သုတ်သင်ခြင်းဓားဆန္ဒ၊ ဒန်ဆေးသိုင်းပညာကျမ်း(၂)
Vol. 17 Ch. 247
"သင်၏တပည့် ရွှီယန်သည် မုန့်ချုံကို လိုက်သတ်နေသည့် စစ်ဘုရင်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ တောင်နှင့်မြစ် ဓားဆန္ဒက တိုးတက်လာခဲ့သည်.."
ထင်ထားသည့်အတိုင်းပင်။ သတင်းကို ရရှိပြီးနောက် ရွှီယန်သည် မုန့်ချုံကို လိုက်လံသတ်ဖြတ်နေသည့် စစ်ဘုရင်ကို သွားရောက် သတ်ဖြတ်ခဲ့၏။
'ရွှီယန်က တကယ့်ကို ကြမ်းတမ်းတာပဲ..'
လီရွှမ်က မနေနိုင်ဘဲ စဉ်းစားသည်။ ရွှီယန်သည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ရုံသာ ရှိသေး၏။ စွမ်းအားကြီးပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။
နေ့စဉ်နေ့တိုင်း သိုင်းသခင်များ၏ အသက်ကို ချွေယူခဲ့၏။ ပြီးနောက် မူလအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ရုံသာ ရှိသေးသည်။ စစ်ဘုရင် တစ်ယောက်ကို သတ်ဖြတ်ခဲ့၏။ ယခုအချိန်၌ နောက်ထပ် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြန်လေသည်။
"သင်၏တပည့် ရွှီယန်သည် မုန့်ချုံကို လိုက်လံဖမ်းဆီးနေသည့် စစ်ဘုရင်အား သတ်ဖြတ်ခဲ့သည်။ သင်၏ တောင်နှင့်မြစ်ဓားဆန္ဒက တိုးတက်လာခဲ့သည်.."
နောက်ထပ် ရွှေရောင်အလင်းက ထွက်ပေါ်လာပြန်၏။
လီရွှမ် "..."
'ဒါဆိုရင် မုန့်ချုံကို လိုက်နေတာ စစ်ဘုရင်တစ်ယောက်ထက် ပိုတာပေါ့..'
အတွင်းဘက်နယ်မြေမှာ စစ်ဘုရင်တွေ တကယ်ပဲ အဲ့လောက်ထိ များတာလား။ ဒီအတိုင်းပဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ တွေ့နိုင်တာလား....
ရွှီယန်ပင် ၃ယောက်ကို သတ်ဖြတ်ပြီး ဖြစ်၏။
"သင်၏တပည့် ရွှီယန်သည် သိုင်းသခင်များစွာကို ဆက်တိုက်သတ်ဖြတ်ခဲ့သည်။ သင်သည် သုတ်သင်ခြင်း ဓားဆန္ဒကို ရရှိသည်.."
ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုက ဆက်လက် ရရှိလာ၏။
"သုတ်သင်ခြင်းဓါးဆန္ဒ.."
လီရွှမ်က ဝမ်းသာသွားသည်။ နောက်ဆုံးတွင် သူ၏တပည့်များနှင့် မတူသည့် ဓားဆန္ဒတစ်ခုအား ရရှိခဲ့ပါပြီ။ သုတ်သင်ခြင်း ဓားဆန္ဒသည် အရာအားလုံးကို ဖျက်ဆီးနိုင်ပြီး အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးမား၏။
'သိုင်းသမားတွေဆိုတာ သိုင်းလောကကို ထွက်ခွာပြီးတော့ စူးစမ်းလေ့လာ သင့်တယ်။ ငါ့တပည့်တို့ ဒီအချိန်က မင်းတို့အတွက် ငါ့အစား လောကကို လှည့်လည်ပြီး ပြိုင်ဖက်ကင်းတဲ့ လမ်းကြောင်းကို စူးစမ်းပေးရမယ့်အချိန်ပဲ..'
