ဘာလုပ်နေတာလဲ…ရှုခင်းကို ခံစားနေတာလား
Vol. 19 Ch. 262
“ဆယ်သန်းဟုတ်လား မင်းလိုကျောင်းသားတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး ဆယ်သန်းရှိမှာလဲ”
ဖန့်ကြွယ်ယွီက ထိုမျှလောက် ချမ်းသာသည်ဟု အန်ဒရီမထင်ပေ။ တရုတ်ကျောင်းသားများက သူပေးသော ပမာဏကို မကျေနပ်သဖြင့် ထပ်ပြီးတိုးမြင့်ပေးရန် တောင်းဆိုချင်တာများလားဟု အန်ဒရီထင်မြင်မိသည်။
“ဒါဆို ဒေါ်လာနှစ်သန်းဆိုရင် ကျေနပ်ပြီလား”
“ကျန်းနန်တက္ကသိုလ်က နာမည်ကြီးဆိုပေမဲ့ မင်းတို့ကျောင်းဆင်းပြီးရင် အလုပ်ရဖို့ ခဲယဉ်းတယ်မလား။ ဒီလောက် ပမာဏရဖို့ဆိုတာ ပိုတောင်ခဲယဉ်းသေးတယ်မလား”
“ဒီကောင်ဦးနှောက်ရောကောင်းသေးရဲ့လားမသိ”
လုချောင်က အန်ဒရီကိုကြည့်ပြီးပြောသည်။
ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ကိုမှ ပိုက်ဆံအကြောင်း လာပြောနေသည်။
“ဟျောင့် မင်းသူတို့ကျောင်းကိုဝယ်လိုက်တော့”
“ဒီလူအတော်ဆိုးနေပြီ။ မင်းဘာမှ မလုပ်တော့ဘူးလား”
“နှစ်သန်းဟုတ်လား။ ဒါ ငါ့ကို သပ်သပ်စော်ကားတာပဲ”
ဖန့်ကြွယ်ယွီက သူ့ဖုန်းကိုထုတ်ပြီး ဖောဘိစ်အချမ်းသာဆုံးစာရင်းကို ထုတ်ပြသည်။
“မစ္စတာ အန်ဒရီ ဒီမှာကြည့်.. ငါက ပိုက်ဆံနှစ်သန်းလောက်ကို မက်မဲ့လူလို့ထင်နေလား”
“မင်း..”
ယခုလက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်သည် တရုတ်လူမျိုးဖြစ်ပြီး နာမည်က ဖန့်ကြွယ်ယွီဆိုတာ သိထားသည်။
သူ့အနေနှင့် ထိုလူက သူ့ရှေ့မှာရပ်နေသောလူဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။
ဖန့်ကြွယ်ယွီကိုယ်တိုင်ကလည်း လျှို့ဝှက်စွမ်းအားရှင်ဖြစ်ပြီးနောက် ရုပ်ရည်သွင်ပြင်ကပိုမိုပြီး ထူးခြားလာသည်။
သေချာကြည့်မှ ကမ္ဘာ့အချမ်းသာဆုံးလူက သူ့ရှေ့ကလူဆိုတာ သိခဲ့ရသည်။
“ဘုရားရေ ငါဘာတွေလျှောက်လုပ်မိတာပါလိမ့်”
ယခုမှသာ သူ့အပြုအမူက ဘယ်လောက်တောင်ဆိုးရွားမှန်း အန်ဒရီသိတော့သည်။
သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကို ဒေါ်လာနှစ်သန်းပေးပြီး သူတို့ကိုအရှုံးပေးရန် ကမ်းလှမ်းသည်က တကယ့်ကို ရယ်စရာကောင်းလှသည်။
“မစ္စတာအန်ဒရီ..ဂုဏ်သိက္ခာဆိုတာ ပိုက်ဆံပေးပြီးဝယ်လို့မရဘူး။ ဒီပိုက်ဆံတွေကို မနက်ဖြန်ပွဲပြီးလျှင် စင်ကာပူမှာ လျှောက်လည်ဖို့ ကုန်ကျစရိတ်အဖြစ်သုံးဖို့ စုထားလိုက်ပါ”
ထိုသို့ပြောပြီး ဖန့်ကြွယ်ယွီက သူ့လူများနှင့် ကားထဲကိုဝင်သွားသည်။
“ဖန့်ကြွယ်ယွီ တကယ်တော့ ငါစိတ်တိုနေတာ”
သူ့ဘေးနားမှာ ဘီလီယံပေါင်းများစွာချမ်းသာသောလူရှိနေသော်လည်း ချန်ဖန့်ကတော့ ဒေါ်လာနှစ်သန်းဟူသော ပမာဏကို မြင်တောင်မမြင်ဖူးပေ။
