← Chapters

အကာအကွယ်

Vol. 37 Ch. 551

အကာအကွယ်

Vol. 37 Ch. 551

လူတစ်ယောက် သူတို့ရှိသည့်အချိန်ကာလသို့ လှမ်းကြည်နေကြောင်း အာရုံခံမိသဖြင့် မသေမျိုးနယ်မြေ၏လေထု ချက်ချင်းတင်းမာလာသည်။

"အချိန်မသေမျိုးက ဒီကျားပွဲမှာ အချိန်အရိယဖလ ဘယ်အချိန်သုံးမလဲသိချင်လို့ ကြည့်နေတာများလား"

ချီလင်က တွေးတွေးဆဆပြောသည်။ မည်သို့ဆိုစေ ကျားတစ်ကွက်ရွှေ့ဖို့ လချီအချိန်ဆွဲသည်က နည်းနည်းတော့လွန်သည်။

မသေမျိုးသုံးယောက် အသံတိတ်သွားသည်။ ဖြစ်နိုင်သည်ဟု ယူဆကြသည်။

"နတ်မယ်၊ သူတို့က ကျုပ်တို့ကိုမြင်နိုင်လား"

လုယန် အံ့အားသင့်နေသည်။ မသေမျိုးသုံးယောက်နှင့် အချိန်နှစ်သုံးသိန်းကွာခြားခဲ့ပြီဖြစ်သည်။ အတိတ်ပုံရိပ်ကို သူမြင်နေရသည်။ ထိုအခြေအနေမျိုးမှာပင် သူရှိနေကြောင်း အာရုံခံနိုင်သည့် မသေမျိုးများ၏စွမ်းအားက နည်းနည်းကြောက်စရာကောင်းလွန်းသည်။

နတ်မယ်က လုယန်ကို တစ်ချက်လှည့်ကြည့်သည်။

"ကိုယ့်ကိုယ်ကို အဲလောက်အထင်ကြီးမနေနဲ့။ သူတို့က ငါ့ကိုအာရုံခံမိတာပါ။ နင့်ကိုမဟုတ်ဘူး"

လုယန်၏ကျင့်စဉ်စွမ်းအားသည် မသေမျိုးသုံးယောက်၏အာရုံကို ဆွဲဆောင်နိုင်လျှင် ပုံရိပ်ကိုသူစကြည့်ကတည်းက မသေမျိုးများ သတိထားမိခဲ့ပေလိမ့်မည်။

သခင်ထန်ခွေ့၏ကျင့်စဉ်အဆင့်သည် လုယန်ထက် များစွာသာလွန်သည့်တိုင် မသေမျိုးများ၏အာရုံကို ဆွဲဆောင်နိုင်စွမ်းမရှိခဲ့။

"'မြင်တယ်'ဆိုတာ အနာဂတ်မှာရှိတဲ့ ငါတို့ကို အတိတ်ကနေ အချိန်မသေမျိုးက မြင်နိုင်တာကိုပြောတာ။ ယင်ထန်တို့က ရေးတေးတေးပဲ အာရုံခံနိုင်တာ။ သူတို့ကြည့်နေတာ ဘယ်သူဘယ်ဝါမှန်းတောင်မသိဘူး"

သို့တိုင်အောင် ထိုမသေမျိုးများသည် ကြောက်စရာကောင်းလွန်းသည်ဟု လုယန်ခံစားနေရဆဲဖြစ်သည်။

မသေမျိုးအားလုံး နတ်မယ်လိုမဟုတ်နိုင်။

လုယန်ရိုင်းစိုင်းသည့်အတွေးမျိုးတွေးနေသည်ဟု နတ်မယ် သံသယဖြစ်နေသည်။ သို့သော် သက်သေအထောက်အထားမရှိ။

ကိုးဆမသေမျိုး ခဏစဉ်းစားပြီးနောက် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု တွေးမိသည်။

"အချိန်မသေမျိုးလည်း ဟုတ်ချင်မှဟုတ်မယ်။ အနာဂတ်မျိုးဆက် မသေမျိုးတစ်ယောက်က အချိန်ကာလကိုဖြတ်ကျော်ပြီး ငါတို့ကို ကြည့်နေတာဖြစ်မယ်။

ဘာပဲပြောပြော ဒီနေရာမှာ ငါတို့ နှစ်တစ်ရာကြာအောင် နေကြမှာလေ။ ဒီတော့ အတိတ်ပုံရိပ်တစ်ခု ဖြစ်လာမှာပဲ"

"မသေမျိုးတစ်ယောက်က ငါတို့ရဲ့ သမိုင်းပုံရိပ်ကို မြင်သွားတယ်လို့ ပြောချင်တာလား"

"ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ အခု မသေမျိုးဆိုလို့ ငါတို့လေးယောက်ပဲရှိတယ်။ မသေမျိုးတစ်ဝက်အဆင့်တွေ အများရှိပေမယ့် သူတို့က အရည်အချင်းမမီဘူး။ ဘယ်သူမှ မသေမျိုးဖြစ်မလာနိုင်ဘူး။ ရှည်လျားတဲ့ အနာဂတ်ခေတ်ကာလအတွင်း မသေမျိုးတစ်ချို့ ပေါ်ထွက်လာတာ မဆန်းပါဘူးလေ"

သုံးယောက်သား ရယ်နေကြသည်။ နောက်တစ်ချိန် မသေမျိုးတစ်ချို့ ထပ်ပေါ်လာလျှင် နတ်မယ်၏ဒဏ်ကို မျှခံဖို့ လူဦးရေတိုးလာခြင်းပင်ဖြစ်သည်။

"ဟေ့.. ကိုးဆ၊ ယင်ထန်၊ ချီလင်..နင်တို့ငါ့အသံကို ကြားရလား"

နတ်မယ်အော်ဟစ်၍ စွမ်းအင်ရောင်ကို ထုတ်လွှတ်ပေးပို့ရန် ကြိုးစားသည်။

ပုံရိပ်ကို နတ်မယ်စကြည့်နေစဉ်အချိန်က ယင်ထန်မသေမျိုး သူ့ကိုသတိမထားမိခဲ့။ နောက်ကွယ်မှကြိုးကိုင်သူကို အပြစ်ပေးမည်ဟုပြော၍ စွမ်းအင်ရောင်အမှတ်မထင် ထုတ်လွှတ်ချိန်ကျမှ အာရုံခံနိုင်ခြင်းဖြစ်သည်။

"ဒီစွမ်းအင်ရောင်က..."

မသေမျိုးသုံးယောက်လုံး ချက်ချင်းသတိအနေအထား ဖြစ်သွားသည်။ စွမ်းအင်ရောင်က ငြိမ်းတော့မည့် ဖယောင်းတိုင်ကဲ့သို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

သို့သော် ထိုစွမ်းအင်ရောင်မှတစ်ဆင့် လူတစ်ယောက်ရှိနေကြောင်း သူတို့အာရုံခံနိုင်သည်။

"(...)ရဲ့ စွမ်းအင်ရောင်ပဲ"

သုံးယောက်လုံး ပြိုင်တူအသံထွက်လာသည်။

နတ်မယ်က သူတို့ကို ငယ်စဉ်ကတည်းက ရိုက်နှက်အနိုင်ယူခဲ့သည်။ သူတို့မသေမျိုးများဖြစ်လာပြီးနောက်ပိုင်း ခန္ဓာကိုယ်အဆက်မပြတ်ပေါက်ကွဲခဲ့သည်။

ယခုလည်း နတ်မယ်ကို ရှောင်ပုန်းနေကြခြင်းဖြစ်သည်။

ဤစွမ်းအင်ရောင်ကို သူတို့အားလုံးရင်းနှီးနေသည်။

ပဲဝါ၏စွမ်းအင်ရောင်ဖြစ်သည်။

ထို့နောက် သူတို့ ကြောက်ချွေးပြန်လာသည်။ ခုနက ပဲဝါမကောင်းကြောင်း ပြောမိမပြောမိ ပြန်တွေးနေသည်။

ကံကောင်းသည်။ သူတို့မပြောမိ။

"နင်တို့ ငါပြောတာကြားရလား"

နတ်မယ် သုံးလေးကြိမ် စမ်းပြောကြည့်သည်။ သို့သော် တစ်ဘက်သုံးယောက်က ဘာမှမတုံ့ပြန်သဖြင့် စိတ်ပျက်လက်ပျက်ခေါင်းခါ၍ လက်လျှော့လိုက်သည်။

ထိုသုံးယောက် သူ့အသံကို ကြားပုံမပေါ်။

လုယန် မျက်မှောင်ကျုံ့သွားသည်။ ကိုးဆမသေမျိုးတို့တို့က အနာဂတ်မှနတ်မယ်ကို သတိထားမိသည်ဆိုလျှင် ထာဝရနတ်မယ်၏နာမည်ကို ထည်ပြောခဲ့သင့်သည်။

သို့သော် ကိုးဆမသေမျိုးပါးစပ်လှုပ်သည်ကိုသာ မြင်ရသည်။ အသံလုံးဝထွက်မလာ။ နှုတ်ခမ်းလှုပ်ရှားပုံကလည်း 'ထာဝရနတ်မယ်'ဟု ပြောခြင်းဟုတ်နိုင်။

"ကာကွယ်ထားတဲ့စွမ်းအားက အတော်ပြင်းထန်တာပဲ"

