← Chapters

မသေမျိုးလေးယောက်၏ ခွဲခြားသုံးသပ်ချက်

Vol. 37 Ch. 553

မသေမျိုးလေးယောက်၏ ခွဲခြားသုံးသပ်ချက်

Vol. 37 Ch. 553

ယင်ထန်၏အမေးကြောင့် မသေမျိုးနယ်မြေတစ်ခုလုံး ငြိမ်ကျသွားသည်။ မသေမျိုးလေးယောက် အသံတိတ်နေသည်။

မှန်သည်။ ထိုမေးခွန်းသည် အရေးကြီးဆုံးဖြစ်သည်။ နတ်မယ်ကို တစ်ခြားလူများ အသက်မသွင်းနိုင်လျှင်ပင် သူတို့ထဲကတစ်ယောက်ယောက် အသက်သွင်းပေးနိုင်သည်မဟုတ်လော...

နာမည်တစ်ခု ရေရွတ်လိုက်ရုံသာဖြစ်သည်။ ဘယ်သူတားဆီးနိုင်မည်နည်း။

"နတ်မယ်တင်မဟုတ်ဘဲ ငါတို့လေးယောက်လည်း အခက်အခဲကြုံနေတာဖြစ်နိုင်တယ်"

ကိုးဆမသေမျိုးက တွေးတွေးဆဆပြောသည်။ ထိုတစ်ခုသာ ဖြစ်နိုင်သည်။

ပထမမေးခွန်းအတွက် အဖြေရပြီးနောက် နောက်ထပ်ပိုခက်ခဲသည့် မေးခွန်းတစ်ခု ပေါ်လာပြန်သည်။

ရှေးဟောင်းမသေမျိုးငါးယောက်လုံး ဒုက္ခရောက်ရလောက်အောင် ဘယ်လိုကိစ္စမျိုး ဖြစ်ခဲ့သနည်း။

"ငါတို့လေးယောက်လည်း သေသွားတာများလား"

ချီလင်၏ ခန့်မှန်းချက်ကြောင့် အားလုံး ကျောရိုးစိမ့်သွားကြသည်။

မည်သို့ဆိုစေ ထိုအချက်လည်း ဖြစ်နိုင်သည်။ နတ်မယ်သေသွားသည်ဆိုလျှင် သူတို့လေးယောက်လည်း သေသွားခြင်းဖြစ်နိုင်သည်။

"မင်းပြောနေတာက ဖြစ်နိုင်ခြေတစ်ခုသက်သက်ပါ။ တကယ်ဖြစ်နိုင်စရာတော့လည်း သိပ်မရှိပါဘူး"

အချိန်မသေမျိုး ခေါင်းခါသည်။

"နတ်မယ်လုပ်ကြံခံရတယ်ဆိုရင် ရန်သူဟာ သူ့ကိုမယှဉ်နိုင်တဲ့သ‌ဘောပဲ။ ဒါမှမဟုတ် နတ်မယ်ထက်ပိုစွမ်းအားကြီးပေမယ့် သူ့စွမ်းအားက အကန့်အသတ်တစ်ခု ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်။

ယှဉ်မရအောင်စွမ်းအားကြီးနေတာမျိုး မဖြစ်နိုင်ဘူး။ ဒီတော့ ငါတို့လေးယောက် အတူစုစည်းနေသရွေ့ နောက်ကွယ်က လူသတ်သမားက ငါတို့ကိုသတ်နိုင်မှာမဟုတ်ဘူး"

"ဟုတ်တယ်၊ အနာဂတ်နဲ့ငါတို့ကြားက ဆက်သွယ်မှုကို အရိယဖလစွမ်းအားနဲ့ ဖြတ်တောက်တာလို့ မင်းပြောခဲ့တယ်နော်။ ငါတို့ကို ဖြတ်တောက်လိုက်တဲ့ အနာဂတ်အချိန် ဘယ်လောက်ဝေးလဲ မင်းစစ်ဆေးကြည့်လို့ရလား"

