နတ်ဆိုးဂိုဏ်း၏ စစ်ဘုရင် လူသတ်အရိုး(၃)
Vol. 17 Ch. 242
ရွှီယန်က လေးနက်စွာ မေး၏။
"မင်းက သေချင်နေတာပဲ.."
သတ်ဖြတ်ခြင်းအရိုးက ဒေါသတကြီး ဖြစ်သွားသည်။ ဤသည်က သူ့ကို အကြွင်းမဲ့ အထင်သေးခြင်းပင်။
"ဘုန်း.."
အရိုးခေါင်းတုတ်ကို ကိုင်လိုက်ရင်းက ကြောက်စရာကောင်းသည့် သွေးငရဲမီးတောက်က မြင့်တက်လာခဲ့၏။
အနီရောင်မီးတောက်များက လိမ့်တက်လာကာ လောင်ကျွမ်းသည့် အသံများပင် တဖြစ်ဖြစ် ထွက်ပေါ်လာခဲ့သည်။ ရွှီယန်ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွား၏။
ဒီကောင်လေး၏ စကားများက လွန်ကျူးလွန်းသွားပါပြီ။
ရွှီယန်က သူ၏ဓားကို ဝှေ့ရမ်းလိုက်သည်။ နဂါးဟိန်းခြင်း တောင်နှင့်မြစ်က ထွက်ပေါ်လာ၏။ တောင်နှင့်မြစ်တို့ လေထဲတွင် ပြည့်နက်လာပြီး နဂါးဟိန်းသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
၎င်း၏နောက်တွင် လက်ဝါးချက်တစ်ခု လိုက်ပါလာ၏။ အဆုံးစွန်သော ယန်စွမ်းအားနှင့် ထည်ဝါမှုတို့ကို သယ်ဆောင်ထားသည့် အနှိုင်းမဲ့သော ရွှေရောင်နဂါးကြီးတစ်ကောင် သွေးငရဲမီးတောက် အတွင်းသို့ ပြေးဝင်သွားသည်။
သွေးငရဲမီးတောက်မှာ စွမ်းအားကြီးပုံပေါ်ပေမယ့် ၎င်းမှာ အမှောင်စွမ်းအားဘက်သို့ လိုက်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာစွမ်းအား တစ်ခုဟု ယူဆနိုင်၏။ နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားမှာတော့ အပူနှင့် ယန်ဓာတ်တို့ ပါဝင်နေရာ တစ်ဖက်သိုင်းပညာကို ပြီးပြည့်စုံစွာ ဖိနှိပ့်နိုင်ပါသည်။
"ဘုန်း.."
ရွှေရောင်နဂါးကြီးက မာန်ဖီကာ စွမ်းအားကြီးမားသည့် ခွန်အားနှင့် အလှည့်အပြောင်းလည်း များပြားလှ၏။
လျှင်မြန်စွာဖြင့် လှည့်လည် ရိုက်ခတ်ရင်းက ဆက်တိုက် ရစ်ဝဲလာနေသည်။
သွေးငရဲမီးတောက်များမှာ ရွှေရောင်နဂါးကြီးကို လုံးဝတိုက်စားနိုင်ခြင်း မရှိသည့်ပုံရှိ၏။ အဲ့ဒီ့အစား နဂါးကြီး၏ တိုက်ခိုက်မှုအောက်တွင်သာ ဆက်လက် အားနည်းလာခဲ့သည်။
"မင်း.."
သတ်ဖြတ်ခြင်းအရိုး၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။
"မင်းကို အသက်ရှင်ရက် ချန်ထားလို့မရဘူး.."
တစ်ဖက်ရန်သူ၏ ကျင့်စဉ်သည် သူ၏ ကျင့်စဉ်အား ဖိနှိပ့်နိုင်သည့်ပုံ ပေါ်၏။
အရိုးခေါင်းတုတ်မှ ညှို့မှိုင်းသည့် အငွေ့အသက်တို့ လွှမ်းခြုံလာပြီး မီးတောက်များက မရေမတွက်နိုင်သည့် အရိုးခေါင်းများသဖွယ် ကောင်းကင်မှ သက်ဆင်းလာခဲ့သည်။ ၎င်းတို့သည် သက်ရှိအားလုံးတို့ကို သင်္ဂြိုဟ်ကာ လောင်ကျွမ်းပစ်ရန် ရည်ရွယ်ထား၏။
"ဒီနေ့မှာ မင်းကိုသတ်ပြီးရင်... နတ်ဆိုးအရှင်သခင် ဟော်ထူ ဘာလုပ်မလဲ ကြည့်ချင်သေးတယ်။ ငါရွှီယန်ကို ထိပါးရဲရင် မင်းတို့တံခါးဝအထိ လိုက်သတ်မှာကို စောင့်နေလိုက်.."
ရွှီယန်က နှာခေါင်းရှုံ့၏။ ရွှေရောင်နဂါးကြီးက လှည့်လည်ကာ လက်ထဲရှိ ဓားရှည်ကို ခုတ်ချလိုက်၏။
"တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များ.."
"ဘုန်း.."
