လူပေါင်းများစွာက လတိုင်းလိုလို ငါ့ကိုပြန်ပေးဆွဲချင်ကြတယ်
Vol. 19 Ch. 257
“တရုတ်လူမျိုးတွေက မောက်မာလှချည်လား”
သူ့လက်ထောက်က ပြန်လည်တင်ပြလာသည့် စကားများကိုကြားရသောအခါ ဘရီလာလည်း ဒေါသကို မထိန်းနိုင်တော့ပေ။
“မစ္စတာဘရီလာ..အခုပုံအတိုင်းဆို အထူးပြုလုပ်ချက်က သိပ်ပြီး အရေးမပါတော့ဘူး။ ငါတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတာက သူတို့ပြောတဲ့ VRနည်းပညာတပ်ဆင်ထားတဲ့ ရုပ်ရှင်ရုံတွေဆိုတာပဲ။ ထန်းရွှမ်ကုမ္ပဏီက အခုတလော ဘယ်လောက်တောင်တိုးတက်နေလဲဆိုတာ ဆရာလည်းသိမှာပဲ”
“ငါသိတယ်”
မစ္စတာဘရီလာက မျက်မှောင်ကိုခပ်တင်းတင်းကြုံ့ထားသည်။
ထန်းရွှမ်ကုမ္ပဏီသည် ဂိမ်းလောက စျေးကွက်၏ ၈၀%ကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ သူတို့ဖန်တီးထားသော ဂိမ်းများသည် လူသားများအတွက် ဒုတိယကမ္ဘာသဖွယ်ဖြစ်နေသည်။ သူတို့က ဒီလောက်နဲ့တင်အားမရဘဲ VRနည်းပညာကို ရုပ်ရှင်ရုံများအထိပါ ချဲ့ထွင်ရန် ကြိုးပမ်းလာကြသည်။ ရုပ်ရှင်ချစ်ပရိတ်သက်များကလည်း ရုပ်ရှင်ထဲတွင်ကိုယ်တိုင်ရောက်နေသလိုမျိုး ခံစားချက်ကို အထူးသဘောကျ နှစ်ခြိုက်ကျမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုကဲ့သို့ အတွေ့အကြုံကို အထူးပြုလုပ်ချက်အနေဖြင့် မည်မျှပင် ကောင်းမွန်စေကာမူ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုVRနည်းပညာဖြင့် ရုပ်ရှင်ကို ခံစားကြည့်ရှုရမည့်အတွေ့အကြုံကို ပထမတစ်ကြိမ်တွေ့ကြုံခံစားပြီးပါက ဒုတိယနှင့် တတိယတစ်ကြိမ်လည်း ထပ်တလဲလဲကြည့်ရှုချင်နေဦးမှာ အသေအချာပင်ဖြစ်သည်။
ထိုအတိုင်းသာဆို ရုပ်ရှင်လောကတစ်ခုလုံးကို တရုတ်များက ကြီးစိုးခြယ်လှယ်ပါက သူတို့အတွက် အကျိုးအမြတ်က ဘယ်မှာကျန်ပေလိမ့်မည်နည်း။
“မရဘူး။ ဒီနည်းပညာကို ငါတို့လည်း မဖြစ်မနေရကိုရစေရမယ်”
ထူးခြားစွမ်းအင်အသုံးပြုသူဘရီလာသည် နောက်ထပ်မြင့်မားသည့် အဆင့်ကိုတက်လှမ်းလိုစိတ်မရှိပေ။ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်က စီးပွါးရေးလောကကို သူ့စိတ်ကြိုက်ခြယ်လှယ်ခွင့်ရစေရန် ဖြစ်သည်။
