← Chapters

မုန့်ချုံ၏ ပြန်လာမှု၊ စိတ်လှုပ်ရှားနေသည့် စုလင်းရှုံ(၂)

Vol. 17 Ch. 249

မုန့်ချုံ၏ ပြန်လာမှု၊ စိတ်လှုပ်ရှားနေသည့် စုလင်းရှုံ(၂)

Vol. 17 Ch. 249

"ကောင်းကင်ဝတ်ရည်နှင်းစက်..."

ထို့အပြင် နှင်းစက်၉ခုတို့ရှိရာ အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင် ဖြစ်ပါသည်။

"ဒါက အဆင့်၅အဆင့် စိတ်ဝိဉာဉ်ဆေးပင်ကောင်းကင်ဝတ်ရည်နှင်းစက်ပဲ.."

စုလင်းရှုံက အံ့သြသွားသည်။ ဘာပဲဖြစ်ဖြစ် အတွင်းဘက်နယ်မြေတွင် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ အင်မတန် ရှားပါးလှပါသည်။

အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်မှာ ပိုင်ဆိုင်ထားသူ ရှိသည်ဟု ကြားပင် မကြားဖူးပါ။ တကယ်လို့ ပိုင်ဆိုင်ထားသူ ရှိလျှင်တောင် တင်းကြပ်စွာ လျှို့ဝှက်ထားပြီး အခြားလူများကို ကြားသိစေမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အတွင်းဘက်နယ်မြေတွင် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်များကို မျက်စိဖြင့် မြင်တွေ့နိုင်ရန်ပင် အလွန်ခက်ခဲလှကြောင်းအား သိမြင်နိုင်၏။

ဤသည်မှာ လုံးဝ ကံတရားအပေါ် မူတည်နေပါသည်။

"ဒုတိယစီနီယာအကို... ဒီဟာကို ဘယ်ကရတာလဲ.."

ကျိုးယင်နှင့် ရှီအာတို့လည်း အံ့သြနေကြသည်။ နောက်ဆုံးအကြိမ်တုန်းက စုလင်းရှုံက စိတ်ဝိဉာဉ်ဆေးပင်များအကြောင်းကို သူမ၏ စီနီယာအကိုများအား မိတ်ဆက်ပေးစဉ်တွင် ရှီအာလည်း အနားမှ နားထောင်နေ၏။

ထို့ကြောင့် ဆေးပင်များနှင့် ပတ်သက်ပြီး လုံးဝ သဲလွန်စမဲ့နေသည် မဟုတ်ပါ။

မုန့်ချုံသည် အတွင်းဘက်နယ်မြေမှ ပြန်လာပြီးနောက် အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်ကို ပြန်လည်ယူဆောင်လာခဲ့သည်လား။

လီရွှမ်လည်း မနေနိုင်ဘဲ ရွှီယန်နှင့် မုန့်ချုံတို့၏ သိုင်းသခင်များ သို့မဟုတ် စစ်ဘုရင်များကို ဆက်တိုက် သတ်ဖြတ်ခဲ့မှုအား ပြန်လည် တွေးတောမိသည်။

ဖြစ်နိုင်သည်မှာ သူတို့သည် ဒီအဆင့်၅စိ တ်ဝိဉာဉ်ဆေးပင်ကြောင့် ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်လား။

ထိုအကြောင်းကြောင့်သာ များပြားလှသည့် သိုင်းသခင်များနှင့် စစ်ဘုရင်များကို ကြုံတွေ့ခဲ့ရသည်လား။

"ဟီး ဟီး... အဲ့ဒါကို စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေတစ်ခုထဲက တူးခဲ့တာ.."

မုန့်ချုံက ခေါင်းကိုကုပ်ကာ ပြော၏။

"ဂျူနီယာညီမလေး ကြည့်လိုက်... ဒီမှာလည်း အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေ ရှိသေးတယ်.."

