ဓာတ်ငါးမျိုး တိုက်ခိုက်ရေးပညာ
Vol. 37 Ch. 545
အခန်း (၅၄၅) အရောင်းအဝယ်မရှိလျှင် သတ်ဖြတ်မှုမရှိ
ငါးယောက်လုံး ကိုယ့်ရှေ့မှလူဆီ ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ကြသည်။ ပို့လွှတ်ရာတွင်စိုက်ထုတ်ရသည့် အင်အားကြောင့် အချိန်ကြာလာသည်နှင့် တဖြေးဖြေး ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် လုယန်က ကောင်းကင်မျိုးပညာကို ကျန်လေးယောက်အား သင်ထားခဲ့သည်။ ဝိညာဉ်စွမ်းအားလွှဲပြောင်းရင်း ပါးစပ်ကိုကျယ်ကျယ်ဟ၍ ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည်။ သူတို့ငါးယောက် မိစ္ဆာဝင်ပူးကပ်ခံရနေသလောဟု သင်ကြားအကြီးအကဲ ထင်မိသည်။
စွမ်းအင်လွှဲပြောင်းခြင်းသည် အပြန်အလှန်အင်အားဖြည့်ခြင်းလည်းဖြစ်သည်။ လုယန်၏ ဝိညာဉ်စွမ်းအင်သည် ကိုယ်ပိုင်စွမ်းအင်ချည်းမဟုတ်တော့။
တစ်ခြားလေးယောက်၏ စွမ်းအင်များလည်း ပါနေသည်။ တစ်ခြားလေးယောက်လည်း သူ့လိုပင်ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ငါးမျိုး ရောစပ်နေသည်။
ထိုအနေအထားသို့ မြန်မြန်ရောက်လာမည်ဟု အကြီးအကဲ ထင်မထားခဲ့။
"ကဲ အခု...တတိယအဆင့်ကို စပြီ။ စွမ်းအားပေါင်းစပ်တာကို လေ့ကျင့်ကြမယ်..."
.......
"မသေမျိုးငါးဂိုဏ်း ပညာရပ်နှီးနှောဖလှယ်တဲ့ သတ်မှတ်ကာလက ကုန်တော့မယ်။ ရှောင်လုတို့ငါးယောက်က ဓာတ်ငါးမျိုးဂိုဏ်းကို ရောက်နေပြီ။ စွန်စီးဘုံကျောင်းက ရှီချန်းက ဘာလို့ရောက်မလာသေးတာလဲ"
သတင်းအစီရင်ခံစာများ စစ်ဆေးရင်း တိုင်ပုဖန်စဉ်းစားသည်။
"ကိစ္စတစ်ခုခု ပေါ်လာလို့များလား"
.....
ရုပ်သွင်ခံ့ညားသည့် ကိုယ်တော်တစ်ယောက် သားသတ်ရုံမှထွက်၍ အနီးဆုံးလှေပျံ'ဆိပ်ကမ်း'သို့ သွားသည်။
"အနံ့က မွှေးလှချည်လား"
သူ့နှာသီးဝများ ရှုံ့ချည်ပွချည်ဖြစ်လာသည်။ စားသောက်ဆိုင်တစ်ခုဘေးမှ သူဖြတ်လျှောက်နေသည်။ လူအစည်ကားဆုံး မွန်းတည့်ချိန်ဖြစ်သည်။ အစားအသောက်နံ့ကြောင့် သူ့ခြေလှမ်းများရပ်သွားသည်။
အစာတစ်နပ်စားရုံဖြင့် လှေပျံစီးချိန် နောက်ကျမည်မထင်။
ချက်ချင်း ခြေလှမ်းများကို ဦးတည်ရာပြောင်း၍ ဆိုင်ထဲသို့ဝင်သွားသည်။
"စားပွဲထိုး၊ ဒီမှာ စားပွဲလွတ်ရှိသေးလား"
"ကိုယ်တော် နေရာမှန်ကိုရောက်လာတာပဲ။ ကျုပ်တို့ မိုင်တစ်ထောင်ရနံ့စားသောက်ဆိုင်က သက်သတ်လွတ်ဟင်းတွေဟာ ပြိုင်ဘက်ကင်းပါ"
"သက်သတ်လွတ်ဟင်းမစားချင်ဘူး။ အမဲနှပ်နှစ်ပေါင်၊ ဝက်ခြေထောက်ကင်တစ်ပွဲ၊ သိုးကလီစာခေါက်ဆွဲတစ်ပွဲပေးပါ"
စားပွဲထိုးက ဗုဒ္ဓကိုယ်တော်ကို တအံ့တဩကြည့်သည်။ နားကြားမှားသည်ဟု ထင်လိုက်သည်။
