အချိန်မသေမျိုး၏ သဲလွန်စ
Vol. 37 Ch. 555
တိမ်တိုက်များ အုပ်စုလိုက်ပျံသန်းလာသည်။ တဖြေးဖြေးနီးကပ်လာသည့် တာအိုလမ်းစဉ်ဂိုဏ်းကိုကြည့်၍ မဟာအကြီးအကဲ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
"နောက်ဆုံးတော့ ဘေးကင်းကင်းပြန်ရောက်လာပြီပေါ့"
စွန်စီးဘုံကျောင်းမှကိုယ်တော်များဖမ်းဆီးခံရသည်မှစ၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ချိန်ထိ သူ့ခရီးစဉ်တလျှောက် အချိုးအကွေ့များစွာရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ဂိုဏ်းသို့ပြန်လာနိုင်သည်မှာ မင်္ဂလာတစ်ပါးဖြစ်သည်။
"ညီလေးရှီချန်း၊ မင်းပစ္စည်းတွေ ထုပ်ပိုးဖို့လိုပြီထင်တယ်"
"အဲ...ဘာလို့လဲ"
ရှီချန်းစိတ်ထဲ တွေးနေသည်။ အကိုတိုင်သည် ခင်ဖို့ကောင်းသည့်လူတစ်ယောက်ဟု သူယူဆသည်။ သူ့ကိုတကယ်မောင်းထုတ်နေခြင်းလော...
"မင်းတို့ဂိုဏ်းကလူတွေ ရောက်လာပြီ"
တိုင်ပုဖန် တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ သူ့အကြည့်က ရှီချန်းကိုကျော်၍ အဝေးမှလျှောက်လာသည့် လူတစ်စုဆီ ရောက်နေသည်။
ရှီချန်း လှည့်ကြည့်သည်။ ဗုဒ္ဓစွမ်းအင်ရောင်တလက်လက်တောက်ပနေသည့် သူ့ဆရာများနှင့် ဂိုဏ်းတူအကိုများကိုမြင်ရသည်။ သူ့ဦးရီးတော် ကျဲချန်းလက်တွင် လူတစ်ယောက်ကို ဆွဲခေါ်လာသည်။
စွန်စီးဘုံကျောင်းမှ ကျင့်ကြံသူများသည့် စွမ်းအားမြင့်မားသည်။ မိုင်ပေါင်းရာချီကို ခြေတစ်လှမ်းဖြင့် ကျော်ဖြတ်နိုင်သည်။ မျက်တောင်တစ်ခတ်အတွင်း တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးသို့ ရောက်လာကြသည်။
"ဦးလေးကျဲ့ချန်းတို့ ဘာလို့ဒီကိုရောက်လာတာလဲ"
ရှီချန်း အံ့အားသင့်သွားသည်။ သူ့ကို ဂိုဏ်းမှလာကြိုမည့်သတင်းလည်း မကြားခဲ့ရ။
သူ့ဆရာကိုယ်တော်ကျဲ့ရှားလည်း ပါလာသည်။ ဝစီပိတ်ကျင့်နေသူဖြစ်၍ သူ့ဆရာကိုမေးလျှင် အကျိုးရှိမည်မဟုတ်။ ထို့ကြောင့် သူ့ဦးလေးကို မေးခြင်းဖြစ်သည်။
"ကောင်းမှုတစ်ခု နေ့စဉ်ပြုဆိုတဲ့စကားရှိတာပဲ။ သက်ရှိတွေကို လွှတ်ပေးဖို့ လာတာပေါ့"
ကျဲ့ချန်းက လက်ထဲမှလူကို တိုင်ပုဖန်ဆီ တွန်းလွှတ်လိုက်သည်။
"ဆရာ၊ အဆင်ပြေရဲ့လား"
တိုင်ပုဖန် မဟာအကြီးအကဲကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။
မဟာအကြီးအကဲက စိတ်မပူရန် လက်ယမ်းပြသည်။
"ဂိုဏ်းအကြီးအကဲတွေအချင်းချင်း ပညာဖလှယ်ကြရုံပါပဲ။ ဘာအဆင်မပြေစရာရှိမှာလဲ"
တိုင်ပုဖန် "..."
