← Chapters

လုံရှန်းဆန်းရန်

Vol. 129 Ch. 1669

လုံရှန်းဆန်းရန်

Vol. 129 Ch. 1669

တောင်ကောင်းကင်၏ မုခ်၀အရှေ့တွင် ကောင်းကင်ဆရာသခင်နှစ်ပါးသည် မိမိဘက်မှ စစ်သည်တော်များ၊ စစ်သေနာပတိများအား ဖြန့်ကျက်လျက် နေရာယူထားကြ၏။ နှစ်ဖက်လုံးရှိ ၀င်္ကပါအခင်းအကျင်းများမှာ အဆက်မပြတ် ပြောင်းလဲနေပြီး ၀င်္ကပါကို ၀င်္ကပါဖြင့် အားသုံးဖျက်ဆီးနေကြသည်။

ရှန့်ပင်းယင်နှင့် မုန့်ယွင်ကွေ့တို့ နှစ်ယောက်လုံးက သင်္ချာအရာနှင့် ၀င်္ကပါပညာတွင် ကျွမ်းကျင်ကြသည့် ဆရာသခင်များ ဖြစ်ကြသည်။ ဤတိုက်ပွဲက နှစ်ဖက်လုံး၏ အစွမ်းအစတို့အား ပြသနေလေသည်။

ရှန့်ပင်းယင်သည် အစောပိုင်းနှစ်များကတည်းက နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။ နဂါးဟန်မင်းဆက်အစောပိုင်းတည်းက နာမည်ကျော်ကြားခဲ့သူဟုပင် ဆိုရမည်။ တာအိုဘိုးဘေးကြီး အခြေခံသင်္ချာကို မဖန်တီးခင်တည်းက သူသည် သင်္ချာတွင် အောင်မြင်မှုများ ရနေပြီး ဖြစ်သည်။ ထိုအချိန်တုန်းက သူလည်း အသေးစိတ်ဆုံးအခြေအနေထိ ပိုင်းခြားစိတ်ဖြာနိုင်သော အဏုမြူသင်္ချာကို လေ့လာနေခဲ့၏။ သို့သော် တစ်ဖက်တွင် ဝင်္ကပါပညာရပ်ကိုပါ လိုက်စားနေခဲ့သောကြောင့် သူ၏တိုးတက်နှုန်းက တာအိုဘိုးဘေးကြီးထက် အနည်းငယ် နှေးကွေးခဲ့လေသည်။

နောက်ပိုင်း တာအိုဘိုးဘေးကြီး သင်္ချာပညာရပ်အား ဘက်ပေါင်းစုံမှ တတ်ကျွမ်းသွားသည့်အခါတွင်တော့ ရှန့်ပင်းယင်သည် တာအိုဘိုးဘေးကြီး၏ ကျော်တက်ခြင်းခံသွားရ၏။

သူကား ဉာဏ်ကြီးရှင်တစ်ယောက်လည်း ဖြစ်သည်။ ဤသို့ဖြင့် ၀င်္ကပါအောင်မြင်မှုများနှင့် သင်္ချာအောင်မြင်မှုများကို အားကိုး၍ ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် ဖြစ်လာခဲ့သည်။ ကောင်းကင်နတ်ဘုံစစ်တပ်များ၏ အမျိုးမျိုးသော ၀င်္ကပါများနှင့် ဗျူဟာအခင်းအကျင်းများသည် သူနှင့် အသေးစိတ် ပတ်သက်နေခဲ့သည်။

သို့သော် နဂါးဟန်ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားသည့်အခါတွင်တော့ သူသည် သူ၏ ကိုယ်ပိုင်တပ်ဖွဲ့များကိုဦးဆောင်ကာ မြောက်နတ်မင်းရွှမ်းဝူ၏ ကောင်းကင်နန်းဆောင် ကောင်းကင်နတ်ဘုံမှ ထွက်မသွားနိုင်အောင် တားဆီးခဲ့သည်။ သို့သော် အရှုံးကြီး ရှုံးနိမ့်ခဲ့ရပြီး ဖန်သားကောင်းကင်စေတီအား အသုံးပြုသည့် လုံရှန်းဆန်းရန်မှ အနိုင်ယူခြင်း ခံခဲ့ရ၏။