အမှန်တကယ်ပင်။ သေးငယ်သည့် အိတ်ထဲတွင် အဖိုးတန်ဆုံးမှာ ကောင်းကင်ဝတ်ရည်နှင်းစက် ဖြစ်ပေမယ့် ၎င်းအပြင် အခြားအဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များလည်း အများအပြား ပါရှိပါသည်။

"ဒီစိတ်ဝိဉာဉ်ဆေးပင်တွေက အရမ်းကို အဖိုးတန်လွန်းတယ်။ အထူးသဖြင့် ကောင်းကင်ဝတ်ရည်နှင်းစက်ပဲ... ငါ့ရဲ့ ဒန်ဆေးသန့်စင်မှုက လက်ရှိအချိန်မှာ လုံလုံလောက်လောက် အဆင့်မမြင့်သေးဘူး။ ဒါ့ကြောင့်မို့လို့ အခုအချိန်မှာ ကောင်းကင်ဝတ်ရည်နှင်းစက်နဲ့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေကို အသုံးပြုပြီး ဆေးသန့်စင်လို့ မဖြစ်ဘူး.."

ယခုမျှ အဖိုးတန်သည့် စိတ်ဝိဉာဉ်ဆေးပင်များနှင့် သန့်စင်မှု တစ်ကြိမ် ကျရှုံးမှုတိုင်းက ကြီးမားလှသည့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမှာပါ။

"စိတ်ဝိဉာဉ်ဆေးပင်တွေကို အထူးအိတ်တွေနဲ့ ချိတ်ပိတ်ထားပေမယ့် အဆင့်၅နဲ့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေအတွက် သိုလှောင်ဖို့ အကောင်းဆုံးနည်းလမ်းက စိတ်ဝိဉာဉ်ကျောက်စိမ်း သေတ္တာထဲမှာ ထည့်ထားဖို့ပဲ။ ဒါပေမယ့် ဒီစွန့်ပစ်ဒေသမှာ စိတ်ဝိဉာဉ်ကျောက်စိမ်း မရှိဘူး..."

စုလင်းရှုံက စိတ်ဝိဉာဉ်ဆေးပင်များကို စနစ်တကျ စီရင်းက သူမ၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားသည်။

"စိတ်မပူနဲ့... ငါထယ်ရှန်းမြို့က ထန်းပေါင်စံအိမ်ကို သွားပြီးတော့ စိတ်ဝိဉာဉ်ကျောက်စိမ်း သေတ္တာအချို့ကို ဝယ်လိုက်မယ်.."

မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ ပြောသည်။

"ဒုတိယစီနီယာအကို အလျှင်မလိုပါနဲ့... ဒီအတိုင်း သွားပြီးတော့ စိတ်ဝိဉာဉ်ကျောက်စိမ်း သေတ္တာတွေ အများအပြားကို ဝယ်ယူရင် ရှင့်မှာအဆင့်၇ သို့မဟုတ် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေ အများအပြား ရှိနေတာကို အခြားလူတွေ သိသွားလိမ့်မယ်.."

စုလင်းရှုံက သူ့ကို အမြန်တားသည်။

"ရှီအာ... ခုံရော့ကျစ်ကို သတင်းပို့ပြီး ကျောက်စိမ်းသေတ္တာအချို့ကို ရှာခိုင်းလိုက်။ အဲ့ဒါတွေက စိတ်ဝိဉာဉ်ကျောက်စိမ်း သေတ္တာတွေ မဟုတ်ပေမယ့် ဆေးပင်တွေ သိုလှောင်ဖို့အတွက် အသုံးပြုလို့ ရသေးတယ်။ ဒီမှာ ဆေးပင်တွေအတွက် အထူးချိတ်ပိတ်ခြင်း အိတ်တွေလည်း ရှိပြီး ငါတို့ကလည်း နှစ်ပေါင်းရာနဲ့ချီအောင် သိုလှောင်ထားမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ သာမန်ကျောက်စိမ်းသေတ္တာလည်း အဆင်ပြေတယ်.."

