← Chapters

ဒီည လုပ်စရာတွေ အများကြီးရှိတယ်

Vol. 54 Ch. 806

ဒီည လုပ်စရာတွေ အများကြီးရှိတယ်

Vol. 54 Ch. 806

သွေးကြောခုနှစ်ချက် ပုံစံကို လုချန်း အပြည့်အဝ တည်ဆောက်ပြီးစီးသွားချိန်တွင် ရန်ခရိုင်မှ အရာရှိအချို့ နန်းတော်အပြင်ဘက်သို့ အပြေးအလွှား ဆိုက်ရောက်လာကြသည်။ နန်းတော်မှ ထွက်ပေါ်လာသည့် ပုံရိပ်များသည် မည်သည့် အကြောင်းရင်းကြောင့် ဖြစ်သည်ကို သူတို့ မသိကြသဖြင့် အရာရှိအားလုံး၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ကိန်းအောင်းနေကြသည်။

ထိုအချိန်တွင် လုချန်းသည် သွေးကြောခုနှစ်ချက် ပုံစံ၏ ဗဟိုဖြစ်သော ကြမ်းပြင်ပေါ်ရှိ အနီရောင် ပုံစံကို စိုက်ကြည့်နေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို ဆက်လက် လှည့်ပတ်နေရင်း လက်ချောင်းထိပ်ကို ကိုက်ကာ စီးကျလာသော သွေးစများကို ဗဟိုချက်ပေါ်သို့ တိုက်ရိုက် ကျစေလိုက်သည်။

နောက်တစ်ခဏတွင် ဗဟိုချက်မှ အနီရောင်အလင်းတန်းများစွာကို ထွက်လာပြီး မုကျိရွှမ်းတို့ အုပ်စု၏ နဖူးအလယ်ဗဟိုသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ မကြာမီပင် ၎င်းတို့၏ ခန္ဓာကိုယ်များမှ အနီရောင်အလင်းလှိုင်းများကို လွှတ်ထုတ်လာပြီး စိတ်အာရုံထဲတွင် အမြင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအမြင်က သူတို့အား ရန်ခရိုင် နယ်မြေနှင့် ဆက်နွှယ်သွားစေခဲ့ပြီး သွေးကြောခုနှစ်ချက် ပုံစံတစ်ခုလုံး၏ တည်ရှိမှုကို အာရုံခံနိုင်ခဲ့ကြသည်။

ထိုအရာအားလုံးပြီးဆုံးသွားချိန်တွင် အမျိုးသမီး ကိုယ်ရံတော်များ လေပြင်းမိုးတိမ်ဆောင်သို့ အလျင်အမြန်ဝင်ရောက်လာကြသည်။

“မင်းကြီး။ နန်းတော်အပြင်မှာ အရာရှိတွေ အများကြီး တွေ့ခွင့်တောင်းနေပါတယ်။”

လုချန်းလည်း အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။ ခုနက ဖြစ်ပျက်သွားသည့် အရာများသည် ကြီးမားထင်ရှားလွန်းသဖြင့် အပြင်မှလူများကို စိုးရိမ်ပူပန်စေခဲ့သည်မှာ သေချာသည်။

သူက မနှေးမနှောင့်ပင်

“အပြင်ကလူတွေကို သွားပြောလိုက်။ ခုနက ဖြစ်တာဟာ ငါ့ကြောင့်လို့။ ဒီနေ့ကိစ္စကို မနက်ဖြန် နန်းတွင်းအစည်းအဝေးမှာ ပြောပြမယ်။ အားလုံး အိမ်ပြန်နိုင်ကြပြီလို့ ပြောလိုက်ပါ”

ဟု ညွှန်ကြားလိုက်သည်။

“အမိန့်တော်အတိုင်းပါ”

အမျိုးသမီး ကိုယ်ရံတော်များလည်း အမိန့်ကို ကြားပြီးနောက် လေပြင်းမိုးတိမ်ဆောင်မှ ချက်ချင်း ထွက်ခွာသွားသည်။

