← Chapters

သတ်ဖြတ်ခြင်းအရိုးအား ဒေါသတကြီးသတ်ဖြတ်ခြင်း၊ တူညီသည့် စိတ်ကူး(၂)

Vol. 17 Ch. 244

သတ်ဖြတ်ခြင်းအရိုးအား ဒေါသတကြီးသတ်ဖြတ်ခြင်း၊ တူညီသည့် စိတ်ကူး(၂)

Vol. 17 Ch. 244

ဤသည်မှာ ကျိုးကြောင်းစီလျော်မှု ရှိသည်ကို ရွှီယန်တွေ့လိုက်ရသည်။ ဂျူနီယာညီမလေးသည် ဒန်ဆေးသိုင်းပညာကို ကျင့်ကြံပြီး ဆေးသန့်စင်ခြင်းကို အထူးပြု၏။

အရိုးခေါင်းတုတ်တံ အတွင်းတွင် ပါဝင်သည့် သွေးငရဲမီးတောက်၏ စွမ်းအားမှာ သူမအတွက် အသုံးဝင်လောက်ပါသည်။

ထို့အပြင် အသုံးပြုနိုင်ခြင်း မရှိလျှင်တောင် သူမအား အကာအကွယ် ပြုနိုင်ရန်အတွက် အသုံးပြုနိုင်၏။

ဘာပဲဖြစ်ဖြစ် အရိုးခေါင်းတုတ်တံ အတွင်းတွင် ပါဝင်သည့် စွမ်းအားမှာ စစ်ဘုရင်တစ်ယောက်၏ လျှို့ဝှက်အတတ် စွမ်းအားဖြစ်သည်။

"ဒါဆိုရင်... ဂျူနီယာညီမလေးကို ပေးရအောင်.."

ရွှီယန်က ခေါင်းငြိမ့်ကာ ပြော၏။

ထိုအချိန်၌ မုန့်ရှူရှူက ပြောသည်။

"စီနီယာအစ်ကိုရွှီ... တကယ်တော့ နိုင်ငံကြီး၃ခုနဲ့ အခြားအင်အားစုကြီးအချို့က သတ်ဖြတ်ခြင်းအရိုး အတွက် ဝရမ်းထုတ်ထားကြတယ်။ သတ်ဖြတ်နိုင်တဲ့ ဘယ်သူမဆို ဆုကြေးကို ထုတ်ယူလို့ရတယ်.."

ရွှီယန်က ချက်ချင်းပင် တက်ကြွလာခဲ့၏။ အလောတလျှင် မေး၏။

"ဆုကြေးက ဘယ်လောက်လဲ.."

"ပေါင်းလိုက်ရင်... စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၂မီလီယံ.. ၃မိလီယံလောက်တော့ ရှိလိမ့်မယ်။ အရင်တုန်းက သတ်ဖြတ်ခြင်းအရိုး သတ်ဖြတ်ခဲ့တဲ့ လူတွေက မနည်းဘူး။ အဓိက အင်အားစုကြီးတွေ အားလုံးမှာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ သိုင်းသမားတွေ ရှိနေတယ်။ ဒ့ါကြောင့်မို့လို့ ဆုကြေးက ပျောက်ပြယ်မသွားဘူး.."

"ဒါပေမယ့် အဲ့ဒီဆုကြေးကို ဘယ်သူမှ ရယူနိုင်ခြင်း မရှိခဲ့ဘူး။ စီနီယာအစ်ကိုရွှီက အခု သူ့ကို သတ်လိုက်ပြီဆိုတော့ အမှတ်အသားဖြစ်မယ့် ပစ္စည်းတစ်ခုခုကို ယူပြီး ဆုကြေးကို သွားထုတ်လို့ရပြီ.."

မုန့်ရှူရှူက ခဏတာ စဉ်းစားပြီးနောက် ပြော၏။

"သတ်ဖြတ်ခြင်းအရိုးရဲ့ အမှတ်အသား ပစ္စည်းလား.."

ရွှီယန်က အရိုးခေါင်းတုတ်တံကို ကြည့်သည်။ ဤသည်မှာ အကောင်းဆုံး အမှတ်အသားပစ္စည်း ဖြစ်၏။ သို့ပေမယ့် ၎င်းကို ဂျူနီယာညီမလေးအတွက် ပြန်ယူသွားရန် စီစဉ်ထားရာ သင်္ကေတအဖြစ် အသုံးပြုရန် သင့်တော်ခြင်း မရှိတော့ပေ။

သူ၏ အကြည့်က မြေပြင်ပေါ်သို့ ဖြတ်သန်းသွားပြီး တစ်စစီ ပြန့်ကျဲနေသည့် အဝတ်များကို တွေ့လိုက်ရ၏။

လက်ကိုဝှေ့ရမ်းကာ အပိုင်းအစတစ်ခုကို ယူလိုက်သည်။ ၎င်း၏အပေါ်တွင် မပြီးပြည့်စုံသည့် အမှတ်အသားတစ်ခုအား ထွင်းထား၏။

"ဒါကိုရော သုံးလို့ရလား.."