ထိုရှုံးနိမ့်မှုသည် အတော်လေး အထိနာသော ရှုံးနိမ့်မှု ဖြစ်သည်။ ရှန့်ပင်းယင်၏ တာအိုနှလုံးသား ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ထောင်သောင်းပေါင်းများစွာ ကြာသည်အထိ ပြန်လည်သက်သာမလာခဲ့ပေ။ ဖန်သားကောင်းကင်စေတီ ၀င်္ကပါအား မည်သို့ချိုးဖျက်ရမည့်နည်းလမ်းကို နက်နက်နဲနဲ တွေးတောစဉ်းစားနေခဲ့၏။

ယွဲ့ထင်းကဲ ပေါ်ထွက်လာပြီး ဖန်သားကောင်းကင်စေတီ၀င်္ကပါကို ချိုးဖျက်ခဲ့သည့်အချိန် ရောက်သည့်အခါ ရှန့်ပင်းယင်သည် အမှောင်ထုထဲမှ ပြန်ထွက်လာခဲ့လေသည်။ သို့သော် ယွဲ့ထင်းကဲ၏ အရိပ်အောက်သို့ ရောက်ခဲ့ရသည်။

ယွဲ့ထင်းကဲ မဟာလေဟာနယ်သို့ ကျဆင်းသွားသည့်အချိန်တွင် ရှန့်ပင်းယင်ကား ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် နောက်တစ်ကြိမ် ဖြစ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် မုန့်ယွင်ကွေ့၏ အောင်မြင်မှုများက သူ၏ရာထူးကို ခြိမ်းခြောက်လာခဲ့၏။

မုန့်ယွင်ကွေ့သည် သူ၏စွမ်းဆောင်ရည်များကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ပေ။ သူ၏ ဉာဏ်ရည်နှင့် ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့၏။ သို့သော် သူ၏ ၀င်္ကပါများကို ခင်းကျင်းသည့်ပုံစံသာမက ကောင်းကင်နတ်အရှင်များသည် မုန့်ယွင်ကွေ့ထံမှ မကြာခဏ အကြံဉာဏ်တောင်းတတ်သည်ကို ကြည့်ခြင်းဖြင့် မုန့်ယွင်ကွေ့၏ ဉာဏ်ပညာမှာ သူ့ထက် မြင့်မားကြောင်း သိနိုင်သည်။

သို့သော် သူတို့နှစ်ယောက်သည် ထိပ်တိုက်တိုက်ခိုက်ခဲ့ကြခြင်း မရှိပေ။ ဤ တောင်ကောင်းကင်တိုက်ပွဲက သူတို့နှစ်ယောက် ပထမဦးဆုံးတိုက်ခိုက်ခြင်း ဖြစ်၏။

မုန့်ယွင်ကွေ့သည် ပထဝီအနေအထားအရ အားသာမှုရှိပြီး ရှန့်ပင်းယင်ကတော့ စစ်တပ်အင်အား၌ အားသာချက်ရှိလေသည်။

သူ့လက်အောက်ရှိ စစ်တပ်ကြီးသည် ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့မှ စစ်သည်တော်များ မဟုတ်လော။ တိုက်ပွဲမျိုးစုံကို တွေ့ကြုံခဲ့ပြီးနောက် နန်း‌စောင့်တပ်ဖွဲ့၏ စစ်သည်တော်များကား နတ်ဘုရားတစ်ပိုင်းများအကြားတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ထဲမှ မည်သူမဆို မုန့်ယွင်ကွေ့၏ ယွီဟွာကောင်းကင်ဘုံစစ်တပ်၌ ခေါင်းဆောင်များဖြစ်နိုင်၏။

နန်းစောင့်စစ်သည်တော်များ၏ ၀င်္ကပါများ အသက်ဝင်လှုပ်ရှားလျှင် ကောင်းကင်နတ်အရှင်များကိုပင် တိုက်ခိုက်နိုင်သည်။

သို့သော် ယွီဟွာကောင်းကင်ဘုံစစ်တပ်ကဲ့သို့ ဒုတိယတန်းစား နတ်ဘုရားမိစ္ဆာစစ်တပ်နှင့် ရင်ဆိုင်ရသည့်အခါတွင် နန်းစောင့်တပ်ဖွဲ့များ၏ ၀င်္ကပါစွမ်းအားမှာ အပြည့်အဝ အသက်သွင်း၍ မရနိုင်ချေ။ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ၀င်္ကပါအခင်းအကျင်းက အပ်တစ်ချောင်းကဲ့သို့ နန်းစော့င်တပ်ဖွဲ့စစ်သည်တော်များ၏ ၀င်္ကပါထဲ ထိုးစိုက်ဝင်ရောက်ကာ ၀င်္ကပါကို လှည့်ပတ်နိုင်ရန် ခက်ခဲနေစေသည်။