အချိန်မသေမျိုး မျက်မှောင်ကျုံ့သွားသည်။

"ကြိုးစားကြည့်ရမှာပေါ့။ ဒါပေမယ့် အောင်မြင်နိုင်ခြေနည်းတယ်။ ခဏစောင့်ပါ"

အချိန်မသေမျိုး အရိယဖလကို နောက်တစ်ကြိမ်အသက်သွင်းသည်။ စွမ်းအင်ရောင်များ ထိုးထွက်လာသည်။ သူ့မူလဝိညာဉ်က အချိန်နှင့်လေဟာနယ်ကိုဖြတ်ကျော်၍ လမ်းကြောင်းတစ်ခုလုံးကိုကြည့်သည်။ သို့‌သော် အနာဂတ်လမ်းကြောင်းက ရှင်းလင်းနေသည်။ အန္တရာယ်အဟန့်အတား လုံးဝမရှိ။

"အခြေအနေဘယ်လိုလဲ"

"ထင်တဲ့အတိုင်းပဲ....အလုပ်မဖြစ်ဘူး။ အနာဂတ်က ရှင်းလင်းလွန်းနေတယ်"

"ဒါဆို မင်းပြောတဲ့ ဆက်သွယ်မှုဖြတ်တောက်တယ်ဆိုတာက ဘယ်လိုမျိုးလဲ"

အချိန်မသေမျိုးက ချီလင်ကို အရူးတစ်ယောက်လိုကြည့်သည်။

"ဒါကြောင့် ပညာရပ်ဆွေးနွေးဖလှယ်တဲ့အချိန်တွေ နား‌ထောင်ပါလို့ ငါမင်းကိုပြောတာ"

ချီလင် ‌ဒေါသအိုးပေါက်ကွဲသွားသည်။ အချိန်မသေမျိုး၏ အရိယဖလနှင့် သူနှစ်ကြိမ်ကစားခံခဲ့ရဖူးသည်။ အချိန်မသေမျိုး၏ တိုက်ခိုက်နည်းများကို သူမကြောက်။

တင်စီးသည့်စကားဖြင့် အနိုင်ယူလိုက်သော်လည်း အချိန်မသေမျိုးက ဆက်ရှင်းပြသည်။

"အနာဂတ်ဆိုတာ မသေချာဘူး။ ငါမြင်ရတယ်ဆိုတာက ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ မြင်ကွင်းပဲ။ အနာဂတ်အချိန်က ပိုနီးလေ ငါမြင်ရတာတွေ ဖြစ်နိုင်ခြေပိုများလေ၊ အနာဂတ်ပိုတွေးလေ ဖြစ်နိုင်ခြေပိုနည်းလေပဲ။

ငါမြင်တဲ့အနာဂတ်က နတ်မယ်လုပ်ကြံမခံရဖို့ ဖြစ်နိုင်ခြေအများဆုံး ဖြစ်ရပ်(၁) ဆိုပါစို့။ နတ်မယ်လုပ်ကြံခံရတာက ဖြစ်ရပ် (၂) ဖြစ်လာမယ်။ ခုနက နတ်မယ်ကို ငါစကားပြောနေတဲ့အချိန်ဟာ ဖြစ်ရပ် (၂) နဲ့ ဆက်သွယ်နေတာ။ ဖြတ်တောက်ခံရတယ်ဆိုတာက ငါနဲ့ဖြစ်ရပ်(၂) ကြားကဆက်သွယ်မှုကို ဖြတ်တောက်တာ။ ဖြစ်ရပ် (၁)၊ (၃)၊ (၄) တွေနဲ့မဆိုင်ဘူး"

"ဒါဆို နတ်မယ်လုပ်ကြံခံရမယ့်ကိစ္စက မသေချာဘူးပေါ့"

"မဟုတ်ဘူး။ အနာဂတ်ဟာ မျဉ်းတစ်ဖြောင့်တည်းပဲ။ လမ်းခွဲမရှိဘူး။ နတ်မယ် သေချာပေါက် လုပ်ကြံခံရလိမ့်မယ်။ ဒါပေမယ့် အချိန်အရိယဖလရဲ့အမြင်မှာတော့ ဒီဖြစ်နိုင်ခြေဟာ အတော်နည်းလို့(အချိန်ဝေးလွန်းလို့) အာရုံမခံနိုင်တဲ့သဘောပဲ။