စုလင်းရှုံက ရှီအာဘက်သို့ ခေါင်းလှည့်ကာ ညွှန်ကြားသည်။

"ကောင်းပါပြီ... ကျွန်တော် ခုံရော့ကျစ်ကို အကြောင်းကြားခိုင်းလိုက်မယ်.."

ရှီအာက လူရှာကာ ခုံရော့ကျစ်ကို သတင်းပို့ခိုင်းပြီးနောက် လျှင်မြန်စွာ ပြန်လာခဲ့သည်။

စုလင်းရှုံက ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် အချို့တို့ကို စားပွဲပေါ်တွင် ဂရုတစိုက်ဖြင့် တင်သည်။ ကျောက်စိမ်းသေတ္တာများ ရောက်ရှိလာမှုကို စောင့်စားနေ၏။

စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီးကို ဖွင့်ကြည့်လိုက်ပြီးနောက် အများစုမှာ အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်များ၊ အနည်းစုမှာ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်များနှင့် အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင် အနည်းအကျဉ်းတို့ ပါဝင်ကြောင်းကို တွေ့ရသည်။

"ဒုတိယစီနီယာအကို... စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးပဲ... ကျွန်မ ဆေးလုံးတွေ သန့်စင်လို့ရပြီ.."

စုလင်းရှုံ၏ နှလုံးများထဲ၌ စိတ်လှုပ်ရှားမှုတို့ တောက်လောင်နေ၏။

သူမ၏ စီနီယာအကိုတို့သည် အတွင်းဘက်နယ်မြေသို့ မသွားခင်တွင် စိတ်ဝိဉာဉ်ဆေးပင် အများအပြားကို ပြန်လည် ယူဆောင်လာမည်ဟု ဆိုခဲ့၏။ အမှန်တကယ်ကို အိတ်လိုက်ကြီးအား ယူဆောင်လာခဲ့ပါသည်။

"စီနီယာအစ်ကိုကြီးမှာ စိတ်ဝိဉာဉ်ဆေးပင်တွေ သိုလှောင်ထားတာ ပိုတောင်များသေးတယ်... စာရင်းထဲမှာပါတဲ့ ဆေးပင်တွေ အားလုံးတို့ကိုလည်း စုဆောင်းလာမှာ။ ဂျူနီယာညီမလေး စိတ်ချလက်ချနဲ့ ဆေးလုံးသန့်စင်လို့ရတယ်.."

မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"ဒုတိယစီနီယာအကို... ဒီဆေးပင်တွေကို စုဆောင်းရာမှာ ရှင်တို့အတွက် တော်တော် အန္တရာယ်များခဲ့မှာပဲ.."

စုလင်းရှုံက သူ့ကို နီရဲသည့် မျက်လုံးများဖြင့် ကြည့်၏။

မုန့်ချုံက သူမ၏အကြည့်အောက်တွင် အနည်းငယ် နေရခက်သွားသည်။ ခေါင်းကိုကုပ်ကာ ပြော၏။

"အဲ့လောက်လည်း အန္တရာယ်မများပါဘူး... အားလုံးကို စီနီယာအစ်ကိုကြီးက ရှင်းလိုက်ပြီ.."

"ဒုတိယစီနီယာအကို ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို ပြောပြလို့ရမလား.."

စုလင်းရှုံက သိလိုစွာ မေးသည်။ ရှီအာနှင့် ကျိုးယင်တို့လည်း သိလိုစွာ နားစွင့်လိုက်ကြ၏။

လီရွှမ်မှာလည်း သိချင်ပေမယ့် ဆရာတစ်ယောက်အနေနှင့် သူ၏ပုံစံက တည်ငြိမ်စွာသာ ရှိနေပါသည်။ နေရာတွင်ထိုင်ကာ ရှေးဟောင်းစာအုပ်ကို တည်ငြိမ်စွာ ဖတ်ရှု့နေ၏။ အရာအားလုံးကို သိရှိနေသကဲ့သို့ ရှိသည်။

"ကောင်းပြီ... ပြောပြရရင် တော်တော်လေးတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ်.."

