← Chapters

ဇာမဏီကလမင်းကိုမျို ၊ နဂါးဟိန်းသံကဘဝဂ်ထိတိုင်

Vol. 24 Ch. 331

ဇာမဏီကလမင်းကိုမျို ၊ နဂါးဟိန်းသံကဘဝဂ်ထိတိုင်

Vol. 24 Ch. 331

အခန်း (၃၃၁) ဇာမဏီကလမင်းကိုမျို ၊ နဂါးဟိန်းသံကဘဝဂ်ထိတိုင်

ပထမအချီ ယှဉ်ပြိုင်ပြီးနောက် ရလဒ်အနေအထားအရ ပထမနှင့် စတုတ္ထ ၊ ဒုတိယနှင့်တတိယ အသီးသီးအဆင့်သတ်မှတ်ခံရသူများကြားတွင် ဒုတိယအချီ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ထို့ကြောင့် တတိယနေရာရထားသည့် ဖန်းယွင်ရှန်းက ဒုတိယနေရာရထားသည့် ဖန်ချိုး နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်ကတော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဖန်းယွင်ရှန်းနှင့် ဖန်ချိုးတို့က ထူးကဲယင်သရဖူ၏တောက်သောရောင်ဝါအောက်မှ ထွက်ခွာပြီး မန်ဝမ်နှင့် ချန်စုထင်တို့ကို အလင်းရောင်စည်းဝိုင်းထဲတွင် ထားရစ်ခဲ့သည်။

ကြည်လင်တိတ်ဆိတ်သောလရောင်ခြည်က ကောင်းကင်တစ်ခွင့် ဖုံးလွှမ်းထားလျှက် ကမ္ဘာမြေပြင်ဆီသို့ အဆုံးမရှိ လင်းဖြာကျနေသည်။ ထိုခဏအတွင်း ကမ္ဘာ‌လောကတစ်ခုလုံးက အဖြူရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

လင်ရောင်ပင်လယ်မှိန်ဖျော့ဖျော့ထဲတွင် မန်ဝမ်နှင့် ချန်စုထင်တို့ (၂)ယောက်၏ ပုံရိပ်များကို တွေ့မြင်နေရသည်။

ချန်စုထင်က သူမ၏ညာဘက်လက်ဖဝါးကို ဖြန့်လိုက်လေရာ လက်ဖဝါးထက်တွင် ဓားတစ်လက်ပေါ်လာပြီး မန်ဝမ်ကို ခုတ်ပိုင်းချလိုက်သည်။

လရောင်ပင်လယ်ပြင်ထဲတွင် အနက်ရောင်ရွက်လှေကြီးတစ်စင်းထွက်ပေါ်လာပြီး လေပြင်းများကိုထိုးခွင်းလျှက် မန်ဝမ်ဆီသို့ တဟုန်ထိုးဝင်ရောက်လာသည်။

ကြီးမားသောရွက်လှေကြီးရွေ့လျားလာသည်နှင့် လေးလံသောလှိုင်းလုံးကြီးများပါမြင့်တက်လာပြီး မိုးမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကောင်းကင်ယံတွင် လမင်းက တောက်ပစွာထွန်းလင်းနေသည်။ လရောင်ခြည်အလယ်ဗဟိုတွင် အဖြူရောင်သရဖူတစ်ခု တည်ရှိနေသည်။

အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော အနက်ရောင်ရွက်လှေကြီး၏စွမ်းအားက ပိုမိုထူးခြားလာသလို ကြီးမားကျယ်ပြန့်လာပြီး အဆုံးမရှိသောပင်လယ်ကို ကျော်ဖြတ်ကာ ကမ်းစပ်ဆီသို့ ခုတ်မောင်းနေသည့်အလား ထင်မှတ်ရ၏။

မန်ဝမ်၏အမူအရာကတော့ အလွန်နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်လွန်းသည်။

သူမက ဇာမဏီငှက်တစ်ကောင်၏ စူးရှပြတ်သားသောအော်မြည်သကို ထုတ်လွှတ်လိုက်ပြီး လေထံသို့ ပျံတက်သွားသည်။ သူမ၏စွမ်းအားများက ကြီးကျယ်ခမ်းနားခြင်းမရှိသလို ရက်စက်ကြမ်းတမ်းခြင်းမရှိသော်လည်း လရောင်ကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထို့နောက် မန်ဝမ် လုံးဝပျောက်ကွယ်သွားပြီး အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက်ရှသော ဇာမဏီငှက်တစ်ကောင်က လရောင်ပင်လယ်ကိုဖြတ်ကျော်ကာ ကောင်းက်ထက်သို့ ပျံသန်းသွားသည်။ ဇာမဏီငှက်၏ စွမ်းအားအဟုန်က ကောင်းကင်ကိုကိုးထပ်ကိုပင် တုန်လှုပ်သွားစေသည်။