ကျဲ့ချန်းက ရှီချန်းကို လက်ယပ်ခေါ်သည်။
"ဒီလအတွင်း ကျုပ်တူတော်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျဲ့ချန်းက အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းတစ်ချက်ငြိမ့်သည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး ဦးရီးတော်"
တိုင်ပုဖန် ဦးညွှတ်အရိုအသေပြုလိုက်သည်။
စွန်စီးဘုံကျောင်းမှလူများ ရှီချန်းကို ခေါ်သွားကြသည်။ လမ်းတွင် ရှီချန်းက အတော်စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။
သားသတ်ရုံတွင် သူဆက်ပြီးအလုပ်လုပ်နိုင်တော့မည်မထင်။
"ရှီချန်း၊ တာအိုလမ်းစဉ်ဂိုဏ်းကနေ ဘာတွေအကျိုးကျေးဇူးရခဲ့လဲ"
ကိုယ်တော်ကျဲ့ချန်းက ကရုဏာသံဖြင့်မေးသည်။ သူ့မျက်နှာက အမြဲတမ်းပြုံးရွှင်နေသည်။
"အများကြီးသင်ယူခဲ့ရပါတယ်။ တာအိုလမ်းစဉ်ဂိုဏ်းမှာ စွမ်းအားရှင်တွေ အများကြီးရှိတယ်။ ကျုပ်နဲ့ အမြင်တူတဲ့လူတွေလည်း အတော်များများတွေ့ခဲ့တယ်။
ဒါပေမယ့် အရေးကြီးဆုံးကတော့ ကျုပ်ဆရာ တစ်ချိန်ကပြောခဲ့တဲ့စကားကို အတည်ပြုနိုင်ခဲ့တာပဲ။ တာအိုရှင်ဝစီပိတ်ရဲ့ အကြီးဆုံးတပည့်ဟာ တကယ်ရင်ဆိုင်ရခက်တယ်"
"ဒါပေါ့၊ မင်းဆရာကမင်းကို လိမ်ပြောပါ့မလား။ တာအိုရှင်ဝစီပိတ်ရဲ့ အကြီးဆုံးတပည့်ဟာ ရင်ဆိုင်ရခက်...ဘာ..ဘယ်လို..နေဦး၊ မင်းဘာပြောလိုက်တယ်"
မူမမှန်သည့်အချက်ကို ကျဲ့ချန်း ချက်ချင်းသတိထားမိလိုက်သည်။ ယွမ်ကျိရင်ဆိုင်ရခက်ကြောင်း ထိုလူငယ် ဘယ်လိုသိသနည်း။
"အဲဒီ့တပည့်က အရမ်းစွမ်းအားကြီးလို့ သွားရန်မစသင့်ဘူးလို့ ဆရာကပြောတယ်လေ။ ဒါပေမယ့် တစ်ဆင့်စကားကြားရုံနဲ့ မလုံလောက်ဘူး။ ကိုယ်တိုင်အတွေ့အကြုံယူဖို့လိုတယ်လို့ ကျုပ်တွေးတယ်။ ဒါကြောင့် ကောင်းကင်ဂိတ်တောင်ထိပ်ကိုသွားပြီး အမယွမ်ကျိကို ကျုပ်စိတ်ခေါ်ခဲ့တယ်။ တကယ်လည်း ကျုပ်သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး။ ယွမ်ကျိက တကယ်စွမ်းအားကြီးတာပဲ"
အဖြစ်အပျက်ကို ပြန်စဉ်းစားရင်း ရှီချန်း နာကျင်နေသည်။ ကျောရိုးထဲစိမ့်မိသည်။
သူ့တပည့်လုပ်ရပ်ကိုကြားသည်နှင့် ပျံသန်းနေသည့် ကိုယ်တော်ကျဲ့ရှား၏ခန္ဓာကိုယ် တစ်ချက်တုန်ခါပြီး အောက်သို့ပြုတ်ကျမတတ်ဖြစ်သွားသည်။
သူအော်ဆဲလိုက်ချင်သည်။ သို့သော် ဝစီပိတ်ကျင့်နေသည်ကို ပြန်သတိရလာသဖြင့် စိတ်ထဲတွင်သာ ကျိတ်ဆဲလိုက်ရသည်။
.........