လီရွှမ်က နှလုံးသားထဲတွင် ဝမ်းသာသွား၏။
စုလင်းရှုံ၏ လက်များက ချီနှင့်သွေး စွမ်းအင်တို့နှင့် လှိုင်းထနေပြီး ဒန်ဆေးမီးတောက်ကို စုစည်းကာ ဒန်ဆေးသန့်စင်မှုကို ကျင့်ကြံသည်။
သူမသည် လက်ဗလာနှင့် ဒန်ဆေးသန့်စင်ခြင်းကို ရက်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့ပြီး အနည်းငယ် ကျွမ်းကျင်လာခဲ့ပြီ ဖြစ်၏။
'အခုလောက်ဆိုရင် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို အဆင့်တိုးမြင့်လို့ ရလောက်ပြီ မလား..'
လီရွှမ်မှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ရွှီယန်နှင့် မုန့်ချုံတို့က ပူးပေါင်းသွားကြသည်။ ပြီးလျှင် မည်သည့် ကိစ္စများ ပေါ်လာမည်နည်း ဟူသည်ကို လီရွှမ်အနေနှင့် စဉ်းစားနိုင်ခြင်း မရှိပေ။
သူ့တွင် မည်သည်မှ လုပ်စရာမရှိရာ ဝါးတုတ်ဖြင့် ကြောင်နီ၏ သွေးကြောမှတ်များကိုသာ ထောက်ပြ၏။
အထူးသဖြင့် ဦးခေါင်းရှိ သွေးကြောမှတ် ဖြစ်သည်။ ၎င်းကို အရင်ဆုံး နိုးထစေရန် လှုံ့ဆော်၏။
ကြောင်နီ၏ပုံစံက အနည်းငယ် နားမလည်သည့်ပုံ ရှိသေး၏။
'မဟာနတ်ဆိုး ကျင့်စဉ်တော့ အောင်မြင်မလား မသိဘူး။ အောင်မြင်သွားရင် ငါရော တန်ပြန်အကျိုးပြုမှုတွေ ရမှာလား..'
လီရွှမ်က သိလိုသွား၏။ ဘာပဲဖြစ်ဖြစ် မဟာနတ်ဆိုးကျင့်စဉ်မှာ နတ်ဆိုးသားရဲများ၏ လမ်းစဉ် ဖြစ်သည်။
သူက လူသားတစ်ယောက်ဖြစ်ရာ တန်ပြန်အကျိုးပြုမှုတို့ကို ရရှိနိုင်မည်လား။ သူလည်းပဲ နတ်ဆိုးသားရဲ ကျင့်စဉ်ကို ကျင့်ကြံနိုင်လာမည်လား။
'ငါက အတွေးလွန်နေတာပဲ... ကြောင်နီ အောင်မြင်မလားဆိုတာတောင် မသိသေးဘဲနဲ့..'
စုလင်းရှုံ၏ မျက်နှာက လေးနက်နေ၏။ နဖူးမှ ချွေးစေးပေါက်များ စီးကျနေကာ သွယ်လျသည့် လက်များက ချီနှင့်သွေးစွမ်းအင်ကို ဆေးပေါင်းအိုးတစ်ခု၏ အသွင်သို့ ပြောင်းလဲသွားစေခဲ့သည်။
ပြီးနောက် နောက်ထပ် ချီနှင့်သွေး စီးကြောင်းတစ်ခုက ဒန်ဆေးမီးတောက်အဖြစ်သို့ စုစည်းလာပြီး ချီနှင့်သွေးဆေးပေါင်းအိုးကို လွှမ်းခြုံသွားသည်။
အခိုက်အတန့်တစ်ခုတွင် သူမ၏လက်က လှုပ်ခါသွားပြီး ချီနှင့်သွေးစွမ်းအင်တို့ ပျောက်ကွယ်သွားခဲ့၏။ လက်ဝါးအတွင်းသို့ ဆေးလုံးများ ကျဆင်းလာခဲ့သည်။ နောက်ဆုံးတွင် လက်ဗလာနှင့် ဒန်ဆေးသန့်စင်မှုအား အောင်မြင်ခဲ့ပါပြီ။
လီရွှမ် ထိုင်လိုက်ချိန်၌ ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။
"သင်၏တပည့် စုလင်းရှုံသည် သင်ဖန်တီးလိုက်သည့် လက်ဗလာဖြင့် ဒန်ဆေးသန့်စင်ခြင်းကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ဟင်းလင်းပြင် ဒန်ဆေးသန့်စေခြင်းအတတ်(စတင်မှု)ကို ရရှိခဲ့သည်.."
