လင်းရှုံ၏ နောက်ကြောင်း၊ ရွှေခန္ဓာဆေးလုံး(၂)
Vol. 17 Ch. 251
ကျိုးယင်က မည်သည့် အရှက်ရသည့်ပုံမှ ပြသခြင်း မရှိဘဲ ပွင့်လင်းစွာသာ ရှင်းပြသည်။
"ကျွန်မရဲ့ မိသားစုက ပျက်စီးသွားခဲ့တာ။ ငယ်ငယ်လေးကတည်းက ဆရာအဘိုးကြီးနဲ့ သခင်မတို့က ကျွန်မကို ခေါ်ပြီးတော့ မွေးထားခဲ့တာ။ ကျွန်မရဲ့ နိမ့်ကျတဲ့ ပါရမီကြောင့် ဆရာအဘိုးကြီးက အဆက်အသွယ်အချို့ကို သုံးပြီး ပါရမီကို မြှင့်တင်ပေးဖို့ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုကို ရရှိလာခဲ့တယ်.."
"အသက်ငါးနှစ်ကနေ စတင်ပြီး စိတ်ဝိဉာဉ်ဆေးပင်တွေကို အသုံးပြုပြီး ခန္ဓာကိုယ်ကို အားဖြည့်ခဲ့တယ်။ ပါရမီကို ဆက်တိုက် မြှင့်တင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ အခုအချိန်မှာ ဒီလိုပါရမီမျိုး ရလာခဲ့တာ။ တကယ်လို့ ဘာအမှားအယွင်းမှ မရှိဘူးဆိုရင် ကျွန်မမှာ သိုင်းသခင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်.."
"လက်စသတ်တော့ ဒီလိုကို.."
မုန့်ချုံက နားလည်သွား၏။ ထို့နောက် ထပ်ပေါင်းပြောသည်။
"ကျွန်တော်ကြားတာတော့ ကောင်းကင်ဝတ်ရည်နှင်းစက်မှာ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းရှိတယ်တဲ့။ ဂျူနီယာညီမလေးသာ ဒန်ဆေးလုံး သန့်စင်ပြီးရင် နင့်ရဲ့ပါရမီကို ထပ်ပြီးတော့ မြှင့်တင်လို့ရတယ်.."
ဝတ်စုံနက်နှင့် လူများက စုလင်းရှုံကို အဘယ်ကြောင့် ဖမ်းဆီးလိုခြင်းအား မသိပေမယ့် တစ်ဖက်လူက မိမိတို့၏ ရန်သူဖြစ်ရာ ဖျက်စီးရပေမည်။
"ဂျူနီယာညီမလေး စိတ်ချထားပါ... ဝတ်စုံနက်နဲ့ လူတွေရဲ့ နောက်ခံက အကြာကြီး ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေက စွမ်းအားကြီး အမှောင်အင်အားစုက ဖြစ်ရင်တောင် တစ်ယောက်ယောက်ကတော့ သူတို့အကြောင်းကို ရှာတွေ့မှာဘဲ။ ပြီးရင် စီနီယာအစ်ကိုကြီးနဲ့ငါက သူတို့ရဲ့ စခန်းကို သွားပြီး အပြီးတိုင် ရှင်းလင်းပစ်မယ်.."
မုန့်ချုံက ရက်စက်စွာဖြင့် ကြေငြာ၏။
"သူတို့တွေက အရမ်းကို စွမ်းအားကြီးတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ ဂရုစိုက်ဖို့ လိုအပ်တယ်။ လက်စားချေဖို့ကတော့ အလျှင်မလိုပါဘူး။ ညီမလေး ပိုသန်မာလာပြီး လုံလုံလောက်လောက် ခွန်အားကြီးလာရင် သူတို့ကိုရှာပြီး တစ်ယောက်ချင်းစီ မြေမြှုပ်ပစ်မယ်.."