မုန့်ချုံက ထိုင်ခုံတစ်ခုကိုဆွဲကာ ထိုင်လိုက်ပြီးနောက် စတင်ပြောကြားရန် ပြင်သည်။

"ရှီအာ...လက်ဖက်ရည်ပြင်လိုက်.."

ကျိုးယင်က ရှီအာကို ခြေထောက်နှင့် ကန်လိုက်၏။ ရှီအာက အလျှင်အမြန် ပြေးထွက်သွားကာ လက်ဖက်ရည်အိုးကြီး တစ်အိုးကို ပြင်ဆင်လာခဲ့သည်။

မုန့်ချုံအတွက် ပန်းကန်လုံး တစ်ခုနှင့် ငှဲ့ပေး၏။ သူလည်းပဲ အတွင်းဘက်နယ်မြေအား အလွန်မျှော်လင့်နေပါသည်။

"အစကနေစပြီး ပြောရအောင်... ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုကနေ စတင်ခဲ့တယ်..."

မုန့်ချုံက လက်ဖက်ရည်ပန်းကန်လုံးကို သောက်ကာ မုန့်ရှူရှူ၏ တာဝန်အား သူလက်ခံခဲ့သည့် နေရာမှ စတင်ပြောကြား၏။

မုန့်ရှူရှူ၏ အမည်ကို ပြောချိန်၌ ကျိုးယင်က အံ့သြသွားပြီး မေးသည်။

"မုန့်ရှူရှူ... မုန့်မိသားစုရဲ့ မျိုးဆက်ပဲ...စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတွေထဲမှာ ဂုဏ်သတင်းရှိတဲ့ မျိုးရိုးတစ်ခုမလား.."

"အိုး... သူ့ကိုသိတာလား.."

မုန့်ချုံက အံ့သြသွားသည်။ စုလင်းရှုံလည်းပဲ အံ့သြစွာကြည့်၏။

"ဒေါ်လေးကျိုး... သူ့ကိုသိလို့လား.."

ကျိုးယင်က ခေါင်းကိုရမ်းကာ ရှင်းပြ၏။

"သူ့ကို သိတယ်လို့တော့ မဆိုနိုင်ဘူး။ ကြားဖူးတာပဲရှိတာ။ မုန့်ရှူရှူက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူတွေအကြားမှာ တော်တော်လေး နာမည်ကြီးတယ်။ သူက စိတ်ဝိဉာဉ်ဆေးပင်ရှာဖွေသူ မိသားစုဖြစ်တဲ့ မုန့်မိသားစုကလာတာ။ ဒါပေမယ့် မုန့်မိသားစုက ဆုတ်ယုတ်သွားပြီ..."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"သူပြောတာတော့ မိဘတွေက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ သေဆုံးသွားခဲ့တယ်တဲ့။ သူ့ရဲ့အဖိုးကလည်း မိတ်ဆွေဟောင်းတစ်ယောက်ကို သွားပြီး ကူညီမယ်ဆိုပြီးတော့ အသက်ဆုံးရှုံးခဲ့ရတယ်.."

ပြောရလျှင် မုန့်ရှူရှူမှာ မုန့်မိသားစု တစ်ခုလုံးတွင် တစ်ယောက်တည်းသော ကျန်ရှိသူ ဖြစ်၏။

မုန့်ချုံ၏ စကားကို ကြားရပြီးနောက် ကျိုးယင်သည် တစ်ခုခုကို ပြန်လည် တွေးတောမိလိုက်သည်။ ပါးစပ်ကိုဖွင့်ကာ တစ်ခုခုအား ပြောချင်နေ၏။ သို့ပေမယ့် ရပ်တန့်သွားလေသည်။ အဲ့ဒီ့အစား စကားကိုပြောင်းကာ ပြော၏။

"ကျွန်မကြားတာတော့ အဖိုးကြီးမုန့်က တစ်ချိန်က စစ်ဘုရင်တစ်ယောက် ဖြစ်တယ်တဲ့။ သူဘယ်လိုလုပ်ပြီး သေဆုံးသွားလဲ မသိဘူး.."

