လွင်ပြင်ဒေသ မျိုးနွယ်စုများ၌ တိုက်ပွဲ နည်းဗျူဟာ ပုံစံမရှိပါ
Vol. 54 Ch. 809
ချန်ဝမ်ရွန်က ခေါင်းကို ဖိထားသည့်အတွက် လုချန်း တော်တော်လေး နေရခက်နေ၏။ ထိုအချိန်တွင် ချန်ဝမ်ရွန်လည်း လုချန်း ၏ ဦးခေါင်းလှုပ်ရှားသွားသည်ကို သတိထားမိသည့်အတွက် လုချန်း နိုးနေပြီဟု တွေးကာ လက်ကို လွှတ်ပေးလိုက်သည်။
လုချန်းက သူ၏လက်နှစ်ဖက်ကို ချန်ဝမ်ရွန်၏ ဆံပင်ပေါ်တွင် ထောက်ကာ ဖြည်းညှင်းစွာ ထထိုင်ရင်း ချန်ဝမ်ရွန်၏ ကျောက်စိမ်းရုပ်ကဲ့သို့ မျက်နှာကို ငေးကြည့်နေလိုက်သည်။
ချန်ဝမ်ရွန်၏ မျက်နှာသည် အဖြူရောင်ကျောက်ဖြင့် ထွင်းထုထားသည့်အလား ပြေပြစ်နူးညံ့နေ၏။ တစ်ချိန်တည်းမှာပင် သန့်ရှင်းသော အငွေ့အသက်တစ်မျိုးကိုလည်း ထုတ်လွှတ်စေပြီး ခပ်လှမ်းလှမ်းမှ ကြည့်လျှင်ပင် ရှက်ရွံ့ခြင်း အရိပ်အယောင်များ သန်းနေသည့်အတွက် အလွန် ဆွဲဆောင်မှု ရှိသည်။
ချန်ဝမ်ရွန်ကို တစ်ချက်ကြည့်ပြီးနောက် လုချန်းက ခေါင်းလှည့်ကာ တံခါးဝတွင် ရပ်နေသည့် ပိုင်ချင်းချင်းကို ကြည့်ရင်း
“ပိုင်… ဘာကိစ္စ ရှိလို့လဲ။”
လုချန်း၏ အသံကို ကြားလျှင် ပိုင်ချင်းချင်းက ချက်ချင်းပင်
“ကျူးနိုင်ငံတော်နဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ စစ်ဖြစ်နေပါပြီ။”
ဤစကားကို ကြားသောအခါ လုချန်း အလွန် အံ့အားသင့်သွား၏။ မနက်စောစောစီးစီး ပိုင်ချင်းချင်း လာရှာသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ အရေးကြီးသည့် ကိစ္စများ ဖြစ်ပျက်နေခြင်းကြောင့် ဖြစ်သည်။
ပိုင်ချင်းချင်းသည် လုချန်း၏ မိန်းမ ဖြစ်သည့်အတွက် နံနက်ခင်း၌ မိန်းမများ၏ ရင်ခွင်တွင် နေရသည်ကို သူ နှစ်သက်ပြီး နောက်ကျသည်အထိ မထတတ်သည်ကို သူမ သိသည်။ ထို့ကြောင့် အရေးကြီး ကိစ္စများ မရှိလျှင် လုံးဝ နှောင့်ယှက်လေ့ မရှိချေ။
ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကြား စစ်ပွဲသည် ရှနိုင်ငံတော်အတွက် အတော်လေး အရေးပါ၏။ အကြောင်းမှာ ကျူးနိုင်ငံတော်သည် ရှနိုင်ငံတော်၏ နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ချန်ဝမ်ရွန်ထံသို့ ပြန်လှည့်ကြည့်ကာ သူမ၏ ပါးပြင်ကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း
“ရွန်ရွန်... ကိုယ် အလုပ်ကိစ္စ ရှိလာလို့ မင်းကို အဖော်မလုပ်ပေးနိုင်တော့ဘူး။”
ချန်ဝမ်ရွန်က
“ကောင်းပါပြီ။ သွားလိုက်ပါ”
ဟု တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
လုချန်းလည်း အချိန်ဆွဲမနေတော့ပဲ အိပ်ရာပေါ်မှဆင်းကာ သူမ၏ အကူအညီဖြင့် အဝတ်အစားများ လျင်မြန်စွာ ဝတ်ဆင်ပြီး ချန်ဝမ်ရွန်၏ အိပ်ဆောင်မှ ထွက်လာခဲ့သည်။
