← Chapters

လွမ်းနေတာလား

Vol. 54 Ch. 802

လွမ်းနေတာလား

Vol. 54 Ch. 802

ပထမစာသည် မြောက်ပိုင်းမှ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ လှုပ်ရှားမှုဆိုင်ရာ ထောက်လှမ်းရေး အစီရင်ခံစာ ဖြစ်သည်။ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ နတ်ဘုရားမသည် အလွန်အစွမ်းထက်သော စစ်ရေးနည်းဗျူဟာ ဖွဲ့စည်းပုံတစ်မျိုးကို တီထွင်လိုက်ပုံရကြောင်း သူလျှိုက ဖော်ပြထားသည်။

လွင်ပြင်ဒေသ မျိုးနွယ်စုများက ဤစစ်ရေးနည်းဗျူဟာ ဖွဲ့စည်းပုံကို အသုံးပြုသောအခါ တောင်ထွတ်တစ်ခုကို တိုက်ရိုက် ဖျက်ဆီးနိုင်သည့် ထင်ယောင်ထင်မှား သတ္တဝါအချို့ကိုပင် ဖန်တီးနိုင်ကြောင်း သိရသည်။

ဒါက စစ်ရေးနည်းဗျူဟာ ဖွဲ့စည်းပုံလားဟု လုချန်း တွေးလိုက်သည်။

ဤကမ္ဘာတွင် စစ်ရေးနည်းဗျူဟာ ဖွဲ့စည်းပုံများစွာ ရှိသော်လည်း ၎င်းတို့သည် သာမန် ထိုးစစ်နှင့် ကာကွယ်ရေး နည်းဗျူဟာများသာ ဖြစ်သည်။

သာမန် စစ်ရေးနည်ဗျူဟာ ဖွဲ့စည်းပုံများသည် မည်သည့် သတ္တဝါကိုမှ ဖန်တီးနိုင်ခြင်း မရှိပေ။

ထိုကဲ့သို့သော ထင်ယောင်ထင်မှား အရာများသည် ဤကမ္ဘာနှင့် လုံးဝသက်ဆိုင်ပုံ မရပေ။

ဖြစ်နိုင်သည်မှာ ဤလွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမသည်...

မြူခိုးဒေသမှ လာခဲ့သည်လား။

မြူခိုးဒေသ၏ တားမြစ်ချက်များသည် လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက လျော့ရဲလာခဲ့သည်။ ဝူကျန်းဝမ်နှင့် ယွဲ့ဧကရာဇ်တို့ မြူခိုးဒေသမှ ပြန်လာနိုင်သည်ဆိုလျှင် မြူခိုးဒေသမှ တခြားသူများလည်း ထွက်လာနိုင်သည်မှာ သဘာဝကျပေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုလွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမသည် မြူခိုးဒေသမှ ထွက်ပြေးလာခဲ့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်။

ရုတ်တရက် ဖိအားများ တိုးလာသည်ဟု လုချန်း ခံစားရသည်။ တောင်ထွတ်တစ်ခုကို ဖျက်ဆီးနိုင်သော စစ်ရေးနည်းဗျူဟာဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသော လွင်ပြင်ဒေသ မျိုးနွယ်စု၏ စစ်ရေးဖွဲ့စည်းပုံကို ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးပင် ဖျက်ဆီးနိုင်ပါ့မလားဟု သူ တွေးလိုက်သည်။

အဓိနိုင်ငံကြီးများကို အမြန် စုစည်းရန် လိုအပ်ပုံရသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုသည် တောင်ပိုင်းကို ကျူးကျော်ပြီး ကျူးနိုင်ငံတော်ကို ဖျက်ဆီးမည်ဆိုလျှင် ထိုမျိုးနွယ်စုများက သိမ်းပိုက်ပြီးသည့် ကျူးနိုင်ငံတော်ကို အနိုင်ယူရန် ပိုမိုခက်ခဲပေလိမ့်မည်။ ထို့ကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများက ကျူးနိုင်ငံတော်ကို မဖျက်ဆီးနိုင်မီ သူ သိမ်းပိုက်ရမည် ဖြစ်သည်။

ထိုသို့ တွေးလိုက်ရင်း ဒုတိယ အစီရင်ခံစာကို သူဆက်ဖတ်လိုက်သည်။

အစီရင်ခံစာပါ အကြောင်းအရာကို ဖတ်လိုက်သောအခါ လုချန်း၏ မျက်ခုံးများ ထပ်တွန့်သွားတော့သည်။ အထူးကိုယ်ရံတော်များ၏ စုံစမ်းစစ်ဆေးမှုများအရ ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါ၏ ဇစ်မြစ်သည် တောင်ပိုင်းပင်လယ်ပြင်မှ လာကြောင်း တွေ့ရှိရသည်။