စုလင်းရှုံက လက်သီးများကို ဆုပ်၏။
လီရွှမ်က ကျိုးယင်ကို ကြည့်သည်။ သို့ပေမယ့် မည်သည်ကိုမှ မမေးပေ။ သူသတိထားမိ၏။ ကျိုးယင်သည် တစ်ခုခုကို ဖုံးကွယ်ထားပါသည်။ စုလင်းရှုံ၏ အကြောင်းနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များ၊ ဝတ်စုံနက်တို့၏ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး သူမအနေနှင့် တစ်ခုခုကို သိရှိနေမှာ ဖြစ်လောက်၏။
သို့ပေမယ့် တစ်ဖက်လူက မည်သည်ကိုမှ ထုတ်မပြောပဲ စုလင်းရှုံကိုပင် ဖုံးကွယ်ထားရာ စိုးရိမ်စရာ ပြဿနာများ ပါဝင်နေမှာ သေချာပါသည်။
မုန့်ချုံက ယခုမျှ များပြားသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ပြန်လည် ယူဆောင်လာပြီးနောက် စုလင်းရှုံမှာ ဒန်ဆေးလုံးများအား သုတေသနပြုလုပ်ခြင်း လမ်းစဉ်ပေါ်သို့ ပြန်လည် ရောက်ရှိသွား၏။
ဆေးပင်များ၏ အာနိသင်ကို အသုံးပြုကာ ဒန်ဆေးလုံးအသစ်များအတွက် ဖော်မြူလာများကို ဆက်တိုက်ပြုလုပ်သည်။
ဥပမာအားဖြင့် မုန့်ချုံ၏ ကျင့်ကြံမှုအတွက် သင့်တော်သည့် ဒန်ဆေးလုံး ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုသည် ခန္ဓာကိုယ်အပေါ်ကို လေ့ကျင့်ရာ၌ အဓိကထား၏။ ထို့ကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်း၊ သွေးကြောမှတ်များအား ဖွင့်လှစ်ခြင်း၊ ရွှေခန္ဓာ ကျင့်ကြံခြင်းအား အထောက်အကူဖြစ်သည့် စိတ်ဝိဉာဉ်ဆေးပင်များကို အဓိကထားကာ လေ့လာပေါင်းစပ်ရသည်။
ဧကရာဇ်နှင့် ဆက်သားတို့၏ သီအိုရီကို ယူကာ စုလင်းရှုံက ဆေးဖော်မြူလာများကို ဖန်တီး၏။ ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်ဆေးပင်များကို အသုံးပြုပြီး ဆေးလုံးသန့်စင်မှာ ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်မှ သတိလက်လွတ် ဖြစ်ရဲခြင်း မရှိပါ။
ပထမဆုံး အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်များနှင့် စတင်လေ့ကျင့်၏။ ထို့နောက် သူမ၏ ဒန်ဆေးသန့်စင်မှု စွမ်းရည်တို့ ပိုမို ကျွမ်းကျင်မှု ရှိလာမှသာလျှင် ဆေးပင်များ၏ အဆင့်ကို မြှင့်တင်ကာ ဆက်လက် ပြုလုပ်သည်။
ဆေးပေါင်းအိုး၏ အောက်တွင် မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေ၏။ စုလင်းရှုံ၏ ပုံစံက လေးနက်စွာ ရှိနေပါသည်။ သူမ၏ လက်များမှလည်း ဒန်ဆေးမီးတောက်များ ထွက်လာကာ ဒီဗိုင်းမီးကျောက်တုံးတို့ကို ကူညီပေးသည်။
ပထမဆုံး ဒန်ဆေးလုံး တစ်သုတ်ကို သန့်စင်ခဲ့၏။ အံ့သြစရာ မကောင်းလောက်အောင် ပထမဆုံးအသုတ်မှာ ကျရှုံးခဲ့လေသည်။ ဆေးလုံးများက ပုံမှန်မကျစွာ အတုံးအခဲများကဲ့သို့ ရှိနေ၏။
