ရာထူးများ ခန့်အပ်ခြင်း
Vol. 54 Ch. 799
သားသမီးရခြင်းနှင့်ပတ်သက်၍ ဝူကျန်းဝမ်သည် စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ တစ်ဖက်တွင် ကောင်းကင်လူသား ဖြစ်နိုင်မည့် စမ်းသပ်ချက်ကို သူမ အမြန်ပြီးဆုံးစေလို၏။ တစ်ဖက်တွင် သူမ၏ကလေး မွေးဖွားလာလျှင် ဖိနှိပ်မှုအချို့နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေသည်။
ဝူနိုင်ငံတော် ပျက်စီးသွားသည်နှင့် သူမသည် ကျဆုံးနိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်လာမည်။ ထိုမင်းသမီး၏ ကလေးတစ်ဦးသည် နောင်တွင် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ဖို့ မျှော်လင့်နိုင်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းလည်း ဝူကျန်းဝမ်၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို မြင်လိုက်၏။ သူက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“ကိုယ်တို့ရဲ့ ကလေးကြီးလာတဲ့အခါ မမျှတတဲ့ ဆက်ဆံမှုတွေကို ခံစားရမှာကို ကြောက်နေတာလား။”
ဝူကျန်းဝမ် မပြောသော်လည်း သူမ၏ မျက်နှာအမူအရာမှ အဖြေကို လုချန်း ဖတ်နိုင်ခဲ့သည်။ သူက ချက်ချင်းပင်
“မင်း အဲဒါကို စိုးရိမ်စရာ အကြောင်းမရှိဘူး။”
“ကိုယ်က ကိုယ့်ရဲ့ကလေးအားလုံးကို တန်းတူ ဆက်ဆံသွားမှာပါ။ သူတို့ မိခင်ရဲ့ အခြေအနေကြောင့် နှိမ့်ချ ဆက်ဆံမှာ မဟုတ်ဘူး။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါကသူတို့ ကလေးဘဝမှာပဲ။ ကြီးပြင်းလာတဲ့အခါ ဘယ်လိုဘဝမျိုးကို ခံစားချင်တယ်ဆိုတာကတော့ သူတို့ရဲ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ်”
“ဖခင်တစ်ဦးအနေနဲ့ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ရည်ရွယ်ချက်မဲ့တဲ့ ဘဝမျိုးကို နေထိုင်တာမျိုးတော့ မမြင်ချင်ဘူး။”
လုချန်း၏ စကားများကို ကြားပြီးနောက် ဝူကျန်းဝမ်၏ စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားသည်။ အခြားသူများ၏ အမြင်များကို အရမ်းဂရုစိုက်စရာ မလိုဘူးမှန်း သူမ သဘောပေါက်လာသည်။ နောက်ဆုံးတွင် ဤကမ္ဘာက သူမနှင့် သူမ၏ ကလေး သုံးဦးကို နေရာမပေးနိုင်ခဲ့လျှင် သူမက ထိုကလေးများကို ခေါ်ဆောင်ပြီး ဤကမ္ဘာမှ ထွက်ခွာသွားရုံသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ လုချန်းကလည်း မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ မကြာမီအချိန်တွင် ဤကမ္ဘာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်ပြီး ဝူကျန်းဝမ်၏ နှုတ်များကို နက်ရှိုင်းစွာ နမ်းလိုက်သည်။