နန်းစော့င်တပ်ဖွဲ့စစ်သည်တော်များ၏ ၀င်္ကပါတွင် ပြောင်းလဲနေမှုမှန်သမျှကို ယွီဟွာကောင်းကင်ဘုံစစ်တပ်က ပြန်လည်တုန့်ပြန်တိုက်ခိုက်နိုင်နေသည်။

ရှန့်ပင်းယင်က မျှမျှတတနှင့် ထိပ်တိုက်တိုက်ခိုက်ရသော တိုက်ပွဲများတွင် ကောင်းမွန်သည်။ မုန့်ယွင်ကွေ့ကဲ့သို့ ရန်သူမျိုးနှင့် တွေ့ကြုံရသည့်အခါတွင် သူ၏ စွမ်းဆောင်ရည်များကို အပြည့်အဝထုတ်ပြနိုင်ရန် မလွယ်ပေ။ သို့သော် နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များက သန်မာအားကောင်းလွန်းပေသည်။ မုန့်ယွင်ကွေ့သည် အားလျော့ဆုတ်ယုတ်သည်အထိ တိုက်ခိုက်ရသော တိုက်ပွဲမျိုးတွင် သူ့ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်များ အဆက်မပြတ် ဒဏ်ရာရကာ သတ်ဖြတ်ခံနေရသရွေ့ သူ အနိုင်ရနိုင်လိမ့်မည်။

ဤအခိုက်အတန့်တွင် မုန့်ယွင်ကွေ့က ရုတ်တရက် ထရပ်၍ မြို့တံတိုင်းမျှော်စင်ပေါ်မှ ဆင်းလာသည်။ သူက ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ၀င်္ကပါထဲသို့ ထိုးဖောက်ဝင်ရောက်လာချေပြီ။

ရှန့်ပင်းယင်က ကျယ်လောင်စွာ ရယ်မောလျက် ခေါင်းရမ်းလိုက်သည်။ “စစ်သူကြီးကိုယ်တိုင် ၀င်္ကပါထဲ ဝင်သွားတဲ့အထိ တုံးလိုက်တာ… ၀င်္ကပါထဲ ဝင်သွားပြီဆိုတာနဲ့ မင်းက ၀င်္ကပါရဲ့ နယ်ရုပ်တစ်ခု ဖြစ်သွားပြီ….အခြေအနေတစ်ခုလုံးကို မမြင်နိုင်တော့တဲ့အပြင် ၀င်္ကပါကို အချိန်မရွေး စီစဉ်ပြောင်းလဲလို့ မရတော့ဘူး… မုန့်ယွင်ကွေ့၊ မင်းရဲ့ အကောင်းဆုံးခွန်အားက ၀င်္ကပါကို ပြောင်းလဲတာပဲ… အခု မင်းက အဲဒီခွန်အားကို စွန့်ပစ်ပြီး သတ္တိခဲ လုပ်နေတာပေါ့လေ… ကောင်းကင်ဆရာသခင် ဆိုတဲ့ရာထူးကို ယူထားတဲ့ မင်းကိုယ်မင်း ရှက်သင့်တယ်”

သူက ချက်ချင်းပင် နန်းစော့င်တပ်ဖွဲ့ စစ်သည်တော်များ၏ ၀င်္ကပါကို ထိန်းချုပ်ပြီး ယွီဟွာကောင်းကင်ဘုံစစ်တပ်ကို ပိတ်လှောင်လိုက်သည်။ သို့သော် ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ၀င်္ကပါတွင်လည်း တစ်ချိန်တည်းမှာပင် ပြောင်းလဲမှုများ ဖြစ်ပွားနေ၏။ ယင်းက နန်းစော့င်တပ်ဖွဲ့စစ်သည်တော်များ၏ ၀င်္ကပါကို တင်းကြပ်စွာ ထိန်းချုပ်ထားဆဲ ဖြစ်သည့်အတွက် ၀င်္ကပါအား ပြောင်းလဲနိုင်ရန် ခက်ခဲနေစေသည်။

ရှန့်ပင်းယင်အနေဖြင့် ၀င်္ကပါကို အတင်းအကြပ် အင်အားသုံး၍ ပြောင်းလဲလိုက်မည်ဆိုလျှင်တောင်မှ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။

မုန့်ယွင်ကွေ့သည် ဧကရာဇ်ပလ္လင်အဆင့်ရှိသည့် ထူးချွန်သော သိုင်းပညာရှင်တစ်ဦး မဟုတ်လော။ သူက ၀င်္ကပါထဲတွင် ရေထဲက ငါးတစ်ကောင်ပမာ ကျွမ်းကျင်စွာ လှုပ်ရှားနေပြီး နန်းစော့င်တပ်ဖွဲ့၏ တပ်မှူးများကို သတ်ဖြတ်ကာ သေကြေကျဆုံးမှုများ ဖြစ်ပေါ်နေစေသည်။