အနာဂတ်ဖြစ်နိုင်ခြေမြင်ကွင်းအားလုံးကို ကြည့်နိုင်တဲ့အဆင့်မျိုး အချိန်အရိယဖလကို လေ့ကျင့်နိုင်မှပဲ ဆက်သွယ်မှုဖြတ်တောက်တဲ့ အချိန်အတိအကျကို ငါခန့်မှန်းနိုင်လိမ့်မယ်"

အချိန်မသေမျိုး၏ သဲလွန်စကက ဘာမှထူးခြားမလာသော်လည်း စိတ်ဓာတ်မကျကြဘဲ ထိုကိစ္စကို ဆက်၍ဆင်ခြင်သုံးသပ်ကြသည်။

"မသေမျိုးတစ်ယောက်ကို တစ်ခြားမသေမျိုးတစ်ယောက်ကပဲ အန္တရာယ်ပေးနိုင်တာ။ နတ်မယ် လုပ်ကြံခံရတယ်ဆိုရင် လူသတ်သမားဟာ မသေမျိုးဖြစ်နေတဲ့သဘောပဲ။ ငါတို့ငါးယောက်အပြင် တစ်ခြားမသေမျိုးတစ်ယောက်ယောက် ရှိနေသေးတာများလား"

ထိုကိစ္စတွင် ဝါစဉ်အကြီးဆုံးဖြစ်သည့် ကိုးဆမသေမျိုးက

"ငါလေ့လာသုံးသပ်ထားတာတော့ ပထမဆုံးမသေမျိုးဖြစ်တာ ငါပဲ။ ပြီးတော့ မင်းတို့သုံးယောက် အစဉ်လိုက်ဖြစ်လာကြတယ်။ နတ်မယ်က နောက်ဆုံးမှ မသေမျိုးဖြစ်တယ်။ ခြောက်ယောက်မြောက်မသေမျိုးဆိုတာ မရှိဘူး"

"ဒါဆိုရင် နတ်မယ်ကိုသတ်တဲ့လူရဲ့ သရုပ်မှန်ဟာ နှစ်ခုဖြစ်နိုင်မယ်"

ယင်ထန်က လက်နှစ်ချောင်းထောင်၍ပြောသည်။

"တစ်ခုက အနာဂတ်မှာ ပါရမီထူးတဲ့သူတစ်ယောက်ယောက် မသေမျိုးဖြစ်လာတာ။ နောက်တစ်ခုက ငါတို့ငါးယောက်တင်မကဘဲ ခြောက်ယောက်မြောက်မသေမျိုးရှိနေတာပဲ"

သူ့စကားကြောင့် အားလုံးအံ့အားသင့်သွားသည်။

"မဖြစ်နိင်ဘူး။ မသေမျိုးတစ်ယောက်ဖြစ်လာတဲ့ဖြစ်စဉ်ဟာ အရမ်းကြောက်စရာကောင်းတယ်။ ဒီခြောက်ယောက်မြောက်လူက ဘယ်လိုဖုံးကွယ်နိုင်မှာလဲ"

အားလုံးက မသေမျိုးအဆင့်တက်ခဲ့ဖူးသူများဖြစ်သည်။ ထိုဖြစ်စဉ်သည် ကမ္ဘာတုန်မတတ်ထူးကဲထင်ရှားသည့် ဖြစ်ရပ်မျိုးဖြစ်သည်။ သူတို့မသိအောင် ဖုံးကွယ်ဖို့ မဖြစ်နိုင်ပေ။

"မသေမျိုးဖြစ်တာဟာ ဖုံးကွယ်မရတဲ့ ဖြစ်စဉ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ရန်သူက ကျိုးကြောင်းဆက်စပ်မှု အရိယဖလမျိုး၊ ကံကြမ္မာအရိယဖလမျိုး တည်ဆောက်ထားလို့ ဒီစွမ်းအားနဲ့ သူ့ဖြစ်တည်မှုကို ဖုံးကွယ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲလိုရော မဖြစ်နိုင်ဘူးလား"