ယခုအခါ သူ့ရည်မှန်းချက်များကို ဖျက်စီးနိုင်မည့်လမ်းကို မြင်နေရသည့်အပေါ် သူ့အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်ပေ။
“မင်းသွားလို့ရပြီ။ ဒီကိစ္စကို ငါ့ဘာသာငါ အဆင်ပြေသလို စီစဉ်လိုက်မယ်”ဟု ဘရီလာက သူ့လက်ထောက်ကိုပြောသည်။
“ဟုတ်ကဲ့ပါ ဆရာ”
ဟုပြောပြီး သူ့လက်ထောက်လည်း ပြန်ထွက်သွားသည်။
“ဒီနည်းပညာကို ပုံမှန်အတိုင်းဆို ရဖို့မလွယ်ကူလောက်ဘူး”
အင်တာနက်လောကတွင် CNဆိုသော ပုဂ္ဂိုလ်က မသိသူမရှိလောက်အောင် နာမည်ကြီးသည်။ CN သာရှိနေလျှင် တရုတ်ဘက်က သတင်းအချက်အလက်များကို ရဖို့မလွယ်ကူပေ။ CNကလည်း သူ့လိုမျိုး ထူးခြားစွမ်းအင် အသုံးပြုသူမို့ ဥာဏ်ပညာထက်မြက်ရတာလားဟု ဘရီလာ သံသယဝင်မိသည်။
ထန်းရွှမ်ကုမ္ပဏီနှင့် ဖန့်ကြွယ်ယွီ၏ နတ်ဘုရားရုပ်ရှင်ထုတ်လုပ်ရေးမှ VR နည်းပညာနှင့် အထူးပြုလုပ်ချက်များကို အလွယ်တကူရဖို့ မဖြစ်နိုင်ပေ။ တစ်ကမ္ဘာလုံး၏ စျေးကွက်ကို ကိုင်လှုပ်နိုင်သော ထိုဝှက်ဖဲများကို ကုမ္ပဏီများဘက်မှ အလွယ်တကူ ရောင်းပေးမည်မဟုတ်ပေ။
ထိုနည်းပညာများကို သမားရိုးကျနည်းမဟုတ်သော နည်းလမ်းများသုံးမှသာ ရနိုင်မည်။ VR နည်းပညာကို နောက်ကွယ်မှ ကြိုးကိုင်သူက ဖန့်ကြွယ်ယွီဖြစ်သည်။
ဖန့်ကြွယ်ယွီကို ထိန်းသိမ်းနိုင်ပါက ထိုနည်းပညာကို ရဖို့မခက်တော့ပေ။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပါစေဦးတော့ သာမန်လူတစ်ဦးထက်မပိုပေ။
“အန်ခီ..ဘရီလာပါ”
ဘရီလာက မဆက်သွယ်ဖြစ်တာကြာနေပြီဖြစ်သော နံပါတ်တစ်ခုကို ဆက်သွယ်သည်။
ဘရီလာသည် မွေးရာပါစွမ်းအားရှင်မဟုတ်ပေ။ သူကလေးဘဝတုန်းက စမ်းသပ်မှုပြုလုပ်ရန်အတွက် သုတေသန အဖွဲ့အစည်းတစ်ခုက သူ့ကိုပြန်ပေးဆွဲခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဘရီလာကိုစမ်းသာတာအောင်မြင်ခဲ့ပြီး သာမန်လူထက် သာလွန်သော တွေးခေါ်နိုင်စွမ်းနှင့် ဥာဏ်ပညာကို ရရှိခဲ့သည်။သို့သော် သူတို့ကို အဖွဲ့အစည်းက ထိန်းချုပ်ထားသည်။
သူနှင့်အတူ အစမ်းသပ်ခံဖြစ်ခဲ့သော သူငယ်ချင်းများက စုပေါင်းပြီး လျှို့ဝှက်အဖွဲ့တစ်ခု ဖွဲ့စည်းထားသည်။ သူ၏ ဥာဏ်ပညာနှင့် တိုက်ခိုက်နိုင်စွမ်းဖြင့်ဆို သူတို့က ထိုအဖွဲ့ကို ဖျက်စီးပြီး ပြန်လည်ထိန်းချုပ်နိုင်နေပြီဖြစ်သည်။