မုန့်ရှူရှူက တစ်ခုခုပြောတော့မည်အပြုတွင် ရပ်တန့်သွားသည်။ ဤသည်ကို ဘယ်လိုလုပ်ပြီး သင်္ကေတပစ္စည်းအဖြစ် အသုံးပြုနိုင်မည်နည်း။ မည်သူမှ ယုံကြည်မည်မဟုတ်ပေ။

"ငါသိပြီ.."

ရွှီယန်က မုန့်ရှူရှူ၏ ပုခုံးကိုပုတ်ကာ ပြောသည်။

"ငါ့မှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်။ သတ်ဖြတ်ခြင်းအရိုးကို ငါဓားနတ်ဘုရားရွှီယန် သတ်ပစ်လိုက်ပြီလို့ သတင်းလွင့်လိုက်။ ပေးထားတဲ့ ဆုကြေးတွေကို ကြည့်ပြီး ရက်စက်လွန်းပုံကို မြင်ယောင်မိလို့ နတ်ဆိုးအရှင်သခင် ဟော်ထူကို ထိပါးရမယ်ဆိုရင်တောင် စွန့်စားပြီးတော့ ဒီနတ်ဆိုးကို သုတ်သင်ခဲ့တယ်လို့ ပြောလိုက်.."

"မင်းနားလည်လား... ငါက သတ်ဖြတ်ခြင်းအရိုးကို သတ်ဖြတ်ခဲ့တယ်။ သူတို့က ဆုကြေးတစ်ခုကို ထုတ်ထားမှတော့ သူတို့ရဲ့စကားကို ပြန်ပြီးတော့ မရုတ်သိမ်းလောက်ဘူးမလား.."

"ငါရွှီယန်က အဲ့ဒီ့ဆုကြီးအတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို လုပ်ခဲ့ရတယ်။ နတ်ဆိုးအရှင်သခင် ဟော်ထူကိုတောင်မှ ထိပါးခဲ့ရတယ်။ အဲ့တော့ ဆုကြေးကို ပေးရမှာမလား.."

"စိတ်မပူပါနဲ့ စီနီယာအစ်ကိုရွှီ... ဒီကိစ္စကို ကျွန်တော်တာဝန်ယူလိုက်ပါမယ်။ အတွင်းဘက်နယ်မြေတစ်ခုလုံး မင်းနတ်ဆိုးအရှင်သခင် ဟော်ထူကို ထိပါးရမှာကို စွန့်စားပြီး ဒီနတ်ဆိုးကို သတ်ခဲ့တယ်လို့ သိသွားစေရမယ်.."

မုန့်ရှူရှူက လျှင်မြန်စွာ သဘောတူ၏။

"သူတို့ကို ပြောလိုက်... ရက်အနည်းငယ်အတွင်းမှာ ငါလာခဲ့မယ်လို့.."

ရွှီယန်၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ကြည့်ရတာ သူ၏ ကြိုးစားအားထုတ်ခဲ့ရမှုမှာ အလကား မဖြစ်သည့်ပုံ ရှိသည်။

၃ယောက်သားသည် လမ်းတလျှောက် ဆက်လက် ခရီးနှင်ခဲ့ပြီး လန်းဖင်စီရင်စုအတွင်းသို့ ရောက်ရှိလာခဲ့၏။

မုန့်ရှူရှူက ရုပ်ဖျက်ကာ ထွက်ခွာသွားသည်။ ဆက်သွယ်ရမည့် နည်းလမ်းတစ်ခုကို တိုင်ပင်ပြီးနောက် အသီးသီး လူခွဲသွားကြ၏။

ရွှီယန်နှင့် မုန့်ချုံတို့က သံတောင်မြို့ဆီသို့ သွားသည်။ နောက်ယောင်ခံကာ အလိုက်ခံရမည်အား ရှောင်ရှားနိုင်ရန် နှစ်ယောက်သား အငွေ့အသက်ကို ဖုံးကွယ်ပြီး လူနည်းသည့် နေရာများမှ ရွေးချယ်သွားသည်။

လမ်းတလျှောက်တွင် မည်သည့် တိုက်ခိုက်မှုကိုမှ ကြုံတွေ့ရခြင်း မရှိဘဲ သံတောင်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။

"ဂျူနီယာညီလေး... ဆရာနဲ့ ဂျူနီယာညီမလေးကို ပြန်သွားပြီးရင် ပြောလိုက်။ ငါတစ်လအတွင်းမှာ ပြန်လာခဲ့မယ်လို့။ အခု ဆုကြေးရယ် သိုလှောင်ထားတဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေရယ်ကို သွားထုတ်ပြီး ဂျူနီယာညီမလေး ပေးခဲ့တဲ့ စာရင်းထဲက စိတ်ဝိဉာဉ်ဆေးပင်တွေကိုလည်း ဝယ်ဖို့လိုသေးတယ်.."