တံငါသည်များသည် ငါးဖမ်းနေစဉ် ရွှေရောင်သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ကြသည်။ သူတို့သည် ပထမတွင် ချမ်းသာကြပြီဟု ထင်ခဲ့ကြသော်လည်း ထိုညတွင်ပင် ထိုတံငါသည်များ နေထိုင်သည့် ရွာတစ်ခုလုံး ကပ်ရောဂါ ဖြစ်ပွားခဲ့သည်။ ကပ်ရောဂါ၏ အစသည် ထိုရွှေရောင်သေတ္တာမှ စတင်ပြန့်ပွားခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာပါ အကြောင်းအရာများကို ကြည့်ရင်း ချွမ်နိုင်ငံတော်၏ တောင်ပိုင်းပင်လယ်တွင် တစ်ခုခုရှိနေပုံရသည်ဟု လုချန်း တွေးလိုက်သည်။

ထိုကပ်ရောဂါကို ဖယ်ရှားနိုင်ပါ့မလားဟု သူ သံသယဝင်မိသည်။ ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါကို မဖြေရှင်းနိုင်ပါက ထိုနယ်မြေကို မည်ကဲ့သို့ သိမ်းပိုက်နိုင်မည်နည်း။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ချင်ယူရှန်ကို ကြည့်ကာ

“တပ်မှူး ချင် ဒီကိုလာပါ”

ထိုစကားကို ကြားသောအခါ ချင်ယူရှန်လည်း သူ ခုနက တွေ့ခဲ့ရသည့် မြင်ကွင်းကို တွေးလိုက်မိပြီး လုချန်းက တုန်းဖန်လုံယွဲ့ကို ဘာလုပ်ခဲ့သည်ကို သိချင်စိတ်ဖြင့် လုချန်းရှိရာသို့ လျှောက်လာသည်။

လုချန်းအနားသို့ သူချဉ်းကပ်လာသောအခါ လုချန်းက သူ၏ လက်ကို မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုစဉ်သူ၏ လက်ချောင်းထိပ်တွင် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလာပြီး နတ်ဉာဏ်အလင်း စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။

နောက်တစ်ခဏတွင် ချင်ယူရှန်၏ စိတ်ထဲတွင် ရောဂါပိုးနှင့်ပတ်သက်သော များပြားလှသော အသိပညာများဖြင့် ပြည့်နှက်သွားသည်။ ထို့အတူ သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး လုံးဝ အံ့အားသင့်သွားသည်။

သို့သော် ထိုအချိန်တွင် သူ့အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားသည်ဟု လုချန်း ရုတ်တရက် ခံစားရပြီး တစ်ကိုယ်လုံး ချက်ချင်း အားနည်းသွားသည်။

ထိုအခါ စနစ်သတိပေးချက် ထွက်ပေါ်လာသည်။

[ နတ်ဉာဏ်အလင်း စွမ်းအင်ကို တစ်ရက်အတွင်း အသုံးပြုနိုင်သည့် အကြိမ်ရေသည် အသုံးပြုသူ၏ အဆင့်နှင့် ဆက်စပ်နေသည်။ သခင်သည် ကောင်းကင်လူသား အဆင့်သို့ မရောက်သေးသောကြောင့် တစ်ရက်လျှင် နတ်ဉာဏ်အလင်း စွမ်းအင်ကို နှစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။]

သူ၏ ခန္ဓာကိုယ် ရုတ်တရက် ဘာကြောင့် အားနည်းသွားရကြောင်း လုချန်း သဘောပေါက်လိုက်သည်။ နတ်စွမ်းရည်များကို အသုံးပြုပါက စိတ်ဝိညာဉ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်း‌စေသည်။ သို့သော် ကိစ္စမရှိပါ။ သူအနေနှင့် တစ်ရက်လျှင် လူနှစ်ဦးကို ဉာဏ်အလင်းပေးကာ ခေတ်သစ်အသိပညာများကို သင်ကြားပေးနိုင်ဆဲဖြစ်သည်။

တစ်ရက်လျှင် လူနှစ်ဦးကို အသိဉာဏ်ပေးရန် စဉ်းစားနေစဉ် ချင်ယူရှန်က ကျေးဇူးတင်ရန် ကြမ်းပြင်ပေါ်တွင် အမြန် ဒူးထောက်လိုက်ပြီး

“မင်းကြီးရဲ့ အသိပညာ ပေးသနားမှုအတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက

“ထပါ။ ခင်ဗျားအတွက် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်”

ဟု ခပ်အေးအေး ပြောလိုက်သည်။

ချင်ယူရှန်က

“ပြောပါ မင်းကြီး။”