မကြာမီပင် လုချန်းသည် နန်းတွင်းစာကြည့်ခန်းသို့ ရောက်လာသည်။ ထိုနေရာတွင် လျှံဇွန်းသည် ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်ပွဲအခြေအနေများကို သတင်းပို့ရန် စောင့်ဆိုင်းနေသည်။
လုချန်း ရောက်ရှိလာသည်ကို တွေ့သောအခါ လျှံဇွန်းက အလျင်အမြန် ဂါရဝပြုလိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ။”
လုချန်းက လျစ်လျူရှုဟန်ဖြင့်
“အဲ့ဒါတွေမလိုဘူး”
ဟု ပြောပြီး စားပွဲနောက်ဘက်သို့ တည့်တည့်လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။
“ဘာလို့ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ဒီအချိန်မှ တိုက်ခိုက်ဖို့ ဆုံးဖြတ်ရတာလဲဆိုတဲ့ တိကျတဲ့ အကြောင်းအရင်းကို ရှာဖွေနိုင်ခဲ့ပြီလား။”
လုချန်း အနည်းငယ် နားမလည်နိုင် ဖြစ်နေ၏။ ကျူးဧကရီက အဘယ်ကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဤသို့ ရုတ်တရက် တိုက်ခိုက်ရသနည်း။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နယ်မြေသည် ကျယ်ပြန့်ပြီး မျိုးနွယ်စုဝင်များသည် ထွက်ပြေးရာတွင် အလွန်ကျွမ်းကျင်သည်။ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသ စစ်တပ်ကို အနိုင်ရရှိခဲ့လျှင်ပင် မျိုးနွယ်စုဝင်များသည် အနောက်မြောက်ပိုင်း၏ အတွင်းပိုင်းသို့ ဆုတ်ခွာသွားရုံသာ ရှိသည်။ ထို့နောက် အချိန်အတန်ကြာလျှင် ပြန်ထွက်လာမည်ဖြစ်ရာ ကျူးနိုင်ငံတော် ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ လှုပ်ရှားသွားလာရာ နေရာများ၏ အတွင်းပိုင်းအထိ ကျူးစစ်တပ်များ စေလွှတ်ကာ လိုက်လံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
လျှံဇွန်းက
“အထူးကိုယ်ရံတော်တွေရဲ့ စုံစမ်းထောက်လှမ်းမှုအရ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို တိုက်ခိုက်ရတာက သူတို့ရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံကြောင့်ပါ။”
“တိုက်ပွဲ နည်းဗျူဟာ ပုံစံ”
ထိုစကားလုံးကို ရေရွတ်လိုက်ပြီး လုချန်း၏ အတွေးများ နစ်မြောသွားသည်။
“တိုက်ပွဲ နည်းဗျူဟာ ပုံစံ” အကြောင်းကို သူ ယခင်က ကြားဖူး၏။ အနာဂတ်တွင် ရှနိုင်ငံတော်အတွက် ပြဿနာ ဖြစ်လာနိုင်မည်ကို စိုးရိမ်နေသော်လည်း လက်ရှိတွင် ဝူနိုင်ငံတော်ကို တိုက်ခိုက်ရန် အာရုံစိုက်နေရသဖြင့် အနောက်မြောက်ဘက်မှ မျိုးနွယ်စုများ၏ ကိစ္စများကို အချိန်ပေးနိုင်ခြင်း မရှိချေ။
သို့သော် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ပွဲ နည်းဗျူဟာ ပုံစံအကြောင်း အတိအကျ သိရှိရန် သူလျှိုများစွာကို စေလွှတ်ခဲ့သည်။