မကြာမီပင် နန်းတော်တံခါးဝမှ အရာရှိများထံသို့ အမျိုးသမီး ကိုယ်ရံတော်၏ သတင်းစကား ရောက်ရှိလာသည်။ အရာရှိများလည်း ထိုအကြောင်းကို အများကြီး မတွေးတော့ပေ။ အကယ်၍ အမှန်တကယ် အန္တရာယ်တစ်ခုခု ဖြစ်ခဲ့ပါက ထိုနေရာ၌ ကောင်းကင်လူသား စွမ်းအားရှင်များ ရှိနေသည့်အတွက် ကြီးမားသော ကိစ္စမျိုး ဖြစ်မည်မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။ အကယ်၍ ကောင်းကင်လူသားများပင် မဖြေရှင်းနိုင်သည့် အရာများ ဖြစ်ပွားခဲ့ပါက အရာရှိများဖြစ်သော သူတို့လည်း ဘာမှတတ်နိုင်မည် မဟုတ်ချေ။ ဤသို့ဖြင့် အရာရှိများလည်း အိမ်ပြန်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

…..

ထိုအချိန်တွင် လုချန်းကတော့ မုကျိရွှမ်းတို့အား သွေးကြောခုနှစ်ချက် ပုံစံ အသုံးပြုပုံ သင်ပေးနေဆဲဖြစ်သည်။ ချူးယုချင်ကဲ့သို့ သိုင်းပညာ အဆင့်မြင့်သူများကတော့ ပုံစံကို မည်သို့ လှုပ်ရှားရမည်ကို အလွယ်တကူ သိရှိကြသော်လည်း မုကျိရွှမ်းနှင့် ကျောင်းညီအစ်မအတွက်မူ ထိုသို့ မဟုတ်ပေ။ သူတို့၏ သိုင်းပညာအဆင့်သည် နိမ့်ကျပြီး သိုင်းပညာကိုလည်း ယခင်က လေ့ကျင့်ထားခြင်း မရှိသဖြင့် အခြေခံ အားနည်းသည်။ ထို့ကြောင့် ပုံစံကို အပြည့်အဝ ထိန်းချုပ်အသုံးပြုရန်မှာ ခက်ခဲသော အရာတစ်ခု ဖြစ်သည်။

နေဝင်ချိန် ရောက်လာသည့်တိုင် လုချန်းက ပုံစံအသုံးပြုပုံကို သင်ပေးနေဆဲဖြစ်သည်။ ထိုအချိန်တွင် အစေခံတစ်ဦး သူ့ထံသို့ အလောတကြီး ပြေးလာပြီး

“မင်းကြီး။ မိဖုရားကြီးချန် နန်းတော်ကို ပြန်ရောက်ပါပြီ”

ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ ငြိမ်သက်သွားသည်။ မိဖုရားကြီး ချန် ဆိုသည်မှာ နေပြည်တော်မှ ထွက်ခွာသွားချိန်က ယခုနှစ်တွင် တောင်ပေါ်မှ ဆင်းလာမည်ဟု ပြောခဲ့သော ချန်ဝမ်ရွန်ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မုကျိရွှမ်းက “မင်းကြီး။ ညီမ ချန်က အခုလို ခက်ခက်ခဲခဲ ပြန်ရောက်လာတာဆိုတော့ သူ့ဆီ သွားသင့်ပါတယ်။ ကျွန်မတို့ ပုံစံကို နောက်မှ လေ့ကျင့်လို့ရပါတယ်။”

လုချန်းသည် ညင်သာစွာ ပြုံးလိုက်ပြီး “ကောင်းပါပြီ။ မနက်ဖြန်မှ ဆက်သင်ပေးတော့မယ်”

