← Chapters

ကစားပွဲပြောင်းပြန်လှန်

Vol. 24 Ch. 332

ကစားပွဲပြောင်းပြန်လှန်

Vol. 24 Ch. 332

အခန်း (၃၃၂) ကစားပွဲပြောင်းပြန်လှန်

ရန်ကျောက်ကဲက လရောင်ကမ္ဘာကို တည်ငြိမ်စွာ ကြည့်နေသည်။

‌စောစောက အကြီးအကဲ’မုန့်’ နှင့် စကားပြောစဉ် ရန်ကျောက်ကဲ တမင်ချန်လှပ်ထားခဲ့သည့် ကိစ္စတစ်ခု ရှိသည်။

အမှန်တော့ ဖန်းယွင်ရှန်းက ထူးကဲယင်ပညာနှင့် လုံလောက်စွာ အကျွမ်းတဝင်မရှိသေးသဖြင့် အခြားသောထူးကဲယင်မိန်းမပျိုများနှင့် တိုက်ခိုက်ရာတွင် အားနည်းချက် ရှိနေခဲ့သည်။

ထို့ကြောင့် ရေရှည်တိုက်ခိုက်ရခြင်းမျိုးတွင် စွမ်းအားကို ထိန်းထားနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲနှင့် အခြားသူအနည်းငယ်သာ ထိုအကြောင်းကို သိထားကြပြီး သူတို့အားလုံးက ထိုအားနည်းချက်ကို ခိုင်မြဲစွာ လျှို့ဝှက်ထားခဲ့ကြသည်။

နောက်ပိုင်း အချိန်ကြာလာသည်နှင့်အမျှ ဖန်းယွင်ရှန်းအနေဖြင့် သူမကျင့်ကြံသည့် ထူးကဲယင်ပညာကို လုံလုံ‌လောက်လောက် နားလည်တတ်ကျွမ်းလာသည့်အခါ ထိုပြဿနာကို ကျော်လွှားနိုင်မည် ဖြစ်သည်။

လက်ရှိတွင်တော့ ဖန်းယွင်ရှန်းအနေဖြင့် တိုက်ပွဲကို အရှိန်အဟုန်ဖြင့် အဆုံးသတ်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော အချိန်ကြာလေ သူမ၏စွမ်းအားများ တဖြည်းဖြည်းလျော့နည်းသွားလေ ဖြစ်ရပေမည်။

သို့သော် သူမ ရင်ဆိုင်နေရသည့် ဖန်ချိုး၏သိုင်းပညာက နှေးကွေးပြီး ခံစစ်ကို အဓိကထားသော အမျိုးအစားဖြစ်သည်။

ထို့ကြောင့် ဖန်းယွင်ရှန်း၏ အားနည်းချက်ကို ဖန်ချိုးက မသိရှိသော်လည်း ထိုအားနည်းချက်ကို အပြင်းအထန် ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်ရသည်။

ထူးကဲယင်သရဖူနှင့် ပဲ့တင်ထပ်ဆက်သွယ်နိုင်စွမ်းတွင် ဖန်ချိုးက ဖန်းယွင်ရှန်းထက် အနည်းငယ်သာလွန်သည်။

ထို့ကြောင့် ဖန်းယွင်ရှန်းအနေဖြင့် အနိုင်ရရန် ပို၍ခက်ခဲမည်ပင်။

ရန်ကျောက်ကဲကတော့ ထိုအချက်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ။ ပြိုင်ပွဲဒုတိယအချီသို့ အောင်မြင်စွာဝင်ရောက်နိုင်ကတည်းက ဖန်းယွင်ရှန်းသည် သူသတ်မှတ်ထားသော စံချိန်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်၏။ ယခုတော့ ဖန်ချိုးနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ရလဒ်မည်သို့ဖြစ်လာမည်ကို သူ စိတ်ဝင်စားနေမိသည်။