ယခုအခါ ထိုအဖွဲ့အစည်းက ဥာဏ်ပညာနှင့် အထူးမစ်ရှင်များပြုလုပ်ပြီး ရပ်တည်နေရသည်။ ဘရီလာက ထိုကဲ့သို့ ရှာဖွေပြီးတိုက်ခိုက်ရသည့်အလုပ်ကို ငြီးငွေ့လာသဖြင့် အဖွဲ့ထဲက ထွက်ပြီး သီးသန့်ရပ်တည်ခဲ့သည်။ သို့သော်ငြား ထိုအဖွဲ့နှင့် အဆက်အသွယ်တော့မပျက်ပေ။ ထိုအဖွဲ့ထဲရှိလူများမှာ သူငယ်ချင်းဆိုသော သံယောဇဉ်ထက် သွေးသောက်ညီအကိုမောင်နှမစိတ်ဓာတ်များရှိကြသည်။
“ဘရီလာ မဆုံရတာကြာပေါ့။ နောက်ဆုံးအကြိမ်ဖုန်းပြောခဲ့တာ မနှစ်ကမလား”
အန်ခီသည် အသက် ၂၂အရွယ်ကောင်လေးဖြစ်သော်လည်း အရည်အချင်းရှိသူတစ်ဦးဖြစ်သည်။
အန်ခီသည် SSSအဆင့်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်သည်။ သူက သုတေသနအဖွဲ့ကို တိုက်ခိုက်တုန်းက အဓိက ဦးဆောင်သူတစ်ဦးဖြစ်သည်။
“အန်ခီ..မင်းအကူအညီကို လိုအပ်နေလို့ ဆက်သွယ်လိုက်တာပါ”
“သိသားပဲ။ မင်းတို့က အဆင်ပြေရင် သတိမရကြဘူးလေ။ ဒုက္ခရောက်တော့မှပြေးလာကြတဲ့သူတွေ”
ဘရီလာကို သူက စိတ်မဆိုးရက်ပေ။ အကြောင်းမှာ ဘရီလာသည် သူတို့အဖွဲ့အတွက် ငွေကြေးအဓိက ထောက်ပံ့သူတစ်ဦးဖြစ်နေသောကြောင့် ဖြစ်သည်။
“ပြော..ဘာကိစ္စတွေဖြစ်လာပြန်တာလဲ”
“လူတစ်ယောက်ကို ဖမ်းခေါ်ပေးပါဦး”
“ဒါလေးများ အလွယ်လေးပါ။ ဘယ်သူလဲသာပြော။ သူ့အချက်အလက်တွေပေးလိုက် ဖြစ်စေရမယ်”
“ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖန့်ကြွယ်ယွီကို ဖမ်းပေးရမှာ”
“တရုတ်လူမျိုးလား”
အန်ခီ၏ ပုံစံက ရုတ်ချည်းပြောင်းလဲသွားသည်။
“ဘရီလာ မင်းလည်းသိတာပဲ။ ငါတို့က တကမ္ဘာလုံးနဲ့ ပတ်သက်တဲ့အလုပ်တွေလုပ်ပေမဲ့ တရုတ်ဘက်ကကိစ္စတွေဆို လက်ရှောင်တာ မင်းလည်းအသိပဲ။ တရုတ်ဆိုတာ ဟိုအမျိုးသမီးပိုင်နက်။ ငါတို့တစ်ဖွဲ့လုံးသွားရင်တောင် နယ်စပ်ကိုဖြတ်ကျော်နိုင်မှာမဟုတ်ဘူး”
“အဲ့အတွက်တော့စိတ်မပူနဲ့။ငါစုံစမ်းပြီးသား။ ဖန့်ကြွယ်ယွီက သိပ်မကြာခင်မှာ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ ပြိုင်ဖို့ စင်ကာပူကိုသွားတော့မှာ။ သူ တရုတ်ဘက်ကနေ ထွက်လာတာနဲ့ အဲ့အမျိုးသမီးကို ထည့်ပြီးစဉ်းစားဖို့မလိုတော့ဘူး”
“ဘရီလာ မင်းကတော့ တကယ့်ကို စေ့စပ်လွန်းပါပေတယ်ကွာ”
တရုတ်မှာ လှုပ်ရှားရမှာ မဟုတ်ဘူးဆိုတော့မှ အန်ခီလည်း သက်ပြင်းချမိသည်။ တရုတ်နိုင်ငံပြင်ပဆို ထိုအမျိုးသမီးလည်း ဝင်ရောက်နှောင့်ယှက်နိုင်မည်မဟုတ်ပေ။