သို့ရာတွင် ၎င်းတို့ကို စိတ်ဝိဉာဉ်ဆေးပင်များမှ သန့်စင်ထားခြင်း ဖြစ်သောကြောင့် ကြည့်ရတာ ရုပ်ဆိုးနေလျှင်တောင် အာနိသင်က သာမန်ဆေးပင်များနှင့် ပြုလုပ်သည့် ဆေးလုံးများထက် များစွာ သာလွန်ပါသည်။
ကြောင်နီမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ကျရှုံးသွားခဲ့သည့် ဒန်ဆေးလုံးနှစ်လုံးတို့ကို စားသုံးပြီးနောက် ဝလင်သွားပြီဟု ခံစားရကာ တံခါးဝတွင် လဲလျောင်းပြီး အစာချေသည်။
နှစ်ကြိမ်တိုင်အောင် ကျရှုံးပြီးနောက် စုလင်းရှုံသည် နောက်ဆုံးတွင် တတိယမြောက် အကြိမ်၌ အောင်မြင်မှုကို ရရှိခဲ့၏။
ဒန်ဆေးလုံး ၁၂လုံးတို့သည် မွှေးပျံ့သည့် ရနံ့တစ်ခုကို ထုတ်လွှတ်နေပြီး မျက်နှာပြင်၌ အနည်းငယ်ပင်လျှင် လင်းလက်နေပုံ ပေါ်၏။
"ဒုတိယစီနီယာအကို... ဒါက အားဖြည့်ခြင်းဆေးလုံးပဲ။ စမ်းကြည့်လိုက်... ဘာအာနိသင်များ ရမလဲလို့.."
စိတ်လှုပ်ရှားစွာဖြင့် စုလင်းရှုံက မုန့်ချုံကို ဒန်ဆေးလုံးအား ပေးသည်။
"ကောင်းပြီ.."
မုန့်ချုံလည်း တူညီစွာ စိတ်လှုပ်ရှားနေပါသည်။ သူသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား ပြီးပြည့်စုံခြင်း အဆင့်သို့ အမြန်ဆုံး ချိုးဖျက်လိုနေ၏။ ပြီးနောက် စစ်ဘုရင်များကို ရိုက်သတ်နိုင်မည် ဖြစ်သည်။
ဆေးလုံးကို စားသုံးပြီးနောက် စတင်သန့်စင်၏။ တစ်ချက်ကြည့်သည်နှင့် လီရွှမ်တွင် ရလဒ်အတွက် ခန့်မှန်းချက်တို့ ရှိနေပြီး ဖြစ်သည်။ ခန္ဓာကိုယ်အားဖြည့်ခြင်း ဆေးလုံးသည် အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်များဖြင့် သန့်စင်ထားခြင်းဖြစ်ပြီး စွမ်းအားကြီးမားသည့် အာနိသင်ရှိ၏။
သို့ပေမယ့် ကြီးမြတ်သောနေ ရွှေခန္ဓာကို ကျင့်ကြံသည့် မုန့်ချုံအတွက် ထိရောက်မှုက သာမန်မျှသာ ရှိပါသည်။
မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်လုနီးပါးမတတ် အခြေအနေသို့ ရောက်ရှိနေတာ ကြာပြီဖြစ်၏။
"ဒုတိယစီနီယာအကို.. ဘယ်လိုရှိလဲ.."
စုလင်းရှုံက မျှော်လင့်စွာ မေးသည်။
မုန့်ချုံက ခေါင်းကိုကုပ်ကာ ပြော၏။
"အာနိသင်က သာမာန်ပဲ... ဒါပေမယ့် အခြား သိုင်းသမားတွေအတွက် ဆိုရင်တော့ တော်တော်လေး ထိရောက်မှာ.."
စုလင်းရှုံက အတွေးနက်သွားသည်။ ဆေးပင်အမျိုးမျိုးတို့၏ လက္ခဏာရပ်များက သူမ၏စိတ်ထဲတွင် ပေါ်လာနေ၏။
သူမသည် ခန္ဓာကိုယ်အားဖြည့်ခြင်း ဆေးလုံးကို အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်။ မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလွန်ထူးကဲလှ၏။ သာမန်ဒန်ဆေးလုံးများ၏ အာနိသင်က ကြီးမားခြင်း မရှိတော့ပါ။
"ဒုတိယစီနီယာအကို စိတ်မပူနဲ့... နင်လေ့ကျင့်ဖို့ သင့်တော်တဲ့ ဆေးလုံးတွေကို ငါသန့်စင်ပေးမယ်.."