ခဏအကြာတွင် လုချန်း၏နှုတ်ခမ်းသည် သူမ၏နှုတ်ခမ်းများမှ ဖြည်းဖြည်းချင်း ခွာသွားသည်။ ထိုအခါမှ ဝူကျန်းဝမ်က
“မင်းကြီး ပြောခဲ့တဲ့ စကားတွေ အားလုံး မှန်ပါစေလို့ မျှော်လင့်ပါတယ်။”
လုချန်းက ပြုံးကာ
“ကိုယ်က ဧကရာဇ်တစ်ပါးပဲ။ ကိုယ့်စကားဟာ ကိုယ့်ရဲ့ ကတိပါပဲ။”
ထိုသို့ ပြောပြီးနောက် လုချန်း အိပ်ရာမှ ထကာ ဝူကျန်းဝမ်အား ပွေ့ချီပြီး အိပ်ဆောင်ဘေးရှိ ရေချိုးကန်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ရေချိုးပြီးသွားသောအခါ လုချန်းသည် ဝူကျန်းဝမ်၏အိပ်ခန်းမှ ထွက်ခွာလာပြီး နိုင်ငံတော်ကိစ္စရပ်များ ဆောင်ရွက်ရန် စာကြည့်ခန်းသို့ သွားလိုက်သည်။
လုချန်း စာကြည့်ခန်းသို့ ရောက်ရှိချိန်တွင် ကျူးကဲ့ကျုံကောင်း အစရှိသော အရာရှိများ စာကြည့်ခန်း၏ ဝင်ပေါက်တွင် စောင့်မျှော်နေကြပြီဖြစ်သည်။ ယနေ့လာရောက်သော အရာရှိများအနက် အများစုမှာ စစ်ဗိုလ်ချုပ်များဖြစ်ပြီး၊ ကျူးကဲ့ကျုံကောင်း နှင့် စစ်တူစီ တို့သာ အရပ်ဘက် အရာရှိများ ဖြစ်ကြသည်။
လုချန်းက အရာရှိများကို တစ်ချက် ကြည့်ရှုပြီးနောက် စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်သည်။ အရာရှိများလည်း သူ့နောက်မှ အမြန်လိုက်ပါလာကြသည်။
စာကြည့်ခန်းထဲသို့ ရောက်သောအခါ အရာရှိများက တစ်ညီတစ်ညွတ်တည်း ဦးညွတ်ဂါရဝပြုလိုက်ကြသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်ကျော်ရာကျော် ရှည်ပါစေ။”
လုချန်းက အနည်းငယ် ခေါင်းညိတ်ပြီး
“ထကြပါ”
ချက်ချင်းပင် လုချန်းက မြေပုံတစ်ချပ် ယူဆောင်လာပြီး စာကြည့်ခန်း၏ အလယ်တွင် စားပွဲငယ်များစွာကို ပေါင်းစပ်ကာ စားပွဲကြီးတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် စစ်ဗိုလ်ချုပ်များက ထိုစားပွဲကြီးပတ်ပတ်လည်တွင် စုရုံးကာ အလယ်တွင် ချထားသော မြေပုံကို ကြည့်နေကြသည်။
လုချန်းက စတင်၍
“ခင်ဗျားတို့အားလုံး လက်ရှိကိစ္စကို သိနှင့်ပြီးသားဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ဝူနိုင်ငံတော်ကို ပေးထားတဲ့ နောက်ဆုံး သတ်မှတ်ရက် ကုန်ဆုံးတော့မှာပါ။ ဝူနိုင်ငံတော်က လက်နက်ချဖို့ ရည်ရွယ်ချက် မရှိတာကိုလည်း ကျွန်တော် တို့သိရပြီ။ ဒီစစ်ပွဲက ရှောင်လွဲလို့ မရတော့ဘူး”
“ဝူစစ်သည်တွေရဲ့ တိုက်ပွဲဝင်လိုစိတ်ကို လုံးဝ ချိုးဖျက်ဖို့ ရှနိုင်ငံတော်ဟာ မိုးကြိုးပစ်သလို အင်အားနဲ့ တိုက်ခိုက်ပြီး ဝူနိုင်ငံတော်ရဲ့ အဓိက စစ်တပ်အင်အားကို လုံးဝ ဖျက်ဆီးပစ်ရမယ်။”
လုချန်း၏ စကားကို ကြားသောအခါ စစ်ဗိုလ်ချုပ်တစ်ဦးက