"စစ်ဘုရင်တစ်ယောက်.."

မုန့်ချုံသည် စစ်ဘုရင်များအပေါ် အလွန် မြင့်မြတ်သည်ဟု တွေးတောခြင်း မရှိတော့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့၏ ခွန်အားက သာမန်သာ ဖြစ်၏။ စီနီယာအစ်ကိုကြီးတွင် စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်သည့် စွမ်းအားတို့အား ပိုင်ဆိုင်ပြီးပါပြီ။

ပြီးလျှင် သူ၏အလှည့်သို့ ရောက်လာမည် ဖြစ်၏။ တစ်ခုတည်းသော မေးခွန်းမှာ မည်သည့် ကံမကောင်းသည့် စစ်ဘုရင်က သူ၏လမ်းကြောင်းကိုလလာရောက်နှောင့်ယှက်မည် ဟူသည်ပင်။

"ဒုတိယစီနီယာအကို.. ဆက်ပြောပါဦး"

စုလင်းရှုံက ဆက်လက်မေး၏။

"...ငါအဲ့ဒီမျိုးရိုးတူတဲ့ လူကိုကယ်ပြီးတဲ့နောက်မှာ သူငါ့ကို အသက်တစ်သက် အကြွေးတင်သွားတယ်။ အဲ့ဒီအပြင် သိုလှောင်အိတ်တစ်ခုနဲ့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ၁၈ခုလည်း ထပ်ပြီးတော့ အကြွေးတင်သွားတယ်။ ပြီးတော့ စိတ်ဝိဉာဉ်ဆေးပင်တွေ အများအပြားရှိတဲ့ ရတနာနယ်မြေတစ်ခုကို သွားပြီးတော့ ဆေးပင်တွေ တူးယူခဲ့တယ်.."

မုန့်ချုံက မည်သည်ကိုမှ ဖုံးကွယ်မနေပါ။ သူ၏ ကောင်းကင်တူတောင်သို့ ခရီးအား အသေးစိတ်ပြောပြ၏။

သိုင်းသခင်တစ်ယောက်နှင့် စစ်ပွဲဖြစ်ပုံ၊ တစ်ဝက်တစ်ပြက် စစ်ဘုရင်နှင့် တိုက်ခိုက်ခဲ့ပုံနှင့် နောက်ဆုံးတွင် စစ်ဘုရင်ပေါ်လာပြီးနောက် ထွက်ပြေးခဲ့ပုံတို့ကို စိတ်လှုပ်ရှားစွာ ပြောပြသည်။

နောက်ဆုံးတွင် ရွှီယန်က သူတို့ကို မှီလာခဲ့ပြီး စစ်ဘုရင်နှစ်ယောက်တို့ကို သတ်ဖြတ်ခဲ့၏။ ပြီးနောက် စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေသို့ ပြန်လည်သွားရောက်ကာ နောက်ထပ် သိုင်းသခင်များကို သတ်ဖြတ်ပြီး စိတ်ဝိဉာဉ်ဆေးပင်များကို တူးယူခဲ့သည်။

အပြန်လမ်းတွင် သတ်ဖြတ်ခြင်းအရိုးကို ကြုံတွေ့ခဲ့ပြီး ထိုမိစ္ဆာလည်း အသတ်ခံခဲ့ရ၏။

စုလင်းရှုံ၊ ကျိုးယင်နှင့် ရှီအာတို့မှာ မုန့်ချုံကို ကြည့်ပြီး လုံးဝအံ့သြနေပါသည်။ မုန့်ချုံ၏ ရှင်းပြချက်အရ သူတို့သည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးကတည်းက သိုင်းသခင်များကို သတ်ဖြတ်ခြင်း သို့မဟုတ် စစ်ဘုရင်များကို သတ်ဖြတ်ခြင်းအား ပြုလုပ်ခဲ့၏။

