ဓာတ်ငါးမျိုးတိုက်ပွဲပညာ၏ဇစ်မြစ်
Vol. 37 Ch. 548
"နောက်ဆုံးတော့ အားလုံးပြီးသွားပြီပဲ"
လုယန် ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်သည်။ သင်ကြားရေးအကြီးအကဲ၏ လမ်းညွှန်မှုကြောင့် သူတို့တိုးတက်မှု မြန်ဆန်ခဲ့သည်။ ဓားငါးမျိုးတိုက်ခိုက်ရေးပညာတွင် အောင်မြင်မှုတစ်ချို့ ရခဲ့သည်။
အကြီးအကဲက မုတ်ဆိတ်ဖြူကိုသပ်လျက် ခေါင်းတစ်ချက်ငြိမ့်သည်။
"သိပ်ကောင်းတယ်။ ဒီထက်လည်း ငါမင်းတို့ကို သင်ပေးနိုင်တာမရှိတော့ဘူး"
သူတင်ခဲ့သည့် တပည့်များထဲတွင် လုယန်တို့ငါးယောက်အဖွဲ့သည် ဓာတ်ငါးမျိုးတိုက်ပွဲပညာကို တတ်မြောက်မှုအမြန်ဆုံးဖြစ်သည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့၏ အားကောင်းသည့်ဝိညာဉ်စွမ်းအင်များကလည်း သူတို့ကျင့်ကြံမှုကို ဦးဆောင်ပံ့ပိုးပေးခဲ့သည်။
နောက်ထပ်အရေးကြီးသည့်အချက်က သူတို့ငါးယောက်၏ စည်းလုံးညီညွတ်မှုဖြစ်သည်။ သင်ယူရာတွင် ပို၍ထိရောက်မှုရှိခဲ့သည်။
"ဓာတ်ငါးမျိုး တိုက်ပွဲပညာက တကယ်စွမ်းအားကြီးတာပဲ"
လီဟော်ရန် ကျိတ်၍ခေါင်းငြိမ့်သည်။ ကိူးငရဲဂိုဏ်း ဓာတ်ငါးမျိုးတိုက်ခိုက်ရေးပညာကျွမ်းကျင်ပြီး ချင်ဟော်ရန်နှင့် ဒုဂိုဏ်းချုပ်လေးယောက် ပူးပေါင်းတိုက်ခိုက်လျှင် အကြွေးရှင်များကို အနိုင်ယူနိုင်ခဲ့လောက်သည်။
သို့သော် ထိုကိစ္စက ဒုဂိုဏ်းချုပ်လေးယောက် ကိုးငရဲဂိုဏ်း၏ ငွေကြေးအကြပ်အတည်းကိုသိပြီး သူတို့ချင်းပူးပေါင်းချင်စိတ်ရှိမရှိပေါ်မူတည်နေသည်။
"ဘယ်ဘိုးဘေးက ဒီဓာတ်ငါးမျိုးတိုက်ခိုက်ရေးပညာကို တီထွင်ခဲ့တာလဲ။ ဒီလိုပါရမီမျိုး ပိုင်ဆိုင်ခဲ့တာ ဘယ်သူလဲ"
လုယန် စပ်စုလိုက်သည်။
"ဓာတ်ငါးမျိုးတိုက်ခိုက်ရေးပညာကို ငါတို့ဓာတ်ငါးမျိုးဂိုဏ်းရဲ့ ဂိုဏ်းတည်ဘိုးဘေး သခင်ထန်ခွေ့က တီထွင်ခဲ့တာ။ သူ့ခေတ်သူ့အခါက ပြိုင်ဘက်ကင်းပါရမီရှင်ပဲ။ ငါတို့ဂိုဏ်းအတွက် ပညာအမွေတွေ အများကြီးချန်ထားခဲ့တယ်။ ဓာတ်ငါးမျိုးတိုက်ခိုက်ရေးပညာအပါအဝင်ပေါ့"
သခင်ထန်ခွေ့သည် မဟာရှားတွင် လွန်ခဲ့သည့်နှစ်တစ်သိန်းက နာမည်ကျော်ခဲ့သည့် တာအိုလမ်းစဉ်ဂိုဏ်းမှ သခင်ကွေ့ယွမ်နှင့် ခေတ်ပြိုင်စွမ်းအားရှင်ဖြစ်သည်။