ယခုလိုအခြေအနေတွင် နတ်မယ်နာမည်ကို အချိန်မသေမျိုးနှင့်အစားထိုးလျှင် သိသာထင်ရှင်းသည့် ဟာကွက်တစ်ခုဖြစ်လာမည်။ အရူးတစ်ယောက်ပင် ထိုကိစ္စပုံမှန်မဟုတ်ကြောင်းရိပ်မိသည်။

ထို့ကြောင့် အသံမထွက်နိုင်အောင် ပိတ်ဆို့လိုက်ခြင်းက ပိုရိုးရှင်းသည်။

"(...)က သူ့စွမ်းအင်ရောင်ထုတ်လွှတ်နေတာ ထူးဆန်းတယ်မထင်ဘူးလား။ ငါတို့ကို တစ်ခုခုပြောချင်လို့များလား"

ယင်ထန်မသေမျိုး မျက်မှောင်ကျုံ့သွားသည်။ လက်ထဲမှ ကျားစေ့ကို ကစားနေသည်။ အနာဂတ်မှနတ်မယ်က သူတို့သမိုင်းပုံရိပ်ကို အမှတ်မထင်မြင်သွာား၍ စနောက်သည့်သဘော စွမ်းအင်ရောင်ထုတ်လွှတ်ခြင်းဖြစ်မည်ဟု သူယူဆသည်။

ထိုသို့ဆိုလျှင်လည်း စွမ်းအင်ရောင်တစ်ကြိမ်သာ လွှတ်သင့်သည်။ ဘာကြောင့် အကြိမ်ကြိမ်ထုတ်လွှတ်နေရသနည်း။

ထိုသို့စနောက်ရသည်ကို သဘောကျသွား၍လား။ သို့မဟုတ် သတင်းတစ်ခုခုပေးလို၍လား။ အချိန်ကွာဟချက်ကြောင့် သတင်းမပို့နိုင်ခဲ့ခြင်းလားမသိ။

...အနာဂတ်တွင် ထင်မှတ်မထားသည့်ကိစ္စတစ်ခုဖြစ်၍ အချိန်မသေမျိုးက သတင်းမပို့နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

"ကိုးဆ၊ အချိန်မသေမျိုးကိုသွားခေါ်ပါ။ ဘာတွေဖြစ်နေလဲဆိုတာ သူ့ကိုကြည့်ခိုင်းမယ်။ (...) ငါတို့ကို ရှာနေတာဖြစ်နိုင်တယ်။

...ပြီးတော့ (...)ကိုလည်း ဒီအကြောင်း မသိမပေးနဲ့။ အတိတ်နတ်မယ်နဲ့အနာဂတ်နတ်မယ်ဆုံကြရင် ဘာတွေဖြစ်လာမလဲ မပြောနိုင်ဘူး။ အချိန်လမ်းကြောင်းတစ်ခု ပွင့်သွားမလား။ ချက်ချင်းသတ်ကြဖြတ်ကြပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာမလား ကြိုမသိနိုင်ဘူး"

"ကောင်းပြီလေ"

ယင်ထန်နှင့်ချီလင်မပြောလည်း ကိုးဆမသေမျိုး ထိုအချက်ကို စဉ်းစားမိပါသည်။

အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ကိုးဆမသေမျိုး လေဟာနယ်ကိုထိုးခွဲလိုက်သည်။ ခြေတစ်လှမ်းဖြင့် အလင်းနှစ်ထောင်ချီ ဖြတ်ကျော်သွားသည်။

ကြယ်စုတန်းများစွာဖြတ်ကျော်၍ နတ်မယ်အုပ်ချုပ်နေသည့် ဓူဝံကြယ်(မြောက်ပိုင်းကြယ်ကမ္ဘာ)သို့ရောက်သည်။

ဓူဝံကြယ်ပေါ်တွင် မသေမျိုးစွမ်းအင်ရောင်များ ယှက်သန်းနေသည်။ သေမျိုးတစ်ယောက်အတွက် အသက်တစ်ကြိမ်ရှူရုံဖြင့် အသက်ရှည်၍ အနာကင်းစေနိုင်သည်။

ကျင့်ကြံသူအတော်များများ မြစ်နှစ်ခုဘေးတွင် ဒူးထောက်၍ နတ်မယ်၏ ရုပ်ထုကို သုံးကြိမ်ဦးညွှတ်သည်။ ကိုးကြိမ်ရှိခိုးသည်။ ထို့နောက် မြစ်ရေကို ခွက်တစ်လုံးဖြင့်ခပ်ယူကြသည်။