အထူးသဖြင့် ရွှီယန် ဖြစ်သည်။ သူသည် တကယ့်ကိုကြမ်းတမ်းလှ၏။ စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်သည်လား။

"သတ်ဖြတ်ခြင်းအရိုး... သေသွားတာလား.."

ကျိုးယင်က ထိတ်လန့်သွားသည်။ ဤသည်မှာ နတ်ဆိုးအရှင်သခင်ည၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဟော်ထူ၏ လက်အောက်မှ စွမ်းအားအကြီးဆုံး လက်အောက်ခံ၃ယောက်တွင် ပါဝင်ကာ အလွန်သွေးဆာသည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။

နိုင်ငံ၃ခုလုံးတွင် သူ့အတွက် ဝရမ်းထုတ်ထား၏။ သို့ပေမယ့် ယခုအချိန်အထိ ကောင်းမွန်စွာ ရှင်သန်နိုင်ဆဲသည်။

သူ့ကို ဝိုင်းဝန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့သည့် လူများမှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာကြီးစွာ ရခြင်းတို့နှင့် အဆုံးသတ်ခဲ့၏။

နောက်ပိုင်းတွင် လူတိုင်းသည် ဆုကြေးအတွက် သတ်ဖြတ်ခြင်းအရိုးကို အမဲလိုက်ရန်အလွန် ကြောက်ရွံ့သွားကြ၏။ ထိုသူကို အမှန်တကယ် ရွှီယန်က သတ်ဖြတ်ခဲ့သည်လား။

"ဟုတ်တယ်... သူသေပြီ... စီနီယာအစ်ကိုကြီးက သူ့ကို ဓားချက်တစ်ချက်နဲ့ ပြာအဖြစ် ပြောင်းလဲလိုက်တာ.."

မုန့်ချုံက အတည်ပြုစွာပြော၏။ ထို့နောက် ဆက်လက်ပြောသည်။

"အခု ငါတို့ စီနီယာအစ်ကိုကြီး ဆုကြေးတွေကို သွားထုတ်နေတယ်။ ပြီးတော့ ချန်းလန်ကျွန်းကိုလည်း အပိုင်စားရထားတယ်။ ငါတို့တွေ အတွင်းဘက်နယ်မြေကို ရောက်ရင် ပိုင်နက်အတွက် စိတ်ချရပြီ.."

"ချန်းလန်ကျွန်းလား.."

ကျိုးယင်က အံ့သြသွား၏။

"သခင်လေးရွှီက ယင်ဟုန်ကို အညံ့ခံစေခဲ့တာလား.."

ယင်ဟုန်မှာ နာမည်ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ အထူးသဖြင့် ယွဲ့နိုင်ငံတွင် စစ်ဘုရင်များ၏ အောက်၌ အသန်မာဆုံး လူတစ်ယောက်ဖြစ်သည်ဟု ကျော်ကြား၏။

မုန့်ချုံက ခေါင်းကိုရမ်းကာ ပြော၏။

"မဟုတ်ဘူး... ယင်ဟုန်က စစ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ ပြီးတော့ ခုနှစ်စင်ကြယ်အကယ်ဒမီမှာ စီနီယာအစ်ကိုကြီးနဲ့ ပြဿနာဖြစ်ပြီး တိုက်ခိုက်ခဲ့တယ်။ တစ်ချက်တည်းနဲ့ အရိုက်သတ်ခံခဲ့ရတာ သူဘဲ.."

ကျိုးယင် "..."