‘မဟုတ်သေးဘူး… သူ ၀င်္ကပါထဲကနေ အခြေအနေတစ်ခုလုံးကို မထိန်းချုပ်နိုင်ဘူးလေ... ငါ့၀င်္ကပါက ပြောင်းလဲမှုတွေကို ဘယ်လိုလုပ် မြင်နေရတာလဲ”

ရှန့်ပင်းယင်မှာ မျက်နှာပျက်သွားပြီး စိတ်ထဲမှ တွေးနေမိသည်။ ‘ဒါ့အပြင် ဘာလို့ ယွီဟွာကောင်းကင်ဘုံစစ်တပ်က စစ်သည်တော်တွေကို သူ စိတ်ဆန္ဒရှိတဲ့အတိုင်း လှုပ်ရှားနိုင်အောင် ထိန်းချုပ်နိုင်တာလဲ … နေပါဦး… ‌ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မူလဝိညာဉ်သုံးသွယ်ညီလာခံ အစီအရင်မလား….”

သူ၏ မျက်နှာအမူအရာမှာ အတော်လေး ပျက်ယွင်းသွားတော့သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအတွင်း၌ မူလဝိညာဉ်သုံးသွယ်ညီလာခံအအစီအရင်ဟူသော ကျင့်စဉ်တစ်ခုရှိသည်။ ၎င်းက စစ်မြေပြင်အတွက် အကောင်းမွန်ဆုံး ကျင့်စဉ်တစ်ခု ဖြစ်ပြီး တပ်ဖွဲ့များစုစည်းရာ၌ အလျင်မြန်ဆုံးပင်။

မဟာလေဟာနယ်တိုက်ပွဲတုန်းက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့တို့သည် တာအိုရသေ့နှင့် ဘုန်းကြီးတစ်ပါး အသွင်ပြောင်း၍ ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်တပ်ကို ဦးဆောင်ကာ ကောင်းကင်နတ်ဘုံ၏ စစ်တပ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် ကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဧကရာဇ်လေးပါးတို့မှာ ထိုသူနှစ်ယောက်ကြောင့် အတော်လေး ခေါင်းကိုက်ခဲ့ရ၏။

နောက်ဆုံးတွင် မုန့်ယွင်ကွေ့က သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများအား ထွင်းဖောက်မြင်ခဲ့ပြီး ဧကရာဇ်ယန်ဖုန်း၏ ၀င်္ကပါကို ချိုးဖျက်ပစ်ခဲ့သည်။ ဧကရာဇ်ယန်ဖုန်းအား မိုင်ထောင်သောင်းပေါင်းများစွာအထိ လိုက်ဖမ်းခဲ့ပြီး သတ်နိုင်ရန် လက်မလေးသာ လိုခဲ့ဖူးသည်။

ထိုအချိန်တုန်းက မုန့်ယွင်ကွေ့အနေဖြင့် ၀င်္ကပါကို ချိုးဖျက်နိုင်ခဲ့ခြင်းမှာ သူ၏ သူလျှိုများအား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ စေလွှတ်ကာ မူလဝိညာဉ်သုံးသွယ်ညီလာခံအစီအရင်ကို သင်ကြားစေခဲ့ခြင်းကြောင့် ဖြစ်သည်။

သိသိသာသာပင် မုန့်ယွင်ကွေ့သည် မူလဝိညာဉ်သုံးသွယ်ညီလာခံအစီအရင်ကို ဖျက်ဆီးနိုင်ခဲ့သည်သာမက ၎င်းကိုလည်း သင်ယူတတ်မြောက်ခဲ့လိမ့်မည်။

“မူလဝိညာဉ်သုံးသွယ်ညီလာခံ … ငါ အဲဒီကျင့်စဉ်ကို မသိဘူးဆိုတော့ မဖျက်ဆီးနိုင်ဘူး… ဒါပေမဲ့ မုန့်ယွင်ကွေ့က အခြေအနေတစ်ခုလုံးကို သိနေေတာ့ အပြင်မှာ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေနားတွေရှိနေတဲ့ အဓိပ္ပာယ်ပဲ…”