ယနေ့ခေတ်တွင် ဘုန်းကြီးအယောင်ဆောင်ထားသည့်လူများ မရှားပါ။ သို့သော် ထိုမျှပြောင်ပြောင်တင်းတင်းအယောင်ဆောင်သူကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
သို့သော် ထိုကိစ္စ သူနှင့်မဆိုင်။ ဖောက်သည်မှာသည့်အတိုင်း ပြင်ဆင်ပေးရုံသာရှိသည်။
"ခဏစောင့်ပါ ကိုယ်တော်"
သိပ်မကြာမီ အမဲနှပ်၊ ဝက်ခြေထောက်ကင်၊ သိုးကလီစာခေါက်ဆွဲများ ရောက်လာသည်။ ဗုဒ္ဓကိုယ်တော်က အားလုံးကို အေးအေးလူလူစားသည်။
"ကိုယ်တော်၊ အားလုံး ကြေးပြားခြောက်ဆယ့်ခြောက်ပြားပါ"
ဗုဒ္ဓကိုယ်တော်က ပါးစပ်ကိုလက်ဖြင့်တစ်ချက်သုတ်ပြီး ပုံမှန်လေသံဖြင့်ပြောသည်။
"အရောင်းအဝယ်မရှိရင် သတ်ဖြတ်မှုလည်းမရှိဘူးလို့ ငါ့ဆရာက ခဏခဏပြောတယ်။ လောကမှာ ဘယ်သူမှ အသားမစားကြရင် တိရိစ္ဆာတွေကိုလည်း ဘယ်သူမှသတ်မှာမဟုတ်ဘူး။
ဒါဆို မင်းတို့ဆိုင်လည်း အသားဟင်းတွေ ရောင်းမှာမဟုတ်ဘူး။ သက်သတ်လွတ်ဟင်းတွေပဲရောင်းနေမှာ။
အကုသိုလ်အလေ့အထတွေကို အားပေးရာမရောက်အောင် စားသောက်ဆိုင်တွေမှာ အသားဟင်းမမှာဖို့ ငါတို့ကို ဆရာကအမြဲတမ်းသတိပေးတယ်"
ရှည်လျားသည့်ရှင်းလင်းချက်ကြောင့် စားပွဲထိုး နားရှုပ်သွားသည်။
"ဒါဆို ကိုယ်တော်က..."
"စားပြီးရင် ငွေမရှင်းဘူးလေ။ ငွေမပေးရင် အရောင်းအဝယ်မဟုတ်တော့ဘူးပေါ့"
......
တာအိုလမ်းစဉ်ဂိုဏ်း ဂိတ်တံခါး။
တောင်တန်းဂိတ်စောင့်တပည့်နှစ်ယောက် ငြီးငွေ့စွာ သမ်းဝေလျက် ပြီးခဲ့သည့်ရက်ပိုင်းက အဖြစ်အပျက်များအကြောင်း ပြန်ပြောနေကြသည်။
"အနည်းဆုံးတော့ ရှောင်လုကို စေ့စပ်ကြောင်းလမ်းမယ့်အောင်သွယ်အဖွဲ့တွေ မလာတော့ဘူးပေါ့။ ပိုပြီး အေးချမ်းသွားပြီ။
တကယ်ပြောတာပါ၊ ဒီလောက်လူတွေအများကြီး တန်းစီရောက်လာတာမျိုး တစ်ခါမှမမြင်ဖူးဘူး။ တကယ့်အတွေ့အကြုံသစ်ပဲ"
ကိုယ်ဟန်သွယ်သွယ်လူတစ်ယောက် လျှောက်လာသည်။ လက်အုပ်ချီလျက် အသံကျယ်ကျယ်မေးသည်။
"ဒီမှာဗျို့၊ ဒါက တာအိုလမ်းစဉ်ဂိုဏ်းလား"
ဧည့်သည်က ရုပ်ရည်ချောမောခံ့ညားသည်။ ခပ်နွမ်းနွမ်းသင်္ကန်းကို ဝတ်ထားသည်။ မျက်လုံးများက ဝိုင်းစက်ကြည်လင်သည်။ ဦးပြည်းခေါင်းတုံးဖြစ်သည်။
ဝတ်ရုံကြောင့်သာမဟုတ်လျှင် အရဟတ်လက်သီးစာမိ၍ လက်စားချေရန်ရောက်လာသူဟု ထင်စရာရှိသည်။
"ခင်ဗျားက စွန်စီးဘုံကျောင်းက ရှီချန်းလား"
အစောင့်တစ်ယောက်က သတိဖြင့်မေးသည်။ မသေမျိုးဂိုဏ်းများကြား ပညာဖလှယ်သည့်အစဉ်အလာအကြောင်း အကိုတိုင်ပြောထားသည်။ စွန်စီးဘုံကျောင်းမှကိုယ်တော်များ လေ့လာသင်ယူဖို့ ရောက်လာနိုင်ကြောင်း ပြောထားသည်။
"ဟုတ်ပါတယ်၊ အဲဒါကျုပ်ပါပဲ။ အရောက်နောက်ကျသွးတာ တောင်းပန်ပါတယ်။ ပန်းကန်ဆေးနေရတာ အချိန်အတော်ကြာသွားလို့ပါ"
သူ့စကားကို အစောင့်က သိပ်နားမလည်။ သို့သော်...