ဓာတ်ငါးမျိုးဂိုဏ်းတည်ထောင်ရတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။
သင်ကြားရေးအကြီးအကဲက အတိတ်အကြောင်းများ ပြန်အောက်မေ့တသဟန်ဖြင့် ဓာတ်ငါးမျိုးဂိုဏ်းတွင် လက်ဆင့်ကမ်းခဲ့သည့် ဒဏ္ဍာရီဇာတ်လမ်းများကို ပြန်ပြောပြသည်။
"သခင်ထန်ခွေ့ဟာ မဟာယုခေတ်နှောင်းပိုင်း နာမည်ကျော်စာပေပညာရှင်မိသားစုမှာ မွေးဖွားတယ်။ အဲဒီ့ခေတ်က အုပ်ချုပ်ရေးအတွေးအမြင်တွေကို စိတ်ဝင်စားခဲ့တယ်။
သက်ဦးဆံပိုင်ဘုရင်၊ အရာရှိ၊ အဖေနဲ့သားဆိုတာလို့ ခွဲခြားထားတဲ့ အဆင့်အတန်းတွေပေါ့။ သူ့မူလရည်ရွယ်ချက်က နန်းတွင်းစာမေးပွဲဖြေပြီး နောင်တစ်ချိန် ပုန်ကန်ထကြွဖို့အတွက် နန်းတွင်းတပ်ဖွဲ့ထဲကို ဝင်ဖို့ပါ။
လူထုကို စည်းရုံးနိုင်တာနဲ့ သူ့ကိုယ်ပိုင်နိုင်ငံကို တည်ဆောက်နိုင်မယ်။ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ...ဒီနောက်ဆုံးစကားနှစ်ခွန်းက သခင်ထန်ခွေ့ပြောခဲ့တာပါ။ ငါပြောတာမဟုတ်ဘူး။
အဲ...ဒါပေမယ့် သူနန်းတွင်းစာမေးပွဲမဖြေခင်မှာပဲ မဟာယုအင်ပါယာ နန်းကျသွားတယ်။ ပလ္လင်ပေါ်မှာ လုပ်ကြံခံရတယ်။ ဒီတော့ သခင်ထန်ခွေ့ရဲ့ ပုန်ကန်ဖို့အစီအစဉ် ပျက်စီးသွားတာပေါ့"
"ခဏနေပါဦးအကြီးအကဲ၊ သခင်ထန်ခွေ့က အုပ်ချုပ်ရေးစနစ်တွေကို စိတ်ဝင်စားခဲ့တယ်လို့ပြောတယ်နော်။ ဒါဆိုဘာလို့ သူပုန်ကန်ချင်တာလဲ"
လူငယ်တစ်ယောက်အနေနဲ့ လူကြီးကို အပြစ်တင်လျှင် မသင့်တော်မှန်းသိသော်လည်း မုန်ကျင်းကျိုး မမေးဘဲမနေနိုင်။
"ဟုတ်တယ်လေ။ သခင်ထန်ကွေ့က အဲဒီအုပ်ချုပ်ရေးစနစ်တွေ လေ့လာနေရတာ ငြီးငွေ့လာတယ်။ ဒီစနစ်တွေကို မလိုက်နာဘဲ ဆန့်ကျင်လိုက်ရင် ဘာဖြစ်လာမလဲလို့ သူသိချင်တာပါ"
အရိုးရိုင်း သဘောပေါက်သွားဟန်ရှိသည်။ သို့ဆိုလျှင် စာပေကျင်ကြံသူများလည်း ထိုသို့ကျင့်ကြံနိုင်သည့်သဘောဖြစ်သည်။
ကျမ်းစာဖတ်ရုံသာမဟုတ်ဘဲ ထိုသီအိုရီများ မှန်မမှန် လက်တွေ့စမ်းသပ်ကြည့်နိုင်သည်။ အရင်က သူလေ့လာရာတွင် စည်းမျဉ်းစနစ်များကို အလေးထားလွန်းခဲ့သည်။
"ခေတ်ပျက်ထဲမှာ သခင်ထန်ခွေ့က ကျင့်စဉ်စွမ်းအားမလုံလောက်တော့ လောကကိုဦးဆောင်ဖို့ အရည်အချင်းမမီခဲ့ဘူး။ ဒါကြောင့် ကျင့်ကြံမှုကို သူစိတ်နှစ်ထားခဲ့တယ်။