ရှန့်ပင်းယင်သည် သာမန်ပုဂ္ဂိုလ်အများစုထက် ဉာဏ်ကောင်းထက်မြက်၏။ သူက ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ရာ သူ၏အကြည့်က မထိုးဖောက်နိုင်သော မုခ်၀ဆီသို့ ရောက်ရှိသွားသည်။ မုခ်၀အရှေ့တွင် ဘဲဥပုံကြေးမုံတစ်ချပ်က ချိတ်ဆွဲခံထားရသည်။

ရှန့်ပင်းယင်က လက်မြှောက်၍ နတ်လေးကို ထုတ်သည်။ သူ မြားတစ်ချက် ပစ်လွှတ်လိုက်ရာ ကြေးမုံမှာ ပြာကျသွားတော့၏။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ၀င်္ကပါကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်သည်။ သို့သော် ၎င်းမှာ မုန့်ယွင်ကွေ့၏ ချုပ်နှောင်ခြင်း ခံထားရသေးသည်။

ရှန့်ပင်းယင်က မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်တွင် ဆက်လက်ရှာဖွေနေသည်။ ရုတ်တရက် လေးကြိုးကို ဆွဲလျက် ကောင်းကင်ပေါ်ရှိ နေလုံးကြီးထံသို့ မြားတစ်စင်း ပစ်လွှတ်လိုက်၏။

နေလုံးကြီး ငြိမ်းသတ်ခံလိုက်ရသည်နှင့် ကောင်းကင်မှာ မှောင်မည်းသွားသည်။ ရှန့်ပင်းယင် ထပ်မံကြည့်လိုက်ရာ ၀င်္ကပါကား မုန့်ယွင်ကွေ့၏ ဖိနှိပ်ခံထားရဆဲပင်။

“သူ့မှာ တခြားမျက်လုံးနဲ့ နားတွေ ရှိနေတယ်”

ရှန့်ပင်းယင်လည်း သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုး၍ ဒေါင်လိုက်မျက်လုံးအား ပွင့်လာစေသည်။ သူက ကောင်းကင်နတ်မြစ်၏ မြစ်ခွဲကြောင်းတစ်ခု ဖြစ်သည့် မြစ်ထဲသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ညာခြေထောက်ကို မြှောက်၍ ပြင်းစွာ ဆောင့်‌ချလိုက်သည်။ မြစ်ရေပြင်မှာ လှိုင်းထန်သွားပြီး မြစ်ထဲမှ ငွေရောင်ငါးများ ခုန်ထွက်လာသည်။

ရှန့်ပင်းယင်က ငါးအားလုံး သတ်ပစ်လိုက်သည်။ ငွေရောင်ငါးများ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားကြ၏။ ၎င်းတို့မှာ နတ်သတ္တုများဖြင့် သွန်းလုပ်ထားခြင်းဖြစ်ပြီး မုန့်ယွင်ကွေ့၏ မျက်လုံးနှင့် နားများအဖြစ် ဆောင်ရွက်ပေးကြသည်။

“တခြားမျက်လုံးနဲ့ နားတွေ ရှိသေးတယ်”

ရှန့်ပင်းယင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက အရပ်လေးမျက်နှာသို့ တောက်ပနေသည်။ သူက အော်ဟစ်လျက် နတ်မျက်လုံး၏ စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်၏။ ထိုအခါ မုခ်၀ပတ်ပတ်လည်၌ မြောလွင့်နေကြသော ကြေးမုံများအား တွေ့လိုက်ရသည်။

ရှန့်ပင်းယင်က ထိုကြေးမုံများကို မြားဖြင့် ပစ်ချလိုက်ပြန်၏။ ယိုတုတွင်လည်း ရတနာအဖြစ် သန့်စင်ထားသော ဧရာမမိစ္ဆာမျက်လုံးကြီးများ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မုန့်ယွင်ကွေ့၊ မင်းက ငါ့ရန်သူတော် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”

ရှန့်ပင်းယင်၏ ညာဘက်လက်ညှိုးက လေထဲတွင် အလျင်အမြန် လှုပ်ရှားသွားပြီး ယိုတုတာအိုအဆောင်တစ်ခု ဖွဲ့တည်လိုက်သည်။ သူက ၎င်းကို ‌နတ်လေးတွင် ခတ်နှိပ်၍ မြားတစ်စင်း ပစ်လွှတ်ကာ မိစ္ဆာမျက်လုံးများအား ပေါက်ကွဲသွားစေ၏။

ယခုတွင် မုန့်ယွင်ကွေ့၏ အစီအစဉ်အားလုံး ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။ ရှန့်ပင်းယင်မှာ နောက်ဆုံးတော့ စိတ်အေးသွားသည်။