"ဒီမှာခဏစောင့်ပါ။ အကိုတိုင်ကို ကျုပ်သွားခေါ်ပေးမယ်"
တစ်ယောက်က တိုင်ပုဖန်ကို သွားခေါ်သည်။ တစ်ယောက်က ဂိတ်တံခါးစောင့်၍ ကျန်ခဲ့သည်။
သိပ်မကြာမီ တိုင်ပုဖန် ရောက်လာသည်။ ဂိတ်တံခါးတွင် တရားထိုင်နေသည့် ရှီချန်းကိုတွေ့သည်။
တည်ကြည်သည့်အမူအရာ၊ ထူထဲသည့်မျက်ခုံး၊ ဝိုင်းစက်သည့်မျက်လုံး၊ ဖြောင့်မတ်သည့်မျက်နှာနှင့် ခိုင်မာသည့်ကျင့်စဉ်အခြေခံတို့ကို အကဲခတ်မိသဖြင့် တိုင်ပုဖန် ခေါင်းတစ်ချက်ငြိမ့်သည်။
ကိုယ်တော်ကျဲ့ရှားလေ့ကျင့်ပေးထားသည့်တပည့် တကယ်ပီသသည်။
ရှီချန်း လေထဲတွင် တင်ပျဉ်ခွေ၍ တရားထိုင်နေသည်။ တိုင်ပုဖန်ရောက်လာသည်ကို အာရုံခံမိသဖြင့် ထရပ်၍အရိုအသေပေးသည်။
"တွေ့ရတာဝမ်းသာပါတယ် အကိုတိုင်"
"ညီလေးရှီချန်း၊ ငါတို့ဂိုဏ်းကိုလာတာ မင်းတစ်ယောက်တည်းလား"
"ကျုပ်ရဲ့ နောင်တော်တွေဦးရီးတော်တွေက အလုပ်များနေတယ်လေ။ ကျုပ်ကို လိုက်မပို့အားကြဘူး"
"အလုပ်များတယ်...ဟုတ်လား"
"ဟုတ်ပါတယ်၊ ခင်ဗျားတို့ဂိုဏ်းချုပ် အရိုင်းနယ်မြေကို ရောက်နေတယ်ကြားလို့ ဆရာက ဦးရီးတော်တွေ နော်တော်တွေကိုခေါ်ပြီး လိုက်သွားတယ်"
တိုင်ပုဖန် "..."