“မင်းကြီး။ မင်းကြီးက ဝူနန်းတော်ကို ခြိမ်းခြောက်ဖို့ ကောင်းကင်လူသားတစ်ဦးကို စေလွှတ်ထားတယ်လို့ သိရပါတယ်။ ကောင်းကင်လူသားက ဝူတော်ဝင်မိသားစုကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်တယ်ဆိုရင် ကျွန်တော်တို့က ထိပ်တန်းပုဂ္ဂိုလ်တွေကို အရင်ဖမ်းလိုက်ရုံပဲလေ။ ဝူဧကရာဇ်ကိုသာ ဖမ်းလိုက်နိုင်ရင် ဝူစစ်တပ်က အလိုလို ပြိုကွဲသွားမှာပဲ။”
ထိုစကားကို ကြားသောအခါ လုချန်းက ခပ်ရေးရေးပြုံးလိုက်ပြီး ကျူးကဲ့ကျုံကောင်းဘက်သို့ လှည့်လိုက်သည်။
“ပညာရှိကြီး ကျူးကဲ့။ ကျွန်တော် ဘာလို့ ကောင်းကင်လူသား စွမ်းအားရှင်ကို ဝူနန်းတော်ကို တိုက်ရိုက် ဖျက်ဆီးဖို့ မလုပ်ခိုင်းခဲ့သလဲဆိုတာ ရှင်းပြပါဦး။”
ကျူးကဲ့ကျုံကောင်းက
“နန်းတော်သာ ကျဆုံးသွားရင် ဝူနိုင်ငံတော် တစ်ခုလုံး ရှုပ်ထွေးသွားပါလိမ့်မယ်။ မကျေနပ်တဲ့ ဝူနယ်စားအချို့ဟာ ပုန်ကန်ထကြွဖို့ အခွင့်အရေး ယူနိုင်ပါတယ်။ အဲ့ဒီအခါ ရှနိုင်ငံတော်ဟာ ဝူနိုင်ငံတော်တစ်ဝန်းလုံးမှာ ပြန့်ကျဲနေတဲ့ နယ်စားတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။”
“ဒါပေမဲ့ စစ်ပွဲကနေတဆင့် ဝူစစ်သည်တွေကို ရှစစ်သည်တွေရဲ့ ထိတ်လန့်စရာကောင်းတဲ့ စွမ်းရည်ကို ခံစားခိုင်းလိုက်ရင် နယ်စားအချို့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေရင်တောင်မှ သူတို့ရဲ့ စစ်တပ်တွေဟာ တိုက်ပွဲဝင်ဖို့ စိတ်ပါမှာ မဟုတ်တော့ဘူး။ နောက်ပြီး ဝူဧကရာဇ်ကို ဝူနိုင်ငံတော်တစ်ခုလုံးနဲ့အတူ လက်နက်ချဖို့ အတင်းအကျပ် ဖိအားပေးတာဟာ နယ်စားတွေကို တဖြည်းဖြည်း နှိမ်နင်းတာထက် အချိန်ပိုသက်သာစေပါတယ်။”
ကျူးကဲ့ကျုံကောင်း၏ အဖြေကို ကြားသောအခါ စစ်ဗိုလ်ချုပ်များလည်း လုချန်း၏ ဗျူဟာကို ချက်ချင်းပင် နားလည်သွားကြသည်။
အစက ကောင်းကင်လူသားတစ်ဦးကို စေလွှတ်၍ ဝူဧကရာဇ်အား ခြိမ်းခြောက်ခဲ့သော်လည်း သူက မကြောက်ရွံ့ခဲ့ချေ။ ဝူဧကရာဇ်တွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသဖြင့် ထိုမျှော်လင့်ချက်ကို လုံးဝ ချေမှုန်းပစ်ရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။
ဝူစစ်တပ် ပြိုလဲသွားပြီး ရှစစ်တပ်က ဝူနန်းတော်ကို ချဉ်းကပ်လာသည်နှင့် ဝူနိုင်ငံတော်သည် မလိုချင်သော်လည်း လက်နက်ချရတော့မည် ဖြစ်သည်။
ဟုတ်ပါတယ်။ လုချန်း ရှစစ်သည်များကို တိုက်ခိုက်စေလိုခြင်း၏ အဓိကအကြောင်းရင်းမှာ တကယ့်စစ်ပွဲအတွေ့အကြုံကို ရရှိစေရန် ဖြစ်သည်။
ယခုအချိန်တွင် သူ့ပတ်ဝန်းကျင်၌ ကောင်းကင်လူသားများစွာ ရှိနေသောကြောင့် ရှစစ်တပ်သည် မလိုအပ်သလို ဖြစ်နေသော်လည်း မြူခိုးဒေသမှ ထွက်ပေါ်လာသော ရန်သူများကို လုချန်း ထည့်တွက်ထားသည်။ အနာဂတ်တွင် စစ်တပ်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်ဦးမည်ဟု သူ ယုံကြည်သည်။