ဇာမဏီငှက်က ကောင်းကင်ထက်ရောက်သည်နှင့် တောက်ပသည့်လမင်းကို လှည့်ပတ်နေသည်။ လူတိုင်းကို ထိတ်လန့်အံ့သြစေသည်မှာ ဇာမဏီငှက် လှည့်ပတ်သည်ကို ခံရသည်နှင့် လရောင်က တဖြည်းဖြည်း ကျုံ့ဝင်သွားခြင်းပင်။

နောက်ဆုံး ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသောလမင်းသည် ဘဲဥလုံးမျှလောက်သာ အရွယ်အစားကျန်ရှိတော့သည်။ ဇာမဏီငှက်က ကြည်လင်သောအော်မြည်သံတစ်သံပြုလုပ်ရင်း ပါးစပ်ကိုဖွင့်ဟကာ မင်းကို မျိုးချလိုက်သည်။

ထိုမြင်ကွင်းကိုတော့တော့ ချန်စုထင် မျက်နှာပျက်သွား၏။

ထို့နောက် ဇာမဏီငှက်က ကောင်းကင်ထက်မှ တဟုန်ထိုးဆင်းသက်လာပြီး အနက်ရောင်ရွက်လှေကြီးကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

အေးစက်တိတ်ဆိတ်သောလရောင်က တောက်ပခြင်းမရှိသော်လည်း အချိန်ကို သိပ်သည်းအေးခဲသွားစေသည်။

ဇာမဏီငှက် ဆင်းသက်လာသည်နှင့် ထူထဲသောလရောင်ခြည်က အနက်ရောင်ရွက်လှေကြီးကို လှုပ်မရအောင် ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် ဇာမဏီငှက်က အတောင်ပံများကို တဟုန်းဟုန်းခတ်လိုက်လေ၏။

စောစောက ကြီးမားသောအရှိန်အဟုန်ကို ပိုင်ဆိုင်ထားသော အနက်ရောင်ရွက်လှေကြီးသည် ဟန်ချက်ပျက်သွားပြီး တစ်ဖက်သို့စောင်းသွားကာ တဖြည်းဖြည်းမှောင်သွားပြီး နောက်ဆုံး လေထုပင်လယ်ပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။

ချန်စုထင်၏မျက်နှာက ဖြူဖျော့နေပြီး နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။

ဇာမဏီငှက်က သူမရှေ့သို့ ဆင်းသက်လာပြီး အဖြူရောင်နှင့်အနက်ရောင်မီးတောက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မန်ဝမ်၏အသွင်အပြင် ပြန်လည်ထွက်ပေါ်လာသည်။

စောစောက ဇာမဏီငှက် မျိုချခံလိုက်ရသဖြင့် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားသောလမင်းက ကောင်းကင်ထက် ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ မည်သည့်အချိန်က ပြန်ရောက်သွားသည်လည်း မသိရပေ။

မန်ဝမ်က ချန်စုထင်ကိုကြည့်ရင်း သိမ်မွေ့စွာဖြင့် စကားဆိုသည်။

“အစ်မ’ချန်’ အလျှော့ပေးတာ မန်ဝမ် ကျေးဇူးတင်ပါတယ်ရှင်”

မန်ဝမ်နှင့် ချန်စုထင်တို့ လရောင်ကမ္ဘာမှ အတူတူထွက်ခွာသွားသည်ကိုကြည့်ရင်း နေသူတော်စင်ဂိုဏ်းမှသိုင်းသမားများမှအပ ကျန်လူများအားလုံး၏မျက်နှာအမူအရာများက လေးနက်တည်ကြည်နေကြသည်။

မန်ဝမ်က အခြားသောထူးကဲယင်မိန်းမပျိုများထက် သာလွန်သည်ကို သိရှိထားပြီးဖြစ်သော်လည်း ယခုလောက်စွမ်းအားမြင့်မားမည်ဟု ထင်မထားခဲ့ကြပေ။ အားလုံး ဆွံ့အလျှက် ရှိကြသည်။