သူ့ဆရာမဟာအကြီးအကဲသည် ဝစီပိတ်အယောင်ဆောင်၍ အရိုင်းနယ်မြေတွင် လူလုံးထွက်ပြပြီး ပုံပြင်ပြောနေသည်။
ကိုယ်တော်ကျဲ့ရှားက ထိုသတင်းကိုကြားခြင်းဖြစ်မည်။
ကိစ္စတော့မရှိ။ သူ့ဆရာသည် ကံကြမ္မာမြင့်မားသည်။ စိုးရိမ်ဖို့မလို။ အဆိုးဆုံးဖြစ်လျှင် အဖမ်းခံရပြီး ရိုက်နှက်ခံရရုံသာရှိမည်။ အသက်တော့ မသေလောက်။
"သွားစို့ ညီလေးရှီ"
တိုင်ပုဖန်ကိုယ်တိုင် ရှီချန်ကို ရင်းနှီးစွာကြိုဆိုသည်။ ထိုလုပ်ရပ်ကို ကိုယ်တော်ကျဲ့ရှား စိတ်ကျေနပ်ပါစေဟု ဆုတောင်းသည်။ သို့မှသာ သူ့ဆရာမဟာအကြီးအကဲ အရိုက်ခံရ သက်သာမည်။
နှစ်ယောက်သား မြစ်ဝိညာဉ်၏နယ်မြေကိုဖြတ်၍ ဂိုဏ်းအတွင်းပိုင်းသို့ ရောက်လာသည်။ တက်ကြွလှုပ်ရှားနေသည့် ဂိုဏ်းပတ်ဝန်းကျင်အနေအထားကြောင့် ရှီချန်း အံ့အားသင့်သွားသည်။
စွန်စီးဘုံကျောင်းနှင့်ယှဉ်လျှင် တာအိုလမ်းစည်ဂိုဏ်းသည် အလွန်တရာစည်ကားသည်။
'ညီလေးရှီ ငါတို့ဂိုဏ်းအကြောင်း ဘယ်လောက်သိထားလဲ။ ဒီကနေ ဘာတွေလေ့လာချင်လဲ"
"ကျုပ်ဆရာ စကားပြောတဲ့အချိန်တုန်းက တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း အများကြီးပြောခဲ့တယ်။ အကိုတို့ဂိုဏ်းက ကျင့်စဉ်အထောက်အပံ့နဲ့ မှော်ပညာတွေ အများကြီးရှိတယ်တဲ့။
အထူးသဖြင့် ကျမ်းစာတိုက်မှာ မကုန်မခမ်းနိုင်တဲ့ ပညာရပ်တွေရှိတယ်လို့ပြောတယ်။ ကျုပ်သင်ချင်တဲ့ မှော်ပညာတစ်ခုနှစ်ခုရှိပါတယ်"
"ပြောပါ ညီလေး၊ အားမနာပါနဲ့"
"လုယန်က အရဟတ်လက်သီးပညာတတ်တယ်လို့ ကြားတယ်။ လက်သီးထိတဲ့လူမှန်သမျှ ဆံပင်ကျွတ်တယ်တဲ့။ အဲဒီ့ပညာကို ကျုပ်သင်လို့ရမလား"
"ဒါက..."
တိုင်ပုဖန် အခက်တွေ့သွားသည်။
...ပညာရပ်အားလုံးထဲမှာ လုယန်ရဲ့လက်သီးပညာကိုမှ မင်းဘာလို့သင်ချင်ရတာလဲ။ ဒီပညာက သင်လို့ရောတတ်မှာလား..
"အမှန်အတိုင်းပြောရရင် ညီလေးလုရဲ့အရဟတ်လက်သီးပညာက တကယ်ထူးခြားပါတယ်။ ဂိုဏ်းထဲမှာ သူတစ်ယောက်ပဲ ဒီပညာကိုတတ်တာ။ ဒါပေမယ့်အခုသူက ဓာတ်ငါးမျိုးဂိုဏ်းကို ပညာဖလှယ်ဖို့ သွားတယ်"
"ပြီးတော့ လက်သီးသိုင်းနဲ့မှော်ပညာပေါင်းစပ်ထားတဲ့ မုန်ကျင်းကျိုးရဲ့ တစ်ကိုယ်တော်ကျိန်စာလက်သီးပညာလည်းရှိတယ်လို့ ကျုပ်ကြားတယ်။ ကံကြမ္မာစွမ်းအားတွေ ပါတယ်တဲ့။ အဲဒီ့ပညာကိုရော သင်လို့ရမလား"
...ကောင်လေး၊ မင်းတမင်ပြဿနာရှာဖို့ လာတာတော့မဟုတ်ဘူးမို့လား။ ဘာလို့ မရနိုင်တဲ့ ပညာရပ်တွေကိုမှ သင်ချင်နေရတာလဲ...