တိုက်ပွဲတွေကြားလှည့်လည်ပြီး ကိုယ့်ကိုယ်ကို သန်မာအောင်လေ့ကျင့်ခဲ့တယ်။အဲလိုနဲ့ လောကထဲ လှည့်ပတ်ရင်း သူငြီးငွေ့စိတ်ပျက်လာတယ်။ တစ်နေ့တော့ မထင်မှတ်ဘဲ မသေမျိုးနယ်မြေတစ်ခုတွေ့ပြီး သူကံထူးသွားတယ်"
"မသေမျိုးနယ်မြေ"
မသေမျိုးဟူသည့်စကားကြောင့် လုယန် မျက်လုံးပြူးသွားသည်။ ပုံမှန်အားဖြင့် ထိုနေရာမျိုးကို လျှို့ဝှက်နယ်မြေဟုသာ ခေါ်ကြသည်။ 'မသေမျိုး'ဟု နာမည်တပ်ခေါ်သည်ဆိုလျှင် မသေမျိုးများနှင့် ပတ်သက်မှုရှိနေ၍သာဖြစ်ရမည်။
"မသေမျိုးနယ်မြေဆိုတာနဲ့ နင်ဘာလို့အဲလောက်လန့်နေတာလဲ။ ဒီမသေမျိုးရှေ့မှာ ဘယ်မသေမျိုးနယ်မြေက ဘာတန်ဖိုးရှိမှာလဲ"
နတ်မယ်က ပုံမှန်လေသံဖြင့် ပြောသည်။ လုံးဝအရေးစိုက်ဟန်မရှိ။ သူကိုယ်တိုင်က မသေမျိုးတစ်ယောက်ဖြစ်သည်။ သူ့လှုပ်ရှားမှုတိုင်းသည် မသေမျိုးလှုပ်ရှားမှုဖြစ်သည်။
လုယန် နတ်မယ်ကို မယုံမရဲကြည့်သည်။
...ခင်ဗျားက မသေမျိုးနယ်မြေတစ်ခုရဲ့တည်နေရာကို သိထားသလိုလေသံနဲ့ ပြောနေပါလား။
သိလျှင်လည်း နေရာတစ်ခုတည်းသာရှိလိမ်မည်။
လုယန်အကြည့်ကြောင့် နတ်မယ်အလိုမကျဖြစ်သွားသည်။ သူ့တန်ဖိုးကို မှတ်ကျောက်သွေးနေသလို ခံစားရသည်။
"ငါမသေမျိုးက နင့်သိစိတ်နယ်မြေမှာ ရှိနေတာလေ။ အဲဒါ မသေမျိုးသိစိတ်နယ်မြေပေါ့။ အရှင်းဆုံးပြောရရင် ဒီနေရာက မသေမျိုးလောကပဲ"
မသေမျိုးလောကကို ထိုသို့အဓိပ္ပါယ်ဖွင့်ပုံမျိုး လုယန် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
မျက်လုံးတစ်ချက်စွေကြည့်ပြီးနောက် အမူအရာပြန်ပြင်၍ အကြီးအကဲပြောသည့်ဇာတ်လမ်းကို ဆက်နားထောင်သည်။
"သခင်ထန်ခွေ့ရဲ့မှတ်တမ်းတွေအရ အဲဒီ့လျှို့ဝှက်နယ်မြေဟာ မသေမျိုးတစ်ယောက် ချန်ထားခဲ့တာ။ ထာဝရရှင်သန်မှုနယ်မြေပဲ။ လျှို့ဝှက်ချက်တွေ နေရာတိုင်းမှာရှိတယ်။
နှစ်ပေါင်းများစွာရှင်သန်ခဲ့တဲ့ မသေမျိုးတွေရဲ့ ပုံရိပ်ကိုတောင် သူမြင်ခဲ့တယ်။ ရှေးဟောင်းသမိုင်းဖြစ်ရပ်တစ်ခု သူ့ရှေ့မှာ ပြန်အသက်ဝင်လာသလိုဖြစ်ခဲ့တယ်။
ဒါပေမယ့် မသေမျိုးတွေရဲ့မျက်နှာက မထင်ရှားဘူး။ မှုန်ဝါးဝါးဖြစ်နေတယ်။
မသေမျိုးနှစ်ယောက် ကျားကစားနေကြတယ်။ ကျားစေ့တွေက အဖြူနဲ့အနက်ပေါ့။ ကစားပွဲက သပ်သပ်ရပ်ရပ်စီစည်ထားတယ်။ ကျားကွက်တိုင်းကို သေချာစဉ်းစားပြီးမှရွှေ့တယ်။