လျှံဇွန်းက ဆက်လက်၍
“ကောလာဟလတွေအရ လွင်ပြင်ဒေသ မျိုးနွယ်စုတွေ အသုံးပြုတဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံက ကောင်းကင်လူသား စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်တယ်လို့ ကြားပါတယ်။ ဒါကြောင့် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံကို ရယူနိုင်ရင် ရှနိုင်ငံတော်နဲ့ အနာဂတ်မှာ ယှဉ်ပြိုင်နိုင်မယ်လို့ ကျူးနိုင်ငံတော်က တချို့သူတွေက ယုံကြည်နေကြပါတယ်။”
လျှံဇွန်း၏ စကားကို ကြားသောအခါ လုချန်း ညင်သာစွာ ရယ်မောလိုက်၏။ ကျူးနိုင်ငံတော်က ဤအရာကို ရည်မှန်းထားသည်မှာ ထင်ရှားသည်။
ကျူးနိုင်ငံတော်သည် မြောက်ဘက်သို့ ချီတက်ကာ လွင်ပြင်ဒေသ မျိုးနွယ်စုများကို တိုက်ခိုက်နိုင်ခဲ့လျှင် ဖိအားများ လျော့ကျသွားမည် ဖြစ်သည့်အပြင် တိုက်ပွဲ နည်းဗျူဟာ ပုံစံကိုလည်း ရရှိမည်ဖြစ်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ရှနိုင်ငံတော်သည် လက်ရှိတွင် ဝူနိုင်ငံတော်ကိုသာ အာရုံစိုက်နေပြီး အနောက်မြောက်ဘက်၌ ဖြစ်ပျက်နေသည့် အရာများကို အရေးအစိုက်နိုင်ပေ။ ယခုအချိန်က ကျူးနိုင်ငံတော်အတွက် ကောင်းမွန်သည့် အခွင့်အရေး တစ်ရပ် ဖြစ်သည်။
စဉ်းစားပြီးနောက် လုချန်းက လျှံဇွန်းကို “ကျူးနိုင်ငံတော်ရောက် သူလျှိုတွေကို စစ်ပွဲ အခြေအနေတွေကို မပြတ်စောင့်ကြည့်ခိုင်းပါ။ အထူးသဖြင့် လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံပဲ။ ဒီတိုက်ပွဲ နည်းဗျူဟာ ပုံစံက ဘယ်လောက် ထိရောက်လဲဆိုတာ အတိအကျ သိချင်တယ်။”
လျှံဇွန်းက ဦးညွတ်၍
“မင်းကြီးရဲ့ အမိန့်အတိုင်းပါ။”
ထိုအချိန်၌ လျှံဇွန်းသည် သူ၏အင်္ကျီလက်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကို ထုတ်ယူပြီး
“မင်းကြီး... ဒါက ကျူးနိုင်ငံတော်ရောက် သူလျှိုတွေက ပို့လာတဲ့ သတင်းအချက်အလက်တွေပါ။”
ထိုအချိန်တွင် ပိုင်ချင်းချင်းက လျှံဇွန်းဆီသို့ လျှောက်သွားကာ သူ၏ လက်မှ ထောက်လှမ်းရေး အစီရင်ခံစာကို ယူ၍ လုချန်းအား ပေးလိုက်သည်။
လုချန်းသည် ထောက်လှမ်းရေး အစီရင်ခံစာကိုယူကာ အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်သည်။ အချက်အလက်များသည် လျှံဇွန်း ပြောပြခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ကျူးနိုင်ငံတော်၏ နန်းတွင်း တစ်ခုလုံးသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တိုက်ပွဲ နည်းဗျူဟာ ပုံစံအပေါ် နောက်ဆုံး မျှော်လင့်ချက်အဖြစ် ထားနေကြပုံ ရ၏။
ထိုစဉ် လုချန်း စိတ်ထဲမှ တွေးလိုက်သည်။