အရေးကြီးဆုံးအချက်မှာ အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဟု ခံစားချက်ကို လုချန်းပို၍ ပို၍ ခံစားလာရခြင်းပင် ဖြစ်သည်။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် သွေးကြောခုနစ်ချက် ပုံစံကဲ့သို့သော ဆုလာဘ်များ ပေါ်ထွက်လာချိန်တွင် ထိုခံစားချက်က ပို၍ပင် မှန်လာသည်။
သွေးကြောခုနစ်ချက်ကျင့်စဉ်က ဥပဒေအလုံးစုံ နယ်ပယ်မှ စွမ်းအားရှင်များကို ခုခံနိုင်သည်ဆိုလျှင် တစ်နေ့တွင် ဥပဒေအလုံးစုံ နယ်ပယ်မှ စွမ်းအားရှင်များ ဤကမ္ဘာသို့ လာရောက်တိုက်ခိုက်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေလား။
စနစ်က မည်သည့်အရာကိုမှ ပေါ့ပေါ့ဆဆ ပေးသည်ဟု သူ မယုံကြည်ပေ။
ဖြစ်လာနိုင်သော အရာများအတွက် ပြင်ဆင်ရန် ရှစစ်တပ်သည် တကယ့်စစ်ပွဲအတွေ့အကြုံများ ရှိရမည်။ အရာအားလုံးကို ကောင်းကင်လူသားများထံ အပ်နှံထား၍ မရနိုင်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းက
“ပညာရှိကြီး ကျူးကဲ့ ပြောတာ မှန်ပါတယ်။ ကောင်းကင်လူသားတွေက ဝူတော်ဝင်မိသားစုကို လွယ်လွယ်ကူကူ နှိမ်နင်းနိုင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဝူတော်ဝင်မိသားစုကို ဖျက်ဆီးတာက ဝူနိုင်ငံတော်ကို သိမ်းပိုက်တာလို့ မဆိုလိုပါဘူး။”
“ဝူတော်ဝင်မိသားစု ကျဆုံးသွားတာနဲ့ ဝူနယ်စားတွေဟာ အာဏာသိမ်းဖို့ အခွင့်အရေးယူလာနိုင်ပါတယ်။”
“ နောက်ပြီး ရှစစ်တပ်ကို တိုက်ပွဲမှာ ပါဝင်စေခြင်းက တပ်တွေကို လေ့ကျင့်ပေးဖို့ဆိုတဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ရှိပါတယ်။”
“ရှနိုင်ငံတော်မှာရှိတဲ့ လူတစ်သန်းကျော် စစ်တပ်က လက်ပိုက်ကြည့်နေလို့ မရပါဘူး။”
လုချန်း၏ စကားကို ကြားသောအခါ စစ်ဗိုလ်ချုပ်များ သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြသည်။ ဧကရာဇ်သည် စစ်တပ်၏ဓားကို ထက်မြက်စေလိုခြင်းပင် ဖြစ်သည်။
လုချန်းက
“ကဲ။ ဒီကိစ္စကို ခဏထားလိုက်ကြရအောင်။ နောက်တစ်ခုက တိုက်ခိုက်မယ့် လမ်းကြောင်းကို ဆွေးနွေးကြမယ်။ ပထမဆုံး တိုက်ခိုက်မှုနဲ့ ဝူစစ်သည်တွေရဲ့ တိုက်ပွဲဝင်လိုစိတ်ကို လုံးဝ ချေမှုန်းနိုင်အောင် ကြိုးစားရမယ်။”
ထို့နောက် အားလုံး၏ အကြည့်များသည် မြေပုံပေါ်သို့ ရောက်ရှိသွားကြသည်။ သူတို့သည် စစ်ချီမည့် လမ်းကြောင်းကို စတင်ဆွေးနွေးကြသည်။