"ကျုပ်တို့ပြန်လာပြီ"
လုယန်တို့ငါးယောက် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်လာသည်။ ကိုယ့်အိမ်ကိုယ်ယာက ပိုနွေးထွေးသည်မှာ တကယ်မှန်သည်။ ယခုပင်ကြည့်ပါ၊ အကိုတိုင်နှင့်မဟာအကြီးအကဲက ဂိတ်တံခါးရှေ့တွင် သူတို့ကို စောင့်ကြို့နေသည်။
"မဟာအကြီးအကဲ၊ အကိုထိုင်၊ အခုလို အပင်ပန်းခံပေးကြတာ ကျေးဇူးတင်ပါတယ်။ အမယွမ်ကို အရေးတကြီးပြောစရာရှိလို့ ကျုပ်သွားနှင့်တော့မယ်"
လုယန် အလျင်စလိုပြောပြီး ချက်ချင်းပျောက်ကွယ်သွားသည်။ အားလုံး အူကြောင်ကြောင်ဖြစ်၍ကျန်ခဲ့သည်။
"ဒီကောင်ဘာလို့ဒီလောက်လောနေတာလဲ"
"မသိဘူးလေ"
မှန်သည်။ လုယန် စိတ်ပူနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းမှ သူသင်ယူခဲ့သည့်အရာများကို မပြောသေး။ ရှေးဟောင်းခေတ်နှင့်ပတ်သက်သည့် ကိစ္စများကို ဖြေရှင်းဖို့ အမယွမ်၏ဆုံးဖြတ်ချက်လိုအပ်သည်။
ကောင်းကင်ဂိတ်တောင်ထိပ်သို့ရောက်ချိန်တွင် ယွမ်ကျိ၏ ခြေထောက်တစ်ဘက် မြေပြင်ကိုထိနေသည်။ နောက်တစ်ဘက်က ကွေးထားသည်။ တင်ပျဉ်တစ်ဝက်ခွေပုံစံဖြစ်သည်။ လက်နှစ်ဘက်က ပန်းတစ်ပွင့်ကိုင်ထားဟန်မျိုးရှိသည်။ ရွှေသန္ဓေနှစ်ခုကို ကိုင်ထားသည်။ အသက်ရှူနှုန်းက သဘာဝလောကနှင့် တစ်သားတည်းရှိနေသည်။ သူရှိနေသည်ကိုပင် မသိသာလှ။
လုယန်ဘာမှမပြောရသေးမီ ယွမ်ကျိ မျက်လုံးပွင့်လာသည်။
"ရှောင်လု၊ ဒီလောက်အလျင်စလို ငါ့ကိုလာတွေ့တာ ဘာကိစ္စရှိလို့လဲ"
ပြောနေရင်းမှ ထရပ်၍ လက်ကိုဖျတ်ခနဲခါပြီး ရွှေသန္ဓေများကို ကောင်းကင်သို့ ပို့လိုက်သည်။ ကြယ်ကမ္ဘာများအသွင်ပြောင်းပြီး ကောင်းကင်အမြင့်တွင် ငြိမ်သက်သွားသည်။
လုယန် မင်သက်မိနေသည်။
သူ့အံ့ဩနေသည်ကိုကြည့်၍ ယွမ်ကျိက ပုံမှန်လေသံဖြင့် ရှင်းပြသည်။
"လွန်ခဲ့တဲ့တစ်လက လူတစ်ယောက် ငါ့ကိုလာစိန်ခေါ်တယ်။ ငါ့ကျင့်စဉ်စွမ်းအားကို ရွှေသန္ဓေနောက်ဆုံးအဆင့်ထိ လျှော့ပေးရမယ်လို့ပြောတယ်။ ငါလက်ခံလိုက်တယ်။