လီရွှမ်က ဝမ်းသာသွားသည်။ ဟင်းလင်းပြင်ဒန်ဆေးသန့်စင်ခြင်းကို သူသည် ချက်ချင်းပင် တတ်မြောက်သွားခဲ့၏။ ထိုစွမ်းအင်နှင့် အတူတူ မွေးဖွားလာသကဲ့သို့ ရှိသည်။ ဤသည်မှာ အမှန်တကယ်ကို ဆန်းကြယ်ကာ စွမ်းအားကြီးသည့် ဒန်ဆေးသန့်စင်မှုအတတ် ဖြစ်သည်။
စတင်ခြင်းအဆင့်၌ ရှိလျှင်တောင် ဖြစ်၏။
'စုလင်းရှုံသာ လက်ဗလာနဲ့ ဒန်ဆေးသန့်စင်မှုကို ကျွမ်းကျင်သွားရင် ငါသူ့ကို ဟင်းလင်းပြင်ဒန်ဆေးအတတ်ကို လက်ဆင့်ကမ်းပေးရမယ်။ ဒါကို အခြေခံအဖြစ် အသုံးပြုပြီး ပိုစွမ်းအားကြီးတဲ့ ဒန်ဆေးသန့်စင်ခြင်းအတတ်တွေကို နားလည်သဘောပေါက်လာမှာ..'
လီရွှမ်ဟာ ကိုယ့်ကိုယ်ကို အလွန်ကျေနပ်သွား၏။ စုလင်းရှုံ၏ ချီနှင့်သွေးစွမ်းအင်နှင့် ဒန်ဆေးသန့်စင်ခြင်းအား အောင်မြင်စွာ ပြုလုပ်ပြီးနောက် စွမ်းအင်တို့ ကြီးစွာလျော့ပါးသွားပေမယ့် ဒန်ဆေးသန့်စင်မှု အမြန်နှုန်းနှင့် ဆေးလုံးများ၏ အရည်အသွေးမှာ ဆေးပေါင်းအိုးကို အသုံးပြုခြင်းထက် များစွာပိုမို မြင့်မားလာခဲ့သည်။
သို့ပေမယ့် အများကြီး သန့်စင်နိုင်ခြင်း ရှိမည် မဟုတ်ပေ။ ဆေးပေါင်းအိုးသာလျှင် ဆေးလုံးများကို အများအပြား ထုတ်လုပ်နိုင်၏။
ပြီးနောက် စုလင်းရှုံက ဒန်ဆေးသန့်စင်ခြင်းနှင့် ဒန်ဆေးကျမ်းအပေါ်တွင် အခြေခံကာ ဒန်ဆေးသိုင်းပညာအား ဆက်လက်လေ့လာသည်။
သူမသည် ချီနှင့်သွေးအဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပါ။
ရှီအာနှင့် နီးကပ်နေပြီး ဖြစ်၏။
ဆေးလုံးများ၏ အကူအညီဖြင့် ကျိုးယင်ဟာလည်း ချီနှင့်သွေးအဆင့်သို့ ဝင်ရောက်ရန် ဝေးကွာခြင်း မရှိတော့ပါ။
'နောက်ထပ် လှပတဲ့ နေ့တစ်နေ့ပဲ..'
လီရွှမ်က လက်ဖက်ရည်ကို စပ်ကာ သက်တောင့်သက်သာဖြင့် သောက်နေ၏။
သူသည် ဒီနေ့များအတွင်းတွင် လက်ဖက်ရည်သောက်ရသည့် အကျင့်တစ်ခု ရရှိလာခဲ့သည်။ ကြည့်ရတာ လက်ဖက်ရည်သောက်ခြင်းက ဆရာသခင်များ၏ အသွင်အပြင်ကို ပိုမို ဆောင်၏။
"သင်၏တပည့် မုန့်ချုံသည် သိုင်းသခင်များကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ သင်၏ နတ်ဘုရားသတ်ဖြတ်ခြင်း ဆေဘာမှာ အဆင့်မြင့်တက်လာခဲ့သည်.."