ဟုဆိုကာ ဝမ်ရွန်‌ဆောင်သို့ ထွက်ခွာသွားတော့သည်။

ဝမ်ရွန်ဆောင်ဆိုသည်မှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ဝမ်ရွန်ဆောင်ပင် ဖြစ်သည်။ လုချန်း၏ မိဖုရားတစ်ဦးစီတွင် သီးခြားအဆောင်ကိုယ်စီ ရှိကြသော်လည်း လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်နှင့် ခွဲခွာလိုခြင်း မရှိသဖြင့် ထိုအမည်ကို ရိုးရှင်းစွာ ဆက်လက် ထားရှိခဲ့ခြင်းပင် ဖြစ်သည်။

နောင်တွင် အချို့က ဝမ်ရွန်ဆောင်ဟူသော အမည်သည် နန်းတွင်း ဓလေ့ထုံးတမ်းများနှင့် မကိုက်ညီဟု ပြောလာကြသည်။ အကြောင်းမှာ ၎င်းတွင် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့၏ အမည်များကို ပေါင်းစပ်ထားပြီး လင်ဝမ်ရွန်၏ အမည်သည် ချန်ဝမ်ရွန်၏ အမည်ရှေ့တွင် ရှိနေသည်။ သို့သော် ချန်ဝမ်ရွန်သည် မိဖုရားကြီး ဖြစ်ပြီး လင်ဝမ်ရွန်ကတော့ မိဖုရားသာ ဖြစ်သည်။ ထို့ကြောင့် နန်းတွင်းရှိ အချို့သောသူများက ဝမ်ရွန် ဆောင်ကို ရွန်ဝမ်ဆောင်ဟု အမည်ပြောင်းလဲသင့်သည်ဟု တွေးကြသည်။ လင်ဝမ်ရွန်ကိုယ်တိုင်ပင် ထိုသို့ တွေးမိသော်လည်း လုချန်းက ပြောင်းလဲခွင့်မပြုခဲ့ပေ။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ ဝမ်ရွန်ဆောင်၏ အမည်တွင် “ဝမ်” ကို “ရွန်” ၏ရှေ့တွင် ထားရခြင်း အကြောင်းရင်းမှာ လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်ထက် အသက်ပိုကြီးသောကြောင့် ဖြစ်သည်။ ချန်ဝမ်ရွန်၏ အမြင်တွင် လင်ဝမ်ရွန်သည် သူမအတွက် မိခင်တစ်ဦးနှင့် တူသည်။ လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် အဆောင်တစ်ခုတည်းတွင် အတူနေထိုင်ရမည်ဖြစ်ပြီး လင်ဝမ်ရွန်က ချန်ဝမ်ရွန်ထက် အသက်ပိုကြီးသောကြောင့် အမည်ကို ပေါ့ပေါ့ဆဆ ပြောင်းလဲ၍ မရပေ။

သို့သော် ထိုအရာအားလုံးသည် အသေးအဖွဲ ကိစ္စများသာ ဖြစ်ပြီး လုချန်းလည်း ထိုကိစ္စများကို အရမ်း ဂရုစိုက်သည်‌တော့ မဟုတ်ပေ။

……

မကြာမီ လုချန်း ဝမ်ရွန်ဆောင်သို့ ရောက်လာသည်။ ထိုအချိန်တွင် ချန်ဝမ်ရွန်သည် လင်ဝမ်ရွန်၏ အိပ်ဆောင်အတွင်း၌ ထိုင်နေပြီး လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်သော ကိစ္စများကို ပြောဆိုနေကြသည်။

လင်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်မှ နောက်ဆုံးတစ်ခေါက် ထွက်ခွာလာပြီးနောက် ယနေ့အထိ တစ်ကြိမ်မှပင် ပြန်မသွားဖြစ်ခဲ့ပေ။ ယခု ချန်ဝမ်ရွန်မှတစ်ဆင့်သာ လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိ အခြေအနေများကို သူမ သိနိုင်တော့သည်။

ကြာပန်းပုံစံ ကော်ဇောပေါ်တွင် ထိုင်နေသော လင်ဝမ်ရွန်က တင်ပါးကို ရွှေ့ကာ

“ ဒေါ်လေးလည်း တစ်သက်လုံး လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်နိုင်ပါ့မလား မသိဘူး” ဟု ညည်းတွားလိုက်သည်။