ထိုမြစ်သည် ဓူဝံကြယ်၏ အထူးထုတ်ကုန်ဖြစ်သည့် သားအမိမြစ်နှင့် အမွှာမြစ်တို့ဖြစ်သည်။

နတ်မယ်၏အိမ်တော်သို့ရောက်ချိန်တွင် နတ်မယ်က မီးဖိုချောင်၌ ချီလင်၏မယားနှစ်ယောက်နှင့် ဟင်းချက်နည်းများအကြောင်း‌ ဆွေးနွေးနေသည်။ အချိန်မသေမျိုးက ဂဏာမငြိမ်ဖြစ်နေသည်။ ထွက်ပြေးရန် အကြောင်းပြချက်ရှာနေဟန်ရှိသည်။

"ဟား၊ ကိုးဆ၊ နင်ပြန်လာပြီလား။ ဖီးနစ်သစ်ပင်တွေ ခုတ်ခဲ့ပြီလား"

နတ်မယ်က မီးဖိုချောင်မှ ခေါင်းပြူကြည့်၍ မေးသည်။ သူ့မျက်နှာတွင် ဂျုံမှုန်များ ကပ်နေသည်။

ကိုးဆမသေမျိုး တုန်လှုပ်သွားပြီး နေရာတင်ကြက်သေသေနေသည်။

သူ့စွမ်းအင်ရောင်ကို အကောင်းဆုံးကြိုးစားထိန်းချုပ်ခဲ့သည်။ သို့သော် နတ်မယ်က သူရောက်လာသည်ကို ရိပ်မိသည်။

"ပြီးပါပြီ။ အတော်လေးပင်ပန်းခဲ့တယ်"

အခက်အခဲမျိုးစုံ ကျော်ဖြတ်ဖူးသူဖြစ်၍ ဟန်မပျက်တုံ့ပြန်သည်။ ပုခုံးပေါ်ထမ်းလာသည့် ထင်းများကို ကြမ်းပြင်ပေါ်ချသည်။

"အကိုကြီးကိုးဆက တကယ်အလုပ်ကြိုးစားတာပဲ"

ဖီးနစ်မက ဖီးနစ်သစ်သားထင်းများကို မီးဖိုချောင်ထဲသို့ သယ်ရွှေ့သည်။ ထို့နာက် မီးဖိုချောင်ထဲမှ နဂါးမနှင့်ဖီးနစ်မတို့အသံများ တရစပ်ထွက်ပေါ်လာသည်။ ဟင်းလျာတစ်မျိုး ပြင်ဆင်နေဟန်ရှိသည်။

ကိုးဆမသေမျိုးက အသံကျယ်ကျယ်ဖြင့်

"ယင်ထန်နဲ့ချီလင်က ကျားကစားရင်း ဘယ်သူဘယ်အကွက်ရွှေ့သင့်တယ်ဆိုတာ ငြင်းခုန်နေကြတယ်။ အချိန်မသေမျိုး၊ သူတို့ကစားပွဲကို အတူလိုက်ထိန်းပေးပါဦး"

အချိန်မသေမျိုးက ကိုးဆမသေမျိုးကို ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်သည်။ တကယ်ညီအကိုကောင်းပီသသည်။ ပထမဆုံးမသေမျိုးဟု တကယ်ခေါ်ထိုက်သည်။

"ကောင်းပြီလေ၊ ငါလိုက်ခဲ့ပါ့မယ်"

ထိုခဏမှာပင် တစ်ခုခုမူမမှန်ကြောင်း အချိန်မသေမျိုး သတိထားမိသည်။ ကိုးဆမသေမျိုး၏မျက်နှာက လေးနက်တည်ကြည်နေသည်။ သူ့ကို ထွက်ပြေးနိုင်အောင် ကူညီနေသည့် အမူအရာမျိုးမရှိ။ သူ့အကူအညီကို လိုအပ်နေသည့်ပုံမျိုးဖြစ်သည်။

သူကူညီပေးရလောက်အောင် ဘာအရေးကြီးကိစ္စရှိနေသနည်း။ ထို့အပြင် နတ်မယ်ကိုမပြောဘဲ သူ့ကိုခေါ်သည်။

ပြဿနာတစ်ခုခုရှိနေပြီဟု သတွေးမိသည်။

ပထမဆုံးမသေမျိုးဖြစ်ခဲ့သူနှစ်ယောက် ကြယ်စုတန်းများစွာကိုဖြတ်သန်း၍ ကျားကစားသည့်လှိုဏ်ဂူထဲသို့ ပြန်သွားကြသည်။ ကိုးဆမသေမျိုးတစ်ယောက်တည်းလာခဲ့စဉ်ကထက် ပိုမြန်ဆန်သည်။

လမ်းတွင် ကိုးဆမသေမျိုးပြောသည့်အကြောင်းများကိုနားထောင်ရင်း အချိန်မသေမျိုးမျက်နှာ လေးလံထိုင်းမှိုင်းလာသည်။ စကားတစ်ခွန်းမှမပြောတော့။

************************************

All Chapters