လီရွှမ်က သက်ပြင်းချသည်။ ဤသည်မှာ လက်စားချေခြင်း၏ စတင်မှုလေလား။
"သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ သုတ်သင်ခြင်း ဓားဆန္ဒမှာ အဆင့်မြင့်တက်လာခဲ့သည်.."
ရွှီယန်လည်း နောက်ထပ် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြန်၏။
'ဒီစစ်ဘုရင်တွေက အရမ်းကို အားနည်းလွန်းတယ်။ ဂေါ်ဖီထုပ်တွေပဲ အလွယ်တကူ သေဆုံးကြတာလား..'
လီရွှမ်မှာ ပြောစရာစကား ပျောက်ဆုံးသွား၏။ ရှဲ့လင်ဖုန်းပဲဖြစ်ဖြစ်၊ ဟူရှန်းပဲဖြစ်ဖြစ်၊ စုလင်းရှုံပဲဖြစ်ဖြစ် သူတို့သည် အတွင်းဘက်နယ်မြေတွင် စစ်ဘုရင်များကို အထွတ်အထိပ် တည်ရှိမှုများဟု ဆိုခဲ့ကြသည်။
စစ်ဘုရင်တစ်ယောက်ရှိသည့် အင်အားစု တစ်ခုကိုပင်လျှင် ထိပ်တန်းအင်အားစုတစ်ခုဟု ယူဆနိုင်၏။ သို့ပေမယ့် ယခုတော့ မည်သို့ ဖြစ်ရသနည်း။
'သူတို့က အရမ်းကို အားနည်းပြီး အသိအမြင်ကလည်း အကန့်အသတ် ရှိတာကို။ စစ်ဘုရင်တွေက အရမ်းကြီး သန်မာနေတာလည်း မဟုတ်ပါဘူး။ အတွင်းဘက်နယ်မြေမှာ ထိပ်တန်းအဆင့် အင်အားစုတွေ အများကြီး ရှိလောက်တယ် မလား။ အဲ့ဒါကြောင့်မလို့ စစ်ဘုရင်အဆင့်တွေလဲ အများအပြား တည်ရှိနေတာ ဖြစ်သင့်တယ်..'
ထိုကဲ့သို့ နားလည်မှုရလာပြီးနောက် လီရွှမ်လည်း သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။ အတွင်းဘက်နယ်မြေတွင် ရွှီယန်တို့ သတ်ဖြတ်ရန်အတွက် စစ်ဘုရင် အများအပြား ရှိနေတာကောင်း၏။ ထိုလူများကို ရှင်းလင်းရန် အချိန်တစ်ခု ကြာဦးမှာပါ။
"သင်၏တပည့် စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာ ကျမ်းအပေါ် အစောပိုင်းနားလည်မှု တစ်ခု ရလာခဲ့သည်။ သင်သည် ဒန်ဆေးသိုင်းပညာကျမ်းကို ရရှိသည်.."
ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့၏။ ဒီတစ်ကြိမ်တွင် လီရွှမ်မှာ အမှန်တကယ်ကို စိတ်လှုပ်ရှားလာခဲ့သည်။
ဒန်ဆေးသိုင်းပညာကျမ်းမှာ ဒန်ဆေးသန့်စင်ခြင်းနှင့် သိုင်းပညာ နှစ်ခုလုံးကို ပေါင်းစပ်ထားသည့် ပြီးပြည့်စုံသည့် စနစ်တစ်ခု ဖြစ်၏။
ထိုအထဲမှ စုလင်းရှုံသည် ရွှေအပ်စိုက်ခြင်း အတတ်ကို နားလည်သဘောပေါက်ပြီး ဖြစ်သည်။ ထိုအရာအားလုံးတို့ကို ဒန်ဆေးသန့်စင်ခြင်းနှင့် ဒန်ဆေးများကျမ်းကို အခြေခံကာ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်၏။
ယခုအချိန်၌ လီရွှမ်က ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများကို ရရှိနိုင်မည့်.. အမြန်နှုန်းအား မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ့ဆီ၌ ဒန်ဆေးသိုင်းပညာကျမ်း ရှိလာခဲ့ရာ စတင်ခြင်းအဆင့် ဖြစ်လျှင်တောင် စုလင်းရှုံအား သင်ကြားပေးလို့ရပါသည်။
ဤသည်က စုလင်းရှုံကို ဒန်ဆေးသိုင်းပညာကျမ်းအပေါ် ပိုမိုစောစီးစွာ နားလည်သဘောပေါက်မှု ရလာစေပြီး ၎င်းကို အခြေခံကာ ဆက်လက် လေ့လာခြင်းဖြင့် ပိုမိုမြင့်မားသည့် ဒန်ဆေးသိုင်းပညာ ကျမ်း၏ အဆင့်များကို နားလည်လာမှာ ဖြစ်သည်။ ဤနည်းအားဖြင့် ရှေ့ဆက်နိုင်၏။
လီရွှမ်က စဉ်းစားလေလေ ပိုမိုပျော်ရွှင်လေ ဖြစ်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ သိုင်းပညာကျင့်ကြံခြင်း စနစ်နှင့် ခြားနား၏။
ရွှီယန်အနေနှင့် သက်ဆိုင်ရာ အဆင့်တစ်ခုကို နားလည်သဘောပေါက်လာပါက လီရွှမ်သည် ထိုအဆင့်၏ ကျင့်ကြံမှုကို ဖမ်းဆုပ်လာနိုင်ခြင်းသာ ရှိသည်။ ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုမှာ ထိုအဆင့်တစ်ခုအတွက်သာ ရပြီး နောက်ထပ် အဆင့်အတွက် ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် နောက်တစ်ဆင့်အား လေ့လာမှုကို အဆင့်မြှင့်တင်လို့ မရပါ။
သို့ရာတွင် ဒန်ဆေးသိုင်းပညာကျမ်းမှာတော့ ခြားနားသည်။ ယခုအချိန်၌ စုလင်းရှုံသည် အစောပိုင်းနားလည်သဘောပေါက်မှုကို ရရှိခဲ့ပြီးနောက် ရွှေလက်ချောင်းက သူ့ကို ပြည့်စုံသည့် နားလည်သဘောပေါက်မှုအား ပေးခဲ့၏။
ထို့ကြောင့် သူက စုလင်းရှုံကို ထိုပြည့်စုံသည့် နားလည်သဘောပေါက်မှုအား လက်ဆင့်ကမ်း ပေးနိုင်ပါသည်။
ဤနည်းအားဖြင့် သူမအတွက် ဒန်ဆေးသိုင်းပညာ လေ့လာမှုတို့ ပိုမိုမြန်ဆန်လာပြီး ပိုမိုမြင့်မားသည့် ဒန်ဆေးသိုင်းပညာကျမ်းများကို နားလည်မှု ရလာစေရန် အရှိန်မြှင့်နိုင်မှာ ဖြစ်သည်။
"ဆရာ... အစ်ကိုကြီးတို့တွေ ဘယ်တော့ပြန်လာမှာလဲ.."
စုလင်းရှုံက လျှောက်လာခဲ့၏။ သူ၏ ပုခုံးကို နှိပ်ရင်းက သက်ပြင်းချသည်။
ခုံရော့ကျစ်တို့ စုဆောင်းထားခဲ့သည့် အဖိုးတန် ရတနာဆေးပင်များ အားလုံးကို ဒန်ဆေးလုံးများအဖြစ် သန့်စင်ပြီး ဖြစ်၏။
ထို့အပြင် ထိုဆေးပင်များမှာ စိတ်ဝိဉာဉ်ဆေးပင်များ မဟုတ်ကြဘဲ အာနိသင်က ထူးကဲခြင်း မရှိပေ။ သန့်စင်ရန်လည်း စုလင်းရှုံအတွက် ခက်ခဲမှု မရှိတော့ပါ။ယေဘုယျအားဖြင့် ကျရှုံးရန်ပင် မဖြစ်နိုင်လုနီးပါး ရှိနေ၏။
သို့ရာတွင် စိတ်ဝိဉာဉ်ဆေးပင် မရှိပါက သူမအနေနှင့် စစ်မှန်သည့် ဒန်ဆေးလုံးများကို သန့်စင်နိုင်မည်မဟုတ်ပေ။ ထိုအခါ ဒန်ဆေးသန့်စင်ခြင်း ကျမ်းအတွင်းမှ ဆေးလုံးများကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
"မကြာခင် ပြန်ရောက်လာမှာပါ.."