သတ်ဖြတ်ခြင်းအရိုး၏ မျက်နှာက ထိတ်လန့်သွားသည်။
အန္တရာယ်က နီးကပ်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်မှ သွေးလွှာတစ်ခု ထွက်ပေါ်လာပြီး ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ လူတစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ အရိုးခေါင်းတုတ်တံမှ ထွက်ပေါ်လာသည့် သွေးငရဲမီးတောက်က ရုတ်တရက် စုစည်းသွားပြီး ကြီးမားသည့် ဓားကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ထိုတိုက်ခိုက်မှုကို ကာကွယ်ထားသည်။
တစ်ချိန်တည်းတွင် သူ၏ ပုံစံက ထိတ်လန့်နေကာ ထွက်ပြေးရန်အတွက် စီစဉ်၏။ ရွှီယန်၏ ခွန်အားက သူ့ခန့်မှန်းထားသည်ထက် ကျော်လွန်နေပါသည်။ ကြောက်စရာကောင်းသည့် ရွှေရောင်နဂါးကြီးမှာ အလွန်ကြမ်းကြုတ်ပြီး သူ၏ သွေးငရဲမီးတောက်ကို ဖိနှိပ့်နိုင်စွမ်းရှိသည်။
ဒီအချိန်၌ သူ၏ စွမ်းအားကြီးမားသည့် သတ်ဖြတ်ခြင်းအတတ်များကို ပြီးပြည့်စုံစွာ ထုတ်လွှတ်နိုင်ခြင်း မရှိဘဲ ဖြစ်နေ၏။
"ရောက်လာပြီးမှတော့ ထွက်ပြေးဖို့အတွက် စဉ်းစားမနေနဲ့။ ငါရွှီယန်ရဲ့ လက်ထဲကနေ ဘယ်ရန်သူမှ မလွတ်မြောက်နိုင်ခဲ့ဘူး.."
ရွှီယန်က ဓားဖြင့် ခုတ်ပိုင်းလိုက်ပြန်ကာ လက်ဝါးကိုလည်း ရိုက်ထုတ်လိုက်သည်။
"ဝေါင်း.."
ရွှေရောင်နဂါးကြီး ၁၈ကောင်တို့ ပြိုင်တူ အော်လိုက်ကြပြီး ပတ်ဝန်းကျင်၌ လှည့်လည်ကာ အဖက်ဖက်မှ တိုက်ခိုက်နေပါသည်။
"သတ်.."
သတ်ဖြတ်ခြင်းအရိုး၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွား၏။ ကြောက်စရာကောင်းကာ ညှို့မှိုင်းသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
"ဘုန်း.."
သူ၏ ခန္ဓာကိုယ်ရှိ အဝတ်အားလုံးတို့ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး သွေးများ စီးထွက်လာခဲ့သည်။
လောကကြီးတစ်ခုလုံး အနံ့ဆိုးသည့် သွေးများ အဖြစ် ပြည့်နက်သွားသည့်ပုံ ရှိ၏။
သတ်ဖြတ်ခြင်းအရိုး၏ ခန္ဓာကိုယ်မှ များပြားလှသည့် သွေးအငွေ့တို့ ထွက်ပေါ်လာပြီးနောက် အရိုးခေါင်းတုတ်တံအတွင်းသို့ ဝင်ရောက်သွားသည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ငြှိုးခြောက်လာခဲ့၏။
"ငါ့ကို သတ်ချင်ရင် မင်းလည်း အတူတူသေဖို့ ပြင်ထား.."
သတ်ဖြတ်ခြင်းအရိုး၏ မျက်နှာက အလွန်ခက်ထန်နေပြီး သူ၏ အရိုးခေါင်းတုတ်တံက အနီရောင် ပြောင်းသွားကာ ကြောက်စရာကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။
ထိုအချိန်၌ ရွှီယန်၏ပုံက ပိုမိုကာပင် ကြောက်စရာကောင်းလာခဲ့၏။
"ငါ့ရဲ့ စိတ်ဝိဉာဉ်စာရွက်တွေ ပြန်ပေးးး.."
သတ်ဖြတ်ခြင်းအရိုး၏ ဝတ်စုံတို့ ပေါက်ကွဲထွက်သွားချိန်တွင် ပိုက်ဆံအိတ်နှင့် စိတ်ဝိဉာဉ်လက်မှတ်များလည်း ၎င်းနှင့်အတူ တစ်စစီ ဖြစ်သွားခဲ့သည်။
ဆိုလိုသည်ကား ရွှီယန်အနေနှင့် တစ်ဖက်လူကို သတ်ဖြတ်ပြီးလျှင်တောင် မည်သည့် ဆုကြေးကိုမှ ရရှိမည် မဟုတ်ပေ။ ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေမည်နည်း။
စိတ်ဝိဉာဉ် လက်မှတ်များက ပျက်စီးသွားပြီ ဖြစ်ရာ တိုက်ခိုက်ရာတွင် ၎င်းတို့ကို ထိခိုက်မည်အား စိုးရိမ်စရာ မလိုတော့ပေ။
သူ၏ ဓားဆန္ဒာက ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာ၏။ ကြောက်စရာကောင်းသည့် လူသတ်ငွေ့တို့က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရောင်ကိုပင် ပြောင်းလဲသွားသည့်ပုံ ရှိသည်။
ထိုအချိန်၌ သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် သတ်ဖြတ်ခြင်းအရိုးသည် နှလုံးသားထဲ၌ အေးစက်မှုတို့ စီးဆင်းလာကြောင်းကို ခံစားလိုက်ရ၏။
ထိုသတ်ဖြတ်လိုစိတ်.. ထိုကြောက်စရာကောင်းသည့် စိတ်ဆန္ဒတို့သည် မကောင်းဆိုးဝါးဖြစ်သည့် သူကိုယ်တိုင်ထပ်ပင် ပိုမို အရိုင်းဆန်နေပါတော့သည်။