“ ဒီတိုက်ပွဲ နည်းဗျူဟာ ပုံစံ သူတို့ပြောသလောက် ထိရောက်မှု မရှိဖို့ မျှော်လင့်ရတာပဲ။ သူတို့ပြောသလို ကောင်းကင်လူသား စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုတွေကို တကယ် ခံနိုင်ရင် မြောက်ပိုင်း လွင်ပြင်ဒေသ မျိုးနွယ်စုတွေက ငါ ကမ္ဘာကို စုစည်းမယ့် လုပ်ငန်းမှာ အချိန်အများကြီး နှောင့်နှေးစေနိုင်တယ်”
လုချန်း ထောက်လှမ်းရေး အစီရင်ခံစာပါ အကြောင်းအရာများကို တစ်ချက်ကြည့်ပြီးနောက် လျှံဇွန်းက
“မင်းကြီးမှာ တခြား အမိန့် မရှိဘူးဆိုရင် ကျွန်တော့်ကို ပြန်ခွင့်ပြုပါ”
လုချန်းက
“ကောင်းပြီ။ သွားနိုင်ပါပြီ”
ထို့နောက် ဦးညွတ်၍ လျှံဇွန်း ပြန်လည် ထွက်ခွာသွားသည်။
လျှံဇွန်း ထွက်သွားပြီးနောက် လုချန်းက ပိုင်ချင်းချင်းအား
“ပိုင်... ဒီအစီရင်ခံစာကို ပညာရှိကြီး ကျူးကဲ့ဆီ ပို့ပေးလိုက်ပါ။”
ပိုင်ချင်းချင်းလည်း လုချန်း၏ လက်မှ စာကို ယူကာ နန်းတွင်း စာကြည့်ခန်းမှ ထွက်သွားသည်။
လုချန်း စိတ်ထဲမှ တွေးလိုက်သည်။
“တကယ်လို့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံက ကောင်းကင်လူသား စွမ်းအားရှင်တွေကို ခုခံနိုင်စွမ်း ရှိတယ်ဆိုရင် လွင်ပြင်ဒေသ နတ်ဘုရားမရဲ့ စွမ်းအားက ရိုးရှင်းမှာ မဟုတ်ဘူး။ သူရဲ့ နယ်ပယ်အဆင့် ဘယ်လာက်လဲဆိုတာ လက်ရှိမှာ မသိရသေးဘူး”
လွင်ပြင်ဒေသရှိ သူတို့၏ သူလျှိုများသည် လွင်ပြင်ဒေသ နတ်ဘုရားမ အလွန်အစွမ်းထက်သည်ဟုသာ သိကြသည်။ မည်မျှ အစွမ်းထက်သည်ကို မည်သူမှ အတိအကျ မသိရှိကြချေ။ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ခေါင်းဆောင်များအားလုံး ပေါင်းလျှင်ပင် သူမကို ယှဉ်နိုင်ခြင်း မရှိကြချေ။
လွင်ပြင်ဒေသ မျိုးနွယ်စု တစ်ခုလုံးကို အချိန်တိုအတွင်း စုစည်းနိုင်သည်ကလည်း သူမ၏ စွမ်းအားကို သက်သေပြနေသည်။
ထိုလွင်ပြင်ဒေသ နတ်ဘုရားမသည် တခြားကမ္ဘာမှ ဖြစ်နိုင်ပြီး ကောင်းကင်လူသားအဆင့်သို့ပင် ရောက်ရှိနေနိုင်သည်ဟု လုချန်း တွေးလိုက်သည်။ ကောင်းကင်လူသားတစ်ဦးနှင့် တိုက်ခိုက်ဖို့ ပြင်ဆင်ထားရန် လိုအပ်၏။
…..
ရက်ပိုင်းအတွင်း ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အလုံးစုံ စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ကျူးဧကရီ ကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်ခဲ့သည့်အတွက် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ရှေ့ပြေးတပ်များသည် ကျူးတပ်၏ ထိုးစစ်ကို မခံနိုင်ပဲ ရှိခဲ့သည်။ ရက်အနည်းငယ်အတွင်းပင် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ရှေ့ပြေးတပ်များ ပြန့်ကျဲကာ ထွက်ပြေးခဲ့ရသည်။
…..
