တစ်ယောက်ယောက်က ငါ့ကိုပိုက်ဆံသုံးပြီး ထိပ်တိုက်ရင်ဆိုင်ချင်ပုံရတယ်…
Vol. 19 Ch. 261
“မှားတယ် အဲ့code ကိုသုံးလို့မရဘူးလေ။ဒီလောက် အခြေခံလေးတောင် မသိဘဲနဲ့ မင်းတို့ကိုယ်မင်းတို့ ကျန်းနန်တက္ကသိုလ်ကလို့ ပြောရဲသေးလား”
“ဟေ့ ချန်ဖန့် မင်းလက်လှုပ်ရှားမှုကလည်း နှေးတာကွာ။ မင်းက စာရိုက်ပြီးတာနဲ့ ဟိုဘက်က ခံစစ်ကလည်း အသင့်အနေအထားဖြစ်နေပြီ။ မင်းတော့သေတော့မှာပဲ”
“မှန်တယ် ခေါင်းဆောင်လုဆော့တာ အဆင်ပြေတယ်။ သူ့ဘက်က တိုက်တာနဲ့ တစ်ဖက်က ဆုံးရှုံးမှုကြီးကြီး မားမားဖြစ်ပြီ။ ဟိုဘက်က မနည်းခုခံကာကွယ်နေရတယ်”
ပြိုင်ပွဲက နာရီဝက်ကျော်ကြာမြင့်နေပြီဖြစ်သည်။ ဂျပန်အသင်းသားများကလည်း ဇောချွေးပြန်နေကြသည်။ ပွဲစသည်နှင့် တရုတ်အသင်းဘက်က အဖွဲ့ဝင်သုံးဦးက သူတို့ကို တရစပ်ဆိုသလို ထိုးစစ်ဆင်ကြသည်။
တရုတ်အသင်းဘက်ကတိုက်ခိုက်မှုများက ပွဲစစချင်းမှာ ပြင်းထန်သည်။သို့သော် သူတို့က ဖန့်ကြွယ်ယွီ သင်ပေးထားသော codeကို မမှတ်မိတာမို့ ဂျပန်အသင်းဘက်က သူတို့၏ တိုက်ခိုက်မှုကို အသာလေးဖြေရှင်း နိုင်သည်။ ဂျပန်ဘက်ကလည်း အခွင့်အရေးရလျှင်ရသလို တရုတ်ဘက်ကို ထိုးဖောက်ပြီး တိုက်ခိုက်ကာ ပွဲကို အနိုင်ရလဒ်ဖြင့် အဆုံးသတ်ချင်သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ဂျပန်အသင်းသားများ ခြေကုန်လက်ပမ်းကျလာသည်။ သူတို့သည် နည်းလမ်းပေါင်းစုံသုံးကာ တိုက်ခိုက်သော်လည်း တရုတ်ခံစစ်ကို မကျော်နိုင်ပေ။
တရုတ်အသင်းက သူတို့၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည်က အဆန်းမဟုတ်ပေ။ သို့သော် ဖန့်ကြွယ်ယွီ၏ လက်များက ဘာမှ မလှုပ်ရှားနေခြင်းက ပိုပြီး ထူးဆန်းသည်။
ဖန့်ကြွယ်ယွီက လမ်းပြသောကြောင့် တရုတ်အသင်းသားသုံးဦးလည်း ပြန်လည်သတိဝင်လာသဖြင့် ဂျပန်ဘက်က တန်ပြန်တိုက်ခိုက်ချင်တောင်မရတော့ပေ။
တဖြည်းဖြည်းနှင့် တရုတ်အသင်း၏ တိုက်ခိုက်မှုက ပိုပိုပြီး စိပ်လာသည်။ တိုက်ခိုက်ဖို့ မပြောနှင့် ဂျပန်ဘက်က မနည်းအားစိုက်ပြီး ခုခံနေရသည်။
“သူတို့ရသွားတဲ့ ဒေတာက အနည်းဆုံးလေးဆမြင့်သွားပြီ”
“သွားပြီ။ ငါလည်း မထိန်းထားနိုင်တော့ဘူး”
“အိုတိုဂီရီ လက်မလျှော့နဲ့ဦး”
….