တိုက်ပွဲကတော့ အဆုံးမသတ်သေးဘဲ အရှိန်အဟုန်မြင့်နေဆဲ ဖြစ်သည်။

ထီးအောက်မှ အလင်းနဂါးကြီးက ကြောက်မက်ဖွယ်ရာအရှိန်အဟုန်ဖြင့် တိုက်ခိုက်နေပြီး ထီးမျက်နှာပြင်ထက်တွင် ကုတ်ခြစ်စုတ်ပြဲရာများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။

သို့သော် ထီးကလှည့်ပတ်သွားသည်နှင့် အလင်းနဂါးကြီး နောက်ပြန်ဆုတ်သွားရပြန်သည်။ အပေါ်ဘက်မှ လရောင်ခြည်ဖြာကျလာပြီး ထီးရွက်ထက်မှ ကုတ်ခြစ်ရာများက ပြန်လည်ကောင်းမွန်သွားပြန်သည်။

အချိန်အတန်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အလင်းနဂါးကြီး၏စွမ်းအားက တဖြည်းဖြည်းလျော့နည်းလာသည်။

အလင်းနဂါးကြီး၏စွမ်းအား အထွတ်ထိပ်သို့ရောက်ရှိနေချိန် ထီးအောက်ဘက်ရှိ အဆုံးမဲ့အမှောင်ထုအတွင်းမှ အအေးဓာတ်နှင့် အထီးကျန်ဆန်ခြင်းများက ဝင်ရောက်နှောက်ယှဥ်ရန်ခက်ခဲသော်လည်း ယခု အလင်းနဂါးကြီး အနည်းငယ်စွမ်းအားလျော့နည်းလာသည့်အခါ ထိုအရာများက စတင်နှောက်ယှက်လာသည်။

အဖြူရောင်တစ်ဝက် ၊ အနက်ရောင်တစ်ဝက်နဂါးကြီးက ခိုင်မာသောစိတ်ထားဖြင့် စက္ကူထီးကို အရှိန်ပြင်းစွာ တိုက်ခိုက်လိက်ပြန်သည်။ စွမ်းအားလှိုင်းလုံးများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံသွားသည်။

ထီးက အရှိန်အဟုန်ဖြင့် လှည့်ပတ်လိုက်ပြီး အလင်းနဂါးကြီး၏ စွမ်းအားများကို ကာကွယ်လိုက်သည်။

နောက်ထပ် အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက် အလင်းနဂါးကြီး၏စွမ်းအားက ပြန်လည်ကျဆင်းသွားပြန်သည်။

သို့ရာတွင် ဖန်းယွင်ရှန်းက စိတ်ဓာတ်ခိုင်မာပြီး ဇွဲကြီးသူဖြစ်လေရာ အရှုံးမပေးဘဲ အတင်းနှိုးဆော်ပြီး သူ့စွမ်းအားကို ထုတ်လွှတ်နေဆဲပင်။

စွမ်းအားလျော့နည်းသွားလိုက် ၊ နောက်တစ်ကြိမ်စွမ်းအားကိုစုစည်းကာ တိုက်ခိုက်ဖြင့် အလင်းနဂါးကြီးသည် လေထဲတွင် တဖျတ်ဖျတ်ခတ်နေသော ဖယောင်းတိုင်မီးတောက်ပမာ မငြိမ်းသတ်နိုင်ဘဲ ရှိလေသည်။

သို့သော် ဖန်ချိုး အချိန်ဆွဲထားသည်နှင့်အမျှ ဖန်းယွင်ရှန်း၏စွမ်းအားက တဖြည်းဖြည်းလျော့နည်းလာကြောင်း အားလုံး တွေ့မြင်ကြသည်။

သူမက စွမ်းအားကို အဆက်မပြတ်ထုတ်လွှတ်လိုက်သော်လည်း ခဏမျှသာစွမ်းအားပေါက်ကွဲထွက်သွားပြီး အေးစက်သည့်အမှောင်ထုချောက်နက်ကြီးအတွင်း ပြန်လည်ပြုတ်ကျသွားရသည်ပင်။