စုလင်းရှုံက လေးနက်စွာဖြင့် ကြေငြာ၏။
"အကောင်းဆုံးသာလုပ်... ဆေးလုံးတွေ မရှိလည်း ငါ့ရဲ့ကျင့်ကြံမှုက နှေးမသွားပါဘူး.."
မုန့်ချုံက ထိုကိစ္စအတွက် အရမ်းကြီး စိုးရိမ်မနေပါ။ ကျန်ရှိသည့် ခန္ဓာကိုယ်အားဖြည့်ခြင်း ဆေးလုံးများကို ကျိုးယင်နှင့် ရှီအာတို့အား ပေးလိုက်၏။
ထိုပုံကိုတွေ့ရပြီးနောက် လီရွှမ်က အနည်းငယ် အစွမ်းပြရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ဒန်ဆေးဖော်မြူလာတစ်ခု ရှိလာခဲ့၏။
"ရွှေခန္ဓာဆေးလုံး.."
"ဒန်ဆေးလုံးလမ်းစဉ်က ကျယ်ပြောပြီးတော့ နက်ရှိုင်းတယ်။ နင့်ကိုယ်နင် မကန့်သတ်ထားနဲ့။ ကိုယ့်ကိုယ်ကို အကျဉ်းချသလို မဖြစ်စေနဲ့။ ဒီနေ့မှာ ငါနင့်ကို နည်းနည်းလောက် သရုပ်ပြပေးမယ်.."
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်နေရင်းက မတ်တပ်ရပ်ရန်ပင် စိတ်ကူးမရှိပေ။ လက်ကိုမြှောက်လိုက်ပြီးနောက် စိတ်ဝိဉာဉ်ဆေးပင် အနည်းငယ်တို့ ပျံသန်းလာခဲ့၏။
"သေသေချာချာကြည့်... ဒီတစ်ကြိမ်မှာ ငါနင့်ကို ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်း နည်းပညာနဲ့ ရွှေခန္ဓာဆေးလုံးတစ်အိုးကို သန့်စင်ပြမယ်.."
လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် လေက ဒန်ဆေးပေါင်းအိုးတစ်ခု ဖြစ်လာသည့်ပုံ ရှိသည်။ အစစ်အမှန်ချီနှင့် စုစည်းထားခြင်း ဖြစ်၏။
စိတ်ဝိဉာဉ်ဆေးပင်များကို ဟင်းလင်းပြင် ဆေးပေါင်းအိုးအတွင်းသို့ ပစ်ထည့်ပြီးနောက် ဒန်ဆေးမီးတောက်များက လှိုင်းထစွာဖြင့် ချက်ချင်း ထွက်ပေါ်လာ၏။
မျက်စိရှေ့တွင်ပင် ဆေးပင်များ ပျော်ဝင်သွားပြီး အဆီအနှစ်ကို ထုတ်ယူကာ မသန့်စင်မှုများကို ဖယ်ထုတ်သည်။
ဆေးပင်ပေါင်းစုံတို့၏ အဆီအနှစ်များက အတူတူပေါင်းစည်းသွားပြီး ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ရွှေရောင်အလင်းက ရေးတေးတေး ထွက်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင် ဆေးပေါင်အိုးအတွင်းတွင် ရွှေရောင်ရှိသည့် ဆေးလုံး၁၂လုံးတို့ ပေါ်လာခဲ့၏။
စုလင်းရှုံက မျက်တောင်မခတ််ဘဲ ကြည့်ရှု့နေပါသည်။ သူမ၏ နှလုံးသားက အံ့သြမှုတို့ဖြင့် ပြည့်နက်နေ၏။
ဒီဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းမှာ အမှန်တကယ်ကို နက်ရှိုင်းပြီး ခန့်မှန်းလို့ မရနိုင်ပေ။
"ငါက အခုမှ စတင်ခြင်းအဆင့်မှာပဲ ရှိသေးတယ်... ဆရာပြတဲ့ အဆင့်က ငါ့အတွက် အရမ်းကို ဝေးကွာလွန်းနေသေးတယ်.."