ဂျပန်အသင်းသားများ၏ လက်ကလှုပ်ရှားရတာများသဖြင့် ထုံကျင်ကိုက်ခဲလာသည်။
သူတို့ဘက်က မကာကွယ်နိုင်တော့သဖြင့် လုချောင်က သူတို့ဘက်က စည်းနှစ်စည်းကို ဖြိုလိုက်နိုင်သည်။
“ကောင်းတယ်”
လုချောင်သည် တရုတ်ပြည်တွင်းထိပ်သီးကစားသမားတစ်ဦးပီပီ ဖန့်ကြွယ်ယွီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး သေချာဆော့နိုင်သည်။ ဒီပုံအတိုင်းသာဆို လုချောင်ကို နတ်ဘုရားအကယ်ဒမီမှာ ကျောင်းသားအဖြစ် လက်ခံသင့်ပေသည်။
“ကဲ ဆော့တာလည်းကြာသွားပြီ။ ညစာစားဖို့ အချိန်တောင်ရောက်လာရောပေါ့”
ဖန့်ကြွယ်ယွီက သူ၏လက်ချောင်းများကို ကီးဘုတ်ပေါ်သို့တင်လိုက်သည်။
“ဘာလဲဟ သူက ဂျပန်ဘက်ကို တစ်ချိန်လုံးတိုက်ခိုက်နေတာ မဟုတ်ဘူးလား”
“ကြည့်ရတာ စစချင်း code တစ်ကြောင်းလောက်ပဲရေးပြီး အသံနဲ့ပဲ ခိုင်းတော့တာဖြစ်ရမယ်”
“ဒီပွဲဘယ်လောက်ကြာမယ်ထင်လဲ”
“အလွန်ဆုံးကြာ နောက်ထပ်ငါးမိနစ်ပေါ့”
“ငါထင်တာ နှစ်မိနစ်လောက်ပဲကြာတော့မယ်။ ပြီးတော့ ဂျပန်ဘက်က တစ်မှတ်မှ မရနိုင်ဘူး”
“ဘန်း ဘန်း ဘန်း”
ဖန့်ကြွယ်ယွီ၏ လက်များက ခပ်မြန်မြန်လှုပ်ရှားနေသည်။
“ခေါင်းဆောင် သူတို့ ဒေတာက အဆငါးဆယ်တက်လာပြီ။ မထိန်းနိုင်တော့ဘူး”
“ငါလည်း မနိုင်တော့ဘူး”
“သေစမ်းကွာ။ မင်းတို့က ငါလုပ်နိုင်မယ်ထင်နေလား”
ဂျပန်အသင်းခေါင်းဆောင်က ကြံရမရဖြစ်နေသည်။
ဒီလောက် တော်သောအသင်းနှင့် သူတို့တစ်ခါမှ မတွေ့ဖူးပေ။
“ချွမ် ချွမ် ချွမ်”
ဂျပန်အသင်း၏ကျန်ရှိနေသေးသော မီးလုံးများက ဆယ်စက္ကန့်အတွင်းပိတ်သွားသည်။နောက်တစ်လုံးကလည်း ချက်ချင်းဆိုသလို ပိတ်သွားသည်။
“၆၆စက္ကန့်”
“မိုက်လိုက်တာ။ တစ်ဖက်ကို သနားလို့ ဆက်တောင်မကြည့်ချင်တော့ဘူး။ နာရီဝက်လုံးက ဂျပန်အသင်းဘက်ကို အရူးလုပ်နေသလိုပဲ”
“မနက်ဖြန် တရုတ်အသင်းနဲ့ ထိပ်တိုက်တိုးမဲ့ အသင်းကို သနားလာပြီ။”
“ဂျပန်အသင်ကို အနိုင်ယူပြီး ယခင်နှစ်က သွေးကြေးကိုဆပ်ပြီး ဆီမီးဖိုင်နယ်ကို တက်သွားတဲ့ တရုတ်အသင်းကို ဂုဏ်ယူပါတယ်”
“မနက်ဖြန်လည်း ဒီနေ့လိုပဲ ငါက ပြိုင်ဘက်အသင်းတိုက်ခိုက်မှုကို ပိတ်ဆို့မယ်။ မင်းတို့က ငါသင်ပေးထားတဲ့ codeကို ကျွမ်းကျင်အောင် ကျင့်ထားကြ။ အဲ့တာဆို တစ်ယောက်ချင်းပြိုင်ပွဲတွေမှာလည်း မင်းတို့ အသာလေး အနိုင်ရမယ်”
“အခုလို သင်ပြပေးတာ ကျေးဇူးပါကွာ”
ပြိုင်ပွဲမှာ အနိုင်နှင့် အရှုံးပဲရှိသည်။ သို့သော် ဖန့်ကြွယ်ယွီ၏ အဖွဲ့သားများက အရှုံးအနိုင်ကို ထည့်တွက်စရာမလိုဘဲ လုပ်ချင်တာလုပ်နိုင်သည်။
“သွားကြမယ် ညစာစားဖို့ သွားကြစို့။ ဒီညတော့ ငါကျွေးပါ့မယ်”
ဂျပန်အသင်းကို အနိုင်ရလိုက်သဖြင့် ကျောရှန့်ခယ်က ပါးစပ်ပင်စိမရတော့လောက်အောင် ပျော်နေမိသည်။
“ခဏနေပါဦး”