ရွှီယန်က မခွဲခွာခင်တွင် မုန့်ချုံကို ညွှန်ကြားသည်။

"စီနီယာအစ်ကို စိတ်မပူပါနဲ့... ဂျူနီယာညီမလေး ဆေးလုံးတွေကို သန့်စင်ပြီးတာနဲ့ ဦးလေးနဲ့ အန်တီဆီကို ကျွန်တော် ပို့ပေးလိုက်ပါမယ်.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ဒါဆိုရင် ကျေးဇူးပဲ။ မင်းသွားနှင့်တော့။ ငါဒီမှာ ခဏနေပြီးတော့ ဘယ်သူတွေ နောက်ယောင်ခံ လိုက်လာမလဲ စောင့်ကြည့်ဦးမယ်.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ကောင်းပြီ.."

မုန့်ချုံက ကြီးမားသည့် စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီးကို နောက်ကျောတွင်သယ်ကာ ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် ကျန်ရှိသည့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များကို သေးငယ်သည့် အထုပ်များဖြင့် ထုပ်ပြီး လည်ပင်းရှေ့တွင် ချိတ်ဆွဲ၏။

ဆေဘာကို ခါးတွင် ချိတ်ဆွဲပြီး လက်တစ်ဖက်တွင် အရိုးခေါင်းတုတ်တံကို ကိုင်ဆောင်ထားသည်။ လျှပ်တပြက်အတွင်း အဆုံးမဲ့တောင်များ အတွင်းသို့ ဝင်ရောက်ကာ စွန့်ပစ်ဒေသဆီသို့ ပြန်ခဲ့၏။

ရွှီယန်က သစ်ပင်ကြီး တစ်ပင်၏ အပေါ်တွင် ထိုင်ကာ စောင့်စားနေပါသည်။ ဒီနေရာသို့ မည်သူတို့ နောက်ယောင်ခံ လိုက်လာမည်နည်းဟု စောင့်ကြည့်၏။

၃ရက်ကြာပြီးနောက် မည်သူမှ ရောက်ရှိလာခြင်း မရှိပေ။ ရွှီယန်လည်း စွန့်ပစ်ဒေသ၏ လားရာဆီသို့ တစ်ချက်ကြည့်ပြီးနောက် နောက်သို့လှည့်ကာ ပြန်လည်ထွက်ခွာခဲ့၏။ သူ၏ ဦးတည်ချက်မှာ သတ်ဖြတ်ခြင်းအရိုးအား သတ်ဖြတ်ခဲ့သည့် အတွက် ဆုကြေးကို သွားရောက်ထုတ်ယူရန် ဖြစ်သည်။

အတွင်းဘက်နယ်မြေရှိ သိုင်းလောကတစ်ခုလုံး အုံကြွနေပါသည်။ နာမည်ကျော်ကြားသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဂိုဏ်းမှ စစ်ဘုရင် သတ်ဖြတ်ခြင်းအရိုးသည် အသတ်ခံခဲ့ရ၏။

သတ်ဖြတ်သူမှာ ဓားသမားရွှီယန် ဖြစ်လေသည်။ သူသည် မကောင်းဆိုးဝါးဆန်သည့် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ခုနှစ်စင်ကြယ်အကယ်ဒမီ တစ်ခုလုံးကို အရှုံးပေးရစေခဲ့၏။

ပြောကြသည်ကား တစ်ဖက်လူသည် နိုင်ငံကြီး၃ခုနှင့် အဖွဲ့အစည်းကြီးများက ပေးဆောင်ထားသည့် ဆုကြေး‌ကြေငြာချက်ကို မြင်ပြီးနောက် သတ်ဖြတ်ခြင်းအရိုး၏ ရက်စက်ပုံကို မြင်တွေ့ခဲ့ရပြီး ဒေါသထွက်သွားကာ လိုက်လံသတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ပြင်းထန်သည့် တိုက်ပွဲကို ကံကောင်းထောက်မစွာကြုံတွေ့ခဲ့ရသည့် အမည်မသိ မျက်မြင်သက်သေများ၏ ပြောစကားအရ ဓားနတ်ဘုရားရွှီယန်သည် သတ်ဖြတ်ခြင်းအရိုး၏ ရက်စက်ကြမ်းကြုတ်မှုအတွက် မုန်းတီးမှုတို့ဖြင့် ပြည့်နက်နေသည်ဟု ဆို၏။