"ဒါဆို တစ်ယောက်မှ ဒီမှာမရှိဘူးပေါ့"
အကျိုးအကြောင်းသိရပြီးနောက် ရှီချန်း အတော်စိတ်ပျက်သွားသည်။
ထိုပညာနှစ်မျိုးကို အရင်ကတည်းက သူစိတ်ဝင်စားခဲ့သည်။ ဗုဒ္ဓမှော်ပညာအစစ်ဟု ယူဆသည်။ 'အသွင်ပြောင်းသုတ္တာန်'လို၊ 'ရွှေခန္ဓာ'လို ပညာများပင် ထိုပညာနှစ်ခုကို မယှဉ်နိုင်။
တတ်ကျွမ်းသူများ ဂိုဏ်းတွင်ရှိမနေသည်က အတော်ဆိုးသည်။
"ဒါဆို ကံရေစက်မရှိသေးတဲ့ပုံပဲ။ အတင်းအကြပ်လုပ်ယူဖို့ မသင့်ဘူး။ အကိုတိုင်၊ အကိုလုပ်စရာရှိတာ ဆက်လုပ်ပါ။ ဂိုဏ်းထဲမှာ ကျုပ်လှည့်ပတ်ကြည့်ဦးမယ်။ အကိုတို့ဂိုဏ်းက တကယ်နာမည်ကျော်ထိုက်ပါတယ်။
ဒါမျိုး ကျုပ်တစ်ခါမှမမြင်ဖူးဘူး။ အမြင်ကျယ်အောင်လေ့လာဖို သိပ်ကောင်းတဲ့အခွင့်အရေးပါပဲ"
တိုင်ပုဖန် တကယ်အလုပ်များသည်။ မစ်ရှင်ခန်းမ၏ တာဝန်ခံရာထူး ယူထားရသည်။ တစ်ရက်နားသည်နှင့် အလုပ်များက တောင်လိုပုံလာမည်။
"ဒီတံဆိပ်လေး ယူထားပါ။ ဒီအမိန့်တံဆိပ်ပါရင် ငါမင်းနဲ့အတူပါလာသလိုပါပဲ။ ငါတို့ဂိုဏ်းထဲမှာ လွတ်လွတ်လပ်လပ် မင်းသွားနိုင်တယ်။ ကျမ်းစာတိုက်လို့နေရာမျိုးတောင် မင်းသွားလို့ရတယ်။ မေးချင်တာတစ်ခုခုရှိရင် လမ်းမှာတွေ့တဲ့ ဂိုဏ်းအကိုအမတွေကို မေးပေါ့။ သူတို့က မင်းမေးတာတွေကို လိုလိုလားလားဖြေကြမှာပါ"
တိုင်ပုဖန်ဆီမှ တံဆိပ်ကိုယူပြီးနောက် ရှီချန် ကျေးဇူးတင်စကားဆိုသည်။
မစ်ရှင်ခန်းမသို့ပြန်ရောက်ပြီးနောက် တိုင်ပုဖန် လုပ်စရာတာဝန်များကို မလုပ်သေး။ ခဏစဉ်းစားနေပြီးနောက် ကျောက်စိမ်းပြားတစ်ခု ဆွဲထုတ်သည်။ ထိုတံဆိပ်သည် သူနှင့်မဟာအကြီးအကဲ ဆက်သွယ်သည့် မှော်ရတနာဖြစ်သည်။
တံဆိပ်ပေါ်တွင် သူရေးသည်။
"ဆရာ၊ ညီလေးရှီချန်းကပြောတယ်။ ကိုယ်တော်ကျဲ့ရှားနဲ့ စွန်စီးဘုံကျောင်းက ကျင့်ကြံသူတွေအားလုံး ဂိုဏ်းချုပ်ကိုရှာဖို့ အရိုင်းနယ်မြေကို သွားတယ်တဲ့။
ဆရာက ဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်ပြီး အရိုင်းနယ်မြေမှာ ပုံပြောနေတာဆိုတော့ သူတို့နဲ့တည့်တည့်တိုးနိုင်တယ်။ သတိထားပါ"
ကျောက်စိမ်းပြားအလယ်ကို လက်ညှိုးဖြင့်တို့၍ သတင်းပို့လိုက်သည်။
သိပ်မကြာမီ မဟာအကြီးအကဲက အကြောင်းပြန်သည်။
"နောက်တစ်ခါဆို စောစောကြိုသတင်းပို့ပါ"
တိုင်ပုဖန် ခဏငြိမ်သွားပြီး ဆင်ခြင်သုံးသပ်နေသည်။
"အာမေဋိတ်အမှတ်အသားမျိုးတောင် မပါဘူးဆိုတော့ အခြေအနေက အတော်ပြင်းထန်ပုံပဲ။ ဆရာဆိုတာ တကယ်ဆရာပါပဲလား။
ရှေ့ရေးကို အများကြီးကြိုတွေးပြီး အစီအစဉ်ချနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြုံမယ်ဆိုတာ ကြိုသိလို့ ဂူသင်္ချိုင်းအကြီးကြီး သူဆောက်ခဲ့တာဖြစ်မယ်"
**************************************