ထိုအခိုက်အတန့်တွင် တိမ်တိုက်တစ်ခုက မုခ်၀ဆီမှ ပျံသန်းလာသည်။ တိမ်တိုက်ထဲတွင် ထူးဆန်းသည့် ပိုးကောင်များက မရေမတွက်နိုင်အောင် ပါဝင်နေ၏။ သူတို့၏ ဦးခေါင်းများတွင် မရေမတွက်နိုင်သော စုပေါင်းမျက်လုံးအုံများက နေရာယူထားကြသည်။ သူတို့က တဝီဝီ ပျံသန်းလာကြသည်။ ထိုထူးဆန်းသော ပိုးကောင်များ၏ စုပေါင်းမျက်လုံးအိမ်များက စစ်မြေပြင်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တွေ့မြင်ရနိုင်အောင် ရောင်ပြန်ဟပ်ပေးနေသည်။

ရှန့်ပင်းယင်က ပါးစပ်ဟ၍ နတ်မီးတောက်များ ထုတ်လွှတ်လိုက်၏။ ထူးဆန်းသော ပိုးကောင်အားလုံး ပြာကျသွားကြသည်။

မုန့်ယွင်ကွေ့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ အချိန်က တိုတောင်းလွန်းပြီး သူ၏ တပ်ဖွဲ့များက အားနည်းလွန်းသည်။ သူ့တွင် ထပ်မံ၍ ပြင်ဆင်ထားသော နည်းလမ်းများ မရှိတော့ပေ။ သူသာ အချိန်အနည်းငယ် ပိုရပါက ရှန့်ပင်းယင် ချိုးဖောက်ဖျက်ဆီးခြင်း မပြုနိုင်သော အစီအစဉ်တစ်ခုကို သေချာပေါက် အကောင်အထည်ဖော်နိုင်ခဲ့မည်။

ယခုတွင် အခြေအနေတစ်ရပ်လုံးအပေါ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီ ဖြစ်သောကြောင့် ဆက်လက်တောင့်ခံထားပါက သူ၏စစ်တပ်တစ်ခုလုံး ချေမှုန်းခံရတော့မည်။

မုန့်ယွင်ကွေ့လည်း နောက်တန်းသို့ ပြန်ဆုတ်၍ ရှန်းတံခါးဝထိ တပ်ခေါက်သွားသည်။ ရှန့်ပင်းယင်က အသာရသော အခြေအနေကို အခွင့်ကောင်းယူ၍ သူ့အား လိုက်ဖမ်းသည်။ ထိုစဉ် မရေမတွက်နိုင်သော အလံများ မုခ်၀ထဲတွင် ‌မြောလွင့်လာပြီး ၀င်္ကပါက ပြည့်ကြပ်လာ၏။

ရှန့်ပင်းယင်မှာ အံ့အားသင့်သွားပြီး တပ်ဖွဲ့များကို ချက်ချင်း ရပ်တန့်စေလိုက်သည်။ တစ်စုံတစ်ခုဖြစ်ပွားပါက မုန့်ယွင်ကွေ့သည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ မြို့ထဲသို့ ဝင်ရောက်ပေလိမ့်မည်။

“မုန့်ယွင်ကွေ့ ဒီတစ်ခါ တောင်ကောင်းကင်ကို လူအင်အားဘယ်လောက်နဲ့ ဦးဆောင်သွားခဲ့တာလဲ” ရှန့်ပင်းယင်က စစ်သားတစ်ယောက်ကို ဆင့်ခေါ်၍ မေးမြန်းလိုက်သည်။

စစ်သားက ပြန်ဖြေ၏။ “ကောင်းကင်ဆရာသခင်၊ မုန့်ယွင်ကွေ့က ယွီဟွာကောင်းကင်ဘုံစစ်တပ်ရဲ့ စစ်သည်တစ်သိန်းကို ဦးဆောင်သွားခဲ့တာပါ… တခြားစစ်တပ်တွေ ခေါ်မလာခဲ့ပါဘူး…”

“ဒီမြို့က မြို့လွတ်ကြီးပဲ”

ရှန့်ပင်းယင်၏ မျက်လုံးများ တောက်ပသွားပြီး ခက်ထန်စွာ အမိန့်ပေးလိုက်၏။ “မြို့ကို တိုက်ခိုက်ကြ..”