သူမတွင် လျှို့ဝှက်လဝန်းနန်းတော်အပေါ်၌ ခံစားချက်အချို့ ရှိနေဆဲဖြစ်သည်။ ဟိုတုန်းက နေပြည်တော်မှ ထွက်ခွာပြီး မကြာမီပင် လျှို့ဝှက်လဝန်းနန်းတော်သို့ သူမ ဝင်ရောက်ခဲ့ပြီး ထိုနေရာ၌ အချိန်အများစုကို ကုန်ဆုံးခဲ့သည်။

ယခုတွင် သူမသည် လုချန်းနှင့် လက်ထပ်ခဲ့ပြီး သူ၏ မိန်းမဖြစ်လာကာ ဤနေရာတွင်သာ နေထိုင်နေခဲ့သည်။ သူမ၏ တစ်သက်တာတွင် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားရန် အခွင့်အရေး ရတော့မည် မဟုတ်သလို ဖြစ်နေသည်။ သို့သော် သူမ၏ လက်ရှိဘဝကို လင်ဝမ်ရွန် လုံးဝ မမုန်းပေ။ ထိုကောင်လေးက တစ်ခါတစ်ရံ သူမကို လာရောက် စနောက်လေ့ရှိသည်။ မိဖုရားဆောင်တွင် ညီအစ်မများစွာနှင့်အတူ ဖြတ်သန်းရင်း သူမ၏ နေ့ရက်များက အတော်လေး ပျော်ရွှင်စရာ ဖြစ်သည်။

သို့သော်လည်း သူမစိတ်ထဲ လျှို့ဝှက်လဝန်းနန်းတော်သို့ သွားရောက်လည်ပတ်လိုစိတ် ရှိနေသေးသည်။ လုချန်းက သဘောတူမည်လားဆိုသည်ကိုတော့ မသိနိုင်ပေ။

စိတ်ဓာတ်ကျနေသော လင်ဝမ်ရွန်ကို မြင်သောအခါ ချန်ဝမ်ရွန်က သူမ၏ နူးညံ့သော လက်ကို မြှောက်ကာ လင်ဝမ်ရွန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး

“ဒေါ်လေးလင်။ ဒေါ်လေး လျှို့ဝှက်လဝန်းနန်းတော်ကို သွားချင်တယ်ဆိုရင် လုချန်းကို ပြောကြည့်ပါလား။ သူ သဘောတူပါလိမ့်မယ်။”

လင်ဝမ်ရွန်က

“ဒီလောက် မလွယ်ပါဘူး။ ဒေါ်လေးက မင်းနဲ့ မတူဘူး။ မင်းက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်။ မင်းမရှိရင် မဖြစ်ဘူး။ ဒေါ်လေးက အဲဒီမှာ သာမန်ဂိုဏ်းဝင်သက်သက်ပဲ။ ဒေါ်လေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှ မထူးဘူး။”

“မင်းကြီး သဘောတူရင်တောင် ဧကရာဇ်ရဲ့ မိန်းမတစ်ယော် လျှောက်သွားနေတယ်ဆိုတာ အခြားသူတွေ သိသွားရင် ပြောဆိုကြလိမ့်မယ်။”

“ နောက်ပြီး ဒေါ်လေးက လင်မိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ မင်းကြီးကို လက်ထပ်ခဲ့တာ။ ဒေါ်လေးနောက်မှာ လင်မိသားစုတစ်ခုလုံး ရှိနေတယ်။ တစ်ခုခု မသင့်လျော်တာ လုပ်မိရင် သူတို့ အပြစ်ပေးခံရမှာ သေချာတယ်။”

လင်ဝမ်ရွန် စကားပင် မဆုံးသေးခင် တံခါးဝမှ လူတစ်ဦး၏ အသံ ရုတ်တရက် ပေါ်ထွက်လာသည်။

“ဒေါ်လေးလင် လျှို့ဝှက်လဝန်းနန်းတော်ကို သွားချင်ရင် သွားပါ။ ဘယ်သူက အတင်းအဖျင်း ပြောရဲမှာလဲ။”