ချင်ယူရှန်၏ စိတ်ထဲတွင် လုချန်းပြောသည့် တာဝန် မည်သည့်အရာဖြစ်မည်ကို ခန့်မှန်းပြီး ဖြစ်သည်။ ရောဂါပိုးများအကြောင်း အသိပညာများစွာကို ဤအချိန်တွင် ပေးလိုက်ခြင်းက သူ့အား ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါကို စုံစမ်း‌စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ချွမ်နိုင်ငံတော်ကို နောင်တွင် သိမ်းပိုက်နိုင်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

လုချန်းက စကားစလိုက်သည်။

“ခင်ဗျားကို ချွမ်နိုင်ငံတော် စေလွှတ်ပြီး ကပ်ရောဂါရဲ့ ဝိသေသလက္ခဏာတွေကို စုံစမ်းခိုင်းဖို့ စဉ်းစားထားတယ်။ အဲဒါက ဘက်တီးရီးယားလား ဒါမှမဟုတ် ဗိုင်းရပ်စ်လားဆိုတာကို အတိအကျ ရှာဖွေပါ။”

“ဒီတာဝန်က အတော်လေး အန္တရာယ်များတယ်။ အဲဒီနေရာကို ရောက်တာနဲ့ အလွန်သတိထားရမယ်။”

ချင်ယူရှန်က ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့။ ချွမ်နိုင်ငံတော်က ကပ်ရောဂါရဲ့ အခြေအနေကို အတိအကျ သိနိုင်အောင် လုပ်ဆောင်ပါမယ်။”

လုချန်းက

“ကောင်းပါပြီ။ သွားပြင်ဆင်ပါ။ ကပ်ရောဂါကို ကာကွယ်ဖို့ နည်းလမ်းတွေကို ကျွန်တော် သင်ပေးထားပြီးပြီ။ ချွမ်နိုင်ငံတော်ကို ရောက်တာနဲ့ ဒီကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို တခြား အထူးကိုယ်ရံတော်တွေဆီ မျှဝေပေးပြီး အချိန်တိုင်း သတိနဲ့ နေကြရမယ်။”

ချင်ယူရှန်က

“မင်းကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။”

“ကျွန်တော့်ကို ခွင့်ပြုပါ။”

စကားများ ဆုံးသည်နှင့် ချင်ယူရှန် ထရပ်ကာ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။ ချင်ယူရှန် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါသည် ဘက်တီးရီးယားသို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါစေဟု လုချန်း ဆုတောင်းမိသည်။

အကယ်၍ ထိုအရာများကြောင့် မဟုတ်ပဲ သူနားမလည်နိုင်သော တစ်စုံတစ်ရာဖြစ်ပါက အချိန်တန်သောအခါ ကပ်ရောဂါကို ဖယ်ရှားရန်မှာ မည်သို့မှ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိုသို့တွေးလိုက်သောအခါ လုချန်း ခေါင်းကိုက်လာသလို ခံစားရသည်။

…….

ထိုအချိန်တွင်။

လျှို့ဝှက်လဝန်းနန်းတော်။

တောင်ထွတ်တစ်ခုပေါ်တွင် နှင်းထက်ပင်ဖြူစင်သော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ယွမ်ရှန်ရှန်သည် တိတ်ဆိတ်စွာ ရပ်နေကာ အဝေးမှ စိမ်းလန်းသောတောင်ကုန်းများကို ကြည့်ရှုနေသည်။

ထိုစဉ် ယွမ်ရှန်ရှန်၏ အနောက်တွင် ချန်ဝမ်ရွန် ပေါ်လာသည်။

“လေးစားရပါသော ဆရာမ။ တပည့်မ တောင်အောက်ကို သွားဖို့ စီစဉ်နေပါတယ်။”

ယွမ်ရှန်ရှန်က ခံစားချက်မဲ့သော မျက်နှာဖြင့်

“ဘာလဲ။ နင့်ရဲ့ ချစ်သူလေးကို လွမ်းနေတာလား။”

ချန်ဝမ်ရွန်က

“လျှို့ဝှက်လဝန်းနန်းတော်ကို မပြန်ခင်မှာ ဒီနှစ်ထဲ ဂိုဏ်းတူမောင်ငယ်ဆီသွားတွေ့မယ်လို့ တပည့် ပြောထားခဲ့ပါတယ်။”

ချန်ဝမ်ရွန်က လုချန်းကို ဂိုဏ်းတူမောင်ငယ်ဟု ရည်ညွန်းနေတာကို ကြားသောအခါ ယွမ်ရှန်ရှန် ခပ်ပြင်းပြင်း နှာခေါင်းရှုံ့လိုက်ပြီး