အနောက်မြောက်ပိုင်း။
စစ်သူကြီးများ တဲနန်းဆောင်။
ယွဲ့ဧကရာဇ်သည် အနက်နှင့် ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး လွင်ပြင်ဒေသ မြေပုံကို ကြည့်ကာ အတွေးများထဲ နစ်မြောနေသည်။
ထိုအချိန်တွင် တဲနန်းဆောင်အတွင်းရှိ ဗိုလ်ချုပ်အချို့သည် ကျူးဧကရီကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး မည်သူမှ မည်သည့်စကားမှ မဆိုကြချေ။
အချိန်အတော်ကြာပြီးနောက် ယွဲ့ဧကရာဇ်ကက
“ကျွန်မတို့ လွင်ပြင်ဒေသရဲ့ နန်းတော်ဟောင်းနေရာကို ရောက်တော့မယ်။ အခုအချိန်အထိ သူတို့က တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အသုံးမပြုသေးဘူး။ ဒါက နည်းနည်းတော့ သံသယဖြစ်စရာပါပဲ။”
သူတို့၏ ထောက်လှမ်းရေး အစီရင်ခံစာများအရ လွင်ပြင်ဒေသ နတ်ဘုရားမ မျိုးနွယ်စုများကို စုစည်းပြီးနောက် လွင်ပြင်ဒေသ စစ်သည်များသည် တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အဆက်မပြတ် လေ့ကျင့်နေကြသည်။ သို့သော် ယခုအချိန်အထိ လွင်ပြင်ဒေသ စစ်သည်များသည် ကျူးစစ်တပ်ကို တိုက်ခိုက်ရာတွင် ထိုသို့သော တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အသုံးမပြုခဲ့ကြချေ။
ခရီးစဉ်က အလွန် ချောမွေ့လွန်းနေသည်။
လွင်ပြင်ဒေသ နတ်ဘုရားမက လွင်ပြင်ဒေသ ရှေ့ပြေးတပ်များကို တိုက်ပွဲ နည်းဗျူဟာ ပုံစံ အသုံးမပြုရန် တမင်တကာ တားဆီးထားခြင်း ဖြစ်နိုင်သည်ဟု ကျူးဧကရီ သံသယရှိသည်။ ကျူးနိုင်ငံတော် စစ်တပ်ကို လွင်ပြင်ဒေသ၏ အလယ်ပိုင်းသို့ ဆွဲခေါ်ကာ ဝိုင်းရံတိုက်ခိုက်ရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်၏။
လက်ရှိ အခြေအနေအရ ထိုဖြစ်နိုင်ခြေက အတော်လေး မြင့်မားသည်။
ကျူးဧကရီ၏ စကားကို ကြားသောအခါ ဗိုလ်ချုပ်တစ်ဦးက
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေမှာ တကယ်တမ်း တိုက်ပွဲ နည်းဗျူဟာ ပုံစံ မရှိပဲနဲ့ သူတို့ကပဲ ကောလဟာလ လွှင့်ထားတာ ဖြစ်နိုင်လား။”
ထို့နောက် အခြား ဗိုလ်ချုပ်တစ်ဦးက
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေက ဘာလို့ ဒီလို ကောလာဟလ လွှင့်ရမှာလဲ။ နောက်ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ တိုက်ပွဲ နည်းဗျူဟာ ပုံစံအကြောင်းကို သူတို့လူတွေဆီကပဲ သိရတာ။ ကောလာဟလ မဖြစ်နိုင်ပါဘူး။”
ကောလာဟလ ဖြစ်နိုင်သည်ဟု မှတ်ချက်ပေးခဲ့သော ဗိုလ်ချုပ်က ထပ်မံ၍
“ဒါပေမဲ့ အခု ကျွန်တော်တို့က လွင်ပြင်ဒေသရဲ့ နန်းတော်ဟောင်းနေရာကို ရောက်ခါနီးပြီ။ လွင်ပြင်ဒေသ စစ်တပ်ကလည်း တိုက်ပွဲ နည်းဗျူဟာ ပုံစံကို အသုံးမပြုသေးဘူး။ တကယ်လို့ သူတို့မှာ ဒီလို ပုံစံမျိုး ရှိတယ်ဆိုရင် ဘာကြောင့် အခုထိ မသုံးသေးတာလဲ။”