မြို့ထဲတွင် မုန့်ယွင်ကွေ့က သက်ပြင်းချပြီးနောက် အော်ဟစ်လိုက်သည်။ “ပြန်ဆုတ်နေရင်းနဲ့ တိုက်ခိုက်ကြ… တောင်ကောင်းကင်ကို အသေခံကာကွယ်ကြ”

ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်များသည် သွေးချောင်းစီးသော တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြသည်။ သို့သော် သူတို့မှာ ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များကို ရင်ဆိုင်နေရသည့်အတွက် အကျအဆုံး များပြားနေ၏။ ရင်းနှီးသောမျက်နှာများက မုန်ယွင်ကွေ့ဘေးတွင် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။

သူပြောခဲ့သည့်အတိုင်း သူတို့၏ ကံကြမ္မာက ရှုံးနိမ့်ရမည်သာ ဖြစ်သည်။ အနိုင်ယူနိုင်သည့် မျှော်လင့်ချက်ဟူ၍ မရှိခဲ့ပေ။ ဤရလဒ်ကို မျှော်မှန်းထားပြီး ဖြစ်သော်လည်း မျက်ဝါးထင်ထင် တွေ့မြင်ရသည့်အခါတွင်တော့ ကြေကွဲဝမ်းနည်းမိသေး၏။

ကောင်းကင်နတ်ဘုံ နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များ၏ ၀င်္ကပါစွမ်းအားက တဖြည်းဖြည်း ပေါက်ကွဲထွက်လာကာ ပိုပို၍ သန်မာလာ၏။ တိုက်ကွက်တစ်ကွက်စီတိုင်းက သူ၏ဘေးရှိ စစ်သည်တော်ရာပေါင်းများစွာကို လဲကျသေဆုံးစေသည်။ ၀င်္ကပါအခင်းအကျင်း ဖြတ်သွားသည့်နေရာတိုင်းတွင် တောင်တန်းများနှင့် ကောင်းကင် ပြိုလဲ၍ နေမင်းနှင့် လမင်းတို့လည်း အလင်းရောင် ဆုံးရှုံးရ၏။

ထိုတိုက်ခိုက်နေသည့် နေ့ရက်များအတွင်း ရှန်ပင်းယင်ကား ကောင်းကင်နတ်ဘုံ နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသနေတော့သည်။

၀င်္ကပါကြီးနှစ်ခု တစ်ခုကိုတစ်ခု ဝင်တိုက်သွားကြသည့်အခါ ယွီဟွာကောင်းကင်ဘုံစစ်တပ်မှာ စိစိညက်ညက် ကြေတော့မတတ် အရေးနိမ့်သွားသည်။

ထိုစဉ် အလွန်တရာထူထဲသော ကျောက်စိမ်းတိုင်ကြီးတစ်တိုင်က ကောင်းကင်ပေါ်မှ လှည့်ပတ်ကျဆင်းလာပြီး ၀င်္ကပါနှစ်ခု၏ အလယ်ဗဟိုတွင် ဝုန်းခနဲ နေရာယူကာ မြေထုနှင့် ကျောက်ခဲများကို အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားစေသည်။

ကျောက်စိမ်းတိုင်အောက်တွင် နဂါးဦးခေါင်း၊ လိပ်ကျောဖြင့် ဗလတောင့်တောင့် ပုဂ္ဂိုလ်တစ်ဦးက ကျောက်စိမ်းတိုင်ကို အားကုန်လွှဲရမ်းလိုက်၏။ ကောင်းကင်ဘုံ ၂၈ ဘုံက ချက်ချင်း လိမ့်ထွက်ဖြာဆင်းလာကာ မရေမတွက်နိုင်သောရတနာများ ထွက်ပေါ်လာသည်။ ရတနာများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ကောင်းကင်နတ်ဘုံ နန်းစောင့်တပ်ဖွဲ့စစ်သည်တော်များ၏ ၀င်္ကပါကို ဖျက်ဆီးလိုက်သည်။ နတ်ဘုရားမိစ္ဆာအင်အားတစ်သိန်း စစ်တပ်ကြီးမှာ အနောက်သို့ လွင့်ထွက်သွားတော့၏။

ကောင်းကင်ဘုံ ၂၈ ဘုံက တစ်ခုနှင့်တစ်ခု ရောယှက်၍ မုန်ယွင်ကွေ့နှင့် ကျန်ရှိသော ယွီဟွာကောင်းကင်ဘုံစစ်တပ် စစ်သည်တော်များအား ကောင်းကင်ဘုံများထဲသို့ ဆွဲသွင်းလိုက်သည်။ မုန့်ယွင်ကွေ့နှင့် အခြားသူများမှာ ဇဝေဇဝါမျက်နှာအမူအရာများဖြင့် ရတနာများထဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိသွားကြ၏။