ထိုသို့ဖြင့် အဖြူရောင်အလင်းနဂါးကြီး၏စွမ်းအားက တဖြည်းဖြည်း ကျဆင်းလာသည်။

ဖန်းယွင်ရှန်း အားနည်းလာချိန် ဖန်ချိုးသည်လည်း စွမ်းအားမြင့်မားသည့်အနေအထားတွင် မရှိတော့ပေ။ သူမ၏စွမ်းအားကျဆင်းလာမှုကလည်း အလွန်ကြီးမားလှသည်။

ဖန်ချိုးတိုက်ခိုက်နေသော နည်းလမ်းက သူမ၏ အထူးသီးသန့်ထူးကဲယင်ပညာ ဖြစ်သည်။ ဖန်းယွင်ရှန်း၏စွမ်းအားများ ပေါက်ကွဲထွက်လာလေ သူမ၏ခံစစ်က ပိုမိုခိုင်မာလေ ဖြစ်သည်။

သို့သော် ပြိုင်ဘက်ဖြင့် အချိန်ကြာမြင့်စွာ ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ဖန်ချိုး၏စွမ်းအားသည်လည်း အထွတ်ထိပ်အဆင့်မှ လျှင်မြန်စွာ ယိုယွင်းခဲ့ရသည်။

စက္ကူထီးလေး၏ လည်ပတ်မှုအရှိန်သည်လည်း အလွန်နှေးကွေးနေပြီး ထီးမျက်နှာပြင်မှ အပေါက်အပြဲများသည်လည်း ယခင်ကကဲ့သို့ လျှင်မြန်စွာပြန်ကောင်းလာခြင်း မရှိတော့ပေ။

ရှည်လျားသည့်တိုက်ပွဲတွင် သူတို့ (၂)ယောက်လုံး စွမ်းအားများ တဖြည်းဖြည်း ကုန်ခမ်းခဲ့ရသည်။

ကျင့်ကြံခြင်းအဆင့်နှင့် ထူးကဲယင်ပညာကျွမ်းကျင်မှု ၊ တိုက်ပွဲအတွေ့အကြုံရှိမှုတို့ကြောင့် ဖန်ချိုးက အသာစီးရနေသော်လည်း သူမ အနိုင်ရရှိလျှင်ပင် အားအင်ကုန်ခမ်းသွားပေလိမ့်မည်။

အကြီးအကဲ’မုန့်’က အမှောင်ထုအတွင်းမှ အလင်းနဂါးကြီးကိုကြည့်ရင်း စိုးရိမ်ပူပန်လာသည်။

“သူလည်း နေသူတော်စင်ဂိုဏ်းက ဟို ‘ယွင်’ ဆိုတဲ့မိန်းကလေးလို ဖြစ်သွားနိုင်မလား”

ရန်ကျောက်ကဲက အလင်းနဂါးကြီးကို စူးစိုက်ကြည့်ရင်း...

“အဲဒီလို မဖြစ်နိုင်ပါဘူး ၊ အကြီးအကဲ’မုန့်’ စိတ်အေးအေးထားပါ”

ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သော ဖန်းယွင်ရှန်းနှင့် ဖန်ချိုးတို့ကိုကြည့်ရင်း အကြီးအကဲ’မုန့်’ က တစ်စုံတစ်ခုပြောချင်ဟန်ရှိသော်လည်း မပြောဘဲ ထိန်းချုပ်လိုက်သည်။

ရန်ကျောက်ကဲက အကြီးအကဲ’မုန့်’ ၏ အတွေးများကို သိရှိဟန်ဖြင့် မေးခွန်းထုတ်သည်။

“ဒီပွဲမှာ အနိုင်ရတဲ့သူ ဘယ်သူမဆို အားအင်ကုန်ခမ်းသွားပြီဖြစ်လို့ နောက်တစ်ပွဲမှာ မန်ဝမ်ကို အနိုင်မယူနိုင်တော့မှာ အကြီးအကဲ’မုန့်’ စိုးရိမ်နေတာ မဟုတ်လား ၊ ကျွန်တော်တို့နဲ့ ပဋိပက္ခမရှိတဲ့ လှိုင်းနက်ဂေဟာက ထူးကဲယင်သရဖူကို ဆုံးရှုံးရပြီး နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူ ရရှိသွားမှာ စိတ်ပူနေတာမလား”

ထိုစကားကိုကြားတော့ အကြီးအကဲ’မုန့်’က သက်ပြင်းချရင်း...