ဒေါသတကြီးဖြင့် အနှိုင်းမဲ့သည့် ဓားသိုင်းကို အသုံးပြုကာ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းအရိုးကို ပြာအဖြစ် ပြောင်းလဲစေခဲ့သည်ဟု ဆိုသည်။ ဝတ်ဆင်ထားသည့် အဝတ်တစ်စသာလျှင် ကျန်ရစ်ခဲ့၏။

ထိုအဝတ်စတွင် နတ်ဆိုးအရှင်သခင် ဟော်ထူ၏ အမှတ်အသား တစ်ပိုင်းတစ်စ ပါရှိပြီး ရွှီယန်က ၎င်းကို ဆုကြေးအား ထုတ်ယူရန်အတွက် သင်္ကေတပစ္စည်းအဖြစ် အသုံးပြုမည်ဟု ဆိုလေသည်။

မရေမတွက်နိုင်သည့် ပါရမီရှင်များနှင့် သိုင်းသခင်များစွာတို့ အားလုံး ထိတ်လန့်သွားကြ၏။ ရွှီယန်သည် နတ်ဆိုးအရှင်သခင် ဟော်ထူကို မကြောက်ရွံ့ပေဘူးလား။

ဖြစ်နိုင်သည်မှာ သူသည် ဓားသခင်ချောက်ကမ်းပါးမှ ပါရမီရှင်တစ်ယောက်ဖြစ်၍ နတ်ဆိုးဂိုဏ်းကို ကြောက်ရွံ့ခြင်း မရှိပေဘူးလား။

ရွှီယန်၏ သတ်ဖြတ်ခြင်းအရိုးကို သုတ်သင်ခဲ့သည့် သတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။

ထိုအရာအားလုံးတို့ကို လုပ်ဆောင်ခဲ့သည့် ရွှီယန်မှာတော့ ဆုကြေးကို ထုတ်ယူရန်အတွက် သူ၏ ခရီးစဉ်ကို စတင်ခဲ့ပါပြီ။ ဆုငွေထုတ်ယူရန် ပထမဆုံး ဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့၏။

ခုနှစ်စင်ကြယ်အကယ်ဒမီရှိ သေးငယ်သည့် ခြံဝန်းငယ်တစ်ခုအတွင်းတွင် သုယွီယင်းမှာ ကျင့်ကြံမှုအလယ်၌ ရှိနေပါသည်။ သူမ၏ အငွေ့အသက်က အနည်းငယ် ပုံမှန်မဆန်စွာရှိနေပြီး ခန္ဓာကိုယ်မှ တောက်ပသည့် အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။ ကြည့်ရတာ သန့်စင်မြင့်မြတ်ကာ တောက်ပသည်။

သူမ၏ ခွန်အားမှာလည်း ပထမအဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်၏။ သူမ၏ အသက်အရွယ်နှင့် ခွန်အားကို ကြည့်ခြင်းအားဖြင့် အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်နေပြီး ဖြစ်သည်။

အခိုက်အတန့်တစ်ခုတွင် သုယွီယင်းသည် အနည်းငယ် ချောင်းဆိုးပြီး သူမ၏ မျက်နှာက ဖြူရော်လာခဲ့၏။

မျက်ခုံးများက အနည်းငယ် ကျုံ့သွားပြီး ကျင့်ကြံမှုကို ဖြေးညှင်းစွာ ရပ်တန့်ကာ မျက်လုံးများ ပွင့်လာခဲ့သည်။သူမ၏ပုံစံက အတွေးနက်သွား၏။

'ငါ့ရဲ့ခန္ဓာကိုယ်မှာ ပြဿနာအချို့ ရှိနေသေးတယ်။ သိုင်းသခင်အဆင့်ကို ချိုးဖျက်နိုင်ဖို့က အချိန်ယူရဦးမှာပဲ..'

သူမသည် နှလုံးသားထဲတွင် သက်ပြင်းချ၏။ ချောမောသည့် လူငယ်တစ်ယောက်၏ အသွင်အပြင်က စိတ်ထဲတွင် အလို‌လျောက် ပေါ်လာခဲ့သည်။ နှလုံးသားကို နှိုးဆော်ပြန်လာ၏။

All Chapters