ရွှေခန္ဓာဆေးလုံးက အောင်မြင်စွာ သန့်စင်ပြီးခဲ့၏။ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် လီရွှမ်က ရွှေခန္ဓာဆေးလုံးကို မုန့်ချုံဆီသို့ ပို့ပေးလိုက်သည်။
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ယူလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာ.."
ဆေးလုံးကို သောက်လိုက်သည့် အချိန်၌ ပြင်းထန်သည့် ဆေးအာနိသင်က ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။ မုန့်ချုံဆီမှ ရွှေရောင်အလင်းတစ်ခု ရေးတေးတေး ထွက်ပေါ်လာခဲ့သည်။
"ရွှေခန္ဓာဆေးလုံးက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုအတွက် ဆေးတစ်ခုပဲ။ မင်းတို့ နှစ်ယောက်ကတော့ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းသမားတွေ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ အလောတလျင် မစားနဲ့။ မဟုတ်ရင် ခန္ဓာကိုယ်ကို ထိခိုက်စေပြီး အခြေခံကို ပျက်စီးစေလိမ့်မယ်။ ဒါက ကောင်းကျိုးထက် ဆိုးကျိုးများမှာ.."
လီရွှမ်က ရှီအာနှင့် ကျိုးယင်တို့ကို ကြည့်ကာ သတိပေးသည်။ သို့ရာတွင် နှလုံးသားထဲတွင် တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။
ဤသည်မှာ အန္တရာယ်များလှပါသည်။ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုမှာ စွမ်းအင် အလွန်ကုန်ဆုံးလှပြီး မူလအဆင့်နှင့် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။
သူ၏အဆင့်သည် အဆင့်တူများတွင် အဆ၁၀၀ ပိုမိုသန်မာလျှင်တောင် ဒန်ဆေးသန့်စင်မှုကို ပြုလုပ်ရာတွင် ထိန်းချုပ်မှုလွတ်မတတ် ဖြစ်သွားခဲ့၏။ စွမ်းအင်ကုန်ဆုံးမှုက ခန့်မှန်းထားသည်ထက် များစွာကြီးမားလှသည်။
"တကယ့်ကို ကပ်တီးလေးပဲ.."
လီရွှမ်က စိတ်သက်သာရာ ရသွား၏။ သန့်စင်မှုသာ ကျရှုံးပါက သူ၏ အနှိုင်းမဲ့သည့် ဆရာသခင်တစ်ယောက်ဟူသည့် ဂုဏ်သတင်းက အလွန် ရှက်စရာကောင်းလှမှာ ဖြစ်သည်။
ကံကောင်းစွာပင် ခွန်အားမှာ အဆင့်တူများထက် အဆ၁၀၀ ပိုမိုသန်မာပြီး ဒန်ဆေးသန့်စင်မှု ပညာမှာလည်း သူ့အတွက် မွေးရာပါ ပါရမီကဲ့သို့ ကျွမ်းကျင်နေရာ အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။
"ဆရာ... ဒီဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုက..."
စုလင်းရှုံမှာ တိုင်းတာ၍ မရနိုင်အောင် အလွန်စိတ်လှုပ်ရှားနေပါသည်။ သူမသည် ဆရာဖြစ်သူ၏ ပုခုံးကို နှိပ်ပေးရင်းမှ မျက်နှာ၌ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
"နင့်ရဲ့ခွန်အားက အရမ်းကို နိမ့်ပါးလွန်းတယ်။ ငါနင့်ကို သင်ပေးရင်တောင် တတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး ချီနဲ့သွေးကို အသုံးပြုပြီး လက်နဲ့ ဒန်ဆေးသန့်စင်မှုကိုပဲ ကျင့်ကြံနှင့်။ နင့်ရဲ့ခွန်အား မြင့်တက်လာရင် ငါဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုကို သင်ပေးမယ်.."