“မင်းမပြောနဲ့။ ငါလည်း စိတ်တိုနေတာ”လုချောင်ကလည်း ဝင်ပြောသည်။
“ဘာမှ မဖြစ်ကြပါနဲ့။ ဒီလူတွေ ငါတို့တွေကို မစော်ကားရဲတော့ပါဘူး”
“မင်းတို့ကောင်တွေ ငါ့ဆီက ပညာမသင်ချင်ကြဘူးလား။ ပြိုင်ပွဲပြီးရင် မင်းတို့ကို တစ်နေရာခေါ်သွားမယ်။ မင်းတို့ အဲ့ကနေပြန်ရောက်တာနဲ့ ဒေါ်လာနှစ်သန်းဆိုတဲ့ ပမာဏကို အသာလေးရှာနိုင်မယ်”
အန်ဒရီ၏ စကားတချို့က သူ့အသင်းသားများ၏ မာနကို တစ်နည်းတစ်ဖုံထိခိုက်စေလိမ့်မည်ဆိုတာ ဖန့်ကြွယ်ယွီ နားလည်သည်။
“တကယ်လား” သူတို့သုံးဦးစလုံး မျက်လုံးအဝိုင်းသားဖြစ်ကုန်ကြသည်။ သူတို့အတွက်ပိုက်ဆံက မရှိမဖြစ် လိုအပ်သည် ဆိုသော်လည်း ဖန့်ကြွယ်ယွီဆီ ပညာရဖို့က ပိုအရေးကြီးသည် ။သူ့ဆီကပညာရပါက သူတို့သည် မည်သည့်နည်းပညာကုမ္ပဏီတွင်မဆို အလုပ်ကောင်းကောင်း ရနိုင်သည်။
“ငါလိမ်ရင် ခွေးဖြစ်ပါစေကွာ။ ငါသုံးတဲ့ နည်းလမ်းတွေကလည်း အဲ့ကနေရတာ”
“အာ့ဆို ငါတို့ကို နည်းနည်းတော့ သင်ပေးလေကွာ”
သူ့တပည်တွေ စကားကောင်းနေတာကို မြင်ရသောအခါ ကျောရှန့်ခယ်လည်း စကားဝိုင်းထဲဝင်လာသည်။
“ဆရာကျောက အဲ့ကျောင်းကိုတက်ဖို့ အသက်ကြီးနေပြီ။ ဆရာ့မှာသားရှိရင်ပြောပါ။ ကျွန်တော် အဲ့ကျောင်းမှာ အပ်ပေးပါ့မယ်”
“မင်းက လူကြီးကိုအထင်သေးတာပေါ့လေ။ မင်းဘွဲ့မရချင်တော့ဘူးလား”
“သူက ဘွဲ့ရဖို့လိုသေးလို့လား”ဟု လုချောင်က ဝင်ပြောသည်။
တစ်ခဏအတွင်းမှာ ကားထဲမှ ရယ်သံများ စီခနဲထွက်လာသည်။
….
“ဖန့်ကြွယ်ယွီ ငါသာဘုရင်ဆိုရင် မင်းကို အိမ်ရှေ့စံခန့်တယ်”
“ကြွယ်ယွီ ဘယ်မှာလဲ ကြွယ်ယွီ။ ရန်သူ့ခေါင်းဆောင်ရဲ့ ဦးခေါင်းကို ယူခဲ့စမ်း”
“အိပ်ချင်မူးတူးနဲ့ ဘာတွေလျှောက်ပြောနေတာလဲ” ဟုဆိုကာ ဖန့်ကြွယ်ယွီက လုချောင်အား ခေါင်းအုံးဖြင့် ပစ်ပေါက်သည်။
“ငါက မင်းကို ညီအကိုလိုသဘောထားတာ။ မင်းက ငါ့အဖေဖြစ်ချင်နေတာလား”
“ဘယ်သူ ဘယ်သူငါ့ကိုလုပ်တာလဲကွ”
လုချောင်က ထိုစကားကို ရုတ်တရက်ထရေရွတ်ပြီး ဟိုဘက်လှည့်ကာ ပြန်အိပ်သွားသည်။
“ဒီမှာဆက်နေလို့မရဘူး။ မဟုတ်ရင် ငါ ဒီညအေးဆေးနားလို့ရမှာမဟုတ်ဘူး”
“သူ့မိန်းမဖြစ်လာမဲ့လူကို သနားလိုက်တာ”
ဖန့်ကြွယ်ယွီက အဝတ်အစားများကို သေချာဝတ်ဆင်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ထွက်သွားသည်။ သူက အပင်တွေပေါ်ကို ခုန်တက်ပြီး ဟိုတယ်၏ တောင်ဘက်ထွက်ပေါက်များမှ ပျောက်ကွယ်သွားတော့သည်။
ပင်လယ်ဘေးက ကျောက်ဆောင်တစ်ခုပေါ်ထိုင်နေရင်း ဖန့်ကြွယ်ယွီက စွမ်းအားရှင်ကျင့်စဉ်ကို ကျင့်ကြံ နေသည်။ သူသည် လျှို့ဝှက်စွမ်းအားရှင်ဖြစ်ကတည်းက တစ်ခါမှ မနားရသေးပေ။
ဖန့်ကြွယ်ယွီက သဘာဝရှုခင်းများကို တစ်ကိုယ်တည်း ခံစားနေမိသည်။ လှိုင်းပုတ်သံ၊ ပင်လယ်ရေစီးသံ….’