“သိုင်းသမားတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ကြိုးစားတာ သဘာဝကျပါတယ် ၊ ဗျူဟာအရပဲဖြစ်ဖြစ် အကျိုးအမြတ်အတွက်ပဲဖြစ်ဖြစ် တိုက်ပွဲတစ်ပွဲမှာ ပြိုင်ဘက်ကို အနိုင်ပေးလိုက်ရမယ်ဆိုရင် သူတို့ရဲ့သိုင်းတာအိုအပေါ် ယုံကြည်မှု အနည်းနဲ့အများ ထိခိုက်သွားနိုင်တယ် ၊ ဒီအဘိုးကြီး ဒါတွေကို နားလည်ပါတယ် ၊ ဒါပေမဲ့ ဒီကလေး သူ့ပြိုင်ဘက်ကို မနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်း ထူးကဲယင်သရဖူရယူသွားမယ်ဆိုရင်တော့ လက်ရှိအခြေအနေကို နည်းနည်းတော့ နောင်တရသလို ခံစားရတယ်”

ရန်ကျောက်ကဲက...

“ကျွန်တော်နားလည်ပါတယ် ၊ အကြီးအကဲ’မော့’က တခြားကိစ္စတွေကိုလည်း စဉ်းစားနေတာ မဟုတ်လား ၊ ကျွန်တော်တို့ဘက်က ဖန်ချိုးကို အနိုင်မယူဘဲ အရှုံးပေးလိုက်မယ်ဆိုရင် ဂိုဏ်းတူညီမလေး’ဖန်း’ ရဲ့ စွမ်းအားအတိမ်အနက်ကို နေသူတော်စင်ဂိုဏ်းက မသိရှိနိုင်တော့ဘူး ၊ ကျွန်တော်တို့ရဲ့ စွမ်းအားကို ထိန်းသိမ်းရာရောက်တဲ့အတွက် လာမယ့်ပြိုင်ပွဲမှာ ပိုပြီးအကျိုးရှိနိုင်တယ်”

အကြီအကဲ’မော့’က သက်ပြင်းချလိုက်သော်လည်း စကားမဆိုပေ။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဒါပေမဲ့... ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’က ညီမလေး’ဖန်ချိုး’ ကို ဒီအတိုင်းအရှုံးပေးလိုက်လည်း ဖန်ချိုးက မန်ဝမ်ကို အနိုင်မယူနိုင်ပါဘူး ၊ စောစောက မန်ဝမ်နဲ့ ညီမလေး’ချန်စုထင်’ တို့တိုက်ပွဲကိုကြည့်ပြီး အဖြေကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ် ၊ ဒီတစ်ကြိမ်ပြိုင်ပွဲက ဘယ်လိုအခြေအနေပဲရှိပါစေ မန်ဝမ်လက်ထဲပဲ ထူးကဲယင်သရဖူ ရောက်သွားမှာပါပဲ ၊ ဆိုတော့... ဒီတိုက်ပွဲမှာ ဖန်းယွင်ရှန်းပဲ အနိုင်ရရ ၊ ဖန်ချိုးပဲအနိုင်ရရ ရလဒ်ကတော့ မပြောင်းလဲနိုင်ပါဘူး”

အကြီးအကဲ’မုန့်’က ရန်ကျောက်ကဲကို လှည့်ကြည့်သည်။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဖန်ချိုးရော ဖန်းယွင်ရှန်းရော အထွတ်ထိပ်အခြေအနေမှာ ရှိနေမယ်ဆိုရင်တောင် မန်ဝမ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး ၊ ရန်သူက ရေလိုပဲစီးဆင်းနေတယ် ၊ မန်ဝမ်က သံမဏိကိုသွန်းလောင်းထားသလိုပါပဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်သပ်လိုက်ရင်း...