တစ်ကွက်ရွှေ့ဖို့ လပေါင်းများစွာစောင့်ကြတယ်။ ကျားကစားနေရုံမဟုတ်ဘဲ လောကကံကြမ္မာနဲ့ သက်ရှိတွေကို ကစားနေသလိုပဲတဲ့။
ကျားကစားနေတုန်းမှာ သစ်ခုတ်သမားပုံစံနဲ့ တတိယမသေမျိုးတစ်ယောက်က လာကြည့်တယ်။
သခင်ထန်ခွေ့က ဒီပုံရိပ်ထဲမှာ ဈာန်ဝင်သွားတယ်။ လောကအစစ်ကို သူပြန်ရောက်တဲ့အချိန်ကျတော့ အချိန်နှစ်တစ်ရာ ဖြတ်ကျော်သွားပြီ။
ကျားခုံပေါ်က အဖြူအနက်ကျားစေ့တွေ ရင်ဆိုင်တိုက်ခိုက်နေတာကို သူသတိထားမိတယ်။ ကျားငါးစေ့ တစ်တန်းတည်းဖြစ်အောင် ကြိုးစားနေကြတာလေ။ ဒါကိုကြည့်ပြီး သူဉာဏ်အလင်းရသွားတယ်။
ဒီကျားငါးစေ့ဟာ ဓာတ်ငါးမျိုးကိုကိုယ်စားပြုတာလို့ သူယုံကြည်တယ်။ ကျားစေ့ငါးခုတစ်တန်းတည်းကျရင် အောင်နိုင်မယ်။ ဓာတ်ငါးမျိုးစုစည်းထားတဲ့စွမ်းအားဟာ အရမ်းကြီးမားတယ်ဆိုတဲ့အဓိပ္ပါယ်ဘဲ။ မသေမျိုးတစ်ယောက်တောင် ခုခံနိုင်စွမ်းမရှိဘူး။
ဒီအတွေးကိုအာရုံနှစ်ပြီး သူတံခါးပိတ်ကျင့်တယ်။ အဲလိုနဲ့ ဓာတ်ငါးမျိုးတိုက်ခိုက်ရေးပညာကို သူဖန်တီးနိုင်ခဲ့တယ်။ အဲဒီ့နောက်မှာ ဓာတ်ငါးမျိုးဂိုဏ်းကို သူတည်ထောင်တယ်။
ဝမ်းနည်းစရာကောင်းတာက သခင်ထန်ခွေ့ တံခါးပိတ်ကျင့်ရာကနေ ထွက်လာတော့ မသေမျိုးပုံရိပ်တွေ ပျောက်ကွယ်သွားပြီ။ နောက်ထပ် ဘယ်တော့မှ ပြန်မမြင်ရတော့ဘူး။
သူပါရမီနည်းလို့ ကျားကစားပွဲကို ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် ငါးပုံတစ်ပုံလောက်ပဲ နားလည်ခဲ့တာလို့ ပြောတယ်။ ဒီကျားပွဲထဲမှာ သူအဖြေမထုတ်နိုင်တဲ့ ပိုနက်နဲတဲ့ သဘောတရားတွေ ရှိဦးမယ်လို့ သူယုံကြည်ခဲ့တယ်။
ဥပမာ ဘာလို့ တတိယမသေမျိုး သစ်ခုတ်သမားက ဒီကစားပွဲကို လာကြည့်တာလဲ။ သစ်ခုတ်တယ်ဆိုတာ ဘာကိုကိုယ်စားပြုလဲ။ ဖြစ်တည်မှုအားလုံးကို ထင်းလောင်စာအဖြစ် ဆက်ဆံတဲ့ သဘောလား။ ဒါမှမဟုတ် ဘက်မလိုက်တဲ့ သူ့ရပ်တည်ချက်ကို ပြချင်တာလားဆိုတာတွေပေါ့"
အကြီးအကဲ စိတ်မကောင်းဟန်ဖြင့် ခေါင်းခါနေသည်။ ဤကိစ္စတွင် မဖြေရှင်းနိုင်သည့်ပုစ္ဆာများစွာရှိသည်။ ယခုထိပင် ရှေးဟောင်းလျှို့ဝှက်ချက်များကို တစ်ချို့တစ်ဝက်လောက်သာ နားလည်နိုင်သေးသည်။
လုယန် "..."