ယခုအချိန်၌ စုလင်းရှုံကို ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုအား လက်ဆင့်ကမ်းပေးခြင်းမှာ အဓိပ္ပါယ်မရှိကြောင်းအား လီရွှမ် နားလည်လိုက်သည်။
သူမအနေနှင့် လေ့ကျင့်နိုင်ခြင်း မရှိသလို ပိုမိုမြင့်မားသည့် ဒန်ဆေးသန့်စင်မှုတို့ကို နားလည်နိုင်ရန်အတွက် အခြေခံအဖြစ် အသုံးပြုနိုင်ခြင်းလည်း မရှိပါ။ ထို့ကြောင့် ဒီအချိန်အတွင်း သင်ကြားမှု မပြုသေးရန် ဆုံးဖြတ်လိုက်သည်။
သူမ လက်ဗလာနှင့်သွေးချီကို အသုံးပြုကာ ဒန်ဆေးသန့်စင်မှုအား တတ်မြောက်သွားကာ မူလအဆင့်သို့ ချိုးဖျက်ပြီးမှ သာလျှင် ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုအတတ်အား သင်ကြားပေးမည် ဖြစ်၏။
"ဟုတ်ကဲ့ပါ.. ဆရာ စိတ်မပူပါနဲ့... တပည့်မကြာခင် မူလအဆင့်ကို ချိုးဖျက်နိုင်မှာပါ.."
ဆရာဖြစ်သူ၏ စကားမှာ အဓိပ္ပါယ်ရှိသည်ဟု စုလင်းရှုံ ခံစားရ၏။ အရမ်းမြင့်မားသည့် အရာကို စိတ်ကူးယဉ်နေလို့ မရပေ။ ယခုအချိန်၌ စိတ်ဝိဉာဉ်ဆေးပင်များ ရှိနေပြီးဖြစ်ရာ ပိုမိုများပြားသည့် ဆေးလုံး အမျိုးအစားများကို သန့်စင်နိုင်ပါသည်။
သူမအနေနှင့် ဆေးလုံးများစွာတို့ကို စားသုံးကာ အခြေခံကို ခိုင်ခံ့မှု မရှိစေမည်အား စိုးရိမ်စရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဒန်ဆေးသိုင်းပညာလမ်းစဉ်ကို ကျင့်ကြံသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံမှုအမြန်နှုန်းက ကြီးစွာတိုးမြင့်လာခဲ့သည်။
စုလင်းရှုံက ဆေးပေါင်းအိုးနှင့် ပထမဆုံးအကြိမ် ရွှေခန္ဓာဆေးလုံးကို သန့်စင်ကြည့်ရာ ကျရှုံးခဲ့၏။ ထိုကျရှုံးခဲ့သည့် ဆေးလုံးများကို ကြောင်နီက စားသုံးလေသည်။
ရွှေခန္ဓာဆေးလုံးကို စားသုံးပြီးနောက် မုန့်ချုံက စံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းတစ်ခုပေါ်သို့ သွားကာ ကျင့်ကြံသည်။
ခုံရော့ကျစ်က ကျောက်စိမ်းသေတ္တာတို့ကို ယူဆောင်လာခဲ့၏။ စုလင်းရှုံက ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များကို သေတ္တာအတွင်း၌ ဂရုတစိုက်ဖြင့် သေသေချာချာ သိုလှောင်သည်။ မြေကြီးထဲတွင် မြှပ်ထား၏။
ကျန်ရှိသည့် ရက်များတွင် စုလင်းရှုံသည် ဒန်ဆေးသန့်စင်မှု၌ လုံးဝနှစ်မြှုပ်ထားပါသည်။ ဒန်ဆေးလုံး ဖော်မြူလာများကို သုတေသနပြုကာ ဖန်တီးခြင်း၊ သိုင်းပညာ ကျင့်ကြံခြင်းတို့ကို ပြုလုပ်၏။