ယခင် ထူးကဲယင်ပြိုင်ပွဲများတွင် ချန်စုထင်နှင့်မန်ဝမ်က လက်ရည်ညီသူများ ဖြစ်ကြသည်။ တိုက်ရည်ခိုက်ရည် အတော်လေး လိုက်ဖက်ညီခဲ့ကြပြီး ပထမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ချန်စုထင် ရှုံးနိမ့်ခဲ့သည့်တိုင် သူမကို အနိုင်ယူရန် မန်ဝမ်သည်လည်း စွမ်းအားအပြည့် အသုံးပြုခဲ့ရသည်။ သို့သော် ယခုတော့ မန်ဝမ်က အသာအယာပင် အနိုင်ယူသွားခဲ့ပြီး ချန်စုထင် မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။

ဇာမဏီငှက်က လမင်းကိုမျိုချလိုက်ကတည်းက မည်သူအနိုင်ရသည်ကို ရှင်းရှင်းလင်းလင်း အဆုံးအဖြတ်ပေးခဲ့ပြီး ဖြစ်၏။

တစ်ချိန်က ပြိုင်ဘက်များဖြစ်သော်လည်း ယခုတော့ ချန်စုထင်က မြေမှုန်ထဲတွင်ကျန်ရစ်ခဲ့ပြီး သူနှင့်များစွာဝေးကွာသွားပြီဖြစ်သော မန်ဝမ်၏ကျောပြင်ကိုပင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိတော့ပေ။

ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲဖြစ်သူ သိုင်းဆရာသခင်မှာ မျက်နှာတစ်ခုလုံး မဲမှောင်လျှက် ရှိသည်။ ကျောက်စိမ်းပင်လယ်မြို့တော်အတွက် အခြားထိပ်သီးသိုင်းဂိုဏ်းများကို ရှုံးနိမ့်ရခြင်းက ပြဿနာမရှိသော်လည်း သူတို့၏ အဓိကရန်ဘက်ဖြစ်သည့် နေသူတော်စင်ဂိုဏ်းကို ရှုံးနိမ့်ရခြင်းက သည်းမခံနိုင်သည့်ကိစ္စ ဖြစ်သည်။

ထိုအချက်ကို လက်မခံနိုင်သော်ငြား ထိုအကြီးအကဲက နောက်ဆုံးတော့ စိတ်ဖြေလိုက်သည်။ ချန်စုထင်ခံစားရသည့် ကြေကွဲဝမ်းနည်းမှုက သူ့ထပ်ပိုမည်ဟုတွေးမိရင်း သူ့ကိုယ်သူ နှစ်သိမ့်နိုင်ခဲ့သည်။

တိုက်ပွဲကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့သော အန်းချင်လင်သည် မန်ဝမ်ကို စူးစိုက်ကြည့်နေသည်။

ဟုတ်ပေ၏။ သူမက မန်ဝမ်အကြောင်း ‌ကောင်းကောင်းသိရှိသူ ဖြစ်သည်။ ထို့ကြောင့် ယနေ့ သူမက ဖန်ချိုးအပေါ် အလေးပိုကာ အနည်းငယ်မျှမျက်နှာလိုက်ခဲ့ပြီး မန်ဝမ်နှင့် ထိပ်တိုက်ရင်ဆိုင်ခွင့်မပေးဘဲ ဖန်းယွင်ရှန်းနှင့် ရင်ဆိုင်စေခဲ့ခြင်းပင်။

မန်ဝမ်ကိုကြည့်ရင်း အကြီးအကဲ’မုန့်’က သက်ပြင်းချလိုက်သည်။

“ထူးကဲယင်မိန်းမပျိုတွေထဲမှာတော့ မန်ဝမ်က မင်းအဖေရန်တိလို ပြိုင်ဘက်ကင်းတစ်ယောက်ပဲ ကျောက်ကဲရေ ၊ ပြီးတော့ အခု မင်းလိုမျိုးပေါ့ ၊ မင်းလည်း အဆင့်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းပဲ မဟုတ်လား ၊ အားလုံးကိုဖိနှိပ်ပြီး အခွင့်အာဏာတွေ စွမ်းအားတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေတာ မတုန်မလှုပ်ပါပဲ”

သူ့စကားကိုကြားတော့ ရန်ကျောက်ကဲ ပြုံးရုံသာပြုံးနေပြီး စကားပြန်မပြောပေ။

မန်ဝမ်နှင့် ချန်စုထင်တို့ ထွက်ခွာသွားပြီးနောက် ဖန်ချိုးနှင့် ဖန်းယွင်ရှန်းတို့ အလင်းစက်ဝန်းထဲသို့ ဝင်ရောက်လာကြသည်။

