန့်သည်။ သူဘယ်လိုစွမ်းအားမြင့်ပညာမျိုး ဖန်တီးခဲ့သည်မသိ။

"ဆက်ပြောပါဦး နတ်မယ်"

"အရင်က ငါတို့မသေမျိုးငါးယောက် ကျင့်စဉ်အတွေ့အကြုံတွေ ဆွေးနွေးဖလှယ်ကြတယ်။ ကိုးဆမသေမျိုးက စိတ်ကူးတစ်ခုပြောတယ်။ ယင်ဓာတ်ရယ်၊ ယန်ဓာတ်ရယ် ဓာတ်ငါးမျိုးရယ်ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်တွေအတွက် ပညာရပ်တစ်ခု တီထွင်ဖို့အဆိုပြုတယ်။ ဒီပညာကိုနားလည်ရင် ယင်ယန်နဲ့ဓာတ်ငါးမျိုးနယ်ပယ်မှာ သိသိသာသာ တိုးတက်လာမယ်လေ"

"သူတီထွင်နိုင်ခဲ့လား"

လုယန် စိတ်အားထက်သန်စွာမေးသည်။

"အင်း..ကျားကစားနည်းပညာရပ် ပေါ်လာတယ်လေ။ နင်ကစားဖူးလား"

လုယန် "..."

လုယန်တို့ငါးယောက် စွမ်းအားပြန်ပြည့်လာပြီးနောက် အကြီးအကဲက ပူးပေါင်းတိုက်ခိုက်မှုပညာကို ထပ်လေ့ကျင့်ခိုင်းသည်။ သို့သော် အရင်တစ်ကြိမ်လို စွမ်းအင်အားလုံးမထုတ်ဘဲ ထိန်းချုပ်တတ်အောင် ကြိုစားခိုင်သည်။

လေးငါးကြိမ် လေ့ကျင့်ပြီးနောက် ပို့လွှတ်သည့်ဝိညာဉ်စွမ်းအားပမာဏကို သူတို့ထိန်းချုပ်နိုင်လာသည်။

"တတိယအဆင့်ကိုသွားမယ်။ ခုနက ရပ်ခဲ့တဲ့အစဉ်အတိုင်း ပြန်တန်းစီပါ။ စက်ဝိုင်းပုံဖော်ပါ။ လုယန်၊..မင်းက မုန်ကျင်းကျိုး နောက်ကျောဘက်မှာရပ်တဲ့အနေအထား ဖြစ်သွားမယ်။

မင်းတို့ငါးယောက်လုံး ကိုယ်ရှေ့ကလူဆီ ဝိညာဉ်စွမ်းအား ပို့လွှတ်ပါ။ အမြန်နှုန်းနဲ့ ပမာဏကို ထိန်းချုပ်ပါ။ ပို့လွှတ်တာမြန်လွန်းရင် ဒါမှမဟုတ် စွမ်းအားများလွန်းရင် ရှေ့ကလူက ခံနိုင်မှာမဟုတ်ဘူး"

*****************************

All Chapters