ကောင်းကင်ကရွှေသန္ဓေနှစ်ခုကို ခဏယူသုံးပြီး ငါ့ကျင့်စဉ်အဆင့်ကို ဖိနှိပ်ခဲ့တာ။ နောက်တော့ အခွင့်သာတုန်း ဒီရွှေသန္ဓေတွေကို သန့်စင်ကြည့်မယ်လို့ တွေးခဲ့တယ်။
အခု သန့်စင်တာပြီးသွားလို့ မူလနေရာကို ပြန်ပို့လိုက်တာ"
လုယန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ မရှင်းပြဘဲထားသည်ကမှ ပိုကောင်းဦးမည်ဟု တွေးမိသည်။
"ဒီသစ်သားပိုင်းကို မင်းဘယ်ကရလာတာလဲ"
ယွမ်ကျိ လက်ညှိုးကိုကွေးလိုက်သည်။ လုယန်လည်ပင်းမှ လောကသစ်ပင်တံဆိပ်လွင့်ပျံသွားသလို လုယန်လည်း အတူတွဲပါသွားသည်။
ယွမ်ကျိက သစ်သားတံဆိပ်ကို အနီးကပ်စစ်ဆေးကြည့်သည်။ ယွမ်ကျိနှင့် တစ်ခါမှ ထိုမျှနီးနီးကပ်ကပ်မနေဖူးသဖြင့် လုယန်စိတ်ထဲ လှုပ်ရှားသွားသည်။ ယွမ်ကျိ၏ ဝင်သက်ထွက်သက်ကိုပင် သူခံစားနေရသည်။
"ဒါကလောကသစ်ပင်အစိတ်အပိုင်းလား"
ယွမ်ကျိ နည်းနည်းအံ့ဩသွားပြီး လုယန်ကိုပြန်လွှတ်ပေးလိုက်သည်။ ထိုမျှအဖိုးတန်သည့်ပစ္စည်း ဘယ်ကတွေ့လာသည်ကို သိချင်နေသည်။
"ဟုတ်တယ်၊ ဒါလောကသစ်ပင်အစိတ်အပိုင်းပါ။ အမရှန်ကွမ်က ကျုပ်ကိုပေးတာ"
"လောကသစ်ပင်အစိတ်အပိုင်းဆိုတော့ အချိန်မသေမျိုးနဲ့ ပတ်သက်နေတာလား"
ယွမ်ကျိ နောက်ထပ်အံ့ဩရပြန်သည်။ သို့ဆိုလျှင် အမရှန်ကွမ်သည် အချိန်မသေမျိုးအကြောင်း သဲလွန်စရထား၍ဖြစ်မည်။
သို့မဟုတ် ဤသစ်သားပိုင်းကို လောကသစ်ပင်မှန်းမသိဘဲ အဖိုးတန်ကြောင်းသာသိသဖြင့် လုယန်နှင့် ကြိုတင်ရင်းနှီးမှုတည်ဆောက်နိုင်ရန် လက်ဆောင်ပေးခြင်းဖြစ်မည်။
"ငါရှင်းပြပါ့မယ်"
ထိုကိစ္စကို နားအလည်ဆုံးဖြစ်သည့် နတ်မယ်က ကြားဖြတ်ပြောသည်။
"ငါနဲ့လုယန် ဓာတ်ငါးမျိုးဂိုဏ်းက သစ်သားစွမ်းအင်ကြောကိုသွားတယ်။ အဲဒီ့စွမ်းအင်ကြောမှာ ထူးဆန်းတဲ့အသက်ဓာတ်တွေရှိနေတယ်။ ရှန်ကွမ်က လုယန်ကို သစ်သားမှော်အဆောင်ပေးတယ်။
ဒါနဲ့ စွမ်းအင်ကြောတစ်ခုလုံးကို ငါ့ဝိညာည်အာရုံဖြန့်လိုက်တော့ ဒီအကြောင်းသိလာတာပဲ"
နတ်မယ်က သစ်သားစွမ်းအင်ကြောအောက်မှ အချိန်မသေမျိုး၏'အလောင်း'ကို ပုံရိပ်တစ်ခုဖန်တီးပြသည်။
"ဒါက..."