“နင်ကျင့်စဉ်ကို အာရုံမစိုက်ပဲ ဆန့်ကျင်ဘက်လိင်နဲ့ ပျော်ရွှင်ဖို့ပဲ စဉ်းစားနေရင် နောက်ပိုင်း နင့်အတွက် အန္တရာယ်ဖြစ်လာလိမ့်မယ်။”

“နင် တောင်အောက်ကို သွားတဲ့အခါ အဆုံးအမ မနာခံတဲ့ တပည့်ဆီကို သတင်းတစ်ခု ပို့ပေးပါ။ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပျက်တော့မယ်လို့ ပြောလိုက်။ အနှစ်နှစ်ဆယ်အတွင်းမှာ မြူခိုးဒေသက ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတော့မယ်။ သူ မြန်မြန် ပြင်ဆင်ဖို့ လိုတယ်။”

“မြူခိုးဒေသမှာ ကောင်းကင်လူသားအဆင့်ကို ကျော်လွန်တဲ့ စွမ်းအားရှင်တွေ အများကြီးရှိတယ်။ သူ့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် မြူခိုးဒေသက စွမ်းအားရှင်တွေကို လုံးဝ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။”

ယွမ်ရှန်ရှန်၏ သတိပေးစကားကို ကြားသောအခါ ချန်ဝမ်ရွန်သည် တအံ့တဩ ဖြစ်သွားသည်။

အနှစ်နှစ်ဆယ်။

အဲဒါက အရမ်းတိုလွန်းမနေဘူးလား။ လုချန်းက အနှစ်နှစ်ဆယ်အတွင်းမှာ အလုံအလောက် အင်အားကြီးလာနိုင်မှာလား။

ချန်ဝမ်ရွန် အံ့အားသင့်မှုမှ ပြန်လည်သတိရလာသောအခါ အလျင်အမြန် ကျေးဇူးတင်စကားပြောလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။ ဒီကိစ္စကို ဂိုဏ်းတူမောင်ငယ်ဆီ အသိပေးဖို့အတွက် ချက်ချင်း တောင်အောက်ကို ဆင်းပါ့မယ်။”

ယွမ်ရှန်ရှန် ဘာမျှ ထပ်မပြောတော့ပဲ အဝေးသို့ ဆက်ငေးကြည့်နေသည်။

ချန်ဝမ်ရွန် လှည့်၍ ထွက်ခွာသွားပြီးနောက်

ယွမ်ရှန်ရှန်က

“ နောက်ထပ် ခေါင်းမာတဲ့ တပည့်ကတစ်ယောက်ကတော့ ဘယ်ကိုပြေးသွားလဲ မသိဘူး။ ဒီလောက်ကြာတာတောင် ပေါ်မလာဘူး။”

“ကန့်သတ်ချက်တွေ လျော့ရဲတုန်းက မြူခိုးဒေသကို ပြေးသွားတာလား”

ဟု သူမဘာသာ ပြောလိုက်သည်။

ယွမ်ရှန်ရှန် ပြောခဲ့သည့် ခေါင်းမာသော တပည့်ဆိုသူသည် လုချန်း၏ မိခင် ချူးယွဲ့ မဟုတ်ပါ။ ထိုသူသည် သူမ၏ တပည့်ရင်းဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များက အဆင့်လွန်ပညာရှင်များကို လိုက်လံ သတ်ဖြတ်ခဲ့သော ကောင်းကင်လူသား စွမ်းအားရှင်လည်း ဖြစ်သည်။

ထိုတပည့်ကြောင့် ဤကမ္ဘာရှိ အဆင့်လွန်ပညာရှင်များ၏ အရေအတွက် အလွန်အမင်း လျော့ကျသွားခဲ့ပြီး အဆင့်လွန်ပညာရှင်အများအပြားလည်း ပုန်းရှောင်ခဲ့ကြကာ သာမန်အားဖြင့် မပေါ်ထွက်ဝံ့ကြတော့ပေ။

သူမသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လာပြီး ဂူအောင်း၍ ကျင့်စဉ်ကျင့်နေကြောင်း ကောလဟာလများ ရှိခဲ့သော်လည်း အမှန်တကယ်တော့ ယွမ်ရှန်ရှန်ကို နှုတ်ဆက်ရန်သာ သူမ ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် ယွမ်ရှန်ရှန်က တံခါးပိတ် လေ့ကျင့်‌ နေသောကြောင့် သူမ ထွက်ခွာသွားသည်ကို မတွေ့ခဲ့ရပေ။

ယွမ်ရှန်ရှန် ကျင့်စဉ်မှ ထွက်လာပြီးမှသာ ထိုတပည့်ရင်း လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားပြီဖြစ်ကာ ယနေ့ထိတိုင် သတင်းအစအန မရှိကြောင်း သိခဲ့ရသည်။

All Chapters