ယင်ထန်မသေမျိုးနှင့်ချီလင်မသေမျိုးတို့က နတ်မယ်ချက်ကျွေးသည့် အစားအသောက်မစားချင်၍ ကျားကစားပွဲကို အကြောင်းပြ၍ နှစ်တစ်ရာကြာအောင် ကစားခဲ့ကြောင်း လုယန် မှတ်မိနေသည်။ ကိုးဆမသေမျိုးကို နတ်မယ်က ဟင်းချက်ဖို့ ထင်းသွားခုတ်ခိုင်းသည်။ သို့သော် ထင်းခုတ်ပြီးနောက် ကျားကစားပွဲကို သူသွားကြည့်ခဲ့သည်။ ဤသို့ဖြင့် သုံးယောက်သား ကျားပွဲကို နှစ်တစ်ရာကြာအောင် ဆွဲဆန့်နိုင်ခဲ့သည်။
အစက သူတို့ကစားခဲ့သည့် ကျားကစားပွဲတွင် စကြာဝဠာနိယာမသဘောတရားများ ပါဝင်နေမည်ဟု လုယန်ထင်မှတ်ခဲ့သည်။
လက်စသတ်တော့ နှစ်ယောက်လုံးက ရိုးရိုးကျားပွဲသာ ကစားနေခြင်းဖြစ်သည်။
"တွေ့လား၊ ငါမသေမျိုးနင့်ကို ဘာပြောခဲ့လဲ။ ကိုးဆမသေမျိုးက ယင်ယန်နဲ့ဓာတ်ငါးမျိုးကိုပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်တွေကို ဉာဏ်အလင်းပြခဲ့တာပဲမဟုတ်လား။
ဒီဖြစ်ရပ်က သက်သေပဲလေ"
နတ်မယ်က ဖြောင့်မတ်သူလေသံဖြင့်ပြောသည်။ သူ့စကားကို ချဲ့ကားပြောစရာဥပမာတစ်ခု တွေ့လာသောကြောင့်ဖြစ်သည်။
"ဒါနဲ့နတ်မယ်၊ အဲဒီ့မသေမျိုးနယ်မြေက အခုထိရှိသေးလား"
"အင်း ရှိတာပေါ့။ မသေမျိုးပုံရိပ်ပျောက်ကွယ်သွားပြီး ဘယ်သူမှနားမလည်ကြပေမယ့် သခင်ထန်ခွေ့က ဒါကို မသေမျိုးနယ်မြေတစ်ခုလို့ ယူဆနေတုန်းပဲ။ ဒါကြောင့်သူက အဲဒီ့နယ်မြေကို ဓာတ်ငါးမျိုးဂိုဏ်းထဲ ပြောင်းရွှေ့ခဲ့တယ်"
လုယန်တွေးသည်။ ရွှေစွမ်းအင်ကြောဘိုးဘေးသည် တစ်ချိန်က စွမ်းအင်သွေးကြောများ ဂိုဏ်းသို့ ခေါက်တုံ့ခေါက်ပြန်ရွှေ့ခဲ့သည်မှာ အံ့ဩစရာမရှိတော့။ ပထမဆုံးဂိုဏ်းချုပ်က မသေမျိုးနယ်မြေတစ်ခုကိုပင် ရွှေ့ပြောင်းခဲ့သည်။
သို့သော်ယခု ဤကိစ္စ ငြင်းခုန်နေရမည့်အချိန်မဟုတ်။
"ကျုပ်တို့ လျှို့ဝှက်နယ်မြေကိုဝင်ပြီး မသေမျိုးကျားပွဲကို ကြည့်လို့ရနိုင်လား"
မည်သို့ဆိုစေ ထိုနေရာသည် တစ်ချိန်က မသေမျိုးသုံးယောက် နေခဲ့သည့်နေရာဖြစ်သည်။ သဲလွန်စတစ်ချို့ ရှိနိုင်သည်။
လုယန်စကားကြောင့် မုန်ကျင်းကျိုးတို့လည်း ဤကိစ္စကို စိတ်ဝင်စားလာကြသည်။ မသေမျိုးများနှင့်ပတ်သက်သည့်နေရာသည် ဘယ်လိုပင်ပြောပြော ကြည့်ထိုက်သည်။
***************************************