နှစ်ယောက်သား နှုတ်ဆက်စကားပြောဆိုပြီးနောက် ဖန်ချိုးက သူမ၏လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ထိုအခါ လည်ပတ်နေသောစက္ကူထီးလေးတစ်လက်က လရောင်ကမ္ဘာထဲတွင် ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွားသည်။

ခဏအတွင်း လရောင်ကမ္ဘာအတွင်းမှ မြင်ကွင်းများ ပြောင်းလဲသွားသည်။

ကောင်းကင်ထက်ရောက်သည်နှင့် စက္ကူထီးက တဖြည်းဖြည်းကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ထို့နောက် ထီးအပေါ်ပိုင်းနှင့် ထီးအောက်ပိုင်းက သီးခြားကမ္ဘာ (၂)ခုအဖြစ် ပိုင်းခြားခံလိုက်ရ၏။

ဖန်းယွင်ရှန်း ခေါင်းမော့ကြည့်လိုက်သည်။ နက်ရှိုင်းသောအမှေင်ကမ္ဘာအလယ်တွင် တောက်ပသည့်လတစ်စင်းထွန်းလင်းနေပြီး မိုးမြေတစ်ခုလုံး လရောင်ခြည်ဖြင့် ဖုံးလွှမ်းထားသည်ကို တွေ့မြင်ရသည်။

အပေါ်ဘက်ရှိ လရောင်ပင်လယ်ပြင်က တဖြည်းဖြည်းကျယ်ပြန့်လာနေပြီး သူမရှေ့တွင်တော့ အဆုံးမရှိသည့်အမှောင်ထုက ကြီးမားလာကာ သူမကို မျိုချချင်ဟန်ရှိသည်။

ပြိုင်ပွဲကြည့်နေသူများအားလုံး၏ မျက်ဝန်းထဲ၌ လရောင်ကမ္ဘာ နှစ်ခြမ်းကွဲသွားသည်ကို တွေ့မြင်လိုက်ရသည်။ အပေါ်ဘက်ခြမ်းက တောက်ပနေသော်လည်း အောက်ဘက်ခြမ်းတွင်တော့ မှောင်မိုက်လျှက် ရှိသည်။ လရောင်က အကန့်အသတ်မရှိဟုထင်မှတ်ရသလို အမှောင်ထုကလည်း လူတိုင်း၏စိတ်နှလုံးကို နစ်မြုပ်စေမည့်အလား အဆုံးမရှိပေ။

လမင်းက ကောင်းကင်၏အမြင့်ဆုံးနေရာတွင် ထိန်ထိန်သာနေဆဲ ဖြစ်ပြီး လရောင်ခြည်က ထီးပေါ်သို့ ပြန့်ကျဲကျလာသည်။

သို့သော် အောက်ဘက်ခြမ်းကမ္ဘာတစ်ဝက်ကတော့ မှောင်အတိကျနေပြီး လရောင်ကို မတွေ့မြင်နိုင်ပေ။

စက္ကူထီးက အဆက်မပြတ်လည်ပတ်လျှက် ကောင်းကင်ကို ဖုံးလွှမ်းထားလေရာ လရောင်အနည်းငယ်သည်ပင် အမှောင်ထုအတွင်း ကျဆင်းလာခြင်း မရှိပေ။

ပြိုင်ပွဲကြည့်နေကြသူများသည်ပင် စက္ကူထီအောက်ဘက်မှ အမှောင်ကမ္ဘာက အလွန်အေးစက်ပြီး အထီးကျန်ဆန်လှသည်ကို ယောင်ဝါးဝါး ခံစားနိုင်သည်။

အရာအားလုံးသည် အေးစိမ့်သည့်ရေခဲထဲ၌ ထာဝရပိတ်မိနေသည့်အလား အလင်းအမှုံအမွှားလေးတစ်စပင်မရှိဘဲ ပျက်ဆီးခြင်းသို့ တိတ်တဆိတ်လျှောက်လှမ်းနေသည့်အလားပင်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက မျက်မှောင်တစ်ချက်ကြုတ်ရင်း...

“စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲနဲ့ယှဉ်ရင် ဖန်ချိုးက ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရုံတင်မကဘူး ၊ ထူးကဲယင်ပညာလည်းမြင့်တက်လာတယ် ၊ သူ့ရဲ့ ထူးကဲယင်စွမ်းအားကလည်း ပိုပြီးသန့်စင်လာတယ် ၊ သူ့ရဲ့ ထူးကဲယင်ပညာရော ထူးကဲယင်စွမ်းအားရောက နေသူတော်စင်ဂိုဏ်းက မန်ဝမ်နဲ့ ယွင်ရှိုးချင်တို့ထက် မလျော့နည်းဘူး”

တိုက်ပွဲကိုကြည့်နေသော နေသူတော်စင်ဂိုဏ်းသားများ၏ မျက်နှာများသည်လည်း တည်ကြည်လေးနက်နေကြသည်။

မန်ဝမ်ကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် လရောင်ကမ္ဘာ၏အောက်ဘက် ၊ ကြောက်မက်ဖွယ်ရာ အမှောင်ထုဆီသို့ ငေးကြည့်နေလေသည်။

ရုတ်တရက်...

တိတ်ဆတ်နေသောအမှောင်ထုအတွင်းမှ နဂါးတစ်ကောင်၏ ပြင်းထန်ရက်စက်သော ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။

အမှောင်ထုထဲတွင် အနက်ရောင်တစ်ဝက် ၊ အဖြူရောင်တစ်ဝက် အလင်းနဂါးကြီးတစ်ကောင်းထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်ရှိနေသော စက္ကူထီးရှိရာသို့ တဟုန်ထိုးဝင်ရောက်သွားသည်။

နဂါးကြီး၏ ပြင်းထန်သောစွမ်းအားကြောင့် ထီးက တုန်ခါသွားပြီး လန်ထွက်သွားတော့မတတ် ဖြစ်ရသည်။

အလင်းနဂါးကြီးက ကျယ်လောင်သောကြုံးဝါးသံကိုပြုလုပ်ရင်း စက္ကူထီးကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ နဂါးကြီး၏အရှိန်အဟုန်မှာ မြင်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။

စက္ကူထီး၏အထက် ၊ လရောင်အောက်တွင်ရှိနေသောဖန်ချိုးက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သူမ၏ အမူအရာက မကြုံစဖူး တည်ကြည်လေးနက်နေပြီး ထီးကို တည်ငြိမ်အောင်ထိန်းထားရင်း အောက်ဘက်မှ အမှောင်ကမ္ဘာကို ပိတ်ဆို့ထားသည်။ သူမက တစ်ဖက်ခြမ်းမှ အလင်းနဂါးကြီးကို ကစားပွဲပြောင်းပြန်လှန်ရန် အခွင့်အရေး မပေးခဲ့ပေ။

အလင်းနဂါးကြီးက ရက်စက်ကြမ်းကြုတ်သော လက်သည်းကုတ်ချက်များဖြင့် ထီးရွက်ကို ကုတ်ခြစ်ပစ်လိုက်သည်။

စက္ကူထီးလေး စုတ်ပြဲသွားပြီး ခြစ်ရာများမှတစ်ဆင့် လရောင်က အမှောင်ကမ္ဘာဆီသို့ သက်ဆင်းလာသည်။ အမှောင်ထုသည် နည်းငယ်လင်းလက်တောက်ပလာသည်။

လရောင်ခြည်အထိခံလိုက်ရသည်နှင့် အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက် အလင်းနဂါးကြီးက ပိုမိုအားကောင်းလာသည်။

ဖန်ချိုးက လက်တစ်ဖက်ကိုဆန့်ထုတ်ကာ အောက်ဖက်သို့ ဖိတွန်းလိုက်၏။

စက္ကူထီလေး ရုတ်တရက် လှည့်ပတ်သွားပြီး အလင်းနဂါးနှင့် စွမ်းအားချင်းရိုက်ခတ်မိကာ အလင်းနဂါးကြီး နောက်ပြန်ဆုတ်သွားသည်။

လရောင်ခြည်ဖြာဆင်းလာသည်နှင့်အမျှ ထီးပေါ်မှအက်ကြောင်းများသည်လည်း ပြန်လည်ကောင်းမွန်စပြုလာသည်။

ဖန်ချိုးနှင့် ဖန်းယွင်ရှန်းတို့ (၂)ယောက်လုံး ရှိသမျှစွမ်းအားကုန်သုံးကာ လရောင်ကမ္ဘာထဲတွင် ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲလျှက် ရှိတော့၏။

All Chapters