"အချိန်မသေမျိုးရဲ့အလောင်းပါ"
ယွမ်ကျိ မျက်လုံးပြူးသွားသည်။ ထိုသတင်းမျိုးကြားရမည်ဟု သူမျှော်လင့်မထား။ ဓာတ်ငါးမျိုးဂိုဏ်းသို့ သူသွားလည်ဖူးသည်။ သို့သော် ယဉ်ကျေးမှုအရ ဝိညာဉ်အာရုံဖြန့်မကြည့်ခဲ့။
သစ်သားစွမ်းအင်ကြောအောက်တွင် ဘာရှိမှန်းမသိခဲ့။
မသေမျိုးတစ်ယောက်၏အလောင်း ဓာတ်ငါးမျိုးဂိုဏ်း၏မြေအောက်တွင် ရှိနေမည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့။
"အချိန်မသေမျိုးက သေသွားတာလား....မဟုတ်သေးဘူး။ အလောင်းကိုမြင်ရုံနဲ့ ဆုံးဖြတ်လို့သေးဘူး။ နတ်မယ်၊ ကျွန်မတစ်ခုသိချင်တယ်။ ရှေးကျမ်းစာတွေကို ကျွန်မဖတ်ခဲ့တယ်။ 'ညံ'သတ္တဝါဟာ အချိန်မသေမျိုးရဲ့သားရဲဆိုတာ အမှန်ပဲလား"
"ဟုတ်တယ်၊ ညံသားရဲက အချိန်မသေမျိုး အရိယဖလသုံးပြီး လေ့ကျင့်ပေးခဲ့တဲ့ နတ်ဆိုးသားရဲပါ"
"ဒါဆိုရင်တော့ မမှားနိုင်ဘူး။ နှစ်သစ်ရောက်တိုင်း ညံသားရဲက လှုပ်ရှားလာတယ်။ ပြီးတော့ ပြန်ပျောက်သွားတယ်။ အရင်က ဒီသားရဲဘယ်ကိုသွားလဲသိချင်လို့ ခြေရာခံပြီးလိုက်ကြည့်ခဲ့တယ်။
ဒါပေမယ့် ကျွန်မစွမ်းအားသုံးတာများလွန်းသွားလို့ သူလန့်ပြေးတယ်။ အဲဒီ့အချိန်ကစလို့ သူကျွန်မကိုမြင်တိုင်း ထွက်ပြေးတာပဲ"
သေမျိုးများ၏သက်တမ်းသည် နှစ်တစ်ရာသာရှိသည်။ ထိုအချိန်ကို တန်ဖိုးထားကြသည်။ တစ်နှစ်တစ်ကြိမ် နှစ်သစ်ကူးပွဲကျင်းပသည်။
သို့သော် သက်တမ်းရှည်လျားသည့် ကျင့်ကြံသူများအတွက် တစ်နှစ်ဆိုသည်မှာ လက်ဖျက်တစ်တွက်စာအချိန်သာဖြစ်သည်။
ကျင့်ကြံသူလောကတွင် ဆယ်နှစ်တစ်ကြိမ် နှစ်သစ်ကူးပွဲကျင်းပသည်။ ထို့ကြောင့် ညံသားရဲလည်း ဆယ်နှစ်တစ်ကြိမ်သာ ပေါ်လာသည်။
နတ်မယ်သည် ပြန်ရှင်သန်လာပြီးကတည်းက ကျင့်ကြံမှုလောက၏ နှစ်သစ်ကူးချိန်ကြုံနိုင်လောက်အောင် သက်တမ်းမပြည့်သေး။
"ကျွန်မအတည်ပြုနိုင်တာက နှစ်သစ်ချိန်ရောက်တိုင်း ညံသားရဲဟာ အရှေ့ပင်လယ်ကနေလာပြီး အနောက်ဘက်ကို ထွက်သွားတယ်။ ဒီတော့ အချိန်မသေမျိုးနဲ့ ပတ်သက်တဲ့သဲလွန်စဟာ အရှေ့ပင်လယ်မှာ ဒါမှမဟုတ် အနောက်ပင်လယ်မှာ ရှိမယ်လို့ ခန့်မှန်းခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ မောင်လေးနှစ်ကို ဗုဒ္ဓနယ်မြေဆီ လွှတ်ခဲ့တာပါ"