ကိုယ့်ကိုယ်ကို ဖုံးကွယ်သည်၊ ကိုယ်အကြောင်းမေ့ပစ်အောင်လုပ်သည်။ ထိုလုပ်ရပ်သည်လည်း မသေမျိုးဖြစ်စဉ်၏ ထူးခြားနိမိတ်လက္ခဏာများကို မေ့ပျောက်အောင်လုပ်နည်းတစ်မျိုးပင်ဖြစ်သည်။

ကြောင်းကျိုးအရိယဖလပိုင်ဆိုင်သူသည် မသေမျိုးများကြားတွင် အဆင့်အမြင့်ဆုံးတော့ မဖြစ်နိုင်။ သို့သော် မသေမျိုးတော့ဖြစ်နိုင်သည်။

"ဒါဆို အချိန်မသေမျိုးပြောတဲ့ ဖြတ်တောက်တဲ့ကိစ္စနဲ့လည်း ကိုက်ညီတယ်။ ပဲဝါရဲ့ ရှင်သန်နေထိုင်တဲ့ကံကြမ္မာကို ဖြတ်တောက်လိုက်တာပေါ့။ ရှင်တဲ့အဖြစ်ကနေ သေတဲ့(မရှိတဲ့)အဖြစ်ကို ပြောင်းလဲလိုက်တယ်။

ငါတို့က အနာဂတ်အကြောင်း အများကြီးသိထားတော့ ပဲဝါသေတဲ့ကိစ္စအပေါ် သက်ရောက်မှုရှိလာမယ်။ ဆက်သွယ်မှုဖြတ်တောက်တာက ဒီကြောင်းကို ငါတို့သိပ်မသိစေချင်လို့ပဲ။

ပြီးတော့ငါတို့နားမလည်တဲ့ တစ်ခြားအရိယဖလမျိုးတွေလည်း ရှိနိုင်တယ်။ ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်"

အမှန်တော့ ကြောင်းကျိုးအရိဖလအကြောင်း သူတို့နားမလည်ပါ။ အယူအဆပိုင်းဆိုင်ရာ သုံးသပ်ချက်များသာဖြစ်သည်။

ပြည့်စုံသည့်အရိယဖလ မတည်ဆောက်ဘဲ ထိုအရိယဖလ ဘယ်လိုစွမ်းအားရှိသည်ကို ဘယ်သူမှသေချာမသိနိုင်။

ဥပမာ ထာဝရအရိယဖလသည် သန္ဓေအဆင့်တွင် နတ်မယ်က သူ့ခန္ဓာကိုယ်ပြန်တည်ဆောက်ဖို့ သို့မဟုတ် ရုပ်ထုများထဲတွင် လှည့်ပတ်သွားလာဖို့သာ သုံးခဲ့သည်။

ထိုအရိယဖလပြည့်စုံပြီးနောက်ပိုင်း နတ်မယ်က အချိန်မရွေးနေရာမရွေး ခန္ဓာကိုယ်ဖောက်ခွဲသည်။ သူ့နာမည်ကိုပြောသူ တစ်ယောက်ရှိရုံဖြင့် ပြန်ရှင်သန်နိုင်သည်။

"လူသတ်သမားနဲ့ပတ်သက်လို့ တတိယဖြစ်နိုင်ခြေတစ်ခုလည်း ရှိနိုင်တယ်။ လောလောဆယ်တော့ ဒါကို ငါလည်းတွေးမရသေးဘူး"

ယင်ထန်က ပုခုံးတွန့်ပြသည်။ ထိုမျှအချိန်တိုအတွင်း ဖြစ်နိုင်ခြေနှစ်ခု ကောက်ချက်ချရသည်ပင် ခက်ခဲလှသည်။

ကျန်သည့်သုံးယောက်လည်း ခေါင်းခါကြသည်။ တတိယဖြစ်နိုင်ခြေကို သူတို့လည်း စဉ်းစားမရ"

"ဒီကြောင်း နတ်မယ်ကို ပြောပြကြမလား"