အသံဆုံးသည်နှင့် လုချန်း အခန်းထဲသို့ ရောက်ရှိလာသည်။ လုချန်းကို မြင်သောအခါ အမျိုးသမီးနှစ်ဦးလုံး ထရပ်လိုက်ပြီး

“မင်းကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီး လင်ဝမ်ရွန်ထံ တည့်တည့်လျှောက်သွားကာ သူမကိုဖက်လိုက်ပြီး

“အတွင်း‌ဆောင်မှာ ဒီလို ဓလေ့ထုံးတမ်း‌တွေနဲ့ နေစရာ မလိုဘူးလို့ မပြောထားဘူးလား”

ထိုသို့ပြောပြီးနောက် လုချန်းက ချန်ဝမ်ရွန်ကို ကြည့်လိုက်သည်။ ထို့နောက် သူမထံသို့ လျှောက်သွားပြီး ခါးကို ဖက်လိုက်သည်။

“ကိုယ့်ရဲ့ မိန်းကလေးက နောက်ဆုံးတော့ တောင်ပေါ်က ဆင်းလာပြီ။ မင်း မဆင်းလာရင် ကိုယ် မင်းကို ရှာဖို့ လျှို့ဝှက်လဝန်းနန်းတော်ကို ကိုယ်တိုင် သွားရတော့မယ် ထင်တယ်”

ထိုစကားကိုကြားသောအခါ ချန်ဝမ်ရွန်က တည်ငြိမ်သော အမူအရာဖြင့်

“မင်းကြီး ကျွန်မကို မိဖုရားကြီးဘွဲ့ ပေးတာက သင့်တော်တယ်လို့ ထင်ပါလား။”

ချန်ဝမ်ရွန်သည် လုချန်း၏ အခြားမိန်းမများနှင့် မတူပေ။ သူမသည် နန်းတော်၌ အမြဲနေထိုင်လေ့ မရှိပေ။ သူမ၏ အချိန်အများစုကို လျှို့ဝှက်လဝန်းနန်းတော်၌ ကုန်ဆုံးသော အမျိုးသမီးတစ်ဦးအနေနှင့် မည်သို့ မိဖုရားကြီး ဖြစ်နိုင်မည်နည်း။ ထို့ကြောင့် လုချန်း ပေးအပ်ခဲ့သော ဤဘွဲ့အမည်က အနည်းငယ် မြင့်မားလွန်းသည်ဟု ချန်ဝမ်ရွန် ခံစားရသည်။

လုချန်းက ရယ်မောပြီး

“ဘာလို့ မသင့်တော်ရမှာလဲ။ ကိုယ်ကတော့ ဘာပြဿနာမှ မရှိဘူးလို့ ထင်တယ်။”

“ဒါတွေ ထားလိုက်ပါတော့။ ကိုယ်တို့ မတွေ့တာ ကြာလှပြီ။ ဒီည လုပ်စရာတွေ အများကြီး ရှိတယ်။”

ထိုစကားကိုကြားသောအခါ ချန်ဝမ်ရွန်၏ ဖြူ‌ စွတ်သော ပါးပြင်ပေါ်တွင် သွေးရောင်များ ဖြာတက်လာသည်။

ထို့နောက် လုချန်း၏ အကြည့်က လင်ဝမ်ရွန်ပေါ်သို့ ကျရောက်လာသည်။

“ဒေါ်လေးလင်။ ကျွန်တော်တို့ ဒေါ်လေးကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်ကို သွားချင်တဲ့ ဆန္ဒရှိရင်တော့ အချိန်ကျရင် ရွန်ရွန်နဲ့ အတူတူ ပြန်သွားလို့ ရပါတယ်။ တခြားသူတွေ ဘာပြောပြော စိတ်မပူပါနဲ့။”

All Chapters