စိတ်ဝိဉာဉ်ဆေးပင်များက ဆက်တိုက် ကုန်ဆုံးနေကာ ဆေးလုံးပမာဏက တိုးပွားလာခဲ့သည်။ သွေးချီဆေးလုံးမှာ မရှိမဖြစ် ဖြစ်၏။ ထို့ကြောင့် ပမာဏ အများဆုံးဖြစ်သည်။ စိတ်ဝိဉာဉ်ဆေးပင်နှင့် သန့်စင်သည့် သွေးချီဆေးလုံး၏ အာနိသင်က အံ့သြစရာကောင်းလှသည်။
ကျိုးယင်နှင့် ရှီအာတို့၏ ကျင့်ကြံမှုအမြန်နှုန်းက ထိုဆေးလုံးများ၏ အကူအညီဖြင့် အလွန်မြင့်တက်လာခဲ့၏။ ထို့အပြင် သွေးချီဆေးလုံးအချို့ကို ခုံရော့ကျစ်နှင့် ချန်ချင်းစံအိမ်၏ အဖွဲ့ဝင်အချို့တို့အား ပေးဆောင်လေသည်။
စုလင်းရှုံသည် စိတ်ဝိဉာဉ်ဆေးပင်များနှင့် ရတနာဆေးပင်များကို အသုံးပြုကာ အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအား ကူညီနိုင်သည့် ဆေးလုံးတို့ကိုလည်း သန့်စင်ခဲ့၏။
သွေးချီဆေးလုံးအပြင် ချီပျိုးထောင်ခြင်းဆေးလုံး.. မူလအဆင့်အတွက် ဆေးလုံးတို့ကိုလည်း သန့်စင်ခဲ့သည်။
အစစ်အမှန်ချီကို အားဖြည့်ပြီး ကုန်ဆုံးသွားသည့် ချီစွမ်းအင်တို့ကို လျှင်မြန်စွာ ဖြည့်တင်းစေကာ ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်ပေးသည်။
သို့ရာတွင် ချီပျိုးထောင်ခြင်း ဆေးလုံးများမှာ မုန့်ချုံနှင့်ရွှီယန်တို့အတွက် အရမ်းကြီး အသုံးဝင်ခြင်း မရှိပါ။
သန့်စင်ပြီးသည့် ဆေးလုံးတစ်စိတ်တစ်ပိုင်းကို သုံဟယ်မြို့ရှိ ရွှီအိမ်တော်သို့ ပေးပို့ပေးသည်။ လီရွှမ်က စုလင်းရှုံကို ခေါ်လိုက်၏။ ဒီအချိန်က ဒန်ဆေးသိုင်းပညာကျမ်းအား သူမကို လက်ဆင့်ကမ်းပေးရန် အချိန်ကျပါပြီ။
ဒန်ဆေးသိုင်းပညာကျမ်းကို ရရှိပြီးနောက် စုလင်းရှုံ၏ သိုင်းပညာကျင့်ကြံမှု အမြန်နှုန်းက နောက်ထပ် တစ်ဆင့် မြင့်တက်လာခဲ့သည်။ ယခုအချိန်၌ သန့်စင်နိုင်သည့် ဆေးလုံး အမျိုးအစားမှာလည်း တိုးမြင့်လာခဲ့၏။ ဒန်ဆေးသန့်စင်မှု အမြန်နှုန်းလည်း မြင့်တက်လာခဲ့၏။
သူမဟာသည် လက်ဗလာဖြင့် သွေးချီကို အသုံးပြုကာ ဒန်ဆေးသန့်စင်ခြင်းကို ပြည့်စုံစွာ တတ်မြောက်သွားပြီးဖြစ်သည်။
အဆင့်၉ စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဆေးလုံးသန့်စင်မှုမှာ လုံးဝ မကျရှုံးတော့လု နီးပါးမတတ် ရှိနေ၏။
အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်များကို အသုံးပြုကာ သန့်စင်သည့် ဆေးလုံးများ၏ အောင်မြင်မှုမှာ ၆၀%အကျော်တွင် ရှိပါသည်။
သို့ပေမယ့် ဒန်ဆေးပေါင်းအိုးကို အကူအဖြစ် အသုံးပြုကာ ဆေးသန့်စင်လျှင်တော့ အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဒန်ဆေးပြုလုပ်မှုမှာလည်း အောင်မြင်နိုင်ချေ ၉၀%နီးပါး ရှိပါသည်။