သူတို့သည် သေချာပေါက် သေရလိမ့်မည်ဟု မျှော်မှန်းထားကြပြီးဖြစ်သည်။ ထိုအစား ကယ်တင်ခံခဲ့ရချေပြီ။

“နောက်မကျသေးတာ တော်သေးတာပေါ့”

ရင်းနှီးနေသော အသံတစ်သံ နားထဲသို့ ဝင်ရောက်လာလျှင်ချင်း ရှန့်ပင်းယင်၏ မျက်နှာအမူအရာမှာ အတော်လေး ပျက်ယွင်းသွားတော့၏။ သူက အသံလာရာသို့ အလျင်အမြန် ကြည့်လိုက်သည်။ ချီလင်ဦးခေါင်း လူခန္ဓာကိုယ်ဖြင့် လူငယ်တစ်ဦးသည် ကောင်းကင်ဘုံ ၂၈ ဘုံထိပိတွင် ရပ်နေပြီး သူ၏အဝတ်များက လေထဲတွင် မြောလွင့်နေလေသည်။

“လုံရှန်းဆန်းရန်” ရှန့်ပင်းယင် ရေရွတ်လိုက်မိသည်။

“ကျုပ်ပဲ…”

နဂါးချီလင်က အမြင့်ဆုံးထိပ်တွင် ရပ်၍ ရှန့်ပင်းယင်အား လှမ်းကြည့်နေ၏။ သူက ပြုံးကာ ပြောသည်။ “ရှန့်ပင်းယင်၊ ကျုပ်တို့ နှစ်ခြောက်သိန်းကြာပြီးတဲ့နောက် ပြန်တွေ့ကြပြီနော်…”

ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည် ကမ္ဘာဦးဘုံဆီသို့ ချီတက်နေ၏။ ကောင်းကင်နတ်မြစ်ရေက မြစ်မှတစ်ဆင့် ကမ္ဘာဦးဘုံထံသို့ စီးဆင်းလာနေသည်။

ရုတ်တရက် စီမံကွပ်ကဲရေးဝန်မင်းက အလောတကြီး လာရောက်လျှောက်တင်၏။ “အရှင်မင်းကြီး… တောင်ကောင်းကင်မှာ တစ်ခုခု ဖြစ်နေပါတယ်… ကြယ်တာရာတွေရော၊ ကောင်းကင်နတ်မြစ်ရော တုန်လှုပ်နေပါတယ်…. ကောင်းကင်ဘုံတွေ ဖွဲ့တည်နေကြတယ်… ကြည့်ရတာ တစ်လောကလုံးရဲ့ နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီ ပြန်ပေါ်လာတဲ့ပုံပါပဲ…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က တစ်ခဏ တွေးတောပြီးနောက် မိန့်သည်။ “ဖန်သားကောင်းကင်စေတီကို ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော် အနက်ရောင်တောင်တန်းမှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး သန့်စင်ထားခဲ့တာ… အရင်ကနဲ့ မတူတော့ပေမယ့် တစ်လောကလုံးမှာ နံပါတ်တစ် ရတနာ မဟုတ်တော့ဘူး… အဲ့ဒါထက် အစွမ်းထက်တဲ့ ရတနာတွေ မရေမတွက်နိုင်အောင် ရှိလာခဲ့ပြီ… ဒါပေမဲ့ ရှန့်ပင်းယင်အနေနဲ့ တောင်ကောင်းကင်မှာ ဖန်သားကောင်းကင်စေတီကို ခုခံကောင်း ခုခံနိုင်မှာမဟုတ်ဘူး…. မြောက်နတ်မင်းရီလော်နဲ့ တတိယကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်ဆီ ငါ့အမိန့် ပါးလိုက်….. သူတို့ တောင်ကောင်းကင်မုခ်၀ကို တောင်ကောင်းကင်ဆီ ယူသွားပြီး မုန့်ယွင်ကွေ့နဲ့ သူပုန်တွေကို ချေမှုန်းလိမ့်မယ်”

သူက တခဏ တွေးတောပြီးနောက် ပြော၏။ “ပိုင်ယွီကျင့်ကို သတိထားဖို့လည်း ရီလော်ကို ပြောလိုက်… ထူးဆန်းတဲ့ လှုပ်ရှားမှု ရှိရင် တောင်ကောင်းကင်မုခ်၀ကို အသက်သွင်းပြီး သူတို့ကို သတ်ပစ်လိုက်… သွားတော့..”

All Chapters