စစ်ဘုရင်တစ်ယောက် ဖြစ်ပြီးနောက် လက်ဝါးတစ်ချက်နှင့် ရိုက်သတ်ခံလိုက်ရသည်လား။

မုန့်ချုံ၏ ပြန်လည်ရှင်းပြမှုကို ကြားလိုက်ရပြီးနောက် လီရွှမ်က မနေနိုင်ဘဲ စိတ်လှုပ်ရှားစရာကောင်းသည့် အဖြစ်အပျက်များကို ပုံဖော် စိတ်ကူးမိသည်။

မုန့်ချုံ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပါက ရွှီယန်၏ စွန့်စားမှုများမှာ ပိုမိုကာပင် ပြောင်မြောက်ပြီး စိတ်လှုပ်ရှားဖို့ ကောင်းလှပါသည်။

သူသည် သိုင်းသခင်များကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီးနောက် စစ်ဘုရင်များကို ဆက်လက် သတ်ဖြတ်ခဲ့၏။

"အတွင်းဘက်နယ်မြေက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်.."

ရှီအာ၏ မျက်လုံးများက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။ မုန့်ချုံကသူ့ကို တစ်ချက်ကြည့်ကာ ပြော၏။

"ရှီအာ... မင်းရဲ့လက်ရှိ ခွန်အားနဲ့ဆိုရင် အတွင်းဘက်နယ်မြေကို သွားဖို့ အန္တရာယ်များနေဦးမှာ။ ဟိုက နေရာတိုင်းမှာ သိုင်းသခင်တွေ ရှိနေတယ်.."

ရှီအာက နေရခက်စွာ ပြုံးသည်။ မုန့်ချုံ၏ ရှင်းပြချက်အရ သူတို့သည် သိုင်းသခင်များကို ဟင်းသီးဟင်းရွက်များသဖွယ် ခုတ်သတ်ခဲ့ပါသည်။ဤသည်က လမ်းဘေးတွင် တွေ့မြင်နိုင်သည့် ဂေါ်ဖီထုပ်များကဲ့သို့ ရှိ၏။

"တကယ်တော့... အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေ အများကြီးမရှိပါဘူး... အတွင်းဘက်နယ်မြေက အရမ်းကြီး ကျယ်လွန်းနေလို့သာ..."

ကျိုးယင်က ဆို၏။

သူမသည် နားလည်နိုင်ခြင်းလည်း မရှိစွာ ဖြစ်နေပါသည်။ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များနှင့် စစ်ဘုရင်များမှာ ထိပ်တန်းတွင်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်လင့်ကစား ရွှီယန်နှင့် မုန့်ချုံတို့ကတော့ အတွင်းဘက်နယ်မြေသို့ ရောက်ရှိကတည်းက တစ်ယောက်ပြီးတစ်ယောက်အား သတ်ဖြတ်ခဲ့၏။

နောက်ဆုံးတွင် ရွှီယန်သည် စစ်ဘုရင်များကို စတင်သတ်ဖြတ်နေပြီး ဖြစ်သည်။ အမှန်တကယ်ကို လမ်းဘေးမှ ဂေါဖီထုပ်များနှင့် တူညီ၏။

"ဂျူနီယာညီမလေး... နင့်ရဲ့ရန်သူတွေက ဘယ်သူတွေလဲ.."

မုန့်ချုံက ရုတ်တရက် လေးနက်သည့် အသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"မုန့်ရှူရှူကို ထိန်းချုပ်ချင်တဲ့ အဖွဲ့အစည်းကလည်း ဆရာဖျက်ဆီးခဲ့တဲ့ စစ်ဘုရင်နဲ့ တူညီတဲ့ ဝတ်စုံကို ဝတ်ထားတဲ့ လူနဲ့ တစ်ဖွဲ့တည်းပဲ... သူတို့က နင့်ရဲ့ ရန်သူတွေပဲ.."

စုလင်းရှုံနှင့် ကျိုးယင်တို့၏ ပုံစံများက ပြောင်းလဲသွားကြ၏။

All Chapters