သူတို့၏ စစ်တပ်သည် ရှေ့တန်းသို့ ရောက်နှင့်ပြီးသားဖြစ်ရာ စစ်ချီလမ်းကြောင်းကို သတ်မှတ်ပြီးသည်နှင့် ရှနိုင်ငံတော်သည် ဝူနိုင်ငံတော်အား အပြည့်အဝ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ဆွေးနွေးပြီးနောက် လမ်းကြောင်းသုံးခုကို နောက်ဆုံးတွင် သတ်မှတ်လိုက်သည်။ ထိုလမ်းကြောင်းများသည် ဝူနိုင်ငံတော်ရှိ စစ်အင်အားကောင်းသည့် နယ်စားများ၏ နယ်မြေများကို တိကျစွာ ပစ်မှတ်ထားခြင်းပင် ဖြစ်သည်။
နန်းတွင်းစာကြည့်ခန်းအတွင်းရှိ စစ်ရေးအစည်းအဝေး ပြီးဆုံးပြီးနောက် လုချန်းလည်း အစာအနည်းငယ် စားသောက်ပြီးနောက် တော်ဝင်အမိန့်တော်များကို စတင်ရေးသားတော့သည်။ နေ့လယ်ပိုင်းတစ်ခုလုံးနီးပါးသည် အမိန့်များ ရေးသားခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
ထိုအမိန့်တော်များသည် သူ၏ ဇနီးမယားများအတွက် ဖြစ်သည်။ မိဖုရားကြီးနှင့် မိဖုရားများကို ထိုက်တန်သည့် ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။
ညနေပိုင်းတွင် ချူးယုချင် လေပြင်းမိုးတိမ်ဆောင်၌ မုကျိရွှမ်းနှင့် စကားပြောနေစဉ် အမျိုးသမီးကိုယ်ရံတော် အချို့ ဆောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
အမျိုးသမီးကိုယ်ရံတော်များကို မြင်သောအခါ ချူးယုချင်နှင့် မုကျိရွှမ်းတို့ အံ့အားသင့်နေကြသည်။ နန်းတော်အတွင်းပိုင်း လုံခြုံရေးတာဝန်များကို ချူးယုချင်က တာဝန်ယူထားပြီး ထိုအမျိုးသမီးကိုယ်ရံတော်များကို သူမ မှတ်မိ၏။ သူတို့သည် ယနေ့ တာဝန်ကျနေခြင်း မဟုတ်ပေ။ သူတို့သည် ပိုင်ချင်းချင်း၏ လက်အောက်ခံများ ဖြစ်ကြသည်။
ပိုင်ချင်းချင်းသည် ချူးယုချင်၏ လက်အောက်တွင် မဟုတ်တော့ပေ။ သူမနှင့် သူမ၏ အမျိုးသမီးကိုယ်ရံတော်များသည် လုချန်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေသည်။
အမျိုးသမီးကိုယ်ရံတော် အများအပြား ရုတ်တရက် ပေါ်လာရခြင်းကို သူတို့ သိချင်နေကြစဉ် ၎င်းတို့အနက်မှ တစ်ဦးက တော်ဝင်အမိန့်တော်တစ်စောင်ကို ထုတ်ယူကာ
“အရှင်မများ။ တော်ဝင်အမိန့်တော် ရှိပါတယ်။”
ထိုစကားကို ကြားသောအခါ ဖြစ်နေသည့်အရာကို ချက်ချင်း နားလည်သွားကြပြီး အားလုံးဒူးထောက်လိုက်ကြသည်။
ထို့နောက် အမျိုးသမီးကိုယ်ရံတော်တစ်ဦးက “နတ်ဘုရားတို့၏ အလိုအရ ဧကရာဇ်မင်းမြတ် အမိန့်ချမှတ်သည်။ မုကျိရွှမ်းသည် သိမ်မွေ့ပြီး သီလနှင့် ပြည့်စုံသူ ဖြစ်သည်။ ထို့ကြောင့် သူမအား မိဖုရားကြီး ဘွဲ့ချီးမြှင့်သည်။”
လုချန်းသည် သူ၏ ဇနီး တစ်ဦးစီအတွက် တော်ဝင်အမိန့်တော် တစ်စောင်စီ ရေးထားသဖြင့် အမိန့်တော်များ ဖတ်ကြားသော အမျိုးသမီးကိုယ်ရံတော်လည်း အချိန်အတော်ကြာအောင် ဖတ်နေရသည်။