ချီလင်ကမေးသည်။ ယင်ထန်နှင့်အချိန်မသေမျိုးတို့ စဉ်းစားနေသည်။

"ဘယ်ဖြစ်မလဲ"

ကိုးဆမသေမျိုးက ချက်ချင်းဆန့်ကျင်သည်။

"သူ့စရိုက်အရ နောင်တစ်ချိန် သူသေချာပေါက်လုပ်ကြံခံရမယ်ဆိုတာသိရင် 'သူများသတ်တာတော့ မခံဘူး။ ကိုယ့်ကိုယ်ကိုပဲ အရင်သတ်သေလိုက်မယ်'ဆိုတာမျိုး သူပြောလာနိုင်တယ်။ အဲဒါပြီးရင်ချက်ချင်းသတ်သေပြီး နောင်တစ်ချိန် သူပြန်ရှင်သန်ချိန်ကို စိတ်ရှည်ရှည်စောင့်လိမ့်မယ်။ တစ်ခြား'အံ့ဩစရာ'ကိစ္စတွေလည်း သူလုပ်ချင်လုပ်ဦးမှာ"

ချီလင်မသေမျိုး "..."

ယင်ထန်မသေမျိုး "..."

အချိန်မသေမျိုး "..."

နတ်မယ်သည် တကယ်ထိုသို့လုပ်မည့်စရိုက်မျိုးဖြစ်သည်။

ယင်ထန်မသေမျိုး အကြောတစ်ချက်ဆန့်လိုက်သည်။

"ငါတို့ ဖြေးဖြေးချင်း ကြိုတင်ပြင်ဆင်ရမယ်။ လောလောဆယ်တော့ နတ်မယ်ဘာမှမဖြစ်လောက်သေးပါဘူး။ အချိန်မသေမျိုး၊ မင်းက ငါတို့ကျားပွဲအငြင်းအခုံကို ဖြေရှင်းပေးမယ်လို့ အကြောင်းပြပြီး ထွက်လာခဲ့တာမဟုတ်လား။

အခု မင်းပြန်သင့်ပြီ။ မင်းပြန်မလာလို့ နတ်မယ်က သံသယဖြစ်ပြီး ငါတို့ကိုလာရှာရင် အားလုံးပြဿနာတက်လိမ့်မယ်"

နတ်မယ်နှင့် ချီလင်၏ဇနီးများ ပြင်ဆင်ထားမည့် အစားအသောက်အကြောင်း စည်းစားရင်း အချိန်မသေမျိုး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပင် ပေါ်လာသည်။

"ဘယ်သူမှမကယ်နိုင်တော့တဲ့ပုံပဲ။ ငါကိုက ကံဆိုးတာပါ"

အချိန်မသေမျိုး သက်ပြင်းတစ်ချက်ချပြီး စိတ်မပါလက်မပါဖြင့် ဓူဝံကြယ်ဆီ ပြန်ရန်ပြင်သည်။

"နေဦး၊ မင်းတို့ကျားပွဲက နှစ်တစ်ရာလောက်ကြာမယ်ထင်တယ်။ အဲလိုဆို သမိုင်းပုံရိပ်တစ်ခု သေချာပေါက်ကျန်ခဲ့လိမ့်မယ်။ ပုံရိပ်ထဲက နတ်မယ်ရဲ့အနာဂတ်ကို ငါတို့ကြည့်တဲ့အပိုင်းကို ဖျက်လိုက်ပါ။ နတ်မယ်ကိုသတ်တဲ့လူက ဒီသမိုင်းပုံရိပ်ကိုမြင်သွားရင် အနာဂတ်မှာ နတ်မယ်ပြန်ရှင်သန်နိုင်တာကို သူသိသွားလိမ့်မယ်"

"မင်းက တကယ်ပါးနပ်ပြီး ဉာဏ်နီဉာဏ်နက်များတာပဲ"

ယင်ထန်က လက်မထောင်ပြ၍ ချီးကျူးသည်။

အချိန်မသေမျိုး ဒေါသထွက်သွားသည်။

"သေချာဂရုစိုက်ပြီး စီစဉ်တာလို့ခေါ်တယ်ကွ"

***************************************

All Chapters