“စောစောက အကြီးအကဲ’မုန့်’ ပြောခဲ့သလိုပါပဲ ၊ မန်ဝမ်က ထူးကဲယင်မိန်းမပျိုတွေထဲမှာ ပြိုင်ဘက်ကင်းပဲ”

အကြီးအကဲ’မုန့်’က မျက်ခုံးများကို တွန့်ချိုးထားစဉ် ရန်ကျောက်ကဲက လရောင်ကမ္ဘာကို အကဲခတ်ရင်း သိမ်မွေ့စွာဆိုသည်။

“ဒါပေမဲ့... သူက ပြိုင်ဘက်ကင်းပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့က ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ ၊ ဒါတွေက ဖြတ်သန်းသွားရမယ့်အရာတွေပါ”

စကားခဏနားပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ပြုံးလိုက်သည်။

“တိုက်ပွဲတစ်ပွဲဆိုတာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တယ် ၊ ဉာဏ်ရှိရင် ဉာဏ်ရှိသလောက် ရန်သူရဲ့ဓားချက်ကို ဖျတ်ဖျတ်လတ်လတ်ရှောင်တိမ်းပြီး မထင်မှတ်တဲ့အောင်ပွဲတစ်ခုကို ရယူနိုင်တယ် ၊ ဒါ့ကြောင့် တိုက်ပွဲတစ်ပွဲတိုက်ခိုက်တဲ့အခါ နိုင်မှာလား ရှုံးမှာလား မေးခွန်းထုတ်စရာမလိုဘူး ၊ ပြိုင်ဘက်ကို မယှဉ်နိုင်ဘူးလို့ထင်ရတဲ့အချိန်မှာတောင် ရဲရင့်စွာရပ်တည်ရင်း အနိုင်ရသွားတဲ့သူတွေ ဒုနဲ့ဒေးပါ”

ထိုစကားကိုကြားတော့ အကြီးအကဲ’မုန့်’ တိုက်ပွဲယှဉ်ပြိုင်ရာ လရောင်ကမ္ဘာသို့ လှည့်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများ တုန်ခါသွားရသည်။

တဖြည်းဖြည်းအားနည်းလာပြီဖြစ်သော အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက် အလင်းနဂါးကြီးသည် မူလလမ်းကြောင်းမှသွေဖယ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာစွမ်းအားများ ရုတ်ချည်းပေါက်ကွဲထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ထိုစွမ်းအားက တိုက်ပွဲစတင်စဉ်ကထက်ပင် ပိုမိုကြီးမားပြင်းထန်ပြီး အထွတ်ထိပ်ကို ကျော်လွန်သွားသည်။

ဖန်ချိုး ခဏမျှ မှင်တက်သွားသည်။

သူမက လက်ကျန်ခွန်အား ရှိသမျှဖြင့် နောက်ဆုံးတန်ပြန်တိုက်စစ်ဆင်ကာ ဖန်းယွင်ရှန်းကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် အချိန်ကြာလာသော်လည်း ဖန်းယွင်ရှန်းက အရှုံးပေးမည့်အရိပ်အယောင်မပြဘဲ ဆက်တိုက်ဆိုသလို မရပ်မနား တိုက်ခိုက်ခဲ့သည်။ ယခု ဖန်ချိုးရော ဖန်းယွင်ရှန်းပါ စွမ်းအားများကျဆင်းလာပြီး အရှိန်အဟုန်အားနည်းသွားသည့်တိုင် ဖန်းယွင်ရှန်းက စွမ်းအားပေါက်ကွဲမှုကြီးတစ်ခု မထင်မှတ်စွာ ထုတ်ဖော်ခဲ့သည်။ သူမ၏ နောက်ဆုံးအကြိမ် စွမ်းအားပေါက်ကွဲသွားမှုကြီးက ဖန်ချိုး၏ မျှော်လင့်ချက်များအားလုံးကို ရိုက်ချိုးခဲ့သည်။