“ဒါဆို မင်းကူညီပေးမှာမလား”
“မင်းကလည်း သူစိမ်းတွေလားကျလို့ ပြောနေဖို့လိုသေးလို့လား”
“ငါ့လူတွေလည်း ခေါ်ခဲ့ဦးမှ။ ဒီကောင်က ချမ်းသာတော့ သက်တောင်စောင့်ကို သိုင်းပညာရှင်တွေငှါးထားလောက်တယ်။ သူ့လူတွေက အဆင့်မြင့်နတ်ဘုရားဘုံမှာ မရှိနေသရွေ့တော့ သူ့ကို မင်းဆီ ခေါ်လာနိုင်မှာ ကျိန်းသေတယ်”
“ကျေးဇူးပါကွာ။ ဒါနဲ့ ဒီကိစ္စကို ငါတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မသိစေချင်ဘူး။ သတင်းပေါက်ကြားသွားမှာစိုးရိမ်တယ်။ ပြီးတော့ ဖန့်ကြွယ်ယွီက ဟိုမိန်းမနဲ့ ပတ်သက်နေမှာလည်း စိုးရိမ်တယ်”
“ဟုတ်ပါပြီ။ ကျေးဇူးတင်ဖို့မလိုပါဘူး။ မင်းသာ ငါတို့ဆီ လာလည်နိုင်ဖို့ ကြိုးစားပါဦး။ ရိုဆာက မင်းကို သတိရနေရှာတာ”
…
“ကျွန်တော့်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတယ်ဟုတ်လား”
ဖန့်ကြွယ်ယွီက သွားတိုက်နေရင်း အန်တီရှင်းယန်နှင့် ဖုန်းပြောနေသည်။
“စိတ်မပူပါနဲ့။ ဒီကောင်တွေ တရုတ်ရောက်လာလျှင် အန်တီတို့ ရှင်းလိုက်လေ။ တရုတ်ပြင်ပဆိုလည်း ကူးရီရှိတာမို့ စိတ်မပူပါနဲ့။ပြီးတော့ ကျွန်တော်က လျှို့ဝှက်စွမ်းအားရှင်တစ်ဦးဖြစ်နေပြီမို့ နောက်နောင် ကျွန်တော့်လုံခြုံရေးနဲ့ ပတ်သက်လာလျှင် စိတ်မပူပါနဲ့”
သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားကတည်းက သူ့ကိုပြန်ပေးဆွဲချင်သူက ဒုနှင့်ဒေး ဖြစ်သည်။
ကျွမ်းရှင်းယန် ပိုင်ဆိုင်သော အဖွဲ့ကို ဖန့်ကြွယ်ယွီကို ဖမ်းပေးရန် မစ်ရှစ်ပေါင်းများစွာ ဝင်လာနေဆဲဖြစ်သည်။ တစ်လလျှင် မစ်ရှင်ပေါင်း ဆယ်ဂဏန်းနှင့်ချီပြီးရှိသည်။
ကျွမ်းရှင်းယန်၏ အုပ်ချုပ်မှုအောက်မှာ မရှိသောအဖွဲ့များက တရုတ်နိုင်ငံထဲကို ခြေဦးပင်မလှည့်ရဲကြပေ။
“ဟုတ်ပါတယ်လေ။ ကူးရီ မရှိလျှင်လည်း မင်းကို သူတို့ တစ်ချက်လေးတောင် ထိနိုင်မှာမှမဟုတ်တာ။ ငါက သပ်သပ်မဲ့ အစိုးရိမ်ကြီးနေတာပါ”
“ဟုတ်ပြီ သွားတိုက်လိုက်ဦး။ ငါတော့ မင်းအဖေနဲ့ ဗီဒီယိုကော ပြောလိုက်ဦးမယ်”
“အဖေကတော့ မနိုင်ဘူးဟေ့။ ငါ့မိထွေးနဲ့တောင် အခုချိန်ထိ ဖုန်းပြောမပြတ်သွားဘူး”ဟု ဆိုကာ ဖုန်းကို ချလိုက်သည်။