“ဒီကောင် တစ်ယောက်ထဲထွက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
ယူနီဖောင်းများကို ဝတ်ဆင်ထားသော လူသုံးဦးက သူ့ကို အဝေးမှ လှမ်းကြည့်ပြီး အကဲခတ်နေသည်။
“ဘာလဲ သံသယဖြစ်လို့လား။ သူက ဘရီလာလိုချင်နေတဲ့ လူပါကွ”
“ဟုတ်တယ်။ သူက ပြိုင်ပွဲဝင်ဖို့ စင်ကာပူကိုရောက်နေတာ။ ငါ သူ့အချက်အလက်တွေကို ပွဲစီစဉ်တဲ့သူဆီကနေ စုံစမ်းထားပြီးပြီ။ သူက ငါတို့ပစ်မှတ်ပဲ”
“သူက သာမန်လူချမ်းသာမဟုတ်ဘူးမလား။ သူ့ကြည့်ရတာ သိုင်းတတ်တဲ့ပုံပဲ”
“ဟုတ်လောက်တယ်။ တရုတ်မှာ စွမ်းအားရှင်တွေကို သူတို့နိုင်ငံက ချုပ်ကိုင်ထားတာ။ သိုင်းသမားတွေကတော့ သာမန်လူလိုနေထိုင်ခွင့်ရှိတယ်”
“ဒါဆိုကိစ္စမရှိပါဘူး။ သူ့အသက်အရွယ်လောက်နဲ့ဆို အမြင့်ဆုံးရောက်လည်း အလယ်အလတ်အဆင့်ပေါ့။ Bအဆင့် စွမ်းအားရှင်ကိုတောင် သူမယှဉ်နိုင်လောက်ပါဘူး။ ငါတို့ကို ဖမ်းခိုင်းတာကို သူဂုဏ်ယူရမယ်”
“ကဲ ခပ်သွက်သွက်လေး လှုပ်ရှားကြစို့။ ဒီမှာရှိတဲ့စွမ်းအားရှင်တွေက ငါတို့ကို သတိထားမိသွားရင် ဒုက္ခရောက်တော့မယ်။အကြာကြီးနေလို့ သိပ်မကောင်းဘူး”
“သူ့မှာ SSSအဆင့်စွမ်းအားရှင်မရှိနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ဘယ်နိုင်ငံကိုမှ လျှော့မတွက်သင့်တာ အမှန်ပဲ”
သူတို့သုံးဦးတွင် အန်ခယ်တစ်ဦးသာ SSSအဆင့် စွမ်းအားရှင်ဖြစ်သည်။ သူတို့သာ ဝိုင်းပြီးတိုက်ခိုက်ခံရပါက ဒုက္ခရောက်ပေလိမ့်မည်။
သူတို့သုံးဦး၏ အကြည့်က ဖန့်ကြွယ်ယွီ၏ နောက်က ကျောက်ဆောင်စီ ရောက်နေသည်။ သူတို့သုံးဦးသား အဖြေရှာမရဖြစ်နေသည်။
ခုနလေးတင် မျက်စိမှိတ်ပြီး ထိုင်နေသော လူက ဘယ်လိုလုပ်ပြီး ချက်ချင်းပျောက်ကွယ်သွားရသနည်း။
“ဟေးဟိုသုံးယောက် ညကြီးမိုးချုပ်မှ ရှုခင်းထိုင်ကြည့်နေတာလား”