လီရွှမ်က သူမ၏လက်ကို ပုတ်ကာ မတ်တတ်ရပ်ကာ ပြောသည်။
"နင်အခုဆိုရင် စတင်ခြင်းအဆင့်ကို ရောက်ရှိလာခဲ့ပြီ။ သန့်စင်ဖို့အတွက် ဆေးပင်တွေလည်း မရှိဘူးဆိုတော့ သိုင်းပညာကျင့်ကြံမှုကို ပိုပြီးအာရုံစိုက်ပေါ့။ သဘာဝတရားရှစ်ပါး ပုံကြမ်းကို နားလည်သဘောပေါက်အောင်လုပ်.."
"နင့်ရဲ့ စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုတို့လည်း သဘာဝတရားရှစ်ပါးကနေပြီးတော့ အသိအမြင်အသစ်တွေ ရလာနိုင်ခဲ့တာ။ နင်လည်းအတူတူပဲ ဖြစ်ဖို့ မျှော်လင့်တယ်.."
"ဟုတ်ကဲ့ပါ ဆရာ.."
စုလင်းရှုံ၏ မျက်လုံးများက လင်းလက်သွားသည်။ စီနီယာအစ်ကိုကြီးနှင့် ဒုတိယစီနီယာအကိုတို့၏ ခန္ဓာကိုယ်ရွေ့လျားမှု အတတ်များက အလွန် အစွမ်းထက်လှ၏။
ထိုအရာအားလုံးတို့ကို သဘာဝတရားရှစ်ပါး ပုံကြမ်းမှ နားလည်သဘောပေါက်လာခဲ့ခြင်း ဖြစ်သည်။ သဘာဝတရားရှစ်ပါးတွင် စကြာဝဠာနှင့် လောကကြီး၏ ဆန်းကျယ်မှုများ ပါဝင်၏။ အဆုံးမသတ်နိုင်သော အကျိုးကျေးဇူးများကို သယ်ဆောင်ထားပြီး မည်သည့် အဆင့်တွေမဆို နားလည်သဘောပေါက်မှုများ ရရှိနိုင်သည်။
စံအိမ်၏ အပြင်ဘက်ရှိ တောင်ကုန်းပေါ်သို့ ရောက်ရှိပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့ ပြီးခဲ့တုန်းက သဘာဝတရားရှစ်ပါး ပုံကြမ်းကို လေ့လာခဲ့သည့် နေရာသို့ သွားလိုက်သည်။
လီရွှမ်က မြေပြင်ပေါ်ကို ခြေဆောင့်လိုက်ပြီးနောက် သဘာဝတရား ရှစ်ပါးပုံကြမ်းက ပေါ်လာခဲ့၏။
"သဘာဝတရားရှစ်ပါး ပုံကြမ်းက ချန်၊ ခွမ်၊ ကျန်၊ ရွှမ်၊ ခန်၊ လီ၊ ကန်၊ သွေ့ ... ကို ကိုယ်စားပြုတယ်။ ဒါတွေက သဘာဝတရားရှစ်ပါးရဲ့..."
လီရွှမ်က စုလင်းရှုံအား သဘာဝတရားရှစ်ပါးပုံကြမ်းကို ရှင်းပြသည်။ ပြီးနောက် ပြော၏။
"နင်ဒီပေါ်မှာ သေသေချာချာလေ့လာ။ နင်ရဲ့စီနီယာအစ်ကိုတွေ ပြန်လာကြရင် ညွှန်ကြားချက် အချို့တွေ ထပ်ပြီးမေးပေါ့.."