ဖန်ချိုး၏ စက္ကူထီးလေးက အလွန်အားနည်းနေပြီ ဖြစ်ပြီး အပြည့်အဝ မခုခံနိုင်တော့ပေ။

ထိုအချိန် ဖန်းယွင်ရှန်း၏ မူလစံနှုန်းထက် အဆမတန်ကျော်လွန်သော စွမ်းအားများက ပြင်းထန်စွာပေါက်ကွဲထွက်လာသည်။ အဖြူရောင်ထီးလေးကို အလင်းနဂါးကြီးက တိုက်ရိုက်ထိုးဖောက်လိုက်ပြီး ကြုံးဝါးသံတစ်သံကို ပြုလုပ်လိုက်သည်။

အလင်းနဂါးကြီးက လရောင်အောက်တွင် တစ်ချက်လှည့်ပတ်ရင်း ကောင်းကင်ကိုဖြတ်သန်းပြီးနောက် ဖန်ချိုးရှေ့သို့ ရောက်ရှိလာသည်။

ထို့နောက် ဖန်းယွင်ရှန်း အသွင်ပေါ်လာသည်။ သူမ၏မျက်နှာက သွေးရောင်တစ်စက်မရှိဘဲ စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေသည့်တိုင် တည်ငြိမ်သည့်အမူအရာနှင့် ဆုံးဖြတ်ချက်ခိုင်မာသည့်မျက်ဝန်းများက တစ်ချက်မှ မယိမ်းယိုင်ပေ။

“ဂိုဏ်းတူညီမလေး’ဖန်ချိုး’ အလျှော့ပေးတဲ့အတွက် ကျေးဇူးပါနော်”

ဖန်ချိုး၏မျက်နှာမှာလည်း ဖန်းယွင်ရှန်းကဲ့သို့ပင် ဖြူဖျော့နေသည်။

သို့သော် သူမက စိတ်ရင်းအမှန်ဖြင့်ပင် စကားဆိုလိုက်သည်။

“အစ်မ’ဖန်း’က ကျွန်မကို အလျှော့ပေးခဲ့တာပါ ၊ ဒါက ထူးကဲယင်ပြိုင်ပွဲသာမဟုတ်ရင် ကျွန်မ အသက်ဆုံးသွားနိုင်ပါတယ်”

တိုက်ပွဲရလဒ် ချက်ချင်းပြောင်းလဲသွားလေရာ ပြိုင်ပွဲကြည့်နေသူတိုင်း အံ့သြမှင်တက်သွားကြသည်။

လူတိုင်းက ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေပြီး အချိန်အတော်ကြာအောင် အကြည့်မလွှဲနိုင်ခဲ့ကြပေ။ အကြီးအကဲ’မုန့်’သည်လည်း အလားတူပင် ဖန်းယွင်ရှန်းကို ငေးကြည့်နေမိသည်။

ရန်ကျောက်ကဲက အကြီးအကဲ’မုန့်’ ကို ကြည့်ရင်း...

“ဒီတိုက်ကွက်က ဂိုဏ်းတူညီမလေး’ဖန်း’ရဲ့  နောက်ဆုံးထိုးနှက်ချက်ပဲ ၊ စွမ်းအားအကုန်အသုံးပြုလိုက်တဲ့အတွက် မန်ဝမ်ကို ဆက်ပြီးတိုက်ခိုက်နိုင်မျာ မဟုတ်တော့ဘူး ၊ ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်”

အကြီးအကဲ’မုန့်’က ဖန်းယွင်ရှန်းကို မျက်တောင်မခတ် လှမ်းကြည့်နေစဉ် ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့် ရေရွတ်လိုက်သည်။

“ဂိုဏ်းတူညီမလေး’ဖန်း’ ကိုယ်တိုင်အတည်ပြုရမယ့် အရေးကြီးကိစ္စတွေ ရှိနေသေးတယ်”

All Chapters