သူတို့က ကားပေါ်တက်ဖို့ ဟန်ပြင်ချိန်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သူတို့ဆီပြေးလာသည်။ ဘာသာစကားအတွက် တစ်ဖွဲ့ချင်းစီအား စကားပြန်တစ်ဦးပေးထားသည်။ဖန့်ကြွယ်ယွီ အမှတ်မမှားပါက ထိုသူသည် ဂျာမန်အသင်း၏ စကားပြန်ဖြစ်သည်။ စကားပြန်ဖြစ်သူသည် ဂျာမန်အသင်း၏ အသင်းသားများ၊ နည်းပြနှင့် အုပ်ချုပ်သူတို့၏ အရှေ့တွင် မတ်တပ်ရပ်နေသည်။
“ဘာများကူညီပေးရမလဲ” ဟု ကျောရှန့်ခယ်က မေးသည်။
“ဟဲလို ငါက ဂျာမန်အသင်းခေါင်းဆောင်ပါ။ မင်းတို့ကို ညစာဖိတ်ကျွေးချင်လို့ပါ”
“အို”
တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန်ကြည့်ကြသည်။ ဂျာမန်အသင်းသည်လည်း ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့သည်။ မနက်ဖြန်သူတို့နှစ်သင်းက ထိပ်တိုက်ရင်ဆိုင်ကြရမှာဖြစ်သည်။ သို့သော် ဂျာမန်အသင်းဘက်က ညစာဖိတ်ကျွေးသည်မှာ ထူးဆန်းပေသည်။
“ရပါတယ်။ ဖိတ်ကျွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ငါတို့လည်း သွားစရာရှိနေလို့ဆိုပြီး ပြန်ပြောပေးပါ”
ဘာသာပြန်ဖြစ်သူလည်းမျက်နှာတစ်ချက်ပျက်သွားပြီး သူ့အနောက်မှာရှိနေသောလူကို စကားပြန်ပြောသည်။
“ခဏ ငါပြောပါရစေ” ဖန့်ကြွယ်ယွီက အရှေ့ကိုထွက်လာသည်။
ဖန့်ကြွယ်ယွီက ဂျာမန်ဘာသာစကားဖြင့် “ဘာများကူညီပေးရမလဲ ဆရာ”ဟု မေးသည်။
ဖန့်ကြွယ်ယွီက ဂျာမန်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်မှုအပေါ် ဂျာမန်အသင်းဘက်က အံ့အားသင့်ရသည်။
“ဒီလိုပါ။ ငါက ဂျာမန်အသင်းခေါင်းဆောင် အန်ဒရီပါ။ မင်းတို့နဲ့ ညှိနှိုင်းစရာလေးရှိနေလို့လာခဲ့တာပါ”
“ဘာကိုညှိနှိုင်းမှာလဲ”
“မနက်ဖြန် ပြိုင်ပွဲအကြောင်းနဲ့ပတ်သက်တာပါ။ မင်းတို့သာ ငါတို့ကိုအရှုံးပေးမယ်ဆို ဒေါ်လာတစ်သန်း ပေးပါ့မယ်။ အဲ့တာလေး ညှိချင်လို့ပါ”
ချန်ပီယံဆုကြေးတောင်မှ ဒေါ်လာတစ်သန်းမရပေ။ အကယ်၍ ချန်ပီယံဆု သို့ ဒုတိယဆုသိမ်းပိုက်လာပါက အိမ်ပြန်ရောက်သည်နှင့် အန်ဒရီ၏ ပိုင်ဆိုင်မှုများက တစ်ဟုန်ထိုးတက်လာတော့မည်။
တရုတ်အသင်း၏ လက်ရှိအနေအထားအရဆို သူတို့က အနိုင်ရဖို့ ခဲယဉ်းသည်။ သူတို့ဘက်က ဒေါ်လာတစ်သန်းဆိုသော ပမာဏနှင့် ကမ်းလှမ်းပါက တရုတ်ဘက်က ငြင်းဆိုနိုင်လိမ့်မည် မဟုတ်ဟု သူတို့တွေးထားပုံရသည်။
“ဖန့်ကြွယ်ယွီ သူက ဘာလာပြောတာလဲ”
“သူပြောတာက မနက်ဖြန်ပွဲမှာ သူတို့ကို အရှုံးပေးမယ်ဆို ဒေါ်လာတစ်သန်း ပေးမယ်လို့ ပြောတာပါ”
ဖန့်ကြွယ်ယွီ၏ မျက်နှာက သုန်မှုန်နေသည်။
“ဟား တစ်သန်းဟုတ်လား။ ဖန့်ကြွယ်ယွီ ဒါမင်းကို အသားလွတ်စော်ကားလိုက်တာပဲ”
“ကြည့်ရတာ မင်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ သူတို့သိပုံမရဘူး ဟားး စိတ်မကောင်းဘူးကွာ”
“မရယ်နဲ့ တိတ် စိတ်ထဲမှာကျေနပ်နေတာ မဟုတ်ဘူး”
“ဟုတ်ပြီ။ မင်းတို့ကို ဒေါ်လာဆယ်သန်းပြန်ပေးမယ်။ ငါ့မျက်စိရှေ့က ခုချက်ချင်းထွက်သွားကြ”