စုလင်းရှုံကို သဘာဝတရားရှစ်ပါး ပုံကြမ်းအား လေ့လာခိုင်းမှုအပြီးတွင် သူဟာ စံအိမ်ဆီသို့ သက်တောင့်သက်သာဖြင့် ပြန်ခဲ့၏။
စုလင်းရှုံက သူမ၏ ဆေးပညာကျင့်ကြံမှုကို လျှော့ချကာ ရံဖန်ရံခါသာလျှင် လက်ဗလာနှင့် ဆေးသန့်စင်ခြင်းကို ပြုလုပ်သည်။
ဒန်ဆေးသန့်စင်ခြင်းအတတ်အား နားလည်မှုရလာပြီးနောက် အချိန်အများစုတို့တွင် သဘာဝတရားရှစ်ပါးပုံကြမ်းကို လေ့လာရာ၌ ပိုမိုအားစိုက်၏။
လီရွှမ်က ပြင်းထန်စွာ ကျင့်ကြံနေသည့် ကျိုးယင်ကိုကြည့်၏။ ဆေးလုံးများ၏ အကူအညီဖြင့် သူမသည် သိုင်းပညာကို အောင်မြင်စွာ ပြောင်းလိုက်ခဲ့ပြီး ဖြစ်ရာ ယခုအချိန်၌ ကိုယ်တွင်းအင်္ဂါများကို သန့်စင်မှုအား ပြီးမြောက်ပေတော့မည်။
ကျိုးယင်၏ သိုင်းပညာကို အပတ်တကုတ် ကြိုးစားကျင့်ကြံနေခြင်းမှာ သူမ၏ ပုခုံးထက်ရှိ တာဝန်ကြောင့် ဖြစ်ပေလိမ့်မည်။
သူမသည် စုလင်းရှုံကို အမြဲတမ်း ဂရုစိုက်ကာ ကာကွယ်ပေးခဲ့၏။ သူမ၏ မျက်လုံးထဲတွင် စုလင်းရှုံမှာ သူမ၏ သမီးကဲ့သို့ ဖြစ်သည်။
ဓားဆန္ဒအလင်းလှိုင်း တစ်ခုက ကျိုးယင်အပေါ် လွှမ်းခြုံလာ၏။ သူမ၏ သန့်စင်မှုအား ပိုမိုမြန်ဆန်အောင် ကူညီပေးသည်။ မကြာခင် စတင်ခြင်းအဆင့်သို့ ဝင်ရောက်တော့မည်ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက် ကျိုးယင်၏ ကြွက်သားများနှင့် အရိုးများက မိုးကြိုးကဲ့သို့ မြည်ဟီးလာပြီး သူမဟာ သိုင်းပညာ၏ စတင်ခြင်းအဆင်သို့ ဝင်ရောက်ခဲ့သည်။
သို့ရာတွင် ရွှေလက်ချောင်းမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှ မရပါ။
'အခုငါက အများကြီး ပိုပြီးသန်မာလာပြီ။ သူမရဲ့ စတင်ခြင်းအဆင့် ဝင်ရောက်မှုလေးက တန်ပြန် အကျိုးပြုမှု ပေးဖို့အတွက် မလုံလောက်တော့ဘူး။ ကြည့်ရတာ တန်ပြန်အကျိုးပြုမှု ရဖို့အတွက် လူတွေအများကြီး စတင်ခြင်းအဆင့်ကို ရောက်ရှိဖို့ လိုအပ်မယ်ထင်တယ်..'
လီရွှမ်က စဉ်းစားသည်။ စွန့်ပစ်ဒေသတွင် သိုင်းပညာကျင့်ကြံသူများစွာတို့ ရှိနေပြီး ဖြစ်၏။ သို့ပေမယ့် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးသည့်လူမှာ အယောက်၅၀တောင် ပြည့်ဦးမည် မဟုတ်ပေ။
"သင်၏တပည့် စုလင်းရှုံသည် ချီနှင့်သွေးအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်။ သင်သည် ဒန်ဆေးသိုင်းပညာ(မူလအဆင့်)၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်.."
စုလင်းရှုံဟာ ချီနှင့်သွေးအဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်သွား၏။